အခန်း (၆၅)
Vol. 7 Ch. 65
" စစ်သူကြီး ကျွန်တော်ကို ခေါ်လိုက်တာ ဒဏ်ရာရစစ်သည်တွေအကြောင်း ပြောဖို့မဟုတ်ဘူးထင်တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဒါက စစ်သေနာပတိချုပ်ရဲ့ အမိန့်ပဲ။ မင်း ဟန်အရာရှိတစ်စုကို နယ်စပ်စခန်းအထိ စောင့်ကြပ်ပို့ဆောင်ရမယ်။ " လီထန်၏ အမူအရာက လေးနက်သွားသည်။
" သူတို့ကို အကုန်ပို့လိုက်ပြီမဟုတ်လား။ " ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" မြင်းသည်တော် ငါးထောင်က ဟန်ဘုရင်ကိုပဲ သွားပို့တာ။ " လီထန်က ပြုံး၍ ပြန်ဖြေလိုက်သည်။ " ဟန်ဝန်ကြီးတွေနဲ့ အရာရှိတွေကတော့ ရှင်းကျန်းအကျဉ်းထောင်ထဲမှာပဲ ရှိနေတုန်းပဲ။ "
" ဟန်ဘုရင်ကတော့ တကယ်ထူးခြားတာပဲ။ သူ့ကို မြင်းသည်တော် ငါးထောင်နဲ့ စောင့်ကြပ်ပေးခဲ့ရတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ငါတို့စစ်တပ်က ဟန်နိုင်ငံကို လုံးဝ သိမ်းပိုက်နိုင်ခဲ့ပေမယ့် အကြွင်းအကျန်တွေကတော့ အမှောင်ရိပ်ထဲမှာ ပုန်းနေကြတုန်းပဲ။ ဟန်ဘုရင်အပေါ် သစ္စာစောင့်သိတဲ့သူတွေ လာမကယ်ဘူးလို့ ငါတို့ အာမမခံနိုင်ဘူးလေ။ ဒါကြောင့် ငါတို့ အစွမ်းကုန် သတိထားရမယ်။ "
" စစ်သူကြီး စောင့်ကြပ်ပို့ဆောင်ရေးက ဘယ်တော့စမလဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး မေးလိုက်သည်။
" ငါ့ရဲ့တံဆိပ်ကို ယူသွားပြီး ထောင်ထဲက အကျဉ်းသားတွေကို လက်ခံလိုက်။ ဖမ်းမိထားတဲ့ ဟန်အရာရှိတွေကို ရှန်းယန်ဘက်ကို ပို့ဆောင်ရမယ်။ သူတို့ကို အရှင်မင်းကြီးကိုယ်တိုင် စီရင်လိမ့်မယ်။ " လီထန်က ပြတ်သားစွာ ပြောလိုက်သည်။
" ကျွန်တော် ရှန်းယန်ကို သွားရမှာလား။ " ကျောက်ဖုန်းက မျှော်လင့်ချက်အပြည့်နှင့် မေးလိုက်သည်။
သူက ဤကမ္ဘာတွင် ပြန်လည်မွေးဖွားခဲ့သည်မှာ ၁၆နှစ် ရှိပြီဖြစ်သည်။ ချင်နိုင်ငံသားတစ်ယောက်အနေဖြင့် သူ အဝေးဆုံးရောက်ဖူးသည်မှာ သူ၏ ဇာတိမြို့ခရိုင်ရုံးအထိသာဖြစ်သည်။ ခေတ်အဆက်ဆက် ကျော်ကြားခဲ့သော ချင်မြို့တော် ရှန်းယန်ကို သယတစ်ခါမှ မရောက်ဖူးသေးပေ။
" ဘာလဲ။ မင်းက ရှန်းယန်ကို သွားချင်လို့လား။ " လီထန်က ကျောက်ဖုန်း၏ စိတ်အားထက်သန်မှုကို မြင်တွေ့လိုက်ရသည်။
" ဟုတ်ကဲ့ သွားချင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ကျွန်တော်တို့ ချင်ရဲ့ မြို့တော်ပဲလေ။ "
" မင်းရဲ့ အရည်အချင်းနဲ့ဆို နောက်မှာ သွားဖို့ အခွင့်အရေးတွေ အများကြီးရှိလာမှာပါ။ " လီထန်က ရယ်လိုက်သည်။ " ဒါပေမယ့် ဒီတစ်ခေါက်တော့ မင်း ဟန်အရာရှိတွေကို နယ်စပ်စခန်းအထိပဲ ပို့ပေးဖို့လိုတယ်။ စစ်သေနာပတိချုပ်ကိုယ်တိုင် သူတို့ကို ရှန်းယန်အထိ ခေါ်သွားလိမ့်မယ်။ "
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
စစ်သည်သုံးသိန်းကို ဦးဆောင်ထားသော ဝမ်ကျန့်က ကြီးမားသော အာဏာကို ဆွဲကိုင်ထားသူဖြစ်သည်။ သဘာအတိုင်း သူ့ကို စစ်မြေပြင်တွင် သူ့ကို စစ်တပ်နှင့်အတူ အကန့်အသတ်မရှိ ကွပ်ကဲခွင့်ပြုမည်မဟုတ်ပေ။ စစ်ပွဲပြီးသွားသည်နှင့် သူက မြို့တော်သို့ ပြန်လာပြီး အမိန့်ကို စောင့်ရမည်ဖြစ်သည်။
ဆွေးနွေးပြီးနောက် လီထန်က သူ၏ တံဆိပ်ကို ကျောက်ဖုန်းအား ပေးလိက်သည်။ ထို့နောက် ကျောက်ဖုန်းက အကျဉ်းသားများကို လက်ခံရန် သူ၏ တပ်ဖွဲ့များကို အကျဉ်းထောင်သို့ ဦးဆောင်သွားခဲ့သည်။ ရှင်းကျန်းမှ နယ်စပ်စခန်းအထိ စောင့်ကြပ်ပို့ဆောင်ရန်မှာ ခြေလျင်တပ်သားများ၏ အရှိန်နှင့်ဆိုလျှင် ငါးရက်ကြာမြင့်မည်ဖြစ်သည်။
" တပ်မမှူးကျောက် ဒီအကျဉ်းထောင်ထဲမှာ ဟန်အရာရှိ စုစုပေါင်း ၂၅၇ယောက်ကို ချုပ်နှောင်ထားပါတယ်။ အခု သူတို့အားလုံးကို အပြင်ထုတ်ပြီးပါပြီ။ " အကျဉ်းထောင်စောင့်တပ်မှူးတစ်ယောက်က ကျောက်ဖုန်းကို ပြောလိုက်သည်။
အကျဉ်းထောင်အပြင်ဘက်တွင် ဟန်နိုင်ငံ၏ အရာရှိဝတ်စုံများ ဝတ်ဆင်ထားသော လူနှစ်ရာကျော် ရပ်နေကြသည်။ သူတို့က တစ်ချိန်က အာဏာရှိသော အဆင့်မြင့် အရာရှိကြီးများ ဖြစ်ခဲ့သော်လည်း ယခုမူ မရေရာသော အနာဂတ်နှင့်အတူ စစ်သုံ့ပန်းများဖြစ်နေကြပြီဖြစ်သည်။
ထိုအကျဉ်းသားများ၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများနှင့်အတူ ကြောက်ရွံ့မှုများ ပေါ်လွင်နေသည်။ သူတို့၏ ခြေလက်များတွင် သံခြေကျင်းများ ခတ်ထားသည်။
" သူတို့ရဲ့ မိသားစုဝင်တွေရော မပါဘူးလား။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး မေးလိုက်သည်။
" သူတို့ရဲ့ မိသားစုဝင်ထောင်ချီက နောက်မှစီရင်မှာပါ။ တကယ်လို့ ဒီလူတွေက ချင်နိုင်ငံကို အညံ့ခံရင် သူတို့ကို သက်ညှာပေးလိမ့်မယ်။ အညံ့မခံရင်တော့ သူတို့အားလုံး ကျွန်ပြုခံရလိမ့်မယ်။ " တပ်မှူးက ပြန်ဖြေလိုက်သည်။
ကျောက်ဖုန်းက နားလည်ကြောင်း ခေါင်းညိမ့်လိုက်သည်။ ထိုလူများကို ရှန်းယန်သို့ ပို့ဆောင်ရမည်ဖြစ်သည်။ သူတို့ကို ဘယ်လိုစီရင်မလဲဆိုသည်မှာ ရှင်းလေသည်။ အရည်အချင်းရှိသူများကို အသုံးချရန် ရွေးချယ်နိုင်သည်။ အရည်အချင်းမရှိသူများကတော့ ကျွန်ပြုခံရမည်ဖြစ်သည်။
" ကျန်းဟန် " ကျောက်ဖုန်းက ကျယ်လောင်စွာ ခေါ်လိုက်သည်။
" တပ်မမှူး " ကျန်းဟန်က ရှေ့သို့ တိုးလာသည်။
" အားလုံး အဆင်သင့်ဖြစ်ပြီလား။ "
" အကျဉ်းသားတင်တဲ့ လှည်း ၅၀လုံး ရောက်ပါပြီ။ တပ်ရင်းမှူးဝေက ငါးရက်စာ ရိက္ခာခြောက်တွေနဲ့ ရေတွေကို ပြင်ဆင်ပြီးပါပြီ။ " ကျန်းဟန်က အစီရင်ခံလိုက်သည်။
" ကောင်းပြီ။ အကျဉ်းသားအားလုံးကို လှည်းပေါ်တင်လိုက်တော့။ " ကျောက်ဖုန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့။ " ကျန်းဟန်က စစ်သည်များကို လှည်းပေါ်သို့ တင်စေလိုက်သည်။
" တပ်မမှူးကျောက်။ " အကျဉ်းထောင်တပ်မှူးက ပြောလိုက်သည်။ " မင်း အထူးဂရုစိုက်ရမယ့် အချက်တစ်ချက်ရှိသေးတယ်။ "
" ပြောပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟိုလူကို မြင်လား။ " တပ်မှူးက အကျဉ်းသားတစ်ယောက်ကို ညွှန်ပြလိုက်သည်။
ကျောက်ဖုန်းက ကြည့်လိုက်ရာ ထိုလူကို ချက်ချင်း မှတ်မိသွားသည်။ သူက နန်းတော်ရှေ့တွင် အဆုံးစီရင်ရန် ကြိုးစားခဲ့သော ဟမ်ဖေးပင်ဖြစ်သည်။ ယခုအခါ အကျဉ်းသားဖြစ်နေသော်လည်း သူ၏ သိက္ခာရှိသော အမူအရာက ပြောင်းလဲခြင်းမရှိပေ။ သို့သော် သူ၏ မျက်လုံးများတွင်မူ ရှင်သန်လိုစိတ်မရှိခြင်း၊ သေခြင်းကို တောင့်တနေသော အရိပ်အယောင်များ မြင်နေရသည်။
" ဟန်တော်ဝင်မိသားစုက ဟန်ဖေးလား။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ရေရွတ်လိုက်ပြီး ပြုံး၍ မေးလိုက်သည်။ " သူက ဘာဖြစ်လို့လဲ။ "
" စစ်သူကြီးလီက အထူးမှာထားတယ်။ ဒီအကျဉ်းသားတွေထဲက ဘယ်သူမဆို သေနိုင်ပေမယ့် ဟန်ဖေးကတော့ လုံးဝအသေခံလို့မရဘူး။ သူ အကျဉ်းကျကတည်းက ဘာမှလည်းမစားမသောက်ဘူး။ အခု သူက အရမ်းအားနည်းနေတယ်။ "
" ဒီအတိုင်းသာ ဆက်သွားရင် မင်းရဲ့ စောင့်ကြပ်မှုအောက်မှာ ခရီးဆုံးအောင်တောင် လိုက်နိုင်မှာမဟုတ်ဘူး။ ရှန်းယန်က ရောက်ဖို့ ပြောစရာတောင်မလိုဘူး။ ဒါကြောင့် တပ်မမှူးကျောက်အနေနဲ့ သူ့ကို အထူးဂရုစိုက်တာအကောင်းဆုံးပဲ။ တကယ်လို့ လမ်းမှာ သူသေသွားရင် စစ်သူကြီးက မင်းကို တာဝန်ယူခိုင်းလိမ့်မယ်။ " တပ်မှူးက ပြောလိုက်သည်။
" သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ကောင်းပါပြီ တပ်မမှူးကျောက်ရာ။ မင်းက ငါတို့စစ်တပ်ရဲ့ သူရဲကောင်းပဲ။ "
ထိုအချိန်တွင် အကျဉ်းသားအားလုံးကို လှည်းပေါ်သို့ တင်ပြီးသွားပြီဖြစ်သည်။
" တပ်မမှူး အကျဉ်းသားအားလုံးကို လှည်းပေါ်တင်ပြီးသွားပါပြီ။ " ကျန်းဟန်က အစီရင်ခံလိုက်သည်။ " တပ်ဖွဲ့အားလုံးလည်း အဆင်သင့်ဖြစ်ပြီဆိုတော့ အချိန်မရွေး ထွက်ခွာဖို့ အဆင်သင့်ပါပဲ။ "
" ထွက်ခွာမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့ " ကျန်းဟန်က အမြန်ဆုတ်ခွာပြီး ထွက်ခွာရန် အမိန့်ပေးလိုက်သည်။
ကျောက်ဖုန်း၏ စစ်သည်လေးထောင်ကျော်က ချပ်ဝတ်များ ဝတ်ဆင်ပြီး လက်နက်များကို ကိုင်ဆောင်လျက် အကျဉ်းလှည်း ငါးဆယ်၏ ဘေးတစ်ဖက်စီတွင် နေရာယူကာ မြို့တံခါးဆီသို့ စနစ်တကျထွက်ခွာသွားကြသည်။
" ဟန်ဖေး သမိုင်းမှာ ဥပဒေရေးရာ အတွေးအခေါ်တွေကို ပေါင်းစည်းခဲ့တဲ့ ပညာရှိတစ်ယောက်ပဲ။ သမိုင်းမှတ်တမ်းတွေသာ မှန်ရင် သူက ရှန်းယန်မှာ အကျဉ်းချခံထားရပြီးတဲ့နောက်မှာ လီစီရဲ့ အဆိပ်ခတ်ခြင်းကို ခံရလိမ့်မယ်။ ဒါပေမယ့် ဝန်ကြီးချုပ်အဆင့်ရှိတဲ့ လီစီက ဟန်ဖေးကို အဲ့ဒီလောက် ကြောက်နေတာလား။ " ဟန်ဖေးကို ကြည့်ရင်း ကျောက်ဖုန်းက စဉ်းစားနေမိသည်။
သူက တစ်ချိန်က သမိုင်းကို သိခဲ့သော်လည်း ယခုမူ သမိုင်းထဲသို့ ကိုယ်တိုင်ရောက်နေပြီဖြစ်သည်။ ယခု သမိုင်းဝင် ဟန်ဖေးက သူ၏ မျက်စိရှေ့တွင် ရှိနေသောကြောင့် သူကိုယ်တိုင်လည်း သမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။
" အနာဂတ် သမိုင်းမှတ်တမ်းတွေထဲမှာ ငါ့အကြောင်းကို ဘယ်လိုရေးကြမလဲ။ ဒါမှမဟုတ် ငါ့ရဲ့ စွမ်းရည်တွေကို အသုံးချပြီး ထာဝရအသက်ရှင်နိုင်မယ်ဆိုရင် သမိုင်းရဲ့ ပြောင်းလဲမှုတွေကို ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့ရမှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။
တစ်ရက်ကြာပြီးနောက် ညသို့ ရောက်သောအခါ ကျောက်ဖုန်းနှင့် သူ၏ တပ်ဖွဲ့များက ယန်မြို့နယ်မြေအတွင်းသို့ ရောက်လာခဲ့သည်။
" အမိန့်ပေးလိုက်။ ဒီည ဒီမှာ စခန်းချမယ်။ အကျဉ်းသားတွေက်ု ရိက္ခာနဲ့ ရေတွေ ဝေပေးလိုက်။ သူတို့ကို လှည်းပေါ်က ခဏဆင်းခိုင်းလိုက်ပါ။ မနကဖြန်မှ ဆက်ထွက်မယ်။ " ကျောက်ဖုန်းက ကြေညာလိုက်သည်။
" ဟုတ်ကဲ့။ " တပ်ရင်းမီူးများက အမိန့်ကို နာခံပြီး ထွက်ခွာသွားကြသည်။
ကျောက်ဖုန်းကလည်း ထိုင်စရာနေရာရှာပြီး သူ၏ ရိက္ခာခြောက်များကို စတင်စားသုံးလိုက်သည်။
" တပ်မမှူး " ဝေချွမ်က ရောက်လာပြီး ပြုံး၍ပြောလိုက်သည်။ " ဒီတစ်ခါ အရှင်မင်းကြီးက မင်းကို ဘယ်လိုဆုမျိုးပေးမယ်လို့ထင်လဲ။ "
တပ်ရင်းတစ်ခုလုံးတွင် ဝေချွမ်တစ်ယောက်တည်းသာ ကျောက်ဖုန်းနှင့် ထိုမျှအထိ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆိုရဲခြင်းဖြစ်သည်။
" မင်းက ငါထက်တောင် ပိုစိတ်လှုပ်ရှားနေသလိုပဲ။ ငါက ဘယ်လိုဆုမျိုးရမလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟဲဟဲ " ဝေချွမ်က ရယ်လိုက်သည်။ " ငါက မင်းအတွက် ကြိုပြီး ဝမ်းသာပေးနေတာ။ "