စူးကျားပေါင် အိမ်ပိုင်ရှင်
Vol. 1 Ch. 52
မိုးများရုတ်တရက် ရွာလာသည့်အချိန်တွင် မိုးခိုရန်အတွက် ဆန်းလျန်ကို ခေါ်လာသူမှာ အစေခံ အဘိုးအို တစ်ယောက် ဖြစ်လေသည်။ အစေခံ အဘိုးအိုကို ယခုတော့ မတွေ့ရတော့ပေ။
သူတို့ ရောက်ရှိနေသည့် အခန်းမှာ စူးကျားပေါင် အိမ်ပိုင်ရှင်မှ ခရီးသွားများ ဝင်ရောက်နားနေရန် ဆောက်လုပ် ပေးထားသည့် အဆောင်တစ်ခုမျှသာ ဖြစ်လေသည်။ အနည်းငယ်ပိုပြီး တောင့်တောင့် တင်းတင်း ကောင်းကောင်းမွန်မွန် ဆောက်လုပ် ပေးထားသည်မှာတော့ ပိုင်ရှင်၏ စေတနာပင် ဖြစ်လေသည်။
ဆန်းလျန်မှာ "စူးကျားပေါင်" ဆိုသော စာလုံးများ ရေးသားထားခြင်းကို စိတ်ဝင်စားနေမိပြီး အခြားအသေးစိတ် အကြောင်းအရာများကို သိချင်စိတ် မရှိပါ။ သို့သော် ထူးဆန်းသည့် အရာအချို့ ကိုတော့ ဆန်းလျန် သတိထားမိ လေသည်။
ချောမောခန့်ညားသော လူတစ်ယောက် အခန်းထဲသို့ ဝင်လာလေသည်။ ချောင်းဟန့်သံ ပြုလုပ် သည့်သူမှာ ထိုလူပင် ဖြစ်လေသည်။ သူ၏မျက်နှာမှာ ကျောက်ပန်းချီမှ ပြန်လည်ကူးရေး ထားသကဲ့သို့ စင်းလုံးချော ဖြစ်နေလေသည်။ ထိုသူက တန်ဖိုးကြီးသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆန်းလျန်တစ်ခါမှ မမြင်ဘူးသည့် ပုံစံဖြင့် အင်္ကျီကို ချုပ်လုပ်ထားခြင်း ဖြစ်လေသည်။
သူ၏ အသားအရေမှာ မိန်းကလေးဖြစ်သည့် ရှောင်းကျူထက်ပင် လှပနေသေးသည်။ သူ၏ လက်ချောင်းများမှာ ရှည်လျားပြီး သွယ်လျနေလေသည်။ ဓားသိုင်းကစားခြင်းထက် ဗျပ်စောင်း တီးခတ်ခြင်းကသာ သင့်တော်မည့် လက်မျိုးဖြစ်လေသည်။
သို့သော် ထိုသူက သူ၏ ပါးစပ်ကို ပိုးသားပဝါ တစ်ခုဖြင့် အုပ်ထားလေသသည်။ ချောင်းဆိုး နေသောကြောင့် အုပ်ထားခြင်း ဖြစ်နိုင်လေသည်။
ချောင်းဆိုးနေခြင်းကြောင့် ပဝါစည်းထားခြင်း မဟုတ်လျှင်တော့ ဆန်းလျန် အာရုံခံမိသည့် အတိုင်း ဖြစ်မည်မှာ သေချာလေသည်။
လှုပ်ရှားမှု ပြုလုပ်သည့်တိုင် ဤကဲ့သို့ အသံတစ်စက်မှ မထွက်အောင် ပြုလုပ်နိုင်သည့် သူကို ပထမဆုံးအကြိမ် ဆန်းလျန် တွေ့ဖူးခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ နားပါးသူ တစ်ယောက် ဖြစ်လေသည်။ သို့သော် သူမည်သည့် အသံမျှ မကြားခဲ့ရပါ။ ထိုသူ ဝင်လာသည့် ခြေသံနှင့် ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသည့် အဆစ်အမြစ်များ လှုပ်ရှားသည့် အသံတို့ကို လုံးဝကြားခဲ့ရခြင်း မရှိပါ။
ကူဟွေ့၏ မျက်နှာမှာလည်း စိတ်ပူသည့် လက္ခဏာများ စတင်ပေါ်ပေါက် လာလေသည်။
ရုတ်တရက် ဖြစ်ပေါ်လာသည့် အခြေအနေကြောင့် မည်သူမျှ မလှုပ်မရှားဘဲ တောင့်တောင့် ကြီးတွေ ဖြစ်နေမိကြ လေတော့သည်။
မိုးစဲသွားပြီ ဖြစ်ပြီး ခေါင်မိုးထက်မှ ရေစက်လေးများက တစ်စက်စက် ကျနေလေသည်။
ထိုသူက အခန်းထဲမှ လူသုံးယောက်ကို တစ်ချက်ဝေ့ကြည့် လိုက်သည်။
ဘာကြောင့်မှန်းမသိ ရှောင်းကျူက သူမ၏ ယပ်တောင်ကို ဖွင့်ပြီး တဖျတ်ဖျတ် ခပ်နေလေသည်။ သူမ၏ ပုံစံမှာ အလွန်ပင်တည်ငြိမ် နေလေသည်။ သို့သော် သူမ၏ လက်များက ယပ်တောင်လက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ အကြောများကိုပင် မြင်နေရ လေသည်။ သူမပုံစံက တည်ငြိမ် နေသည့်တိုင် စိတ်ထဲတွင်တော့ မတည်မငြိမ် ဖြစ်နေသည်မှာ သေချာလေသည်။
ဆန်းလျန်က အစပိုင်းတွင် အနည်းငယ်တုန်လှုပ် သွားသည့်တိုင် နောက်ပိုင်းတွင်တော့ တည်ငြိမ် သွားလေသည်။
စိတ်အာရုံများကို ထိန်းချုပ်သည့် ကျင့်စဉ်ကြောင့် သိလိုက်ရသည်မှာ ထိုသူ၏ အကြည့်မှာ ပုံမှန် မဟုတ်ဆိုသည့် အချက်ပင်။ သူ၏ အကြည့်မှာ အိပ်ပျော်ရာမှ နိုးလာသည့် ကျားတစ်ကောင်နှင့် တူနေလေသည်။ ရက်စက် ကြမ်းကြုတ်သည့် အကြည့်မျိုးတော့ မဟုတ်ပေ။ သို့သော် အမိန့်ကို နာခံ စေတတ်သည့် ဘုရင်တစ်ပါး၏ အရှိန်အဝါကြီးသော အကြည့်မျိုး ဖြစ်လေသည်။
"ရှင်က ဘယ်သူလဲ"
ရှောင်းကျူမှာ ပထမဆုံး တည်ငြိမ်မှု ပျက်ယွင်းသွားသည့်သူ ဖြစ်လေသည်။
ဆန်းလျန် သက်ပြင်းချလိုက် မိလေသည်။ ရှောင်းကျူမှာ ရဲ့လျိုယွင်လောက် ထက်မြက်ပြီး တည်ငြိမ်ခြင်း မရှိပေ။
ဆန်းလျန်မှာ ရဲ့လျိုယွင်အား အနိုင်ရခဲ့သည့် တိုင်အောင် လျှော့မတွက်ခဲ့ပါ။ သူတွေ့ခဲ့သမျှ လူတွေထဲတွင် ရဲ့လျိုယွင်မှာ အရည်အချင်း အရှိဆုံး လူတစ်ယောက် ဖြစ်လေသည်။
ထိုသူမှာ မည်သူပင် ဖြစ်ပါစေ ဘီးတပ် ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ရဲ့လျိုယွင်ထက်တော့ သာနိုင်မည် မထင်ပေ။
"ကျုပ်က ဒီနေရာရဲ့ ပိုင်ရှင်ပါပဲ"
ထိုသူက ပြောလိုက်လေသည်။
"ကျွန်မက ရှင့်ရဲ့ နာမည်မေးနေတာ"
ရှောင်းကျူက မေးမြန်း လိုက်လေသည်။
"ဒီနေရာကို စူးကျားပေါင်လို့ ခေါ်တယ်လေ။ ဒီတော့ ကျုပ်ရဲ့ မျိုးနွယ်က စူးဆိုတာ ထင်ရှား နေတာပဲ။ ကျုပ်နာမည် အရင်းကိုတော့ မပြောပြချင်ဘူး။ ပြောလည်း မင်းတို့သိမှာ မဟုတ်ပါဘူး။ နာမည်ဆိုတာ ကိုယ်စားပြုမှု တစ်ခုပါပဲ။ ဒါပေမယ့် ဒီနေ့ ဆုံတွေ့ကြရတာတော့ ကံတရား အတိုင်းပါပဲ။ မိုးတောင် ချုပ်တော့မယ်။ ခင်ဗျားတို့ ညစာ စားသွားကြပါလား။ ခရီးမဆက်ခင် ဒီမှာ တစ်ညလောက် တည်းလည်း ရပါတယ်"
"တောင်းပန်ပါတယ် ဦးလေး။ ကျွန်မအမေက ညစာကို အိမ်မှာပဲ ပြန်စားဖို့ ပြောထားလို့ပါ"
ရှောင်းကျူက လှပစွာပြုံးရင်း ပြောလိုက်လေသည်။ ဘောလုံးကဲ့သို့ လုံးထွေးကာ ငြိမ်သက် သွားကြပြီ ဖြစ်သည့် ကောပီသုံးဖော်ကို သူမ အရေးမစိုက်တော့ပါ။
သူမက ခြေဖျားကို ထောက်လိုက်ကာ တိမ်လွှာလေးတစ်စ မျောလွင့်သွားသလို တံခါးဝဆီသို့ ပျံသန်းသွားလိုက် လေသည်။
သူမ၏ လှုပ်ရှားမှုမှာ လွန်စွာမှ တင့်တယ်လှပ လွန်းလေသည်။
ရှောင်းကျူမှာ ဉာဏ်ရည်ထက်မြက်သူ ဖြစ်ပြီး သူမလိုချင်သည့် ရည်မှန်းချက်ကို ရောက်အောင် သွားတတ်သည့်သူ ဖြစ်လေသည်။ သူမက ဤနေရာတွင် ကူဟွေ့။ ဆန်းလျန်နှင့် အမည်မသိ အိမ်ပိုင်ရှင် တို့နှင့်အတူ အချိန်မဖြုန်း လိုတော့ပေ။ ထိုသို့ အချိန်ဖြုန်းလို့လည်း သူမအတွက် အကျိုး မရှိနိုင်ပေ။
သူမမှာ မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက် ဤကဲ့သို့သော အခြေအနေတွင် အဝေးသို့ ရှောင်ထွက် သွားခြင်းအတွက် သိုင်းလောကတွင် သိက္ခာကျစရာ အကြောင်းလည်း မရှိပေ။
ရှောင်းကျူမှာ လွန်စွာမှ လျင်မြန်လွန်းပါသည်။ သို့သော် စူးကျားပေါင် အိမ်ပိုင်ရှင်က သူမ သွားမည့် လမ်းတွင် ပိတ်ဆို့ရပ်တန့် ထားလိုက်ပြီ ဖြစ်လေသည်။
သူမက လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ယပ်တောင်ကို ရွှပ်ခနဲ ဆွဲဖွင့်ကာ တိုက်ခိုက် လိုက်လေသည်။ ပျံလွှားငှက်လေး ပျံသန်းနေရာမှ လေထဲတွင် ရုတ်တရက် ရပ်တန့် သွားသည်နှင့်ပင် တူလေသည်။
ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးမှာ ကိုယ်ခန္ဓာ ဟန်ချက်ညီမှုနှင့် အတွင်းအားကို ထိန်းချုပ်နိုင်မှု အချိုးညီစွာ ရှိနိုင်ဖို့ လိုအပ်လေသည်။ ထို့ကြောင့် တိုက်ခိုက်မှုမှာ ပြင်းထန်သည့်တိုင် ကိုယ်ဟန် အနေ အထားကတော့ ကြည့်ချင်စဖွယ် လှပတင့်တယ်နေခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ မြင်ကွင်းကို မျက်တောင်မခတ် ကြည့်နေလေသည်။ ဆန်းလျန်မှာ သိုင်းပညာ တော်သည့် မိန်းကလေးများကို လေးစားမိလေသည်။ မိန်းကလေးများမှာ သိုင်းပညာ သင်ယူသည့်အခါ ယောက်ျားလေးများထက် ပိုပြီး အံဝင်ခွင်ကျ ဖြစ်နေတတ်လေသည်။
အကောင်းနှင့်အဆိုးမှာ ဒွန်တွဲနေမြဲပင် မဟုတ်ပါလား။
ရှောင်းကျူ၏ ရွှေရောင်ယပ်တောင်မှာ သိုင်းပညာ အဆင့်မြင့်သည့် လီကျွမ်း၏ ဦးခေါင်းကို လွယ်လွယ်ကူကူပင် ရိုက်ခွဲ နိုင်ခဲ့လေသည်။ ယခု ရှောင်းကျူ တိုက်ခိုက်နေသည်မှာ လီကျွမ်းကို တိုက်ခိုက်သည်ထက် ပိုပြီး အားသုံးကာ တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
အချိန် ခဏလေးအတွင်းမှာပင် သူမ၏ တိုက်ခိုက်မှုကို ဆန်းလျန်ကိုယ်တိုင်ပင် ရှောင်နိုင်မည် မဟုတ်ဟု တွေးလိုက် မိလေသည်။
သူ၏ပခုံးကို လာရောက် ထိခိုက်သည့် ရွှေယပ်တောင်ကို စူးကျားပေါင် အိမ်ပိုင်ရှင်က ရှောင်တိမ်းခြင်း မရှိပါ။ ဆန်းလျန် အသံတစ်သံ ကြားလိုက်ရလေသည်။ ပူဖောင်းလေးများ ပေါက်သွား သည့် အသံမျိုး ဖြစ်လေသည်။
စူးကျားပေါင် အိမ်ပိုင်ရှင်မှာ ရေအိုင်တစ်ခုအလား အသွင်ပြောင်းသွား လေသည်။ ဆန်းလျန်မှာ အလွန်ပင် စိတ်လှုပ်ရှား သွားရလေသည်။ ဤသည်မှာ မိုးကောင်းကင်နှင့် ဆိုင်သည့် တန်ခိုးစွမ်းအား တစ်ခုပင် ဖြစ်နေသည် မဟုတ်ပါလား။
ရေဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်မှာ ပျံ့နှံ့သွားပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ရှောင်းကျူက ကျင်းကန်းဖူ အင်းချပ် အရံအတားပညာကို အသုံးပြုလိုက် လေသည်။ ကျင်းကန်းဖူ အင်းချပ်မှာ အသုံးပြုသူ အန္တရာယ်ရှိသည့် အချိန်တွင် အလိုလို ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
လေထဲမှ ရေစက်များမှာ တဖြည်းဖြည်း အောက်သို့ စီးဆင်းလာလေသည်။
အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ကျင်းကန်းဖူ အင်းချပ်အရံအတားကို လွယ်ကူစွာပင် ဖြတ်သန်းထိုးဖောက် သွားလေသည်။ လွယ်လွယ်ကူကူပင် ထိုးဖောက်သွားခြင်း ဖြစ်လေသည်။
ရှောင်းကျူ အံ့သြ တုန်လှုပ်စွာဖြင့် စူးရှစွာ အော်ဟစ် လိုက်လေသည်။
အဖြူရောင် အလင်းတန်းမှာ ကျင်းကန်းဖူ အရံအတားအတွင်းသို့ ဝင်ရောက်ကာ ရှောင်းကျူကို လှည့်ပတ် နေလေသည်။ ထို့နောက် သူမကို ချုပ်ထား လိုက်လေတော့သည်။
စူးကျားပေါင်အိမ်ရှင်မှ ပြောင်းလဲသွားသည့် ရေများမှာတော့ မြေပြင်ပေါ်သို့ စီးဆင်းသွားပြီး သွေးများဖြင့် ရောနှော သွားလေသည်။ ထိုခဏ အတွင်းမှာပင် အလောင်းများမှာ ရေဗွက်အိုင်များ ကဲ့သို့ ဖြစ်သွား ကြလေသည်။
ရေဗွက်အိုင်များမှာ ဘောလုံးကြီးတစ်ခု သဏ္ဌာန် ဖြစ်သွားပြီး ရေငန်းသီးပင် တစ်ပင်အောက်သို့ လိမ့်ဆင်း သွားလေသည်။ ထို့နောက် ရေငန်းသီးပင် ခြေရင်းရှိ မြေကြီးထဲသို့ ဝင်ကာပျောက်ကွယ် သွားလေတော့သည်။
ရေစီးကြောင်းမှာ လုံးထွေးနေသည့် ကောပီသုံးဖော်ကို ရှောင်ရှားပြီး စီးဆင်းသွားခြင်း ဖြစ်လေ သည်။
ဆန်းလျန်က မျက်စိရှင်သူ တစ်ယောက် ဖြစ်လေသည်။ ခြောက်သွေ့ ညိုးနွမ်းနေသော ရေငန်း သီးပင်မှာ ချက်ချင်းပင် ရှင်သန် လာလေသည်။
ထိုကိစ္စများ ဖြစ်ပျက်သွားပြီးနောက် စူးကျားပေါင် အိမ်ပိုင်ရှင်ကတော့ မူလရပ်နေသည့် နေရာသို့ ချက်ချင်းပြန်ရောက် သွားလေသည်။ တစ်လက်မပင် နေရာမှ မရွှေ့ပေ။
သူက ရေငန်းသီးပင်ကို ဆန်းလျန် စိုက်ကြည့်နေသည်ကို တွေ့သွားလေသည်။
"ရေငန်းသီးပင်က ကျုပ်ဇနီး စိုက်သွားတာလေ။ သူမဆုံးသွားတော့ ကျုပ်က နောက်မိန်းမ တစ်ယောက် ယူခဲ့တယ်။ သူက အဲဒီ ရေငန်းသီးပင်ကို ခုတ်ပစ်ဖို့ ပြောတယ်။ ဒါနဲ့ပဲ အဲဒီအပင်ကို ဒီနေရာကို ရွှေ့စိုက် ထားလိုက်တာ။ မြေသြဇာလေး ဘာလေးပေးလိုက်တော့ နောက်နှစ်ဆိုရင် အသီးတွေ သီးတော့မှာပဲ။ ကံမကောင်းတာက မင်းတို့သုံးယောက်က နောက်နှစ်ထိ ရေငန်းသီး အရက် သောက်ဖို့ မစောင့်နိုင်တော့တာပဲ"
သူက ပြောရင်းရယ်မော လိုက်လေသည်။
လူသေအလောင်းများကို မြေသြဇာအဖြစ် အသုံးပြုသည်မှာ ကြောက်စရာ ကောင်းလွန်း သည်ဟု ကူဟွေ့ တွေးနေမိလေသည်။
ရှောင်းကျူက တစ်ချက် စောင်းကြည့်လိုက်ပြီး ပြုံးလိုက်ရင်း…
"ဦးလေး။ ဒီနေ့ ကျွန်မမိဘတွေ အိမ်မှာ မရှိကြဘူးဆိုတာ သတိရသွားလို့။ ဦးလေးဆီမှာပဲ ညစာ စားလိုက်တော့မယ်။ ကျွန်မ အိမ်မပြန်တော့ဘူးနော်"
ဟု ပြောလိုက် လေတော့သည်။
"ကျုပ်က မင်းကို စနောက် လိုက်တာပါ။ မင်းလို ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက် ကို နာကျင်စေလိုတဲ့ ဆန္ဒ မရှိပါဘူး"
စူးကျားပေါင် အိမ်ပိုင်ရှင်က ခပ်ဖြည်းဖြည်းပင် ပြောလိုက်လေသည်။
သူက လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ချိတ်ကောက်တစ်ခုကို ဖန်ဆင်း လိုက်လေသည်။ ရှောင်းကျူကို ဖမ်းချုပ်ထားသည့် အဖြူရောင် အလင်းတန်းမှာ မြွေတစ်ကောင်ကဲ့သို့ စူးကျားပေါင် အိမ်ပိုင်ရှင်၏ လက်များဆီသို့ ရောက်ရှိသွားကာ တိုးဝင်ပျောက်ကွယ် သွားလေတော့သည်။
"စူးကျားပေါင် အိမ်ပိုင်ရှင်က သာမန်လူတော့ မဖြစ်နိုင်ဘူး။ သူနဲ့ ရှင်းအဘိုးအိုတို့ သားအဖဆိုရင် ဘယ်သူက ပိုသာမလဲ မသိဘူး"
ဟု ဆန်းလျန်က တွေးနေမိလေသည်။
ဝံပုလွေနတ်ဘုရား အဘိုးအိုရော စူးကျားပေါင် အိမ်ပိုင်ရှင်ရောမှာ ဆန်းလျန်အတွက် နားလည်ရ ခက်သည့် လူများဖြစ်လေသည်။ သူတို့၏ စွမ်းရည်များကို သိမြင်နိုင်ခြင်းငှာ ဆန်းလျန်မှာ မတတ်နိုင်ပါ။
ရှောင်းကျူမှာ ထွက်မသွား ရဲတော့ပေ။ သူမက ကုတ်ကုတ်ကလေး လမ်းလျှောက်လာကာ ဆန်းလျန် အနားတွင် မတ်တတ်ရပ်နေ လိုက်လေတော့သည်။
***