ရွှေရောင်ဂျင်ဆင်း
Vol. 20 Ch. 282
ခလွပ်
အနက်ရောင်အလုံးသည် အလွန်သာမန်ဆန်စွာ အက်ကွဲလာသည်။ ယင်း၏ ချောမွေ့ပြောင်လက်နေသည့် မျက်နှာပြင်မှာ ချက်ချင်းဆိုသလို ကွန်ရက်များနှင့် ပြည့်လာသည်။
အလုံး၏ အပြင်ဘက်အခွံ အက်ကွဲသွားလေပြီ။ အတွင်းတွင် ရှိနေသည့်အရာအား မြင်တွေ့လိုက်ရသည့်အခါ ကြက်သေသေသွားမိကြသည်။
ယင်းမှာ ရွှေဝါရောင် ဂျင်ဆင်းဖြစ်လေသည်။ ယင်းသည် တစ်ဝက်မှာ လူသားအသွင်ဖြင့်ဖြစ်ပြီး ဦးခေါင်းထိပ်တွင် ပန်းတစ်ပွင့် ရှိနေလေသည်။ယင်းသည် မြေပြင်ပေါ်သို့ ထွက်ကျလာပြီးနောက် ကြီးမားသည့်မျက်လုံးကြီးများအား ဖွင့်လိုက်သည်။
“ဒါက... ပြန်လည်ဝင်စားခြင်း ဂျင်ဆင်းလား။” အန်လင်း အသက်ပြင်းပြင်း ရှူရှိုက်ကာဖြင့် ပြောသည်။
အခြားသူများမှာလည်း မယုံနိုင်ကြချေ။ အဆင့် ၁ အင်မော်တယ်ပစ္စည်းလို့ ဆိုတယ်မဟုတ်လား။ တစ်ခါတည်း ဝိညာဉ်ဖြစ်ပေါ်လာခဲ့တာလား။
ရွှေဝါရောင်ဂျင်ဆင်း မတ်တတ်ရပ်လိုက်သည်။ သူ၏ လုံးဝိုင်းသော မျက်လုံးကြီးများဖြင့် အရှေ့တူရူသို့ ကြည့်လိုက်သည်။
“ဖေဖေ” ဂမ်ဒမ်တစ်ကောင်ထံသို့ ပြေးသွားကာ ခြေထောက်အား ဖက်လိုက်သည်။
ဂမ်ဒမ် : “…”
“မေမေ” ကျန်ရှိသည့် ဂမ်ဒမ်ထံသို့ ပြေးသွားကာ ခြေထောက်ဖက်လိုက်ပြန်သည်။
ကျန် ဂမ်ဒမ် : “…”
ထိုအခြင်းအရာအား မြင်သည့်အခါ အန်လင်း အသက်ပြင်းပြင်း ရှူလိုက်ပြန်သည်။ “သူက စကားပါ ပြောနိုင်သေးတာလား။”
ယင်ယွီ ရှုံ့မဲ့သွားသည်။ “အဲဒါက အရေးလား။ အဓိကအချက်က သူက မွေးပြီးပြီးချင်း ပြေးလွှားနေတယ်လေ။ ကလေးပုခက် မလိုဘူးလား။”
တပိုင်၏မျက်နှာ ရှုံ့မဲ့လာသည်။ “နှစ်ယောက်စလုံး လွဲနေပြီဗျ။ အဲဒါတွေက အဓိကအချက် ဖြစ်သင့်ဘူး။ အဓိကအချက်က ဒီဂျင်ဆင်းက ဂမ်ဒမ်တွေက အထီးနဲ့အမ ဘယ်လိုလုပ်ပြီး ခွဲနိုင်ရတာလဲ။ ဝုတ်”
ရှောင်ချိုးကောင်းကင်သို့ မော့ကြည့်လိုက်ည်။ “ဆက်ပြောလေသည်။”
ထိုအခိုက်အတံ့မှာပင် ရုတ်တရက်ဆိုသလို မြေပြင်တုန်ခါလာသည်။
မရှေးမနှောင်းမှာပင် ငိုကြွေးသံတစ်ခု ထွက်ပေါ်လာသည်။
ထိုနေရာတွင် လှည့်လည်သွားလာနေကြသည့် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များသည် အန်လင်းတို့အား လှည့်ကြည့်လာကြသည်။
အရိုးသရဲများသည်လည်း ချောက်များအတွင်းမှ တက်လာကြသည်။ ကျိုးကောင်အုပ်များသဖွယ် ကောင်းကင်တွင် ပျံသန်းလာကြသည်။ သူတို့၏ မျက်လုံးများမှာ အန်လင်းတို့အပေါ်၌သာ ရှိကြပြီး အေးစက်စွာဖြင့် ကြည့်နေကြသည်။
“ခံစားချက် သိပ်မကောင်းဘူးနော်။” အန်လင်းသည် အံ့အားသင့်ကာဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။
“ဝါးးးးးးးး” ရွှေဝါရောင်ဂျင်ဆင်မှာ မျက်ရည်ဖြိုင်ဖြိုင် ကျလို့နေသည်။ “နို့.. နို့သောက်ချင်တယ်။”
ငိုရှိုက်လို့နေသည်။ ဂမ်ဒမ်တစ်ကောင်၏ ခြေထောက်အား ဖက်တွယ်ကာဖြင့် ငိုကြွေးလို့နေသည်။ “မေမေ နို့သောက်ချင်တယ်လို့။”
ဂမ်ဒမ်တစ်ကောင် : “…”
အားလုံး : “…”
ထိုအခိုက်အတံ့မှာပင် သူတို့အား မကောင်းဆိုးဝါးစိတ်ဝိညာဉ်များနှင့် အရိုးသရဲများ ဝိုင်းရံလာကြသည်။ သူတို့၏ အော်ရာများ ပြင်းထန်လာပြီး အန်လင်းတို့ထံ ပြေးလာကြလေသည်။ ထိုထဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အရိုးမြူနဂါး သုံးကောင်လည်း ပါဝင်သည်။
“ပြေးးးးး” အန်လင်း အော်ဟစ်လိုက်သည်။ ဂျင်ဆင်းအား ဆွဲကာဖြင့် ချက်ချင်းဆိုသလို သူ၏ အုတ်ခဲနက်ပေါ်သို့တက်ကာ ပျံသန်းသွားလေသည်။
အခြားသူများသည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးကြသည်။
အန်လင်းတို့ ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်သည့်အခါတွင် မကောင်းဆိုးဝါး စိတ်ဝိညာဉ်များနှင့် အရိုးသရဲတို့ သွေးရူးသွေးတန်းဖြစ်ကာ လိုက်လံဖမ်းဆီးကြလေသည်။
အန်လင်းသည် ရွှေဝါရောင်ဂျင်ဆင်းအား သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းရန် ကြိုးပမ်းလိုက်သည်။ အံ့အားသင့်ဖို့ကောင်းလောက်အောင်ပင် သူ၏ ကြိုးပမ်းမှု အောင်မြင်သွားလေသည်။
ဒီဂျင်ဆင်းက စိတ်ဝိညာဉ်ဖြစ်မလာသေးပုံပဲ၊ သိုလှောင်လက်စွပ်တွေက အသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ထည့်သွင်းပေးမထားနိုင်ဘူး။ ရွှေဝါရောင်ဂျင်ဆင်းက ဘာလို့များ သိုလှောင်လက်စွပ်ထဲမှာ နေနိုင်ရတာလဲ။ အသိဉာဏ်ရှိတဲ့သက်ရှိ မဟုတ်သေးလို့များလား။
သူက ဘာလို့များ စကားပြောတတ်နေရတာလဲ။ နို့တောင် သောက်ချင်လိုက်သေးတယ်။
ရှူးးး
ရုတ်တရက်ဆိုသလို သူ၏ရှေ့တွင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်သိုက် ရောက်ရှိလာသည်။
အန်လင်းမှာ ထိုပြဿနာများနှင့် ပတ်သက်၍ စဉ်းစားချိန် မရှိချေ။ ချက်ချင်းပင် တိုက်ခိုက်လိုက််တော့သည်။
မကောင်းဆိုးဝါးစိတ်ဝိညာဉ်များနှင့် အရိုးသရဲများသည် အန်လင်းအား ကြမ်းတမ်းစွာ တိုက်ခိုက်လာကြသည်။ သူတို့အား နှိုးဆွပေးနေသည့်အရာ ရှိနေပုံရသည်။
သူတို့၏ တိုက်ခိုက်မှုအား လျှော့ချမည့်ပုံ မရချေ။ ထို့အပြင် အဝေးမှနေ ပိုမိုများပြားသည့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်များနှင့် အရိုးသရဲများ ရောက်ရှိလာကြသည်။
ဤသို့သာ ဆက်ဖြစ်နေမည်ဆိုလျှင် မကေင်းဆိုးဝါးစိတ်ဝိညာဉ်တပ်မ မည်မျှအထိ ကြီးထွားလာမည်ကို ကောင်းကင်ဘုံသာလျှင် သိပေလိမ့်မည်။
“ငါတို့ ဘယ်ကို ထွက်ပြေးနေကြတာလဲ။” ယင်ယွီ အော်ဟစ်လိုက်သည်။
သူတို့၏အနောက်တွင် ပိုမိုများပြားလာသည့် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များအား ကြည့်ကာဖြင့် သူမ၏ ဆံပင်များ ထောင်ထလာသည်။ အရှိန်လျော့သွားမည်ဆိုလျှင် မကောင်းဆိုးဝါးစိတ်ဝိညာဉ်များ၏ ဖမ်းဆီးခြင်းအား ခံလိုက်ရပေလိမ့်မည်။ ထို့နောက်တွင် သေဆုံးဖို့ စောင့်ဆိုင်းရန်သာလျှင် ရှိတော့သည်။
“ထွက်ပေါက်ဆီကို ပြေးနေတာလေ။ ဖြတ်လမ်းပြန်ပွင့်ပြီလား သွားကြည့်ကြတာပေါ့။”
အန်လင်းသည် ရတနာများစွာအား စုဆောင်းထားပြီး ဖြစ်သည်။ ထိုရွှေဝါရောင်ဂျင်ဆင်းမှာ ပြန်လည်ဝင်စားခြင်းဂျင်ဆင်းဖြစ်ဖို့ သေချာလုနီးနီး ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ချေ။
…
အကာအကွယ်လမ်းကြောင်း။
အဖြူရောင်အက်ကွဲကြောင်းသည် မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိနေပြီး ဖြစ်သည်။
အနီရောင်ဆံပင်နှင့် အမျိုးသားသည် စိတ်လှုပ်ရှားမှုတို့ တောက်လောင်နေသည့် မျက်လုံးများဖြင့် အဝေးရှိ လမ်းကြောင်းအား ကြည့်လိုက်သည်။
ဤသောက်ကျိုးနည်းနေရာမှ ထွက်ပြေးလွတ်မြောက်ရန် အချိန်ကျလာလေပြီ။
သို့သော်လည်း အကာအကွယ်၏ အနီးတွင် အရိုးသရဲများ ရှိနေကြဆဲဖြစ်သည်။ ငါးစာမရှိဘဲနှင့် ထိုအရိုးသရဲအုပ်အား ရင်ဆိုင်ရန်မှာ အလွန်အန္တရာယ်များလှသည်။ သူ၏အသက်ကိုပင် ဆုံးရှုံးရနိုင်ချေရှိသည်။
ဝုန်း
ဟမ်.. အဲဒီအသံက ဘာတုန်း။
ချီဝူလှည့်ကြည့်လိုက်သည့်အခါ သူ၏အနောက်ဘက်ရှိ ကောင်းကင်မှာ မည်းမှောင်နေလေသည်။ ပိန်းပိတ်အောင် နက်မှောင်နေခြင်း ဖြစ်သည်။
နီးကပ်စွာ ကြည့်မည်ဆိုလျှင် လခွမ်းဟေ့
ချီဝူ၏ခြေထောက်များ တုန်ယင်လာသည်။ ကြောက်ရွံ့မှုကြောင့် အပေါ့စွန့်ထုတ်မိမတတ်ပင် ဖြစ်ရသည်။
အဲဒါတွက မကောင်းဆိုးဝါးစိတ်ဝိညာဉ်တွေနဲ့ အရိုးသရဲတွေမလား။
ဘာလို့များ အဲလောက်တောင် များရတာလဲ။ သုံးသောင်းလား၊ ငါးသောင်းလား၊ တစ်သိန်းလား။
ချီဝူ၏မျက်လုံးများ ပြူးထွက်လာသည်။ မကောင်းဆိုးဝါးစိတ်ဝိညာဉ်နှင့် အရိုးသရဲတပ်အား ကြည့်ကာ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများ ထင်ဟပ်လာသည်။
ဘာလို့များ ပြေးလာကြတာတုန်း။ ငါ့ကို သတ်ဖို့အတွက်တော့ မဖြစ်နိုင်လောက်ပါဘူးနော်။ ဟုတ်တယ်မလား။
သူသည် ဖြတ်သွားဖြတ်လာ လူတစ်ဦးသာ ဖြစ်သည်။ ထိုမျှလောက်ကြီးမားသည့် တပ်မအား စေလွှတ်ခြင်းအားဖြင့် သူ့အပေါ်တွင် မည်မျှအထိအောင် ရန်လိုနေကြသနည်း။
ဟမ်.. အဲလို မဖြစ်နိုင်ဘူး။
ချီဝူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုနေရာတွင် လူသားများ ရှိနေသည်။
မရှေးမနှောင်းမှာပင် စိမ်းသက်မသည့် မျက်နှာများအား မြင်လိုက်ရသည်။ လူရယ်၊ ခွေးရယ်၊ မျောက်ရယ်။
သူတို့လား။
ချီဝူ၏မျက်နှာတွင် အေးစက်မှုတို့ ဖြတ်သန်းသွားသည်။ အန်လင်းအား ငါးစာအဖြစ် အသုံးချရန် ရွေးချယ်လိုက်သည်။
သူ၏ အင်ပါယာသက်တော်စောင့်များဖြစ်သည့် အဖွဲ့သားများကိုပင် အသုံးချခဲ့သေးသည်။ ထို့ကြောင့် ထိုလူများကိုလည်း အသုံးချနိုင်သည်။ သို့သော်လည်း ထိုကျင့်ကြံသူအဖွဲ့အား မည်သို့အသုံးချရမည်နည်း။ စိတ်နှလုံးကွဲကြေရသည်။
ထို့နောက်တွင် သူ၏နှလုံးသား ခုန်ထွက်လုမတတ်ပင် ဖြစ်လာသည်။ အလွန်ရင်းနှီးသည့် ပုံရိပ်သုံးခုအား မြင်လိုက်ရပြန်သည်။
“ညီမလေး ၁၃ မသေသေးဘူးလား။”
“ကောင်းတာပေါ့။ အဖေ့ကို ရှင်းပြဖို့ မလိုတော့ဘူး။ အခုဘာမှ စိုးရိမ်စရာ မရှိတော့ဘူးပဲ။ သူမကို အဲဒီလူတွေက ကယ်ခဲ့တာလား။”
မင်းသားချီဝူသည် နံပါတ် ၁၃ မင်းသမီး ထွက်ပြေးလွတ်မြောက်လာခဲ့သည့်အတွက် တစ်စက္ကန့်မျှ မယုံကြည်နိုင်အောင် ဖြစ်မိသည်။ သူမသည် အသင်္ချေသရဲနယ်မြေမှ လွတ်မြောက်ဖို့ရန် ပြင်ပအကူအညီအား ယူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အန်လင်းအပေါ်တွင် ထားရှိသည့် သဘောထားမှာ ပိုမိုကောင်းမွန်လာရပေတော့မည်။
ဤနယ်မြေမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် နောက်ဆုံးသော အခွင့်အရေးဖြစ်သည်။ မကောင်းဆိုးဝါး စိတ်ဝိညာဉ်များနှင့် အရိုးသရဲများမှ လိုက်လံဖမ်းဆီးခြင်းမှာ ရယ်ရွှင်ဖွယ်ရာ ဖြစ်ရပ်မဟုတ်ချေ။
အန်လင်းနှင့် အခြားသူများ နီးကပ်လာသည်ကို မြင်တွေ့သည့်အခါတွင် ချက်ချင်းဆိုသလို ပြေးထွက်လိုက်သည်။
“ညီမလေး ၁၃ လုံလုံခြုံခြုံရှိနေသေးတာ ကောကော အရမ်းဝမ်းသာတာပဲ။”
ချီဝူ၏မျက်ခမ်းများ နီရဲကာဖြင့် မင်းသမီးယင်ယွီထံ ပျံသန်းသွားလေသည်။
ချီဝူပျံသန်းလာသည်ကို မြင်လိုက်သည့်အခါ ယင်ယွီ အနည်းငယ် ကြောင်အသွားသည်။ ထို့နောက်တွင် အကြည့်လွှဲလိုက်ပြီးနောက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “ကောကောက ညီမလေးရှေ့မှာ မျက်နှာလာပြရဲသေးလား။”
ချီဝူ၏မျက်နှာတွင် ရှက်ရွံ့မှုတို့ ထင်ဟပ်လာသည်။ သူ၏မျက်လုံးများ နီရဲနေပြီး မျက်ရည်များ စီးကျနေလေသည်။ “ကောကောက.. အသုံးမကျပါဘူး။ ကောကောရဲ့ အမှားပါ။ ညီမလေးကို အသင်္ချေသရဲနယ်မြေကနေ မကယ်ပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့လည်း ညီမလေး လုံလုံခြုံခြုံ ရှိနေတာကို မြင်ရတာ တကယ်ကို ပျော်မိတာ အမှန်ပါ။”
ချီဝူ၏ ဝမ်းနည်းမှုနှင့် နောင်တတို့အား မြင်တွေ့လိုက်ရသည့်တိုင်အောင် ယင်ယွီသည် အေးစက်စွာဖြင့် ရှိနေဆဲပင်။
အန်လင်းသည် ထိုမြင်ကွင်းကြောင့် အလွန်အံ့အားသင့်နေမိသည်။ ချီဝူ၏ အမူအရာမှာ အလွန်ရိုးသားလှသည်။ ကမ္ဘာမြေပေါ်တွင် ဖြစ်မည်ဆိုလျှင် ထိုမျှလောက်ကောင်းမွန်သည့် သရုပ်ဆောင်စွမ်းရည်ကြောင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုအား ရရှိပေလိမ့်မည်။ သူ၏ သရုပ်ဆောင်စွမ်းရည်မှာ ပညာရှိပြိတ္တာဘုရင်ထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ထိုအချိန်မှာပင် ချီဝူသည် အန်လင်းဘက်သို့ လှည့်လာသည်။ “ညီမလေးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ရောင်းရင်။ အခုကစပြီး ရောင်းရင်းက ကျုပ်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်လာပြီး နဂါးမင်းပိုင်နက်ရဲ့ ထာဝရမိတ်ဆွေတစ်ဦးပါ။”
ချီဝူ၏ ရင်းနှီးဖော်ရွေသည့် အမူအရာအား မြင်တွေ့လိုက်သည့်အခါတွင် အန်လင်း လက်ခါလိုက်သည်။ “မလိုပါဘူး။ ကျွန်တော်က ပိုက်ဆံယူထားတာမို့ ကိုယ့်အလုပ်ကိုယ်လုပ်လိုက်တာပါ။”
“ပိုက်ဆံယူပြီး အလုပ်လုပ်တာလား။” ချီဝူနားမလည်နိုင်ဘဲ ရှိလေသည်။
“အန်လင်းကို ရတနာမြေပုံပေးလိုက်တာ” ယင်ယွီ အေးစက်စွာဖြင့် ဆိုသည်။
ဝုန်း
ထိုသတင်းသည် ချီဝူအား မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ ဖြစ်သည်။
အန်လင်း၏အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ချီဝူအား မြေပုံကမ်းပေးလိုက်သည်။ “ဒီမြေပုံက သုံးစားမရဘူး။ အမှတ်အသားပြုထားတဲ့ နေရာ ၁၀ ခုမှာ ၈ ခုက ဘာရတနာမှ ရှိမနေဘူး။ ဒီရတနာမြေပုံကို ပြန်ယူလိုက်တော့။”
ချီဝူသည် မျက်နှာမဲ့ကာဖြင့် မြေပုံအား လက်ခံလိုက်သည်။
မြေပုံပြန်ပေးနေတယ်ပေါ့။ ရတနာတွေကိုတော့ ယူသွားပြီးပြီလေ။ ဘာကိစ္စနဲ့ ပြန်ပေးနေရသေးတာတုန်း။
ချီဝူ ပြုံးလိုက်သည်။ ထိုအပြုံးမှာ ငိုချင်စိတ်တို့ များစွာရောယှက်နေလေသည်။
သူ၏ အစီအစည်မှာ နဂါးမင်းပိုင်နက်သို့ပြန်ကာ အကူများခေါ်ဆောင်ပြီးနောက် ရှေးဟောင်းတိုက်ပွဲပြင်သို့ ပြန်လာရန် ဖြစ်သည်။
သို့သော်လည်း ထိုသို့လုပ်ရန် မလိုအပ်တော့ချေ။ သူ့အတွက် မည်သည့်အရာမျှ မကျန်တော့ချေ။
ဝုန်း
ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ်တို့သည် လျှပ်စစ်အမြှောက်များသုံးကာဖြင့် အကာအကွယ်လမ်းကြောင်းအား စောင့်ကြပ်နေသည့် မြူခိုးနက်အရိုးနဂါးနှစ်ကောင်အား ပစ်ခတ်လိုက်သည်။
ကျင့်ကြံသူအဖွဲ့သည် အရိုးသရဲများအား ပြင်းထန်စွာ တိုက်ခိုက်ကြပြန်သည်။ သူတို့သည် ဖောက်ထွက်ရန် လမ်းကြောင်းရှာကာဖြင့် လေဟာပြင်လမ်းကြောင်းထံသို့ ပြေးသွားကြလေတော့သည်။
***