အခန်း (၁၀၃၁-၁၀၃၂)
Vol. 61 Ch. 1031-1032
အပိုင်း (၁၀၃၁)
ဟီလာက ကြောင်အသွား၏။ ရှမ့်လန် ဘာကို ဆိုလိုသနည်း။ ချောင်ယောင်းအာနှင့် ရှမ့်လန်က ရှေးဟောင်း သံချပ်ကာများကို ဝတ်ဆင်ထား၏။ သူတို့က အသက်ကို ပြင်းပြင်းရှူပြီး တွင်းနက်ကြီးထဲသို့ ခုန်ချလိုက်၏။
ဟီလာက ပြောသည်။ “ဒိုဟာ... ဒီတွင်းအောက်ခြေမှာ ဘာရှိမယ် ထင်လဲ။ လောကကြီးကို ပြောင်းလဲပစ်နိုင် မှာလား။”
တွင်းနက်ကြီးက ကမ္ဘာမြေ၏ ဗဟိုချက်အထိ ထိုးဖောက်သွားသကဲ့သို့ ဖြစ်နေ၏။ ငရဲကြီး ၁၈ ကို ရောက်ရှိသွားသလို ဖြစ်နေသည်။ သူတို့က ဆက်တိုက် ကျဆင်းနေ၏။
......
လွန်ခဲ့သည့် ရက်ပေါင်း ၂၀ ကျော်က နုရှောင့်မြို့တွင် ......။
“မှန်.... မင်း စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်နော်။ ဘယ်လိုအရာတွေက လူတစ်ယောက်ကို နိမ့်ပါးသွားစေလဲ။” ရှမ့်လန်က မေးလိုက်သည်။
မှန်က ခဏမျှ စဉ်းစားပြီး ဖြေ၏။ “အင်း... လျစ်လျူရှုမှု၊ မသိနားမလည်မှုတွေနဲ့ လူပေါ့။”
“ဟုတ်တယ်။”
ရှမ့်လန်က ပြောသည်။ “လျစ်လျူရှုမှု၊ မသိနားမလည်မှုပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမှု”
မှန်က ဆက်ပြော၏။ “ဟုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမှု၊ အရာရာကို ထိန်းချုပ်ထားတယ်လို့ ထင်ပေမဲ့ တကယ်တမ်းကျတော့ သူတပါးရဲ့ ကစားကွက်ထဲကို ရောက်နေရတာလည်း ဖြစ်နိုင်တယ်လေ။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတတ်မှုကိုလည်း ဖျောက်တတ်ရမယ်။”
ရှမ့်လန်က မေးသည်။ “ဒါဆို လူတွေက ဘယ်အချိန်မှာ အန္တရာယ်အရှိဆုံးလို့ ထင်လဲ။”
မှန်က ဖြေ၏။ “သူတို့ အောင်မြင်နေတဲ့အချိန်၊ သူတို့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့အချိန်၊ အထူးသဖြင့် အောင်မြင်မှုက အရမ်းကို ထွန်းလင်းတောက်ပနေတဲ့ အချိန်ပေါ့။ သူတို့က ကိုယ့်ကိုယ်ကိုယ် ကျေနပ်လွန်းလို့ ကောင်းကင်ကိုပဲ မော့ကြည့်နေမိတတ်ကြတယ်။ အောက်ကို ငုံ့မကြည့်တော့ဘူး”
ပြီးနောက် မှန်က ရှက်ရွံစွာ ပြောသည်။ “စာအုပ်တွေ အများကြီးထဲမှာ အဲလို ရေးထားတာပဲ”
ရှမ့်လန်က မေး၏။ “ဒါဆိုရင် ငါ့ရဲ့လက်ရှိအခြေအနေကို အောင်မြင်တယ်လို့ မင်းထင်လား။ နေ့တိုင်း အစီရင်ခံ စာလွှာတွေ ဖတ်နေရတာဆိုတော့ ငါတို့ ကြုံတွေ့နေရတာတွေကို မင်းသိနေတာပဲ။”
မှန်က ပြောသည်။ “အကယ်၍ အရှင်က တော်ဝင်ရန်အင်ပါယာရဲ့ စစ်တပ်ကို လုံးဝ သုတ်သင် ရှင်းလင်းနိုင်ရင်၊ မစခင်တည်းက ဒီလောကစစ်ပွဲကြီးကို အဆုံးသတ်နိုင်ရင်၊ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်လုံးကို ကာကွယ်ပေးနိုင်ရင် ဒါက အောင်မြင်မှုပါပဲ။ အရှင်ရဲ့ဘဝမှာ အကြီးမားဆုံး အောင်မြင်မှုနဲ့ ဂုဏ်ယူစရာကြီး ဖြစ်လာလိမ့်မယ်။”
ရှမ့်လန်က မေးပြန်၏။ “ဒါဆိုရင် ငါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသင့်တယ်လို့ မင်းထင်လား။”
မှန်က ဖြေသည်။ “အရှင်က ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပါတယ်။ ကျေနပ်နေပေမဲ့ ကိုယ့်ကိုယ်ကိုယ် ၊ ကိုယ်ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာကိုတော့ မမေ့သေးပါဘူး။”
ရှမ့်လန်က ပြော၏။ “[ကျောက်စိမ်းရုပ်ထုရဲ့ မျက်နှာအစစ်ကို မသိဘူး။ ဘာလို့လဲဆိုတော့ ငါက ရုပ်ထုထဲ ရောက်နေလို့ပဲ] ... ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ ကြီးမြတ်တဲ့လူအများစုက သူတို့ရဲ့ အောင်မြင်ဆုံးနဲ့ ကိုယ့်ကိုယ်ကိုယ် အကျေနပ်ဆုံးအချိန်မှာ ချောက်ထဲကို ကျသွားခဲ့ကြတာပဲ။ ဘာလို့လဲဆိုတော့ သူတို့က ကစားပွဲထဲကို ရောက်နေပေမဲ့ သူတို့ရဲ့အမြင်အာရုံက အကန့်အသတ်ရှိပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်လို့ပဲ။
ဒါပေမဲ့ [ငါ့မျက်လုံးကို ဖုံးကွယ်ထားတဲ့ တိမ်တိုက်တွေကို ငါမကြောက်ဘူး။ ဘာလို့လဲဆိုတော့ ငါက အမြင်ဆုံးမှာ ရှိနေလို့ပဲ] ဆိုတဲ့ နောက်ထပ် စကားတစ်ခွန်း ရှိသေးတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ အမြင်အာရုံက အမြင့်ဆုံးအဆင့်မှာ ရှိနေရင် ထင်ယောင်ထင်မှား ဖြစ်မှုတွေ၊ လှည့်စားမှုတွေ ခံရမှာ စိုးရိမ်စရာ မလိုဘူး။”
မှန်က ထိုအရာကို ကြားတော့ ရုတ်တရက် ရယ်မောလိုက်မိသည်။ “လေးစားမိပါတယ် အရှင်။”
ရှမ့်လန်က ပြော၏။ “ငါ ဟန်ဆောင်ချင်တယ်။ ငါ အစွမ်းထက်တဲ့အထိပေါ့။”
ပြီးနောက် ရှမ့်လန်က ဆက်ပြောသည်။ “[ရှေ့မှာ လမ်းပေါင်း ထောင်ချီ ရှိနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ လမ်းတစ်လမ်းမှ မရှိဘူး] ဆိုတဲ့ စကားတစ်ခု ရှိသေးတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် လမ်းပိတ်နေတယ်လို့ ထင်နေတဲ့အချိန်မျိုးမှာ လမ်းပေါ်လာတတ်တယ်။”
“ဟုတ်တယ်။”
မှန်က ပြော၏။ “ကျုပ် နားလည်လာပြီ။ ရှင်းရှင်းလင်းလင်း မြင်နိုင်နေသရွေ့ ကိုယ့်ရှေ့က လမ်းက ဘယ်လောက်ပဲ အန္တရာယ်များပါစေ၊ ကြောက်မက်ဖွယ်ရာ ကောင်းပါစေ။ ရှုပ်ထွေးနေပါစေ။ ထွက်ပေါက်တစ်ခု ဖြစ်နေအုံးမှာပဲ။”
....................
နောက်ဆုံး တွင်းနက်ကြီးထဲတွင်တော့ ရှမ့်လန်နှင့် ချောင်ယောင်းအာက ဆက်လက် ကျဆင်းနေ၏။ ဤတွင်းက မည်မျှ နက်သနည်း။ အဆုံးအစမရှိ ချောက်နက်ကြီးဟု ပြောသော်လည်း ထိုအရာထက်ပင် ကျော်လွန်နေလောက်၏။ လောကကြီး၏ အူတိုင် မြေအောက်ခြေထဲသို့ ရောက်ရှိနေသလို ခံစားရသည်။
“ဒေါက်
အောက်ခြေသို့ ရောက်ရှိသွား၏။
ချောင်ယောင်းအာက အရှိန်လျှော့ရန် တွင်းနံရံကို ကြိုတင် ဖမ်းဆုပ်ထား၏။ အောက်ခြေသို့ရောက်ချိန်တွင် သူမက အရှိန်မရှိတော့ဘဲ အလွယ်တကူ ရပ်တန့်နိုင်၏။ ရှမ့်လန်က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရသလောက်ပင်။ တကယ့်ကို သောက်ကျိုးနည်း နက်ရှိုင်းလွန်း၏။ မည်သို့ ပြန်တက်ရမည် ဆိုသည်ကိုပင် မသိတော့ချေ။
ဂိုဘီတဲကန္တာရထဲတွင် ဤမျှနက်သည့် တွင်းကြီးများဖြစ်အောင် မည်သည့်အင်အားဖြင့် ဖန်တီးခဲ့သနည်း။ ရှမ့်လန်က ပထမဦးဆုံးတွင်းကို ရှာဖွေတွေ့ရှိချိန်၌ တောက်ပသည့် ရတနာများ ပြည့်နှက်နေသောကြောင့် မျက်စိကွယ်တော့မတတ် ခံစားခဲ့ရ၏။ သို့သော်လည်း နောက်ဆုံး တွင်းနက်ကြီး အောက်ခြေတွင်တော့ တစ်ခုတည်းသော အရာကသာ ငြိမ်သက်စွာ ရှိနေ၏။
ဥတစ်လုံးပင်။ အချင်း တစ်ပေခန့်ရှိသည့် ဥတစ်လုံးဖြစ်၏။ ဤအရာက မီတာတစ်သောင်းနက်သည့် တွင်းကြီးကို ဖန်တီးခဲ့လေသည်လား။ ရှမ့်လန်က ရှေ့သို့တိုးပြီး ဥကို ထိကြည့်၏။ အေးစက်ပြီး အနွေးဓာတ် ဟူ၍ မရှိချေ။ သာမန် ကျောက်တုံးကြီး တစ်တုံးကဲ့သို့ပင် ဖြစ်၏။ မျက်နှာပြင်ပေါ်ရှိ အကွက်စိပ်များသာ မရှိပါက ရှမ့်လန်အနေဖြင့် ကျောက်စရစ်ခဲကြီး တစ်လုံးဟုပင် ထင်ရပေလိမ့်မည်။ သို့သော်လည်း သေချာပေါက် ဥတစ်လုံး ဖြစ်သည်။
ဥ၏ မျက်နှာပြင်တွင် အကြေးခွံများ ဖုံးလွှမ်းနေပြီး တကယ်ကို ထူးခြားသည့် အရေးအကြောင်းများလည်း ပါရှိ၏။ ထိုအရာက မီးနဂါးကြယ်တံခွန် နောက်ဆုံး ပစ်ချလိုက်သည့် အရာလား။ ကြယ်တံခွန်၏ စစ်မှန်သည့် အမြူတေများလား။ ထိုသို့ဆိုလျှင် မည်သို့သော ဥမျိုး ဖြစ်မည်နည်း။
နဂါးဥလား။ သို့သော်ငြား ကောင်းကင်ပေါ်ရှိ ကြယ်တံခွန်၌ အဘယ်ကြောင့် ဤအရာ ရှိနေရသနည်း။ တကယ်ကို ထူးဆန်းလွန်းလှချေသည်။
ရှမ့်လန်က လက်နှစ်ဖက်ဖြင့် ကိုင်လိုက်၏။ ဥက တကယ့်ကို လေးလံလွန်း၏။ အနည်းဆုံး ကီလိုဂရမ် ဒါဇင်အနည်းငယ် ရှိ၏။ သို့သော်ငြား ကီလိုဂရမ် ဒါဇင်အနည်းငယ်ရှိသည့်ဥ က အဘယ်သို့သောအားဖြင့် မီတာတစ်သောင်းလောက် နက်သည့် တွင်းကြီးကို ဖန်တီးလိုက်သနည်း။ ထိုအရာက ထူးဆန်းလွန်းနေ၏။
သို့သော်ငြား ထိုအရာက နဂါးဥဆိုလျှင်တော့ သမိုင်းနှင့် လောကတစ်ခုလုံးကို တကယ်တမ်း ပြောင်းလဲပစ်မည့် အရာမျိုးပင်။ ရှမ့်လန်က နဂါးနောင်တ ပစ်လွှတ်စဉ် အသံတစ်ခုကို သတိရမိ၏။ တကယ်ကို နဂါးတစ်ကောင် သက်ပြင်းချသံနှင့် တူ၏။
အဘယ်ကြောင့် ဤမဟာဗျူဟာမြောက် လက်နက်ကို နဂါးနောင်တဟု ခေါ်ရသနည်း။ ထို့အပြင် အိမ်မက်ဆိုးကျောက်တုံးကိရိယာများ၊ တောက်ပသည့် ကျောက်မျက်ရတနာများ၊ ထိုအရာများက ဘာတွေဖြစ်သနည်း။
ရှမ့်လန်က ဖြစ်နိုင်ခြေရှိသည့် နဂါးဥကို တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့ပြီး သူ၏မျက်နှာဖြင့် ကပ်လိုက်၏။ သူက စွဲလမ်းစွာ ပြောသည်။ “ငါတို့ လောကကြီးကို တကယ် ပြောင်းလဲတော့မယ်။ ငါတို့ သမိုင်းကို တကယ်တမ်း ဖန်တီးနိုင်တော့မယ်။ ဒါက နဂါးဥသာဆိုရင် သူ့ရဲ့တန်ဖိုးက အရင်ပစ္စည်းတွေ အားလုံးထက် အများကြီး သာလွန်တယ်။ အိမ်မက်ဆိုးကျောက်တုံးတွေ အားလုံး၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေ အားလုံး၊ ရတနာအားလုံး ထက် သာလွန်တယ်။
အရင် တွင်းဒါဇင်နဲ့ချီရဲ့ ရတနာတွေအားလုံး ပေါင်းရင်တောင် သူ့တန်ဖိုးရဲ့ တစ် ရာခိုင်နှုန်းကို မှီမှာ မဟုတ်ဘူး။ မဟာဗျူဟာမြောက် လက်နက်၊ နဂါးနောင်တရဲ့ ကုန်ကြမ်းက သူ့ရဲ့ သွေးရည်ကြည်ဖြစ်မယ် လို့တောင် ငါ သံသယရှိတယ်။ ဒါက တကယ်ကို ကြီးမားတဲ့ အခိုက်အတန့်တစ်ခုပဲ။ ငါတို့ သမိုင်းကို ဖန်တီးနိုင်တော့မယ်။” ရှမ့်လန်၏ အသံက အိပ်မက်မက်နေသကဲ့သို့ပင်။ မူးယစ်နေသကဲ့သို့ စွဲလမ်းမှုများနှင့် ပြည့်နှက်နေ၏။ သူက အဆုံးမဲ့ စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ဥကို ကြည့်၏။
“တခြားနည်းလမ်းနဲ့ ပြောကြည့်ရမလား။ ငါတို့အတူတူ သမိုင်းကို ဖန်တီးကြမယ်လို့ ပြင်ပြောရအောင်။” ရုတ်တရက် တွင်းနက်ကြီးထဲမှ အခြားတစ်ဦး ထွက်ပေါ်လာခဲ့သည်။
ချောင်ယောင်းအာ၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွား၏။ ဤတွင်းကြီးထဲတွင် နောက်ထပ် လူတစ်ယောက် ရှိနေသေးသည်လား။ ထို့အပြင် သူမ လုံးဝ သတိမထားမိချေ။
သူမက မည်သည့် သွေးမျိုးဆက်၏ အရှိန်အဝါကိုမဆို အာရုံခံနိုင်လောက်အောင် စွမ်းအား ကြီးမားသူတစ်ယောက်ပင်။ အဘယ်ကြောင့် သတိမထားမိဘဲ နေမည်နည်း။ ဤလူက တကယ်ပဲ စွမ်းအားကြီးမားသည်လား။
ပြီးနောက် ထိုလူက ဖြည်းညင်းစွာဖြင့် ထွက်လာ၏။ ဟုတ်ပေ၏။ သူ၏မျက်နှာထားနှင့် ပုံပန်းသဏ္ဍာန်ကို ရှင်းလင်းစွာ မမြင်ရသေးချေ။ ဤနေရာက မှောင်မိုက်နေသော်လည်း ရှမ့်လန်၏ အိမ်မက်ဆိုးကျောက်တုံး ကိရိယာက အလင်းရောင်ကို ထွန်းလင်းနိုင်၏။ သို့တိုင်အောင် ထိုလူ၏ မျက်နှာကို မမြင်ရချေ။ အမှောင်ထုထဲ၌ ပုန်းကွယ်နေသကဲ့သို့ပင် ရှိနေ၏။
“မင်းကို ဘယ်လိုခေါ်ရမလဲ။ ငါ့ရဲ့ ချစ်လှစွာသော ညီလေးလား။ ဒါမှမဟုတ် ချစ်လှစွာသော ညီငယ်လေးလား။”
ထိုလူက ပြုံးလိုက်သည်။ “တွေ့ဖူးကြတယ် ဆိုပေမဲ့ နောက်တစ်ခါ မိတ်ဆက်ပေးကြတာပေါ့။ ငါ့ရဲ့နာမည်က ရင်ဝူမင် … ချန်နိုင်ငံသစ်ရဲ့ အိမ်ရှေ့စံမင်းသားပဲ။ ငါက အရှင်ကျန်းလီရဲ့ တစ်ဦးတည်းသော ဆက်ခံသူပါ။”
ရှမ့်လန်က တိတ်ဆိတ်နေပြီး နေရာမှ တစ်လှမ်းမှပင် မရွေ့ဘဲ ရပ်၏။
“အံ့ဩသွားတာလား၊ ငါ့ရဲ့ ချစ်လှစွာသော ညီငယ်လေး။”
ရင်ဝူမင်က ပြောသည်။ “ဒါက မင်းရဲ့ အထွတ်အထိပ် အရောက်ဆုံးအချိန် ဖြစ်သင့်တယ်။ မင်း တစ်ယောက်တည်း နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်ကို အနိုင်ယူခဲ့ပြီး တော်ဝင်ရန်အင်ပါယာရဲ့ အနောက်ပိုင်း စစ်သည်သိန်းချီကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်။ ဘယ်လောက် ကြီးမားလိုက်တဲ့ အောင်ပွဲလဲ။ တကယ်ကို ကျောချမ်းစရာကောင်းတယ်။ ပြန်စဉ်းစားကြည့်လိုက်ရင် ဦးရေပြားတွေတောင် ထုံကျင် သွားတယ်။ ငါ့ရဲ့ ချစ်လှစွာသော ညီလေး.... မင်းက ဘာလို့ ဒီလောက်ကြီး ဉာဏ်ကောင်းနေရတာလဲ။”
ရှမ့်လန်က တီးတိုးပြော၏။ “အဲဒီလိုမခေါ်နဲ့။ ကျုပ်ရဲ့နာမည်ကိုပဲ ခေါ်ပါ။”
ရင်ဝူမင်က ပြောသည်။ “ငါ ကျန်းလီကို အဖေလို့ ခေါ်ခဲ့ဖူးတော့ မင်းကို ညီလေးလို့ ခေါ်တာ ပုံမှန်ပဲ။ ငါက သစ္စာဖောက်ဖြစ်နေလို့ ငါ့ရဲ့ အထောက်အထားကို ငြင်းပယ်မှာလား။ မဖြစ်နိုင်ဘူး။”
ရှမ့်လန်က ပြော၏။ “ကျုပ်ကို ရှမ့်လန်လို့ပဲ ခေါ်ပါ။”
“ငါ့ရဲ့ ချစ်လှစွာသော ညီလေး...”
ရင်ဝူမင်က မေးသည်။ “နောက်ဆက်တွဲအနေနဲ့ အရမ်းကို လေးနက်တဲ့ မေးခွန်းတစ်ခု ရှိနေတယ်။ အရှင်ကျန်းလီရဲ့ စစ်မှန်တဲ့ ဆက်ခံသူက ဘယ်သူလဲ။ မင်းလား။ ငါလား။”
ရှမ့်လန်က ဖြေ၏။ “ဒါပေါ့၊ ကျုပ်ပဲပေါ့။”
“မဟုတ်ဘူး... မဟုတ်ဘူး”
ရင်ဝူမင်က ပြောသည်။ “ငါတို့မျိုးနွယ်စုက အရှင်ကျန်းလီကို သစ္စာဖောက်ခဲ့တယ်ဆိုပေမဲ့ ၊ ကျန်းမျိုးနွယ်စု ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်ဆိုပေမဲ့၊ မင်းကိုသတ်ဖို့ မွေးကင်းစကလေးတွေ အများကြီးကို သတ်ခဲ့ရတယ်ဆိုပေမဲ့ အရှင်ကျန်းလီရဲ့ ဆက်ခံသူဖြစ်ဖို့ မင်းထက် ငါက ပိုပြီး သင့်တော်တယ်လို့ ခံစားရမိတယ်။ ငါ ပြောတာကို နားလည်လား။ မင်း နားလည်သင့်တယ်။ မင်းက အရမ်းကို ဉာဏ်ကောင်းပါတယ်။
ငါ့ရဲ့ ချစ်လှစွာသော ညီလေး.. မင်းက သိပ်ပြီး အားနည်းလွန်းတယ်။ မင်းက ဉာဏ်ကောင်းတယ်ဆိုပေမဲ့ သိပ်ပြီး အပြစ်ကင်းစင်လွန်းတယ်။”
ရင်ဝူမင်က ဆက်ပြော၏။ “မင်းက အရှင်ကျန်းလီရဲ့ လုပ်ငန်းဆောင်တာတွေကို ဆက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကတော့ လုပ်နိုင်တယ်။ မင်းက အရှင်ကျန်းလီရဲ့ သားဖြစ်နေရုံနဲ့ တရားဝင် ဆက်ခံသူ ဖြစ်မလာနိုင်ဘူး။ ငါတို့ လူသားတွေက ခွေးတွေ မဟုတ်ဘူး၊ မြင်းတွေလည်း မဟုတ်ဘူး။ သွေးမျိုးဆက်ရဲ့ စစ်မှန်မှု ရှိ၊ မရှိဆိုတာကို အာရုံမထားဘဲ ဘယ်လောက် စွမ်းဆောင်ရည်ရှိလဲဆိုတာကို ကြည့်သင့်တယ်။ ဒါကမှ အမွေဆက်ခံခြင်းရဲ့ အရေးကြီးဆုံးအချက် မဟုတ်လား။”
ရှမ့်လန်က ရင်ဝူမင်၏ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ကို မမြင်ရသေးချေ။ ရင်ဝူမင် လျှောက်သွားရာ နေရာတိုင်းက အမှောင်ထု ကျသကဲ့သို့ပင်။ သူက ကိုယ်ယောင်ဖျောက်ထားခြင်း မဟုတ်လျှင် မဲနက်သည့် အရိပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ရင်ဝူမင်က ချောင်ယောင်းအာကို လုံးဝ လျစ်လျူရှုထားပြီး ရှမ့်လန်ကို တစ်ပတ်ပတ်ပြီး တွင်းအောက်ခြေဆီသို့ လျှောက်သွားနေသည်။
“ငါ့ရဲ့ ချစ်လှစွာသော ညီလေး... မင်းက အမြဲတမ်း ဟန်ရေးပြနေတာပဲလား။ မင်းက အမြဲတမ်း ဒီလို ဖြုန်းတီးရတာကို ကြိုက်တာလား။”
ရင်ဝူမင်က ပြော၏။ “နင်ဟန်ရဲ့ ရေတပ်ရှစ်သောင်းကို လောကမျက်နှာပြင်ပေါ်ကနေ သုတ်သင်ရှင်းလင်းပစ်ဖို့ နဂါးနောင်တ တစ်ခုကို သုံးလိုက်တယ်။ ဪ... မဟုတ်ဘူး၊ စစ်သည်ပေါင်း တစ်သိန်းပါ။”
ရင်ဝူမင်၏ လေသံတွင် လှောင်ပြောင်မှုနှင့် သရော်မှုများ ပြည့်နှက်နေ၏။ တိကျတဲ့ အရေအတွက်က ရှစ်သောင်း ဖြစ်သော်လည်း ရှမ့်လန်က တစ်သိန်းဟု ပုံကြီးချဲ့ပြောခဲ့ကြောင်း သူသိသည်။
“ဒီအကြောင်းကို ပြောရမယ်ဆိုရင် ငါ နင်ဟန်ကို လက်ထပ်ချင်နေတာ ကြာပြီ။ ဒါပေမဲ့ သူက အမြဲတမ်း ငြင်းပယ်တယ်။”
ရင်ဝူမင်က သက်ပြင်းချ၏။ “ငါ့ရဲ့ ချစ်လှစွာသော ညီလေး၊ သူက ကျန်းမိသားစုနဲ့ ဘာမှ မပတ်သက်ချင်ပုံ ရတယ်။ သူ ငါ့ကို လက်ထပ်လိုက်ရင် မကောင်းဘူးလား။ ဒါက ကောင်းကင်ပင်လယ်နန်းဆောင်နဲ့ စေတီတောင် မဟာမိတ်ပြုခြင်းပဲ။ ပြီးတော့ ရွဲ့ပြည်နယ် တော်ဝင်ချန်မင်းဆက်ဆီ အညံ့ခံခြင်းကိုလည်း ကိုယ်စားပြုတယ်။ ဒါမကောင်းဘူးလား။ အခု သူ ဘာလို့ သဘောမတူရတာလဲ။ သူဘာတွေ တွေးနေတာလဲ ငါ လုံးဝမသိတော့ဘူး။
ငါ့ရဲ့ ချစ်လှစွာသော ညီလေး... အနောက်ဘက်ဒေသ နိုင်ငံတွေကလည်း မင်းလိုပဲ ဟန်ရေးပြကြတယ်။ သူတို့ ဘုရင်တွေက ဘယ်လို အခေါ်ခံချင်ကြလဲ သိလား။ လောကရဲ့ ဘုရင်၊ ဘုရင်များစွာတို့ရဲ့ ဘုရင်။”
ရင်ဝူမင်က ပြောသည်။ “ကျူးဟုန်ရွှဲ့ရဲ့ စစ်သည်နှစ်သောင်းအောက် အရေအတွက်က စစ်သည်ပေါင်း တစ်သန်းလောက်ကို အနိုင်ယူနိုင်ခဲ့တယ်။ ဘယ်လိုလုပ် ဘုရင်တို့ရဲ့ဘုရင်လို့ ခေါ်နိုင်ဦးမှာလဲ။ ဒီကိစ္စမှာ မင်းလည်း တူတူပဲ၊ မင်းက နုရှောင့်မြို့လေးတစ်ခုတည်းနဲ့ တော်ဝင်ချန်မင်းဆက်ရဲ့ ဧကရာဇ်လို့ ကိုယ့်ကိုယ်ကိုယ် ကင်ပွန်းတပ်ရဲတယ်။ ငါ့မှာ ချန်နိုင်ငံသစ် ၊ လက်အောက်ခံနိုင်ငံ အများအပြားနဲ့ စေတီတောင် ရှိတာတောင် တော်ဝင်ချန်မင်းဆက်ရဲ့ ဧကရာဇ်လို့ ကိုယ့်ကိုယ်ကိုယ် မခေါ်ရဲဘူး။ မင်းက နုရှောင့်မြို့လေး တစ်ခုတည်းနဲ့ တော်ဝင်ချန်မင်းဆက်ရဲ့ ဧကရာဇ်လို့ အခေါ်ခံရဲနေတယ်။ ကြွားလုံးထုတ်တဲ့ နေရာမှာတော့ မင်းက တကယ်ကို ငါ့ထက် သာလွန်တဲ့ လူတစ်ယောက်ပဲ။”
ရှမ့်လန်က အမြဲတမ်း ကြွားလုံးထုတ်တတ်၏။ သူ၏ ကြွားလုံးများကလည်း အမြဲတမ်း အမှန်တကယ်ပင် ဖြစ်လာသည်ချည်းပင်။ ရင်ဝူမင်က ခပ်နောက်နောက် လေသံဖြင့် ပြော၏။
“ပြီးတော့ မင်း အမိန့်တော် သဝဏ်လွှာက အရမ်းကို အာဏာစက် ပြင်းထန်လွန်းတယ်။ တော်ဝင်ချန် မင်းဆက်ရဲ့ နယ်မြေထဲကို ဘယ်သူမှ ဝင်ခွင့်မရှိဘူး၊ မဟုတ်ရင် လောကမျက်နှာပြင်ပေါ်ကနေ သုတ်သင်ရှင်းလင်းပစ်မယ် ဟုတ်လား။ ကြမ်းတမ်းလိုက်တာ။
ငါ့ရဲ့ ချစ်လှစွာသော ညီလေး... မင်းက နဂါးစွမ်းအင်ကို အသုံးပြုပြီး စွမ်းအင်ဗဟိုချက်ကို ပစ်လွှတ်တယ်။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ စာကြည့်တိုက်ကို ဖျက်ဆီးပစ်ခဲ့တယ်။ ပြီးတော့ ကောင်းကင်ပင်လယ် နန်းဆောင်ကို လောကမြေမျက်နှာပြင်ကနေ သုတ်သင်ရှင်းလင်းပစ်လိုက်ပြီလို့ ပြောတယ်။
ကောင်းတယ်... ကောင်းတယ်။ ဒီတစ်ခါ မင်းက ပိုတောင် ဟိတ်ဟန်များသေးတယ်။ ပိုတောင် ထူးဆန်းအံ့ဩစရာ ကောင်းသေးတယ်။ ကျင်းနိုင်ငံရဲ့ အနောက်ပိုင်း စစ်သည်ပေါင်း ခြောက်သိန်းကို သုတ်သင် ရှင်းလင်းပစ် လိုက်တယ်။ ငါ့အဖေ ရင်ကွမ်းကို ထိတ်လန့်စေခဲ့ပြီ။ မီးတောက်မြို့တော်ကို တုန်လှုပ်စေခဲ့ပြီ။ အခုဆိုရင် ဧကရာဇ်က ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်ကို ဝန်းရံထားခဲ့တဲ့ စစ်သည်ပေါင်း သိန်းချီကို နောက်ဆုတ်ဖို့ အမိန့်ပေးနေလောက်ပြီ။ ဒီလောကစစ်ကြီးက မစတင်ရသေးခင်မှာပဲ ပြီးဆုံးသွားခဲ့ပြီ။
ငါ့ရဲ့ ချစ်လှစွာသော ညီလေး... မင်းက တကယ်ကို အံ့ဩစရာကောင်းတယ်။ မင်း တစ်ယောက်တည်းနဲ့ စစ်သည်ပေါင်း သန်းချီကို သုတ်သင်ရှင်းလင်းပစ်ခဲ့တယ်။
ဪ ဟုတ်သားပဲ၊ ဒါကလည်း အနီးစပ်ဆုံး ယူလိုက်တာပဲ။ ခြောက်သိန်းခွဲဆိုတာကလည်း တစ်သန်းပါပဲလေ၊ ပြဿနာမရှိပါဘူး။ မင်း တစ်ယောက်တည်းနဲ့ ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်ထောင်လုံးကို ကယ်တင်နိုင်ခဲ့တယ်။ ဒါက အံ့ဖွယ်ရာပဲ။”
ရင်ဝူမင်က လက်ခုပ်တီး၏။ ပြီးနောက် အာမေဋိတ်သံပြုကာ အားပေးလိုက်၏။ “ငါ့ရဲ့ ချစ်လှစွာသော ညီငယ်လေး ရှမ့်လန်... မင်းက အရမ်းကို အံ့ဩစရာကောင်းတယ်။ ငါ မင်းကို အရမ်းဂုဏ်ယူတယ်။ အခုအချိန်မှာ ဝူဘုရင်၊ ချောင်ဘုရင်နဲ့ ရွှဲ့ဘုရင်တို့က မင်းကို ရူးသွပ်မတတ်ပင် ကိုးကွယ်နေကြမှာပဲ။ သူတို့က မင်းအတွက် ကောင်းကင်ကို ဒူးနဲ့တိုက်ဖို့ ဝန်လေးမှာမဟုတ်သလို၊ သေဖို့လည်း အဆင့်သင့်ဖြစ်နေကြမှာပဲ”
...
အပိုင်း (၁၀၃၂)
ရင်ဝူမင်က ပြော၏။ “ငါ့ရဲ့ ချစ်လှစွာသော ညီလေး.. မင်းဆီမှာ ဘာလို့ နဂါးနောင်တတွေ အများကြီး ရှိနေရတာလဲ။ နဂါးနောင်တ ဒါဇင်နဲ့ချီ။ မင်းက အနောက်ပိုင်း စစ်တပ်ရဲ့ စစ်သည်ပေါင်း ခြောက်သိန်း... ဪ... တောင်းပန်ပါတယ်။ စစ်သည်ပေါင်း သန်းချီကို သုတ်သင်ပစ်လိုက်ရုံတင်မကဘူး။ တင်းယွမ်မြို့ တစ်ခုလုံးကိုပါ အပျက်အစီးဖြစ်အောင် လုပ်ပစ်တယ်။ ဒါက ဖြုန်းတီးရာမကျဘူးလား။
တင်းယွမ်မြို့နဲ့ ဘာအငြှိုးအတေးတွေ များ ရှိနေလို့လဲ။ ဒီလောကကြီးထဲမှာ အငြိုးအတေးမရှိရဘူးလို့ မင်း ပြောခဲ့တယ် မဟုတ်လား။ တင်းယွမ်မြို့ကရော မင်းရဲ့ အငြှိုးအတေး စာရင်းထဲမှာ ပါနေတာလား။ ဒီလောကကြီး ထဲမှာ အငြိုးအတေး မရှိဘူးဆိုတဲ့ အကြောင်းကို ပြောရရင် ငါက မင်းရဲ့ ရန်သူစာရင်းထဲမှာ ပါနေမယ်ထင်တယ်။”
ရှမ့်လန်က ဖြေလိုက်သည်။ “ပါတာပေါ့၊ စာရင်းရဲ့ ထိပ်ဆုံးမှာကို ပါတယ်။”
“ကောင်းတယ်... ကောင်းတယ်”
ရင်ဝူမင်က ပြော၏။ “မင်း ငါ့ကို မှတ်မိပြီး အကြီးအကျယ် မုန်းတီးနေတာ မြင်ရတော့ ငါ တကယ်ပဲ စိတ်သက်သာရာ ရသွားပြီ။ ဟုတ်သားပဲ၊ ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားရဲ့ စစ်တပ်ကို သုတ်သင် ရှင်းလင်းပစ်တဲ့ နဂါးနောင်တကို မင်း ဘယ်ကရတာလဲ။ နဂါးနောင်တ ဒါဇင်နဲ့ချီလေ။”
ရှမ့်လန်က ပခုံးတွန့်ပြသည်။
ရင်ဝူမင်က ပြော၏။ “ကောင်းကင်ဘုံဆီကနေ ရတာလို့ မပြောနဲ့နော်။ ကောင်းကင်ဘုံ... ဒီဥက္ကာခဲတွေ ကျလာတုန်းက နဂါးနောင်တနဲ့ တကယ်တူတာပဲ။ သူတို့ ထုတ်လွှတ်လိုက်တဲ့ အစိမ်းရောင် အလင်းတန်းကအစ ထပ်တူကျတယ်။
ငါ့ရဲ့ချစ်လှစွာသော ညီလေး... မင်း ဘာလို့ ဒီလောက် ကြွားတတ်ရတာလဲ။ ရှင်းရှင်းလင်းလင်း ပြောရရင် ကြယ်တံခွန်တွေ ကျလာတာကို မင်းက မင်းရဲ့ လုပ်ဆောင်ချက်၊ မင်းရဲ့ စွမ်းအားလို့ ဟိတ်ဟန်ထုတ် ပြောဆိုနေတာပဲ။ ဒါက နှစ် ၁၀၀ မှာ တစ်ကြိမ် ကျတာမလား။”
ရင်ဝူမင်က ဆက်ပြောသည်။ “ငါ့ရဲ့ ချစ်လှစွာသော ညီငယ်လေး၊ ဒါပေမဲ့ မင်းက အံ့ဩစရာကောင်းနေတုန်းပဲ။ ငါတို့တောင် ဥက္ကာခဲကျမယ့်နေရာကို ဒီလောက် သေချာအောင် မတွက်ချက်နိုင်ဘူး၊ သိလား။ ငါတို့လူတွေရဲ့ တွက်ချက်မှု အမှားက ရှစ်ရက်ကျော်တောင် ကွာတယ်။ ဒါပေမဲ့ သူတို့ကို အပြစ်တင်လို့လည်း မရဘူး။ ဘာလို့လဲဆိုတော့ ကောင်းကင်ပေါ်က ကြယ်တံခွန်တွေရဲ့ အမြန်နှုန်းက အမြဲတမ်း ပြောင်းလဲနေလို့ပဲ။ အားလုံးက နှစ် ၁၀၀ မှာ တစ်ကြိမ် ဖြတ်သန်းသွားပေမဲ့ တိကျတဲ့ နေ့ရက်ကို သိဖို့ အရမ်းခက်ခဲတယ်။
ဒါကြောင့် ငါ့ရဲ့ ချစ်လှစွာသော ညီလေး... မင်းက တကယ်ကို အံ့မခန်းပဲ။ မင်းက ဉာဏ်ကြီးရှင်၊ သင်္ချာပညာရှင် တစ်ယောက်ပဲ။ ဒါနဲ့ ငါတို့ စေတီတောင်ရဲ့ တောင်ပင်လယ် ရှေးဟောင်း အပျက်အစီးကို ဖွင့်ပေးခဲ့တဲ့ အတွက်လည်း မင်းကို ကျေးဇူးတင်ရမယ်။
မင်းရဲ့ အရောင်လေးမျိုး သီအိုရီကြောင့်ပဲ ငါတို့ စေတီတောင်က အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ငါတို့ရဲ့ အကျိုးအမြတ်က အရင် နှစ်တစ်ရာထက်တောင် ကျော်လွန်ခဲ့တယ်။ မင်းရဲ့ ဉာဏ်ကြီးရှင် နည်းပညာမျိုးသာ မရှိဘူးဆိုရင် ဒီရှေးဟောင်း အပျက်အစီး တည်နေရာက ပွင့်လာမှာ မဟုတ်ဘူး။ ငါတို့ စေတီတော်ရဲ့ လက်ထဲကို ရောက်လာမှာလည်း မဟုတ်ဘူး။ မင်းက တကယ်ကို ဉာဏ်ကြီးရှင်ပဲ။ ဒါက နဂါးဥလား။ မင်း ရင်ခွင်ထဲက အရာက နဂါးဥလား။”
ရင်ဝူမင်က ရုတ်တရက် ရှမ့်လန်၏ ရင်ခွင်ထဲက အရာကို ညွှန်ပြကာ မေး၏။ “ဒီအရာက လောကကြီးကို ပြောင်းလဲပြီး သမိုင်းသစ်ဖန်တီးပေးနိုင်လိမ့်မယ် မဟုတ်လား။ နဂါးပေါ် လာရင် လောကရဲ့ ဧကရာဇ် ဖြစ်လာမယ်တဲ့။ ဧကရာဇ်ဆိုတာ ကောင်းကင်ဘုံရဲ့ သားတော်ပဲ။ နဂါးမရှိဘဲ ဧကရာဇ် မဖြစ်နိုင်ဘူးလေ။”
ရင်ဝူမင်က ဆက်ပြောသည်။ “ဒီနဂါးဥရဲ့ မဟာဗျူဟာမြောက် တန်ဖိုးက ရှေးဟောင်း အပျက်အစီး တစ်ခုလုံးထက် ပိုပြီး မကြီးမားလွန်းဘူးလား။ ရတနာတွေ အားလုံးပေါင်းထားတာထက် ပိုပြီး မကြီးမားဘူးလား။ ဒီအရာက လောကထီးနန်းကို ကိုယ်စားပြုတယ်လေ။ ငါ အဲလို နားလည်ထားတယ်။ ဘာပဲဖြစ်ဖြစ် နဂါးနောင်တထဲက စွမ်းအားက နဂါးတွေဆီက လာတာတဲ့။
ငါ့ရဲ့ ချစ်လှစွာသော ညီငယ်လေး၊ ဒီနဂါးဥကို ငါ့ကို ပေးနိုင်မလား။ ဘာပဲဖြစ်ဖြစ် ငါ အရင်ရှာတွေ့ခဲ့တာပဲ။ မင်း မရောက်ခင် ငါ ဒီကို ရောက်နှင့်နေတာ။
ရင်ဝူမင်က လက်ကို ဆန့်တန်းကာ ပြော၏။ “ငါ့ကို ပေးပါ။”
ဘေးတစ်ဖက်တွင် ရှိနေသည့် ချောင်ယောင်းအာက ရွှေနက်ဓားကို ဆွဲထုတ်သည်။
“ခယ်မလေး...”
ရင်ဝူမင်က ပြော၏။ “ဒါမှမဟုတ် ညီမလေး ချောင်ယောင်းအာလို့ ခေါ်ရမလား။ ဘာပဲဖြစ်ဖြစ် မင်းက အရှင်ကျန်းလီရဲ့ မွေးစားသမီးပဲ။ တောင်းပန်ပါတယ်။ ငါ ညီလေးရှမ့်လန်နဲ့ အတိတ်အကြောင်းတွေ ပြန်ပြောနေလို့ မင်းကို လျစ်လျူရှုထားမိတယ်။ စိတ်မရှိနဲ့။
မင်းရဲ့ သိုင်းပညာက အရမ်းကို အားကောင်းတယ်လို့ ကြားတယ်။ ကျူးဟုန်ရွှဲ့ကို အနိုင်ယူခဲ့တယ် မဟုတ်လား။ အထင်ကြီးစရာပဲ... အထင်ကြီးစရာပဲ။ အဓိပ္ပာယ်တစ်မျိုး ပြောရမယ်ဆိုရင် ကျူးဟုန်ရွှဲ့ ကလည်း အရှင်မင်းကြီး ကျန်းလီရဲ့ မွေးစားသားပါပဲ။ ဒါက ပြည်တွင်းစစ်ပေါ့၊ အချင်းချင်း တိုက်ခိုက်ကြတာလေ။ နာကျင်စရာ ကောင်းလိုက်တာ။”
ချောင်ယောင်းအာက စကားမပြောချေ။ သူမက အတွင်းအားနှင့် သွေးမျိုးဆက် စွမ်းအားများကို ဆက်လက် စုစည်းနေ၏။ သူမက မကြုံစဖူး လေးနက်လျက် ရှိနေခဲ့ပြီး ခမ်းနားထည်ဝါလွန်းနေ၏။ ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို ထုတ်လွှတ်ချင်နေ၏။ ယခင် တိုက်ပွဲအားလုံးကို ပေါင်းလျှင်ပင် ဤတိုက်ပွဲနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ မင်းသားဆော်ရွန်နှင့် တိုက်ခိုက်သူက ချောင်ယောင်းအာမဟုတ်ဘဲ ဘုရင်မ မီဒူဆာ ဖြစ်ခဲ့သောကြောင့်ပင်။
ရင်ဝူမင်က ပြောသည်။ “ဒါဆိုရင် ငါ့ရဲ့ တောင်းဆိုချက်ကို အရင်ပြောပြမယ်။ ငါ ဒီနဂါးဥကို ယူမယ်။ ပြီးတော့ ငါ့ရဲ့ ချစ်လှစွာသော ညီငယ်လေး ရှမ့်လန်ကို ဖမ်းခေါ်သွားမယ်။ မင်း သဘောတူလား။ သဘောတူရင် ခေါင်းညိတ်လိုက်၊ သဘောမတူရင် တိုက်ခိုက်ကြရအောင်။ ဪ... သဘောမတူဘူးပေါ့။ ဒါဆိုရင် ညှိနှိုင်းစရာ မလိုတော့ဘူး။ ကောင်းပြီ၊ တိုက်ခိုက်ကြတာပေါ့။”
ရင်ဝူမင်က ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးဆီမှ နှိုင်းယှဉ်၍ မရနိုင်အောင် စွမ်းအားကြီးသည့် စွမ်းအင်များ ပေါက်ကွဲလာ၏။ ခန္ဓာကိုယ်ထဲတွင် နျူကလီးယားဗုံး အသေးစားလေးတစ်လုံး ပေါက်ကွဲသွားသလို ခံစားရစေ၏။
“ညီမလေး ချောင်ယောင်းအာ.. မင်းမှာရှိတဲ့ အရာအားလုံး ငါ့မှာရှိတယ်။ ငါက အရှင်ကျန်းလီရဲ့ တစ်ဦးတည်းသော တပည့်ရင်း၊ အမွေဆက်ခံသူ အစစ်ဆိုတာ မမေ့နဲ့။ ရွှေရောင် သွေးမျိုးဆက် ဟုတ်လား။ သွေးမျိုးဆက် ပြောင်းလဲခြင်း ဟုတ်လား။ အားလုံး ငါ့မှာရှိတယ်။”
“ဘုန်း... ဘုန်း..”
တွင်းနက်ကြီး၏ အောက်ခြေတစ်ခုလုံးသည် ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများနှင့် လွှမ်းခြုံလျက် ရှိနေပြီး မြေပြင်တစ်ခုလုံးကလည်း တုန်ခါသွားသည်။
“ချစ်လှစွာသော ညီလေး... မင်းက သိပ်ပြီး အားနည်းလွန်းတယ်။ ငါတို့ တိုက်ခိုက်ရင် မင်း အပိုင်းပိုင်းအစစ ဖြစ်သွားမှာ စိုးရိမ်ရတယ်။”
ရင်ဝူမင်က ပြော၏။ “ဒါကြောင့် ငါ ဒီကို လာတုန်းက မင်းအတွက် အထူး ခေါင်းတလား တစ်လုံးကို ယူလာခဲ့တယ်။ အဲဒီထဲမှာ နဂါးဥနဲ့အတူ ငြိမ်ငြိမ်လေးနေနေ။ လောလောဆယ် မင်းဆီမှာ နဂါးဥ အပ်ထားလိုက်မယ်။”
ပြီးနောက် ရှမ့်လန်ကို အထူးခေါင်းတလားထဲသို့ ထည့်ပြီး ကာကွယ်ပေးထား၏။ သူက ဘာတစ်ခုမှ မမြင်ရသလို ဘာတစ်ခုကိုမှလည်း မကြားရတော့ချေ။
“ဘုန်း...”
အပြင်ဘက်တွင် ရင်ဝူမင်နှင့် ချောင်ယောင်းအာတို့က တိုက်ခိုက်နေကြ၏။ ကျယ်လောင်လွန်းသည့် အသံများ မထွက်သလို ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်သည့် အသံမျိုးလည်း မရှိချေ။ သို့သော်ငြား သူတို့နှစ်ဦး၏ စွမ်းအင် ဖြတ်သန်းသွားရာ နေရာတိုင်းက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤနောက်ဆုံး တွင်းနက်ကြီးကို နဂါးဥက ဖန်တီးခဲ့ခြင်း ဖြစ်၏။ တည်နေရာရှိ ကျောက်များက တကယ်ကို မာကြောလွန်းသည့် သလင်းကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဓားနှင့်ပင် ဖြတ်၍ မရချေ။ သို့သော်လည်း သူတို့နှစ်ဦး၏ စွမ်းအင်အောက်တွင်တော့ သလင်းကျောက် တစ်လက်မစီက ဖုန်မှုန့်များအဖြစ် ကြေမွကုန်၏။
မူလက ကျဉ်းမြောင်းသည့် တွင်းနက်ကြီးသည် ပို၍ ကျယ်ဝန်းလာ၏။ စတုရန်းမီတာ ဒါဇင်နှင့်ချီ၊ ရာနှင့်ချီ၊ ထောင်နှင့်ချီ ကျယ်ဝန်းလာ၏။ မူလက နက်ရှိုင်းသည့် တွင်းနက်ကြီးက ပို၍ပို၍ နက်ရှိုင်းလာခဲ့သည်။
“ဘုန်း... ဘုန်း..”
ခေါင်းတလားထဲမှာ ရှမ့်လန်က ဘာမှ မကြားရချေ။ သူ ခံစားရသည့် တစ်ခုတည်းသော အရာက သံလိုက်ဗုံး ပေါက်ကွဲသကဲ့သို့ပင် သိမ့်သိမ့်တုန်နေခြင်းပင်။ ဓာတ်လိုက်သကဲ့သို့ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ထုံကျင်နေ၏။
ထိုအရာက အဆုံးစွန်ထိ ပြင်းထန်လွန်းသည့် တိုက်ပွဲပေလား။ အစွမ်းကုန် ဖျက်ဆီးမှုများနှင့် ပြည့်နှက်နေသော်လည်း အရာအားလုံးက တိတ်ဆိတ်လွန်းနေ၏။ အလုံပိတ်ထားသည့် ပေါက်ကွဲမှုကြီး တစ်ခုကဲ့သို့ပင်။
အချိန်က အလွန် ရှည်ကြာ၏။ အချိန်အတော်ကြာမြင့်သွားသလို ခံစားရသော်လည်း ခဏသာမျှ ကြာသွားခဲ့သည်။ အချိန်မည်မျှ ကြာသည် မသိပေ ၊ တိုက်ပွဲက ပြီးဆုံးသွားပြီး ခေါင်းတလားက ပွင့်လာခဲ့သည်။
“ချစ်လှစွာသော ညီငယ်လေး... အရာအားလုံးက ပြီးသွားခဲ့ပြီ။ ထွက်ခဲ့တော့။” ရင်ဝူမင်က ပြောလိုက်၏။
ရှမ့်လန်က ထွက်လိုက်သည်နှင့် ချောင်ယောင်းအာ တစ်ယောက် မြေပြင်ပေါ်တွင် လဲကျနေသည်ကို မြင်ရ၏။ သူမက ရှုံးနိမ့်သွားခဲ့သည်။
“ကိစ္စမရှိဘူး၊ သူ ဘာဒဏ်ရာမှ မရပါဘူး။”
ရင်ဝူမင်က ပြော၏။ “သူက တကယ်ကို အားကောင်းတယ်။ ဒါပေမဲ့ ငါ ပြောခဲ့ပြီးသားပဲ၊ ငါက အရှင်ကျန်းလီရဲ့ တစ်ဦးတည်းသော ဆက်ခံသူ၊ သူ့မှာ ရှိတာတွေအကုန် ငါ့မှာ ရှိတယ်။ ပြီးတော့ ငါက သူ့ထက် ပိုပြီး ကြိုးစားလေ့ကျင့်ခဲ့တယ်။ သူ့မှာ မရှိတာတွေလည်း ငါ့မှာရှိတယ်။”
ရှမ့်လန်က ခဏသာ စိုက်ကြည့်၏။ နဂါးဥကို ဘေးတစ်ဖက်သို့ ချရင်း ချောင်ယောင်းအာ၏ ရှေ့တွင် ထိုင်ချသည်။
“ချစ်လှစွာသော ညီလေး... ငါ ချောင်ယောင်းအာကို သတ်လိုက်သင့်တယ်လို့ ထင်လား။” ရင်ဝူမင်က မေး၏။
ရှမ့်လန်က ပြောလိုက်သည်။ “မသတ်သင့်ဘူးလို့ ထင်တယ်။”
“တွေ့လား။ မင်းက သိပ်ပြီး အပြစ်ကင်းစင်လွန်းတယ်။”
ရင်ဝူမင်က ပြော၏။ “ငါ ပြောသားပဲ။ မင်းက အရမ်းကို အပြစ်ကင်းစင်လွန်းတယ်။ သူက ငါ့ရဲ့ ဆရာတူညီမလို ဖြစ်နေလို့ ငါ မသတ်ဘူးလို့ မင်း ထင်နေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက ကျန်းမျိုးနွယ်ဝင် ထောင်ပေါင်းများစွာကို သတ်ခဲ့တယ်။
လောကမှာ ရွှံစရာအကောင်းဆုံးအရာက ဘာလဲ မင်းသိလား။ မကောင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့ လူတစ်ယောက် က တစ်နေ့ကျတော့ ရုတ်တရက် နောင်တရပြီး သူ သတ်ဖြတ်ခဲ့တဲ့ ဓားကိုချ၊ လောကမှာ သူတော်ကောင်း ဖြစ်ချင်လာတာမျိုးပေါ့။”
ရင်ဝူမင်က ဓားကို ဆွဲထုတ်၏။ ပြီးနောက် ချောင်ယောင်းအာ၏ ရှေ့သို့ လျှောက်သွား၏။ သူမ၏ ကျောဘက်ကို ထိုးစိုက်ရန် ပြင်၏။
“စောဏတုန်းက သူ့ကို မသတ်ခဲ့တာ မင်းရဲ့ရှေ့မှာ ငါ့လက်နဲ့ ကိုယ်တိုင် သတ်ချင်လို့ပဲ။ ဒါမှ မင်း ပြင်းပြင်းထန်ထန် နာကျင်မှုကို ခံစားရမှာလေ။ ဟုတ်တယ်မလား။”
ရင်ဝူမင်က ပြောလိုက်သည်။ “ချစ်လှစွာသော ညီလေး.... ဒါက မင်းရဲ့ ဒုတိယအချစ်ဆုံး မိန်းမ ဖြစ်မယ် ထင်တယ်။ ငါ သူ့ကို သတ်မယ်။ ငါ သူ့ကို သတ်ပြမယ်။”
ပြီးနောက် ရင်ဝူမင်၏ ဓားက ဖြည်းညင်းစွာ ကျဆင်းလာခဲ့၏။
ရှမ့်လန်က လက်ကို ဆန့်ထုတ်ပြီး ဓားသွားကို ညင်သာစွာ ဖမ်းဆုပ်၏။ သူ၏လက် ပြတ်မကျသွားအောင် သတိထားရသေးသည်။
“ခင်ဗျား သူ့ကို သတ်လို့ မရဘူး။” ရှမ့်လန်က ပြော၏။
“ဘာလို့လဲ။”
ရင်ဝူမင်က မေးသည်။ “အကြောင်းပြချက် တစ်ခုလောက် ပေးပါအုံး။”
ရှမ့်လန်က ပြောလိုက်၏။ “စေတီတောင်မှာ နဂါးနောင်တတွေ အများကြီး ရှိတယ် မဟုတ်လား။”
ရင်ဝူမင်က ခေါင်းညိတ်ကာ ပြောသည်။ “ချစ်လှစွာသောညီလေး... မင်းမှာ ဒီလို သတင်း အချက်အလက်တွေ တောင် ရှိနေတာလား။ ငါ့ရဲ့ စေတီတောင်မှာ လျှို့ဝှက်ချက် နည်းနည်းပါးပါးတောင် မရှိတော့ဘူးလား။ ဟုတ်တယ်။ ငါတို့ဆီမှာ နဂါးနောင်တတွေ အများကြီး ရှိတယ်။”
ရှမ့်လန်က ပြော၏။ “ဒါပေမဲ့ ခင်ဗျားတို့ ပစ်လွှတ်လို့ မရဘူး မဟုတ်လား။”
ရင်ဝူမင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ တကယ်ကို ဝမ်းနည်းစရာပဲ။ ငါတို့ဆီမှာ မဟာဗျူဟာမြောက် လက်နက်တွေ အများကြီး ရှိတယ် ဆိုပေမဲ့ ပစ်လွှတ်လို့မရဘူး။ ပစ်လွှတ်လို့မရတဲ့ ခံစားချက်က ငါတို့ရဲ့ အကြီးမားဆုံး နာကျင်မှုတောင် ဖြစ်လောက်တယ်။”
ရှမ့်လန်က ပြော၏။ “တိုက်ဆိုင်လိုက်တာ။ ကျုပ်ကတော့ ပစ်လွှတ်နိုင်တယ်။”
ရင်ဝူမင်က ပြောသည်။ “ဟုတ်လား၊ တကယ်ကို တိုက်ဆိုင်တာပဲ။ မင်းက ပစ်လွှတ်နိုင်တယ်၊ တကယ်လည်း ပစ်လွှတ်ခဲ့တယ်။ ဒါကြောင့်...”
ရှမ့်လန်က ပြော၏။ “ဒါကြောင့်ပဲ ကျုပ် အသက်ရှင်နေသေးတာပေါ့။ မဟုတ်ရင် ခင်ဗျား ကျုပ်ကို အပိုင်းပိုင်း ဆွဲဖြဲပြီးလောက်ပြီ။”
ရင်ဝူမင်က ခေါင်းညိတ်ကာ ပြောသည်။ “ဟုတ်တယ်။ ပေါင်းပင်ကို အရင်ရှင်းရမယ်။ ရှင်းရင်လည်း အမြစ် မကျန်အောင် ရှင်းရမယ်။ နဂါးနောင်တတွေရှိနေရင် ငါတို့ အချိန်မရွေး ပစ်လွှတ်လို့ရတယ်။ ဒါဆိုရင် ငါတို့ ချန်နိုင်ငံသစ်က တော်ဝင်ရန်အင်ပါယာကို မဟာဗျူဟာမြောက် ဟန့်တားနိုင်မှာ ဖြစ်တယ်။ ဒီတန်ဖိုးကို မင်း သိမှာပဲ။
ဒါကြောင့် ငါ့ရဲ့ ညီလေး၊ မင်းက တန်ဖိုးဖြတ်လို့ မရဘူး၊ မင်း သေလို့ မရသေးဘူး။ ဒီဝင်တိုက်မှုကနေ ငါ အများကြီး ရရှိခဲ့တယ်။ ပထမက နဂါးဥ၊ ဒုတိယက မင်း ... ငါ့ရဲ့ ချစ်လှစွာသော ညီလေးလေ။”
ရှမ့်လန်က ပြော၏။ “ဒါကြောင့် ခင်ဗျား ချောင်ယောင်းအာကို သတ်လို့ မရဘူး။ ကျုပ်က အရူးတစ်ယောက်ပဲ။ ခင်ဗျား ရှောင်ပင်း ဒါမှမဟုတ် နင်ဟန်ကို သတ်ရင်တောင်မှ ကျုပ်ရဲ့စိတ်ကို ဖျက်ဆီးဖို့ လုံလောက်နေပြီ။ ချောင်ယောင်းအာ ဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။ ခင်ဗျား ကျုပ်ကို ရူးသွားစေချင်တာ မဟုတ်ဘူး မဟုတ်လား။”
ရင်ဝူမင်က ခေါင်းခါယမ်းကာ ပြောသည်။ “မဟုတ်ဘူး... လုံးဝ မဟုတ်ဘူး။ ငါ မင်းကို ကောင်းကောင်းမွန်မွန် နေစေချင်တယ်။ အရေးကြီးတဲ့အချိန်ကျရင် ငါ့အတွက် နဂါးနောင်တကို ပစ်လွှတ်ပေးနိုင်ရမယ်။ နဂါးဥ ပေါက်တဲ့အထိ မင်း တောင့်ခံထားနိုင်ရင် အကောင်းဆုံးပဲ။ အဲဒီအချိန်ကျရင် ငါတို့က မဟာဗျူဟာမြောက် ဟန့်တားမှု အသစ်ကို ရလာလိမ့်မယ်။ မင်းရဲ့ တာဝန်လည်း ပြီးဆုံးသွားလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဆိုလိုတာက ဒီနေ့ကစပြီး ကျုပ် အကျဉ်းချခံရတော့မယ်ပေါ့။”
ရင်ဝူမင်က ပြောသည်။ “ဟုတ်တယ်။ မင်း အကျဉ်းချခံရတော့မယ်။ အခြေခံအားဖြင့် ပြောရမယ်ဆိုရင် တစ်သက်လုံးပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်အကျဉ်းမကျခင် ချောင်ယောင်းအာကို လွှတ်ပေးနိုင်ရင် ကောင်းမယ်။ မဟုတ်ရင် ကျုပ် ရူးသွားလိမ့်မယ်။ ကျုပ်က အရူးတစ်ယောက်ဆိုတာ ခင်ဗျား ယုံသင့်တယ်။”
ရင်ဝူမင်က ပြောသည်။ “ဒါဆိုရင် ငါ သူ့ကို ခေါ်သွားရင် ကောင်းမလား။ မင်းကို သူ့အသက်နဲ့ အမြဲတမ်း ခြိမ်းခြောက်နေလို့ ရတယ်လေ။”
ရှမ့်လန်က ပြော၏။ “ဘာနဲ့ ခြိမ်းခြောက်မှာလဲ။ နဂါးနောင်တကို ပစ်လွှတ်ခိုင်းဖို့ ခြိမ်းခြောက်မှာလား။ အခု ပစ်လွှတ်ချင်လို့လား။ ဒါမှမဟုတ် နဂါးနောင်တ ပစ်လွှတ်တဲ့ နည်းလမ်း လွှဲပေးဖို့ ခြိမ်းခြောက်မှာလား။ ကျုပ် မလုပ်နိုင်ဘူး။ နဂါးနောင်တ ပစ်လွှတ်နည်းကို သိတာ ကျုပ် တစ်ယောက်တည်းပဲ။”
ရင်ဝူမင်က ပြောလိုက်သည်။ “အင်း... အဓိပ္ပာယ်ရှိတယ်။ လုံးဝ အဓိပ္ပာယ်ရှိတယ်။”
ရှမ့်လန်က ပြော၏။ “နောက်တစ်ချက် ရှိသေးတယ်။ ချောင်ယောင်းအာက အရမ်းကို လှပြီး ဆွဲဆောင်မှုရှိတယ်။ ခင်ဗျား တစ်ခုခုဘယ်လိုလုပ်မလဲ။ အဲဒီလို ဖြစ်သွားရင် ကျုပ် ဘာဖြစ်မယ် ထင်လဲ။”
ရင်ဝူမင်က ပြောသည်။ “အရူးကောင်လို ဖြစ်သွားတဲ့မင်းက လောကကြီးကို ဖျက်ဆီးပစ်တော့မှာပေါ့။”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ်ဆီမှာ အမဲရောင် သေမင်းဗုံးတွေရှိတယ်။ အဲဒီသေမင်းဗုံးက ချန်နိုင်ငံသစ်ရဲ့ လူသန်းဆယ်ပေါင်းများစွာကို သတ်ဖြတ်ပစ်လိမ့်မယ်။ ခင်ဗျားက ပြည်သူတွေ သေဆုံးကုန်တဲ့ ဧကရာဇ် တစ်ပါးမဖြစ်ချင်ဘူး မဟုတ်လား။
ကျုပ်က သေချာပေါက် အရူးတစ်ယောက်ပဲ။ ကျုပ်က အထိအခိုက် မခံဘူး။ ရုပ်ပိုင်းဆိုင်ရာတင် အထိအခိုက် မခံတာမဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာလည်း အထိအခိုက် မခံနိုင်ဘူး။ လောကမှာရှိတဲ့လူတွေကို ကျုပ်က ချစ်တယ်။ ဒါပေမဲ့ ကျုပ် ချစ်ရတဲ့သူတွေလောက် မချစ်ဘူး။ သူတို့ထဲက တစ်ယောက်ယောက် ထိခိုက်လာပြီဆိုရင် ကျုပ်က တစ်ခါတည်း ပြိုလဲသွားမှာဖြစ်ပြီး အရာအားလုံးကို ဖျက်ဆီးမိလိမ့်မယ်။”
ရင်ဝူမင်က ပြောလိုက်သည်။ “ဒါဆိုရင် ငါ မင်းကိုဖမ်းပြီး ချောင်ယောင်းအာကို လွှတ်ပေးဖို့ပဲ ရှိတော့တာပေါ့ ဟုတ်လား။”
ရှမ့်လန်က ပြော၏။ “သိပ်မှန်တာပေါ့။”