အခန်း (၁၀၂၉-၁၀၃၀)
Vol. 61 Ch. 1029-1030
အပိုင်း (၁၀၂၉)
ရှမ့်လန်က အံ့ဖွယ်ရာ တစ်ခုကို ထပ်မံ ဖန်တီးလာ၏။ ဤတစ်ကြိမ် သူတို့ လုံးဝ ရှုံးနိမ့်သွား၏။ ရှမ့်လန်က နဂါးနောင်တ ဒါဇင်နှင့်ချီကို တပြိုင်နက်တည်း ပစ်လွှတ်ခဲ့ပြီး အနောက်ပိုင်း စစ်သည်သိန်းချီကို လုံးဝ သုတ်သင် ရှင်းလင်းပစ်၏။
ယခုအချိန်ထိ တင်းယွမ်မြို့၏ ပတ်ပတ်လည် ကီလိုမီတာ ရာချီ အကွာအဝေးထိ ကောင်းကင်ယံ၌ ဖုန်မှုန့်များနှင့် ဖုံးလွှမ်းလျက် ရှိနေပြီး လောကလုံးက အမှောင်ထုကဲ့သို့ပင်။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်လုံးကို ဝန်းရံထားသည့် စစ်သည် သိန်းချီတို့က ဘာလုပ်သင့်သနည်း။
အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “အဖေက စစ်တပ်တွေကို နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်ပြီ။”
ထိုစကားကို ပြောလိုက်သည်နှင့် အားလုံးက ကြောင်အသွား၏။ ဤမျှလောက် ရိုးရှင်းနေသည်လား။ အမိန့်တော် တစ်ခုတည်းလား။ တခြားသော အမိန့်တော်များ မရှိပေဘူးလား။
သို့သော်ငြား မည်သူမျှ အမိန့်တော်ကို မလွန်ဆန်ရဲကြချေ။
တခဏတာ အံ့ဩပြီးနောက် နန်းတွင်းဝန်ကြီးများက ဒူးထောက်ကာ ဦးတိုက်လိုက်ကြ၏။ “အမိန့်ကို နာခံပါ့မယ်။”
ပြီးနောက် နန်းတွင်းဝန်ကြီးများက အမိန့်တော် တစ်စောင်ကို ရေးဆွဲပြီး အိမ်ရှေ့စံမင်းသားက တံဆိပ်တုံး ထုကာဖြင့် စစ်တပ်တစ်ခုလုံးကို နောက်သို့ ဆုတ်ရန် အမိန့်ပေးသည်။
“ရွှီး... ရွှီး...” လင်းယုန်စီး စစ်သည်ဒါဇင်နှင့်ချီက နန်းတော်မှ ပျံသန်းထွက်ခွာသွားခဲ့ကြ၏။ ဧကရာဇ် အမိန့်တော်ကို အရပ်မျက်နှာ အသီးသီးဆီသို့ ဖြန့်ဝေပေးလိုက်၏။
ချောင်ပြည်နယ်၏ မြောက်ဘက်နယ်စပ်ရှိ စစ်တပ်၊ ယန်ကျိုး စီရင်စု၏ စစ်မျက်နှာပြင်၊ ဝူပြည်နယ်၏ နယ်စပ် စစ်မျက်နှာပြင်နှင့် ရွှဲ့ပြည်နယ်၏ အနောက်ဘက် အစရှိသည့် စစ်မျက်နှာပြင်တို့ဆီသို့ ဖြစ်သည်။
“နောက်ဆုတ်... နောက်ကို ဆုတ်ကြ။ စစ်သည် သန်းချီ အားလုံး နောက်ကို ဆုတ်ကြတော့။”
....................
ချောင်ပြည်နယ်၏ ပင်မစစ်စခန်းအတွင်းမှာ ရက်အတော်ကြာ သတိလစ် မေ့မြောနေသည့် ချောင်ဘုရင်က နောက်ဆုံးတွင် ပြန်လည် သတိရလာ၏။ သူ နိုးထလာပုံက စိတ်ဝင်စားစရာ ကောင်း၏။ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့ခြင်း မဟုတ်ချေ။ ထိုအစား သူက မျက်လုံးအပြူးသားဖြင့် ရုတ်တရက် ငုတ်တုတ်ထထိုင်ခဲ့သည်။ ချုပ်ထားသည့် ဒဏ်ရာအချို့ပင် ပြန်ကွဲသွား၏။
“အရှင်မင်းကြီး နိုးလာပြီလား။ အရှင်မင်းကြီး နိုးလာပြီလား။”
ချောင်ဘုရင်က ပတ်ဝန်းကျင်ကို ဇဝေဇဝါနှင့် ကြည့်၏။ “ဒါ ဘယ်နေရာလဲ။ ငါ ဘာလို့ မသေသေးတာလဲ။ ငါ့ရဲ့ ချောင်ပြည်နယ် ပျက်စီးသွားခဲ့ပြီလား။ မင်းတို့ ငါ့ကိုခေါ်ပြီး ထွက်ပြေးလာတာလို့ မပြောနဲ့နော်။ ငါ နုရှောင့်မြို့တော်မှာ ရောက်နေတာလို့ မပြောနဲ့နော်။”
“အရှင်မင်းကြီး... ဒါ တင်းယွမ်မြို့ရဲ့ အရှေ့ဘက် မိုင်တစ်ရာ အကွာမှာပါ။ ကျုပ်တို့ ချောင်ပြည်နယ် မပျက်စီး သေးပါဘူး။ အရှင်ရှမ့်လန် ရောက်ရှိလာပြီး နဂါးနောင်တ ဒါဇင်နဲ့ချီ ပစ်လွှတ်လိုက်ပါတယ်။ ကျင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားနဲ့ စစ်သည်ပေါင်းသိန်းချီက လောကကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။ ကျုပ်တို့ နိုင်သွားခဲ့ပါပြီ။”
ဘေးတစ်ဖက်ရှိ တပ်မှူးများက နောက်ကြိမ် အော်ဟစ်လိုက်ကြ၏။ ဤသတင်းကို သူတို့က အကြိမ် တစ်ရာလောက် ပြန်ပြောရမည် ဆိုလျှင်တောင် ငြီးငွေ့ကြမှာ မဟုတ်ပေ။
ချောင်ဘုရင်က ကြောင်အသွား၏။ အချိန်အတန်ကြာပြီးနောက် သူ၏ မျက်နှာပေါ်တွင် မည်သည့် တုံ့ပြန်မှုမှ မရှိတော့ပေ။
‘အံ့အားသင့်စရာ ဆိုတာ ဘာလဲ၊ ငါ့ကို ဘာသာပြန်ပေးစမ်း။ ဘာလဲ အံ့အားသင့်စရာ၊ ဘာလဲ သောက်ကျိုးနည်း အံ့အားသင့်စရာ။’
အချိန်အတော်ကြာမှ ချောင်ဘုရင်က ပြော၏။ “အရှင်... အရှင်ရှမ့်လန်က တကယ်ကို အံ့မခန်းပဲ။”
ထိုအရာက စိတ်ကူးကြည့်၍ မရနိုင်အောင်ပင် အံ့မခန်း ဖြစ်၏။ ရှမ့်လန်ဆီ၌ နဂါးနောင်တတစ်ခုတည်း ရှိသည်ဟု မီးတောက်မြို့တော်မှ လူတွေသာ ခန့်မှန်းခဲ့ကြသည် မဟုတ်ချေ။ ချောင်ဘုရင် … သူ ကိုယ်တိုင်ကလည်း ရှမ့်လန်ဆီ၌ နဂါးနောင်တတစ်ခုတည်း ရှိသည်ဟု ခန့်မှန်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူက သေဖို့ ပြင်ဆင်ပြီးသားပင်။ ချောင်ပြည်နယ် ပျက်စီးဖို့တောင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
အရှင်ရှမ့်လန်က နုရှောင့်မြို့တော်ကို ကာကွယ်နိုင်သရွေ့ ချောင်ပြည်နယ် ပြာပုံဘဝမှ ပြန်လည် ထွန်းတောက် လာဖို့ အခွင့်အရေး ရှိနေဦးမည်ဟု သူ တွက်ချက်ထား၏။ ဤကဲ့သို့ အံ့ဖွယ်ရာများ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။ လောကကြီးကို တုန်လှုပ်သွားစေနိုင်သည့် ပျော်ရွှင်မှုမျိုးပင်။
“အရှင်... အရှင်ရှမ့်လန် ဘယ်မှာလဲ။ အရှင် ဘယ်မှာလဲ။” ချောင်ဘုရင်က ကုတင်ပေါ်မှ ဆင်းရန် ပြင်၏။
“အရှင်ရှမ့်လန် မရှိပါဘူး။ သူက အရှင်မင်းကြီးကို ကောင်းကောင်း အနားယူစေချင်တယ်လို့ ပြောပါတယ်။ လူကြီးလူကောင်းတွေရဲ့ ခင်မင်မှုက နှလုံးသားပေါ်မှာ အခြေခံတာပါ။ ဝတ်ကျေတန်းကျေ လုပ်ပြတာမျိုး မဟုတ်ပါဘူးတဲ့။”
ချောင်ပြည်နယ်၏ သံတမန်က ပြောသည်။ “ပြီးတော့ သူက ချောင်ပြည်နယ် စစ်တပ်၏ ရဲရင့်မှုကို အရမ်း အံ့ဩသင့်မိတယ်လို့ ပြောပါတယ်။ အရှင်မင်းကြီးအနေနဲ့ တော်ဝင်မင်းဆက်ရဲ့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ဆက်လက် ထမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်တဲ့။ နုရှောင့်မြို့တော်က ချောင်ပြည်နယ်ရဲ့ စစ်တပ်ကို အချိန်တိုအတွင်း လက်နက် တပ်ဆင်ပေးနိုင်မယ့် နည်းလမ်းမျိုး ရှာပေးပါ့မယ်တဲ့။’
ချောင်ဘုရင်က ဘာမှ မပြောတော့ချေ။ သူက ကုတင်ပေါ်၌သာ ဒူးထောက်ထိုင်လိုက်ပြီး နုရှောင့်မြို့ ရှိရာဘက်သို့ ဦးတိုက်၏။ “ကျုပ် အရှင့်အမိန့်ကို နာခံပါ့မယ်။”
သံတမန်က ရှက်ရွံ့စွာ ပြောသည်။ “အရှင်ရှမ့်လန်က အနောက်ဘက်မှာ ရှိနေလောက်တယ်။”
ချောင်ဘုရင်က ကြောင်အသွား၏။ ပြီးနောက် သူက အနောက်ဘက်သို့ လှည့်ကာဖြင့် ဒူးထောက်၏။ ပြီးနောက် ဦးတိုက်ကာ ပြော၏။ “ကျုပ် အရှင့်အမိန့်ကို နာခံပါ့မယ်။”
...........
တင်းယွမ်မြို့၏ အရှေ့ဘက် ...
“ကျွန်မတို့ နိုင်သွားပြီလား။” မင်းသမီး ဒိုဟာက မေး၏။
ရှမ့်လန်က ဖြေသည်။ “ဘယ်ရှုထောင့်က ကြည့်တာလဲ။”
မင်းသမီး ဒိုဟာက ဖြေ၏။ “မျက်လုံးနဲ့ပဲ ကြည့်တာပေါ့။”
ရှမ့်လန်က ပြောလိုက်သည်။ “မျက်လုံးနဲ့ကြည့်ရင်တော့ ကျုပ်တို့ နိုင်တာပေါ့။ ပြီးပြည့်စုံတဲ့ နိုင်ပွဲပဲ။ တော်ဝင်ရန် ဧကရာဇ်က မကြာခင် နောက်ဆုတ်ဖို့ အမိန့်ပေးလောက်တယ်။ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်နယ်လုံးမှာ စစ်ပွဲဆိုတာ ရှိတော့မှာ မဟုတ်ဘူး။”
မင်းသမီး ဒိုဟာက ပြန်မေး၏။ “ဒါဆိုရင် တခြား ရှုထောင့်ကကော။”
ရှမ့်လန်က တန်ပြန်မေးခွန်းထုတ်သည်။ “ဘယ်နေရာကနေ ကြည့်နေတာလဲ။ မျက်လုံး အနောက်ဘက်ကနေလား။ မျက်လုံးရဲ့ထောင့် ....။”
မင်းသမီး ဒိုဟာက ချောင်ယောင်းအာဘက်သို့ လှည့်ကာ မေးလိုက်၏။ “အရှင်မ... ရှင် သူ့ကို ဘာမှ မလုပ်တော့ဘူးလား။”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ရှင် ကျင့်သားရသွားမှာပါ။ ပြီးတော့ သူက စကားအကောင်းပြောခဲပါတယ်။”
ထိုစကားကို ကြားချိန်မှာတော့ မင်းသမီး ဒိုဟာက အလုံးစုံ ကြောင်အသွား၏။ သူမက ချောင်ယောင်းအာကို အကြာကြီး စိုက်ကြည့်၏။ တစ်ဖက်လူ နောက်ပြောင်နေခြင်း ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ဖို့ ကြိုးစားနေ၏။ ပြီးနောက် သူမ၏ စံပြပုဂ္ဂိုလ်ကြီးက ပျက်စီးသွားသလို ခံစားရ၏။ ချောင်ယောင်းအာ၏ စကားများထဲတွင် ရှိနေသည့် သတင်းအချက်အလက်များက များပြားလွန်းနေ၏။
ပြီးနောက် ရှမ့်လန်၏ မျက်နှာထားက လေးနက်သွားသည်။ “ဒီလောကကြီးထဲမှာ ကြီးမားတဲ့ တိုက်ပွဲကြီး တစ်ခု ဖြစ်တည်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကျန်းလီက ဧကရာဇ်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တယ်။ နောက်ဆုံး ကျန်းလီ ရှုံးသွားခဲ့တယ်။
အခု ဆယ်စုနှစ် ကြာပြီးနောက်မှာတော့ အချို့လူတွေက တိုက်ခိုက်ရေးသမားတွေမဟုတ်ဘဲ စစ်တုရင် ကစားသမားတွေ ဖြစ်လာခဲ့ကြပြီ။ ဒါပေမဲ့ တော်ဝင်ဧကရာဇ်က စွမ်းအားကြီးတဲ့ စစ်တုရင် ကစားသမားကြီး ဖြစ်နေသေးကြောင်း ဘယ်တော့မှ မမေ့နဲ့။ သူက ဘုံကိုးထပ်မှာ ရှိနေတဲ့ ကောင်းကင်တိမ်တိုက်တွေ ကြားထဲမှာ ပုန်းအောင်းနေသလိုပဲ။ သူက အများကြီးကို ကြုံတွေ့ခဲ့ရပြီးပြီ။ ဒါကြောင့် လောကကို တုန်လှုပ်စေနိုင်တဲ့ ကိစ္စတော်တော်များများက သူ့မျက်လုံးထဲမှာတော့ အရေးမပါဘူး။ သေးသေးလေးတွေပဲ။”
သူ ထိုသို့ ပြောလိုက်သော်လည်း ဘေးနားရှိ လူများက နားမလည်ကြချေ။
ရှမ့်လန်က ပြော၏။ “ကျုပ်ရဲ့ စိတ်ထဲမှာ သုံးပြည်ထောင် ဇာတ်လမ်းဆိုတဲ့ စာအုပ်တစ်အုပ် ရှိတယ်။ မတူညီတဲ့လူတွေက မတူညီတဲ့အမြင့်မှာ ရပ်နေပြီး မတူညီတဲ့ရှုထောင့်တွေကနေ ကြည့်နေခဲ့ကြတာ။ ဒါကြောင့် မတူညီတဲ့ အရာတွေကို မြင်ကြတယ်။
နန်းဆောင်သခင် ကျိုးရှီကိုပဲ ကြည့်။ သူ့ရဲ့ အကြည့်က မိုင်တစ်သောင်း သဲကန္တာရ အပေါ်မှာပဲ အပြည့်အဝ ရောက်ရှိနေတယ်။ အရှေ့တိုင်းလောကကို ကျော်ပြီး ကြည့်နေတယ်။ ဒါဆိုရင် ဧကရာဇ်က ဘာတွေ တွေးနေတယ်လို့ ခင်ဗျား ထင်လဲ။ ရင်ကွမ်းက ဘာတွေ တွေးနေမလဲ။”
ရွှယ်ရင်က ပြောသည်။ “ရင်ကွမ်း တွေးနေမှာက အရှင် ဒီလူတွေကို ဖျက်ဆီး သတ်ဖြတ်ပြီးသွားတော့ နောက်ထပ် ဘယ်သူ့အလှည့် ရောက်လာမလဲ ဆိုတာပေါ့။ ကျင်းနိုင်ငံလား ဒါမှမဟုတ် ချန်နိုင်ငံသစ်လား။ ပြီးတော့ ဧကရာဇ်ရဲ့ဆန္ဒက ပိုပြီး ရှင်းလင်းတယ်။ သူက လောကကြီးကို စုစည်းပြီး အရှေ့တိုင်း လောကကြီးရဲ့ တစ်ဦးတည်းသော အရှင်သခင် ဖြစ်ချင်တာ။ သူ့ရဲ့လမ်းမှာ ဘယ်သူပဲရှိရှိ အရှင်ရှမ့်လန်ပဲဖြစ်ဖြစ်၊ ရင်ကွမ်းပဲဖြစ်ဖြစ်၊ စေတီတောင်ပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ရှင်းမှာပဲ။”
ရှမ့်လန်က ပြော၏။ “စေတီတောင်က တောင်ပင်လယ်ဘက်မှာ ဧရာမ ရှေးဟောင်း အပျက်အစီးကို ဖွင့်လိုက်တည်းက အခြေအနေ ပြောင်းလဲသွားခဲ့ပြီ။ သဘာဝလွန် အင်အားစု ခြောက်ခုထဲမှာ ကျောက်စိမ်းဖြူ မြို့တော် တစ်ခုတည်းနဲ့တင် လုံလောက်နေပြီ။ ဧကရာဇ်က ဒုတိယ ကျောက်စိမ်းဖြူမြို့တော် ပေါ်လာမှာကို မလိုလားဘူးလို့ ကျုပ် ယုံကြည်တယ်။
ကျုပ်ရဲ့ မျက်လုံးထဲမှာတော့ တော်ဝင်ရန်ဧကရာဇ်က ကျုပ်ရဲ့ အကြီးမားဆုံးသော ရန်သူပဲ။ ဒါပေမဲ့ ဧကရာဇ်ရဲ့ မျက်လုံးထဲမှာတော့ ကျုပ်က အရည်အချင်း မပြည့်မီဘူး။ သူရဲ့အကြီးမားဆုံး ရန်သူက ကျုပ် မဟုတ်ဘူး။ စေတီတောင်သခင်က လာမဲ့ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ သတင်းလွှင့်ထားတယ်။ ရင်ဝူမင်ကို ကိုယ်စားလှယ်အနေနဲ့ စေလွှတ်ကောင်း စေလွှတ်လိမ့်မယ်။
ဒါက ဘာကို သက်သေပြနေတာလဲ။ ချန်နိုင်ငံသစ်က စေတီတောင်နဲ့ ပူးပေါင်းနေတာ။ သေမျိုးဘုရင် အာဏာနဲ့ သဘာဝလွန် အင်အားစု ပေါင်းစပ်တာက ဧကရာဇ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာနဲ့ အတူတူပဲလေ။”
ရှမ့်လန်က ပြုံးကာ ပြော၏။ “သုံးပြည်ထောင် ဇာတ်လမ်းသစ်က ရောက်လာခဲ့ပြီ။ ဒီလောကကြီးက အရမ်းကို ထူးဆန်းတယ်။ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မျိုးမှာ အဆုံးမဲ့ မျှော်လင့်ချက်တွေ ပေါ်လာတတ်တယ်။ အောင်ပွဲက လက်တစ်လှမ်းအကွာမှာပဲ ပေါ်လာတတ်တာမျိုး။ အောင်ပွဲရလို့ ဝမ်းမြောက်နေတဲ့ အချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းတဲ့ တွင်းနက်ကြီးတစ်ခုက ကိုယ့်ရဲ့ ရှေ့မှာ ပေါ်လာတတ်တယ်။
ဧကရာဇ်၊ ရင်ကွမ်း၊ စေတီတောင်သခင်နဲ့ တခြားသူတွေက လောကမှာ အတော်ဆုံး စစ်တုရင် ကစားသမားတွေပဲ။ ကျုပ်တို့ရဲ့ အင်အားက သူတို့ထက် အများကြီး နိမ့်ကျနေတယ်။ ကျုပ်တို့ အသက်ရှင် ရပ်တည်ချင်တယ်ဆိုရင် သူတို့နဲ့ တန်းတူ ရပ်တည်ရအောင် ကြိုးစားရမယ်။ သူတို့လို တွေးနိုင်ရမယ်။
ဟုတ်တယ်။ ကျုပ်တို့ ပြီးပြည့်စုံတဲ့ အောင်ပွဲတစ်ခုကို ရရှိခဲ့တယ်။ ဒါပေမဲ့ အထွတ်အထိပ် တိုက်ပွဲကြီးက အခုမှ စလာခဲ့တာပဲ။”
ရှမ့်လန်၏ စကားများကို နားထောင်ရင်း အားလုံးက တိတ်ဆိတ်နေမိ၏။
အဘယ်ကြောင့်ဆိုသော် သူတို့ နားမလည်သောကြောင့်ပင်။ တစ်ဖက်လူ၏ စကားများထဲတွင် ပါဝင်သည့် သတင်းအချက်အလက်များက များပြားလွန်းနေပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အရာများလည်း ပါဝင်သည်။
သူတို့၏ရှေ့တွင် အိမ်အသေးလေးတစ်လုံး ရှိနေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ တည်ဆောက်ထားခြင်း ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် အိမ်သာ သွားအုံးမလို့။ လိုက်အုံးမလား ဒိုဟာ။”
“အရှင် သွားလိုက်ပါတော့။” မင်းသမီး ဒိုဟာက အငေါ်တူး၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် သွားပြီနော်။ ကျေးဇူးပြုပြီး လာမချောင်းနဲ့အုံး။” ပြီးနောက် ရှမ့်လန်က အိမ်သေးလေးထဲသို့ ဝင်သွား၏။ အချိန်အတန်ကြာသည်ထိ ပြန်မထွက်လာခဲ့ချေ။
“ကြာလိုက်တာ။” မင်းသမီး ဒိုဟာက ပြော၏။
ခဏကြာချိန်မှာတော့ ရှမ့်လန်က ထွက်လာသည်။ အားလုံးကို လှမ်းပြောလိုက်သည်။ “သွားကြရအောင်။ ကြီးမားတဲ့ ဝင်တိုက်မှုကြီးဖြစ်တဲ့ နေရာက အဆိပ်ငွေ့တွေ ကုန်သလောက် ဖြစ်နေပြီ။ ကျုပ်တို့ အသက်ရှင်နိုင် လောက်တယ်။ ရတနာတွေ သွားတူးကြရအောင်။”
မီးနတ်ဘုရားဂိုဏ်းမှ နတ်ဆရာမ ရှယ်လီက ထိုစကားကို စောင့်နေသည်မှာ ကြာပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မီးနဂါးကြယ်တံခွန်က ကျဆင်းလာချိန်တွင် တန်ဖိုးကြီးသည့် ဒြပ်ဝတ္ထုတွေကို ယူဆောင်လာခဲ့ပြီး မီးနတ်ဘုရားဂိုဏ်း ပေါ်ပေါက်လာစေကာ မီးနတ်ဘုရားဂိုဏ်းကို ပိုမို သန်မာလာစေခဲ့၏။
မီးနတ်ဘုရားဂိုဏ်းတွင် ရှိနေသည့် မဟာဗျူဟာမြောက် ပစ္စည်းအများစုက မီးနဂါးကြယ်တံခွန်ထံမှ ရရှိခဲ့ခြင်းဟု ပြော၍ရ၏။ ယခုတစ်ခေါက် မီးနဂါးကြယ်တံခွန် ကျဆင်းမှုက အလုံးစုံ ကြီးမားသည့်အရာကြီးဖြစ်သည်။ သေချာပေါက် ပို၍ အံ့မခန်း များပြားလွန်းသည့် ရတနာများနှင့် မဟာဗျူဟာမြောက် ပစ္စည်းများကို ယူဆောင်လာမှာ သေချာသည်။
အမိန့်ပေးလိုက်သည်နှင့် လူရာဂဏန်းလောက်က ဥက္ကာခဲကျဆင်းရာနေရာဆီသို့ ဦးတည်ကြသည်။ ရတနာများကို တူးဖော်ရန် စတင်ကာ ပြင်ဆင်ကြ၏။
နှစ်နာရီကြာပြီးနောက် ရှမ့်လန်နှင့်အဖွဲ့က တင်းယွမ်မြို့၏ အနောက်ဘက်ရှိ ဂိုဘီသဲကန္တာရဆီသို့ ရောက်ရှိ လာ၏။ တကယ်တော့ ကြီးမားသည့် ဥက္ကာခဲကျဆင်းမှုကြီး ဖြစ်ပွားရာ နေရာအစစ်က တင်းယွမ်မြို့နှင့် မိုင်ပေါင်း မီတာထောင်ချီ ဝေးကွာ၏။ သို့သော်ငြား တင်းယွမ်မြို့ တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
ကျဆင်းလာမှုကြောင့် ဖြစ်ပေါ်လာသည့် ငလျင်က မြို့တစ်ခုလုံးကို အပျက်အစီးအဖြစ် ပြောင်းလဲပစ်လိုက်၏။ နေရာတိုင်းတွင် မရေတွက်နိုင်သည့် အလောင်းများက တောင်လိုပုံနေ၏။ ဥက္ကာခဲကြောင့် ပိသေသွားသူများက ကံကောင်းသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ချက်ချင်းပင် ပြာကျပြီး နာကျင်မှုကို မခံစားလိုက်ရသောကြောင့်ပင်။
သို့သော်ငြား နောက်မှ သေဆုံးသူများက နာကျင်စွာ သေဆုံးကြရ၏။ သူတို့က မြင့်မားသည့်အပူချိန်တွင် အကင်ခံရ၍ သေဆုံးခြင်း၊ အဆိပ်ငွေ့ကြောင့် သေဆုံးခြင်း သို့မဟုတ် အသက်ရှူကျပ်၍ သေဆုံးခြင်းတို့ ဖြစ်ကြ၏။
ထို့ကြောင့် ဤနေရာက ငရဲပြည်ကဲ့သို့ပင်။ နေရာတိုင်းတွင် တွန့်လိမ်နေသည့် အလောင်းများ ရှိနေသည်။ တစ်ရက် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤနေရာက တကယ်ကို အန္တရာယ် များနေဆဲပင်။ ဖုန်မှုန့်များက ဖုံးလွှမ်းလျက် ရှိနေပြီး လေထုက ပါးလွှာနေဆဲပင်။ ထို့အပြင် နေရာတိုင်းတွင် မီးခိုးများ ရှိနေပြီး အဆိပ်ငွေ့များကလည်း မပျောက်ကွယ်သေးချေ။
အထူးသဖြင့် ကျဆင်းမှု ဖြစ်ပွားရာ နေရာတစ်ဝိုက်ရှိ အပူချိန်က မကျဆင်းသေးချေ။ စုစုပေါင်း ဥက္ကာခဲ ဒါဇင်ပေါင်းများစွာက မြေကြီးထဲသို့ ဝင်လျက်ရှိနေပြီး ကြီးမားသည့် တွင်းနက်ကြီး ဒါဇင်ပေါင်းများစွာ ဖြစ်ပေါ်စေ၏။ ဤတွင်းနက်ကြီးများက မီတာထောင်ချီ ကျယ်ဝန်းပြီး အသေးဆုံးက မီတာရာချီ ကျယ်ဝန်း၏။ အနက်ဆုံးက မီတာတစ်ထောင်ကျော် နက်ပြီး အတိမ်ဆုံးက မီတာရာချီ နက်သည်။
ဤဥက္ကာခဲများက သဘာဝဓာတ်ငွေ့သိုက်ကို တိုက်ရိုက် မထိမှန်သော်လည်း နောက်ဆက်တွဲ ငလျင်ကြောင့် မြေကြီးများ အက်ကွဲကုန်၏။ သဘာဝဓာတ်ငွေ့ ရာပေါင်းများစွာတို့က စဉ်ဆက်မပြတ် ထွက်ပေါ်နေပြီး မီးကလည်း လောင်ကျွမ်း၏။
ထိုအရာက ကောင်းသည့်အချက်ပင်။ ကံကောင်း၍ သဘာဝဓာတ်ငွေ့ မီးလောင်နေခြင်းဖြစ်၏။ ထိုသို့ဆိုလျှင် အဖျက်စွမ်းအား ကြီးမားသည့် ပေါက်ကွဲမှုမျိုး ဖြစ်မှာမဟုတ်တော့ချေ။ ယိုစိမ့်ရုံသာ ယိုစိမ့်ပြီး မီးမလောင်ဘူး ဆိုပါက ဖုန်မှုန့်များ၏အောက်တွင် ဓာတ်ငွေ့များက ဖုံးလွှမ်းသွားပေလိမ့်မည်။ ပေါက်ကွဲမှုကြီးသာ ဖြစ်လာလျှင် ကြောက်စရာ အလွန်ကောင်းမှာ သေချာသည်။
“အရှင်... ဒီနေရာက အရမ်းကို အန္တရာယ်များတယ်။ ကျွန်မတို့ အကြာကြီးနေလို့ မဖြစ်ဘူး။ အကြိမ်ကြိမ် ဝင်လိုက်ထွက်လိုက် လုပ်မှ ဖြစ်မယ်။” နတ်ဆရာမ ရှယ်လီက သတိပေး၏။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “လူစုခွဲပြီး ရှာကြ။ မဟာဗျူဟာမြောက် ပစ္စည်းတွေနဲ့ ရတနာတွေ အားလုံးက တွင်းနက်ကြီးတွေရဲ့ အောက်ခြေမှာ ရှိနေလောက်တယ်။”
“အမိန့်တော်အတိုင်းပါပဲ။”
ပြီးနောက် ရှမ့်လန်၏ လက်အောက်ရှိ လူရာဂဏန်းတို့က အဖွဲ့များခွဲ၍ တွင်းနက်ကြီးများထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရှာဖွေကြ၏။
ဤနေရာက ပို၍ အန္တရာယ်များ၏။ အပူချိန်က ထိတ်လန့်စရာ ကောင်းလောက်အောင် မြင့်မားနေဆဲဖြစ်ပြီး လေမရှိသလောက်ပင်။ နေရာတိုင်း၌ အဆိပ်ငွေ့များ ရှိနေ၏။ ဤကြီးမားသည့် ဥက္ကာခဲကျဆင်းမှုကြီးမှ ထွက်ပေါ်လာသည့် စွမ်းအင်က ရိုးရိုးရှင်းရှင်းဖြင့် ကြောက်စရာ ကောင်းလွန်းသည်။
တွင်းနက်ကြီးထဲ၌ မြေကြီးမရှိတော့ဘဲ မယုံကြည်နိုင်လောက်အောင် မာကျောသည့် သလင်းကျောက်များဖြင့် ပြည့်နှက်နေ၏။ ဥက္ကာခဲကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အပူချိန်က မြေအဆီအနှစ်တို့ကို ပြင်းပြင်းထန်ထန် ပြောင်းလဲစေခဲ့ခြင်းပင်။
...
အပိုင်း (၁၀၃၀)
ရှမ့်လန်က ရှေးဟောင်း သံချပ်ကာနှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး နှစ်ထပ်ကို ဝတ်ဆင်၏။ သူ၏ကျောပေါ်တွင် အောက်ဆီဂျင်အိုးကြီး တစ်လုံးကို သယ်ဆောင်ထားသောကြောင့် လမ်းမလျှောက်နိုင်ချေ။ ချောင်ယောင်းအာက သူ့ကို ခါးကြားတွင် ညှပ်ပြီး တွင်းနက်ထဲသို့ ဆက်တိုက် ခုန်ဆင်း၏။
တွင်းနက်ကြီးက မယုံကြည်နိုင်လောက်အောင် နက်ရှိုင်းပြီး မီတာ နှစ်ထောင်၊ သုံးထောင် နီးပါးရောက်နေသည်ကိုပင် အဆုံး မရောက်နိုင်ပေ။ ထို့အပြင် ဤနေရာ၌ အောက်ဆီဂျင် မရှိချေ။ ရှမ့်လန်က ကြိုတင်ပြင်ဆင်မှုများကိုသာ သေသေချာချာ မလုပ်ထားပါက သူက ဤနေရာဆီသို့ လုံးဝ လာရောက်နိုင်မှာ မဟုတ်ချေ။
ချောင်ယောင်းအာက ရှမ့်လန်ကို သယ်ဆောင်ပြီး တွင်းနက်ကြီး၏ နံရံများတစ်လျှောက် ဆက်တိုက် ခုန်ဆင်းသွားသည်။ တွင်းနက်ကြီးထဲ၌ လုံးဝ မှောင်မိုက်လျက်ရှိနေပြီး တခြားဘာကိုမှ မမြင်ရပေ။ သူတို့၏ အာရုံခံနိုင်မှုကိုသာ အားကိုးနေရပြီး အောက်သို့ ဆက်တိုက် ဆင်းသက်သည်။
ငရဲကြီး ၁၈ ထပ်သို့ ရောက်ရှိနေ သကဲ့သို့ပင် ခံစားရစေ၏။ နေရာတိုင်းတွင် ဖုန်မှုန့်များနှင့် မီးခိုးများ ရှိနေပြီး နက်ရှိုင်းလေ အပူချိန်က ပိုမိုကာ မြင့်မားလာလေပင်။
အောက်သို့ ဆင်းသက်လျက်ရှိနေချိန်မှာတော့ သူတို့က လက်ချောင်းများကိုတောင် မမြင်ရတော့ပေ။ ရှမ့်လန်က အမှောင်ထုထဲကို ဆက်တိုက် ဖြတ်သန်းနေရပြီး အဆုံးမရှိတော့ဟု ခံစားနေရသော အချိန်တွင် ရုတ်တရက် ထူထဲသည့် မီးခိုးလွှာတစ်ခုကို ဖြတ်သန်းပြီး တွင်းနက်ကြီး၏ အောက်ခြေသို့ ရောက်ရှိသွား၏။
သူတို့၏ရှေ့မှ မြင်ကွင်းက ရှမ့်လန်၏ မျက်လုံးများကို ပြာဝေသွားစေသည်။
“ဘာကြီးလဲ၊ ဒါ ဘာကြီးလဲ။” နောက်ဆုံးတော့ သူတို့က တွင်းနက်ကြီး၏ အောက်ခြေသို့ ရောက်ရှိလာ၏။
ရှမ့်လန်က နဂါးဘုရင်၏ ရတနာတိုက်ထဲသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။ သူ၏ပတ်ပတ်လည်တွင် သလင်းကျောက်မျိုးစုံ ရှိနေ၏။ ရွှေရောင်၊ အဝါရောင်၊ အပြာရောင်၊ အနီရောင်.. သလင်းကျောက်မျိုးစုံရှိပြီး မရေတွက်နိုင်အောင် များပြားသည်။
“ဒါ ဘာတွေလဲ။ ကြည့်ရတာ အရမ်း ရင်းနှီးနေတယ်။ အိမ်မက်ဆိုးကျောက်တုံး”
ပိုပြီး တိတိကျကျ ပြောရမည် ဆိုလျှင် အိမ်မက်ဆိုးကျောက်တုံး သလင်းကျောက်များပင်။ ထိုအရာအားလုံးက အိမ်မက်ဆိုးကျောက်တုံး၏ ကုန်ကြမ်းများ ဖြစ်၏။
ကျူးမျိုးနွယ်စု၏ လျှို့ဝှက်စခန်းတွင် ရှမ့်လန်က အိမ်မက်ဆိုးကျောက်တုံး ထောင်ဂဏန်းလောက်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ထိုအရာက ရွှေတွင်းတူးမိခဲ့သလိုပင် ခံစားရစေခဲ့၏။ ယခုတစ်ကြိမ်မှာတော့ အိမ်မက်ဆိုးကျောက်တုံး သလင်းကျောက် မည်မျှရှိသနည်း။ မရေတွက်နိုင်အောင် များပြားလှ၏။ အနည်းဆုံး သောင်းနှင့်ချီရှိ၏။ တချို့က လက်သည်းခွံလောက် သေးသော်လည်း တချို့က လက်သီးဆုပ်လောက် ကြီး၏။ အရေးကြီးဆုံးကတော့ ရှားပါးသည့် အိမ်မက်ဆိုးကျောက်တုံးများ အများကြီး ရှိနေခြင်းပင်။
ယခုဆိုလျှင် ရှမ့်လန်က အိမ်မက်ဆိုးကျောက်တုံးအကြောင်း သုတေသန တော်တော်များများ ပြုလုပ်ခဲ့ပြီး ဖြစ်၏။ အနီရောင်၊ အပြာရောင်နှင့် မီးခိုးရောင် အိမ်မက်ဆိုးကျောက်တုံးတွေက အတွေ့ရအများဆုံး ဖြစ်သော်လည်း ပို၍ရှားပါးတာလည်း ရှိ၏။ ခရမ်းရောင်က ရှားပါးပြီး ရွှေရောင်က ပို၍ ရှားပါး၏။ အကြည်ရောင်နှင့် အရောင်မရှိသည်များကတော့ အလွန်အမင်းကို ရှားပါးသည့် အရာမျိုးပင်။
အဘယ်ကြောင့် ရှေးဟောင်းကိရိယာတချို့က စွမ်းအင်ထိန်းချုပ်မှု ဗဟိုချက်ကို လိုအပ်ပြီး တချို့က အဘယ့်ကြောင့် မလိုအပ် သနည်း။ ထိုအရာက အိမ်မက်ဆိုးကျောက်တုံး၏ အဆင့်အတန်း ကွာခြားမှုကြောင့်ပင်။ ခရမ်းရောင်နှင့်အထက် အိမ်မက်ဆိုးကျောက်တုံးများ၌ ကိုယ်ပိုင်စွမ်းအင် ပတ်ဝန်းကျင်ရှိနေပြီး ကိုယ်ပိုင်စွမ်းအင်တောင် ရှိ၏။ ထိုအရာများက လွတ်လပ်သည့် ကိရိယာတစ်ခု ဖြစ်၏။
ကျိုးရှီ၏ ရှေးဟောင်းကိရိယာများက စွမ်းအင်ထိန်းချုပ်မှု ဗဟိုချက် မလိုအပ်သလို၊ အဒေါ့ဖ် ကိုယ်တိုင် ပြုလုပ်ထားသည့် ကိရိယာကလည်း မလိုအပ်ချေ။ ရှေးဟောင်းယဉ်ကျေးမှုက အိမ်မက်ဆိုးကျောက်တုံးများ၏ အုတ်မြစ်ပေါ်တွင် လုံးဝနီးပါး တည်ဆောက်ထားခဲ့ခြင်းပင်။
ဤနယ်ပယ်မှ ဗဟုသုတများက တကယ်ကို နက်ရှိုင်းလွန်း၏။ ရှမ့်လန်ပင်လျှင် ဤနယ်ပယ်၌ ကျွမ်းကျင်သူ တစ်ယောက်မဟုတ်ချေ။ သို့သော်လည်း သူက ကျွမ်းကျင်သော လူတစ်ယောက်ကို သိ၏။ ကျန်းလီ၏ တပည့် အနောက်တိုင်းမှ အဒေါ့ဖ် ပင်။
ရှမ့်လန်က မရေတွက်နိုင်သည့် အိမ်မက်ဆိုးကျောက်တုံး သလင်းကျောက်များကို စိုက်ကြည့်နေ၏။ ထိုအရာ များနှင့် အိမ်မက်ဆိုးကျောက်တုံး ကိရိယာ ဘယ်နှစ်ခုလောက် သူ ဖန်တီးနိုင်မည်နည်း။ ရှေးဟောင်းကိရိယာ ဘယ်နှစ်ခုလောက် ပြုလုပ်နိုင်မည်နည်း။
ဤသလင်းကျောက်များကို ရရှိပြီးနောက် သူတို့၏ စက်မှုလုပ်ငန်း စွမ်းအင် တစ်ခုလုံးက အဆင့်သစ် တစ်ခုစီသို့ မြင့်တက်သွားမှာ သေချာ၏။ ထို့အပြင် ဤတွင်းနက်ကြီးတွင် အိမ်မက်ဆိုး ကျောက်တုံးများသာမက လျှို့ဝှက်သတ္တု အမျိုးမျိုးလည်း ပါဝင်၏။
ရှမ့်လန်၏ AI စနစ်တွင် တစ်ခါမှ မမြင်ဖူးသည့် သတ္တုများလည်း ပါ၏။ ဥပမာအားဖြင့် အထူးစစ်သည်များ အသုံးပြုနေသည့် ရှေးဟောင်းဓား၊ အပြာရောင် လျှို့ဝှက်သတ္တု တစ်မျိုးပင်။
ရှမ့်လန်၏ ရှေ့တွင် ကီလိုဂရမ် ရာချီ လေးလံသည့် အတုံးကြီး တစ်တုံး ရှိသည်။
ဟုတ်ပေ၏။ ဤလျှို့ဝှက်သတ္တုများ၏ အရေးကြီးဆုံးသော အသုံးဝင်ပုံက လက်နက်ပြုလုပ်ရန်မဟုတ်ဘဲ အိမ်မက်ဆိုးကျောက်တုံး ကိရိယာများ ပြုလုပ်ရန် ဖြစ်ကြောင်း ရှမ့်လန်က သိထား၏။ သူက မရေတွက်နိုင်သည့် အိမ်မက်ဆိုးကျောက်တုံး ကိရိယာများကို လေ့လာခဲ့ဖူး၏။ သတ္တုကျောက် အမျိုးမျိုးနှင့် လျှို့ဝှက်သတ္တု အမျိုးမျိုးလည်း ပါဝင်၏။ ထိုအရာများက တစ်ခုမှ သာမန်ပစ္စည်းမျိုး မဟုတ်ကြပေ။
“အရှင်... ဒါ ဘာကြီးလဲ။” ရုတ်တရက် မင်းသမီး ဒိုဟာက သလင်းကျောက် တစ်ခုကို ကမ်းပေးကာ မေး၏။
ရှမ့်လန်က ဂရုစိုက်ပင် လှမ်းယူလိုက်၏။ ဤသလင်းကျောက်က ပယင်းကျောက်ကဲ့သို့ပင် ဖြစ်ပြီး အတွင်း၌ ထူးဆန်းသည့် ပိုးကောင်လေး တစ်ကောင် ပိတ်မိနေ၏။ ရှမ့်လန် တစ်ခါမှ မမြင်ဖူးသော ပိုးကောင်မျိုးပင်။ သို့သော်ငြား ရှမ့်လန်က မီးနတ်ဘုရားဂိုဏ်း၏ ငရဲမီးပိုးကောင်ကို သတိရသွားသည်။
ထိုအရာက ခြင်တစ်ကောင်ထက် ဆယ်ဆလောက် သေးသော်လည်း မည်သည့်အပေါက်ကိုမဆို ထိုးဖောက် ဝင်ရောက်နိုင်ပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုသူကို ချက်ချင်းပင် မီးလောင်ကျွမ်းစေနိုင်၏။
သို့သော်လည်း သူ၏ရှေ့တွင် ရှိနေသည့် ပိုးကောင်က ငရဲမီးပိုးကောင် မဟုတ်ချေ။ ၁ စင်တီမီတာခန့် ရှိပြီး အလွန် သေးငယ်၏။ သို့သော် အလွန်ထူးဆန်းသည့် မျက်နှာတစ်ခုလည်း ရှိနေ၏။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ အစွယ်နှင့် ဦးချိုများပင် ပါဝင်ပြီး ခြေထောက်လေးချောင်းနှင့် လက်နှစ်ဖက်လည်း ရှိ၏။ ထိုအရာက ပိုးကောင်နှင့် လုံးဝမတူချေ။ တကယ်ကို ထူးဆန်းလွန်း၏။ ဤကြယ်တံခွန်ထဲတွင် မည်မျှများပြားသည့် အရာများကို ဝှက်ထားခဲ့သနည်း။ ထူးဆန်းသည့် သတ္တဝါတွေတောင် ရှိနေသည်လား။
“အရှင်... ကြည့်ပါအုံး။ ဒါ ဘာကြီးလဲ။”
ရှမ့်လန်က အသာပင် လမ်းလျှောက်သွားခဲ့၏။ သူက လုံးဝ ထိတ်လန့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက အရည်တစ်မျိုး ဖြစ်နေပြီး အရည်၏ အရောင်က အဆက်မပြတ် ပြောင်းလဲနေသောကြောင့်ပင်။
သူရပ်နေရာ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် အစိမ်းရောင်၊ နောက်ထပ် ရှုထောင့်မှ ကြည့်မည်ဆိုလျှင် အနီရောင်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် အရည်က အဘယ်သို့ ရှိနေသနည်း။ ဝင်တိုက်ချိန်တွင် အပူချိန်က ထိတ်လန့်စရာ ကောင်း၏။ မည်ကဲ့သို့သော အရည်မျိုးပဲဖြစ်ဖြစ် ချက်ချင်းပင် ပြာကျပြီး အငွေ့ပျံသွားလောက်၏။
သူ၏ရှေ့တွင် ရှိနေသည့် အရည်အိုင်လေးက အထူးတောက်ပလျက်ရှိပြီး ထူးဆန်းနေ၏။ ရှမ့်လန်က သူ၏ X-ray အမြင်ဖြင့် ကြည့်လိုက်သော်လည်း ဘာမှမမြင်ရချေ။ AI ကို သုံးပြီး ခွဲခြမ်းစိတ်ဖြာကြည့်သော်လည်း မည်သည့် အချက်အလက်မှ မရရှိပေ။ မည်ကဲ့သို့သော ဓာတ်ဝတ္ထုပစ္စည်းနည်း ဆိုသည်ကိုပင် သူ လုံးဝမသိပေ။
ရုတ်တရက် ချောင်ယောင်းအာက ပြော၏။ “သူ့ရဲ့ စွမ်းအင်အရှိန်အဝါက အရမ်းကို ရင်းနှီးနေတယ်လို့ ခံစားရတယ်။ ဒါ... နဂါးနောင်တနဲ့ တူသလိုပဲ။”
ရှမ့်လန်က ကြောင်အသွားသည်။ “နဂါးနောင်တ ဟုတ်သလား။”
သူက ခေတ်သစ် ကမ္ဘာမြေမှ လာသည် ဆိုသော်လည်း နဂါးနောင်တနှင့် ပတ်သက်ပြီး နျူကလီးယားဗုံး ဆိုသည့် အမြင်တစ်ခုတည်းသာ ရှိ၏။ ဟုတ်ပေ၏။ နဂါးနောင်တ ပေါက်ကွဲပြီးလျှင် နျူကလီးယားကဲ့သို့ ဓာတ်ရောင်ခြည်သင့်မှုမျိုး မရှိချေ။
သို့သော်လည်း ရှမ့်လန်၏ စိတ်ထဲတွင်တော့ ဤနဂါးနောင်တက တကယ်ကို ထူးဆန်းသည့် ဓာတ်ဝတ္ထု တစ်ခုခု၏ ပြိုကွဲမှုပင် ဖြစ်ရပေမည်။ သို့သော်ငြား သူ၏ ရှေ့ရှိအရည်က ယူရေနီယံ သို့မဟုတ် ပလူတိုနီယံနှင့် လုံးဝမတူချေ။
ချောင်ယောင်းအာ၏ အာရုံခံစားမှုက မှားမှာမဟုတ်ချေ။ သူမက လွယ်လွယ်နှင့် စကားကို မပြောတတ်ချေ။ ပြောပြီဆိုလျှင်လည်း အခြေခံအားဖြင့် မှန်ကန်လေ့ရှိ၏။ ဟုတ်ပေ၏။ ဤအရာက နဂါးနောင်တအတွက် ကုန်ကြမ်းတစ်ခု ဖြစ်နေလျှင်တောင် အသုံးမဝင်ချေ။ ပမာဏက အရမ်းကို နည်းလွန်းနေသလို ရှမ့်လန်အနေနှင့် ထိုအရာကို ထပ်တိုးအောင် ပြုလုပ်နိုင်မှာ မဟုတ်ချေ။ သုတေသနအတွက်သာ သုံး၍ ရပေလိမ့်မည်။
“ဒီတွင်းနက်ကြီးထဲက အရင်းအမြစ်တွေကို အကုန်ယူကြ။” ရှမ့်လန်က အမိန့်ပေးလိုက်၏။
“အမိန့်အတိုင်းပါပဲ။”
အမေဇုန်စစ်သည် ၁၀၀ ကျော်တို့က ပြန်ဖြေ၏။ ပြီးနောက် သေတ္တာများကို ထုတ်ယူပြီး အိမ်မက်ဆိုး ကျောက်တုံး သလင်းကျောက်များ၊ လျှို့ဝှက်ရွှေများနှင့် အထူးဇီဝ ကျောက်ဖြစ်ရုပ်ကြွင်း အားလုံးကို ထည့်သည်။
ရုတ်တရက် မင်းသမီး ဟီလာက မေး၏။ “မောင်လေး... တွင်းနက်ကြီးတိုင်းမှာ ရတနာတွေ ရှိနေတာလား။”
ရှမ့်လန်က ဖြေသည်။ “ရှိလောက်တယ်။”
ဟီလာက ပြောလိုက်၏။ “ဒါဆိုရင် မီးနတ်ဘုရားဂိုဏ်းအတွက် အရမ်းကို လွယ်ကူလွန်းနေပြီ မဟုတ်လား။”
ရှမ့်လန်က ကြောင်အသွားသည်။ “ဒါတွေက မဟာဗျူဟာမြောက် အရင်းအနှီးတွေပါပဲ။ ဒါပေမဲ့ ရလဒ်တွေ ဖြစ်ပေါ်ဖို့ဆိုရင်တော့ အချိန်အကြာကြီး သုတေသန လုပ်ရအုံးမယ်။ ဒီအချိန်မှာ အကုန်လုံးကို ကိုယ်ပိုင် မသိမ်းချင်ပါနဲ့။”
ဟီလာက နှုတ်ခမ်းဆူ၏။ “ကောင်းပြီ။”
ပြီးနောက် စစ်သည် ရာဂဏန်းတို့က ဤအရင်းအမြစ်များကို ငရဲခန်းကဲ့သို့ နေရာမှ သယ်ထုတ်ပြီး လျှို့ဝှက်စခန်းဆီသို့ ပို့ဆောင်လိုက်ကြ၏။ ပြီးနောက် အမြန်ဆုံးသော အရှိန်ဖြင့် နုရှောင့်မြို့တော်သို့ သယ်ဆောင်သွားခဲ့ကြ၏။
အပြင်ဘက်တွင် ခဏလောက် အနားယူပြီးနောက် သူတို့က ဓာတ်ငွေ့ကာ မျက်နှာဖုံးအသစ်များကို တပ်ဆင်ပြီး အထူးအောက်ဆီဂျင်အိုး၊ ပိုတက်စီယမ် ပါမန်ဂနိတ် သို့မဟုတ် ပိုတက်စီယမ် ကလိုရိတ် အောက်ဆီဂျင် ဂျင်နရေတာများကို ပြင်ဆင်ပြီး ရတနာများကို တူးဖော်ရန် တွင်းနက်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်ကြသည်။
လမ်းတစ်လျှောက်တွင် ရှမ့်လန်နှင့် ချောင်ယောင်းအာတို့က စကားအနည်းငယ် ပြောမိ၏။
ချောင်ယောင်းအာက မေးသည်။ “သေချာလား။”
ရှမ့်လန်က ပြော၏။ “သေချာတယ်။”
ချောင်ယောင်းအာက ဆိုသည်။ “ကောင်းပြီ။”
.......................
တွင်းနက်ကြီး အားလုံးနီးပါးကို ရှာဖွေခဲ့ပြီးပြီ ဖြစ်သောကြောင့် တစ်ခုတည်းသာ ကျန်ရှိတော့၏။ ဤတွင်းနက်ကြီးက အထူးခြားဆုံးပင်။ ပထမအချက်အနေဖြင့် ထိုအရာက တကယ်ကို သေးငယ်ပြီး အချင်း မီတာ တစ်ဒါဇင်ခန့်သာ ရှိ၏။ သို့သော်ငြား အောက်ခြေကို မမြင်ရလောက်အောင် နက်ရှိုင်း၏။ တခြားတွင်းနက်ကြီးများထက် များစွာ ပိုမိုကာ နက်ရှိုင်း၏။ လုံးဝပုံမှန်မဟုတ်ချေ။
တွင်းနက်ကြီး တစ်ခုခုက ပို၍ကြီးမားလေ ပို၍နက်လေ၊ ပို၍သေးလေ ပို၍တိမ်လေ ဖြစ်ရပေမည်။ ဤတွင်းနက်ကြီးက သေးသေးလေးနှင့် တကယ်ကို နက်ရှိုင်းလွန်းနေ၏။ ထိုအရာက ဘာကို သက်သေပြ နေသနည်း။ တွင်းနက်ကြီးက အရမ်းကို သေးငယ်သည် ဆိုသော်လည်း သူ၏ စွမ်းအင်က ထိတ်လန့်ဖွယ်ရာ ကောင်းသည် ဆိုသည်ကို သက်သေပြနေခြင်းပင်။
ထို့ကြောင့် သူက မြေအောက် မီတာ ၁၀၀၀၀ ကျော်ထိ ရောက်ရှိသွားခြင်း ဖြစ်ပေမည်။ ဝင်တိုက်စဉ်က မည်သည့် ဥက္ကာခဲမဆို ပေါက်ကွဲပြီး မီးလောင်ကျွမ်း၏။ သို့သော်ငြား တွင်းနက်ကြီးကို ဖန်တီးခဲ့သည့် အရာကတော့ ရှင်းရှင်းလင်းလင်း မပြိုကွဲသလို မီးလည်း မလောင်ခဲ့ချေ။ အကောင်းပကတိအတိုင်း ရှိနေသေး၏။ ထို့ကြောင့် ထိုအရာက ရတနာတစ်ခု၊ သို့မဟုတ် အလွန့်အလွန်ကို တန်ဖိုးရှိသည့် ရတနာတစ်ခု ဖြစ်နိုင်၏။
ရှမ့်လန်၏အဖွဲ့နှင့် နတ်ဆရာမ ရှယ်လီတို့၏အဖွဲ့က ဤကြီးမားသည့် တွင်းနက်ကြီးကို ဝန်းရံထား၏။ မီတာ ၁၀၀၀၀ နက်ရှိုင်းသည့် တွင်းနက်ကြီးထဲတွင် မဟာဗျူဟာမြောက် ရတနာတစ်ခုက သေချာပေါက် ရှိနေပြီး တစ်ခုတည်းသာ ရှိနေကြောင်းလည်း နှစ်ဖက်စလုံးက သိကြ၏။ ဤရတနာ၏ တန်ဖိုးက တခြားတွင်းနက် ၁၀ ခု၏ စုစုပေါင်းတန်ဖိုးထက်ပင် ပိုမိုကာ များပြားနိုင်သည်။
ထိုသို့ဆိုလျှင် ဤရတနာက မည်သူ့အပိုင် ဖြစ်သင့်သနည်း။
နတ်ဆရာမ ရှယ်လီ၏ မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေပြီး တွင်းနက်ကြီး၏ အောက်ခြေကို တပ်မက်စွာဖြင့် ကြည့်၏။ စကားလုံးပေါင်းများစွာက သူမ၏ ခေါင်းထဲတွင် ပေါ်လာ၏။ ဤမီးနဂါး ကြယ်တံခွန်ကို မီးနတ်ဘုရားဂိုဏ်းက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မီးနတ်ဘုရား မျက်လုံးတော် ဟုတောင် အမည်ပေးထား၏။
မီးနတ်ဘုရားဂိုဏ်းက ဤကြယ်တံခွန်ကြောင့် မွေးဖွားဖြစ်တည်လာခဲ့ခြင်းပင်။ နှစ်ပေါင်း ၁၀၀ ပြည့်တိုင်းပင် မီးနတ်ဘုရားဂိုဏ်းက ဤကြယ်တံခွန်၏ လမ်းကြောင်းများကို လိုက်လံစောင့်ကြည့်နေတတ်၏။ မီးနတ်ဘုရားဂိုဏ်း၏ အင်အားများက ဤကြယ်တံခွန်ကြောင့် ရရှိခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဤမီးနဂါးကြယ်တံခွန် အရှေ့တိုင်းဆီ ကျဆင်းခဲ့သည် ဆိုသော်လည်း မီးနတ်ဘုရားဂိုဏ်းက ပိုင်ဆိုင်ခွင့် ရှိသင့်သည်ဟု သူမ ယူဆသည်။ ထို့အပြင် ရှမ့်လန်ကလည်း ဤဥက္ကာခဲကျဆင်းမှုမှ အများကြီး ရရှိခဲ့ပြီးပြီ ဖြစ်သည်။
နတ်ဆရာမ ရှယ်လီက နောက်ဆုံးရတနာကို မီးနတ်ဘုရားဂိုဏ်း ပိုင်ဆိုင်သင့်ကြောင်း အကြောင်းပြချက်ပေါင်း များစွာကို ပြောဆိုရန် တွေးတောနေမိ၏။ သို့သော်ငြား နောက်ဆုံးမှာတော့ နတ်ဆရာမ ရှယ်လီက ဦးညွှတ်ကာ ပြော၏။ “ဒါက အရှင်ရှမ့်လန် အပိုင်ပါပဲ။”
ရှမ့်လန်က ဦးညွှတ်ကာ ပြောသည်။ “ကျေးဇူးတင်ပါတယ် နတ်ဆရာမ ရှယ်လီ။”
ရှယ်လီက ပြော၏။ “ဒါပေမဲ့ ကျွန်မရဲ့ရက်ရောမှုနဲ့ မီးနတ်ဘုရားဂိုဏ်းရဲ့ ရက်ရောမှုအတွက် ဆုလာဘ်ကတော့ ရသင့်တယ်လို့ ကျွန်မထင်တယ်။”
ရှမ့်လန်က ပြောသည်။ “ပြောသာပြောပါ။ တူးဖော်ပြီးသား ရတနာတွေထဲက ခင်ဗျား ကြိုက်တဲ့အရာကို ရွေးလို့ရပါတယ်။”
နတ်ဆရာမ ရှယ်လီက ပြော၏။ “ကျွန်မ ဘာမှ မလိုချင်ပါဘူး။ တစ်ခုတည်းပဲ လိုချင်ပါတယ်။ အရှင့်ရဲ့ မျိုးစေ့ပါပဲ။ ဘာလို့လဲဆိုတော့ နယ်စားကြီး ဒီဘိုရာရဲ့ကလေးနဲ့ ဘုရင်မ အီဒါရဲ့ကလေးကို ကျွန်မ မြင်ဖူးလို့ပဲ။ ကျွန်မရဲ့ တစ်ခုတည်းသော အခြေအနေက နုရှောင့်မြို့ကနေ မထွက်ခွာခင် ကျွန်မကို မျိုးစေ့ပေးဖို့ မျှော်လင့်ပါတယ်။”
ရှမ့်လန်၏ အရှေ့၌ အဘယ်ကြောင့် အဝတ်အစားများကို မဝတ်သနည်း ဆိုသည်က အံ့အားသင့်စရာ မဟုတ်တော့ချေ။ သို့သော်ငြား ရှမ့်လန်က ဤမိန်းကလေး မွေးတည်းက ဤသို့နေလာခဲ့သည်ဟု ထင်မှတ်ခဲ့ ၏။ သူက ခါးသက်စွာ ပြုံးလိုက်သည်။ “သဘောတူပါတယ် နတ်ဆရာမ ရှယ်လီ။”
နတ်ဆရာမ ရှယ်လီက ပြော၏။ “ဒါဆိုရင် ကျွန်မ အရင်ပြန်နှင့်ပါ့မယ်။ နောက်မှ တွေ့ကြတာပေါ့။”
နတ်ဆရာမ ရှယ်လီက မီးနတ်ဘုရားဂိုဏ်းမှ စစ်သည် ရာဂဏန်းနှင့်အတူ ထွက်ခွာသွားခဲ့၏။ ဤသည်က နောက်ဆုံးသော ရတနာအတွက် အင်အားသုံးခြင်း သို့မဟုတ် ပြိုင်ဆိုင်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ကြေညာ လိုက်ခြင်းပင်။
...........
တွင်းနက်ကြီးကို ကြည့်ရှုရင်း ရှမ့်လန်၊ ချောင်ယောင်းအာ၊ မင်းသမီး ဒိုဟာနှင့် ဟီလာတို့က အသက်ကို အောင့်ထားမိ၏။ ဤတွင်းနက်ကြီးထဲတွင် မည်သို့သော ရတနာများ ရှိမည်နည်း၊ မည်မျှ တန်ဖိုးရှိမည်နည်းကို သူတို့ စိတ်ကူး၍ပင် မရနိုင်ချေ။
“ဘာလို့လဲ မသိဘူး။ သမိုင်းကို မျက်မြင်ကိုယ်တွေ့ တွေ့ရသလို ခံစားရတယ်။”
မင်းသမီး ဟီလာက မေး၏။ “ဒီတွင်းနက်ကြီးထဲမှာ ဘာရှိမယ် ထင်လဲ။”
မင်းသမီး ဒိုဟာက ဖြေသည်။ “ရှေးဟောင်း ယဉ်ကျေးမှုက အိမ်မက်ဆိုးကျောက်တုံးပေါ်မှာပဲ လုံးဝ တည်ဆောက်ထားတာ။ ပြီးတော့ ဒီမီးနဂါး ကြယ်တံခွန်က ယဉ်ကျေးမှုရဲ့ အုတ်မြစ်ပဲ။ ဒီလိုဆိုရင် ဒီနောက်ဆုံး တွင်းနက်ကြီးက ရှေးဟောင်း ယဉ်ကျေးမှုရဲ့ အဓိက ဗဟိုချက် ဖြစ်နေမလား။”
မင်းသမီး ဟီလာက ပြော၏။ “မောင်လေး... ဒီတွင်းက အရမ်းကို ကျဉ်းတယ်။ လူနှစ်ယောက်ပဲ ဆန့်တယ်။ အစ်မက ချောင်ယောင်းအာနဲ့အတူ ဆင်းလိုက်မယ်။ မောင်လေးက အပေါ်မှာပဲ စောင့်နေပါလား။”
ရှမ့်လန်က ခေါင်းခါယမ်းကာ ပြောသည်။ “မလိုပါဘူး။ ကျုပ် ချောင်ယောင်းအာနဲ့အတူ ဆင်းလိုက်မယ်။”
ဟီလာက ပြော၏။ “မောင်လေး... အစ်မကို မယုံဘူးလား။”
ရှမ့်လန်က ပြောသည်။ “အစ်မက ကျုပ်ရဲ့ အစ်မကြီး ဖြစ်နေလို့ပါ။ အစ်မက ကျုပ်ရဲ့ မိသားစုပါ။ ယောင်းအာ ..... ဆင်းကြစို့။”