မိစ္ဆာနဂါးအား သတ်ဖြတ်ခြင်း
Vol. 20 Ch. 283
အန်လင်းတို့သည် ရှေးဟောင်းတိုက်ပွဲပြင်နယ်မြေမှ လွတ်မြောက်လာခဲ့ကြသည်။ သူတို့၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့ ထင်ဟပ်နေဆဲပင်။
ကံကောင်းစွာဖြင့် မကောင်းဆိုးဝါး စိတ်ဝိညာဉ်များသည် လေဟာနယ်လမ်းကြောင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိသည့်အတွက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
“နဂါးမင်းပိုင်နက်ကို လိုက်လည်ပါဦးလား ရောင်းရင်း အန်လင်း” ချီဝူသည် အန်လင်းအား ဖိတ်ခေါ်လိုက်သည်။
“ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ် ရောင်းရင်းချီဝူ။ ဒါပေမဲ့လည်း ကျွန်တော့်မှာ ဖြေရှင်းရမယ့် ကိစ္စလေးတွေ ရှိနေသေးလို့ နောက်တစ်ကြိမ်မှ လာလည်ပါ့မယ်။” အန်လင်းသည် ထိုစကားအား ယဉ်ကျေးမှုအရ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေ များမကြာမီအချိန်တွင် နဂါးမင်းပိုင်နက်အား သွားရောက်လည်ပတ်ရန် ကြံရွယ်ထားပြီးဖြစ်သည်။
အန်လင်း၏ အမူအရာကို မြင်သည့်အခါတွင် ယင်ယွီသည် စကားအချို့ ပြောချင်မိသော်လည်း တုံ့ဆိုင်းနေမိသည်။ ဒီလူက လူသားကျင့်ကြံသူ။ သူ့ရဲ့ပြဿနာတွေဖြေရှင်းပြီးသွားရင် ကိုးပြည်ထောင်နိုင်ငံတော်ကိုပဲ ပြန်မှာ အသေအချာပဲ။ ကျင့်ကြံသူတွေက အရမ်းကို များပြားလွန်းလှတယ်။ ဒီနေရာမှာ ခွဲခွာပြီးရင် နောက်ထပ် ပြန်တွေ့ခွင့်မရတော့မှာ ကြောက်မိတယ်။
သူမ ခံစားချက်များထဲ နစ်မျောနေစဉ်တွင် စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာသည်။ သူမ၏မျက်လုံးလေးများ တလက်လက် တောက်ပလာတော့သည်။ “အန်လင်း နင်က ကွမ်တမ်သီအိုရီနဲ့ ပတ်သက်တာတွေကို လေ့လာချင်တယ်လို့ ပြောဖူးတယ်မဟုတ်လား။ နဂါးမင်းပိုင်နက်ကို လာခဲ့လေ။ ငါသင်ပေးမယ်။”
အန်လင်း ရပ်တံ့သွားသည်။ ထိုအကြောင်းအား မေ့လုနီးနီးပင် ဖြစ်သည်။
“ပြဿနာတွေဖြေရှင်းပြီးရင် သေချာပေါက် လာခဲ့မှာပေါ့။ အများဆုံးကြာရင် လဝက်လောက်ပါပဲ။” အန်လင်း ရယ်မောကာဖြင့် ပြောသည်။
ယင်ယွီ တိတ်တဆိတ် သက်ပြင်းရှိုက်လိုက်သည်။ သူမသည် လှပစွာပြုံးလိုက်ပြီးနောက် “အင်း အဲဒါဆိုလည်း နင့်ကိုစောင့်နေမယ်နော်။”
ချီဝူ အန်လင်းအား ကြည့်လိုက်သည်။ ထို့နောက် ယင်ယွီအား ကြည့်လိုက်သည်။ မျက်မှောင်ကြုတ်လိုက်သည်။
ဒီကောင်ကို ယဉ်ကျေးမှုအရ ဖိတ်တာလေ။ ဒင်းက တကယ်ကြီး လာလည်ဖို့ စီစဉ်နေတာတဲ့လား။
သူတို့သည် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်စကားဆိုလိုက်သည်။
အန်လင်းသည် ပစ္စည်းစုဆောင်းရေးခရီးစဉ်အား ဆက်လေသည်။
သူတို့သည် ရေခဲကျွန်းသို့ စွန့်စားသွားရောက်ပြီး မဟူရာရေခဲကျောက်အား ရယူနိုင်ခဲ့သည်။
မျိုးနွယ်တစ်ရာကုန်းမြေရှိ မြွေပျံမီးတောင်သို့ ခရီးဆက်ပြီးနောက် အထီးကျန်မီးတောက်ရိုးများအား ရှာတွေ့ခြ့သည်။
အရာအားလုံး အဆင်ပြေချောမွေ့လျက်ရှိသည်။
ထိုပစ္စည်းများအားလုံးသည် ထူးခြားသည့် အခြေအနေနှင့် ပတ်ဝန်းကျင်တွင်သာ ရှင်သန်ကြီးထွားနိုင်ကြသည်။ ထိုပတ်ဝန်းကျင် သိသိသာသာ မပြောင်းလဲသရွေ့ နှစ်ပေါင်းတစ်သောင်း ကြာပြီးသည့်အခါတွင် ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များ ပျိုးထောင်မှုကြောင့် အသစ်ပြန်လည် ပေါက်ရောက်လာပေလိမ့်မည်။
နောက်ဆုံးလိုအပ်သည့်အရာမှာ နတ်ဆေးပင်ဖြူ ဖြစ်သည်။ ထိုဆေးပင်သည် အဖြူရောင်မြူခိုးများ ရစ်ဝဲလျက်ရှိသော ကျွန်းငယ်တစ်ခုပေါ်တွင် ပေါက်ရောက်ခြင်းဖြစ်သည်။
“အဲဒီနေရာက အတော်လေး အန္တရာယ်များပုံပဲ။ ထာဝရမိစ္ဆာတောင် ရှိနေသေးတယ်။ ဒင်းက မိစ္ဆာပင်လယ်ရဲ့ အကြီးဆုံးအပိုင်းကို အုပ်စိုးတဲ့ အထွတ်အထိပ်စွမ်းအင်ရှိတဲ့ သတ္တဝါပဲ။ အရင်တုန်းက ရှန့်ယင်က ပျက်ပြယ်ခြင်းတစ်ပိုင်းအဆင့်နဲ့တောင် သေလုမတတ်ဖြစ်ခဲ့ရတာ။ နောက်ဆုံးကျတော့ လျှို့ဝှက်နည်းစနစ်တွေ ဝင်္ကပါပြားတွေ အများအပြားသုံးပြီး အဲဒီထာဝရမိစ္ဆာကို ချိပ်ပိတ်ထားခဲ့ရတာ။” အန်လင်းသည် သူ၏စာရင်းထဲရှိ နောက်ဆုံးသော ပစ္စည်းအား ကြည့်ကာဖြင့် လေးနက်စွာ ပြောလေသည်။
သူတို့ဦးတည်နေသည့်နေရာမှာ မိစ္ဆာခုနစ်ဖော်နယ်မြေအတွင်း တည်ရှိသည်။ ယင်းမှာ ခရမ်းရောင်တောက်ပနေသည့် မြေသားများနှင့် ကျွန်းငယ်လေးတစ်ခု ဖြစ်သည်။
“အဆင်ပြေသွားမှာပါ။ ထာဝရမိစ္ဆာက ပြီးခဲ့တဲ့ နှစ် တစ်သောင်းနီးပါး အသက်ရှင်တယ်လို့မှ မပြခဲ့တာ။ အဲဒီကျွန်းက အတော်လေး ထူးခြားတယ်ဆိုရင်တောင် အင်ပါယာအဆင့် ပင်လယ်မိစ္ဆာတွေရဲ့လက်ထဲက လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါသေးတယ်။ ဝုတ်” တပိုင်သည် အလွန်ပေါ့ပါးလျက်ရှိသည်။
ပြောရမည်ဆိုလျှင် သူတို့အဖွဲ့သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပုဂ္ဂိုလ်များအား ကြောက်ရွံ့ခြင်းမရှိတော့ချေ။
မည်သည့်သူကိုမဆို အနိုင်ယူနိုင်စွမ်း မရှိသေးသော်လည်း ရှုံးနိမ့်ခြင်းမရှိစေရန် ကာကွယ်ပေးနိုင်သည်။
“ကောင်းပြီလေ။ ဒါဆိုလည်း သွားကြတာပေါ့။ မွန်မြတ်မိစ္ဆာကျွန်းရေ ငါတို့လာပြီနော်။” အန်လင်း ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ခေါင်းမော့ကာဖြင့် ပင်လယ်ထဲသို့ ကြည့်လိုက်သည်။
မွန်မြတ်မိစ္ဆာကျွန်းသည် မိစ္ဆာခုနစ်ဖော်နယ်မြေ၏ မြူထူထပ်သောအပိုင်းတွင် တည်ရှိသည်။ ထူးခြားဆန်းကျယ်လှသဖြင့် သာမန်လူများမှာ ထိုကျွန်း၏တည်ရိမှုအား မသိရှိကြချေ။
ထိုကျွန်းအား ရှန့်ယင်၏ မှတ်ဉာဏ်ထဲမှ မြင်တွေ့ခဲ့ဖူးခြင်းဖြစ်သည်။ သို့ကြောင့် သူတို့သိရှိထားသည့် တည်နေရာများမှာ မှုန်ဝါးဝါးနှင့်ဖြစ်သည်။ ထို့ကြောင့် ထိုကျွန်း၏ မှုန်ဝါးဝါးတည်နေရာအား ဖြည်းသည်းစွာ ရှာဖွေရမည်ဖြစ်သည်။
အန်လင်းတို့သည် ပုလဲနိုင်ငံတော်၏ ပင်လယ်ကမ်းခြေမြို့တစ်မြို့သို့ သွားရောက်ကာ နတ်ဘုရားသုံးပါးလမ်းညွှန် အား ဝယ်ယူလိုက်သည်။
ထိုလမ်းညွှန်မှာ အလွန်တိကျသည်။ သံလိုက်စက်ကွင်းများနှင့် အခြားသော စွမ်းအင်စက်ကွင်းများ၏ သက်ရောက်မှုအား လျစ်လျူရှုနိုင်သည်။ ထူထပ်လှသည့် မြူများအကြားတွင် လမ်းပျောက်ခြင်း မရှိစေရန်အတွက် ဝယ်ယလိုက်ခြင်း ဖြစ်သည်။
သူတို့ထွက်ခွာကာနီးမှာပင် အဝေးမှ ကြီးမားသည့် အနက်ရောင်ပုံရိပ်တစ်ခု ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသသည်။
“ဟမ် ဘာလို့များ အဲဒီအော်ရာကို အတော်လေး ရင်းနှီးနေရတာလဲ။” အန်လင်း မျက်မှောက်ကြုတ်လိုက်သည်။
“ပေါ်လန်မြို့ကို လာကျူးကျော်တဲ့ မိစ္တာအင်ပါယာတွေရဲ့ အော်ရာနဲ့တူတာ။” ရှောင်ချိုး ဖြည်းညင်းစွာပြောပြီး သူမျက်လုံးထဲတွင် အေးစက်မှုတို့ ရှိနေလေသည်။
များမကြာမီတွင် သူတို့သည် အဝေးမှ သတ္တဝါကြီးအား ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ယင်းမှာ မီးလျှံနဂါးတစ်ကောင်ဖြစ်ပြီး ပေတစ်ရာကျော် ရှည်လျားသည်။
ထိုဧရာမနဂါး၏ နောက်ကျောတွင် တောင်ပံ သုံးစုံပါရှိပြီး အလွန်လျင်မြန်စွာ ပျံသန်းလာလေသည်။
ယင်းသည် မြို့ရိုးပေါ်မှ ပျံသန်းသွားပြီးနောက် ခရမ်းရောင်ပုတီးစေ့တစ်လုံးအား သူ၏အရှေ့တွင် လွင့်မျောစေပြီး တလက်လကတောက်ပသည့် အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။
ဘုန်း
ထိုပုတီးစေ့မှ ရုတ်တရက်ဆိုသလို ပြင်းထန်သည့် စုပ်အားများ ထွက်ပေါ်လာသည်။
စစ်သည်များ၊ လမ်းပေါ်တွင် သွားလည်နေကြသူများ၊ ပင်လယ်ကမ်းခြေမြို့၏ များပြားလှစွာသော ပုလဲလူမျိုးများသည် အလွန်အားကောင်းသည့် စုပ်အား၏ စုပ်ယူမှုအား ခံလိုက်ရသည်။ စုပ်ယူမှု ပြီးစီးသည့်အခါ သူတို့အားလုံးသည် ခရမ်းရောင်ပုတီးစေ့အတွင်းသို့ ပျံသန်းရောက်ရှိသွားကြသည်။
ချက်ချင်းဆိုသလို မြို့သည် ကြောက်ရွံ့မှုကြောင့် ဖရိုဖရဲအခြေအနေသို့ ရောက်ရှိသွားလေသည်။
“ဘာဖြစ်သွားတာလဲ။”
“မဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ မရတော့ဘူး။ ကယ်ကြပါဦး။”
“သွားခွင့်ပေးပါ။ မဖမ်းပါနဲ့။”
ပုလဲလူမျိုးများ၏ အော်သံများနှင့် ကြောက်လန့်တကြား ငိုကြွေးသံများ ထွက်ပေါ်လာကာ ကောင်းကင်သို့ ပျံသန်းသွားလေသည်။
ထိုအရာများအားလုံး ရုတ်တရက် ဖြစ်သွားခဲ့ခြင်းပင်။ အလွန်ရုတ်တရက်ဆန်သည့်အတွက် ပုလဲလူမျိုးများသည် တုံ့ပြန်ရန်အချိန် မရလိုက်ဘဲ ခုခံနိုင်စွမ်းလည်း မရှိကြချေ။
မြို့ရိုးအား တိုက်စားသွားပြီးသည့်နောက်တွင် မီးလျှံနဂါးသည် ချက်ချင်းဆိုသလို မှော်စွမ်းအင် သုံးကာဖြင့် ပုလဲလူမျိုးများအား သိုလှောင်ပုတီးစေ့အတွင်းသို့ ထည့်သွင်းလိုက်သည်။
“ဟီးဟီးဟီး အရမ်းအားနည်းတာပဲ”
“တခြားညီအစ်ကို လေးယောက်က ကံဆိုးသွားတာပဲ ဖြစ်မှာပါ။ မဟုတ်ရင် အဲလိုမြို့ပေါင်း ၁၀၀ လောက်ကို အသာလေး သိမ်းလိုက်လို့ရတယ်။”
မီးလျှံနဂါး၏မျက်နှာတွင် လှောင်ပြောင်လိုမှုများ ထင်ဟပ်လာပြီး မြို့အား ဝိုင်းပတ်နေလေသည်။
စက္ကန့်အနည်းငယ်မျှ ကြာပြီးသည့်နောက်တွင် ပုလဲလူမျိုး တစ်ထောင်ကျော်အား စုပ်ယူပြီးဖြစ်သည်။
“မင်းကိုယ်မင်း အရမ်းတွေ ကံကောင်းနေတယ်လို့ ထင်နေတာလား။”
အဝေးမှ အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
မီးလျှံနဂါး မော့ကြည့်လိုက်သည့်အခါ ဒေါသတကြီး ပျံသန်းလာသည့် အမျိုးသားတစ်ဦးအား မြင်လိုက်ရသည်။
“အိုးးး စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ပဲ ရှိနေသေးတဲ့ လူသားကျင့်ကြံသူလေးက ငါ့ရှေ့မှာ ပေါ်လာရဲတယ်ပေါ့။ သေရမှာ မကြောက်ဘူးလားကွ။”
မီးလျှံနဂါးသည် ယင်း၏ ပါးစပ်ကို ဖွင့်ဟကာဖြင့် မီးတောက်များ မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်များတွင် အဖျက်အဆီးစွမ်းအားများ ပါဝင်နေပြီး အန်လင်းထံသို့ ရောက်ရှိသွားသည်။
ထိုအနီရောင်မီးတောက်များသည် ထိုလူနှင့် သူ၏အပေါင်းအသင်းများကို လွှမ်းခြုံသွားသော်လည်း ပြာဘဝသို့ ရောက်ရှိသွားသည့် အရိပ်အယောင်မျှပင် မတွေ့ရချေ။
ဧရာမအုတ်ခဲနက်ကြီးတစ်ခုသည် ထိုမီးတောက်များအား ဖျက်ဆီးလိုက်သည်။ ဓားကိုင်ဆောင်သည့်လူ ပြန်လည်ထွက်ပေါ်လာသည်။ သူ၏အရှိန်နှုန်းမှာ အနည်းငယ်မျှပင် ကျဆင်းသွားခြင်း မရှိချေ။
ထိုဓားကိုင်ဆောင်သည့်သူ၊ ခွေးကြီးနှင့် မျောက်တို့အား မြင်တွေ့လိုက်ရသည့်အခါ မိစ္ဆာနဂါး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သောက်ခွေးဟေ့။ ဒီကောင်က အသင်္ချေလှိုင်းမိစ္ဆာအင်ပါယာပြောတဲ့ လူသားကျင့်ကြံသူလား ခွေးရော မျောက်ရော ရှိတဲ့ကောင်လေ။
ပြေးမှပဲဟေ့။
မိစ္ဆာနဂါးသည် တုံ့ဆိုင်းခြင်းမရှိဘဲ သိုလှောင်ပုတီးစေ့အား ဆောင်ယူကာ ထွက်ပြေးလေသည်။ ယင်း၏ တောင်ပံသုံးစုံမှ မီးလျှံမုန်တိုင်းများဖြစ်ပေါ်လာပြီး လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
ဝှစ်
မိစ္ဆာနဂါးသည် မီးတောက်များဖြင့် လေကိုဖြတ်ကာ ပင်လယ်အတွင်းသို့ ထွက်ပြေးသွားခြင်းဖြစ်သည်။
ထိုနဂါးသည် ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အဆင့်သာ ဖြစ်သည့်အတွက် လိပ်ပြာပြောသည့် စကားများကို ပြန်လည်ကြားယောင်မိသည့်အခါ တိုက်ခိုက်ဖို့ရန် ကြောက်ရွံ့လာပြီး ယုံကြည်ချက် မရှိတော့ချေ။
သို့သော်လည်း ထွက်ပြေးသည့်နှုန်းနှင့် ပတ်သက်၍ အလွန်အမင်း ယုံကြည်မှုရှိလေသည်။
ငါ့ရဲ့အတောင်တွေကို ခတ်နေနိုင်သမျှ ပျက်ပြယ်ခြင်းအဆင့်အောက်မှာ ရှိနေတဲ့ကောင်တွေက ငါ့ရဲ့ဖင်ကိုပဲ ကြည့်လို့ရမယ်။
သိုလှောင်ပုတီးစေ့၏စုပ်အား ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လေထဲရှိ ပုလဲလူမျိုး အများအပြား မြေပြင်ပေါ်သို့ ပြုတ်ကျလာကြသည်။
ပုလဲလူမျိုးများသည် ကြောက်ရွံ့မှုကြောင့် အော်ဟစ်ကြပြန်သည်။ ထိုသို့ဆက်ဖြစ်နေမည်ဆိုလျှင် လုံးလုံးဝိုင်းဝိုင်း ပုလဲလေးများသည် မြေပြင်နှင့် ရိုက်ခတ်မိပြီး ကွဲကြေသွားပေလိမ့်မည်။
“အန်ကောရေ ကျွန်တော်တို့ ပုလဲလူမျိုးတွေကို ဂရုစိုက်လိုက်မယ်။”
တပိုင်သည် လေပြင်းတစ်ချက် ထုတ်ဖော်ကာဖြင့် မြို့တစ်ခုလုံးအား ဖုံးလွှမ်းလိုက်သည်။ ထိုလေပင်းသည် ပုလဲလူမျိုးများအား ပင့်တင်ပေးထားသည်။
ရှောင်ချိုးသည် တိမ်တိုက်စီးနင်းခြင်းအား သုံးကာ ပုလဲလူမျိူးများကို တစ်ယောက်ပြီးတစ်ယောက် လိုက်ဖမ်းနေလေသည်။
မိစ္ဆာနဂါး၏ ထွက်ပြေးသွားသည့် အပြုအမူကြောင့် အန်လင်း ခေတ္တမျှ ကြောင်အနေသော်လည်း သူ၏အရှိန်နှုန်း လျော့သွားခြင်း မရှိချေ။ မြန်ဆန်စွာ ပျံသန်းနေရင်းနှင့် ဂမ်ဒမ် တစ် နှင့် ဂမ်ဒမ် နှစ်တို့အား ထုတ်ယူလိုက်သည်။
လေတောင်ပံများ။
ပထမနည်းစနစ် _ ဝါယောဓား။
အန်လင်းစည် အမြန်နှုန်းတိုးစေသည့် နည်းစနစ်နှစ်ခုအား အသုံးပြုလိုက်သည့်အခါ သူ၏ အမြန်နှုန်းမှာ သိသိသာသာ တိုးမြင့်လာသည်။
ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ် နှစ်တို့သည် မီးလျှံနဂါးကဲ့သို့ လျှင်မြန်ခြင်းမရှိကြသော်လည်း အမြှောက်များဖြင့် ပစ်ခတ်နေကြလေသည်။ သူတို့၏ တိုက်ခိုက်မှုများကို ထုတ်ဖော်ကာဖြင့် မိစ္ဆာနဂါးအား အရှိန်လျော့ကျစေရန် လုပ်ဆောင်လျက်ရှိကြသည်။
ပြေးမလွတ်ဒုံးကျည်၊ လျှပ်စစ်အမြှောက်၊ ချိန်းကြိုး...
ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ် နှစ်တို့၏ တိုက်ခိုက်မှုသည် မိစ္ဆာနဂါးထံသို့ ရောက်ရှိသွားလေသည်။
မိစ္ဆာနဂါးသည် ထိုတိုက်ခိုက်မှုများအား အထင်မသေးဝံ့ချေ။ ထို့ကြောင့် ကောင်းကင်တွင် ပျံသန်းကာဖြင့် ရှောင်တိမ်းနေလေသည်။
“ဘုန်း”
ကောင်းကင်ထက်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
မိစ္ဆာနဂါးသည် ဖရိုဖရဲဖြစ်လျက်နှင့် မီးတောက်များအကြားမှ ထွက်ပေါ်လာသည်။ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဂမ်ဒမ်များ၏ အဝေးသို့ ထွက်ပြေးသွားပြန်သည်။ “ဟူးးး ငါ့ရဲ့ အရေပြားက ထူနေလို့သာပေါ့။”
“သောက်ကျိုးနည်းဟေ့ ဒီအဖြစ်အပျက်ကို အမြဲတမ်း အမှတ်ရနေမိတော့မှာပဲ။”
“အရှင်မင်းကြီးကို ပြန်လည်ခေါ်ဆောင်ဖို့က အတော်လေး ခက်ခဲလှချည်လား။”
မိစ္ဆာနဂါးသည် လွတ်မြောက်ခဲ့ပြီဟု တွေးတောနေစဉ်မှာပင် သူ၏ လည်ဆံမွှေးများ ထောင်ထလာသည်။ အနက်ရောင်ဓားခုတ်ချက်တစ်ခုသည် သူ၏ခန္ဓာကိုယ်အား ပိုင်းဖြတ်သွားလေသည်။
“ဖူးးးး”
မိစ္ဆာနဂါး ဒဏ်ရာပြင်းထန်စွာ ရရှိသွားလေပြီ။ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူ၏နောက်ကျောဘက်တွင် ရှိနေသည့် လူကြောင့် မျက်လုံးထဲ၌ ကြောက်ရွံ့တုန်လှုပ်မှုတို့ ထင်ဟပ်လာသည်။
ထိုအမျိုးသား၏ မျက်လုံးများမှာ နှင်းကဲ့သို့ ဖြူနေပြီး အနက်ရောင် မိစ္ဆာရှင်းဓားအား ထုတ်ယူလိုက်သည်။ ထို့နောက်တွင် မိစ္ဆာနဂါး၏ နောက်ကျောအား အချက်ပေါင်းများစွာ ထိုးစိုက်လိုက်လေသည်။ ထို ဓားစိုက်ချက်များသည် သူ၏ ချီလှည့်ပတ်သည့်လမ်းကြောင်းများကို တားဆီးပိတ်ဆို့လိုက်သည်။
ချက်ချင်းဆိုသလိုပင် မိစ္ဆာနဂါး၏ ချီစွမ်းအင်လှည့်ပတ်သည့်စွမ်းအင်များ ပိတ်ဆို့သါားလေပြီ။ ယင်း၏ နယ်ပယ်သည်လည်း ပြိုကွဲသွားလေသည်။ ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ တအိအိ ပြိုလဲကျဆင်းသွားသည်။
ယင်း၏မျကနှာတွင် ကြောက်ရွံ့မှုတို့သာလျှင် ရှိနေပြီး သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ကျန်ရရှိလေသည်။
ငါ့ရဲ့ အမြန်နှုန်းက ကောင်းကင်နဲ့ မြေပြင်မှာ ပြိုင်ဘက်ကင်းတယ်။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူလေးက ငါ့ကို ဖမ်းနိုင်တယ်တဲ့လား။
***