← Chapters

အခန်း (၁၀၂၇-၁၀၂၈)

Vol. 61 Ch. 1027-1028

အခန်း (၁၀၂၇-၁၀၂၈)

Vol. 61 Ch. 1027-1028

အပိုင်း (၁၀၂၇)

ကီလိုဂရမ် ရာဂဏန်းလောက် လေးသည့် ဥက္ကာခဲများ ကျဆင်းလာခဲ့ပြီး မီတာရာချီ အချင်းဝက်အတွင်း ရှိသမျှအားလုံးကို အနတ္တဖျက်ဆီးခြင်းအဖြစ် ပြောင်းလဲလိုက်၏။ တိုက်ရိုက်ဆိုသလို အငွေ့ပျံသွား၏။

မီတာတစ်ထောင် အချင်းဝက်အတွင်း ရှိသမျှ အရာအားလုံးက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ပြီး မီးတောက်များ ဝါးမျိုခြင်းခံရကာ မီးသွေးတုံးများ ဖြစ်ကုန်၏။ တိုက်ရိုက် ထိမှန်ပါက စစ်သည်တစ်သောင်းက ချက်ချင်းပြာကျ၏။ သောင်းနှင့်ချီ၊ သိန်းနှင့်ချီသည့် စစ်သည်များ သေဆုံးကုန်သည်။

“ဘုန်း... ဘုန်း...”

ကြီးမားလွန်းသည့် ဝင်တိုက်မှုကြီးက စက္ကန့်အနည်းငယ်သာ ကြာမြင့်ပြီး ပြီးဆုံးသွားခဲ့၏။ ပြီးနောက် နေရာတစ်ခုလုံး က ငရဲပြည် အဖြစ်သို့ ပြောင်းလဲသွား၏။

ဟုတ်ပေ၏။ စစ်သည်ခြောက်သိန်း အနက် တစ်စိတ်တစ်ပိုင်း ကသာ တိုက်ရိုက် ထိမှန်သေဆုံးခြင်းဖြစ်ပြီး ကျန်ရှိသူများက လွတ်မြောက်နိုင်မည်လား။

မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကြီးမားသည့် ဝင်တိုက်မှုကြီးကြောင့် ဖြစ်ပေါ်လာသည့် မီးတောက်ကြီး များက တည်နေရာတစ်ခုလုံး၏ လေထုကို ဖုံးလွှမ်းပြီး မရေတွက်နိုင်သည့် အဆိပ်ငွေ့များအား ထုတ်လွှတ်၏။ ထိုအရာက ကျန်ရှိသည့် လူအားလုံးကို သတ်ဖြတ်ရန် လုံလောက်ပေသည်။

...................

ကောင်းကင်ပေါ်ရှိ ဥက္ကာခဲ မိုးရွာချမှု ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ရှမ့်လန်၏ စစ်တပ်က အရှေ့ဘက်သို့ အပြေးအလွှား ထွက်ခွာသွား၏။

အရာအားလုံးကို ကြိုတင်မြင်တွေ့ထားခဲ့သောကြောင့် ရှမ့်လန်က ကောင်းစွာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ သူက စစ်သည်တိုင်းကို ဓာတ်ငွေ့ကာ မျက်နှာဖုံးနှင့် အသက်ရှူ ကိရိယာ တစ်ခုစီ ပေးထားသည်။

ထိုတောင်မှ နောက်ကျကျန်ခဲ့သည့် မီးနတ်ဘုရားဂိုဏ်းမှ စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်၏။ ဝင်တိုက်သည့်နေရာနှင့် အဝေးကြီး၌ ရှိသည်ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် တုန်ခါမှုလှိုင်းများနှင့် ကြောက်မက်ဖွယ်ရာကောင်းသည့် မီးတောက်များကို မရှောင်ရှားနိုင်ခဲ့ပေ။

ရှမ့်လန်သည်လည်း ရှေးဟောင်း သံချပ်ကာ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးနှင့် အထူးရှေးဟောင်း အောက်ဆီဂျင်အိုးကို ဝတ်ဆင်ထား၏။ ထိုသို့ဆိုလျှင်တောင် သေမင်းတမန် ဆင်းသက်လာသကဲ့သို့ ခံစားနေရဆဲ ဖြစ်၏။

မြေပြင်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါနေပြီး မျက်စိရှေ့၌ပင် ပြိုကျ၏။ ပြင်းအား ၆ သို့မဟုတ် ၇ အဆင့်ရှိသည့် ငလျင်ကဲ့သို့ပင်။ တင်းယွမ်မြို့ တစ်ခုလုံးက ပြိုကျပြီး ရွှံ့အိမ်များက အရုပ်များကဲ့သို့ ဆက်တိုက် ကွဲကြေကုန်သည်။

သူတို့က ရူးသွပ်မတတ် ပြေးနေကြသည်။ ဤဝင်တိုက်မှုက ကြောက်မက်ဖွယ်ရာ ကောင်းပြီး ဖျက်ဆီနိုင်စွမ်းကလည်း ထင်မှတ်ထားသည်ထက် ပိုမိုကာ ကြီးမားလိမ့်မည်ဟု တွက်ချက်ခဲ့သော်လည်း ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

နောက်ဆုံး အရာအားလုံး ပြီးဆုံးသွားခဲ့၏။ ဝင်တိုက်မှုက ပြီးဆုံးသွားခဲ့ပြီး ပေါက်ကွဲမှုကလည်း ပြီးဆုံးသွားသည်။ သို့သော်ငြား ရှမ့်လန်၏ စစ်တပ်ကတော့ မရပ်တန့်သေးပေ။ သူတို့က အရှေ့ဘက်သို့ ဆက်လက် ပြေးသွားနေ၏။ အဘယ်ကြောင့်ဆိုသော် လုံလောက်အောင် ဘေးမကင်းသေးသောကြောင့်ပင်။

ချောင်ပြည်နယ်၏ စစ်သည် တစ်သိန်းကျော်က ၁၀ နာရီကျော် ကြိုတင်ဆုတ်ခွာ၏။ ဤအချိန်မှာတော့ သူတို့က မိုင်ဒါဇင်နှင့်ချီကာ ဝေးကွာနေပြီ ဖြစ်၏။

ရှမ့်လန်က အဖျက်စွမ်းအားကြီးမားသည့် လက်နက်ကြီးများကို ထုတ်လွှတ်ပြီး အနောက်ပိုင်း စစ်တပ်က စစ်သည် ခြောက်သိန်းကို အမြစ်ပြတ် သုတ်သင်ပစ်မည်ဟု မနေ့က ပြောခဲ့သည်ကို သူတို့ ကြားခဲ့သော်လည်း ထိုအရာက ဝါကြွားခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော်လည်း သူတို့က မျှော်လင့်လျက်ရှိ၏။ မနေ့ညတည်းက သူတို့က မအိပ်ခဲ့ကြချေ။ အရှင်ရှမ့်လန် ပြောသည့် ဖျက်ဆီးခြင်း ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်ရင်း သူတို့က အနောက်ဘက် မိုးကုတ် စက်ဝိုင်းကို မျက်လုံးပြူးကာ ကြည့်ကြ၏။

အရာအားလုံး ဖြစ်ပျက်လာချိန်မှာတော့ ချောင်ပြည်နယ်၏ စစ်သည် တစ်သိန်းကျော်လုံးက သွေးပျက်မတတ် ခံစားမိ၏။ တုန်လှုပ်မိ၏။ ထိုအရာက ရိုးရှင်းသည့် အံ့ဖွယ်ရာ တစ်ခုပင်။ အရှင်ရှမ့်လန်က လူသားမဟုတ်ချေ။ သေချာပေါက် နတ်ဘုရားတစ်ပါး ဖြစ်ပေမည်။

မိုင်ဒါဇင်နှင့်ချီ ဝေးကွာနေသော်လည်း ကောင်းကင်သို့ ထိုးတက်လာခဲ့သည့် မီးတောက်များနှင့် ကောင်းကင်မှ ကျဆင်းလာခဲ့သည့် လက်နက်များကို သူတို့ မြင်တွေ့နေရ၏။ တကယ်ကို အများကြီးပင်။

ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲမှုများ ဖြစ်သွားပြီးနောက် မြေပြင်တစ်ခုလုံးက တုန်ခါနေ၏။ အသံက မိုင်ဒါဇင်နှင့်ချီ အကွာအဝေးသို့ပင် ပျံ့နှံ့၏။ အိမ်များအားလုံးက တုန်ခါနေ၏။ မြေပြင်များက တုန်ခါနေ၏။ လူများက မတ်တပ်ပင် မရပ်နိုင်ကြချေ။

ချောင်ပြည်နယ် စစ်တပ်က တုန်ခါနေသည့် မြေပြင်ကို လျစ်လျူရှုပြီး ဒူးထောက်ကာဖြင့် ပျော်ရွှင်စွာ အော်ဟစ်နေကြ၏။

“အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”

“တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

အားပေးသံများ ပြီးဆုံးပြီးနောက် ချောင်ပြည်နယ် စစ်သည် သိန်းချီတို့က ဤကမ္ဘာပျက်ကိန်း မြင်ကွင်းကို ကြည့်ရှုနေ၏။

“အရှင်ရှမ့်လန်က အရမ်းကို စွမ်းအားကြီးတယ်။ နတ်ဘုရားတစ်ပါးလိုပဲ။ သူက သူရဲ့ စွမ်းရည်အချို့ကို ချန်လှပ်ထားခဲ့ပြီး အဖျက်စွမ်းအားကြီးတဲ့ လက်နက်တွေကို ဒီလောက်အများကြီး မသုံးရင်တောင် ရနေတာကို အခု အများကြီး သုံးပစ်တယ်။ နှမြောစရာပဲ။”

“တင်းယွမ်မြို့တော့ သွားပြီ။ အရှင်ရှမ့်လန်က လောကကြီးကို တကယ် ဖျက်ဆီးနိုင်စွမ်းရှိတာပဲ။ ဒါက ကျုပ်တို့ လိုချင်နေတဲ့ အကျိုးသက်ရောက်မှုပဲ။”

“အရှင်ရှမ့်လန်က အရှေ့တိုင်းဧကရာဇ်ပဲ။ ဒီလိုလောကကို တုန်လှုပ်စေတဲ့ လုပ်ရပ်မျိုးကမှ သူ့ရဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပေါ့။ ဒီနေ့ကစပြီး အရှင်ရှမ့်လန်ရဲ့ နာမည်ကို ပြောလိုက်တာနဲ့ ဘယ်သူမဆို တုန်လှုပ်သွားစေရမယ်။”

...................

နာရီအနည်းငယ်ကြာပြီးနောက် ဖုန်မှုန့်များ နောက်ဆုံး ငြိမ်သက်သွား၏။ မီးတောက်အားလုံးက ငြိမ်းသွား၏။ လေထုက ပြန်လည်ကာ ပုံမှန်ဖြစ်လာ၏။ သို့သော်ငြား လောကပျက်ကိန်းကြီး မြင်ကွင်းက ဖြစ်ပွားနေဆဲပင်။

ဖုန်မှုန့်များက ကောင်းကင်ကို ဖုံးလွှမ်းနေပြီး နေကို ကွယ်ထားသောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက်နေ၏။

ဖုန်မှုန့်များက ပျောက်ကွယ်သွားရန် အချိန်မည်မျှ ကြာမည်ကို မည်သူမှ မသိချေ။ ဖုန်မှုန့်များအောက်တွင် စစ်သည် သိန်းချီ အလောင်းများ ရှိနေ၏။ ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသား ဦးဆောင်သည့် အနောက်တိုင်း စစ်သည် ခြောက်သိန်းက လုံးဝနီးပါး ချေမှုန်းခံလိုက်ရပြီး လူအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ရှမ့်လန်က သူ၏ ကတိကို နောက်တစ်ကြိမ် တည်ခဲ့ပြီး တော်ဝင်မင်းဆက်ကို ကျူးကျော်လာသည့် မည်သည့် ရန်သူကိုမဆို သုတ်သင်ရှင်းလင်းပစ်ခဲ့၏။ ဤတစ်ကြိမ် ဖျက်ဆီးမှုက ပင်လယ်ပြင်က ဖျက်ဆီးမှုထက်ပင် ပိုမိုကာ ထိတ်လန့်ဖွယ်ရာ ကောင်း၏။

တစ်စုံတစ်ယောက်က အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ရ၏။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ လင်းယုန်စီး စစ်သည်များပင်။

သူတို့က ရှမ့်လန်ကို စောင့်ကြည့်ရန် တင်းယွမ်မြို့၏ အထက်တွင် ကင်းလှည့်နေကြ၏။ လေထုထဲတွင် ရှိနေသောကြောင့် ကောင်းကင်ပေါ်ရှိ ဥက္ကာပျံရွာချမှုကို ချက်ချင်း မြင်ရ၏။ ဥက္ကာပျံ ရွာကျမှုက ထူးဆန်းလွန်းသောကြောင့် သူတို့က ဥက္ကာပျံမဟုတ်ဘဲ နဂါးနောင်တဟုပင် ထင်ကြသည်။

“နဂါးနောင်တ... နဂါးနောင်တတွေ အများကြီးပါလား။ ပြေးကြတော့။” လင်းယုန်စီး စစ်သည်များက နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အစွမ်းကုန် ပျံသန်းထွက်ပြေးကြ၏။

အချိန်တိုအတွင်း သူတို့က တော်ဝင်ရန်ပြည်နယ်၏ ရှေ့တန်း၊ ချောင်ပြည်နယ်၏ မြောက်ပိုင်းရှေ့တန်း စစ်မျက်နှာ၊ ဝူပြည်နယ်၏ ရှေ့တန်းနှင့် တော်ဝင်ရန်မြို့တော်ဆီသို့ ပျံသန်းသွားကြ၏။။ ရှမ့်လန်က ကြီးမားသည့် ဖျက်ဆီးမှုကြီးကို နောက်တစ်ကြိမ် ပြုလုပ်လိုက်ပြီ ဆိုသည့်အကြောင်းကို လူတိုင်းအား ပြောပြရန် ပြင်ဆင်ကြတော့သည်။

........................

အရှေ့တိုင်း လောကကြီးတစ်ခုလုံး၌ တော်ဝင်ရန်မင်းဆက်၏ စစ်သည်များက အချက်ပေးမှုကို စောင့်ဆိုင်းနေ ကြ၏။ အနောက်ဘက် တင်းယွမ်မြို့ စစ်မျက်နှာပြင်မှ အချက်ပေးမှုကိုပင်။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား၏ စစ်သည် သိန်းချီ ချောင်ပြည်နယ်ထဲသို့ ဝင်ရောက်သွားပြီဆိုသည်နှင့် ရှမ့်လန်ဆီ၌ မဟာဗျူဟာမြောက် လက်နက်မရှိဘူးကြောင်း သိသာသွားပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် တော်ဝင်ချန်မင်းဆက်၏ စစ်သည်များက ပျက်စီးမည့်အချိန်သို့ ရောက်လာ၏။ အလွန် များပြားသည့် စစ်တပ်ကြီးက ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်နယ်ကို ဆူနာမီ လှိုင်းလုံးကြီးကဲ့သို့ပင် လွှမ်းမိုးပြီး အချိန်တိုအတွင်း ဖျက်ဆီးပစ်ပေလိမ့်မည်။

ချောင်ပြည်နယ်၏ မြောက်ပိုင်းရှေ့တန်းတွင် လီချွမ်ချီနှင့် နင်ချီတို့၏ ပူးပေါင်းစစ်တပ်က တစ်သိန်းအောက်သာ ရှိ၏။ ထို့အပြင် သူတို့က နိုင်ငံပေါင်းများစွာတို့၏ မဟာမိတ် စစ်တပ်များကို ရင်ဆိုင်နေရ၏။

ဝူပြည်နယ် အရှေ့ဘက် ရှေ့တန်းတွင် ဝူဘုရင်၏ အခြေအနေက ပိုဆိုး၏။ စစ်သည်များစွာတို့က ထွက်ပြေးသွားခဲ့ပြီ ဖြစ်သောကြောင့် နိုင်ငံတစ်ခုလုံးတွင် စစ်သည် သိန်းဂဏန်းမျှသာ ကျန်ရှိတော့၏။ ထိုတောင်မှ သူတို့က တော်ဝင်ရန်အင်ပါယာ၏ အစွမ်းထက်သည့် ပင်မတပ်ဖွဲ့ကို ရင်ဆိုင်နေရသည်။

တော်ဝင်ချန်အင်ပါယာ၏ စစ်မျက်နှာပြင်က အရေးကြီးဆုံးပင်။ ယန်ကျိုးတွင် ပျံ့ရှောင်းက စစ်သည် သိန်းကျော်ကို ဦးဆောင်ပြီး ဝူပြည်နယ် ကာကွယ်ရေး စည်းတစ်ခုလုံးကို စောင့်ကြပ်ပေးနေ၏။ သူက စစ်တပ်သုံးခုကို ရင်ဆိုင်ရပေလိမ့်မည်။ မြောက်ဘက်တွင် လျန်နိုင်ငံ၊ အရှေ့ဘက်တွင် တော်ဝင်အရန်င်ပါယာ၏ စစ်တပ်နှင့် အနောက်ဘက်တွင် ချန်နိုင်ငံသစ်တို့ပင်။

စတုရန်းကီလိုမီတာ တစ်သောင်း ကျယ်ဝန်းသည့် ယန်ကျိုးစီရင်စုက ကြီးမားသည့် စစ်မျက်နှာပြင်ကြီး ဖြစ်လာခဲ့၏။ တော်ဝင်ရန်မင်းဆက်က ထိတ်လန့်ဖွယ်ရာကောင်းအောင် စစ်သည်အများအပြားကို ရင်းနှီးမြှုပ်နှံ ထား၏။ သဘာဝလွန်အဖွဲ့အစည်းများမှ လျှို့ဝှက်စစ်သည် သောင်းချီပါဝင်၏။ စစ်ပွဲစသည်နှင့် ပျံ့ရှောင်း၏ ပင်မတပ်ဖွဲ့ကို ချက်ချင်း အနိုင်ယူရန် ရည်ရွယ်ထား၏။

ဤသည်မှာ အကောင်းဆုံး ထိုးဖောက်ဝင်ရောက်နိုင်မည့် နေရာပင်။ ယန်ကျိုးစီရင်စု ကျိုးပေါက်သွားသည်နှင့် သူတို့က တည့်တည့် ချီတက်လာနိုင်ပြီး သုံးပြည်နယ်ကြားရှိ အတားအဆီးကို ဖောက်ဖျက်မည်။ အလယ်ပိုင်း စစ်တပ်၏ စစ်သေနာပတိချုပ်က ရင်ဝူမင် ဖြစ်သော်လည်း သူက တော်ဝင်ရန်ပြည်နယ် စစ်မျက်နှာပြင်၌ မရှိချေ။ ထိုသို့ဆိုလျှင် ထိုစစ်မျက်နှာပြင်၌ မည်သူ ရှိနေသနည်း။

လန်ဖူပင် ဖြစ်၏။ လန်တို၊ လန်ဖုန်းတို့၏ လန်ဖြစ်သည်။ ဟုတ်ပေ၏။ လန်တိုက လောကအနှံ့တွင် တပည့်များ ရှိပြီး လန်ဖုန်းက ကျန်းလီကို သေသည်အထိ သစ္စာရှိခဲ့၏။

ထိုသို့ဆိုလျှင် ဤလန်ဖူက မည်သူဖြစ်သနည်း။ သူက လန်တို၏ ညီ၊ လန်ဖုန်း၏ အစ်ကို ဖြစ်ကာ လန်မိသားစု၏ မဟာပညာရှင် ဘွဲ့ထူးကို ပထမဦးဆုံး ရရှိခဲ့သည့် လူသားပင်။ သူ၌ နောက်ထပ် အထောက်အထား တစ်ခုလည်း ရှိသေး၏။ သူက တော်ဝင်ရန်အင်ပါယာ၏ လျှို့ဝှက်အဖွဲ့အစည်း ဒုတိယ ခေါင်းဆောင်ပင်။

ထိုအချိန်က တော်ဝင်ချန်အင်ပါယာ၏ လက်အောက်ခံ ဖြစ်ခဲ့သော်လည်း ရင်ကွမ်းနှင့်အတူ တော်ဝင်ရန် အင်ပါယာဘက်သို့ ကူးပြောင်း သစ္စာဖောက်ခဲ့သူ၊ နောက်ထပ် သစ္စာဖောက်တစ်ယောက်ပင်။ လောလောဆယ် သူက ယန်ကျိုးစီရင်စု၏ စစ်မျက်နှာပြင်တစ်ခုလုံး၌ အမြင့်ဆုံး အာဏာရှိ၏။

သူ၏ အမိန့်တစ်ချက်နှင့် လျှို့ဝှက်စစ်သည် သောင်းချီနှင့် သာမန်စစ်သည် သိန်းချီက ယန်ကျိုးစီရင်စုထဲသို့ ဝင်ရောက် တိုက်ခိုက်နိုင်၏။ သူ၏ မျက်လုံးထဲတွင် ပျံ့ရှောင်း၏ စစ်သည် သိန်းချီမှာ ခွေးတွေ၊ ကြက်တွေလိုမျိုးပင်။

ယခင်က ကျူးဟုန်ရွှဲ့က သွေးဝိညာဉ် စစ်သည်တစ်သောင်းကို သုံးပြီး ပျံ့ရှောင်း၏ စစ်သည် တစ်သိန်းကို နာရီ အနည်းငယ်အတွင်း ချေမှုန်းပစ်ခဲ့၏။

အများဆုံး တစ်နာရီအတွင်း သူက ယန်ကျိုးစီရင်စုထဲကို ဖောက်ဝင်ပြီး ပျံ့ရှောင်းကို သတ်နိုင်ပေလိမ့်မည်။ သူ စောင့်နေသည့် တစ်ခုတည်းသော အရာက အနောက်ဘက် စစ်မျက်နှာပြင်မှ အချက်ပြမှု တစ်ခုပင်။ ရှမ့်လန်ဆီ၌ နဂါးနောင်တ ကျန်ရှိနေသေးသည် ဆိုသော အချက်ကို သူ လုံးဝမယုံကြည်ချေ။

ဤမျက်နှာချောချောနှင့် ကောင်လေးက ဟန်ဆောင်တတ်သည်။ ခြိမ်းခြောက်ရသည်ကို ကြိုက်နှစ်သက် တတ်သည်။

မဟာပညာရှင်၊ စစ်သေနာပတိ လန်ဖူက ကောင်းကင်ပေါ်သို့ မော့ကြည့်၏။ နေမင်းကြီးက အနောက်ဘက်သို့ ဝင်လုနီးပါး ဖြစ်နေပြီး သူ တကယ် စိတ်မရှည်တော့ပေ။ ဤပြဇာတ်က ကြာလွန်း၏။ မြန်မြန် အဆုံးသတ်ချင်ပြီ။ အချိန်ကျလာပြီ။ အနောက်ဘက် စစ်မျက်နှာပြင်မှ သတင်းက မကြာခင် ရောက်ရှိလာပေတော့မည်။

ထိုအချိန်မှာပဲ အနောက်ဘက် ကောင်းကင်ယံ၌ ငှက်အော်သံတစ်ခုနှင့် လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။

လင်းယုန်စီး စစ်သည် ရောက်ရှိလာခဲ့ခြင်းပင်။ အနောက်ဘက် စစ်မျက်နှာပြင်မှ သတင်း ရောက်ရှိလာ၏။ စစ်သေနာပတိ လန်ဖူက ရုတ်တရက် ဓားကို ဆွဲထုတ်ကာ အော်ဟစ်သည်။ “စစ်သည်တွေ အကုန်လုံး အသင့်ပြင်။”

ချက်ချင်းပဲ မရေတွက်နိုင်သည့် စစ်သည်များနှင့် လျှို့ဝှက်စစ်သည် သောင်းချီတို့က လက်နက်များကို ထုတ်ကာ မြို့ကို တိုက်ခိုက်ရန် ပြင်ဆင်ကြ၏။

လန်ဖူ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ယန်ကျိုးစီရင်စု မြို့ရိုးပေါ်ရှိ ပျံ့ရှောင်းကို စူးစိုက်ကြည့်၏။ သူ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။

တစ်နာရီ၊ ဤတိုက်ပွဲကို အဆုံးသတ်ရန် အများဆုံး တစ်နာရီသာ ကြာပေမည်။ လင်းယုန်စီး စစ်သည်ထံမှ သတင်းရောက်ရှိလာသည်နှင့် သူက သတ်ဖြတ်ပွဲကို စတင်မည်။ ယန်ကျိုးပြည်နယ်ရှိ စစ်သည် သိန်းချီကို ရှင်းလင်း သုတ်သင်ပစ်မည်။

သူက တော်ဝင်မင်းဆက်၏ သစ္စာဖောက်တစ်ယောက်ဖြစ်၏။ သူ၏ ဂုဏ်သိက္ခာကို မည်သို့ ပြန်လည် ရယူမည်နည်းဆိုလျှင် အလွန်ပင် ရိုးရှင်း၏။ သူ၏ ညီအစ်ကိုနှစ်ဦးဖြစ်သော လန်တိုနှင့် လန်ဖုန်းအပါအဝင် တော်ဝင်ချန်မင်းဆက်မှ လူတိုင်းကို သတ်ပစ်လိုက်ရုံပင်။ ရန်သူမရှိလျှင် သူက ဖြောင့်မတ်သူ ဖြစ်လာပေမည်။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ လင်းယုန်စီး စစ်သည်တော်က အောက်သို့ ထိုးဆင်းလာပြီး တုန်ယင်သည့် အသံဖြင့် အော်၏။ “အိမ်ရှေ့စံမင်းသား ဘယ်မှာလဲ။ အိမ်ရှေ့စံမင်းသား..”

လန်ဖူက ပြောသည်။ “ဒီအဆင့်ရှိတဲ့ တိုက်ပွဲတစ်ခုအတွက် အိမ်ရှေ့စံမင်းသား လိုနေလို့လား။ ငါက ချန်နိုင်ငံသစ် စစ်ရေးဗျူဟာရဲ့ ဒုတိယ သံတမန်၊ ယန်ကျိုးစီရင်စု စစ်မျက်နှာပြင်ရဲ့ အထွတ်အထိပ် စစ်သေနာပတိ လန်ဖူပဲ။ မင်းဆီမှာ ဘာကိစ္စရှိလဲ။ အနောက်ဘက် စစ်မြေပြင် ကိစ္စက ပြီးသွားပြီလား။”

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ လင်းယုန်စီး စစ်သည်က တုန်ယင်သည့်အသံဖြင့် ပြော၏။ “တင်းယွမ်မြို့ တိုက်ပွဲ ပြီးသွားပါပြီ။ အိမ်ရှေ့စံမင်းသားရဲ့ အနောက်ပိုင်း စစ်သည်ခြောက်သိန်းလုံး ချေမှုန်းခံလိုက်ရပါတယ်။”

လန်ဖူက ထိတ်လန့်သွား၏။ လျှို့ဝှက်စစ်သည် တပ်မှူးများ အပါအဝင် ဘေးပတ်ဝန်းကျင်ရှိ တပ်မှူး အားလုံးတို့က သူတို့နားကို သူတို့ မယုံကြည်နိုင်သလို ဖြစ်နေကြ၏။ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။

အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ထိုအရာက စစ်သည်ခြောက်သိန်းတိတိပင်။

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ လင်းယုန်စီး စစ်သည်က ပြောသည်။ “ကျုပ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ တိုက်ပွဲစဖြစ်တုန်းက ရှမ့်လန်က လူရာဂဏန်းလောက်ပဲ သုံးပြီး အိမ်ရှေ့စံမင်းသားရဲ့ စစ်သည် ခြောက်သိန်းကို တင်းယွမ်မြို့ကနေ ခုခံနေတာ။ ကျုပ်တို့က သူတို့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်မယ်လို့ ထင်ခဲ့တယ်။

နောက်ဆုံး မိုးကုတ်စက်ဝိုင်းကနေ နဂါးနောင်တတွေ ဒါဇင်နဲ့ချီ ပစ်လွှတ်လိုက်တာ။ သိန်းနဲ့ချီတဲ့ ကျုပ်တို့ရဲ့ အနောက်ပိုင်း စစ်တပ်ကြီးတစ်ခုလုံးက ချေမှုန်းခြင်း ခံလိုက်ရတယ်။”

အချိန်အတော်ကြာ ကုန်ဆုံးသွားသော်လည်း လင်းယုန်စီး စစ်သည်က ဝိညာဉ်တစ်ဝက်လောက် ပျောက်ဆုံးသွားသကဲ့သို့ တုန်ယင်နေဆဲပင်။

“အဲဒီမြင်ကွင်းကို ကျုပ် တစ်သက်လုံး မေ့မှာမဟုတ်ဘူး။ တကယ်ကို လောက ပျက်ကိန်းပဲ။ ရှမ့်လန်က သူ့ရဲ့ ကတိကို သူ တည်ခဲ့တယ်။ တော်ဝင်ချန်နိုင်ငံကို ကျူးကျော်လာတဲ့ ဘယ်သူ့ကိုမဆို သူက သုတ်သင် ရှင်းလင်းပစ်မှာပဲ။”

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ လင်းယုန်စီးစစ်သည်က စကားပြောနေရင်း မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်၏။ မိုးကုတ်စက်ဝိုင်းဆီမှ နဂါးနောင်တ ဒါဇင်နှင့်ချီ ပေါ်လာပြီး နောက်ထပ် လောကပျက်ကိန်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာမည်ကို သူ ကြောက်ရွံ့မိသည်။

“စစ်သေနာပတိချုပ် လန်ဖူ... ခင်ဗျားတို့ စစ်တပ် လှုပ်ရှားလို့ မဖြစ်ဘူး။ နယ်နိမိတ်ကို ကျော်တာနဲ့ ကပ်ဆိုးကြီး ဖြစ်လာလိမ့်မယ်။”

ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ လင်းယုန်စီး စစ်သည်က ပြော၏။ “ကျုပ်တို့ ဝူပြည်နယ် နယ်စပ်ကို ပျံသန်းပြီး ဝူမင်းသားကို သတင်းပို့ရမယ်။”

ပြီးနောက် လင်းယုန်စီး စစ်သည် တစ်ယောက်က ဝူပြည်နယ်ဘက်ဆီသို့ ဦးတည်၏။ သူက တော်ဝင်မြို့တော်သို့ သွားရန် အချိန်မရှိချေ။ ဝူမင်းသား စိတ်မရှည်တော့ဘဲ နယ်နိမိတ်ကို ကျော်ဖြတ်ကာဖြင့် ဝူပြည်နယ်ကို တိုက်ခိုက်မည်ကိုပင် သူ စိုးရိမ်နေမိသည်။

...

အပိုင်း (၁၀၂၈)

ဤအချိန်မှာပဲ ယန်ကျိုးစီရင်စု၏ နယ်စပ်တံခါး ပွင့်လာ၏။ အမျိုးသမီးတစ်ဦး ပြေးထွက်လာ၏။ သူမက ပျံ့ရှောင်း၏ သမီး ပျံ့မြောင်ပင်။ အမျိုးသမီး တပ်မှူး ပျံ့မြောင်က လန်ဖူ၏ စစ်တပ်ရှိရာ ရှေ့သို့ လှမ်းလျှောက်လာပြီး အေးစက်စက်ဖြင့် လှမ်းအော်၏။

“အရှင်ရှမ့်လန်ရဲ့ အမိန့်တော်ကို နောက်တစ်ကြိမ် ထပ်ပြီး ကြေညာမယ်။ တော်ဝင်ချန်မင်းဆက်ရဲ့ နယ်မြေထဲကို ဘယ်သူမှ ခြေတစ်လှမ်းတောင် ဝင်ခွင့်မရှိဘူး။ မဟုတ်ရင် ဖျက်ဆီးခံရမယ်။ ဒီလောကကြီး ကနေ လုံးဝ သုတ်သင်ခံရလိမ့်မယ်။”

“ဖြူဖြူလေး... ရှူးရှူးပေါက်လိုက်စမ်း။” သူမ စီးနင်းလာသည့် မြင်းဖြူက အနည်းငယ် ရှက်ရွံ့နေပုံပေါ်၏။ သို့သော်ငြား သခင်မ၏ အမိန့်ကို ကြားပြီးနောက် ချက်ချင်းပဲ သေးပေါက်ချ၏။ ပျံ့မြောင်က စစ်မြင်းကို ဒုန်းစိုင်းနှင်၏။ မြင်းဖြူ ဆီးက မြေပြင်ပေါ်တွင် ညီညာခြင်းမရှိသော မျဉ်းတစ်ကြောင်းကို ရေးဆွဲသွားသည်။

ပြီးနောက် သူမက မျဉ်းကို ညွှန်ပြကာ ပြော၏။ “တော်ဝင်မင်းဆက်ရဲ့ ဘယ်စစ်တပ်မဆို ဒီမျဉ်းကို ကျော်တာနဲ့ မဟာဗျူဟာမြောက် တိုက်ခိုက်မှုကို လုပ်ပြီး အားလုံးကို သတ်ပစ်မယ်။ မပြောခဲ့ဘူးလို့ မဆိုနဲ့။”

ပြီးနောက် ပျံ့မြောင်က စစ်မြင်းကို စီး၍ မြို့ထဲ ပြန်ဝင်သွား၏။ ပို၍ မာန်မာနကြီးသည့် အချက်က ယန်ကျိုး ပြည်နယ်၏ မြို့တံခါးများကို မပိတ်ထားဘဲ ဖွင့်ထားခြင်းပင်။ သတ္တိရှိရင် ဝင်လာတိုက်ဆိုသကဲ့သို့ပင်။ ပျံ့မြောင်၏ သရုပ်ဆောင်မှုက ကောင်းလွန်းနေသည်လား မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်ဆီ၌ ဝှက်ဖဲ ရှိနေသေးသည်ကို သူမက တကယ် ယုံကြည်နေသောကြောင့်ပင်။ ရန်သူက နယ်နိမိတ်ကို ကျော်ဖြတ်သည်နှင့် ဖျက်ဆီးခံရလိမ့်မည်ဟု သူမ တကယ် ယုံကြည်သည်။ ထို့ကြောင့် သူမ၏ သရုပ်ဆောင်မှုက အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်နေခြင်းပင်။

ဤအမျိုးသမီး၏ လုပ်ရပ်များက လန်ဖူအတွက် ကြီးမားသည့် အရှက်ရမှုပင်။ စစ်တပ်တစ်ခုလုံးအတွက်လည်း ကြီးမားသည့် အရှက်ရမှု ဖြစ်၏။ သို့သော်လည်း သူတို့က နယ်နိမိတ်ကို တကယ်မကျော်ရဲကြချေ။

လန်ဖူ တုံ့ဆိုင်းနေမိ၏။ နောက်ပိုင်း သူတို့က တော်ဝင်ရန်မြို့တော်၏ အမိန့်တော်ကို စောင့်ဆိုင်းရပေလိမ့်မည်။

......................

ဝူပြည်နယ်၏ နယ်စပ်မှာတော့ စစ်တပ်နှစ်ခုက ထိပ်တိုက် ရင်ဆိုင်နေကြ၏။ တိုက်ပွဲက အချိန်မရွေး ပေါက်ကွဲ ဖြစ်ပေါ်လာနိုင်၏။ နေမင်းကြီးက အနောက်ဘက်သို့ ဝင်လုနီးပါးပင်။

သို့သော်ငြား မင်းသားဝူက အများဆုံး တစ်နာရီအတွင်း ဝူပြည်နယ် နယ်စပ်ကို ဖောက်ဖျက်နိုင်မည်ဟု ယုံကြည်ထား၏။ ရန်သူ့စစ်တပ်က အားနည်းလွန်းနေ၏။ သူတို့ စောင့်ဆိုင်းနေသည့် တစ်ခုတည်းသော အရာက အနောက်ဘက် စစ်မျက်နှာပြင်မှ အချက်ပြမှုပင်။

လင်းယုန်စီး စစ်သည်များက သတင်းပို့နေဆဲဖြစ်ပြီး မကြာခင် ရောက်ရှိလာမှာ ဖြစ်၏။ ဝူပြည်နယ် နယ်စပ်ရှိ စစ်သည် သိန်းချီတို့၏ စိတ်ဓာတ်က လုံးဝ ကျဆင်းနေ၏။ ချောင်ပြည်နယ်၏ မြင့်မားသော စိတ်ဓာတ်နှင့် နှိုင်းယှဉ်ရမည် ဆိုပါက ဝူပြည်နယ်က များစွာ အဆင့်နိမ့်ကျနေ၏။

ကျုံးယောင်က သူမ၏ သမီးကိုကြည့်ကာ သက်ပြင်းချသည်။ “သမီး လိုက်မလာခဲ့သင့်ဘူး။ နုရှောင့်မြို့ကို သွားဖို့ အဖေ ပြောခဲ့ပေမဲ့ သမီးက ငြင်းခဲ့တာကိုး။”

ကျုံးရှစ်ရှစ်က ပြော၏။ “အဖေက အရှက်မရှိဘူး။ ရှမ့်လန်ကလည်း အရှက်မရှိဘူး။ ဒါပေမဲ့ သမီးကတော့ ရှိတယ်။”

ပြီးနောက် ကျုံးရှစ်ရှစ်က ပြောသည်။ “အဖေ... အဖြူရောင် ပြောတာ အမှန်ပဲလား။ သူ ကြွားလုံးထုတ် နေတာလား။ ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားရဲ့ အနောက်ပိုင်းစစ်တပ်ကို သူ တကယ် သုတ်သင်ပစ် လိုက်နိုင်ပါ့မလား။ ဒီလူရဲ့ စကားတွေက လေလည်နေသလိုပဲ။”

ကျုံးယောင်က ဘာမှ မတတ်နိုင်တော့ချေ။ အရှင်ရှမ့်လန်ဟု ခေါ်ရန်၊ အဖြူရောင်ဟု မခေါ်ရန် သူမကို အကြိမ်ကြိမ် ပြောခဲ့ဖူး၏။ သို့ပေမည့် ကျုံးရှစ်ရှစ်က အရမ်းကို ခေါင်းမာလွန်းလှချေ၏။ မည်သူ့စကားကိုမှ နားမထောင်ခဲ့ချေ။ သူမအမေက သူမကို တုတ်နှစ်ပိုင်းကျိုးအောင် ရိုက်လျှင်တောင်မှ ခေါင်းမာနေဦးမှာ ဖြစ်၏။ မည်သူမှ သူမကို တားဆီး၍ မရနိုင်ခဲ့ချေ။

ကံကောင်းစွာဖြင့် အရှင်ရှမ့်လန်က အရှက်မရှိခြင်း။ ဘာမှ မကြားသလို ဟန်ဆောင်ခဲ့ပြီး တစ်ဖက်လူကို လုံးဝ ဂရုစိုက်ခဲ့ခြင်း မရှိချေ။ အဖြူရောင်ဟု ငြင်းဆိုခြင်းမရှိသလို တာဝန်ယူရန် စိတ်ဆန္ဒလည်း ရှိပုံမပေါ်ချေ။

ဧကရာဇ်က အရှက်မရှိလျှင် လက်အောက်ငယ်သား ဖြစ်သည့် ကျုံးယောင်က ဘာတတ်နိုင်မည်နည်း။ ထို့အပြင် သူက ရွှဲ့ပြည်နယ်မှ လက်အောက်ငယ်သားလေး တစ်ယောက်မျှသာ ဖြစ်၏။ သူ၏ မျိုးဆက်သစ်တွေကျမှ ရှမ့်လန်ကို တိုက်ရိုက် သစ္စာခံကြမှာပင်။

ထို့ကြောင့် သူက ဟန်ဆောင်လိုက်မည်။ မည်သို့ပင် ဆိုစေကာမူ ကျုံးရှစ်ရှစ်ကို မည်သူမှ လက်ထပ်ရဲ တော့မည် မဟုတ်ချေ။ သူမက မကြာခင် အသက် ၂၈ နှစ် ပြည့်တော့မှာ ဖြစ်ပြီး ယခုအချိန်ထိ တစ်ယောက်တည်းသာ ရှိသေး၏။ အရှင်ရှမ့်လန်က အပြစ်ရှိသလို ခံစားရမလား စောင့်ကြည့်ရပေမည်။

သို့သော်ငြား ထိုအရာအားလုံးက အနာဂတ်အတွက် ဖြစ်၏။ ယခု အကျပ်အတည်းကို အရင် ကျော်ဖြတ်ရပေဦးမည်။ အရှင်ရှမ့်လန်က နောက်ထပ် အံ့ဖွယ်ရာ တစ်ခုကို ဖန်တီးဖို့ မျှော်လင့်ရ၏။ မဟုတ်ပေ။ အံ့ဖွယ်ရာများကလည်း တကယ်ပင် ဖြစ်လာပေလိမ့်မည်။ မဟုတ်ပါက တော်ဝင်ရန်အင်ပါယာ၏ ဝူမင်းသား ဝင်တိုက်လိုက်ရုံနှင့် ဝူပြည်နယ်၏ နယ်စပ်က ပြိုကျသွားမှာ သေချာ၏။

ကျုံးရှစ်ရှစ်၏ ရင်ထဲတွင် မကျေနပ်မှုများနှင့် ပြည့်နှက်နေ၏။ အခြားသောသူများ၏ အထင်သေးခြင်း ခံရမည်ကို သူမ အစိုးရိမ်ဆုံးဖြစ်သည်။ သူမက ဤနေရာတွင် သေရပေလိမ့်မည်။ အနောက်ပိုင်း ခံတပ်မြို့၏ တိုက်ပွဲတုန်းက သူမက မသေခဲ့ချေ။ ထျန်းရွှဲ့မြို့ တိုက်ပွဲတုန်းကလည်း မသေခဲ့ချေ။ ယခု ဝူပြည်နယ် နယ်စပ်တွင် သေရပေမည်။

မည်သို့ပင် ဆိုစေကာမူ တော်ဝင်ချန်မင်းဆက်အတွက် သေပေးလိုက်မည်။ ဤအရှက်မရှိသည့် လူယုတ်မာ ရှမ့်လန် အပြစ်ရှိသလို ခံစားရမလား ဆိုသည်ကို သူမက စောင့်ကြည့်ချင်၏။

ထိုအချိန်မှာပဲ ကောင်းကင်ပေါ်၌ လင်းယုန်စီး စစ်သည်တစ်ဦး ပေါ်လာ၏။ ကျုံးယောင်နှင့် ဝူဘုရင်တို့က အသက်ရှူရခက်လုနီးပါး ဖြစ်နေ၏။ လင်းယုန်စီး စစ်သည်က အဘယ်သို့သော သတင်းစကားများ ပေးပို့မည်နည်းဆိုသည်ကို သူတို့ မသိချေ။ အရှင်ရှမ့်လန်က နောက်ထပ် အံ့ဖွယ်ရာတစ်ခုကို ဖန်တီးမည်လား။ သို့မဟုတ် ဖျက်ဆီးခြင်း ခံလိုက်ရမည်လား။

လင်းယုန်စီး စစ်သည်က အောက်သို့ ထိုးဆင်းလာခဲ့ပြီး တော်ဝင်ရန်အင်ပါယာ၏ ဝူမင်းသား ရှေ့တွင် ဒူးထောက်၏။ သူက ပြောလိုက်၏။ “အရှင်မင်းသား.... တင်းယွမ်မြို့ရဲ့တိုက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ ကျင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ဦးဆောင်တဲ့ အနောက်ပိုင်းစစ်သည် သိန်းချီက လုံးဝကို ချေမှုန်း ခံလိုက်ရပါပြီ။ ရှမ့်လန်က နဂါးနောင်တ ဒါဇင်ချီကို ပစ်လွှတ်ခဲ့ပြီး အနောက်ပိုင်း စစ်တပ်တစ်ခုလုံးကို လုံးဝ သုတ်သင်ရှင်းလင်း လိုက်ပါတယ်။”

........................

တော်ဝင်ရန်မြို့တော်ထဲတွင်တော့ ….

ဧကရာဇ်က တားမြစ်နယ်မြေထဲတွင် တရားကျင့်ကြံနေဆဲ ဖြစ်ပြီး အိမ်ရှေ့စံမင်းသားက နန်းတွင်းကို ဦးဆောင်၏။ အိမ်ရှေ့စံနန်းတော်ထဲတွင် အင်ပါယာ၏ အိမ်ရှေ့စံမင်းသားနှင့် ချန်နိုင်ငံသစ်၏ဘုရင် ရင်ကွမ်းတို့က တိတ်ဆိတ်စွာဖြင့် စစ်တုရင် ကစားနေ၏။ သူတို့ နှစ်ဦးက လက်ရည်တူပြီး အရှုံးအနိုင် မကွဲပြားဘဲ ရှိ၏။ ရင်ကွမ်းက လုံးဝ အရှုံးပေးမည့် အရိပ်အယောင်မျိုး မပြချေ။

နှစ်ဦးစလုံးက တိတ်ဆိတ်စွာဖြင့် စစ်တုရင် ကစားရင်း လက်ဖက်ရည် သောက်နေကြ၏။ စကားတစ်ခွန်းမှ မဆိုကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က အနောက်ပိုင်းစစ်တပ်မှ သတင်းများကို စောင့်ဆိုင်းနေ သောကြောင့်ပင်။ သတင်းမရောက်မချင်း မည်သူမှ စကားမပြောလိုကြချေ။ သူတို့က စစ်တုရင်ခုံပေါ်၌သာ အာရုံစိုက်နေ၏။

မကြာခင် တော်ဝင်အင်ပါယာ၏ အိမ်ရှေ့စံမင်းသားက အရေးနိမ့်နေပုံလည်း ပေါ်၏။ သူက ဝိုင်းရံခံထားရပြီး ပွဲကလည်း မျှော်လင့်ချက် မရှိပုံပင်။ သို့သော်ငြား နောက်ထပ် စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရွှေ့ကွက် အနည်းငယ်ဖြင့် သူက ချက်ချင်း ပြန်လည် တိုက်ခိုက်နိုင်၏။ ပြီးနောက် ရင်ကွမ်းကို အနိုင်ရရှိသွား၏။ ရင်ကွမ်းဘက်မှ စစ်တုရင် ရုပ်အားလုံးက ပျောက်ကွယ်သွားခဲ့သည်။

စစ်တုရင် ကစားခြင်းတွင် သူတို့နှစ်ဦးက ရှမ့်လန်ထက် များစွာ သာလွန်၏။ တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူရမည့် အချိန်၌ အပြောင်းအလဲများစွာ ရှိနေတတ်၏။ ရုတ်တရက် နှစ်ဖက်လုံးက ကစားခြင်းကို ရပ်တန့်လိုက်၏။ သူတို့၏ လက်ထဲတွင် ရှိနေသည့် စစ်တုရင်ရုပ်များက လေထဲ၌ ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်မှ လျင်မြန်သည့် ခြေသံများ ထွက်ပေါ်လာသောကြောင့်ပင်။

ထို့အပြင် ခြေသံများက အနည်းငယ် ထိတ်လန့်ကြောက်ရွံ့နေပုံလည်း ပေါ်၏။ သတင်းကောင်း မဟုတ် လောက်ပေ။

အိမ်ရှေ့စံမင်းသားနှင့် ရင်ကွမ်းတို့၏ မျက်လုံးများက တပြိုင်နက်တည်း ကျဉ်းမြောင်းသွား၏။ သူတို့က အသက်ကို အောင့်ထားပြီး အပြင်ဘက်မှ အသံကို စောင့်ဆိုင်းနေကြသည်။

“အရှင်မင်းသား... ကောင်းကင်ပြစ်ဒဏ်နန်းဆောင်ရဲ့ လင်းယုန်စီး စစ်သည် နှစ်ယောက် ရောက်လာပါတယ်။ တင်းယွမ်မြို့တိုက်ပွဲက ပြီးဆုံးသွားကြောင်း သတင်းပို့ပါတယ်။ ကျင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ဦးဆောင်တဲ့ အနောက်ပိုင်းစစ်သည် ခြောက်သိန်းကျော်နဲ့ လျှို့ဝှက်စစ်သည်သောင်းချီတို့က လုံးဝ ချေမှုန်း ခံလိုက်ရပါတယ်။”

“ရှမ့်လန်က နဂါးနောင်တ ဒါဇင်နဲ့ချီကို ပစ်လွှတ်ခဲ့ပြီး ချောင်ပြည်နယ် နယ်မြေထဲကို ဝင်ရောက်လာတဲ့ စစ်တပ် အားလုံးကို သုတ်သင်ရှင်းလင်းပစ်မယ်ဆိုတဲ့ ကတိအတိုင်း သူ့ရဲ့ ကတိကို တည်ခဲ့ပါတယ်။ ကျုပ်တို့ ဘာဆက်လုပ်ရမလဲ။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်လုံးကို ဝိုင်းရံထားတဲ့ စစ်တပ် သန်းချီကို ဘယ်လို လုပ်ရမှာလဲ။ အရှင်မင်းသား ကျေးဇူးပြုပြီး အမိန့်ပေးပါ။”

သတင်းကြားပြီးနောက် ရင်ကွမ်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့၏။ သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ခါသွားခဲ့ပြီး မျက်နှာကလည်း ရှုံ့မဲ့၏။ လက်ထဲတွင် ရှိနေသည့် စစ်တုရင်ရုပ်က ချက်ချင်း ကြေမွသွား၏။

အခြား တစ်ဖက်တွင် ရှိနေသည့် အိမ်ရှေ့စံမင်းသားက တုံ့ပြန်နိုင်စွမ်း ပျောက်ဆုံးသွားသကဲ့သို့ ထိုင်ခုံပေါ်တွင် မလှုပ်မယှက်နှင့် ထိုင်လျက် ရှိနေသည်။

အချိန်အတော်ကြာမှ ရင်ကွမ်းက မတ်တတ်ရပ်ကာ ပြော၏။ “အရှင်မင်းသား... လောကကြီးက ပြောင်းလဲသွားပြီ။ ကျုပ် နိုင်ငံကို ပြန်မှရတော့မယ်။ နှုတ်ဆက်ပါတယ်။”

အိပ်မက်မက်နေရာမှ နိုးထလာသကဲ့သို့ပင် အိမ်ရှေ့စံမင်းသားက တုန်ယင်စွာ မတ်တတ်ထရပ်၏။ ပြီးနောက် ဦးညွှတ်လိုက်သည်။ “နှုတ်ဆက်ပါတယ် ဦးရီးတော်။”

ဤအချိန်မှာတော့ ဝန်ကြီးချုပ်က ဆက်မေး၏။ “အရှင်မင်းသား... သုံးပြည်ထောင်ကို ဝန်းရံထားတဲ့ စစ်သည် သန်းချီကို ဘယ်လိုလုပ်ကြမလဲ။ နောက်ဆုတ်ကြမလား၊ ဆက်တိုက်ကြမလား။ အရှင်မင်းသား.... ကျေးဇူးပြုပြီး အမိန့်ပေးပါ။”

သတင်းကို ကြားပြီးနောက် အိမ်ရှေ့စံမင်းသားက မေးသည်။ “ရှမ့်လန်က နဂါးနောင်တ ဒါဇင်နဲ့ချီကို တကယ်ပဲ ပစ်လွှတ်လိုက်တာလား။”

ဝန်ကြီးချုပ်က ဖြေ၏။ “အမှန်ပါပဲ။”

အိမ်ရှေ့စံမင်းသားက ပြန်ပြောသည်။ “ဒါက အရမ်းကို အရေးကြီးတဲ့ ကိစ္စပဲ။ ကျုပ် တစ်ယောက်တည်း ဆုံးဖြတ်လို့ မရနိုင်ဘူး။ အဖေကို သတင်းပို့မှ ဖြစ်လိမ့်မယ်။”

ပြီးနောက် အိမ်ရှေ့စံမင်းသားက နန်းတော်မှထွက်ခွာပြီး တရားကျင့်ကြံနေသည့် ဧကရာဇ်ထံသို့ ဤထိတ်လန့်ဖွယ်ရာ သတင်းကို ပေးပို့ရန် အပြေးအလွှား သွားတော့၏။

......................

နန်းတော်၏ တားမြစ်နယ်မြေက ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။ တကယ်တမ်းတွင် မရေတွက်နိုင်သည့် လူများက နားမလည်နိုင်အောင် ဖြစ်နေကြ၏။ အိမ်ရှေ့စံမင်းသား တရားကျင့်ကြံနေသည် ဆိုလျှင်တောင် နားလည် ပေးနိုင်သေး၏။ အဘယ်ကြောင့်ဆိုသော် အိမ်ရှေ့စံမင်းသားနှင့် မင်းသမီး ကျိရွှမ်တို့က လောကပေါ်တွင် ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်သောကြောင့်ပင်။

သို့သော်ငြား ဧကရာဇ်က မည်သည့် သိုင်းပညာကိုမှ ထုတ်ဖော်ပြသခြင်း မရှိဖူးချေ။ သူက ဘာအတွက် တရားကျင့်ကြံနေရသနည်း။ ထို့အပြင် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် အဘယ်ကြောင့် တရားကျင့်ကြံဖို့ လိုအပ်နေသနည်း။

သို့သော်ငြား ဤအထွတ်အထိပ် ဧကရာဇ်၏ အာဏာစက်က ကြီးမားလွန်းသောကြောင့် မည်သူမှ မေးခွန်း မထုတ်ရဲကြချေ။ သူက ကျန်းလီထက် အသက်အနည်းငယ်ကြီးပြီး ယခု အသက် ၇၀ ကျော်နေပြီဖြစ်သည်။ နှစ်ပေါင်း ၅၀ နီးပါး ဧကရာဇ် ဖြစ်ခဲ့ပြီး ရန်သူအားလုံး သေဆုံးကုန်ပြီ သို့မဟုတ် သူ၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ပြီ ဖြစ်၏။

အင်ပါယာ နန်းတော်၏ တားမြစ်နယ်မြေက မီတာရာချီ မြင့်မားသည့် မျှော်စင်ရှည်ကြီး တစ်ခုပင်။ မျှော်စင်၏ ထိပ်မှနေ၍ တော်ဝင်ရန်မြို့တော်တစ်ခုလုံးကို စီးမိုးကြည့်ရှုနိုင်၏။ မည်သူမှ တားမြစ်မျှော်စင်၏ ခြေလှမ်း တစ်ရာအတွင်းသို့ ချဉ်းကပ်ခွင့်မရှိချေ။ ချဉ်းကပ်သည်နှင့် မည်သူပင်ဖြစ်စေ၊ သိုင်းပညာမည်မျှ မြင့်မားသည်ဖြစ်စေ သနားညှာတာမှုမရှိဘဲ သတ်ဖြတ်ခြင်းကို ခံရပေမည်။

ထို့ကြောင့် အိမ်ရှေ့စံမင်းသားက တားမြစ်မျှော်စင်နှင့် ခြေလှမ်းတစ်ရာအကွာတွင် ရပ်တန့်၏။ သူက ဒူးထောက်ကာဖြင့် ဦးတိုက်သည်။ “အဖေ...”

တားမြစ်နယ်မြေမှ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “ကျင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား ဦးဆောင်တဲ့ အနောက်ပိုင်း စစ်တပ်က လုံးဝ ချေမှုန်းခံလိုက်ရပါပြီ။ တင်းယွမ်မြို့က ဖျက်ဆီးခံလိုက်ရပြီး မိုင်တစ်ရာပတ်လည်းအတွင်းမှာ ရှိတဲ့ အရာအားလုံးက ပျက်စီးသွားခဲ့ပါပြီ။ တိုက်ခိုက်မှုစွမ်းအားက နဂါးနောင်တ ဒါဇင်နဲ့ချီတဲ့ စွမ်းအားနဲ့ ညီမျှပါတယ်။”

ခဏကြာချိန်မှာတော့ အတွင်းမှ ဧကရာဇ်၏ အသံက ထွက်ပေါ်လာသည်။ “ရင်ကွမ်း ထွက်သွားပြီလား။”

ဧကရာဇ်က နဂါးနောင်တ ဒါဇင်နှင့်ချီ ဆိုသည်ကို ဂရုမစိုက်သလို အနောက်ပိုင်း စစ်သည် သိန်းချီ သေဆုံး သွားခဲ့သည် ဆိုသည်ကိုလည်း ဂရုမစိုက်ချေ။ ထိုအစား သူက ရင်ကွမ်း ထွက်သွားခြင်း ရှိ၊ မရှိကိုသာ မေးမြန်း၏။

အိမ်ရှေ့စံမင်းသားက ပြန်ဖြေသည်။ “ဟုတ်ပါတယ်။ သူ ထွက်သွားပါပြီ။ တစ်နာရီ မပြည့်ခင်လေးကတင် ထွက်သွားတာပါ။”

ထိုစကား၏ အဓိပ္ပာယ်က ရှင်းလင်း၏။ ဤအချိန်တွင် တစ်ဖက်လူကို တားဆီးရန် နောက်ကျချင်မှ နောက်ကျနေပေဦးမည်။

ဧကရာဇ်က ပြော၏။ “ကောင်းပြီ... သိပြီ။ ဒါဆိုရင် သွားပါစေ။”

အိမ်ရှေ့စံက တစ်ခုခု ပြောချင်သော်လည်း တွန့်ဆုတ်နေသည်။

ဧကရာဇ်က ပြုံးကာ ပြောလိုက်၏။ “ကျန်းလီ အငယ်စားလေးလို့ ခေါ်ရလောက်အောင် အားကောင်းတဲ့သူကို မင်းက အတင်းအကျပ် တားဆီးချင်နေတာလား။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကတော့ စစ်တုရင် ကစားသမား ဖြစ်လာတော့မှာပဲ။”

ရင်ကွမ်းနှင့် ရီဝူမင်တို့က သစ္စာရှိကြ၏။ ဧကရာဇ် အမိန့်ပေးလိုက်သည်နှင့် သူတို့က ချက်ချင်း တော်ဝင်ရန် မြို့တော်သို့ အပြေးလာကြမှာ သေချာ၏။ သို့သော်လည်း တစ်ယောက်တည်းသာ လာမှာ ဖြစ်၏။ သူတို့ နှစ်ယောက်လုံး တော်ဝင်ရန်မြို့တော်၌ ရှိနေရန် မဖြစ်နိုင်ချေ။

အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “သုံးပြည်ထောင်ကို ဝန်းရံထားတဲ့ စစ်သည်ပေါင်း သန်းချီကို ဘယ်လိုလုပ်ကြမလဲ။”

ဧကရာဇ်က ပြော၏။ “လူစုခွဲလိုက်တော့။”

အိမ်ရှေ့စံမင်းသားက ဦးတိုက်သည်။ “သားတော် နာခံပါ့မယ်။”

ဧကရာဇ်က တရားကျင့်ကြံနေရာမှ ထွက်မလာခဲ့ချေ။ ဤမျှ ကြီးမားသည့် ကိစ္စရပ်ကြီး ဖြစ်ပေါ်ခဲ့သော်လည်း သူက ဆက်လက်တရားကျင့်ကြံရန်သာ ရွေးချယ်ခဲ့၏။

.................

ပြီးနောက် အိမ်ရှေ့စံမင်းသားက ပင်မခန်းမဆောင်သို့ လျှောက်သွားသည်။

“အရှင်မင်းသားကို ဂါရဝပြု ပါတယ်။” နန်းတွင်း အရာရှိ အားလုံးက စည်းကမ်းတကျ ဒူးထောက်ပြီး ဦးတိုက်၏။

သူတို့ အံ့ဩနေကြ၏။ ယခုအချိန်ထိ ဧကရာဇ် ပေါ်မလာသေးချေ။ တရားကျင့်ကြံနေတုန်းပင်လား။ အဘယ်ကြောင့်နည်း။ ဤအချိန်က အရေးကြီးဆုံး အချိန် ဖြစ်နေသည် မဟုတ်ပါလား။

သို့သော်ငြား မည်သူကမှ ဧကရာဇ်ကို မေးခွန်းမထုတ်ရဲကြချေ။ ယခင် အဖြစ်အပျက်များက သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးခဲ့၏။ ဧကရာဇ်ကို မေးခွန်းထုတ်သူတိုင်းက သေကြသည်ချည်းပင်။ ကျန်းလီတောင် ခြွင်းချက် မဟုတ်ခဲ့ချေ။

‘ဤလောကကြီးတွင် လူတွေက နဂါးကို လုံးဝ မမြင်ဖူးချေ။ အသံကို ကြားရုံ သို့မဟုတ် အကြေးခွံ၊ လက်သည်းတို့ကို မြင်ရရုံသာ ရှိနိုင်၏။’

ထိုဆိုရိုးစကားကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်သည့် နဂါးက ခေါင်းကိုသာ မြင်ရပြီး အမြီးကို မမြင်ရ ဆိုသကဲ့သို့ပင်။ ထိုစကားက ဧကရာဇ်ကို ဖော်ပြရန် သုံးနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေသောကြောင့်ပင်။ သူ ဘာတွေ တွေးနေသည်ကို မသိနိုင်သလို နောက်ဆက်တွဲ ဘာလုပ်မည်ဆိုသည်ကိုလည်း မည်သူမျှ မသိနိုင်ချေ။

အရာရှိ အားလုံးက ဦးတိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဆက်လက်ကာ ဒူးထောက်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်က မတ်မတ်ရှိနေပြီး အိမ်ရှေ့စံမင်းသားကို ကြည့်ကာဖြင့် ဧကရာဇ်၏ အမိန့်တော်ကို စောင့်မျှော် နေကြ၏။ သူတို့ ဘာဆက်လုပ်သင့်သနည်း။

All Chapters