← Chapters

အခန်း (၁၀၂၅-၁၀၂၆)

Vol. 61 Ch. 1025-1026

အခန်း (၁၀၂၅-၁၀၂၆)

Vol. 61 Ch. 1025-1026

အပိုင်း (၁၀၂၅)

ရှမ့်လန် နောက်ဆုတ်ရန် အမိန့်ပေးချိန်မှာတော့ ချောင်ပြည်နယ်၏ တပ်မှူးက မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ကာ ဦးတိုက်၏။

“အရှင်... ကျုပ်တို့ လူအင်အား ထက်ဝက်ကျော် ဆုံးရှုံးသွားပေမဲ့ တိုက်ခိုက်နိုင် ပါသေးတယ်။ တင်းယွမ်မြို့ကနေ ဆုတ်ခွာလို့မရဘူး။ ဆုတ်ခွာလိုက်တာနဲ့ အရှင်ရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာက ပျက်စီးသွားလိမ့်မယ်။”

“အရှင်ရှမ့်လန်... အရှင်၏ အမိန့်တော်သဝဏ်လွှာမှာ ရန်သူက တော်ဝင်မင်းဆက်ရဲ့ နယ်မြေထဲကို ခြေတစ်လှမ်းတောင် ဝင်ခွင့်မရှိဘူးလို့ ဖော်ပြထားတယ်။ တင်းယွမ်မြို့က ကျုပ်တို့ရဲ့ နောက်ဆုံး နယ်မြေပါပဲ။ ဆုတ်ခွာလိုက်တာနဲ့ ကျုပ်တို့ ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားလိမ့်မယ်။ အရှင်ရဲ့ ရွှေစကားတွေ ပျက်စီးသွားပါလိမ့်မယ်။ အရှင်... ကျုပ်တို့မှာ စစ်သည် တစ်သိန်းကျော် ကျန်သေးတယ်။ ကျုပ်တို့ အားလုံး ဒီမှာ သေရမယ်ဆိုရင်တော့ နောင်တမရပါဘူး။”

ရှမ့်လန်က ဖြည်းညင်းစွာ ပြောသည်။ “ကျုပ် တကယ်ကို စိတ်လှုပ်ရှားမိတယ်။ ဒါပေမဲ့ အရင်က ကျုပ် ပြောခဲ့တာကို သတိရပေး။ ရန်သူက တော်ဝင်ချန်မင်းဆက် နယ်မြေထဲကို ဝင်လာတာနဲ့ ဒီလောကကနေ အမြစ်ပြတ် သုတ်သင် ရှင်းလင်းခြင်း ခံရမယ်ဆိုတာ။ ကျုပ်ရဲ့ မဟာဗျူဟာမြောက် လက်နက်ကို သုံးပြီး ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားနဲ့ စစ်သည် ခြောက်သိန်းကျော်ကို သုတ်သင်ရှင်းလင်းပစ်မယ်။ စွမ်းအားကလည်း ထိတ်လန့်စရာ ကောင်းလိမ့်မယ်။ တင်းယွမ်မြို့ကိုတောင် ထိခိုက်နိုင်တယ်။ ဒါကြောင့် ခင်ဗျားတို့ အားလုံး နောက်ဆုတ်ရမယ်။”

ထိုစကားကို ပြောချိန်မှာတော့ ချောင်ပြည်နယ်၏ တပ်မှူးများက ကြောက်အသွားခဲ့၏။ အရှင်ရှမ့်လန် ထပ်ပြီး ကြွားဝါနေပြန်ပြီလား။ မဟုတ်ဘူး။ မဟုတ်ဘူး... အရှင်ရှမ့်လန်က လက်နက်ကို ထပ်သုံးတော့မည်လား။ လက်နက်တစ်ခုပဲ ရှိသည်ဟု ပြောခဲ့သည် မဟုတ်ပါလား။ သို့သော်ငြား အရှင်ရှမ့်လန် ကြွားခဲ့သမျှ အားလုံးက တကယ် ဖြစ်လာသည်ချည်းပင်။

ရှိနေသည့် ချောင်ပြည်နယ်မှ တပ်မှူးအားလုံးတို့က စိတ်လှုပ်ရှားမှုကြောင့် သွေးဆူလာခဲ့၏။ အကယ်၍ ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား စစ်သည်သိန်းချီကို တကယ်ပင် သုတ်သင်နိုင်ခဲ့သည် ဆိုပါက သူတို့က တိုက်ပွဲတွင် အနိုင်ရရှိပြီ ဖြစ်၏။ ချောင်ပြည်နယ်ကိုလည်း ကယ်တင်နိုင်ပြီ ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အခု အမိန့်ကို နာခံကြ။”

ချောင်ဘုရင် သတိမရသေးသော်လည်း ကျန်ရှိနေသည့် ချောင်ပြည်နယ်မှ တပ်မှူးအားလုံးက ဦးတိုက်ကာ ပြော၏။ “ကောင်းပါပြီ။”

ပြီးနောက် ကျန်ရှိနေသည့် ချောင်ပြည်နယ်၏ စစ်သည်သိန်းချီတို့က ဒဏ်ရာရသူများနှင့် ရဲဘော်ရဲဘက်များ၏ အလောင်းများကို သယ်ဆောင်ပြီး ခမ်းနားထည်ဝါစွာ ထွက်ခွာသွားခဲ့သည်။

ထိုအရာကို ကောင်းကင်ပြစ်ဒဏ်နန်းဆောင်စစ်သည်များက မကြာခင် တွေ့ရှိသွားပြီး ကျင်းနိုင်ငံ၏ အိမ်ရှေ့စံ မင်းသားကို သတင်းပို့ကြ၏။

...............

“ရှမ့်လန် ထွက်ပြေးသွားပြီလား။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ရုတ်တရက် မတ်တတ်ထရပ်၏။ ပြီးနောက် သူက လိုက်ဖမ်းရန် အမိန့်ပေးလုနီးပါး ဖြစ်၏။ သို့သော်လည်း ချက်ချင်း ပြန်စဉ်းစား၏။ “ညနက်နေပြီ။ ညဘက်ကြီး လိုက်ဖမ်းရင် ရှမ့်လန်ရဲ့ ထောင်ချောက်ထဲသို့ ရောက်သွားနိုင်တယ်။ ဒီလူက အလွန် ကောက်ကျစ်စဉ်းလဲပြီး ဘာမဆို လုပ်ရဲတဲ့လူပဲ။”

ပြီးနောက် အပြင်ဘက်မှ တစ်စုံတစ်ယောက်က အော်ဟစ်သည်။ “အရှင်မင်းသား... ရှမ့်လန်ရဲ့ သံတမန် ရောက်လာပါပြီ။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက စင်မြင့်ပေါ်သို့ တက်ကြည့်၏။ တင်းယွမ်မြို့ထဲမှ လူတစ်ယောက်နှင့် မြင်းတစ်ကောင် ထွက်လာသည်ကို မြင်၏။ တစ်ယောက်တည်း ဖြစ်သော်လည်း စစ်သည်သိန်းချီသော စစ်စခန်းဆီသို့ ခပ်တည်တည်နှင့် ဦးတည်လာ၏။ အနီးကပ် ရောက်ချိန်မှာတော့ ချောင်ယောင်းအာ ဖြစ်နေကြောင်း မြင်ရ၏။

ချောင်ယောင်းအာက သူမ၏ ဘေးနားတွင် မည်သူမျှ မရှိသကဲ့သို့ အားလုံးကို လျစ်လျူရှုထားပြီး စစ်စခန်း၏ အဝသို့ တိုက်ရိုက် ရောက်ရှိလာသည်။ “ဒါက ဧကရာဇ်ရဲ့ အမိန့်တော် သဝဏ်လွှာပဲ။”

ဧကရာဇ်ဟု ပြောဆိုရန် တော်တော်ပင် သတ္တိမွေးရ၏။ ဤကောင်စုတ်လေးက မည်သည့်နေရာများ ဧကရာဇ်နှင့် တူနေသနည်း။ ထိုကောင်လေးက မျက်နှာကို လျာနှင့်ယက်ပြီး အိပ်ဖို့လောက်သာ သိသူပင်။

ခဏလောက် တွန့်ဆုတ်ပြီးနောက်ပိုင်း ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား၏ ဆရာ ဝေရီရှင်းက စခန်းထဲမှ ထွက်လာ၏။ သူက လက်အိတ်ကိုစွပ်ပြီး ရှမ့်လန်၏ အမိန့်တော် သဝဏ်လွှာကို လက်ခံ၏။

“မိန်းကလေး ချောင်ယောင်းအာ... ကျုပ် စခန်းထဲကို ဝင်ပြီး လက်ဖက်ရည် သောက်အုံးမလား။” ဝေရီရှင်းက ဖိတ်ခေါ်၏။ ဤကဲ့သို့ လှပသည့် ချောင်ယောင်းအာက ရှမ့်လန်နှင့် ထိုက်တန်သည့် အရာမျိုး မဟုတ်ကြောင်း သတ်မှတ်မိသည်။

“မသောက်ဘူး။” ချောင်ယောင်းအာက လှည့်ထွက်သွား၏။

ဝေရီရှင်းက စခန်းထဲသို့ ပြန်ဝင်လာပြီး စင်မြင့်ပေါ်သို့တက်ကာ ရှမ့်လန်၏ အမိန့်တော် သဝဏ်လွှာကို ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားကို ပေးသည်။

ဖတ်ကြည့်လိုက်ချိန်မှာတော့ ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားက ချက်ချင်း ရယ်မော၏။

ရှမ့်လန်၏ အမိန့်တော် သဝဏ်လွှာက ခြိမ်းခြောက်ထားသည်။ “ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသား တပ်တွေကို ခေါ်ပြီး ချက်ချင်း ထွက်သွားဖို့ အမိန့်ပေးတယ်။ တော်ဝင်ချန်မင်းဆက်ရဲ့ နယ်မြေထဲကို ခြေတစ်လှမ်းတောင် ဝင်ခွင့်မရှိဘူး။ မဟုတ်ရင် စစ်သည်သိန်းချီ အမြစ်ပြတ် သုတ်သင်ခံရမယ်။”

“ဟား ဟား ဟား... ဒီအချိန်မှာတောင် ရှမ့်လန်က မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုဆိုတာကို သုံးပြီး လူတွေကို ခြောက်လှန့်ချင်နေသေးတယ်။ ရယ်စရာ ကောင်းလိုက်တာ။ သူ ဘာလုပ်ချင်နေတာလဲ။ စစ်တပ်အလွတ်ကြီး၊ ခံတပ်အလွတ်ကြီးနဲ့ ကစားချင်နေတာလား။ စစ်သည်အားလုံးကို နောက်ဆုတ်ခိုင်းပြီး ကျုပ်ဆီကို ခြိမ်းခြောက်စာ ရေးနေသေးတာလား။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အေးစက်စက်နှင့် ရယ်မော၏။

သူက စစ်သည်ထောင်ဂဏန်းတို့ကို တင်းယွမ်မြို့သို့ စေလွှတ်၍ စုံစမ်းခိုင်းလိုက်သေး၏။ မကြာခင် သူလျှိုအားလုံး ပြန်ရောက်လာပြီး သတင်းပို့ကြသည်။

“အရှင်... ချောင်ပြည်နယ်ရဲ့ စစ်သည်သိန်းချီက ဆုတ်ခွာသွားပေမဲ့ ရှမ့်လန်က မဆုတ်ခွာပါဘူး။ သူက မြို့ရိုးပေါ်မှာ ရပ်နေတယ်။ သူနဲ့အတူပါလာတဲ့ စစ်သည် ရာဂဏန်းကလည်း မဆုတ်ခွာပါဘူး။ အားလုံးက မြို့ရိုးပေါ်မှာ ရပ်နေတယ်။ လူလွှတ်ပြီး မျဉ်းတားခိုင်းနေပါတယ်။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ရယ်မော၏။ “မျဉ်းတားတယ် ဟုတ်လား။ ဘာမျဉ်းတားတာလဲ။”

ထိုကင်းထောက်ခေါင်းဆောင်က ပြောသည်။ “တော်ဝင်ချန်မင်းဆက်ရဲ့ နယ်မြေ နယ်နိမိတ် ဖြစ်လောက်ပါတယ်။ ကျုပ်တို့ရဲ့ စစ်တပ် အဲမျဉ်းကို ကျော်တာနဲ့ သူက ကျုပ်တို့ကို ဖျက်ဆီးမယ့်ပုံပဲ။”

“ဟား ဟား ဟား... စိတ်ဝင်စားစရာပဲ။ တကယ်ကို စိတ်ဝင်စားစရာပဲ။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “သူ ထွက်မပြေးသေးသရွေ့ သူ့ကို တောက်လျှောက် ကြည့်ထားကြ။ မနက်ဖြန် စစ်တပ်ကို ပြင်ဆင်ထားကြတော့။ မနက်ဖြန် စစ်တိုက်ကြမယ်။ ပြီးတော့ ရှမ့်လန်ကို သတ်ပစ်မယ်။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အော်ဟစ်လိုက်သည်။

“နားလည်ပါပြီ။”

.................

နောက်တစ်ရက် မနက်ခင်း ၂ နာရီလောက်မှာတော့ ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားနှင့် သူ၏ စစ်သည်ပေါင်း သောင်းချီတို့က ရုတ်တရက် စောစောထကာဖြင့် စားသောက်လျက် ရှိနေ၏။

မနက်ခင်း ၃ နာရီသာ ရှိသေး၏။ စစ်တပ်များက စတင်ကာ စုဝေးနေကြပြီ ဖြစ်၏။ မနက်ခင်း ၅ နာရီမှာတော့ စစ်တပ်က စတင်ကာ လှုပ်ရှားလာခဲ့သည်။

တကယ်ကို မမျှော်လင့်ထားသည့် မြင်ကွင်းမျိုးပင် ဖြစ်၏။ စစ်သည် စုစုပေါင်း သိန်းချီကျော်တို့က စတုရန်း အစီအရင် ၆၀ ကျော် ထက်မနည်းကို စီစဉ်ရွေ့လျားလာခဲ့၏။ တကယ်ကို သပ်ရပ်ပြီး အကန့်အသတ်မရှိ ကျယ်ပြောလှ ချေ၏။ တစ်ခုနှင့်တစ်ခုက ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ချိတ်ဆက်ထားသကဲ့သို့ပင်။

“ဘန်း... ဘန်း... ဘန်း...”

စစ်သည်ပေါင်း သိန်းချီတို့က စစ်ချီသံအတိုင်း သပ်ရပ်ညီညာစွာဖြင့် ရှေ့ကို လှမ်းလျှောက်လျက် ရှိနေ၏။ ရှေ့ကို ခြေလှမ်းပေါင်းများစွာ လှမ်းလျှောက်ပြီးနောက် မြေပြင်တစ်ခုလုံးက တုန်ဟီးလို့ နေလေသည်။ တကယ်ကို ကြီးကျယ်ခမ်းနားလှသည့် မြင်ကွင်းကြီး တစ်ခုပင်။ ဂိုဘီသဲကန္တာရ တစ်ခုလုံးတွင် မြေမျက်နှာပြင် အစအဆုံး မရှိချေ။ မြင်မြင်သမျှ စစ်သည်များကိုသာ မြင်နေရ၏။

ရှမ့်လန်က မထွက်ခွာသေးသလို၊ သူ၏ ထိပ်တန်းစစ်သည် ရာဂဏန်းတို့ကလည်း မထွက်ခွာသေးချေ။ သူတို့က မိုင်ဒါဇင်နှင့်ချီ ရှည်လျားသည့် မြို့ရိုးပေါ်တွင် တစ်ယောက်တည်း ရပ်နေကြပြီး အလွန်လည်း သတ္တိကောင်းပုံ ပေါ်သည်။

သို့သော်ငြား ချောင်စစ်သည် သိန်းချီအားလုံးက ဆုတ်ခွာသွားခဲ့ပြီးဖြစ်သောကြောင့် တင်းယွမ်မြို့ထဲတွင် မည်သူမှ မရှိတော့ချေ။ မြင်းတစ်ကောင်၊ ဝက်တစ်ကောင်မှပင် မရှိဘဲ အလွန် အထီးကျန်ဆန်နေပုံပေါ်၏။ မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်က လူရာဂဏန်းကို အသုံးပြုပြီး စစ်သည်သိန်းချီရှိသည့် စစ်တပ်ကြီးကို တိုက်ခိုက်ချင်နေပုံ ရ၏။ ဤသည်က အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခုပင်။

“ဘုန်း... ဘုန်း...”

ောကကြီးထဲတွင် စစ်သည်များ မြေပြင်ကို နင်းလျှောက်သည့် ခြေသံများသာ ကျန်ရှိနေသကဲ့သို့ပင် ရှိ၏။ ရှမ့်လန်က မှန်ပြောင်းကို အသုံးပြုပြီး ကောင်းကင်ကို ထပ်မံကာ ကြည့်ရှု၏။ ဤအချိန်မှာတော့ နေ့ခင်းဘက် ဖြစ်သော်လည်း ကြယ်တံခွန်၏အတွင်း နျူကလီးယပ်ကိုပင် မြင်တွေ့ရ၏။ ပို၍ပို၍ နီးကပ်လာချေ၏။ အကြိမ်တိုင်းက အလွန်နီးကပ်နေသည်ကို သူ သိရှိထားသော်လည်း ယခုတစ်ကြိမ်တွင် အလွန်နီးကပ်၏။

ထို့အပြင် မှန်ပြောင်းမှတစ်ဆင့် ကြယ်တံခွန်က ဆက်တိုက် ကွဲအက်ပြီး ပြိုကွဲနေသည်ကိုလည်း ရှမ့်လန် မြင်တွေ့ရ၏။ ရေခဲအားလုံးက အငွေ့ပျံ့သွားပြီဖြစ်ပြီး အလင်းရောင် မရှိသလောက် ဖြစ်နေ၏။ အလွန် အဆင့်မြင့်မား သည့် အနီးကြည့် မှန်ပြောင်းသာ မရှိလျှင် ကောင်းကင်ပေါ်တွင် မည်သည့်အရာကိုမှ မြင်ရလိမ့်မည် မဟုတ်ချေ။

“နတ်ဘုရားများက ကောင်းချီးပေးပါစေ။ ဒီတစ်ခါ ကြီးမားတဲ့ ဝင်တိုက်မှုက မျှော်လင့်ထားတာထက် တစ်ရက် နောက်ကျနေတယ်။ ဒါက ဘာအဓိပ္ပာယ်လဲ။ ဒါပေမဲ့ ဝင်တိုက်မဲ့နေရာက အတူတူပဲ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဂြိုဟ်က လည်ပတ်ဖို့ တစ်ရက် အချိန်ယူရလို့ပဲ။”

အကယ်၍ ကြီးမားတဲ့ ဝင်တိုက်မှုကြီးသာ ဤနေရာတွင် မဖြစ်ခဲ့ဘူးဆိုပါက ရှမ့်လန် အနေနှင့် သဘာဝ ဓာတ်ငွေ့သိုက်ကြီးကို လုံးဝ ဖောက်ခွဲပစ်လိုက်ရုံမှတစ်ပါး တခြား ရွေးချယ်စရာ မရှိတော့ချေ။ သို့သော်ငြား ထိုသို့ဖြစ်လာပါက ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား၏ စစ်သည်သိန်းချီကို မိုင်ရာချီ ဝေးကွာသည့် နေရာသို့ မြားခေါ်ရန် ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးပြုရပေလိမ့်မည်။

သဘာဝဓာတ်ငွေ့သိုက်ကြီးက မိုင်နှစ်ဆယ် ဝေးကွာသည့်နေရာတွင် ရှိနေပြီး ရှမ့်လန် သတ်မှတ်ထားသည့် ဖောက်ခွဲရေး နေရာကလည်း ထိုနေရာ၌ရှိ၏။ သူက အခြေအနေနှစ်ခုလုံးအတွက် ပြင်ဆင်ရပေလိမ့်မည်။ အစီအစဉ် (၁) က မအောင်မြင်ပါက အစီအစဉ် (၂) ကို အကောင်အထည်ဖော်ရမည်။

မိုင်နှစ်ဆယ်ဆိုသည်က စစ်သည်သိန်းချီ လေးနာရီလောက် လမ်းလျှောက်ဖို့ လုံလောက်၏။

အလွန် ထူးဆန်းသည့် ခံစားမှုတစ်ခုပင်။ တော်ဝင်ရန်မင်းဆက်၏ စစ်သည်သိန်းချီက ဆက်လက် နီးကပ်လာပြီး ကောင်းကင်ပေါ်ရှိ ကြယ်တံခွန်ကလည်း ဆက်လက်နီးကပ်လာ၏။ နှစ်ဖက်စလုံး၏ ခြေလှမ်းများက မယုံကြည်နိုင်လောက်အောင် တပြိုင်နက်တည်း ဖြစ်နေပုံပင်။

“ယောင်းအာ... ကြီးမားတဲ့ တိုက်ခိုက်မှုကြီး ဖြစ်လာရင် ငါ့ကို ကာကွယ်ပေးဖို့ သတိရအုံးနော်။” ရှမ့်လန်က လှမ်းပြောသည်။

ချောင်ယောင်းအာက ပြောလိုက်၏။ “ရှင် နောက်ဆုတ်နေလို့ရတယ်။ ဒါမှမဟုတ် မြေအောက်မှာ ပုန်းနေလို့ ရတယ်လေ။”

ရှမ့်လန်က ပြောသည်။ “မရဘူး။ ဒီမှာရပ်ပြီးတော့ အထာကျကျ နေချင်သေးတာ။ ဒါကြောင့် ဆံပင်တစ်ချောင်း ကိုတောင် မထိခိုက်အောင် ကူညီပေး။”

“သိပါပြီ။” ချောင်ယောင်းအာက ပြန်ပြော၏။

........

“အရှင်ရှမ့်လန်... ဒီမြို့သိမ်းယာဉ်တွေက နည်းနည်း ထူးဆန်းနေတယ်။”

နတ်ဆရာမ ရှယ်လီက ရုတ်တရက် ပြောလိုက်၏။ “ဒီမြို့ရိုးက ပျက်စီးနေပြီ၊ ပြီးတော့ သူတို့ဆီမှာက လူ ရာဂဏန်းလောက်ပဲ ရှိတယ်။ ရန်သူ့ဆီမှာ သိန်းချီရှိနေတာကို ဘာလို့ မြို့သိမ်းယာဉ်တွေ လိုအပ်နေတာလဲ။”

နတ်ဆရာမ ရှယ်လီက အမြင်စူးရှ၏။ မြို့သိမ်းယာဉ်တစ်စီးက အတုဖြစ်ကြောင်း သိသာ၏။ အထဲတွင် ရှေးဟောင်းစွမ်းအင်ဗဟိုချက်တစ်ခုကို ဝှက်ထားပြီး ရှမ့်လန်ကို ဖောက်ခွဲရန် အသုံးပြုမှာဖြစ်၏။ ပေါက်ကွဲသည်နှင့် ရှမ့်လန်က သေဆုံးရုံသာမက သူ၏ ဘေးတစ်ဖက်ရှိ လူရာဂဏန်းတို့ကလည်း သေဆုံး ပေလိမ့်မည်။ သတ္တုဟိုက်ဒရိုက်ဂျင် ပေါက်ကွဲမှု၏ စွမ်းအားက နဂါးနောင်တလောက် မပြင်းထန်သော်လည်း ဧရိယာ တစ်ထောင်အတွင်းရှိ လူတိုင်းကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

.................

“ဒီနေရာက အနောက်ဘက် အရမ်းကျလွန်းလို့ နေထွက်တာ နောက်ကျနေတယ်။ မနက် ၈ နာရီလောက်မှ နေထွက်တယ်။”

ဧရာမနဂါးမင်းကြီးက အရှေ့ဘက် မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာပြီး မျက်စိကျိန်းမတတ် အလင်းရောင်များကို ထုတ်လွှတ်နေ၏။ တစ်ချိန်တည်းမှာပဲ ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသား၏ စစ်သည်ပေါင်း ခြောက်သိန်းက မိုင်နှစ်ဆယ်ခရီးနှင်နေပြီး ရှမ့်လန် သတ်မှတ်ထားသည့် နယ်နိမိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။

ရှမ့်လန်က အသံချဲ့စက်ကို ကောက်ကိုင်ကာ အော်ဟစ်၏။ “ရပ်ကြ... ရပ်။”

ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားက လက်ကို ဝှေ့ယမ်းလိုက်၏။ မရေတွက်နိုင်သည့် အလံများကို ဝှေ့ယမ်းလိုက်ကြ၏။ စစ်သည်များက ရပ်တန့်ရန် မိနစ်အနည်းငယ် ကြာမြင့်၏။ မိုင်ဒါဇင်ချီ ရှည်လျားသည့် စစ်တပ်ကြီးက ရှမ့်လန်၏ နယ်နိမိတ်ရှေ့တွင် ရပ်တန့်သွားခဲ့သည်။

ရှမ့်လန်က အသံချဲ့စက်ကို ကောက်ကိုင်ကာ အော်ဟစ်၏။ “ခင်ဗျားတို့ရှေ့မှာ ရှိနေတာ တော်ဝင်ချန် မင်းဆက်ရဲ့ နယ်မြေပဲ။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ မဟုတ်ရင် ဖျက်စီးခံရမယ်။ လောကမြေပြင်ပေါ်ကနေ သုတ်သင် ရှင်းလင်းခြင်းကို ခံရမယ်။ သတိမပေးဘူးလို့ မပြောနဲ့နော်။”

အသံချဲ့စက် သုံးထားသော်လည်း ရှမ့်လန်၏ အသံက တိုးလွန်း၏။ သို့သော်လည်း ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် အရူးကြီးက တစ်ချိန်တည်းမှာပဲ အသံကို ထပ်မံကာ အားဖြည့်ပေးနေသောကြောင့်ပင်။ သူ၏ အော်သံကို မိုင်ဒါဇင်နှင့်ချီအထိ ရှင်းလင်းစွာ ကြားနိုင်သည်။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ရယ်မောကာ ပြော၏။ “ရှမ့်လန်... ဒီလိုအချိန်ကို ရောက်နေတာတောင် မင်း ဟန်ဆောင်ချင်နေတုန်းပဲလား။ ဒီလို နဂါးနောင်တကို အရှေ့ဘက် ကျွန်းတစ်ကျွန်းကနေ ရခဲ့တယ်။ အဲဒါကလည်း တစ်ခုပဲ ရှိတာ။ မဟာဗျူဟာမြောက် လက်နက်ဆိုတာ မရှိတော့ဘူး။

ရှမ့်လန်... မင်း ကြွားဝါတာ များလွန်းနေပြီ။ မင်းရဲ့ အမိန့်တော် သဝဏ်လွှာက လုံးဝ ဟာသ ဖြစ်သွားလိမ့်မယ်။ မင်းရဲ့တော်ဝင်ချန်မင်းဆက်က လုံးဝ ဟာသ ဖြစ်သွားလိမ့်မယ်။ တော်ဝင်ချန် ဧကရာဇ်ဆိုတဲ့ မင်းကလည်း ဟာသတွေထဲက ဟာသ ဖြစ်သွားလိမ့်မယ်။

ရှမ့်လန်... တော်ဝင်ရန်မင်းဆက်ရဲ့ စစ်သည်သိန်းချီက ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်နယ်ကို ဝန်းရံထားခဲ့ပြီးပြီ။ ငါ့ရဲ့ စစ်တပ်က ချောင်ပြည်နယ်ထဲကို ဝင်လိုက်တာနဲ့ အဲဒါက တိုက်ခိုက်ဖို့ အချက်ပြလိုက်တာပဲ။ ရှမ့်လန်... ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်နယ်လုံးက သွားပြီ။ မင်းရဲ့ တော်ဝင်ချန်မင်းဆက်ကလည်း သွားပြီ။ လူပြက်လိုကောင် မင်းရဲ့ ဖျော်ဖြေပွဲကို ရပ်လိုက်တော့။”

ထို့နောက် ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက စစ်မြင်းကို စီးနင်းပြီး နယ်နိမိတ်ကို ဖြည်းညင်းစွာ ကျော်ဖြတ်လာ၏။ ပြီးနောက် နောက်ကို ဆုတ်၏။ ပြီးနောက် ပြန်တက်၏။ ပြီးနောက် နောက်ကို ပြန်ဆုတ်၏။ နယ်နိမိတ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေသကဲ့သို့ပင်။

“ဟေ့... ငါ ဝင်လာပြီ။ ကဲ... ငါ ထွက်သွားပြီ။ ငါ ဝင်လာပြီ... ပြန်ထွက်သွားပြန်ပြီကွာ။” အိမ်ရှေ့စံမင်းသားက ဟာသလုပ်၊ အရွှန်းဖောက်လျက်ရှိသည်။

“ရှမ့်လန်... တော်ဝင်ချန်မင်းဆက်ထဲကို အကြိမ်ကြိမ် ဝင်လိုက်ထွက်လိုက် လုပ်နေတယ်။ မင်းရဲ့ အဖျက်စွမ်းအား တိုက်ခိုက်မှုကြီးက ဘယ်မှာလဲ။ မင်းရဲ့ မဟာဗျူဟာမြောက် လက်နက်က ဘယ်မှာလဲ။ ငါ့ရဲ့ စစ်သည်သိန်းချီကို အမြစ်ပြတ်သုတ်သင်မယ်ဆိုတဲ့ လက်နက်က ဘယ်မှာလဲ။ ဘယ်မှာလဲ... ဟား ဟား ဟား…. လူပြက်ကောင်... မင်းရဲ့ ရုပ်ဆိုးတဲ့ ပြဇာတ်က ပြီးသွားပြီ။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ရယ်မောခြင်းကို ရပ်တန့်ကာ လက်ကို ဝှေ့ယမ်းပြ၏။

“တိုက်... ရှမ့်လန်ကို သတ်ပစ်၊ တော်ဝင်ချန်မင်းဆက်ကို ဖျက်ဆီးပစ်။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် သူ၏နောက်တွင် ရှိနေသည့် စစ်သည်ပေါင်း သိန်းချီက ရှေ့ဆီသို့ ချီတက်လာကြသည်။

“ဘုန်း... ဘုန်း...” မြေပြင်တစ်ခုလုံးက တုန်ခါနေ၏။

စစ်သည်သိန်းချီတို့က နယ်နိမိတ်များကို တစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်ပြီး တော်ဝင်ချန်မင်းဆက်၏ နယ်မြေကို ကျူးကျော်ကာ ရှမ့်လန် ရေးဆွဲထားသည့် မျဉ်းများကို နင်းခြေသွားကြသည်။

...

အပိုင်း (၁၀၂၆)

အိမ်ရှေ့စံမင်းသားက ရယ်မောကာ ပြော၏။ “ရှမ့်လန်... ငါ တစ်ယောက်တည်း မင်းရဲ့ မဟာတော်ဝင်ချန် မင်းဆက်ထဲကို ဝင်ထွက်နေတာ မဟုတ်ဘူး။ ငါ့ရဲ့ စစ်သည်သိန်းချီလည်း ဝင်လာခဲ့ပြီ။ မင်းရဲ့ မဟာဗျူဟာမြောက် လက်နက်ဆိုတာ ဘယ်မှာလဲ။ ငါတို့ကို လောကရဲ့ မြေပြင်ပေါ်ကနေ သုတ်သင်ရှင်းလင်းပစ်မယ် ဆိုတဲ့ လက်နက်က ဘယ်မှာလဲ။ ဟား ဟား ဟား။”

ထိုအခိုက်မှာပဲ ရှမ့်လန်က ကောင်းကင်ပေါ်သို့ မော့ကြည့်၏။ ကြယ်တံခွန် နျူကလီးယားက နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်၏။ ဂြိုဟ်နှင့် အနီးဆုံးနေရာသို့ ရောက်ချိန်မှာတော့ ကြီးမားသည့် ဆွဲငင်အားကြောင့် အရှိန်ဖြင့် ကျဆင်းသည်။

“ရွှမ်း... ရွှမ်း...”

ဥက္ကာခဲများက ကောင်းကင်ပေါ်မှ တစ်ခုပြီးတစ်ခု ကျဆင်းလာ၏။ ကောင်းကင်ထက်တွင် မီးတောက်တန်း ရှည်ကြီးကို ဆွဲယူလာ၏။

ဥက္ကာခဲများက ကောင်းကင်မှ တစ်ခုပြီးတစ်ခု ကျဆင်းလာ၏။ ကောင်းကင်ထက်တွင် မီးတောက်ရှည် တန်းကြီးများ ဖြစ်ပြီး သူတို့က ဂိုဘီသဲကန္တာရနှင့် စစ်သည်သိန်းချီပေါ်သို့ ကျဆင်းလာခဲ့ခြင်းပင်။ ထူထဲသည့် ဥက္ကာခဲ မိုးရွာချမှုကြီးပင် ဖြစ်သော်လည်း ထွက်ပေါ်လာသည့် အလင်းရောင်က သာမန်ဥက္ကာခဲများ၏ အနီရောင် မဟုတ်ဘဲ အစိမ်းရောင်ဖြစ်နေသောကြောင့် နဂါးနောင်တနှင့် တကယ်ဆင်တူသည်။

ရှမ့်လန်က လက်နှစ်ဖက်ကို မြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ငါ့ရဲ့ တော်ဝင်ချန်မင်းဆက်က မြင့်မြတ်ပြီး ထိပါးလို့မရဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်ပဲ သန်မာနေပါစေ၊ ငါ့ရဲ့ တော်ဝင်ချန်မင်းဆက် နယ်မြေထဲကို ခြေတစ်လှမ်းကျော်လာတဲ့ ဘယ်ရန်သူမျိုးကိုမဆို သုတ်သင်ရှင်းလင်းပစ်မယ်။ သူတို့ကို သုတ်သင်ပစ်လိုက်တော့။”

မြေလောကကြီးတစ်ခုလုံး တုန်လှုပ်စေသည့် တရွှီးရွှီးမြည်သံများကြားထဲမှာပဲ ရှမ့်လန်၏ အသံက ကောင်းကင်ယံအနှံ့သို့ ပဲ့တင်သွားခဲ့၏။

“ရွှီး ရွှီး...”

မြေလောကကြီးတစ်ခုလုံး တုန်လှုပ်စေနိုင်သည့် တရွှီးရွှီးအသံများ၏ကြားတွင် ဥက္ကာခဲကြီးက မြေပြင်ပေါ်သို့ တဘုန်းဘုန်းနှင့် ကျသည်။

“ဘုန်း... ဘုန်း...”

ထိတ်လန့်ဖွယ်ရာကောင်းသည့် ပေါက်ကွဲသံများက ဆက်တိုက် ဖြစ်ပေါ်နေပြီး ထိတ်လန့်ဖွယ်ရာ ကောင်းသည့် မီးတောက်များ ထွက်ပေါ်လာ၏။ ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဦးစီးသော စစ်သည်ပေါင်း သိန်းချီတို့က ကမ္ဘာမြေလောကပေါ်မှ သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရပြီ ဖြစ်၏။

...........

အချိန်ကို လွန်ခဲ့သည့် ရက်နှစ်ဆယ်ဆီသို့ ပြန်လည်ကာ သွားရောက်ရမည်ဆိုလျှင် .....

နုရှောင့်မြို့၏ မြေအောက်ခန်းထဲမှာတော့ ရှမ့်လန်က ပြောသည်။ “ငါ ရှုံးသွားပြီ။”

မှန်က အနည်းငယ် ရှက်ရွံ့နေပုံပေါ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပုံရ၏။ အဘယ်ကြောင့်ဆိုသော် သူက နောက်တစ်ကြိမ် အနိုင်ရရှိခဲ့သောကြောင့်ပင်။ သူ၏ စစ်တုရင် ကစားကွက်များက ကြောက်မက်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေပြီး ရှမ့်လန်အနေဖြင့် စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲ၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က AI ၏ အကူအညီဖြင့် ကစားနေသည်ကိုတောင်မှ ရှုံးနိမ့်လုနီးပါး ဖြစ်နေသောကြောင့်ပင်။

ဂိုကစားနည်းက မဟာဗျူဟာနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုကို အများဆုံး စမ်းသပ်သည့် အရာမျိုး ဖြစ်ပြီး လူသားများ၏ ဉာဏ်ရည်ပိုင်းဆိုင်ရာ အရေးပါသော နေရာတစ်ခုလည်း ဖြစ်သကဲ့သို့ဖြစ်သည်။

ရှမ့်လန် ရှုံးသည်ဆိုလျှင်တောင် ပုံမှန်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူက တစ်သက်လုံး ကိုယ့်ဘာကိုယ် တစ်ယောက်တည်း ကစားရင်း စစ်တုရင်ထိုးနေခဲ့သူ ဖြစ်သောကြောင့်ပင်။ ဤမှန်က ကျဉ်းမြောင်းသည့် နယ်မြေတစ်ခုအတွင်းမှာ ဉာဏ်ရည်ကို အကန့်အသတ်ဖြင့် အသုံးပြုခဲ့၏။ ရှမ့်လန် မြင်ဖူးသမျှ လူများထဲတွင် ဉာဏ်ကောင်းဆုံး လူသားတစ်ယောက် နီးပါးပင်။

ရှမ့်လန်က မေး၏။ “မှန်... မင်းမှာ သဘောကျနေတဲ့ ကောင်မလေး ရှိလား။”

မှန်က ရှက်ရွံ့စွာဖြင့် ခေါင်းကို ခါယမ်းကာ ပြောသည်။ “မရှိပါဘူး။”

ရှမ့်လန်က မေး၏။ “ဘာလို့လဲ။ သူတို့က လုံလောက်အောင် မလှလို့လား။”

မှန်က ခေါင်းကို ခါယမ်းကာ ပြောသည်။ “မဟုတ်ဘူး။ သူတို့က လှလွန်းနေလို့ပါ။”

မှန်က တကယ်ကို ထူးခြားသည့် လူတစ်ယောက်ဖြစ်၏။ အမျိုးသမီးတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို သူ လုံးဝ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က လုံလောက်အောင် ချောမောနေပြီ ဖြစ်သောကြောင့်ပင်။

ဟုတ်ပေ၏။ ရှမ့်လန်သည်လည်း အနှိုင်းမဲ့ရုပ်အသွင်ကို ချောမောသူပင်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး၏ ရုပ်ရည်က ထပ်တူနီးပါး တူညီသောကြောင့်ဖြစ်၏။ သို့သော်လည်း ရှမ့်လန်က မှန်ကြည့်လေ့ မရှိချေ။ မှန်ကမူ မှန်ထဲ၌ မိမိကိုယ်ကို အမြဲတမ်း ကြည့်ရှုနေသည် ဖြစ်သောကြောင့် လှပသည့်မျက်နှာ၏ ဆွဲဆောင်မှုကို ခံနိုင်ရည် ရှိနေသကဲ့သို့ပင်။

ရှမ့်လန်က ပြော၏။ “မှန်... မင်းက ငါမြင်ဖူးသမျှ ဂိုကစားတဲ့ နေရာမှာ အသန်မာဆုံးနဲ့ အားအကောင်းဆုံး ပြိုင်ဘက်ကင်း တစ်ယောက်ပဲ။ ငါမြင်ဖူးသမျှ လူတွေထဲမှာလည်း ဉာဏ်ကောင်းဆုံးပဲ။ ဒီတော့ မဟာဗျူဟာ ဆိုတာ ဘာလဲ မင်းသိမှာပေါ့။”

မှန်က ခေါင်းညိတ်ကာ ပြောသည်။ “သုံးလှမ်းကို ကြိုတွေးတာ၊ လေးလှမ်း ၊ ငါးလှမ်းကို ရှေ့ကို ကြိုတွေးတာပဲ။”

ရှမ့်လန်က ပြော၏။ “ဟုတ်တယ်၊ မဟာဗျူဟာဆိုတာက တခြားသူတွေထက် ပိုပြီး ခပ်ဝေးဝေး မြင်နိုင်တာမျိုးကို ခေါ်တာပဲ။ ဒီလောကကြီးမှာ စကားပုံတစ်ခု ရှိတယ်။ ပုစဉ်းရင်ကွဲကို နှံကောင်က ချောင်းနေတယ်၊ အနောက်မှာ စာကလေးရှိနေတာကို သတိမထားမိဘူးတဲ့။ နောက်ထပ် စကားပုံတစ်ခုလည်း ရှိသေးတယ်။ ငှက်နဲ့ ယောက်သွား ရန်ဖြစ်တော့ တံငါသည် အမြတ်ထွက်တယ်တဲ့။”

ရှမ့်လန် ပြောလိုက်သည့် စကားလုံးတိုင်းကို မှန်က နားလည်၏။ အဘယ်ကြောင့်ဆိုသော် သူကလည်း စာဖတ်နာသူ တစ်ယောက်ဖြစ်သောကြောင့်ပင်။

ရှမ့်လန်က ထပ်ပြောသည်။ “နောက်ထပ် စကားပုံတစ်ခု ရှိသေးတယ်။ မျှော်လင့်ချက်မဲ့နေပြီလို့ ခံစားရတဲ့ အချိန်က တကယ်တော့ အောင်ပွဲနဲ့ နီးစပ်တဲ့ အချိန်ပဲ။ ဒါပေမဲ့ ကြီးမားတဲ့ အောင်ပွဲကို ရရှိတော့မယ်လို့ ထင်နေတဲ့ အချိန်ကလည်း ကပ်ဘေးဆိုးကြီး ဖြစ်လာနိုင်တယ်။”

မှန်က ထပ်မံကာ ခေါင်းညိတ်၏။ သူက နားလည်နေဆဲပင်။ သူက တခြား မည်သူနှင့်မှ မထိတွေ့သလောက် ဖြစ်သော်လည်း စာအုပ်ပေါင်းများစွာကို ဖတ်ရှုခဲ့၏။ သူ၏ စာဖတ်ပုံက တခြားသောသူများနှင့် မတူချေ။ ထိုအရာက ကိုယ့်ကိုယ်ကိုယ် အစားထိုး ခံစားကြည့်ခြင်း တစ်မျိုးဖြစ်၏။

သူက စာအုပ်ထဲတွင် သူ၏ ဝိညာဉ်နှင့် စိတ်ဓာတ် တစ်ခုလုံးကို မြှုပ်နှံထား၏။ ထို့အပြင် ဇာတ်လိုက်မင်းသား နေရာတင်မကဘဲ ဇာတ်ပို့နေရာ၊ ဗီလိန်နေရာများမှာပါ ဝင်ရောက်ခံစားတတ်၏။ ထို့ကြောင့် သူက စာအုပ် တစ်အုပ်ကို အကြိမ်ပေါင်းများစွာ ဖတ်ရှုနိုင်၏။ အဘယ်ကြောင့်ဆိုသော် မတူညီသည့် ဇာတ်ကောင်နေရာမှ ဝင်ရောက်ခံစားလိုက်သည်နှင့် စာအုပ်သစ်တစ်အုပ်ကို ဖတ်ရှုရသကဲ့သို့ ဖြစ်သောကြောင့်ပင်။

ရှမ့်လန်က ပြောသည်။ “မင်းက အရမ်းကို ဖြူစင်တယ်။ ပြီးတော့ ဉာဏ်ကောင်းတယ်။ အရမ်းလည်း အားကောင်းတယ်။ ပြီးတော့ ကြင်နာတတ်တယ်။”

မှန်က ရှက်သွေးဖြာကာဖြင့် ခေါင်းငုံ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “လာ... မှန်ကစားနည်းကို ထပ်ကစား ကြရအောင်။”

မှန်က မော့ကြည့်၏။ နောက်ထပ် ဖြစ်ပျက်ခဲ့သမျှ အားလုံးက အံ့အားသင့်စရာများ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ရှမ့်လန်က မည်သို့သော မျက်နှာထားမျိုးကို လုပ်သည်ဖြစ်စေ ၊ မှန်က ထပ်တူညီသည့် သဘောထားကို ပြုလုပ်နိုင်၏။ မျက်ဝန်း၊ စိတ်နေစိတ်ထား သို့မဟုတ် အသေးငယ်ဆုံးသော မျက်နှာ အမူအရာ ကအစ လုံးဝ ထပ်တူကျ၏။ မှန်တစ်ချပ်ကို ကြည့်ရှုရသကဲ့သို့ တစ်ထပ်တည်း တူညီ၏။

ချာလီချက်ပလင် အတုခိုးပြိုင်ပွဲတွင် ချာလီချက်ပလင် အစစ်တောင်မှ တတိယနေရာတွင်သာ ရခဲ့၏။ ရှမ့်လန် အတုခိုးပြိုင်ပွဲတွင်တော့ ရှမ့်လန်က ဒုတိယသာ ရပေမည်။

ဟုတ်ပေ၏။ မှန်က ရှမ့်လန်နှင့် တစ်ထပ်တည်း တူညီနေသော်လည်း တချို့လူများကိုတော့ ဖုံးကွယ် လိမ်ညာ၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

ဥပမာအားဖြင့် ရှမ့်လန်၏ မိန်းမများနှင့် ယောင်ယောင်တို့ပင် ဖြစ်လိမ့်မည်။ ရှမ့်လန်၏ မိန်းမများက သူ့ဆီက လူရှုပ်အနံ့အသက်ကို မီတာအနည်းငယ် အကွာအဝေးက ရရှိနိုင်၏။ နှလုံးသားဖြင့် ကြည့်စရာမလိုဘဲ မှတ်မိနိုင်ပြီး သိသာထင်ရှားသည့် တခြားသော အနံ့အသက်များလည်း ရှိ၏။

ယောင်ယောင်ကမူ တခြားသော အဆင့်တစ်ခုတွင် ရှိ၏။ သူမက ဖခင်ဖြစ်သူကို မှတ်မိရန် သူမ၏ ဝိညာဉ်အာရုံကို အသုံးပြု၏။ ရှမ့်မီနှင့် ရှမ့်လီတို့က တစ်ခါတစ်ရံတွင် သံသယဝင်မိတတ်ပြီး သေသေချာချာ ခွဲခြားနိုင်ခြင်း မရှိချေ။ ဤကလေးနှစ်ယောက်က မှန် ရှိနေကြောင်းကို မသိကြချေ။ မှန် ပေါ်လာသည့် အခါမျိုးတွင် ရှမ့်မီက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတတ်သည်။

ရှမ့်လန်က ပြော၏။ “မှန်... တကယ်လို့ နောက်ပိုင်း တစ်စုံတစ်ခု ဖြစ်လာမယ်ဆိုရင် မင်း လုပ်နိုင်တယ် မဟုတ်လား။”

မှန်က မေးခွန်းထုတ်သည်။ “အင်း... လုပ်နိုင်ပါတယ်။ ခင်ဗျားအတွက် သေဖို့လား။”

ရှမ့်လန်က ပြော၏။ “မဟုတ်ဘူး။ ငါ့အတွက် မင်းကို သေစေချင်တာ မဟုတ်ဘူး။ ပြီးတော့ မင်း အသက်ရှင်ရမယ်။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ဘယ်လို အခြေအနေမျိုးမှာပဲရှိရှိ မင်း အသက်ရှင်ရမယ်။ ငါပြောတာကို နားလည်လား။”

မှန်က ပြောသည်။ “ကောင်းပါပြီ။”

.........

ချောင်ယောင်းအာက အမြဲတမ်း မာန်မာနကြီးပြီး လူတကာကို အထင်အမြင်သေးတတ်၏။ သူမ လေးလေးနက်နက် ကြည့်ဖူးသမျှ တစ်ဦးတည်းသော လူသားက သူမ၏ သမီး ယောင်ယောင်သာလျှင် ရှိ၏။ သူမက ရှမ့်လန်ကိုပင် လေးလေးနက်နက် မကြည့်ခဲ့ဖူးချေ။ မည်သို့ပင်ဆိုစေကာမူ လူရှုပ်အနံ့အသက်ကို ရနေသရွေ့ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တက်ခွင့်ပြုလိုက်ရုံပင်။

ရှမ့်လန်ကလည်း သူမနှင့် မီတာ ၂၀ အကွာသို့ ရောက်တိုင်း ချောင်ယောင်းအာ၏ အနံ့အသက်ကို ရရှိနေ၏။ သူမ၏ခန္ဓာကိုယ်တွင်လည်း ရှမ့်လန်၏ အနံ့အသက်များ စွဲနေသည်ကိုပင် သူမ ခံစားရ၏။ ဤတစ်သက် ဖယ်ရှားပစ်၍ပင် ရတော့မည် မဟုတ်ချေ။ ဟုတ်ပေ၏။ သူမက ဖယ်ရှားပစ်ချင်ခြင်းလည်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က သူမကို ပို၍ မိန်းမဆန်စေသောကြောင့်ပင်။

သူမ၏ လောကတွင် လူနှစ်ယောက်သာ ရှိ၏။ တစ်ယောက်က ရှမ့်လန် ဖြစ်ပြီး နောက်တစ်ယောက်က ယောင်ယောင်ပင်။ သူမ ဆိုသည်ကပင် တကယ်တမ်း မရှိသလောက် ဖြစ်၏။ ယခု ရှမ့်လန်က သူမ၏ အားနည်းချက်ကို ဆုပ်ကိုင်ထားခဲ့ပြီ ဖြစ်သောကြောင့် ဘာကိုလိုချင်သည်ဖြစ်စေ သူမကို ဆက်တိုက် ပူဆာနေရုံသာရှိ၏။ သူမ က ဘာမဆို ပြုလုပ်ပေးရန် ဆန္ဒရှိပေလိမ့်မည်။

စိတ်ခံစားချက်များက လူတစ်ယောက်၏ ဘဝကို ပြည့်စုံမှု ဖြစ်စေသော်လည်း လူတစ်ယောက်၏ ဘဝကို အနှောင့်အယှက်လည်း ဖြစ်၏။ ပေါ့ပါးလွန်းသည့် ချောင်ယောင်းအာက နောက်တစ်ကြိမ် ချည်နှောင်ခြင်းကို ခံခဲ့ရ၏။

တင်းယွမ်မြို့သို့ မလာခင် ရှမ့်လန်က ချောင်ယောင်းအာနှင့် သီးသန့်စကားပြောခြင်းဖြင့် ကိစ္စတစ်ခုကို ရှင်းလင်းချင်၏။ ဥပမာအားဖြင့် ပုစဉ်းရင်ကွဲကို နှံကောင်က ချောင်းနေပေမဲ့ အနောက်၌ စာကလေးရှိသည်ကို သတိမထားမိဘူး ဆိုသည့် အဓိပ္ပာယ်မျိုးပင်။ ရင်ကွမ်းနှင့် ရင်ဝူမင်တို့အကြောင်း၊ အင်ပါယာအကြောင်းနှင့် ဤလောကကြီးထဲတွင် ကြီးမားစွာ ဖြစ်ပွားလာတော့မည့် စစ်မှန်သည့် တိုက်ပွဲအကြောင်းတို့ကိုပင်။

နောက်ဆုံး ချောင်ယောင်းအာက လက်ကို ဝှေ့ယမ်းကာ ပြောသည်။ “ရှင် ကျွန်မကို တစ်ခုခု လုပ်စေချင်တယ်ဆိုရင် ပြောလိုက်၊ လုပ်နိုင်ရင် လုပ်ပေးမယ်။ မလုပ်နိုင်ရင်လည်း မျက်မှောင်ကြုတ်ပြီး လုပ်ပေးမယ်။ ဒါပေမဲ့ ရှင် ကျွန်မကို တစ်ခုခု ပြောချင်ရင်တော့ မေ့လိုက်တော့။ ကျွန်မ ဘာမှ မသိချင်ဘူး။ ဘာပဲပြောပြော ကျွန်မရဲ့ မျက်လုံးထဲမှာ ယောင်ယောင်ပဲ ရှိတယ်။ ရှင်ကတော့...”

မူလက ရှမ့်လန် သူမကို တစ်စုံတစ်ခု ပြောချင်ခဲ့၏။ ထိုအရာက အရမ်းအရေးကြီးသည့် ကိစ္စပင်။ သို့သော် သူ မပြောခဲ့ချေ။ သူမ ပြောတာကို ကြားပြီးနောက် သူက ထိုအတွေးကို ဖျောက်ဖျက်လိုက်၏။ စကားလုံးများက အကြောင်းအရာကို ပိုကာ ရှုပ်ထွေးသွားစေ၏။

ရလဒ်အားဖြင့် ချောင်ယောင်းအာက မျက်မှောင်ကြုတ်ကာ သဘောတူလိုက်ရသည်။

..................

တင်းယွမ်မြို့၏ ကောင်းကင်ယံထက်တွင် ဖျက်ဆီးခြင်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေဆဲပင်။

“ရွှမ်း... ရွှမ်း...”

ကြယ်တံခွန် ပြိုကွဲလာခဲ့ပြီးနောက် မရေတွက်နိုင်သည့် ဥက္ကာခဲများအဖြစ်သို့ ပြောင်းလဲသွားပြီး ဤလောကကြီးကို ဝင်တိုက်၏။ အမြန်နှုန်းက တကယ်ကို မြန်ဆန်လွန်းလှ၏။ မည်မျှ မြန်ဆန်လိုက်သနည်း။

အနှေးဆုံးက တစ်စက္ကန့်လျှင် ၁၁ ကီလိုမီတာဖြစ်ပြီး အသံ၏အမြန်နှုန်းထက် အဆ ၃၀ ခန့် ရှိ၏။ အမြန်ဆုံးက တစ်စက္ကန့်လျှင် ၇၆ ကီလိုမီတာ ဖြစ်ပြီး အသံအမြန်နှုန်းထက် အဆ ၂၀၀ ခန့် ရှိ၏။ ဤမြင်ကွင်းက လောကပျက်ကိန်းနှင့် ဆင်တူ၏။

နဂါးနောင်တ ဒါဇင်ပေါင်းများစွာ ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးနေသကဲ့သို့ပင်။

မူလက ရှမ့်လန်သည် ဥက္ကာခဲများ ပြိုကျသည်ကို ကြည့်ရင်း သီချင်းတစ်ပုဒ် သီဆိုချင်ခဲ့၏။ သို့သော်လည်း လောကပျက်ခြင်းနှင့်တူသည့် ဤထူးဆန်းသည့် မြင်ကွင်းကို မြင်ရချိန်မှာတော့ သူက အထာ မကျနိုင်တော့ပေ။ ချက်ချင်းပင် အော်ဟစ်လိုက်မိသည်။

“ပြေး။”

မပြေးလျှင် အကြီးအကျယ် ထိခိုက်ပေတော့မည်။ ပြီးနောက် ချောင်ယောင်းအာက သူ့ကို ဖမ်းခေါ်ကာ အရူးအမူး ပြေးလေတော့၏။

“ပြေး... ပြေး...”

ရှမ့်လန်၏ လက်အောက်ရှိ အထူးစစ်သည် ဒါဇင်နှင့်ချီနှင့် ထိပ်တန်းစစ်သည် ရာဂဏန်းတို့က ရူးသွပ်မတတ် ပြေးလွှားနေကြသည်။

မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမ ရှယ်လီက မူလက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တည်ငြိမ်စွာ ဆုတောင်း နေခဲ့၏။ သူမအတွက် ထိုအရာက စစ်မှန်သည့် အံ့ဖွယ်ရာ မီးနတ်ဘုရား မျက်လုံးတော် ဆင်းသက် လာရခြင်းပင်။ သို့သော်ငြား ကောင်းကင်နှင့်အပြည့် မီးတောက်များ ကျဆင်းလာသည်ကို မြင်ချိန်မှာတော့ သူမလည်း ဆုတောင်းခြင်းကို ရပ်တန့်လိုက်ရ၏။

“ပြေးကြတော့။”

ပြီးနောက် သူမက မီးနတ်ဘုရားဂိုဏ်း၏ ထိပ်တန်းစစ်သည် ရာဂဏန်းကို ဦးဆောင်ပြီး အရှေ့ဘက်ဆီသို့ ရူးသွပ်မတတ် ပြေးလေတော့သည်။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားသည်လည်း ကောင်းကင်ကို မော့ကြည့်၏။ ပြီးနောက် မိုးကြိုးပစ်ခံလိုက်ရ သကဲ့သို့ပင် သူက လုံးဝမလှုပ်ရှားနိုင်တော့ချေ။ သူ၏ စိတ်ထဲတွင် ဗလာဟင်းလင်း ဖြစ်နေပြီး မည်သည့်အရာမှ မရှိတော့ချေ။

“ဘာ... ဘာကြီးလဲ။”

နဂါးနောင်တတွေ ဤမျှ များလှချည်လား။ သူ ရူးသွပ်သွားလေပြီလား။ ဤလောကကြီးကပဲ ရူးသွပ်သွားလေ ပြီလား။ ရှမ့်လန်က ဤမျှ စွမ်းအားကြီးနေသည်လား။ တစ်ဖက်လူ ကြွားဝါနေခြင်းဟု သူ ထင်မှတ်ခဲ့၏။ သို့သော် တကယ်တမ်း ဖြစ်လာခဲ့သည်။

“ရှမ့်လန်... ငါ့ရဲ့ စစ်သည်သိန်းချီကို ဖျက်ဆီးဖို့ နဂါးနောင်တတွေ အများကြီးကို ပစ်လွှတ်ဖို့ လိုလို့လား။ မင်း... မင်းကွာ။ ပြေး.... ပြေး...”

ပြီးနောက် ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက နောက်ထပ် စကားတစ်ခွန်းမှ မဆိုဘဲ ရူးသွပ်မတတ် ပြေးတော့၏။

“ရွှီး... ရွှီး... ဘုန်း... ဘုန်း..”

မရေတွက်နိုင်သည့် ဥက္ကာခဲများက နဂါးနောင်တများကဲ့သို့ မြေပြင်ပေါ်သို့ ကျရောက်၏။ ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေ၏။ စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော မြေပြင်က ထိတ်လန့်ဖွယ်ရာ မီးတောက်များနှင့် ပြည့်နှက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း နေမင်းကြီး မှေးမှိန်သွား၏။ နှိုင်းယှဉ်၍ မရနိုင်အောင် အစွမ်းထက်သည့် စစ်တပ်ကြီးက တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကုန်၏။ လောကပျက်ကိန်း မြင်ကွင်းနှင့် ရင်ဆိုင်ရချိန်မှာတော့ စစ်သည်များက ဦးစွာ ကြောင်သွား၏။ ပြီးနောက် တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။

ဥက္ကာခဲများ မြေပြင်ကို ထိမှန်ချိန်မှာတော့ သူတို့က ရူးသွပ်မတတ် စတင်ပြေးသွား၏။ သို့သော်ငြား ပြေးရန် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နေရာတိုင်းတွင် မီးတောက်ကြီးများ ရှိနေပြီး မြေပြင်တစ်ခုလုံးကလည်း တုန်ခါ အက်ကွဲနေသောကြောင့်ပင်။

“ဘုန်း...”

All Chapters