အရှိတရား၏အနှစ်သာရ
Vol. 92 Ch. 1278
ကောင်လေး၏ ပထမဆုံးအနှစ်သာရလေးခုမှာ မူလကတည်းက ထူးခြားဆန်းပြားသည်။ သူ၏အပင်နှင့်အသီးအရွက်အနှစ်သာရမှာ တွေ့လေ့တွေ့ထရှိသည့်အရာမဟုတ်သလို၊ သူ၏မိုးအနှစ်သာရသည်လည်း မည်းနက်နေရာ အဆိပ်ပါဝင်ကြောင်း သက်သေပြနေသည်။ ထိုအနှစ်သာရနှစ်မျိုးတည်းကပင် ရှားပါးနေလေပြီ။
ဤအနှစ်သာရများ၏ သဘာဝအရ ဤလေးခုတည်းနှင့်တင် ကောင်လေးသည် အနှစ်သာရ ၄ ခု တာအိုဥသျှောင်အဆင့်၏ အထွတ်အထိပ်နေရာတစ်နေရာကို သိမ်းပိုက်ထားကြောင်း ခန့်မှန်းကြည့်နိုင်၏။ သူ၏ငါးခုမြောက်အနှစ်သာရက .... အရှိတရား၏အနှစ်သာရဖြစ်သည်ကိုပင် ထည့်မတွက်ရသေးပေ။
ထိုငါးခုမြောက်အနှစ်သာရသည် သူ၏ကျန်အနှစ်သာရလေးခုကို အသွင်ပြောင်းပေးရင်း ၎င်းတို့ထံမှ မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သော စွမ်းအားတစ်ရပ်အား မျက်လှည့်ပြလိုက်သလို ဖန်တီးပေးနိုင်သည်။ လောလောဆယ်တွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး ကြယ်တာရာကောင်းကင်သည် တဝုန်းဝုန်း တုန်ခါနေ၏။ အဆုံးမဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားက ယခုတွင် ကောင်လေးဆင့်ခေါ်ခဲ့သော အနှစ်သာရမှ ထွက်ပေါ်လာနေလေသည်။
“တောင်ပင်လယ်လောကတစ်ခွင်လုံးမှာ” ကောင်လေးက ပြောသည်။ “အနှစ်သာရ ၆ ခု တာအိုဥသျှောင်အဆင့် ကျင့်ကြံသူလေးယောက်ပဲ ရှိတယ်
“အစွမ်းထက်ဆုံးက အနှစ်သာရ ၆ ခု အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်တဲ့ စတုတ္ထတောင်ပင်လယ်ရဲ့ အရှင်ခိတိဂဗ္ဗ။ ကောလဟာလတွေအရ သူဟာ အနှစ်သာရ ၇ ခု ပါရာဂွန်တစ်ပါး ဖြစ်လာဖို့ ခြေလှမ်းလေးတစ်ဝက်ပဲ လိုတော့တယ်တဲ့။ ကျန်တဲ့သုံးယောက်ကတော့ ဂန္တဝင်တာအိုကျမ်းစာသုံးကျမ်းကို တတ်ကျွမ်းတဲ့ ကျမ်းဆရာတော်သုံးပါးပဲ
“အနှစ်သာရ ၅ ခု တာအိုဥသျှောင်တွေနဲ့ပတ်သက်ရင်တော့ အနှစ်သာရ ၆ ခု တာအိုဥသျှောင်ထက် ပိုများတယ်။ ဒါပေမဲ့ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းလုံးမှာတောင်မှ ဆယ့်ငါးယောက်ထက် မပိုဘူး။ အဲဒီဆယ့်ငါးယောက်ထဲမှာ ငါက အစွမ်းထက်ဆုံးမဟုတ်သလို ၊ တောင်ပင်လယ်သခင်တွေထက်လည်း အင်အားနည်းတယ်
“ဒါပေမဲ့ လောကပါလတာအိုအင်မော်တယ်တစ်ဦးအနေနဲ့ မင်းဟာ ရှေးဟောင်းနယ်ပယ်အဆင့်တက်လှမ်းပြီး ပါရာဂွန်အင်မော်တယ်လောကကနေ အရင်းခံတဲ့ သွေးဆက်တစ်ဆက်ပဲ ရှိထားပါစေ.... မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်သေးဘူး”
သူ၏အသံ ပဲ့တင်ထပ်နေစဉ် ကောင်လေး၏မျက်လုံးများက အေးစက်စွာ တောက်ပနေသည်။ သူ၏အနှစ်သာရကမ္ဘာက တဝုန်းဝုန်းမြည်နေလျက် မန်ဟို့ကို ဝန်းရံလိုက်သည်။ အဆုံးမဲ့အစိမ်းရောင်ပြင်ကြီးသည် အပင်နှင့်အသီးအရွက်စွမ်းအားကို စေလွှတ်ရင်း ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ကြီးမားလာ၏။ ထို့နောက် အဆုံးမဲ့အနက်ရောင်မိုးရေစက်တစ်စက်စီတိုင်းက မန်ဟို၏အပေါ်သို့ ထိတ်လန့်ဖွယ်ဖိအားကို ထုတ်လွှတ်ရင်း ရွာကျလာသည်။
အမှောင်ထုကမူ ပို၍ပင် ကြောက်စရာကောင်းသေး၏။ ၎င်းက မန်ဟို့ကို လွှမ်းခြုံရင်း ညအမှောင်ထုနှင့် တစ်သားတည်းဖြစ်နေသည့်အလား သူ့တစ်ကိုယ်လုံးကို မည်းနက်လာနေစေသည်။
ထို့နောက် အမှောင်ထုကို ဖယ်ခွာစေနိုင်သော အလင်းအနှစ်သာရ ။ ၎င်းသည် မန်ဟို့ကို အငွေ့ပျံနေစေ၏။ ယခင်က ၎င်းမှာ ပုံရိပ်ယောင်သာ ဖြစ်ခဲ့သော်လည်း ယခုတော့ အရှိတရားအနှစ်သာရကြောင့် သူ့ကို အမှန်တကယ် အန္တရာယ်ပြုနိုင်နေလေပြီ။
ဘုန်းးးးးးးးးးးးးး
မန်မျိုးနွယ်ကျင့်ကြံသူများရော၊ ကျူးကျော်သူများပါ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေခဲ့ကြသည်ကို လုံးလုံးမေ့လျော့သွားသည်အထိ မျက်မြင်တွေ့နေရသောအရာကြောင့် မှင်သက်နေကြတော့သည်။
မျက်စိအားလုံးသည် မန်ဟိုနှင့်ကောင်လေး၏ တိုက်ပွဲကို မမှိတ်မသုန် အာရုံစိုက်နေကြ၏။
“အနှစ်သာရ ၅ ခု တာအိုဥသျှောင်.... အဲဒီကောင်လေးက .... အနှစ်သာရ ၅ ခု တာအိုဥသျှောင်ပဲ” မန်မျိုးနွယ်စုခေါင်းဆောင်ကြီးငါးဦးမှာ ထိတ်လန့်တုန်ရီနေကြတော့သည်။ သူတို့အားလုံးသည် တာအိုနယ်ပယ်အဆင့်ဖြစ်သော်လည်း ဤသည်မှာ တစ်စုံတစ်ယောက် အနှစ်သာရငါးခုအား တစ်ပြိုင်တည်း ထုတ်ဖော်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်၏။
သူတို့သည် မန်ဟို့ကို တိုက်ခိုက်ခဲ့ဖူးကြသည့်တိုင် သူ ခင်းကျင်းပြသခဲ့သော အတိုက်အခိုက်စွမ်းရည်က သူတို့ကို သူ့စွမ်းအား၏နောက်ဆုံးအတိုင်းအတာကို ခန့်မှန်းရုံသာ ခန့်မှန်းနိုင်စေခဲ့သည်။ သို့သော် ယခုတွင် အနှစ်သာရငါးခုကို အမှန်စင်စစ် ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ ... သူတို့ မည်မျှတုန်လှုပ်နေသည်ကို ဖော်ပြရန်ပင် မဖြစ်နိုင်တော့ပေ။
မျက်မှောက်ခေတ် တောင်ပင်လယ်လောကတွင် စတုတ္ထတောင်ပင်လယ်၏ ခိတိဂဗ္ဗသည် အနှစ်သာရ ၆ ခု တာအိုဥသျှောင်တစ်ဦးဖြစ်သော်လည်း ကျန်တောင်ပင်လယ်သခင်ရှစ်ဦးလုံးမှာ အနှစ်သာရ ၅ ခု အဆင့်တွင် ဖြစ်ကြသည်။ သူတို့အထဲ အားအနည်းဆုံးကတော့ အနှစ်သာရ ၅ ခု အဆင့်သို့ပင် မရောက်သေးသော နဝမတောင်ပင်လယ်၏ သခင်ကျီပင်။
သို့ဖြစ်၍ အနှစ်သာရ ၅ ခု ကျင့်ကြံသူများသည် တောင်ပင်လယ်လောကတွင် အင်အားအကြီးဆုံးပညာရှင်များဖြစ်သည်ဟု ဆိုနိုင်၏။ ထိုကဲ့သို့လူများအနက်မှ မည်သူမဆိုသည် ကြယ်တာရာကောင်းကင်ကို ဖျက်စီးနိုင်လောက်သည်အထိ အစွမ်းထက်ကြပေသည်။
သတ္တမတောင်ပင်လယ်တွင် အစွမ်းထက်ဆုံးလူများမှာ အနှစ်သာရ ၅ ခု တာအိုဥသျှောင်နှစ်ဦး ဖြစ်ပြီး တစ်ယောက်က သတ္တမတောင်ပင်လယ်၏သခင်ဖြစ်ကာ ကျန်တစ်ယောက်က ဤကောင်လေး ရှောင်ရိဟန်မှတစ်ပါး အခြားမဟုတ်ပေ။
သူ့လို အင်အားကြီးပညာရှင်တစ်ဦးသာလျှင် တောင်ပင်လယ်စစ်ပွဲကို စတင်ဖို့ ရှေပြေးတပ်အား အဋ္ဌမတောင်ပင်လယ်သို့ ဦးဆောင်ခေါ်လာနိုင်စွမ်း ရှိသည်။
သူသာလျှင် ထိုသို့လုပ်နိုင်မည့် နောက်အကြောင်းရင်းတစ်ခုက ... သတ္တမတောင်ပင်လယ်မှ နှစ်ပေါင်းများစွာ ထောက်လှမ်းစုံစမ်းနေခဲ့မှုအရ ... အဋ္ဌမတောင်ပင်လယ်တွင် အနှစ်သာရ ၅ ခု အဆင့်သို့ တက်လှမ်းခဲ့သော အင်အားကြီးပညာရှင်တစ်ဦးသာ ရှိပြီး ထိုလူက အဋ္ဌမတောင်ပင်လယ်သခင်ဖြစ်ကြောင်း သိထားခဲ့၍ပင်။ သူပြီးလျှင် အစွမ်းထက်ဆုံးမှာ အနှစ်သာရ ၄ ခု ပညာရှင်များသာ ဖြစ်၏။
အဋ္ဌမတောင်ပင်လယ်သခင်ပြီးနောက် အစွမ်းထက်ဆုံးပညာရှင်မှာ သဘောတရားအားဖြင့် အနှစ်သာရ ၅ ခု အဆင့်ဟု ဆိုရနိုင်သော ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဓမ္မအစောင့်အရှောက်ချုပ် ဖြစ်သည်။ သို့သော် ရှောင်ရိဟန်၏အမြင်တွင် ထိုလူ၏ ငါးခုမြောက် အနှစ်သာရမှာ အဋ္ဌမတောင်ပင်လယ်သခင်ထံမှ ငှားယူထားခြင်းဖြစ်ပြီး သူကိုယ်တိုင် ဉာဏ်အလင်းရနိုင်မည့်အရာမဟုတ်ပေ။ ထို့ကြောင့် ရှောင်ရိဟန်သည် ထိုလူ့အား ထည့်တွက်ခြင်းပင်မရှိ။
“မသေသေးဘူးလား” ရှောင်ရိဟန်က မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် ဟိန်းဟောက်သည်။ မန်ဟို ပေါ်လာခြင်းက အဋ္ဌမတောင်ပင်လယ်၏ အင်အားအခြေအနေအပေါ် သူတို့နားလည်ထားမှုအား ယိုင်နဲ့သွားစေခဲ့ရာ ရှောင်ရိဟန်အနေဖြင့် ထိုအချက်အား ပေါ့ပေါ့တန်တန် လက်ခံလိုက်၍မဖြစ်ပေ။ စီစဉ်ထားသည့်အတိုင်း တောင်ပင်လယ်စစ်ပွဲဖြစ်လာစေဖို့အတွက် ရှောင်ရိဟန်မှာ မန်ဟို့ကို ပို၍ပင် သတ်ချင်လာတော့သည်။
“ငါ သူ့ကို အခု မသတ်လိုက်လို့ သူ ဝိညာဉ်မီးအိမ်တွေကို အောင်အောင်မြင်မြင် ငြိမ်းနိုင်သွားရင် သူ့ရဲ့အတိုက်အခိုက်စွမ်းရည်က ဆက်ပြီးကြီးထွားလာလိမ့်မယ်။ သူက တောင်ပင်လယ်သခင်တွေရဲ့ အဆင့်ကိုတောင် ကျော်လွန်သွားလောက်တယ်
“ဆိုတော့ ဒါက လောကပါလတာအိုအင်မော်တယ်ပေါ့လေ... ပါရာဂွန်အင်မော်တယ်လောကမှာတုန်းက အားလုံးအထဲ ကြောက်စရာအကောင်းဆုံး၊ အစွမ်းထက်ဆုံးက လောကပါလာတာအိုအင်မော်တယ်တွေပဲ
“ကံကောင်းထောက်မစွာနဲ့ ရှေးခေတ်ကနေ ဒီနေ့ထက်ထိ လောကပါလတာအိုအင်မော်တယ်တစ်ယောက်မှ တာအိုနယ်ပယ်ကို မရောက်ရှိခဲ့ဖူးဘူး။ သူတို့အားလုံး ရှေးဟောင်းနယ်ပယ်မှာ ဝိညာဉ်မီးအိမ်တွေကို မီးငြှိမ်းရင်း သေခဲ့ကြတယ်။ ဒီလူလည်း ခြွင်းချက်မဟုတ်ဘူး။ ဒါပေမဲ့ ငါ အခု သူ့ကို မသတ်ရင် သူက နောင်တစ်ချိန်မှာ ငါတို့အတွက် ဆူးညောင့် ဖြစ်လာလိမ့်မယ်” သူ၏အနှစ်သာရကမ္ဘာက ကြိတ်ဆုံကြီးလို မန်ဟို့အား ဖိနှိပ်သုတ်သင်နေစဉ် ရှောင်ရိဟန်သည် သွေးအေးစွာ စောင့်ကြည့်နေ၏။
ထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး ကြယ်တာရာကောင်းကင်သည် တသိမ့်သိမ့် တုန်ခါနေ၏။ မန်ဟိုလည်း တုန်လှုပ်နေသည်။ အပင်များက ကြီးထွားလာဖို့ သူ့အသက်စွမ်းအားကို စုပ်ယူဖို့ ကြိုးစားနေပြီး အနက်ရောင်မိုးရေစက်ထဲရှိ အဆိပ်ကလည်း သူ့ဝိညာဉ်ကို စားသုံးဖို့ ကြိုးစားနေသည်ကို မန်ဟို ခံစားနေရသည်။
အားလုံးအထဲ တုန်လှုပ်စရာအကောင်းဆုံးမှာတော့ အမှောင်ထု၏စွမ်းအားပင်။ ၎င်းသည် သူ့အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံ မည်မျှပင်သန်မာအင်အားကြီးပါစေ တစ်သားတည်းဖြစ်စပြုလာနေ၏။ ထိုအခြင်းအရာက တစ်ဖန် ကောင်လေး၏ အလင်းစွမ်းအားကို မန်ဟို့အား ထိုးနှက်နေစေသည်။ ဓားတစ်သောင်းဖြင့် သူ့နှလုံးသားကို တဇွပ်ဇွပ် ထိုးနေသကဲ့သို့ ပြင်းထန်သောနာကျင်မှုက သူ့ကို နှိပ်စက်နေတော့သည်။ မန်ဟိုမှာ ရေလှိုင်းများဖြင့် ရိုက်ခတ်လွှမ်းမိုးခံနေရသည့်အလား၊ မလှုပ်နိုင်တော့သည့်အလား၊ သွေးစီးဆင်းမှု ရပ်တန့်သွားသည့်အလား ခံစားနေရသည်။ သူ့အရေပြားပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ဗလပွနေပြီး အနှစ်သာရငါးခု၏စွမ်းအားက သူ၏ဖြစ်တည်မှုကို ဖယ်ရှားနေသည့်အလား သူ့မှာ မှေးမှိန်စပင်ပြုလာသည်။
မန်ဟိုသည် စိတ်ထဲတွင် ဟိန်းဟောက်လိုက်၏။ အနှစ်သာရကမ္ဘာက သူ့ကိုယ်ပေါ်သို့ ဖိနှိပ်နေခြင်းဖြစ်သည်။ သူ၏ဝိညာဉ်မီးအိမ်များအပေါ်သို့ မဟုတ်။
ကျဉ်းထဲကြပ်ထဲ အခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအခြေခံက တိုးတက်ပြီးရင်း တိုးတက်လာသဖြင့် သူ့ကိုယ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ အသက်အန္တရာယ် ရင်ဆိုင်နေသည့်အချိန်မှာပဲ မန်ဟို၏ ၂၈ လုံးမြောက် ဝိညာဉ်မီးအိမ်သည် ပွင့်လန်းနေသော ပန်းပွင့်တစ်ပွင့်သဖွယ် မန်ဟို၏ငယ်ထိပ်မှ ပျံထွက်လာ၏။
ထို့အပြင် ၎င်းတင် မကသေးဘဲ ၂၉ လုံးမြောက် ဝိညာဉ်မီးအိမ်လည်း ပေါ်လာသည်။
ထို့နောက် အလုံး ၃၀ မြောက်။ စုစုပေါင်းမီးအိမ် ၃၀ လုံးသည် တောက်ပသောအလင်းရောင်ကို ဖြန့်ကျက်ရင်း မန်ဟို့ကို လှည့်ပတ်နေကြ၏။ အမှောင်ထုမှာ ဖြိုခွင်းခံလိုက်ရပြီး အလင်းလည်း တွန်းထုတ်ခံလိုက်ရကာ အနက်ရောင်မိုးလည်း တိတ်သွားသလို၊ သစ်ပင်များလည်း ရှင်းလင်းခံလိုက်ရ၏။
သူ၏ခန္ဓာကိုယ် လျင်မြန်စွာ သက်သာလာနေစဉ် မန်ဟို၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူက မျက်မှောင်ကြုတ်နေသော ရှောင်ရိဟန်ကို ဆတ်ခနဲ မော့ကြည့်လိုက်သည်။
“မင်းက တော်တော် သန်မာတာပဲ” မန်ဟိုက ပြောသည်။ “အနှစ်သာရ ၅ ခု တာအိုဥသျှောင်ဆိုတာ ဘာလဲ နားလည်သွားအောင် ကူညီပေးလို့ မင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်” ပါးစပ်မှ သွေးများကို သုတ်နေစဉ် သူသည် သူ့အတိုက်အခိုက်စွမ်းရည်၏အဆင့်ကို ပို၍သေချာသွားတော့သည်။
“ငါ သိချင်မိတယ်” မန်ဟိုက မေးသည်။ “ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းက ဟိုအဘိုးကြီးမှာလည်း အနှစ်သာရ ၅ ခု ကျင့်ကြံခြင်းအခြေခံရှိတယ်။ ဘာကြောင့် မင်းတို့နှစ်ယောက်ကြားက ကွာဟမှုက ဒီလောက်တောင် ကြီးမားရတာလဲ”
ဤမေးခွန်းကို တခြားတစ်ယောက်သာ မေးလျှင် ရှောင်ရိဟန်သည် ဘယ်တော့မှ ဖြေမည်မဟုတ်ပေ။ သို့သော် မန်ဟို၏ကျင့်ကြံခြင်းအဆင့်က အတိုက်အခိုက်စွမ်းရည်အဆင့်နှင့် တစ်ဆင့်တည်းမဟုတ်သည့်တိုင် မန်ဟိုမှာ ကြောက်လန့်ဖွယ်ကောင်းနေသေးသည်။ မန်ဟို လောကပါလတာအိုအင်မော်တယ်ဖြစ်နေသည့် ကြောက်ခမန်းလိလိအချက်က ရှောင်ရိဟန်ကို တခဏစဉ်းစားသွားစေပြီးနောက် ပြန်ဖြေလိုက်စေသည်။ “ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းရဲ့ ဓမ္မအစောင့်အရှောက်ချုပ်ကို ပြောတာလား။ သူက တကယ်တော့း အနှစ်သာရ ၄ ခုအဆင့်မှာ။ သူရဲ့ ငါးခုမြောက်အနှစ်သာရက ငှားယူထားတာ”
“ဟုတ်ပြီ” မန်ဟိုက ခေါင်းညိတ်ရင်း ပြန်ဖြေသည်။
ပြစ်ဒဏ်ကို မကျော်လွှားခင်က မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံက အနှစ်သာရ ၅ ခု တာအိုဥသျှောင်တစ်ဦးကို တိုက်ခိုက်နိုင်သည်အထိ လုံလောက်သည်ဟု တွေးထင်ခဲ့သော်လည်း ယခုတွင် သူ၏သုံးသပ်မှုက ထိုဓမ္မအစောင့်အရှောက်ချုပ်ပေါ်တွင်သာ အခြေခံခဲ့ကြောင်း သူ သဘောပေါက်လိုက်၏။
အတိကျဆုံးပြောရလျှင် ပြစ်ဒဏ်ကို မကျော်လွှားခင်က သူ၏အတိုက်အခိုက်စွမ်းရည်သည် အနှစ်သာရ ၅ ခု အဆင့်မှ ခြေလှမ်းလေးတစ်ဝက်ကျော်မျှသာ ကွာဝေးသော အနှစ်သာရ ၄ ခုအဆင့်၏ အထွတ်အထိပ်နှင့် ယှဉ်နိုင်ခဲ့သည်။ ထို့ကြောင့် ပြစ်ဒဏ်ကို အမှန်တကယ် ကျော်လွှားနေစဉ် အနှစ်သာရ ၅ ခု မျက်နှာမဲ့လူများကို ရင်ဆိုင်ရသည့်အခါ သူ့မှာ သူတို့အနက်မှ တစ်ယောက်ကိုသာ ကိုင်တွယ်နိုင်ခဲ့၏။ သူတို့က ကျင့်ကြံသူစစ်စစ်များ မဟုတ်၍ အနှစ်သာရ ၅ ခု ကျင့်ကြံသူအစစ်များထက် အတန်ငယ်ပိုမို အားနည်းသည်မဟုတ်ပါလော။ သူသာ ဤကောင်လေးလို ရန်သူတစ်ယောက်ကို ရင်ဆိုင်ခဲ့ရလျှင် သေချာပေါက် ပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်ခဲ့မည်မဟုတ်ပေ။
ပြစ်ဒဏ်ကို ကျော်လွှား၍ ဝိညာဉ်မီးအိမ်များကို ထွန်းညှိပြီးနောက် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်သည် မြင့်တက်သွားခဲ့ပြီး သူ၏အင်မော်တယ်စွမ်းအားက ရှေးဟောင်းမန်နာအဖြစ် ပြောင်းလဲခံလိုက်ရကာ သူ၏နိဗ္ဗာနသစ်သီးများသည် တာအိုသစ်သီးများ ဖြစ်လာ၏။ ထိုအခိုက်အတန့်တွင် သူကား အနှစ်သာရ ၅ ခု တာအိုဥသျှောင်များကို တိုက်ခိုက်နိုင်သွားလေသည်။
“တောင်ပင်လယ်လောကတစ်ခွင်လုံးမှာ” သူက တွေးသည်။ “တောင်ပင်လယ်သခင်အများစုအပါအဝင် အနှစ်သာရ ၅ ခု တာအိုဥသျှောင်ဆယ့်ငါးယောက်ပဲ ရှိတယ်... တောင်ပင်လယ်သခင်တွေထဲက အများစုကတော့ အနှစ်သာရ ၅ ခု အဆင့်ရဲ့ အထွတ်အထိပ်မှာ။ အနှစ်သာရ ၆ ခု အဆင့်နဲ့ ဆံချည်မျှင်လောက်ပဲ ဝေးကွာတော့တယ်.... ကြည့်ရတာ ငါက အဲဒီလိုလူတွေနဲ့ ခြေလှမ်းတစ်ဝက်ကွာတယ်ထင်တယ်။ ဒီလိုဆိုရင် ရှောင်ရိဟန်နှင့် ငါက လက်ရည်တူလောက်တယ်” မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ ပြဿနာ၏အရင်းအမြစ်က ဝိညာဉ်မီးအိမ်များနှင့် သက်ဆိုင်သည်။ ဝိညာဉ်မီးအိမ်များက အနာဂတ်တွင် ရရှိနိုင်မည့် တန်ခိုးအင်အားကို ကိုယ်စားပြုသည်မဟုတ်ပါလော။
“ငါက တောင်ပင်လယ်သခင်အဆင့်နဲ့ နီးကပ်နေပြီလို့ ယူဆလိုက်ရင် ဝိညာဉ်မီးအိမ်တွေကို ငါ အောင်အောင်မြင်မြင် ငြှိမ်းနိုင်တာနဲ့ အဲဒီကွာဟမှုကို မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်လိမ့်မယ်" မန်ဟိုသည် ရှောင်ရိဟန်ထံသို့ လျှောက်သွားနေစဉ် မျက်လုံးများ တောက်ပလင်းလက်နေ၏။
ရှောင်ရိဟန်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာသည်။ သူသည် မန်ဟို့ကို အစွမ်းထက်ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ထားပြီးပြီဖြစ်သည့်အတွက် သူ ယခုလို ရှေ့တက်လာသည်ကို မြင်လျှင် ချက်ချင်း နောက်ဆုတ်မိလိုက်သည်။ သူ့လက်နှစ်ဖက်က မုဒြာလက်ကွက်တစ်ကွက်ကို ဖော်ကာ သူ၏အနှစ်သာရကမ္ဘာအား ပြိုကွဲလာစေသည်။
ထိုသို့ဖြစ်ပျက်နေစဉ် အနှစ်သာရကမ္ဘာ၏အစအနများသည် လက်ကြီးငါးဖက် ဖြစ်လာ၏။ ထိုလက်တစ်ဖက်စီကို အနှစ်သာရဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့က ကြယ်တာရာကောင်းကင်ကို တွန့်လိမ်ဖယ်၍ တဂျိန်းဂျိန်းအော်မြည်နေစေရင်း မန်ဟို့အား လှမ်းဖမ်းဆုပ်လိုက်သည်။
မန်ဟို့မျက်လုံးများ လင်းခနဲ လက်သွားပြီး ကြေးမုံက သူ့ညာလက်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ ၎င်းသည် သူ့ညာလက်ကို လွှမ်းခြုံရင်း စစ်လက်နက်အသွင်ပြောင်းလာ၏။ တစ်ချိန်တည်းမှာပင် သူက ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ ပါရာဂွန်တံတားအား ဧရာမလက်ကြီးငါးဖက်ကို ခုခံလိုက်စေသည်။
အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီးက လူတိုင်းလူတိုင်းကို ထိတ်လန့်သွားစေရင်း ဟိန်းထွက်သွား၏။ ပါရာဂွန်တံတားသည် လက်ငါးဖက်ကို ဆောင့်တိုက်လိုက်၍ တောက်ပသောအရောင်အဝါများ ဖြာထွက်လာသည်။ နောက်ဆုံးတော့ ပါရာဂွန်တံတားကား ၎င်း၏မူလစွမ်းအားနီးနီးဖြင့် ပေါ်ထွက်လာနိုင်လေပြီ။
လက်ကြီးငါးဖက်နှင့် ပါရာဂွန်တံတားသည် တစ်ခုကိုတစ်ခု အတင်းအကြပ် တွန်းထုတ်နေသဖြင့် တဝုန်းဝုန်းမြည်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ရှောင်ရိဟန်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက မန်ဟို့ကို လှမ်းကြည့်ကာ စူးစူးဝါးဝါးအော်လိုက်သည်။
ထိုအော်သံက ရှောင်ရိဟန်အရှေ့ရှိ အာကာပြင်ကို တစ်လွှာပြီးတစ်လွှာ ပျက်စီးကြေမွသွားစေပြီးနောက် မန်ဟို့ထံ လိမ့်ထွက်ရိုက်ခတ်လိုက်စေသည်။ အသံလှိုင်း သူ့ကို ထိမှန်သောအခါ မန်ဟိုမှာ တုန်ရီသွားပြီး ရှေ့ဆက်တိုးမလာနိုင်တော့ပေ။
မန်ဟိုသည် အေးစက်စက်နှာမှုတ်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်ရာ သူ့ခေါင်းပေါ်တွင် ၃၁ လုံးမြောက် မီးအိမ်ပေါ်လာသည်။ တစ်ဆက်တည်းမှာပင် သူသည် ညာလက်ဓားသွားကို မြှောက်၍ ရှောင်ရိဟန်ထံ ပိုင်းချလိုက်သည်။