← Chapters

သခင်လေးဆိုသူ "ရှောင်းကျူ"

Vol. 1 Ch. 51

သခင်လေးဆိုသူ "ရှောင်းကျူ"

Vol. 1 Ch. 51

ကောပီညီနောင် သုံးဖော်မှာ ဆန်းလျန်ကို တိုက်ခိုက်တော့မည့် အချိန်တွင် ဆန်းလျန်ဆီမှ ထွက်ပေါ်လာသော စကားသံကြောင့် တစ်ချက်တုံ့ဆိုင်း သွားကြလေသည်။

သို့သော် ချက်ချင်းပင် သူတို့က ဆန်းလျန်ရှိရာသို့ တစ်ဟုန်ထိုး ဝင်ရောက်ကာ ပြိုင်တူတိုက်ခိုက် လိုက်ကြလေသည်။ ခေါင်မိုးထက်ဆီမှ တဝုန်းဝုန်းအသံများကို ကြားလိုက်ရပြီး မိုးသံများလား။ သို့မဟုတ် ကောပီသုံးဖော်၏ စွမ်းအားပြည့်ဝသည့် အသံများလား မသဲကွဲပေ။

ကောပီ ညီနောင်သုံးဖော်….

စွမ်းအား ကြီးမားသည့် လက်သီးချက် ခြောက်ချက်….

နွားတစ်ကောင်ကိုပင် ချက်ချင်းလဲသေ သွားစေနိုင်သကဲ့သို့ ပြင်းထန် လွန်းသည့် လက်သီးချက် များ ဖြစ်လေသည်။

ကောပီညီနောင် သုံးဖော်ကို ရင်ဆိုင်ရန်အတွက် ဆန်းလျန်မှာ စိတ်မပါလက်မပါ ဖြစ်နေသည့်ပုံ ပေါက်နေလေသည်။

လက်သီးချက် ခြောက်ချက်မှာ ဆန်းလျန်ထံသို့ ဝင်ရောက် လာကြသည်နှင့် ဆန်းလျန်က ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ကာ ရှောင်တိမ်းပေးလိုက် လေသည်။ သူ့လက်များက အရက်မူးသမား တစ်ယောက်လို ဘေးသို့တွဲလောင်း ကျနေလေသည်။ သူက သာမန်မျှသာ လှုပ်ရှားပြီး လက်သီး ချက်များကို ရှောင်တိမ်းလိုက်ခြင်း ဖြစ်လေသည်။

အမှန်တော့ ထို အမူးသမား သိုင်းကွက်ကို ပိုင်ယွိဖေးဆီမှ အတုခိုးထားခြင်း ဖြစ်လေသည်။ အယူအဆ ပိုင်းဆိုင်ရာ အနည်းငယ် ကွဲလွဲသည့်တိုင် သိုင်းကွက်၏ အခြေခံ သဘောတရားက အတူတူပင် ဖြစ်လေသည်။ "ဟန်ချက်ညီခြင်း" အပေါ်တွင် အခြေခံထားသည့် သိုင်းကွက် ဖြစ်လေသည်။

ကောပီညီနောင် သုံးဖော်၏ လက်သီးချက်များမှာ လေကိုသာ ထိုးမိသွားလေသည်။

ဆန်းလျန်က ကောပီညီနောင် သုံးဖော်ထဲမှ တစ်ယောက်၏ ပခုံးကို အသာ ရိုက်ချလိုက်ပြီး တစ်ဆက်တည်းမှာပင် နောက်တစ်ယောက်ကိုတော့ ခြေထောက်ဖြင့် ကန်ထုတ် လိုက်လေသည်။

သူ ကန်ထုတ်လိုက်သည့် သူမှာ ရပ်နေသည့် နောက်တစ်ယောက်ကို သွားပြီး ထိမှန်လေသည်။

ကောပီသုံးဖော်မှာ ရုပ်သေးရုပ်ပြပွဲမှ အရုပ်ကလေးများလို တွန်းထုတ် ခံလိုက်ရပြီး တစ်ယောက်နှင့် တစ်ယောက် တိုက်မိပြီး လုံးထွေးကာ မြေကြီးပေါ်သို့ ကျသွားလေတော့သည်။

ကောပီသုံးဖော်မှာ မြေပြင်ပေါ်သို့ အသားလုံးကြီး လိုမျိုး လိမ့်ဆင်း သွားလေတော့သည်။

ကောပီသုံးဖော်မှာ သိုင်းလောကတွင် အလွန်မှ နာမည်ကြီးသူများ ဖြစ်လေသည်။ သို့သော် ဆန်းလျန်က သူတို့ကို အားပင်မသုံးပဲ နှိမ်နင်းလိုက်ပြီ ဖြစ်လေသည်။ သခင်လေးဆိုသူမှာ ထိုသို့ဖြစ်လာ လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိပါ။

သခင်လေးက ဆံပင်တိုနှင့် ဘုန်းတော်ကြီးကို တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ကောပီသုံးဖော် အမှိုက်စလေးများလို လွင့်စဉ် သွားရသည်ကို တွေ့လိုက်ရ လေသည်။

ကောပီသုံးဖော်၏ စွမ်းအားမှာ နတ်ဘုရားများထံမှ လာသည်ဟု ပြောစမှတ် ပြုရလောက်အောင် သိုင်းလောကတွင် ထင်ရှားလေသည်။ သို့သော် ဆန်းလျန်ကတော့ နတ်ဘုရားများ ကောင်းချီးပေးခြင်း ခံထားရသည့်သူ ဖြစ်ပုံရလေသည်။ လွယ်လွယ်ကူကူနှင့်ပင် ကောပီသုံးဖော်ကို အနိုင်ယူလိုက် နိုင်လေ သည်။

"မင်းက သာမန်လူ တစ်ယောက် မဟုတ်ဘူးပဲ။ မင်းရဲ့ နာမည်လေးများ သိရမလား"

သခင်လေး ဆိုသူက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး အလေးအနက်ပုံစံဖြင့် မေးလိုက် လေသည်။ သူ၏ မျက်လုံးများမှာ ဆွဲဆောင်မှုရှိသည့် မျက်တောင်ရှည်ကြီးများ အောက်တွင် တလက်လက် တောက်ပနေကြလေသည်။

"ကျုပ်ပြောပြရင်လည်း မင်းကသိမှာ မဟုတ်ပါဘူး။ ကျုပ်လည်း မင်းကို မသိချင်တဲ့အတွက် မင်းလည်း ကျုပ်ကို မသိချင်ပါနဲ့"

ဆန်းလျန်က တည်ငြိမ်စွာပင် ပြန်ပြော လိုက်လေသည်။

သို့သော် သူက သခင်လေးဆိုသူကို သတိထား နေရလေသည်။ အချိန်မရွေး တိုက်ခိုက် လာနိုင်သည် မဟုတ်ပါလား။

ဆန်းလျန်က သခင်လေးဆိုသူကို အယုံအကြည် မရှိပေ။ အဘယ်ကြောင့်ဆိုသော် လီကျွမ်း အပေါ်တွင် လှည့်ကွက်များ အသုံးပြုပြီး တိုက်ခိုက် ခဲ့သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်ကလည်း နတ်သက်ခြွေ ဓားသိုင်းကို မလိုအပ်ဘဲ ထုတ်သုံးချင်သူ မဟုတ်ပေ။ ဝံပုလွေ နတ်ဘုရားအဘိုးအို သတိပေးထား ပြီးသည့်နောက်ပိုင်း သူက ဝိညာဉ်စွမ်းအားနှင့် ပတ်သက်လျှင် အစစအရာရာ သတိထားနေ မိလေသည်။ သို့သော် လောကတွင် ကိုယ်ဖြစ်ချင်သည့် အတိုင်း ဖြစ်လာဖို့ မှာလည်း ခဲယဉ်းလွန်းသည် မဟုတ်ပါလား။

"ကောင်းပြီ။ မင်းပြောပြစရာ မလိုပါဘူး။ မင်းက ဆန်းအိမ်တော်က ဆိုတာ ကျုပ်သိပြီးသားပါ"

သခင်လေးဆိုသူက ပြုံးရင်း ပြောလိုက်လေသည်။

"ကျုပ်လည်း မင်းကို သိပြီးသားပါ။ မင်းက ရှောင်းကျူပဲ။ ကွေးယွင်စန်းကျွမ်း တောင်က ဆက်ခံသူ ရှောင်းကျူပဲ မဟုတ်လား"

စကားကို ပြောလိုက်သူမှ ဆန်းလျန် မဟုတ်ပါ။ တစ်ချိန်လုံး မျက်လုံးမှိတ်ကာ အိပ်နေသည့် ဆံပင်တိုနှင့် ဘုန်းတော်ကြီး ဖြစ်လေသည်။

မင်းကျန်းတောင်နှင့် ကွေးယွင်စန်းကျွမ်း တောင်တို့မှာ တာ့ဝေ့တိုင်းပြည်၏ မြောက်ဘက်နှင့် တောင်ဘက်တွင် တည်ရှိကြသည့် တောင်များ ဖြစ်လေသည်။ တောင် နှစ်တောင်လုံးမှာ သိုင်းပညာ ထိပ်တန်းအဆင့် ရှိကြသည့် အထက်လမ်းဂိုဏ်းများ ဖြစ်ကြလေသည်။

တာ့ဝေ့တိုင်းပြည်၏ သမိုင်းကြောင်း တစ်လျှောက် နှစ်ထောင်ပေါင်းများစွာ ထင်ရှားကျော်ကြား ခဲ့သည့် တောင်များ ဖြစ်လေသည်။

ဆန်းလျန်မှာ မင်ကျန်းတောင်မှ သခင်လေးနှင့် ကွေးယွင်စန်းကျွမ်းတောင်မှ သခင်လေးများ ဖြစ်သည့် ရဲ့လျိုယွင်နှင့် ရှောင်းကျူတို့ကို ယခုကဲ့သို့ တွေ့ကြုံရမည်ဟု စိတ်ပင် ကူးမထားခဲ့မိပေ။

ကွေးယွင်စန်းကျွမ်းမှ သခင်လေးတစ်ပါး အနေဖြင့် ဆန်းလျန်၏ အကြောင်းကို လွယ်ကူစွာပင် စုံစမ်းသိရှိ နိုင်သည် မဟုတ်ပါလား။

ရှောင်းကျူက ယပ်တောင်ဖြင့် သူ့လက်ဝါးကို တစ်ချက်မျှ ရိုက်လိုက်ပြီး ခေါင်းကို မော့ကာ ရယ်မောလိုက်လေသည်။

"ဒါဖြင့် ဒီက ဆရာတော်က ကူဟွေ့ဆရာတော်ပဲ ဖြစ်ရမယ်။ ကျုပ်ရဲ့ ကင်ပွန်းတပ်ပွဲတုန်းက ခင်ဗျား တက်ရောက်ခဲ့တယ် မဟုတ်လား။ ခင်ဗျား ကျုပ်ကို ပုတီးတစ်ကုံးတောင် လက်ဆောင်ပေးခဲ့ သေးတယ်လေ။ ဒါကြောင့် ခင်ဗျားကို ကျုပ်စိတ်ထဲ ရင်းနှီးနေတယ်လို့ ခံစားရတာ"

"ပြောကြတာတော့ မင်းကမွေးကတည်းက အဖြစ်အပျက်တွေကို မှတ်မိနေတယ်တဲ့။ အဲဒါ ရယ်စရာ ပြောကြတယ် ထင်နေတာ။ ဒါပေမယ့် ဒါက တကယ်ပဲကိုး"

ကူဟွေ့က ခပ်ဖြည်းဖြည်း ပြောလိုက်လေသည်။

"ခင်ဗျား လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရဲ့လျိုယွင်နဲ့လည်း တွေ့ခဲ့သေးတယ်လို့ ကြားတယ်။ ကျုပ်နဲ့ ယှဉ်ရင် ဘယ်သူကသာမယ် ထင်လဲ"

ရှောင်းကျူကမေးလိုက်လေသည်။

သူက လက်ဖဝါးကို ယင်တောင်နှင့် ရပ်နေသည်ကို ရပ်လိုက်ပြီး အဖြေကို သိချင်စိတ်ဖြင့် စောင့်နေလေသည်။ ရဲ့လျိုယွင်က သူ့ထက် သာနေမည်လား ဆိုသည်ကို စိတ်ဝင်စားနေမိ လေသည်။

"မင်းသာ ကျင်းကန်းဖူ အင်းချပ်ကို မသုံးဘူးဆိုရင် မင်းလိုလူမျိုး နှစ်ယောက် ရှိနေရင်တောင် ရဲ့လျိုယွင်ကို နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့နှစ်ယောက်က တကယ် လိုက်ဖက်ညီကြတဲ့ စုံတွဲတွေပဲ။ မင်းတို့ အတူတူသာ ပေါင်းလိုက်ရင် ပိုပြီး အစွမ်းထက်မှာ"

ကူဟွေ့က ပြုံးရင်း ပြောလိုက်လေသည်။

ကူဟွေ့၏ စကားကိုကြားတော့မှ ရှောင်းကျူမှာ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း ဆန်းလျန် သဘောပေါက် သွားရလေသည်။  ကွေးယွင်စန်းကျွမ်းနှင့် မင်ကျန်းတောင်တို့တွင် မည်သည့် ရန်ငြိုးရန်စမှ မရှိသည့်အပြင် ဆွေမျိုးပင် တော်စပ်ဖို့ ရှိနေလေသည်။

လီကျွမ်းနှင့် တိုက်ခိုက်စဉ်က လီကျွမ်း၏ တောင်ဖြိုလက်ဝါးသိုင်းမှာ ရှောင်းကျူ၏ အင်္ကျီစ ကိုပင် ထိခိုက်မိခြင်း မရှိသည်မှာ ကျင်းကန်းဖူ အင်းချပ်ပညာကို အသုံးပြုထားခြင်းကြောင့် ဖြစ်လေ သည်။ ထိုအင်းချပ် ပညာမှာ နတ်ဘုရားများနှင့် သက်ဆိုင်သည့် ပညာတစ်ခု ဖြစ်လေသည်။

"ဒီကျင်းကန်းဖူအင်းပညာက ကျွန်မတို့ အိမ်တော်ရဲ့ သိုင်းပညာပဲ။ ခုတော့ ကျွန်မလည်း ကောင်းကောင်းသင်ယူ တတ်မြောက်ထားတယ်။ ကျွန်မကို ဓားသိုင်းလာပြီး တိုက်ခိုက်မယ်ဆိုရင် ကျွန်မက ဘာဖြစ်လို့ ဒီအင်းပညာကို အသုံးမပြုပဲ နေရမှာလဲ"

ရှောင်းကျူက သဘောမတူသည့် ဟန်ဖြင့် ကူဟွေ့ကို ပြန်မေး လိုက်လေသည်။

"ဒီမိန်းကလေးရဲ့ စိတ်ထဲမှာ အသက်တွေကို တန်ဖိုးမထားဘူးပဲ။ ရဲ့လျိုယွင်သာ သူနဲ့ လက်ထပ် မယ် ဆိုရင် ကျိန်းသေ စိတ်သောက ရောက်ရလိမ့်မယ်"

ရဲ့လျိုယွင်၏ မာနကြီးပြီး သီးသန့် နေတတ်သည့် အမူအကျင့်နှင့် ရှောင်းကျူ၏ တစ်ဖက်သားကို အရေးမထား တတ်သည့် စိတ်ဓာတ်တို့ ပေါင်းစည်းမိပါက မည်ကဲ့သို့ ဖြစ်လာမည်ကို ဆန်းလျန် စိတ်ကူး ကြည့်၍ပင် မရပေ။

"ရဲ့လျိုယွင် အကြောင်း မပြောနဲ့တော့။ မင်းက ကျင်းကန်းဖူအင်း ပညာကို အသုံးပြုမယ် ဆိုရင် တောင်မှ ဆန်းလျန်ကိုတော့ နိုင်အောင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"

ကူဟွေ့က ဆန်းလျန်ကို လက်ညိုးထိုးပြရင်း ပြုံးနေလိုက်လေသည်။

"ဒီကောင်လေးက ဘယ်လောက်တော်နေလို့လဲ။ လင်ချုန်းရှောင်တောင်မှ ကျင်းကန်းဖူ အင်းပညာကို နိုင်အောင် မတိုက်ခိုက်နိုင်ခဲ့ဘူး"

ရှောင်းကျူက အေးစက်စွာဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်မှာ သူမ၏ အကြည့်အောက်တွင် အေးခဲသွားမလားပင် ထင်မှတ် ရလေသည်။

အင်းချပ်ပညာမှာ မသေမျိုးဖြစ်သည့် နတ်ဘုရားများထံမှ ဆင်းသက်လာသည့် အတတ်ပညာ ဖြစ်လေသည်။ ထို့ကြောင့် ထိုပညာကို အသုံးပြုရန် အတွက် အတွင်းအား အသုံးပြုစရာ မလိုပေ။

စိတ်အာရုံနှင့် စိတ်ဝိညာဉ်ကို ပေါင်းစပ်စုစည်းပြီး အရံအတားကို ဖန်ဆင်းရသည့် ပညာ ဖြစ်လေသည်။ သာမန် ပညာလောက်နှင့် ထိုအင်းချပ်ပညာကို ဖျက်စီးနိုင်မည် မဟုတ်ပေ။

ထို့ပြင် အတွင်းအားကို အသုံးပြုပြီး တိုက်ခိုက်မိလျှင် မမြင်ရသော ကျင်းကန်းဖူ အရံအတား ကြောင့် အတွင်းအားများ ပျက်စီးခြင်း ဖြစ်နိုင်လေသည်။

အင်း အရံအတားမှာ ပြိုင်ဘက်ရန်သူ၏ အတွင်းအားကို စုပ်ယူနိုင်သည့် သဘာဝလည်း ရှိလေသည်။

အင်းအရံအတားက အတွင်းအားကို စုပ်ယူလိုက်သည်နှင့် အင်းပညာကို အသုံးပြုသူမှာ အတွင်းအားများ တိုးတက်မြင့်မား လာရလေသည်။

နတ်ဘုရားတို့၏ လောကတွင်ပင် ထိုအင်းပညာကို အလွန် တန်ဖိုးရှိသည့် ပညာတစ်ခုအဖြစ် သတ်မှတ်ထားကြ လေသည်။

"သူက နတ်သက်ခြွေ ဓားသိုင်းကို ကျင့်ကြံအောင်မြင် ထားတဲ့သူပဲ။ မင်း ဘာပြောချင်သေးလဲ"

ကူဟွေ့က ဖြေးညင်းစွာ ပြောလိုက်လေသည်။

"ကြည့်ရတာ နတ်သက်ခြွေ ဓားသိုင်းကိစ္စကတော့ လူတိုင်း သိကုန်ကြပြီ။ ဒါပေမယ့် "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ် အကြောင်းကိုတော့ ဘယ်သူမှ မသိလောက်သေးဘူး"

ဆန်းလျန် တွေးနေလိုက်မိလေသည်။

သိုင်းလောကတွင် စိတ်ဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်သည့်သူက ရှားပါးလေသည်။ နတ်ဘုရား လမ်းစဉ်သို့ လျှောက်လှမ်းလိုသည့် သူများသာ စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ် ကျင့်စဉ်များကို ကျင့်ကြံ ကြခြင်း ဖြစ်လေသည်။

"စိတ်ဝိညာဉ်များကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်၏ဇစ်မြစ်ကို ဆန်းလျန်လည်း မသိပါ။ သို့သော် ထိုပညာကို လေ့ကျင့်ခြင်းက သာမန် ကျင့်စဉ်များထက် များစွာ ထူးခြားလေသည်။

ရှောင်းကျူက ဆန်းလျန်ကို တစ်ချက်အကဲခတ်လိုက်ပြီး…

"ဟိုအရူးကောင် ယန်ရွှမ်အပြင် ဒီသိုင်းပညာကို ကျင့်တဲ့သူ ရှိသေးတာလား။ ဘာလို့ လင်ချုန်းရှောင်က သူ့ကို အသက်ရှင်ခွင့် ပေးထားရတာလဲ။ အသက်ရှင်ခွင့် ပေးတဲ့အပြင် သိုင်းပညာ တောင် သင်ပေးလိုက်သေးတယ်"

"နတ်သက်ခြွေ ဓားသိုင်းကို ကျင့်ကြတဲ့လူ အများစုဟာ စောစောစီးစီး သေသွားကြတာပဲ။ မဟုတ်ရင်လည်း ယန်ရွှမ်လိုမျိုး မိစ္ဆာလမ်းကို ရောက်သွားကြတယ်။ ဒါပေမယ့် ဆန်းလျန်ကတော့ ခြွင်းချက်ပဲ။ သူကတော့မတူဘူး"

ကူဟွေ့က ပြောလိုက်လေသည်။

"ကျွန်မက ရှင့်စကားကို ဘာလို့ ယုံရမှာလဲ"

ရှောင်းကျူက အေးစက်စွာ ပြုံးရင်း ပြောလိုက်လေသည်။

"ဒါဖြင့် မင်းစမ်းကြည့်လိုက်လေ"

ကူဟွေ့က ပြောလိုက်လေသည်။

"အာ ဆန်းသခင်လေး။ မင်းတကယ်ပဲ နတ်သက်ခြွေ ဓားသိုင်းကျင့်စဉ် အောင်မြင်ထားတာ ဟုတ်ပါတယ်နော်"

ရှောင်းကျူက ဆန်းလျန်ဘက်သို့ လှည့်ကြည့်ရင်း မေးလိုက်လေသည်။

"ထင်တာပဲ…"

ဆန်းလျန်က ပြောလိုက်လေသည်။

"ထင်တာပဲ ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ"

ရှောင်းကျူမှာ မျက်ဝန်း နက်နက်များဖြင့် ဆန်းလျန်ကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။

"ကျုပ်က နတ်သက်ခြွေဓားသိုင်းကို ကောင်းကောင်း တတ်ပါတယ်။ နတ်သက်ခြွေ ဓားသိုင်းနဲ့ မင်းရဲ့ဝိညာဉ် တိုက်ခိုက်ခံရမယ် ဆိုရင်တော့ ကျင်းကန်းဖူ အင်းပညာက မင်းကိုကာကွယ် ပေးနိုင်မှာ မဟုတ်ဘူး။ မင်းကို ကျုပ်သေချာပေါက် အနိုင်ရမှာပဲ"

ဆန်းလျန်က ခပ်ဖြည်းဖြည်းပဲ ရှင်းပြလိုက်လေသည်။

ရှောင်းကျူမှာ ရဲ့လျိုယွင်နှင့် စေ့စပ်ကြောင်းလမ်းထားသည့် မိန်းကလေးတစ်ယောက် ဖြစ်သော ကြောင့် ဆန်းလျန် အနေဖြင့် ပြဿနာဖြစ်ချင်စိတ် မရှိပေ။ သူက ရဲ့လျိုယွင်ဆီမှ ချင်းရွှမ် နတ်တံခါးတွင် တပည့်သစ်ခေါ်သည့် လူရွေးပွဲအကြောင်း မေးမြန်းစုံစမ်း ရဦးမည် မဟုတ်ပါလား။

ရှောင်းကျူက ရဲ့လျိုယွင်ကို အဘယ်ကြောင့် ပြဿနာရှာချင် နေရသည်ကိုတော့ ဆန်းလျန် လည်း မသိပါ။

ထိုအချိန်တွင် ချောင်းဟန့်သံတစ်ချက် ထွက်ပေါ်လာသည်ကို သူတို့ သုံးယောက်စလုံး ကြားလိုက်ရ လေသည်။

***

All Chapters