တမလွန်ကြေကွဲသံစဉ်
Vol. 1 Ch. 53
ဆန်းလျန်၏ မပြောင်းလဲသော ဆန္ဒမှာ မသေမျိုးဖြစ်သည့် နတ်ဘုရားတစ်ပါး ဖြစ်လိုခြင်းပင် ဖြစ်လေသည်။ သို့သော် သာမန်ထက်ပိုပြီး ထူးခြားသည့် စွမ်းအားရှိသူ စူးကျားပေါင် အိမ်ပိုင်ရှင်နှင့် တွေ့ရသည့် အခါတွင်တော့ သူ ကြောက်ရွံ့တုန်လှုပ် သွားမိလေသည်။ ထို့ကြောင့် "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ်ထဲမှ ကျင့်စဉ်များအတိုင်း အာရုံ ပြန်စူးစိုက်ပြီး စိတ်ကို တည်ငြိမ်အေးချမ်း အောင် လုပ်ရလေသည်။
သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာလေသည်။ သူက အိမ်ပိုင်ရှင်ထက် ထိုသူ၏ စွမ်းအားကို ပိုပြီး ကြောက်ရွံ့မိခြင်း ဖြစ်လေသည်။ ထိုစွမ်းအားက သူ့ကိုလမ်းလွဲ သွားစေသည်ဟု ခံစား လိုက်ရ လေသည်။
ဆန်းလျန်၏ စိတ်အာရုံများမှာ စုစည်း၍ မရအောင် ဖြစ်နေရလေသည်။
ဆန်းလျန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည့်အခါတွင်တော့ သူတို့အားလုံး မိုးခို သည့် အခန်းထဲတွင် ရှိမနေတော့ပါ။
ဆန်းလျန်မှာ စူးကျားပေါင် အိမ်ပိုင်ရှင်နောက်သို့ လိုက်ပါသွားနေခြင်း ဖြစ်လေသည်။ သူ၏ ရှေ့တွင် ကူဟွေ့ဆရာတော်နှင့် ရှောင်းကျူတို့လည်း အိမ်ပိုင်ရှင် ဦးဆောင်ရာ နောက်သို့ လိုက်သွားနေကြ လေသည်။
ရှေ့မှ ဦးဆောင်သွားသည့် အိမ်ပိုင်ရှင်နောက်သို့ သူတို့အားလုံးမှာ သိစိတ်လွတ်ပြီး လိုက်ပါ သွားကြခြင်းပင် ဖြစ်လေသည်။
တိရစ္ဆာန်များ အုပ်စုဖွဲ့ သွားလာခြင်းဖြင့်ပင် သဏ္ဌာန်တူနေ လေသည်။
အသိစိတ်လွတ်ပြီး ဦးဆောင်သည့် သူနောက်သို့သာ လိုက်နေသည့် ပုံစံမျိုး ဖြစ်လေသည်။
ကူဟွေ့ဆရာတော်။ ဆန်းလျန်နှင့် ရှောင်းကျူတို့ သုံးယောက်လုံးမှာ စိတ်စွမ်းအား အလွန် ကောင်းသူများ ဖြစ်ကြလေသည်။ သို့သော် စူးကျားပေါင် အိမ်ပိုင်ရှင်မှာ သူတို့၏ စိတ်များကို လွှမ်းမိုး ထိန်းချုပ်ပြီး ဦးဆောင် ခေါ်သွားနိုင်လေသည်။ စူးကျားပေါင် အိမ်ပိုင်ရှင်၏ အစွမ်းကို ဆန်းလျန်မှာ အံ့သြနေမိ လေတော့သည်။
အခြားသူများ အသိစိတ် ပြန်မဝင်သည့်တိုင် ဆန်းလျန်က အသိစိတ် ပြန်ဝင်လာခြင်း ဖြစ်လေ သည်။ သူ စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်နိုင်သည့်တိုင် သူ၏ စိတ်ဝိညာဉ်ကတော့ မငြိမ်သက် နိုင်သေးပေ။
ဝံပုလွေနတ်ဘုရား အဘိုးအိုပြောခဲ့သလိုပင် သူ၏ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှာ တစ်သားတည်း မကျသေးပေ။ ထိုသို့ ဖြစ်သောကြောင့် သူ၏စိတ်ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားမှာ တစ်ပေါင်း တစ်စည်း တည်း မဖြစ်နိုင် ဖြစ်နေရခြင်း ဖြစ်လေသည်။
ထို့ကြောင့် သူက ဝိညာဉ် လွှင့်နိုင်သည့်တိုင် တစ်စုံတစ်ခုက သူ့ကို ပြန်ဆွဲခေါ်နေ သကဲ့သို့ ခံစားနေရခြင်း ဖြစ်လေသည်။
သာမန် ကျင့်ကြံသူများဆိုလျှင် ထိုအဆင့်သို့ ရောက်အောင် လေ့ကျင့်နိုင်ရန် အချိန်များစွာ ယူရမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ မတူပေ။ တိုက်ခိုက်နေစဉ် အတွင်းမှာပင် သူ၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာမှာ အတူတကွ ဟန်ချက် ညီနေလေသည်။
ဆန်းလျန်မှာ အသိစိတ် ပြန်ဝင်နေပြီ ဖြစ်သော်လည်း အိမ်ပိုင်ရှင်နောက်သို့ လိုက်နေတဲ့ ခြေလှမ်းများကို ရပ်တန့်၍မရ ဖြစ်နေရလေသည်။ ထို့ကြောင့် အလိုက်သင့်ပင် ဆက်လိုက်သွားလိုက် ရလေသည်။
ဆန်းလျန်၏ စီးဆင်းနေသည့် အတွင်းအားနှင့် ရုပ်ခန္ဓာမှာ အလိုအလျောက် ဟန်ချက်ညီစွာ ဆက်သွယ်လျက် ရှိနေလေသည်။
သူက အိမ်ပိုင်ရှင် ရပ်တန့်လိုက်မှသာ ရပ်တန့်နိုင်မည်ဟု နားလည်သဘော ပေါက်လိုက် လေသည်။
ဆန်းလျန်က သူ၏ “ကြမ်းတမ်းသည့် စွမ်းအား”များ ဝင်ရောက်လာခြင်း မရှိစေရန် ကြိုးစား နေလေသည်။ ထိုစွမ်းအားက သူ၏ဝိညာဉ်နှင့် စိတ်စွမ်းအားကို တိုက်ခိုက်တတ်ပြီး အခြေအနေကို ပိုပြီးဆိုးစေ လေသည်။
ထိုအရာက ဟန်ချက်ညီနေသည့် စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ်ကြားထဲတွင် ဗလာနယ် တစ်ခုကို ဖြစ်ပေါ်စေလေသည်။
သို့သော် ထိုကဲ့သို့ ဟန်ချက်ပျက်သွားသည့် အတွက်ပင် သူပြန်ပြီး အသိစိတ် ဝင်လာခြင်း ဖြစ်လေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး သူတို့ ရောက်ရှိနေသည့် နေရာမှာ မည်သည့်နေရာမှန်း မသိရပေ။
အရှေ့၊ အနောက်၊ တောင်၊ မြောက် မည်သည့်နေရာသို့ ဦးတည်ပြီး သွားနေသည် ဆိုသည်ကို လည်း မသိနိုင်ပါ။
ရုတ်တရက်ပင် မြူခိုးများ ကြားတွင်ပင် ရှုခင်းပုံရိပ်များက ပြောင်းလဲ သွားလေသည်။ ဘေးဘက်တွင် စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခုကိုတွေ့ရသည်။
မြူခိုးများ ပျောက်ကွယ်သွားပြီး လမ်းကျဉ်းလေးတစ်ခု ပေါ်လာလေသည်။
စမ်းချောင်းလေးအပြင် မြက်ပင်များနှင့် ဝါးပင်များပါ တွေ့မြင်ရလေသည်။ ညလေအေးက တိုက်ခတ် လာသည့်အတွက် သစ်ကိုင်းများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေသည့် အသံများကို ကြားနေရ သည်။
မြူခိုးများ အနည်းငယ် ဖုံးလွှမ်းနေသည့် နေရာတစ်ခုတွင် ဥယျာဉ်ငယ်လေး တစ်ခုကို တွေ့လိုက် ရလေသည်။
သူတို့ အားလုံးမှာ ထိုင်ခုံများတွင် အလိုလို ဝင်ထိုင် လိုက်ကြပြီး ယခုအချိန်မှပင် ဆန်းလျန်မှာ သူ၏ ရုပ်ခန္ဓာကို ထိန်းချုပ်၍ ရသွားလေသည်။
ရှောင်းကျူနှင့် ကူဟွေ့ ဆရာတော်တို့မှာ ယခုအချိန်ထိ ဘာဖြစ်လို့ ဖြစ်သွားသည်ကို မသိကြ သေးပေ။ သူတို့ ထိုင်ခုံများတွင် ထိုင်ရင်း အိပ်မက်မှ နိုးထလာသူကဲ့သို့ ဖြစ်နေကြလေသည်။
“ဒါ ဘယ်နေရာလဲ”
ရှောင်းကျူက မေးလိုက်သည်။ သူမက စူးကျားပေါင် အိမ်ပိုင်ရှင်ကို ဒီမှာပဲ ညစာစားမည်ဟု သဘောတူ ပြီးသည့်နောက် ခဏတာအိပ်ပျော် သွားသကဲ့သို့ ဖြစ်သွားကာ ယခုမှ နိုးထ လာသကဲ့သို့ ခံစားနေရခြင်း ဖြစ်လေသည်။ သူမသည် ထိုင်နေသည့် နေရာမှာ မည်သည့် နေရာမှန်းလည်း မသိရပေ။
“ဒီနေရာက ကျုပ်ရဲ့ ဥယျာဉ်လေးပါ။ အားလုံးပဲ မစိုးရိမ်ကြပါနဲ့”
စူးကျားပေါင် အိမ်ပိုင်ရှင်က ပြုံးပြီး ပြောလိုက်လေသည်။
ထို့နောက် လက်ခုပ်တစ်ချက် တီးလိုက်ရာ လှပသော မိန်းကလေးအစေခံများ ရောက်လာ ကြလေသည်။ ပထမရောက်လာသည့် မိန်းကလေး အစေခံ ရှစ်ယောက်မှာ မည်သည့်အရာကို ချက်ပြုတ်ထားမှန်း မသိသည့် ဟင်းလျာ ပန်းကန်များကို သယ်ဆောင် လာကြလေသည်။
နောက်ထပ် ရောက်လာသည့် မိန်းကလေး လေးယောက်ကတော့ ငွေရောင် အရက်အိုးများနှင့် အရက်ခွက် လေးများကို သယ်ဆောင်လာကြ လေသည်။
စားပွဲမှာ ထောင့်လေးထောင့် ရှိသည့် စားပွဲဖြစ်ပြီး သူတို့ အားလုံးက ထိုင်ခုံ တစ်ခုစီတွင် ထိုင်နေကြခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ စူးကျားပေါင် အိမ်ပိုင်ရှင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေလေသည်။
အစားအသောက်နှင့် ယမကာများ ပြင်ဆင်ပေးသည့် အစေခံများ ထွက်သွားပြီး နောက်တွင်တော့ အစေခံနှစ်ယောက် ထပ်မံဝင်ရောက် လာလေသည်။
တစ်ယောက်က ဗျပ်စောင်းကို ကိုင်ထားပြီး နောက်တစ်ယောက်က ပလွေကို ကိုင်ထား လေသည်။
“ဘယ်သီချင်းကို တီးမှုတ်ပေးရမလဲ သခင်ကြီး”
အစေခံ မိန်းကလေး တစ်ယောက်က မေးလိုက်လေသည်။
သူမ၏ အသံမှာ နူးညံ့ပြီး သာယာလေသည်။ သို့သော် အသက်ကင်းမဲ့ နေလေသည်။
ဆန်းလျန်မက အစေခံ မိန်းကလေးများကို အကဲခတ် နေလိုက်သည်။ သူတို့အားလုံးမှာ လွန်စွာမှ ချောမောလှပ ကြလေသည်။ သို့သော် မျက်ဝန်းများကတော့ အသက်မဲ့နေကြသည်။
သူခေတ်ပေါ် ကမ္ဘာတွင် နေခဲ့စဉ်က ဖယောင်း ရုပ်ပြတိုက်ကို သွားရောက်လည်ပတ် သည်ကို သတိရမိ လေသည်။ နာမည်ကြီးသူများ။ အနုပညာရှင်များကို ဖယောင်းရုပ်အဖြစ် ထုလုပ်ထားသည်မှာ အလွန်ပင် အစစ်အမှန်နှင့် တူကြလေသည်။ သို့သော် တကယ်တမ်းတော့ ထိုဖယောင်းရုပ်များက အသက်မရှိပေ။
ထိုသို့ ဖယောင်းရုပ်တုများနှင့်တူသည့် အစေခံ မိန်းကလေး နှစ်ယောက်မှာ တိတ်ဆိတ်စွာဖြင့် မတ်တတ်ရပ်နေ ကြလေသည်။ လုံးဝ အသက်မဲ့နေသည့် ပုံစံမျိုး ဖြစ်လေသည်။
လှပသော အစေခံ မိန်းကလေးအားလုံးမှာ လှုပ်ရှားသွားလာ နိုင်ကြသည့် ဖယောင်းရုပ်လေး များနှင့် သဏ္ဌာန်တူနေ လေတော့သည်။
“ချန်ဆန်း တံခါးဝမှာ ဘဝ မကူးနိုင်တဲ့သူတွေ တစ်ပုံကြီးပဲ။ ဒီတော့ “တမလွန် ကြေကွဲသံစဉ်” ဆိုတဲ့ သီချင်းကို တီးခတ်ပါ” စူးကျားပေါင် အိမ်ပိုင်ရှင်က ဧည့်သည်များကိုပင် မေးမြန်းခြင်း မရှိဘဲ ဆုံးဖြတ်ချက် ချလိုက်လေသည်။
ပန်းဥယျာဉ် ငယ်လေးထဲရှိ ဂီတ ဖျော်ဖြေပွဲနှင့် ညစာစားပွဲ…
ဆန်းလျန်က အလိုက်အထိုက်ပင် နေလိုက်သည်။
ကူဟွေ့ ဆရာတော်ကတော့ ရှောင်းကျူနှင့် စကားအနည်းငယ် ပြောနေလေသည်။
ဆန်းလျန်၊ ရှောင်းကျူ နှင့် ကူဟွေ့ ဆရာတော်တို့မှာ မိတ်ဆွေများ မဟုတ်ကြပါ။ သို့သော်လည်း အချင်းချင်း နားလည်မှု ရှိကြလေသည်။
စူးကျားပေါင် အိမ်ပိုင်ရှင်မှာ အလွန်ပင် ထူးခြားဆန်းကြယ်သော သူတစ်ယောက် ဖြစ်လေသည်။ နတ်ဘုရားတစ်ပါးပင် ဖြစ်နေနိုင် လေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ သုံးယောက်မှာ တစ်ယောက်အသက်ကို တစ်ယောက် ကယ်တင်ဖို့ ကြိုးစားရမည် ဖြစ်လေသည်။
ကူဟွေ့ ဆရာတော်မှာ သိပ်ပြီး စကားအများကြီး ပြောခြင်းမရှိပေ။ ဆန်းလျန် ကူဟွေ့ဆရာတော်ကို သဘောကျမိလေသည်။
စူးကျားပေါင် အိမ်ပိုင်ရှင်မှာ အေးအေးဆေးဆေး သက်သောင့်သက်သာ ပုံစံဖြင့် ထိုင်နေ လေသည်။ သူ့ပုံစံကို ကြည့်ပြီး သူ့စိတ်ထဲတွင် တွေးနေသည့် အကြောင်းအရာကို ခန့်မှန်းရသည်မှာ မလွယ်ကူလှပေ။ ဆန်းလျန်ပင်လျှင် သူ့ကို ခန့်မှန်း၍ မရနိုင် ဖြစ်နေရလေသည်။
သူက အာရုံခံကြည့်ရန်အတွက် စူကျားပေါင် အိမ်ပိုင်ရှင်ဆီသို့ သူ၏ ဝိညာဉ်စွမ်းအား အာရုံစူးစိုက် စေလွှတ်လိုက်တိုင်း မမြင်ရသော တံတိုင်းတစ်ခုဖြင့် ကာရံထားသကဲ့သို့ ဖြစ်နေလေသည်။
အရက်မှာ အဝင်မဆိုးသည့် အရက်ကောင်း တစ်မျိုးပင် ဖြစ်လေသည်။ အစားအသောက် များမှာလည်း လွန်စွာမှ အရသာ ရှိလေသည်။ ငွေဇွန်းကိုက်ပြီး မွေးဖွားလာသူ ဖြစ်သည့် သခင်မလေး ရှောင်းကျူပင်လျှင် ဤမျှ ကောင်းမွန်သော အစားအသောက်များကို တစ်ခါမျှ မစားဖူးပေ။
သို့သော် လက်ရှိ အခြေအနေအရ သူမမှာ အလွန် စိတ်ညစ်နေလေသည်။ ထူးဆန်းသည့် နေရာတွင် ထူးဆန်းသည့် လူတစ်ယောက်နှင့် ညစာအတူ စားနေရသည်မှာ သူမကို စိတ်မသက်မသာ ဖြစ်စေသည်။
သူမက အရသာရှိသည့် အစားအသောက်များကို စိတ်မပါ လက်မပါနှင့် စားနေလေသည်။
သူမက အခြားသူများကို တစ်ချက် အကဲခတ်လိုက်သည်။ ကူဟွေ့ ဆရာတော်ကတော့ အစား အသောက်များကို အားပါးတရ စားသောက် နေလေသည်။
ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး အသားစား အရက်သောက် နေသောကြောင့် ဝိနည်း မစောင့်ထိန်း သည့် ဘုန်းတော်ကြီးတစ်ပါးပဲဟု ရှောင်းကျူစိတ်ထဲမှ အပြစ်တင် နေမိသည်။
ထို့ပြင် ကူဟွေ့ ဆရာတော်မှာ သူမ မွေးဖွားသည့်အချိန်မှ ယခုအချိန်ထိ သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကြာကြာ အသက်ရှည်အောင် ဘယ်လိုများ နေထိုင်ခဲ့ပါလိမ့်ဟု သူမစဉ်းစား နေမိလေသည်။ သိုင်းလောကတွင် အချိန်အကြာကြီး အသက်ရှည်ရှည် နေထိုင်နိုင်သည့် အဆင့်မြင့် သိုင်းသမား ဆိုသည်မှာ သိုင်းစွမ်းရည် ထက်မြက်ရုံနှင့်တော့ မဖြစ်နိုင်ပေ။ အသိဉာဏ် ပြည့်ဝပြီး ပါးနပ်သူ ဖြစ်မှ ရပေလိမ့်မည်။
သိုင်းလောကတွင် သက်တမ်းစေ့ ရပ်တည် နေထိုင်နိုင်သူမှာ အင်မတန်မှ ထူးခြားဆန်းကြယ် သူပင် ဖြစ်လေသည်။
ကူဟွေ့ ဆရာတော်မှာ အလွန် အိုမင်းနေခြင်း မရှိသည့်တိုင် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်လေသည်။
ဤနေရာမှ အန္တရာယ် ကင်းကင်းဖြင့် ထွက်ခွာသွားလိုလျှင် ဤ ဘုန်းကြီးအိုကြီးကို ကပ်ထားမှ ဖြစ်မည်ဟု ရှောင်းကျူ တွေးလိုက်မိလေသည်။ ကူဟွေ့ ဆရာတော်တွင် လွတ်မြောက်ရန်အတွက် အကြံကောင်း ရှိရမည်ဟု ရှောင်းကျူ ယုံကြည်ထားလေသည်။ ထို့ပြင် ကူဟွေ့ ဆရာတော်မှာ သူတို့ သုံးယောက်ထဲတွင် အသက်အရွယ် အကြီးဆုံးဖြစ်သလို အတွေ့အကြုံ များသူလည်း ဖြစ်လေသည်။
ဆန်းလျန်မှာလည်း အစားအသောက်များကို စားနေလေသည်။
သူက သိမ်သိမ်မွေ့မွေ့ စည်းကမ်းတကျ စားသောက်နေခြင်း ဖြစ်လေသည်။ အစားအသောက် ဝါးသည်ကိုပင် ပါးစပ်ပိတ်ပြီး ဝါးနေခြင်း ဖြစ်လေသည်။ အသံမြည်အောင်လည်း မစားဘဲ တိတ်ဆိတ်စွာ စားသောက် နေလေသည်။
အစားအသောက်များကို မလိုအပ်ဘဲ ပန်းကန်ထဲ ခပ်ထည့် ထားခြင်းမျိုးလည်း သူက မလုပ်ပေ။ သူ့ကို ကြည့်ရသည်မှာ အရှိန်အဝါတစ်ခု ရှိနေလေသည်။
မွေးရာပါ အရှိန်အဝါတစ်ခု ဖြစ်ပြီး လုပ်ယူထားခြင်းမျိုး မဟုတ်ပေ။ သူက အစားအသောက် များကို နှစ်သက်သည့်တိုင် ဣန္ဒြေရရ စားသောက်နေလေသည်။
ဤသည်မှာ စိတ်ဆန္ဒကို ထိန်းချုပ်ပြီး အနေအထိုင် စည်းကမ်းရှိခြင်းပင် ဖြစ်လေသည်။
“ကိုယ်လုပ်ချင်ရာ လုပ်သည်” မှာ လွတ်လပ်မှုပင် ဖြစ်သည်ဟု အချို့သူများက ခံယူထားကြ သည်။
ထိုသူများမှာ “ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း” ဆိုသည့် စစ်မှန်သည့် လွတ်လပ်မှုကို ဂရု မထားမိသူများ ဖြစ်ကြလေသည်။
ချောမောလှပသော အစေခံမလေးများက ဗျပ်စောင်းနှင့် ပလွေကို စည်းချက်ညီညီ တီးမှုတ် နေကြလေသည်။ “တမလွန်ကြေကွဲ သံစဉ်” တေးသွားမှာ အမှန်တကယ်ပင် ဝမ်းနည်းစရာ ကောင်းလွန်း လှလေသည်။
ဂီတသံစဉ်တွင် “ဝမ်းနည်းမှု” ကို ပေါ်လွင်စေပြီး “စိတ်ပျက်ခြင်း” ကို မပေါ်လွင်စေရန် သတိထားပြီး တီးမှုတ်နေကြလေသည်။ ထိုမှသာ တေးသွားအရသာ ပေါ်မည် ဖြစ်လေသည်။
“ဒီသီချင်း ဘယ်လိုနေလဲ”
စူးကျားပေါင် အိမ်ပိုင်ရှင်က မေးလိုက်လေသည်။
ကူဟွေ့ ဆရာတော်က တူကို ချလိုက်ပြီး…
“ဒီလို ဂီတမျိုးဟာ လူ့လောကမှာ မရှိနိုင်ဘူး။ မိုးကောင်းကင်မှာပဲ နားဆင်ရမယ့် ဂီတမျိုးပဲ”
ဟု ပြောလိုက်လေသည်။
“အင်း နားထောင်လို့ ကောင်းပါတယ်”
ရှောင်းကျူက ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်လေသည်။ သူမ ပြန်ဖြေပုံမှာ သူမနေထိုင် ကြီးပြင်းလာသည့် ဂုဏ်သရေရှိ အဆင့်အတန်းနှင့်ပင် မလိုက်ဖက်လှပေ။
လောကတွင် မြှောက်ပင့် ပြောဆိုသည်ကို လူတိုင်း သဘောကျကြကြောင်း ရှောင်းကျူ သိရှိ ထားလေသည်။
သူမသည် လှပချောမောသူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ယောက်ျားများက လှပ ချောမောသည့် မျက်နှာထက် ချိုသာသည့် စကားသံကို ပိုပြီး သဘောကျကြကြောင်း သူမ ကောင်းကောင်း သိလေသည်။
“သီချင်းက အရမ်းကောင်းသလို တီးခတ်တဲ့ သူတွေကလည်း တကယ်တော်တာပဲ။ ဒါပေမယ့် တစ်ခု လိုနေတယ်”
ဆန်းလျန်က ပြောလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန် ပြောလိုက်သည့် စကားကို စူးကျားပေါင် အိမ်ပိုင်ရှင်က သဘောကျသည့်ပုံ မပေါ်ပါ။
“ကြည့်ရတာ မင်းရဲ့ အမြင်က တစ်မျိုးဖြစ်နေတယ် ထင်တယ်။ ဘုရင့်တော်ဝင် နန်းတော် မှာတောင် သူတို့လောက်တော်တဲ့ ဂီတပညာရှင်တွေ မရှိဘူးဆိုတာ မင်းသိရဲ့လား"
စကားပြောရင်းဖြင့် အိမ်ပိုင်ရှင်မှာ ချောင်းများ ဆိုးနေပြန်လေသည်။ ကြည့်ရသည်မှာ စူးကျားပေါင် အိမ်ပိုင်ရှင်မှာ ကျန်းမာရေး ကောင်းသည့်ပုံ မပေါ်ပေ။
***