အခန်း (၁၃၄၅-၁၃၄၇)
Vol. 90 Ch. 1345-1347
အခန်း (၁၃၄၅)
ပျင်းစရာကြီး
ပေထျန်းလုနှင့် ချင်းယွမ်နိုင်ငံကြားတွင် ပဋိပက္ခအချို့ ရှိနေသည်ကို လုချန်း သိထားသည်။ သူက ချီရှီ၏ သစ္စာခံမှုကို လက်ခံလိုက်လျှင် ပေထျန်းလုကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။
သို့သော် ရှနိုင်ငံ၏ အနာဂတ်အတွက်နှင့် ရှန်ဝူဧကရာဇ်ကို ခုခံနိုင်ရန် လုံလောက်သော အင်အားစုဆောင်းရန်အတွက် ပေထျန်းလု စိတ်မသက်မသာ ဖြစ်ရလျှင်ပင် ချီရှီကို သိမ်းသွင်းရန် ထိုက်တန်လှပေသည်။
သို့သော် လုချန်း ချက်ချင်း အကြောင်းမပြန်သေးပေ။ ထို့နောက် သူ၏ စိတ်ဝိညာဉ် အပိုင်းအစတစ်ခုကို ခွဲထုတ်လိုက်ရာ မကြာမီ လုချန်း၏ ရွှေရောင် နိယာမပုံရိပ် တစ်ခု
ပေထျန်းလုနှင့် ချီရှီတို့ရှေ့တွင် ပေါ်လာတော့သည်။
လုချန်းက ပေထျန်းလုကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“အကြီးအကဲပေ... ခင်ဗျား ဘယ်လို ထင်သလဲ”
လုချန်းက သူ၏ စိတ်ဝိညာဉ် အပိုင်းအစတစ်ခုကို ကိုယ်တိုင်လွှတ်ပြီး သူ့သဘောထားကို မေးနေခြင်းဖြစ်ရာ လုချန်း စိတ်ဝင်စားနေကြောင်း ပေထျန်းလု သိလိုက်သည်။
အဆုံးတွင် ချီရှီသည် ဧကရာဇ်အဆင့် တစ်ပါးဖြစ်သည်။ ဧကရာဇ်တစ်ပါးကို လက်အောက်ခံအဖြစ် ရရှိခြင်းဖြင့် ရှနိုင်ငံ၏ အင်အားကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူအနေနှင့် ချီရှီ၏ သစ္စာခံမှုကို လုချန်း လက်ခံချင်နေမှာ သဘာဝပင် ဖြစ်သည်။
ပေထျန်းလု၏ သဘောထားကို ယခုလိုမေးမြန်းလာခြင်းက နှစ်ဦးနှစ်ဖက် ပြေလည်စေရန် လမ်းစဖော်ပေးခြင်းသာ ဖြစ်၏။
ပေထျန်းလုက အတွင်းစိတ်ထဲတွင် သက်ပြင်းချကာ
“ချီမျိုးနွယ်ရဲ့ အကြီးအကဲချုပ် သေသွားပါပြီ။ ချီမျိုးနွယ်လည်း ပေးဆပ်သင့်တာ ပေးဆပ်ခဲ့ပြီးပြီဆိုတော့ ကျုပ်လည်း သူတို့နဲ့ရှိတဲ့ ကိစ္စတွေကို လက်လွှတ်ပေးနိုင်ပါတယ်။”
ထိုအခါ လုချန်းက ချီရှီကို ကြည့်ကာ
“ကောင်းပြီ... အကြီးအကဲပေက ဒီလိုပြောမှတော့ ခင်ဗျားကို အခွင့်အရေး တစ်ခုပေးမယ်။”
“ခင်ဗျားရဲ့ စိတ်ကို ဖွင့်ထားပြီး ဘာမှ တုံ့ပြန်မှု မလုပ်နဲ့။”
ထိုအရာကို ကြားလျှင် ချီရှီ မှင်တက်သွားသည်။ လုချန်း ဘာလုပ်မည်ကို သူ မသိသော်လည်း မကောင်းသောအရာ ဖြစ်မည်ဟု သူ ခပ်ရေးရေး ခံစားမိသည်။
သို့သော် သူ့အသက်ကို ကယ်တင်ရန်အတွက် လိုက်နာရန်မှတစ်ပါး အခြားမရှိပေ။
သူ ဒီနေ့ကို ကျော်ဖြတ်နိုင်ပြီးလျှင် ဤကြယ်နယ်မြေမှ ထွက်ခွာပြီးသည်နှင့် ထွက်ပြေးမည်ဟု စဉ်းစားထားသည်။ ဧကရာဇ်တစ်ပါးအနေနှင့် သူ့အတွက် သွားစရာ နေရာအမြောက်အမြား ရှိသည်။ ထိုအချိန်ကျလျှင် သူ့ရှေ့ရှိ လူရော သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရီပါ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ဟု သူ တွေးနေမိသည်။
ထိုစဉ် သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာတွင် တံဆိပ်တစ်ခု ပေါ်လာသည်ကို
ချီရှီ ခံစားလိုက်ရပြီး ပြင်းထန်သော နာကျင်မှုကိုလည်း ခံစားလိုက်ရသည်။ သူ ထိုတံဆိပ်ကို ဖယ်ရှားရန် ကြိုးစားတော့မည့်ဆဲဆဲတွင် လုချန်း၏ အသံက သူ၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာသည်။
“ပြန်မတိုက်ခိုက်နဲ့... ပြန်တိုက်ခိုက်ရင် ခင်ဗျားသေသွားလိမ့်မယ်”
ထိုအရာကို ကြားလျှင် ချီရှီလည်း အောင့်အည်း သည်းခံလိုက်တော့သည်။
မကြာမီ ဝိညာဉ်ထိန်းချုပ်တံဆိပ် ချီရှီ၏ စိတ်ဝိညာဉ်ထဲသို့ စွဲမြဲသွားသည်။ ထိုတံဆိပ်၏ တည်ရှိမှုကို ခံစားမိသည်နှင့် ချီရှီ၏ မျက်နှာ ချက်ချင်းပင် ဖြူလျော့သွားတော့သည်။
လုချန်းတွင် ဧကရာဇ်တစ်ပါးကိုပင် ထိန်းချုပ်နိုင်သည့် နည်းလမ်းရှိမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဤလူတွင် မည်သို့သော နောက်ခံမျိုး ရှိသနည်း။
ဒါက သူသည် နောင်တွင် ရှနိုင်ငံ အုပ်ချုပ်သူ၏ အမိန့်ကိုသာ နာခံရမည့် ခွေးတစ်ကောင် ဖြစ်သွားပြီဟု ဆိုလိုခြင်းလား။
ချီရှီ၏ ဖြူဖျော့နေသော မျက်နှာနှင့် မယုံကြည်နိုင်ဖြစ်နေသော အမူအရာကို မြင်လျှင် ပေထျန်းလု စိတ်သက်သာရာ ရသွားပြီး သရော်သည့်လေသံဖြင့်
“ချီရှီ... မင်း ဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူးလို့ မထင်နဲ့။ အခု ဝိညာဉ်ထိန်းချုပ်တံဆိပ် ရှိနေပြီဆိုတော့ မင်းရဲ့ လှည့်ကွက်တွေကို အသာထားပြီး မင်းကြီးနောက်ကို လိမ္မာပါးနပ်စွာ လိုက်တာ ပိုကောင်းမယ်။”
ပေထျန်းလု၏ သရော်မှုကို ကြားရလျှင် ချီရှီ သတိပြန်ဝင်လာသည်။ သူက ပေထျန်းလုကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် လုချန်းကို ချီတုံချတုံဖြင့် ဦးညွှတ်ကာ
“သခင်ကြီးကို ဂါရဝပြုပါတယ်”
လုချန်း တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သတ်ဖြတ်ခြင်းစွမ်းအားများ ပြည့်နှက်နေသည့် ဓားစွမ်းအား တစ်ခု ပျံသန်းလာသည်။ ချီရှီက လျင်မြန်စွာ ရှောင်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ် ပိုင်းဖြတ်မခံရခင် သီသီလေး လွတ်သွားသည်။
ထို့နောက် အနက်ရောင်နှင့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သွေးနီရောင် မျက်ဝန်းများရှိသည့် ထျန်းဟုန်ဧကရီ အဝေးမှ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။
နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ဧကရီ ဓားပွားများ သူတို့ ပတ်ပတ်လည်တွင် ပေါ်လာသည်။ ထျန်းဟုန်ဧကရီ စောစောက အကွက်ကို ထပ်သုံးတော့မှာ မြင်လျှင် လုချန်းက အမြန်တားလိုက်သည်။
“ဟုန်ဟုန်... တော်တော့။ သူ ကိုယ့်ကို သစ္စာခံလိုက်ပြီ”
လုချန်း၏ စကားကို ကြားလျှင် ထျန်းဟုန်ဧကရီ ချက်ချင်းပင် သတိဝင်လာသည်။ ထို့နောက် သူမ၏ မျက်ဝန်းမှ သွေးနီရောင်များ တဖြည်းဖြည်း မှိန်သွားပြီး အနီရောင်ဖျော့ဖျော့သို့ ပြောင်းလဲသွားသည်။ သူမက ထိုနေရာတွင် ရှိနေသူများကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ဖေးဟုန် နတ်လှေထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။
မထွက်ခွာမီ ထျန်းဟုန်ဧကရီက စကားလုံး လေးလုံးသာ ပြောသွားခဲ့သည်။
“ပျင်းစရာကြီး”
ထျန်းဟုန်ဧကရီ ထွက်သွားသည်ကို ကြည့်ရင်း ချီရှီ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့သည်။
အလွန် အန္တရာယ်များလှသည်။ သူ၏ အသက် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။
သူ အလျင်အမြန် အညံ့ခံခဲ့သည်ကို ချီရှီ အလွန် ကျေးဇူးတင်နေမိသည်။ အကယ်၍ သူသာ ခဏခန့် နှောင့်နှေးခဲ့လျှင် ထိုရူးသွပ်နေသည့် အမျိုးသမီး၏ ဓားအောက်တွင် တစ္ဆေတစ်ကောင် ဖြစ်နေလောက်ပြီ။
သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသည့် ဧကရာဇ်က တကယ် ကြောက်စရာကောင်းလှပေသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင်...
ချီရှီက အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်နေသည့် ထျန်းဟုန်ဧကရီကို တစ်ချက်ကြည့်လိုက်ပြီး လုချန်း၏ နိယာမ ပုံရိပ်ကိုလည်း ကြည့်လိုက်ရင်း သူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာ၏။
စောစောက အခြေအနေအရ ရှနိုင်ငံ အုပ်ချုပ်သူသည် ထိုရူးသွပ်နေသော အမျိုးသမီးကို အမိန့်ပေးနိုင်ပုံရသည်။
သတ်ဖြတ်ခြင်းစွမ်းအားရှိသော ဧကရာဇ်တစ်ပါးကပင် သူ့ကို နာခံသည် နေသဖြင့် ရှနိုင်ငံ အုပ်ချုပ်သူ၏ နောက်ခံက သူထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေပေလိမ့်မည်။
ဤသို့ တွေးမိသည်နှင့် ယဲ့မိသားစုအပေါ် ချီရှီ၏ အမုန်းတရားများ ပို၍ နက်ရှိုင်းလာသည်။ ယဲ့မိသားစုကြောင့်သာ မဟုတ်လျှင် သူသည် တစ်ပါးသူ၏ အစေခံ ဘဝသို့ ရောက်ရှိမည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် ချီရှီသည် ယဲ့မိသားစုကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေမိသည်။
ထိုစဉ် ပေထျန်းလုက
“မင်းကြီး... ချင်းယွမ်နိုင်ငံကို သွားကြမလား”
ပေထျန်းလု၏ သတိပေးမှုကို ကြားလျှင် ချီရှီ၏ အကြည့်များ ပေထျန်းလုထံသို့ ချက်ချင်း ကျရောက်သွားပြီး ပေထျန်းလုကို ဆွဲဖြဲပစ်ချင်သည့်အလား အမုန်းတရားများဖြင့် ပြည့်နှက်သွားသည်။
ချီရှီ၏ အကြည့်ကို လျစ်လျူရှုကာ ပေထျန်းလုက
“ချင်းယွမ်နိုင်ငံမှာလည်း ကာကွယ်ပေးနေတဲ့ ဧကရာဇ်အဆင့် တစ်ပါးရှိပါတယ်။ မင်းဆက်ရဲ့ ကံစွမ်းအားနဲ့ဆိုရင် သူ့ကို အောင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ မင်းကြီးက ဧကရီကို တိုက်ခိုက်ခိုင်းမယ်ဆိုရင်တော့ ချီဟုန်ကွမ်းဟာ မင်းဆက်ကံစွမ်းအား ရှိနေရင်တောင် ယှဉ်နိုင်မှာ မဟုတ်ပါဘူး။”
ချီရှီ တစ်ခုခု ပြောချင်သော်လည်း ယခု သူသည် လုချန်း၏ အစေခံ ဖြစ်နေပြီ ဖြစ်ရာ ဝင်ပြောရန် မသင့်တော်ပေ။
ပေထျန်းလုသည် တစ်ပါးသူ၏ လက်ကို အသုံးချကာ သတ်ဖြတ်ချင်နေကြောင်း သူ ထင်ရှားစွာ မြင်နေရသည်။ သို့သော် ဝိညာဉ်ထိန်းချုပ်တံဆိပ်အောက်တွင် ရှိနေသဖြင့် သူသည်လည်း ရှနိုင်ငံဘက်က ရပ်တည်ရန်မှတစ်ပါး အခြားမရှိပေ။ ထို့ပြင် ရှနိုင်ငံအ နေနှင့် ချင်းယွမ်နိုင်ငံကို လွတ်ထားပေး၍ မရနိုင်ပေ။
ထိုအချိန်တွင် ချီရှီ တစ်ခုခုကို သတိရသွားကာ
“မင်းကြီး... ချင်းယွမ်နိုင်ငံကို မသွားခင် ချီယွဲ့နိုင်ငံကို အရင် ဖြတ်သွားရပါလိမ့်မယ်။ အခု ချီယွဲ့နိုင်ငံမှာ ဧကရာဇ်အဆင့် မရှိတော့ပါဘူး။ မင်းကြီးရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ချီယွဲ့နိုင်ငံရဲ့ ကံစွမ်းအားကို သိမ်းပိုက်ဖို့ လွယ်ကူလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
“ချီယွဲ့နိုင်ငံရဲ့ ကံစွမ်းအားကို ရသွားရင် ရှနိုင်ငံရဲ့ ကံစွမ်းအားဟာ ပိုပြီး အားကောင်းလာမှာပါ။ အဲ့ဒါက အရှင်မင်းကြီးရဲ့ ကျင့်စဉ်အဆင့်ကိုတောင် မြင့်တက်စေနိုင်ပါတယ်။”
ပေထျန်းလုက နှာခေါင်းရှုံ့ကာ
“ချီရှီ... မင်းရဲ့ လှည့်ကွက်တွေကို မင်းကြီး မသိဘူးလို့ ထင်နေတာလား။”
ချီရှီက
“ကျုပ် မင်းကြီးကို အခုလေးတင် သစ္စာခံထားတာပါ။ ဘယ်လို လှည့်ကွက်မျိုးမှ မရှိပါဘူး။ ကျုပ်က အမှန်တရားကိုပဲ ပြောတာပါ။”
ပေထျန်းလုက လုချန်းကို တိုက်ရိုက် ပြောလိုက်သည်။
“မင်းကြီး... ကျုပ်ကလည်း မင်းကြီးကို သစ္စာခံလိုက်ပြီဆိုတော့ ချီယွဲ့နိုင်ငံဟာလည်း အလိုအလျောက် မင်းကြီးအပိုင် ဖြစ်သွားပါပြီ။ ချီယွဲ့နိုင်ငံရဲ့ ကံစွမ်းအားကို အချိန်မရွေး သိမ်းပိုက်နိုင်ပါတယ်။ ကျုပ်ရဲ့ မျိုးဆက်တွေကိုပဲ အသက်ချမ်းသာခွင့် ပေးစေချင်ပါတယ်။”
သူတို့၏ အစီအစဉ်များကို ရိပ်မိသော လုချန်းက တည်ငြိမ်စွာဖြင့်
“ကောင်းပါပြီ... တစ်ဆင့်ချင်း သွားကြတာပေါ့။ အရင်ဆုံး ချီယွဲ့နိုင်ငံ... ပြီးမှ ချင်းယွမ်နိုင်ငံ။”
ပေထျန်းလုနှင့် ချီရှီတို့၏ စကားများကို လုချန်း အလေးမထားပေ။ ထိုနိုင်ငံနှစ်နိုင်ငံလုံးကို ရှနိုင်ငံ၏ လက်အောက်သို့ သိမ်းပိုက်ရန် သူ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
စကားပြောပြီးနောက် လုချန်းက သူ၏ နိယာမပုံရိပ်ကို ပြန်ရုပ်သိမ်းသည်။ ပေထျန်းလုက ချီရှီကို စိတ်လှုပ်ရှားမှု မရှိပဲ တစ်ချက်ကြည့်လိုက်ပြီး ဖေးဟုန် နတ်လှေထံသို့ ဦးတည်သွားလိုက်သည်။
အစက ချီရှီသည် ဤအခွင့်အရေးကို အသုံးချကာ ချီဟုန်ကွမ်းကို ကြိုတင်ပြင်ဆင်ထားရန် သတင်းပို့ချင်သော်လည်း လေထုထဲတွင် ကျန်ရှိနေသော သတ်ဖြတ်ခြင်းစွမ်းအားများကို ခံစားမိသည်နှင့် ထိုအကြံကို ချက်ချင်း စွန့်လွှတ်လိုက်သည်။
ချီရှီ မသိသည်က သူ၏ လှည့်ကွက်များကို မစွန့်လွှတ်ခဲ့လျှင်ပင် ဝိညာဉ်ထိန်းချုပ်တံဆိပ်ကြောင့် သူသည် ဤနေရာမှ မည်သည့်သတင်းကိုမှ ပေးပို့နိုင်မည် မဟုတ်ခြင်းပင်။
………….
အခန်း (၁၃၄၆ )
ယဲ့မိသားစု ထွက်ပြေးခြင်း
ဟင်းလင်းပြင်ကြီးအတွင်း၌ ဒဏ်ရာဗရပွနှင့် အဖိုးအိုတစ်ဦးသည် သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အားတင်းသယ်ဆောင်ကာ အသည်းအသန် ထွက်ပြေးနေ၏။ သူသည် ကြောက်လန့်တကြားနှင့် နောက်သို့လည်း မကြာခဏ လှည့်ကြည့်နေသေးသည်။
မည်သူမှ နောက်မှ လိုက်မလာသော်လည်း ယဲ့ဟုန်ယွမ်သည် သူ၏ သတိဝီရိယကို လျှော့ချခြင်း မရှိသေးပေ။
ထိုအမျိုးသမီး၏ နည်းလမ်းများကို သူ မြင်တွေ့ခဲ့ဖူးသည်။ ပထမတစ်ကြိမ် သူတို့ ထွက်ပြေးစဉ်က ထိုရူးသွပ်နေသော အမျိုးသမီးသည် သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ဖူး၏။
ချီဇွန်းနှင့် ချီရှီတို့သာ သူမကို တားဆီးမထားခဲ့လျှင် သူ ထွက်ပြေးရာ လမ်းကြောင်းပေါ်တွင် နောက်တစ်ကြိမ် သူမ ပေါ်လာပြီး လမ်းပိတ်ထားနိုင်သည်။
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအားများ ထွက်ပေါ်နေသည့် အနီရောင်ဝတ်စုံနှင့် ထိုအမျိုးသမီးအကြောင်း စဉ်းစားလိုက်ရုံနှင့် သူ၏စိတ်နှလုံးထဲ ကြီးမားသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့၏။
ထိုအခိုက်အတန့်တွင် “စည်းစိမ်နှင့် အသက်လဲလှယ်ခြင်း” နတ်စွမ်းအားကို သူ ပိုင်ဆိုင်ထားခဲ့တာ ကံကောင်းလှသည်ဟု ယဲ့ဟုန်ယွမ် ခံစားလိုက်ရသည်။ အကယ်၍ ဤနတ်စွမ်းအားသာ မရှိပါက သူ ယခုအချိန်တွင် ဧကန်မုချ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ထွက်ပြေးနေစဉ်အတွင်း ယဲ့ဟုန်ယွမ်က
“အကြီးအကဲ ချီ... ကျုပ်ကို အပြစ်မတင်ပါနဲ့။ ဒီမှာ ဒီလို သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး ပုန်းကွယ်နေလိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားခဲ့ဘူး။ ကျုပ်လည်း ကြီးမားတဲ့ ပေးဆပ်မှုတစ်ခု လုပ်ခဲ့ရပါတယ်”
ဟု သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်၏။
သူ၏ “စည်းစိမ်နှင့် အသက်လဲလှယ်ခြင်း” နတ်စွမ်းအားကို အသုံးပြုခဲ့ရတာကို စဉ်းစားမိပြီး ယဲ့ဟုန်ယွမ် စိတ်မကောင်း ဖြစ်သွားသည်။
“စည်းစိမ်နှင့် အသက်လဲလှယ်ခြင်း” ဆိုသည်မှာ မည်မျှပင် အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်ရပါစေ မိမိဘဝ၏ ပိုင်ဆိုင်မှုအားလုံးကို စတေးလိုက်ပါလျှင် အန္တရာယ်မှ ချက်ချင်း လွတ်မြောက်နိုင်ခြင်းကို ဆိုလိုပေသည်။ ဧကရာဇ်အဆင့်ကိုး ကျင့်စဉ်အဆင့်ရှိသူတစ်ဦးပင်လျှင် သူ့ကို တားဆီးထားနိုင်မည် မဟုတ်ပေ။
ဤထွက်ပြေးသည့် နတ်စွမ်းအားသည် တကယ်ကို အလွန်အစွမ်းထက်လှပေသည်။
သို့သော် စီးပွားရေး လမ်းစဉ်ကို လျှောက်လှမ်းနေသူတစ်ဦးအတွက်ကတော့ ချမ်းသာကြွယ်ဝမှုသည် သူ့အတွက် အလွန်အရေးကြီးသည်။
ဤနတ်စွမ်းအားကို တစ်ကြိမ် အသုံးပြုပြီးသည်နှင့် နောင်အနာဂတ်တွင် မည်သည့် ပိုင်ဆိုင်မှုကိုမှ သူ ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။ သူ၏ လမ်းစဉ်လည်း အဆုံးသတ်သွားမည် ဖြစ်ရာ သူ၏အင်အားကို ထပ်မံမြှင့်တင်ရန် မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ယခုအချိန်တွင် ယဲ့ဟုန်ယွမ်လုံးဝ နောင်တမရပေ။ သူ၏ အင်အား ထပ်မံမြှင့်တင်ရန် ခက်ခဲသွားမည် ဖြစ်သော်လည်း အနည်းဆုံးတော့ သူ အသက်ရှင်ကျန်ရစ်ခဲ့ပေသည်။
မကြာမီတွင် ယဲ့ဟုန်ယွမ် ချီယွဲ့နိုင်ငံသို့ ပြန်ရောက်ရှိလာခဲ့သည်။
ယဲ့ဟုန်ယွမ်သည် ချီယွဲ့နိုင်ငံသို့ ပြန်ရောက်သည်နှင့် ယဲ့မိသားစု၏ အဓိက အဖွဲ့ဝင်အားလုံးကို ချက်ချင်း စုရုံးစေလိုက်၏။ ထို့နောက် သူတို့ကို ချီယွဲ့နိုင်ငံမှ ခေါ်ပြီး ချက်ချင်းထွက်ပြေးတော့သည်။
ချီယွဲ့နိုင်ငံမှ ယခုလို ချက်ချင်း ထွက်ခွာရသည့် အကြောင်းအရင်းကိုတော့ ယဲ့ဟုန်ယွမ်က ယဲ့မိသားစုကို ရှင်းမပြပေ။ သို့သော် သူတို့၏ အကြီးအကဲချုပ် အလွန် ထိတ်လန့်နေပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်ကို မြင်လျှင် ရှနိုင်ငံကို တိုက်ခိုက်သည့် စစ်ဆင်ရေး ကျရှုံးသွားကြောင်း ယဲ့မိသားစုဝင်များ သိလိုက်ကြသည်။ သူတို့ မယှဉ်နိုင်သော အင်အားစုတစ်ခုနှင့် တွေ့ကြုံခဲ့ရခြင်း ဖြစ်နိုင်ကြောင်းလည်း လျင်မြန်စွာ ခန့်မှန်းလိုက်ကြ၏။
မကြာမီ ယဲ့မိသားစု တစ်ခုလုံး ပြောင်းရွှေ့သွားခြင်းကို ချီယွဲ့နိုင်ငံ၏ လက်ရှိ ဧကရာဇ် ဖြစ်သော ပေဝမ်ဖု သိသွားတော့သည်။
……
ချီယွဲ့နိုင်ငံ။
နန်းတော်။
နန်းတော်ခန်းမတွင် ထိုင်နေသော ပေဝမ်ဖုသည် ရောက်ရှိနေသည့် အရာရှိများကို ကြည့်လိုက်ပြီး
“ယဲ့မိသားစုက ဘာလို့ ဒီအချိန်မှ ချီယွဲ့နိုင်ငံကနေ တစ်မိသားစုလုံး ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာလဲဆိုတာ ဘယ်သူ ပြောပြနိုင်မလဲ။”
ပေဝမ်ဖု၏ မေးခွန်းကို ကြားလျှင် နန်းရင်ပြင်ရှိ အရာရှိများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့လည်း မည်သည့်သတင်းမှ မကြားထားကြပေ။
လက်ရှိတွင် ချီယွဲ့နိုင်ငံသည် ချင်းယွမ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံတစ်ခုမျှသာ ဖြစ်သည်။ ချင်းယွမ်နိုင်ငံသည် သူတို့နယ်မြေကို ဖြတ်သန်းသွားလာလျှင်ပင် ချီယွဲ့နိုင်ငံကို အသိပေးလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ပေဝမ်ဖုသည် ပျော်ပါးမှုများတွင်သာ နစ်မြောနေပြီး နိုင်ငံတော်အရေးကို စိတ်ဝင်စားမှု လျော့နည်းနေခဲ့သည်။ ယဲ့မိသားစုက ချင်းယွမ်နိုင်ငံနှင့် ပူးပေါင်း၍ ရှနိုင်ငံကို တိုက်ခိုက်နေသည့်အကြောင်းကို သူ လုံးဝ မသိခဲ့ပေ။
သို့သော် ပေဝမ်ဖုသည် လူမိုက်တစ်ယောက်တော့ မဟုတ်ပေ။ ယဲ့မိသားစုသည် ချီယွဲ့နိုင်ငံ မတည်ထောင်မီကတည်းက ဤနေရာတွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့ခြင်း ဖြစ်သည်။
သူတို့က ဘာကြောင့် ရုတ်တရက်ကြီး ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြသနည်း။
သူတို့ဘက်တွင် ပြဿနာတစ်ခုခု ရှိနေရမည် ဖြစ်သည်။
ယဲ့မိသားစု ကြုံတွေ့နေရသော ပြဿနာက သူ၏ ပြဿနာ ဖြစ်လာမှာကို ပေဝမ်ဖုက ယခု စိုးရိမ်လာသည်။
ခန်းမအတွင်းရှိ မည်သူမှ သူ၏မေးခွန်းကို မဖြေနိုင်ကြောင်း မြင်လျှင် ပေဝမ်ဖုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“စုံစမ်းကြစမ်း။ ကျုပ်အတွက် သတင်းသွားစုကြစမ်း။”
“ယဲ့မိသားစုက ဘယ်လို လှည့်ကွက်တွေ သုံးနေတာလဲဆိုတာ ကျုပ် သိချင်တယ်။”
ထိုအခိုက်အတန့်တွင် အရာရှိတစ်ဦး ရုတ်တရက် ရှေ့သို့ ထွက်လာပြီး
“မင်းကြီး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယဲ့မိသားစုဝင်တစ်ယောက်က ကျွန်တော့်ကို တစ်ခု ပြောခဲ့ဖူးပါတယ်။ အဲ့ဒါက သူတို့ တစ်မိသားစုလုံး ပြောင်းရွှေ့တာနဲ့ ဆက်စပ်မှု ရှိ မရှိတော့ ကျွန်တော် မသေချာပါဘူး။”
ပေဝမ်ဖုက
“ပြောစမ်း”
ဟု ချက်ချင်း အမိန့်ပေးလိုက်သည်။
ထိုအရာရှိက ချက်ချင်းပင်
“ယဲ့မိသားစုဝင်တစ်ယောက် ကျွန်တော့်ကို ပြောတာကတော့ သူတို့က ရှနိုင်ငံကို တိုက်ခိုက်ဖို့ တခြားနိုင်ငံတစ်နိုင်ငံနဲ့ ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အကယ်၍ ရှနိုင်ငံကို အောင်မြင်စွာ တိုက်ခိုက်နိုင်ရင် အာကာသယာဉ် ထုတ်လုပ်တဲ့ နည်းလမ်းအားလုံးက ယဲ့မိသားစု ပိုင်ဆိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။”
ထိုအရာကို ကြားလျှင် ပေဝမ်ဖု အတွေးထဲနစ်မြောသွားသည်။ ခဏခန့် ကြာပြီးနောက် သူ၏ မျက်နှာအမူအရာ အလွန် ဆိုးရွားသွားတော့၏။
ယဲ့မိသားစုသည် ရှနိုင်ငံကို တိုက်ခိုက်ရန် သွားခဲ့ပြီးနောက် တစ်မိသားစုလုံး ပြောင်းရွှေ့သွားကြသည်။
ဤအချက်က ဘာကို ဆိုလိုသနည်း။
ယဲ့မိသားစုသည် မယှဉ်နိုင်သော အင်အားစုတစ်ခုနှင့် တွေ့ပြီး ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ဆိုလိုသည်။
ချီယွဲ့နိုင်ငံမှ ယဲ့မိသားစုသည် ယဲ့မိသားစု၏ မျိုးနွယ်ခွဲတစ်ခု ဖြစ်သည်။ သူတို့သည် ချီယွဲ့ နိုင်ငံတော်အရေးတွင် ပါဝင်ပတ်သက်မှု နည်းပါးသော်လည်း အမြဲတမ်း ချီယွဲ့နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ယဲ့မိသားစု၏ ရန်သူများအတွက် ချီယွဲ့နိုင်ငံသည် ယဲ့မိသားစု၏ နောက်ကွယ်မှ အင်အားစုဖြစ်သည်။
ယခု ယဲ့မိသားစု ရှုံးနိမ့်ပြီး ထွက်ပြေးသွားပြီ ဖြစ်ရာ သူတို့၏ ရန်သူများက ယဲ့မိသားစု ပြုလုပ်ခဲ့သမျှအတွက် ချီယွဲ့နိုင်ငံကို လက်စားချေရန် လာကြမှာလား။
အကယ်၍ ထိုသို့ဖြစ်လာပါလျှင် ချီယွဲ့နိုင်ငံအတွက် နောက်ထပ် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သူ၏ ထီးနန်းလည်း အန္တရာယ်ရှိလာမည် ဖြစ်သည်။
ထိုအချက်ကို စဉ်းစားမိလျှင် ပေဝမ်ဖုက နန်းတွင်းမိန်းမစိုးအား
“ချင်းယွမ်နိုင်ငံက သံတမန်ကို အမြန်သွားခေါ်ချေ”
ဟု တွေဝေခြင်းမရှိပဲ အမိန့်ပေးလိုက်သည်။
…..
ထမင်းတစ်အိုးကျက်ခန့် ကြာပြီးနောက်။
နန်းတော်ဥယျာဉ်အတွင်း။
ပေဝမ်ဖုသည် ဥယျာဉ်ထဲရှိ ကျောက်ခုံတန်းပေါ်တွင် ဂဏှာမငြိမ်ဖြစ်စွာ ထိုင်နေ၏။ သူ အပင်ပန်းခံပြီး တည်ငြိမ်အောင် လုပ်ယူထားရသည့် ထီးနန်းကို ယဲ့မိသားစု၏ ပြဿနာများကြောင့် အဆုံးရှုံးမခံလိုပေ။
ယဲ့မိသားစုက မည်သူ့ကို သို့မဟုတ် မည်သည့် အင်အားစုကို စော်ကားခဲ့သည်ဖြစ်စေ ချင်းယွမ်နိုင်ငံထံမှ အကူအညီ တောင်းခံလိုက်ပါက အရာအားလုံးကို ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်သည်။
အဆုံးတွင် ချင်းယွမ်နိုင်ငံ၌ ဧကရာဇ်အဆင့် သုံးဦး ရှိသည်။ ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေအတွင်း အခြား မည်သည့်နိုင်ငံတွင်မှ ဧကရာဇ်အဆင့် သုံးဦး မရှိပေ။ ချင်းယွမ်နိုင်ငံကသာ စကားပြောပေးမည်ဆိုပါက ယဲ့မိသားစု စော်ကားခဲ့သည့် အင်အားစု သူ့ထံသို့ လာလိမ့်မည် မဟုတ်ပေ။
ထင်ရှားတာကတော့ ဤတစ်ကြိမ်တွင် ပေဝမ်ဖု၏ အကြံအစည် ကျရှုံးရန် သေချာနေခြင်းဖြစ်သည်။ သူ အမြဲတမ်း အကူအညီရနိုင်မှာတော့ မဟုတ်ပေ။
အချိန်မည်မျှကြာသွားသည်မသိ အဆောင်ငယ်အတွင်း၌ သာယာသော အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းကြီးက တော်တော်လေး အလျင်လိုနေပုံရတယ်။ ဘာကိစ္စများ ရှိလို့လဲ”
ခရမ်းရောင်ဝတ်စုံရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အဆောင်ငယ်၏ တိုင်ကို မှီကာ ရုတ်တရက် ပေါ်လာသည်။
ချီယွဲ့နိုင်ငံသို့ သူရောက်ရှိလာကတည်းက ပေဝမ်ဖု ဤမျှလောက်အထိ ထိတ်လန့်နေသည်ကို ဖန်ထန်းဖေး ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူ၏ထီးနန်းကို လုံခြုံအောင် ကြိုးစားနေစဉ်ကပင် ပေဝမ်ဖု ယခုလောက် မတုန်လှုပ်ခဲ့ပေ။
ဖန်ထန်းဖေး ရောက်လာသည်ကို မြင်လျှင် ပေဝမ်ဖုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
“ယဲ့မိသားစုက တစ်မိသားစုလုံး ပြောင်းရွှေ့သွားပြီ။ သူတို့က တခြားနိုင်ငံတစ်နိုင်ငံနဲ့ ပူးပေါင်းပြီး ရှနိုင်ငံကို တိုက်ခိုက်ခဲ့တယ်လို့ ကျုပ် ကြားတယ်။ အခု သူတို့ ရုတ်တရက် ပြောင်းရွှေ့သွားတာကို ကြည့်ရင် မယှဉ်နိုင်တဲ့ အင်အားစုတစ်ခုနဲ့ တွေ့ခဲ့ပုံရတယ်။”
“ရှနိုင်ငံက ချီယွဲ့နိုင်ငံကို လာတိုက်မှာ ကျွန်တော် စိုးရိမ်တယ်။ သံတမန် ဖန် အနေနှင့် ဒီသတင်းကို ယွမ်ဧကရာဇ်ဆီ မြန်မြန် ပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုအရာကို ကြားလျှင် ဖန်ထန်းဖေး မှင်တက်သွားသည်။ တစ်ဆက်တည်းပင် သူ၏ မျက်နှာအမူအရာလည်း တစ်မဟုတ်ချင်းပင် အလွန် လေးနက်သွားတော့၏။
“မင်းကြီး ဘာပြောလိုက်တာလဲ။ ယဲ့မိသားစုက ချီယွဲ့နိုင်ငံကနေ တစ်မိသားစုလုံး ပြောင်းရွှေ့သွားတာလား။”
သူသည် မကြာသေးမီက တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေခဲ့ခြင်းကြောင့် ပြင်ပကိစ္စများကို မသိခဲ့ပေ။ သို့သော် ယဲ့မိသားစုသည် ချင်းယွမ်နိုင်ငံနှင့် ပူးပေါင်း၍ ရှနိုင်ငံကို တိုက်ခိုက်ရန် စီစဉ်နေသည့်အကြောင်းကို သူ ကြားထားခဲ့တာ အစောကတည်းက ဖြစ်သည်။
ယခု ယဲ့မိသားစုက ထွက်ပြေးသွားပြီ ဖြစ်ရာ ယဲ့မိသားစုနှင့် ချင်းယွမ်နိုင်ငံတို့ ပူးပေါင်းခြင်းကပင် ရှနိုင်ငံကို အနိုင်ယူရန် မလုံလောက်ဟု ဆိုလိုနေတာလား။
ပေဝမ်ဖုက
“ဟုတ်ပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှု တော်တော်များများကိုတောင် ထားခဲ့ပြီး အရမ်း အလျင်စလို ထွက်သွားကြတာပါ။”
ပေဝမ်ဖုထံမှ အတည်ပြုချက် ရရှိပြီးနောက် ဖန်ထန်းဖေးက တွေဝေခြင်းမရှိပဲ ပေဝမ်ဖုအား
“မင်းကြီး... ကျွန်တော့်မှာ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးတယ်။ အခုပဲ သွားခွင့်ပြုပါဦး။ သတင်းတစ်ခုခု ရတာနဲ့ ပြန်လာခဲ့ပါ့မယ်။”
သူ ပြောပြီးသည်နှင့် ဖန်ထန်းဖေး၏ ခန္ဓာကိုယ်လည်း ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။ ယဲ့မိသားစုအကြောင်းကို ကြားပြီးနောက် ဖန်ထန်းဖေး ထိတ်လန့်သွားသော ပုံစံကို မြင်လျှင် မကောင်းသော နိမိတ်တစ်ခုကို ပေဝမ်ဖုတစ်ယောက် ချက်ချင်း ခံစားလိုက်ရတော့သည်။
…………..
အခန်း (၁၃၄၇ )
ထိတ်လန့်ချောက်ချားနေသော ပေဝမ်ဖု
ချီယွဲ့နိုင်ငံ၏ နန်းတော်မှ ထွက်ခွာလာပြီးနောက် ဖန်ထန်းဖေး သူ၏ ကျင့်စဉ်ခန်းသို့ ပြန်လာခဲ့သည်။ ထို့နောက် ယွမ်ဧကရာဇ် ချီဟုန်ကွမ်း ပေးအပ်ထားသော တံဆိပ်ကို ထုတ်ယူလိုက်ပြီးလျှင် ၎င်းတံဆိပ်မှတစ်ဆင့် ချီဟုန်ကွမ်းကို တိုက်ရိုက် ဆက်သွယ်လိုက်သည်။
ခဏခန့် အကြာတွင် အဆောင်အတွင်း၌ ချီဟုန်ကွမ်း၏ ပုံရိပ် ချက်ချင်း ပေါ်လာတော့သည်။
ဖန်ထန်းဖေး ဖြစ်နေသည်ကို မြင်လျှင် ချီဟုန်ကွမ်း အနည်းငယ် သိချင်စိတ် ဖြစ်သွာသည်။ ပေဝမ်ဖုကို စောင့်ကြည့်ရန် ဖန်ထန်းဖေးကို ချီယွဲ့နိုင်ငံသို့ သူ စေလွှတ်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ ချီယွဲ့နိုင်ငံကို ချင်းယွမ်နိုင်ငံက လုံးဝ ထိန်းချုပ်ထားပြီး ဖြစ်ရာ သဘောတရားအရ မည်သည့် ပြဿနာမှ ရှိမနေသင့်ပေ။
ဖန်ထန်းဖေးက သူ့ကို ဘာကြောင့် ရှာရသလဲ။
ချီဟုန်ကွမ်းက
“ဘာကိစ္စလဲ”
ဖန်ထန်းဖေးက အလျင်အမြန် တင်ပြလိုက်သည်။
“မင်းကြီး... ယဲ့မိသားစုက ချီယွဲ့နိုင်ငံကနေ တစ်မိသားစုလုံး ပြောင်းရွှေ့သွားပြီလို့ ပေဝမ်ဖုက ကျွန်တော့်ကို အခုလေးတင် ပြောပါတယ်။ သူတို့က အရမ်း အလျင်စလို ထွက်သွားကြတာပါ။”
ဖန်ထန်းဖေး၏ တင်ပြချက်ကို ကြားလျှင် ချီဟုန်ကွမ်း၏ စိတ်ထဲ၌ ထင့်ခနဲ ဖြစ်သွားသည်။
ယဲ့မိသားစုနှင့် ချင်းယွမ်နိုင်ငံတို့ ပူးပေါင်းကာ ရှနိုင်ငံတော်ကို တိုက်ခိုက်ခဲ့ရန် ထွက်ခွာသွားခဲ့ကြသည်။ ချင်းယွမ်နိုင်ငံမှ သူတို့၏ တော်ဝင်အကြီးအကဲချုပ်က မည်သည့် သတင်းမှ ပြန်မပို့သေးသော်လည်း ယဲ့မိသားစုကတော့ ထွက်ပြေးသွားပြီ ဖြစ်သည်။ ဤအချက်က ဘာကို ဆိုလိုသနည်းဟု သူ တွေးသွား၏။
တစ်ခုခု မှားယွင်းသွားပြီ ဖြစ်ကြောင်း ၎င်းက ညွှန်ပြနေသည်။
ဤအချက်ကို ချီဟုန်ကွမ်း ယုံကြည်ရန် ခက်ခဲနေသေးသည်။ သူတို့သည် ဧကရာဇ်အဆင့် ကျင့်ကြံသူ သုံးဦး ဖြစ်ကြသည်။ သူတို့၏ အကြီးအကဲချုပ်၏ ခန့်မှန်းချက် မှားယွင်းနေခဲ့ပြီး ရှနိုင်ငံတော်တွင် ဧကရာဇ်အဆင့် နှစ်ဦး တကယ် ရှိနေလျှင်ပင် သုံးယောက်နှင့် နှစ်ယောက် ဖြစ်ရာ အနိုင်ရရန် အခွင့်အလမ်းက ပိုများနေဆဲ ဖြစ်သည်။
ဧကရာဇ်အဆင့် သုံးဦးသည် ရှနိုင်ငံတော်ကို အနိုင်မယူနိုင်လျှင်ပင် သူတို့၏ ကျင့်စဉ်အဆင့်အရ စစ်မြေပြင်မှ ဆုတ်ခွာရန်နှင့် သတင်းပို့ရန် မခက်ခဲသင့်ပေ။
ယဲ့မိသားစုက ထိုသို့ ထူထူးခြားခြား ရွှေ့ပြောင်းသွားချိန်တွင် သူက ဘာကြောင့် မည်သည့်သတင်းမှ မရရှိရသနည်းဟု ချီဟုန်ကွမ်း စဉ်းစားမရ ဖြစ်နေသည်။
အကယ်၍ သူတို့၏ အကြီးအကဲချုပ်ပင် သတင်းမပို့နိုင်လောက်သည့် အန္တရာယ်မျိုးနှင့် ကြုံတွေ့ခဲ့ရလျှင် ယဲ့ဟုန်ယွမ်၏ အင်အားနှင့်လည်း သတင်းပို့နိုင်မည် မဟုတ်တာ ဧကန်မုချ ဖြစ်သည်။
ယဲ့မိသားစုသည် ချီယွဲ့နိုင်ငံမှ ပြောင်းရွှေ့ရန် ဆုံးဖြတ်ရလောက်အောင် မည်သည့်အရာမျိုး တကယ် ဖြစ်ပျက်ခဲ့သနည်း။
မဖြစ်ပေ။
အကြောင်းရင်းကို အရင်သိအောင် လုပ်ရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ချီဟုန်ကွမ်းက
“ယဲ့မိသားစု နောက်ကို ချက်ချင်း လိုက်သွားပြီး သူတို့ ဘာကြောင့် ချီယွဲ့နိုင်ငံကနေ ထွက်ပြေးရတာလဲဆိုတာ သိအောင်လုပ်”
ဟု ဖန်ထန်းဖေးကို ချက်ချင်း အမိန့်ပေးလိုက်သည်။
ဖန်ထန်းဖေးက
“ကောင်းပါပြီ မင်းကြီး”
ဖန်ထန်းဖေး ပြောပြီးသည်နှင့် ချီဟုန်ကွမ်း၏ ပုံရိပ် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သတိပြန်ဝင်လာပြီးနောက် ရှနိုင်ငံတော်၏ အခြေအနေကို စုံစမ်းစစ်ဆေးရန် လူတစ်ယောက်ကို ချီဟုန်ကွမ်း ချက်ချင်း စေလွှတ်လိုက်သည်။
ချီဟုန်ကွမ်းသည် နောက်ရက်များအား စိုးရိမ်စိတ်များဖြင့်သာ ဖြတ်သန်းနေရသည်။
ဧကရာဇ်အဆင့် သုံးဦးပင် ရှနိုင်ငံတော်ကို မအနိုင်ယူနိုင်ခဲ့ပဲ သူတို့၏ အကြီးအကဲချုပ်ကလည်း သတင်းအစအနပင် ပြန်မပို့နိုင်ခဲ့လျှင် ရှနိုင်ငံတော် ဧကရာဇ်၏ အင်အားက သူတို့ အကြီးအကဲချုပ်ထက် များစွာ သာလွန်နေသည်ဟု ဆိုလိုပေသည်။
ထို့ကြောင့် ရှနိုင်ငံတော်က လာရောက်တိုက်ခိုက်လျှင် သူတစ်ယောက်တည်းနှင့် မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ပေ။
သူ ကြိုတင်တွေးတောမိသော ရလဒ်ကို ချီဟုန်ကွမ်းက မယုံကြည်လိုပေ။ ဤမျှ အစွမ်းထက်သော ဧကရာဇ်တစ်ပါးသည် စကြဝဠာ၏ အစွန်အဖျား ကြယ်နယ်မြေတွင် မည်သို့ ပေါ်လာနိုင်မည်နည်းဟု သူ တွေးနေမိသည်။
ဧကရာဇ်တစ်ဦး၏ အင်အားသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက သူသည် စကြဝဠာ ဗဟိုနယ်မြေ သို့မဟုတ် ပြင်ပနယ်မြေသို့သာ သွားမည် ဖြစ်သည်။ ဤကဲ့သို့ အစွန်အဖျား ကြယ်နယ်မြေတွင် ပုန်းအောင်းနေလိမ့်မည် မဟုတ်ပေ။
ယဲ့မိသားစု ချီယွဲ့နိုင်ငံမှ ပြောင်းရွှေ့သွားခြင်းမှာ သူတို့၏ အကြီးအကဲချုပ် မထွက်ခွာမီက ပေးခဲ့သည့် အမိန့်ကြောင့်သာ ဖြစ်နိုင်သည်ဟု ချီဟုန်ကွမ်း သူ့ဘာသာ ပြန်လည် နှစ်သိမ့်နေရသည်။
တစ်ခုခု ဖြစ်ပျက်ခြင်း မရှိပါက ရှနိုင်ငံတော်ကို တိုက်ခိုက်နေစဉ်အတွင်း ယဲ့မျိုးနွယ်စု ပြောင်းရွှေ့ရန် အမိန့်မျိုးကို ယဲ့ဟုန်ယွမ်က မည်သည့်အခါမှ ထုတ်ပြန်မည် မဟုတ်ကြောင်း ချီဟုန်ကွမ်း၏ အတွင်းစိတ်ထဲ၌ ကောင်းကောင်း သိနေသည်။ သို့သော် တကယ်ပင် ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့ခြင်းကို ချီဟုန်ကွမ်း လက်မခံလိုခြင်းသာ ဖြစ်ပေသည်။
........
တစ်ချိန်တည်းမှာပင်။
ဟင်းလင်းပြင်အတွင်း၌ ဆယ်စင်းထက်မကသော နတ်လှေများသည် အဝေးတစ်နေရာသို့ အရှိန်အကုန်မြှင့်ကာ ပျံသန်းနေကြသည်။
နတ်လှေများပေါ်ရှိ လူများ၏ မျက်နှာအမူအရာများ အလွန် ဇဝေဇဝါ ဖြစ်နေကြရသည်။ ရှနိုင်ငံတော်ကို တိုက်ခိုက်စဉ်အတွင်း တစ်ခုခု မှားယွင်းသွားခဲ့ပြီဟု ယဲ့မိသားစု ခန့်မှန်းထားကြသော်လည်း ဖြစ်ပျက်သမျှကို တိတိကျကျ မသိကြသေးပေ။
ဧကရာဇ်အဆင့် သုံးဦးက ဧကရာဇ်အဆင့် နှစ်ဦးသာ ရှိသည်ဟု ယူဆရသော နိုင်ငံကို တိုက်ခိုက်ရာတွင် ဤမျှကြီးမားသော ပြဿနာမျိုး မည်သို့ ဖြစ်နိုင်မှာလဲဟု သူတို့ နားမလည်နိုင် ဖြစ်ကြသေးသည်။
သူတို့၏ အကြီးအကဲချုပ်ကပင် တစ်မိသားစုလုံး ပြောင်းရွှေ့ရန် အမိန့်ပေးရသည်အထိ ပြဿနာကြီးသွားတာလား။
ယဲ့မိသားစုသည် ချီယွဲ့နိုင်ငံတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့ခြင်း ဖြစ်ပြီး သူတို့၏ သမိုင်းကြောင်းသည် ချီယွဲ့နိုင်ငံထက်ပင် ပို၍ ရှည်လျားသည်။
နတ်လှေ၏ ကုန်းပတ်ပေါ်တွင် ရပ်နေသော ယဲ့ဟုန်ယွမ်၏ မျက်နှာ၌ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ ထိုအခိုက်အတန့်တွင် ယဲ့မိသားစု တပည့်တစ်ဦးက ယဲ့ဟုန်ယွမ်အနားသို့ ချဉ်းကပ်လာပြီး
“အကြီးအကဲချုပ်... ဘာတွေတကယ်ဖြစ်ခဲ့တာလဲ။ ကျွန်တော်တို့ ဘာလို့ ချီယွဲ့နိုင်ငံကနေ ဘာလို့ ဒီလောက် အလျင်စလို ထွက်ခွာခဲ့ရတာလဲ။”
ယဲ့ဟုန်ယွမ်က လေးပင်စွာ သက်ပြင်းချလိုက်ရင်း
“ရှနိုင်ငံတော်မှာ သတ်ဖြတ်ခြင်းလမ်းစဉ်နဲ့ ဉာဏ်အလင်းရထားတဲ့ ဧကရာဇ်တစ်ပါး ရှိနေလို့ပဲ။”
ထိုအရာကို ကြားလျှင် ရရှိနေသည့် ယဲ့မိသားစုဝင်အားလုံး မှင်တက်သွားကြသည်။
ယဲ့ဟုန်ယွမ်၏ ဤစကားတစ်ခွန်းတည်းကပင် သူ ဘာကြောင့် ဤမျှ သနားစဖွယ် အခြေအနေနှင့် ပြန်လာခဲ့ရသည်ကို သူတို့ နားလည်သွားစေရန် လုံလောက်ပေသည်။
သူတို့၏ အကြီးအကဲက ဘာမှမပြောပဲ တစ်မိသားစုလုံးကို ခေါ်ကာ ထွက်ပြေးခဲ့ရခြင်းက မဆန်းတော့ပေ။ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ပိုင်ဆိုင်ထားသော ဧကရာဇ်တစ်ပါးကို စော်ကားမိခြင်း ဖြစ်၍ အမြန်မပြေးပါက မကြာမီတွင် ယဲ့မိသားစုတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရပေလိမ့်မည်။
သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသော ဧကရာဇ်တစ်ပါးက ဤကဲ့သို့ ဝေးလံသော ကြယ်နယ်မြေတွင် ဘာကြောင့် ပုန်းအောင်းနေရသနည်းဟု သူတို့ တစ်ဆက်တည်း တွေးမိလိုက်ကြသည်။ သူတို့၏ ကံကြမ္မာက တကယ်ကို အလွန် ဆိုးရွားလွန်းလှပေသည်။
ခဏခန့်အတွင်း နတ်လှေတစ်စင်းလုံး၌ စိတ်ဓာတ်ကျစရာ အငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။
ခဏအကြာတွင် အခြား ယဲ့မိသားစု တပည့်တစ်ဦးက
“အကြီးအကဲချုပ်... ကျွန်တော်တို့ နောက်ထပ် ဘယ်ကို သွားကြမလဲ။”
ယဲ့ဟုန်ယွမ်က ရှိနေသည့် ယဲ့မိသားစု တပည့်များကို ကြည့်ကာ စကားပြောရန် ပြုလိုက်စဉ်
“အားလုံး ကြည့်ကြဦး။ အဲ့ဒါ ဘာလဲ”
ဟု တစ်စုံတစ်ဦး၏ အော်ဟစ်သံ ထွက် ပေါ်လာသည်။
ထိုအရာကို ကြားလျှင် ယဲ့ဟုန်ယွမ်လည်း ထိုသူ ညွှန်ပြရာဘက်သို့ ချက်ချင်း ကြည့်လိုက်ရာ ဟင်းလင်းပြင်အတွင်း၌ သွေးနီရောင် ကြိုးမျှင်အချို့ ပေါ်လာသည်ကို မြင်လိုက်ရပေသည်။
ထိုသွေးနီရောင် ကြိုးမျှင်များအတွင်းရှိ ကျိန်စာစွမ်းအားကို ခံစားမိသည်နှင့် ယဲ့ဟုန်ယွမ်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
“မကောင်းတော့ဘူး။ ဒါက ကျိန်စာစွမ်းအားပဲ”
ကျိန်စာစွမ်းအားကို ခုခံရန်အတွက် သူ၏ နိယာမ ပုံရိပ်ကို ဖော်ဆောင်ရင်း နတ်လှေပေါ်မှ သူ ချက်ချင်း ထွက်ခွာလိုက်သည်။ သို့သော် မကြာမီတွင် ထိုသွေးနီရောင် ကြိုးမျှင်များက ယဲ့မိသားစုဝင်များ၏ ခန္ဓာကိုယ်အတွင်းသို့ ပျံသန်း ဝင်ရောက်သွားကြ တော့သည်။
ယဲ့မိသားစုဝင် အချို့သည် ကျိန်စာစွမ်းအားကို မခံနိုင်ပဲ ခန္ဓာကိုယ်များမှာ ပေါက်ကွဲကာ ချက်ချင်း သေဆုံးကုန်ကြရသည်။
ဤမြင်ကွင်းကို မြင်လျှင် ယဲ့ဟုန်ယွမ်၏ မျက်လုံးများ သွေးနီရောင် သမ်းသွားတော့သည်။ ဤစွမ်းအား၏ အငွေ့အသက်အရ ယဲ့မိသားစုကို မည်သူက ကျိန်စာတိုက်ခဲ့မှန်းလည်း သူ ချက်ချင်း နားလည်သွားသည်။
ယဲ့မိသားစုဝင်များ တစ်ဦးပြီးတစ်ဦး သေဆုံးနေသည်ကို ကြည့်ရင်း ယဲ့ဟုန်ယွမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ချီဇွန်း”
ယဲ့ဟုန်ယွမ်သည် သူ၏ အင်အားအားလုံးကို အသုံးပြုကာ ကျိန်စာစွမ်းအား၏ အစိတ်အပိုင်း အနည်းငယ်ကို နောက်ဆုံးတွင် တားဆီးနိုင်ခဲ့သည်။
ထို့နောက် ယဲ့ဟုန်ယွမ် သူ၏ယဲ့မိသားစု တပည့်များကို ကြည့်လိုက်ရာ သူတို့အမြောက်အမြား၏ နဖူးပေါ်တွင် အနီရောင် အမှတ်အသားတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဟုန်ယွမ်က လူတစ်ယောက်၏ လက်ကို ချက်ချင်းဆွဲကာ ထိုသူ၏ ခန္ဓာကိုယ်ကို စစ်ဆေးရင်း ကျိန်စာကို ဖယ်ရှားရန် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုရန် ကြိုးစားလိုက်သည်။
သို့သော် ထိုကျိန်စာသည် ထိုသူ၏ စိတ်ဝိညာဉ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သူ လျင်မြန်စွာ တွေ့ရှိလိုက်ရသည်။ ဧကရာဇ်တစ်ဦး ဖြစ်သည့်တိုင် ထိုကျိန်စာကို လုံးဝ ဖယ်ရှားပစ်ရန်က အလွန် ခက်ခဲလှသည်။
ယဲ့မိသားစု တပည့်များ တစ်ဦးပြီးတစ်ဦး ဝေဒနာ ခံစားနေရသည်ကို မြင်လျှင် ယဲ့ဟုန်ယွမ်၏ စိတ်နှလုံးထဲ ဒေါသများဖြင့် လောင်မြိုက်သွားသော်လည်း ထိုဒေါသကို ထွက်ပေါက်ရှာရန် သူ့၌ နည်းလမ်း မရှိပေ။
ကျိန်စာစွမ်းအား၏ ပြင်းထန်မှုကို ကြည့်ခြင်းအားဖြင့် ချီဇွန်းသည် သူ၏ စွမ်းအားအားလုံးကို ကုန်ဆုံးစေခဲ့ပုံရသည်။ ချီဇွန်းသည် ထိုရူးသွပ်နေသော အမျိုးသမီး၏ လက်ချက်နှင့် သေဆုံးသွားလောက်ပြီ ဖြစ်သည်။ သူ လက်စားချေချင်လျှင်ပင် မည်သူ့ထံတွင်မှ သွားရောက် လက်စားချေ၍ မရနိုင်တော့ပေ။
ဤအတိုင်းပင် လွှတ်ထားလိုက်ရမည်လားဟု သူ တွေးနေမိသည်။
ယဲ့ဟုန်ယွမ်သည် တွန့်လိမ်နေသော ထိုမိသားစုဝင်၏ လက်ကို တင်းတင်းဆုပ်လိုက်သော်လည်း ခဏအကြာတွင် ထိုသူ၏ လက်များ ဖြည်းညင်းစွာ ပျော့ခွေသွားတော့သည်။
ယဲ့ဟုန်ယွမ်၏ ပြင်းထန်လှသော ဒေါသများသည်လည်း နောက်ဆုံးတွင် နက်ရှိုင်းသော သက်ပြင်းချသံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အဓိက လက်သည် သေဆုံးသွားပြီ ဖြစ်ပြီး သတ်ဖြတ်ခြင်း စွမ်းအားကို ကိုင်စွဲထားသော ထိုရူးသွပ်သည့် အမျိုးသမီးကိုလည်း သူ မစော်ကားနိုင်ပေ။ ယခု အရေးကြီးဆုံးမှာ ယဲ့မိသားစုအတွက် အခြေချရန် နေရာသစ် ရှာဖွေရန်သာ ဖြစ်ပေသည်။
ဤသို့ တွေးပြီးနောက် ယဲ့ဟုန်ယွမ်သည် ယဲ့မိသားစု တပည့်များ၏ ကျိန်စာကို ခေတ္တခန့် နှိမ်နင်းပေးလိုက်ပြီး ယဲ့မိသားစုကို စကြဝဠာ၏ အနက်ရှိုင်းဆုံးဆီသို့ ဦးဆောင် ခေါ်သွားလေတော့သည်။
……..
ချီယွဲ့နိုင်ငံ။
နန်းတော်။
ပေဝမ်ဖုသည် နန်းရင်ပြင်အတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ရက်အနည်းငယ် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ဖန်ထန်းဖေးထံမှ မည်သည့်သတင်းမှ မရရှိသေးပေ။
အစောကတည်းက ဖန်ထန်းဖေး၏ အလျင်လိုနေသော အမူအရာကို မြင်လိုက်ရကတည်းက ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပျက်တော့မည်ဖြစ်ကြောင်း သူ သိနေ၏။ သို့သော် ဤမျှရက်ပေါင်းများစွာ ကြာသည်အထိ ချင်းယွမ်နိုင်ငံဘက်မှ မည်သည့် လှုပ်ရှားမှုမှ ရှိမနေပေ။
ပေဝမ်ဖုက
“ယဲ့မိသားစုက တစ်ခုခု ကြားထားတာ ဖြစ်ရမယ်။ ရန်သူ တစ်ယောက်ယောက် လာနေတာ သေချာတယ်”
ဟု သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ပေဝမ်ဖု တွေးလေလေ ပို၍ စိုးရိမ်လာလေလေ ဖြစ်နေသည်။ ထို့နောက် တံခါးဝရှိ ကိုယ်ရံတော်အား
“သံတမန်ကို ဆွေးနွေးစရာ ရှိတယ်လို့ သွားပြောချေ”
ဟု အမိန့်ပေးလိုက်သည်။
ယဲ့မိသားစုအကြောင်းကို ဖန်ထန်းဖေးထံမှ ထပ်မံ စုံစမ်းရန် ပေဝမ်ဖု စဉ်းစားနေခြင်းဖြစ်သည်။ ဖန်ထန်းဖေး ဤမျှ အလျင်စလို ထွက်ခွာသွားတာကို ကြည့်ခြင်းအားဖြင့် အတွင်းသတင်း အချို့ကို သူ သိထားရမည် ဖြစ်သည်။