အခန်း (၁၀၃၃-၁၀၃၄)
Vol. 61 Ch. 1033-1034
အပိုင်း (၁၀၃၃)
ရင်ဝူမင်က ပြောလိုက်၏။ “ကောင်းပြီလေ။ ငါ မင်းကို လှည့်စားလိုက်တာပါပဲ။ ချောင်ယောင်းအာက ငါ့ရဲ့ ဆရာတူညီမလိုပါပဲ။ ဘယ်လိုလုပ် သူ့ကို ထိခိုက်အောင်လုပ်ရမှာလဲ။ မင်းကတော့ ငါ့ရဲ့ ညီလေးပဲ။ ငါ ဘယ်လိုလုပ် မင်းကို ထိခိုက်အောင်လုပ်မှာလဲ။ ညီလေးရှမ့်လန်... နဂါးဥ ပေးလေ။”
ရှမ့်လန်က နဂါးဥကို ကောက်ယူပြီး ရင်ဝူမင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရင်ဝူမင်က ပြော၏။ “ဒီရှေးဟောင်းကိရိယာက လေအကန့်အသတ်ပဲ ထုတ်ပေးနိုင်တာ။ ဒီတွင်းထဲမှာ လေက ကုန်တော့မယ်။ သွားကြရအောင်။”
ရှမ့်လန်က ပြောသည်။ “ကောင်းပြီ... သွားကြစို့။”
ရင်ဝူမင်က ပြောလိုက်၏။ “ဒီအချိန်ကစပြီး မင်းက ငါ့ရဲ့ အကျဉ်းသားပဲ။ ငါ မင်းကို သတိမေ့အောင် လုပ်လိုက်မယ်။ မင်း စိတ်မရှိဘူး မဟုတ်လား။”
ရှမ့်လန်က ပြောသည်။ “စိတ်မရှိပါဘူး။ ဒါပေမဲ့ ကျုပ်ကို မနာကျင်စေနဲ့။ ပြီးတော့ အပြင်မှာ ကျုပ်ရဲ့ လူတွေ အများကြီး ရှိတယ်။ သူတို့ကို မထိခိုက်စေနဲ့။ ရမလား။ ကျုပ်ချစ်ရတဲ့ သူတွေကို ထိခိုက်စေရင် ကျုပ်ထပ်ပြီး ရူးသွားအုံးမယ်။”
ရင်ဝူမင်က ပြော၏။ “ငါ့ရဲ့ချစ်လှစွာသော ညီလေး။ မင်း လူတွေကို မယုံတတ်ဘူးပဲ။ ချောင်ယောင်းအာ ကိုတောင် ငါ လွှတ်ပေးလိုက်တာ။ တခြားသူတွေကို ငါ ဘာလုပ်မှာလဲ။ ဒါနဲ့ ညီလေး... မင်းက မုဆိုးနဲ့ စစ်တုရင် ကစားသမား ဖြစ်ရတာကို ကြိုက်တယ် မဟုတ်လား။ အခု သားကောင်နဲ့ စစ်တုရင်ရုပ် ဖြစ်သွားတော့ ဘယ်လို ခံစားရလဲ။”
ရှမ့်လန်က ခဏလောက် စဉ်းစားပြီး ပြောသည်။ “နည်းနည်း လမ်းပျောက်ပြီး ထူးဆန်းသလို ခံစားနေရတယ်။”
“ချစ်လှစွာသော ညီလေး... ငါ မင်းကို တစ်ခု ပြောပြမယ်။ လူတစ်ယောက်က သူ့ရဲ့ အရည်အချင်းနဲ့ မကိုက်ညီတဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရတဲ့အချိန်မျိုးမှာ ဒီအောင်မြင်မှုက အစစ်အမှန် ဟုတ်မဟုတ်ကို သံသယ ဝင်သင့်တယ်။ ဘာလို့လဲဆိုတော့ အဲဒီ ကြီးမားတဲ့ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ ပျက်စီးခြင်းတွေ ရှိနေလို့ပဲ။”
ပြီးနောက် ရင်ဝူမင်က ရှမ့်လန်၏ ခေါင်းအနောက်ဘက်ကို အသာပုတ်၏။ ရှမ့်လန်၏ အမြင်အာရုံက မဲမှောင်သွားခဲ့ပြီး တဖြည်းဖြည်း မေ့မျောသွား၏။ ရင်ဝူမင်က သူ့ကို နဂါးဥနှင့်အတူ ခေါင်းတလားထဲသို့ ထည့်၏။ ပြီးနောက် ခေါင်းတလားကို ထမ်းကာ မြေပြင်ပေါ်၌ လျင်မြန်စွာ ခုန်တက်သွား၏။
သူ၏ အမြန်နှုန်းက မိုးကြိုးလျှပ်စီး ပစ်ချသကဲ့သို့ မြန်ဆန်၏။ မီတာတစ်သောင်း နက်သည့် တွင်းထဲမှ ထွက်လာပြီးနောက် အပေါ်တွင် ရှမ့်လန်၏ လူများ မရှိတော့ချေ။ သူတို့က တွင်းထဲသို့ ဝင်ရန် ကြိုးစားသူများကို တိုက်ခိုက်ခြင်း၊ လိုက်လံသတ်ဖြတ်ခြင်းများ ပြုလုပ်နေကြသည်။
သို့နှင့် ရင်ဝူမင်က ခေါင်းတလားကို ထမ်းပြီး တစ္ဆေတစ်ကောင်ကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွား၏။
.....................
“ဒီလောကကြီးမှာ စကားပုံတစ်ခုရှိတယ်။ ‘မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေလို့ ထင်ရပေမဲ့ တကယ်တမ်း ကျတော့ အောင်ပွဲက ပုန်းအောင်းနေတာမျိုး’ ပေါ့။ အစီအစဉ် ချမှတ်ခြင်းဆိုတာ ဘာလဲ။ ခြေတစ်လှမ်း လှမ်းပြီးတော့ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်းမြောက်ကို ကြိုကြည့်တာကို ခေါ်တယ်။
နောက်ထပ် စကားပုံတစ်ခု ရှိသေးတယ်။ ‘ပုစဉ်းရင်ကွဲကို နှံကောင်က ချောင်းနေတယ်လို့ ဆိုပေမဲ့ အနောက်မှာ စာကလေးရှိနေတာကို သတိမထားမိဘူး’ တဲ့။
ဒီလောကမှာ စစ်တုရင် ကစားသမားက အနည်းငယ်ပဲ ရှိတယ်။ တစ်ယောက်က ဧကရာဇ်၊ ပြီးတော့ ကျန်းလီ အငယ်စားလေး ရင်ဝူမင်၊ ပြီးတော့ ငါ ရှမ့်လန်။ ငါက ဘာလို့ စစ်တုရင် ကစားသမား ဖြစ်နေတာလဲ။ ငါ့လို အားနည်းတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး စစ်တုရင် ကစားသမား ဖြစ်နိုင်မှာလဲ။
ဘာလို့လဲဆိုတော့ ငါက လုံလောက်တဲ့အမြင့်မှာ ရပ်ပြီး လုံလောက်တဲ့ အဝေးကို မြင်နိုင်လို့ပဲ။ တိမ်တိုက်လွှာတွေကို ဖောက်ထွင်းပြီး အမှန်တရားကို မြင်နိုင်တယ်။ ကိုယ်ကသာ ရှင်းရှင်းလင်းလင်း မြင်နိုင်နေရင် ကိုယ့်ရှေ့ကလမ်းက ဘယ်လောက် အန္တရာယ်များပါစေ၊ ကြောက်စရာကောင်းနေပါစေ၊ ရှုပ်ထွေးနေပါစေ၊ ဒါက ထွက်ပေါက်ကြီးတစ်ခုအဖြစ် ဖြစ်နေအုံးမှာပဲ။”
လျှို့ဝှက်သည့် သာမန်ရထားလုံး တစ်စီးက အရှေ့ဘက်သို့ ဦးတည်သွားနေ၏။ ဤသည်က နုရှောင့်မြို့တော် သို့ ပြန်ရာလမ်းပင်။
တစ်ခြားသော ရှမ့်လန် တစ်ယောက်က အတွင်း၌ တိတ်ဆိတ်စွာ ထိုင်လျက်နေပြီး သေတ္တာတစ်လုံးကို ကိုင်ထား၏။ သေတ္တာထဲ၌ အကြေးခွံများ ဖုံးလွှမ်းနေသော ဥတစ်လုံးရှိ၏။
မင်းသမီး ဒိုဟာက သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။ အချိန်အတန်ကြာမှ မင်းသမီး ဒိုဟာက မေးသည် “ကျွန်မ ရှင့်ကို ဘယ်လိုခေါ်ရမလဲ။”
တစ်ခြားရှမ့်လန်က ပြောသည်။ “အရှင်လို့ ခေါ်တာ ပိုကောင်းပါလိမ့်မယ်။”
မင်းသမီး ဒိုဟာက မေး၏။ “သူ အဆင်ပြေရဲ့လား။”
တစ်ခြားရှမ့်လန်က ပြောသည်။ “သူ အဆင်ပြေမယ် ထင်ပါတယ်။ သူက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်လေ။ သူ လိုချင်တာကို ဘယ်သူကမှ တားဆီးနိုင်မယ် မထင်ဘူး။”
မင်းသမီး ဒိုဟာက ပြော၏။ “မဟုတ်ဘူး၊ သူက အရူးပဲ။ လုံးဝ အရူးတစ်ယောက်ပဲ။”
...................
ပုစဉ်းရင်ကွဲကို နှံကောင်က ချောင်းနေသော်လည်း အနောက်တွင် စာကလေး ရှိနေသည်ကို မည်သူမှ သတိမထားမိချေ။ ဤလောကကြီးတွင် စာကလေးက မည်သူဖြစ်သည် ဆိုသည်ကို ပြောရန် ခက်၏။ ဤလောကကြီးတွင် တော်ဝင်ရန်ဧကရာဇ်က အမြဲတမ်း အဆန်းကြယ်ဆုံးသော ကစားသမားကဲ့သို့ ဖြစ်နေသည်။
နန်းတော်ရှိ တားမြစ်နယ်မြေ၏အောက်တွင် တော်ဝင်ရန်ဧကရာဇ်က တရားကျင့်ကြံနေ၏။ သူ ဘာလုပ်နေသနည်း။ သူက ပိုးပုဝါတစ်ထည်ဖြင့် တစ်စုံတစ်ခုကို သုတ်နေ၏။ လောကကြီး တစ်ခုလုံး ထိတ်လန့်သွားစေပြီး ကြောက်ရွံ့တုန်လှုပ်သွားစေမည့် အရာတစ်ခု ဖြစ်၏။
“သူငယ်ချင်းဟောင်းကြီး.. ကောင်းကင်ပေါ်က ကြယ်တံခွန်က သေဆုံးသွားပြီ။ အနောက်ဘက် သဲကန္တာရထဲကို ဝင်တိုက်ပြီး ကျင်းနိုင်ငံရဲ့ စစ်သည်ပေါင်း ခြောက်သိန်းကို သုတ်သင်ရှင်းလင်းပစ်လိုက်တယ်။ ရှမ့်လန်က ပြောတယ်၊ နဂါးနောင်တ ဒါဇင်နဲ့ချီပစ်လွှတ်ပြီး ငါ့ရဲ့ အနောက်ပိုင်း စစ်တပ်ကို သုတ်သင် ရှင်းလင်းလိုက်တာတဲ့။ သူက ဘာလို့ ဒီလောက် ကြွားဝါတတ်ရတာလဲ။
ရင်ကွမ်းလည်း တူတူပါပဲ။ သူက အံ့မခန်းပဲ။ သူ မကြာခင် စစ်တုရင် ကစားသမား ဖြစ်လာတော့မယ်။ ငါ၊ ရင်ကွမ်းနဲ့ အဲဒီ မြေခွေးကောင်လေး ရှမ့်လန်တို့က သုံးပြည်ထောင် ပြဇာတ်တစ်ခုကို အစပျိုးရတော့မယ်။ သူငယ်ချင်းဟောင်းကြီး.... နှစ်ပေါင်း တစ်ထောင်နီးပါး ရှိနေပြီ။ အခု ကောင်းကင်ပေါ်က ကြယ်တံခွန်က ပေါက်ကွဲသွားပြီ။ မင်း မနိုးလာသေးဘူးလား။”
တော်ဝင်ဧကရာဇ်က သူ၏ ခန္ဓာကိုယ်ထက်ပင် ပိုမိုကာ ကြီးမားသည့် မျက်ခွံတစ်ခုကို ညင်သာစွာ သုတ်ပေး နေ၏။ သူက ဘာကို သုတ်ပေးနေသနည်း။ ဧရာမ နဂါးကြီး တစ်ကောင်ပင်။
တော်ဝင်ရန်အင်ပါယာ၏ နန်းတော်ရှိ တားမြစ်နယ်မြေ အောက်တွင် ဧရာမ နဂါးကြီး တစ်ကောင် ပုန်းအောင်းနေ၏။ ထိုအရာက အိပ်ပျော်နေသကဲ့သို့၊ သေဆုံးနေသကဲ့သို့ ငြိမ်သက်နေသည့် ဧရာမ နဂါးကြီး ဖြစ်၏။ လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် စစ်မှန်သည့် ဧရာမ နဂါးကြီးပင်။ ဤသည်မှာ တော်ဝင်ရန်အင်ပါယာ၏ ကံကြမ္မာပင် ဖြစ်သည်။
အတိတ်ကာလက ရှမ့်လန်သည် မီးနတ်ဘုရားဂိုဏ်း၏ နတ်ဆရာမ ရှယ်လီအား မေးခဲ့ဖူး၏။ “မီးနဂါး ကြယ်တံခွန်က လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်က ပထမဦးဆုံး ပေါ်ပေါက်လာခဲ့တာလား။”
နတ်ဆရာမ ရှယ်လီက ခေါင်းညိတ်ပြီး ပြန်မေးသည်။ “ဘာဖြစ်လို့လဲ။”
ရှမ့်လန်က ဘာမှမဖြစ်ဘူးဟု ပြန်ဖြေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကြယ်တံခွန် ပေါ်လာသည့် အချိန်က တော်ဝင်ရန်အင်ပါယာ ဖြစ်တည်လာခဲ့သည့်အချိန်နှင့် တိုက်ဆိုင်နေသောကြောင့်ပင်။ တော်ဝင်အင်ပါယာ ထွန်းကားလာပုံနှင့် တော်ဝင်ရန်အင်ပါယာ လောကအရှင် ဖြစ်လာပုံအကြောင်း ဒဏ္ဍာရီများစွာရှိ၏။
နန်းတော်အတွင်းရှိ တားမြစ်မျှော်စင်က နှစ်ပေါင်း ရာနှင့်ချီ တည်ရှိခဲ့ပြီး ထိုအရာကို ကံကြမ္မာမျှော်စင်ဟု သိကြ၏။ ထိုအရာက တော်ဝင်အင်ပါယာ၏ ကံကြမ္မာကို ထိန်းသိမ်းထားသည်ဟုလည်း ဆိုကြ၏။ သို့သော်ငြား အတွင်း၌ ဘာရှိသနည်း ဆိုသည်ကို မည်သူမျှ မသိကြချေ။ ဧကရာဇ်မှလွဲ၍ အိမ်ရှေ့စံမင်းသား အပါအဝင် မည်သူမျှ မျှော်စင်ထဲသို့ ဝင်ရောက်ဖူးခြင်း မရှိချေ။
ထိပ်တန်း ကျွမ်းကျင်သူများ အပါအဝင် မရေတွက်နိုင်သည့် လူများက တားမြစ်မျှော်စင်ထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ဖူး၏။ သို့သော်ငြား အားလုံးက အလောင်းများအဖြစ်သို့ ပြောင်းလဲသွား၏။ တားမြစ်မျှော်စင်၏ ဂုဏ်သတင်းက ထို့ကြောင့်ပင် ပိုမိုကြီးမားလာခဲ့ပြီး လောကထဲတွင် အဆန်းကြယ်ဆုံးသော နေရာတစ်ခု အဖြစ် ပြောင်းလဲလာသည်။
တားမြစ်မျှော်စင်ထဲတွင် ဘာရှိသည်ကို မည်သူမျှ မမြင်ဖူးသော်လည်း ထိုအရာနှင့် ပတ်သက်သည့် ဒဏ္ဍာရီ အမျိုးမျိုးရှိ၏။ အထူးသဖြင့် အရှေ့တိုင်းလောကမှ သူကောင်းမျိုးနွယ်ဝင်များပင်။ သူတို့အားလုံးက တားမြစ်နယ်မြေထဲတွင် ရှေးဟောင်း နဂါးကြီးတစ်ကောင် ရှိသည်ဟု ခန့်မှန်းကြ၏။
နဂါးများကို ရှေးဟောင်းစာပေများတွင် တွေ့ရခဲ၏။ ရှေးဟောင်းယဉ်ကျေးမှုများတွင် နဂါးများက တားမြစ်ချက် တစ်ခု ဖြစ်ပုံပင်။ သူတို့က စွမ်းအား၊ အာဏာ၊ မြင့်မြတ်မှုနှင့် အရေးကြီးဆုံးသော ဖျက်ဆီးခြင်းကို ကိုယ်စားပြုသည်။
အဘယ်ကြောင့် နဂါးနောင်တဟု ခေါ်ရသနည်း။
ရှမ့်လန် တစ်ယောက်တည်း ဤသို့ ခန့်မှန်းမိခြင်း မဟုတ်ချေ။ လောကပေါ်ရှိ သဘာဝလွန် အင်အားစုများနှင့် နိုင်ငံအသီးသီးတို့က နဂါးနောင်တထဲတွင် ရှိနေသည့် အဖျက်စွမ်းအားက နဂါးအစစ်ဆီက လာတာဖြစ်ကြောင်း ခန့်မှန်းမိနေကြ၏။
ဥပမာအားဖြင့် ထိုအရာ၏ မီးတောက်များနှင့် ထိတွေ့မိသည့် မည်သည့်အရာမဆို တန်ဖိုးကြီး နဂါး သလင်းကျောက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး အိမ်မက်ဆိုးကျောက်တုံးများအတွက် ကုန်ကြမ်းအဖြစ် သုံးနိုင်၏။ နဂါးအကြေးခွံများကို လောကပေါ်တွင် အကောင်းဆုံး သံချပ်ကာများနှင့် လက်နက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်၏။ နဂါးသွေးနှင့် ရိုးတွင်းခြင်ဆီကို နဂါးနောင်တ ပြုလုပ်ရာတွင် အသုံးပြုနိုင်စွမ်း ရှိနေသည်။
နဂါးတစ်ကောင်ကို ထိန်းချုပ်ထားခြင်းက မဟာဗျူဟာမြောက် လက်နက်တစ်ခုကို ထိန်းချုပ်ထားခြင်းနှင့် အတူတူပင်။ အတိုင်းအတာတစ်ခုအထိ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာနှင့် အတူတူပင် ဖြစ်၏။ ဟုတ်ပေ၏။ ဤအရာများက ဒဏ္ဍာရီများသာ ဖြစ်ပြီး တားမြစ်ထားသည့် ဒဏ္ဍာရီများလည်း ဖြစ်၏။
တော်ဝင်ရန်အင်ပါယာက ဤဒဏ္ဍာရီများကို ဆွေးနွေးခြင်းအား တင်းကျပ်စွာ တားမြစ်ထား၏။ ကျန်းလီ အကြောင်း ပြောဆိုခြင်းကိုလည်း တားမြစ်ထား၏။ တော်ဝင်ရန်အင်ပါယာက နိုင်ငံ၏ ကံကြမ္မာကို ထိန်းချုပ် ထားပြီး နဂါးတစ်ကောင်ကို ထိန်းချုပ်ထားသောကြောင့် ကျန်းလီ ရှုံးနိမ့်ခဲ့သည်ဟူသော ကောလာဟလများ လည်း ရှိသည်။
သဘာဝလွန် အင်အားစုအားလုံး ဧကရာဇ်၏ အမိန့်ကို နာခံရခြင်း အကြောင်းရင်းမှာ အထွတ်အထိပ် စွမ်းအင်စာချုပ်နှင့် အထွတ်အထိပ် မဟာဗျူဟာမြောက် လက်နက်များကို ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်ဟုလည်း ကောလာဟလများစွာ ရှိ၏။ ထိုအရာက နဂါးလည်း ဖြစ်နိုင်၏။
..............
လျှို့ဝှက်ရထားလုံးက ရှေ့သို့ ဆက်လက်သွားနေ၏။ ကောင်းကင်ပေါ်မှ လင်းယုန်စီး စစ်သည်များကို ရှောင်ကွင်းရန် သစ်တောထဲတွင် အတတ်နိုင်ဆုံး ပုန်းအောင်းသွားလာ၏။ ရှမ့်လန်က သေတ္တာကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားဆဲပင်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်၏။ သူနှင့် မင်းသမီး ဒိုဟာက တိတ်ဆိတ်နေ၏။
အပြင်ဘက်တွင် အထူးစစ်သည် ၂၀ ကျော်က ရထားလုံးကို တင်းကျပ်စွာ ဝန်းရံစောင့်ရှောက်နေပြီး ရထားလုံးက ပြေးနေသော်လည်း အသံမထွက်သလောက်ပင် ရှိ၏။ ရုတ်တရက် အားလုံး ရပ်တန့်သွား၏။ အထူးစစ်သည် ၂၀ ကျော်က ရထားလုံးများကို လျင်မြန်စွာ ဝန်းရံထားသောကြောင့်ပင်။
“ပုစဉ်းရင်ကွဲက အခွံလဲသလို၊ မက်မွန်သီးအစား ဆီးသီးကို အစားထိုးသလို၊ လမ်းလွှဲ ဖန်တီးလိုက်တာပဲ။ တကယ်ကို ပြောင်မြောက်တဲ့ မဟာဗျူဟာမျိုးပါပဲ။” ရုတ်တရက် လေထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။ ပြီးနောက် လူရိပ်ပေါင်း ၁၀၀ ကျော်က သစ်တောထဲတွင် ပေါ်ပေါက်လာခဲ့ပြီး ရထားလုံးကို ဝန်းရံသည်။
“အရှင်ရှမ့်လန်... ခင်ဗျားရဲ့ မဟာဗျူဟာက ပြောင်မြောက်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ပုစဉ်းရင်ကွဲကို နှံကောင်က ချောင်းနေပေမဲ့ အနောက်မှာ စာကလေးရှိတာကို သတိမထားမိဘူး။” လူတစ်ယောက်က ရထားလုံးဆီသို့ ဖြည်းညင်းစွာ လျှောက်လာ၏။”
“ကျုပ် လုပ်ပေးရမလား၊ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် ပေးမလား။ ဥက္ကာခဲ ဝင်တိုက်တဲ့ လျှို့ဝှက် တွင်းနက်ကြီးထဲကနေ ခင်ဗျား ဘယ်လို ရတနာမျိုးကို ရခဲ့လို့ ဒီလောက်ကြီး ဒုက္ခခံနေရတာလဲ ဆိုတာ ကျုပ် တကယ်ကို သိချင်နေပြီ။”
သူစကားမဆုံးခင်မှာပဲ မင်းသမီး ဒိုဟာက ရုတ်တရက် ပြေးထွက်ပြီး ထိုလူကို တိုက်ခိုက်သည်။
“ဘုန်း”
မျက်စိတစ်မှိတ်အတွင်း မင်းသမီး ဒိုဟာက လွင့်စင်သွား၏။ ထိုလူက ဖြည်းညင်းစွာ ပြောသည်။ “အရှင်ရှမ့်လန်.... ခင်ဗျား ကျုပ်ကို မသိသေးဘူး ထင်တယ်။ ကျုပ်က ကောင်းကင်ပြစ်ဒဏ်နန်းဆောင်ရဲ့ သခင်လေး ကျိဝူလျန် ပါ။”
“အရှင်ကို ကာကွယ်ကြ၊ အရှင်ကို ကာကွယ်ကြတော့။”
အထူးစစ်သည် ၂၀ ကျော်တို့က ရထားလုံးဆီသို့ ပြေးဝင်လာ၏။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေးက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အထူးစစ်သည် ၁၀၀ ကျော်တို့က ရှေ့သို့လှမ်းတက်ပြီး ရှမ့်လန်၏ အထူးစစ်သည် ၂၀ တို့နှင့် တိုက်ခိုက်ကြသည်။
“ရွှီ... ရွှီ...”
တည်နေရာ ပြောင်းရွှေ့သွားသကဲ့သို့ပင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး ကျိဝူလျန်က ရှမ့်လန်၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။
“ပေးလိုက်ပါ အရှင်ရှမ့်လန်..” ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေးက လက်ကို ဆန့်ထုတ်သည်။
ဤအချိန်မှာတော့ အပြင်ဘက် တိုက်ပွဲက ပြီးဆုံးသွားခဲ့၏။ ရှမ့်လန်၏ အထူးစစ်သည် ၂၀ တို့က လုံးဝ အရေးနိမ့်သွားခဲ့ပြီး ဝန်းရံထားခြင်းကို ခံနေရ၏။ ရှမ့်လန်က ထိုမြင်ကွင်းကို နာကျင်စွာ ကြည့်နေပြီး သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ယင်နေ၏။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေးက ပြောသည်။ “ရှမ့်လန်... ဥက္ကာပျံ မိုးရွာချတာကို အသုံးပြုပြီး ကျင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားနဲ့ စစ်သည်ပေါင်း သိန်းချီကို ချေမှုန်းပစ်လိုက်တာ အရမ်းကောင်းတယ်။ ပြီးပြည့်စုံပြီး ဂုဏ်ယူလောက်စရာ အောင်ပွဲမျိုးပဲ။ ဒါပေမဲ့ အဲဒီနောက်ကွယ်က အန္တရာယ်တွေကို မစဉ်းစားမိဘူးလား။
ဒီတစ်ခါ ခင်ဗျားရဲ့ အိမ်အပြန်လမ်းက တကယ်ကို ခက်ခဲကြမ်းတမ်းပြီး အန္တရာယ် များလိမ့်မယ်။ ဧကရာဇ်၊ ရင်ကွမ်းနဲ့ ခင်ဗျားတို့က ကောင်းကင်ပေါ်က ဥက္ကာပျံ ကြယ်တံခွန်တွေ ကျလာမယ်ဆိုတာ သိကြတယ်။ ဒါပေမဲ့ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလွန်းနေပြီ။ တခြားသူတွေ ဘာမှမသိဘူးလို့ ထင်နေတာလား။
နဂါးနောင်တ ဒါဇင်နဲ့ချီပြီး ပစ်လွှတ်တဲ့လူက ခင်ဗျားလို့တောင် ဟန်ဆောင်ခဲ့သေးတယ်။ တကယ့်ကို မသိနားမလည်မှုနဲ့ မာန်မာနကြီးမှုပဲ။ ဒါက ဘယ်လို လူစားမျိုး ဖြစ်မယ်ထင်လဲ။ ပေးလိုက်စမ်းပါ။ ဘယ်လို ရတနာမျိုးလဲ ကြည့်ရအောင်။”
ချက်ချင်းပဲ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်မှ သခင်လေးက အသက်ရှူမဝသလို ဖြစ်သွား၏။ သူ၏ မျက်လုံးများက ပြူးကျယ်သွား၏။ ခန္ဓာကိုယ် တစ်ခုလုံးက ထိန်းချုပ်မရအောင် တုန်ယင်လာခဲ့၏။ ထိုအရာက နဂါးဥပင်။ တကယ်ကို နဂါးဥ ဖြစ်၏။ ဥခွံပေါ်တွင် အကွက်အဆင်များနှင့် အကြေးခွံများက ဒဏ္ဍာရီလာ နဂါးအကြေးခွံနှင့် ထပ်တူနီးပါး တူညီ၏။
သူ၏ မျက်လုံးများက ဥပေါ်တွင် ကျရောက်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ထိန်းချုပ်၍ မရနိုင်သလိုမျိုး တုန်ယင်နေ၏။ ထိုအရာက ကြယ်တံခွန်၏ နောက်ဆုံး ဝင်တိုက်မှု အစစ်ပင်။ ထိုအရာက နောက်ဆုံး ရတနာ အစစ်ဖြစ်သည်။
ဤနဂါးဥ၏ တန်ဖိုးက ဥက္ကာပျံတွင်းနက်ထဲရှိ တခြားသော ရတနာအားလုံးပေါင်းသည်ထက် များစွာ သာလွန်၏။ ထိုအရာက သမိုင်းကို လုံးဝ ပြောင်းလဲပစ်နိုင်၏။ လောကကြီးကို ပြောင်းလဲပစ်နိုင်၏။ နဂါးတွေက ဖျက်ဆီးခြင်း၊ ပြိုင်ဘက်ကင်း စွမ်းအားများနှင့် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကိုတောင် ကိုယ်စားပြု၏။
ရှမ့်လန်က အဖွဲ့တစ်ခုလုံးကို စွန့်ပစ်လိုက်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ရှမ့်လန်က ဤမျှလောက် အစီအစဉ်ချပြီး လှည့်ကွက်တွေသုံးကာဖြင့် ကြီးမားသည့် ပေးဆပ်မှုကြီးကို ပြုလုပ်ခဲ့ခြင်း ကလည်း အံ့အားသင့် စရာ မဟုတ်တော့ချေ။ အားလုံးက ဤနဂါးဥကြောင့်ပင် ဖြစ်သည်။
ဤနဂါးဥကို နုရှောင့်မြို့သို့ အောင်မြင်စွာ ပို့ဆောင်နိုင်သရွေ့ အခြားအရင်းအမြစ်များ အားလုံးကို ဆုံးရှုံးသွားလျှင်တောင်မှ၊ အဖွဲ့တစ်ခုလုံး သုတ်သင်ခံရသည် ဆိုလျှင်တောင်မှ တန်နေသေး၏။ သို့သော်ငြား ဤနဂါးဥနှင့် ချိတ်ဆက်ထားသည့် တခြားအရာတစ်ခု ရှိနေသေး၏။ ရှုပ်ထွေးလွန်းသော အိမ်မက်ဆိုးကျောက်တုံး ကိရိယာ မျိုးပင်။
ရှမ့်လန်က ပြော၏။ “ဒါက အိမ်မက်ဆိုး ကျောက်တုံးဗုံးပဲ။ အကြမ်းဖက်နည်းလမ်းနဲ့ ဖြုတ်လို့ မရဘူး။ မဟုတ်ရင် ချက်ချင်း ပေါက်ကွဲပြီး နဂါးဥကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်။ ခင်ဗျား ဘာမှ ရမှာမဟုတ်ဘူး။”
ထိုအရာကို ကြားတော့ ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်လေး ကျိဝူလျန်က မျက်နှာပျက်သွား၏။
ဤရှမ့်လန်က ပြောသည်။ “ဒီအိမ်ပြန်လမ်းက အရမ်းကို ခက်ခဲမယ်ဆိုတာ ကျုပ်သိတယ်။ ပုစဉ်းရင်ကွဲကို နှံကောင်က ချောင်းနေပေမဲ့ အနောက်မှာ စာကလေးရှိတာကို သတိမထားမိဘူးဆိုတဲ့ ဆိုရိုးစကားကိုလည်း ကျုပ် သိတယ်။ ဒါကြောင့် ကျုပ်က ပြင်ဆင်မှုတွေလည်း လုပ်ထားတယ်။ ခင်ဗျား စမ်းကြည့်လို့ရတယ်။ အများဆုံး ကျုပ် ဒီနဂါးဥနဲ့အတူ သေလိုက်ရုံပဲ။”
...
အပိုင်း (၁၀၃၄)
ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်လေး ကျိဝူလျန်က ခြေလှမ်းတစ်လှမ်း နောက်ဆုတ်၏။ “အားလုံး ရပ်လိုက်ကြ။”
ဤရှမ့်လန်က ပြောသည်။ “သခင်လေး ကျိဝူလျန်... နုရှောင့်မြို့တော်ကို ပြန်တဲ့လမ်းက အရမ်းကို အန္တရာယ် များတယ်။ ဒါကြောင့် ကျုပ်ကို ပင်လယ်ကမ်းစပ်အထိ လိုက်ပို့ပေးဖို့ တောင်းဆိုချင်တယ်။ အမှားအယွင်း မရှိစေရဘူးနော်။”
ကျိဝူလျန်က ပြော၏။ “သိပ်ဟုတ်တာပေါ့။”
ပြီးနောက် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေး ကျိဝူလျန်က ရထားလုံးပေါ်သို့ တက်၏။ ရှမ့်လန်နှင့် မျက်နှာချင်းဆိုင် ထိုင်သည်။
“ထွက်ခွာကြမယ်။ အရှင်ရှမ့်လန်ကို အရှေ့ဘက်အထိ လိုက်ပို့မယ်။” ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေး ကျိဝူလျန်က အမိန့်ပေး၏။
ချက်ချင်းပဲ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ အထူးစစ်သည် ၁၀၀ ကျော်နှင့် ရှမ့်လန်၏ လက်အောက်မှ အထူးစစ်သည် ၂၀ တို့က မျက်နှာချင်းဆိုင်ကာဖြင့် ရှေ့သို့ တိုး၏။ သူတို့က အလယ်ရှိ ရထားလုံးကို အရှေ့အနောက် ညှပ်ကာ လိုက်ပါ ပို့ဆောင်သည်။
..........
ရှမ့်လန်၏ တခြားသောအဖွဲ့တွင်မူ စုစုပေါင်း လူရာဂဏန်းခန့်ရှိပြီး ရထားလုံး ဒါဇင်နှင့်ချီကို လိုက်ပါ ပို့ဆောင်နေ၏။ သူတို့က ခမ်းနားထည်ဝါစွာဖြင့် အရှေ့ဘက်ကို ဦးတည်နေ၏။ အတွင်း၌ မရေတွက်နိုင်သည့် အိမ်မက်ဆိုးကျောက်တုံး သလင်းကျောက်များ၊ လျှို့ဝှက်သတ္တုများနှင့် တခြား ရတနာများ ပါရှိ၏။ သို့သော်လည်း နဂါးဥနှင့်ယှဉ်လျှင် ထိုအရာများက ပြောပလောက်သည့် အရာများ မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင်မှ ဤရတနာများကို လိုက်ပါပို့ဆောင်ပေးနေသည့် စစ်သည် အရေအတွက်က စဉ်ဆက်မပြတ် ဆိုသလို တိုးလာ၏။ ချောင်ပြည်နယ်က စစ်သည်သောင်းချီကို အသုံးပြုခဲ့၏။ မကြာခင် နုရှောင့်မြို့ဘက်မှ သွေးဝိညာဉ်တပ်တော်၏ သံချပ်ကာအသစ် ဝတ်ဆင်ထားခဲ့သည့် စစ်သည်များ ရောက်ရှိလာ၏။
ဤစစ်သည်အားလုံးတို့က ရှေးဟောင်းဒူးလေးများကို ကိုင်ဆောင်ထားကြပြီး တချို့က မကြာသေးမီကမှ ပြုပြင်မွမ်းမံထားခဲ့သည့် ရှေးဟောင်းဓားများကိုပင် ကိုင်ဆောင်ထားကြ၏။ အတိုချုပ် ပြောရမည်ဆိုလျှင် ဤစောင့်ရှောက်မှုက တကယ့်ကို စည်းစနစ်ကျ၏။ သို့သော်ငြား နုရှောင့်မြို့တော်သို့ ပြန်သည့် ဤအဖွဲ့၏ ခရီးစဉ်က တကယ်ကို ချောမွေ့ပြီး မည်သည့် တိုက်ပွဲကိုမျှ မကြုံခဲ့ရချေ။
...............
ရက် ၂၀ ကျော် ကြာပြီးနောက် သူတို့က ရွှဲ့ပြည်နယ်၏ အရှေ့ဘက် ဆိပ်ကမ်းသို့ နောက်ဆုံး ရောက်ရှိ၏။ နုရှောင့်မြို့၏ရေတပ်က ဤနေရာတွင် လာရောက်ကြိုဆိုနေကြသည်။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေး ကျိဝူလျန်က ပြော၏။ “အရှင်ရှမ့်လန်.... ကျုပ်ရဲ့ ကာကွယ်ပေးမှုကြောင့် ခင်ဗျားရဲ့ အဖွဲ့က ဘေးကင်းသွားတာပါပဲ။ မဟုတ်ရင် တိုက်ပွဲတွေ ဘယ်လောက် ကြုံရမလဲ မသိနိုင်သလို၊ ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကိုလည်း ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး။”
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ အထူးစစ်သည်တော် ၁၀၀ ကျော်တို့က ရှမ့်လန်၏ ရထားလုံးနားသို့ လိုက်ပါလာကြ၏။ ဤရက်ပိုင်းတွင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး ကျိဝူလျန်က ရှမ့်လန်၏ ဘေးနားမှ တစ်ဖဝါးမှ မခွာခဲ့ချေ။
“အရှင်ရှမ့်လန်... အခု နဂါးဥကို ပေးလို့ရပြီလား။” ကျိဝူလျန်က ပြော၏။ ပြောပြီးနောက် ကောင်းကင်ပြစ်ဒဏ် နန်းဆောင်၏ သခင်လေး ကျိဝူလျန်က ရှမ့်လန်၏ ရင်ခွင်ထဲမှ သေတ္တာကို လွယ်လင့်တကူပင် လှမ်းယူ၏။ ဤနဂါးဥထဲတွင် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သည့် စွမ်းအားများနှင့် ပြည့်နှက်နေသည်ကို သူက အာရုံခံမိ၏။
“အရှင်ရှမ့်လန်... ဒီနဂါးဥပေါ်က အိမ်မက်ဆိုးကျောက်တုံးဗုံးကို ဘယ်လို ဖြေရှင်းရမလဲ ပြောပြပါ။”
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေး ကျိဝူလျန်က ပြောသည်။ “ကျုပ် ခင်ဗျားကို တကယ် မနှိပ်စက်ချင်ဘူး။ ခင်ဗျားက အရမ်းကို နုနယ်လွန်းတယ်။ ကျုပ် တစ်ခုခုလုပ်လိုက်ရင် ခင်ဗျားက တစ်စစီ ဖြစ်သွားလိမ့်မယ်။”
ဤရှမ့်လန်က ပြော၏။ “ကျုပ်လူတွေကို လွှတ်ပေးလိုက်။ သူတို့ကို သင်္ဘောပေါ် တက်ခွင့်ပေးလိုက်။ ဒါဆိုရင် နဂါးဥပေါ်က အိမ်မက်ဆိုးကျောက်တုံးဗုံးကို ဖြေရှင်းပေးမယ်။”
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေး ကျိဝူလျန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ “သူတို့ကို သွားခွင့်ပေးလိုက်။”
ရှမ့်လန်က မင်းသမီး ဒိုဟာကို ပြော၏။ “အားလုံး သွားကြတော့။”
မင်းသမီး ဒိုဟာနှင့် အထူးစစ်သည် ၂၀ တို့က ရှမ့်လန်ကို စိုက်ကြည့်နေသည်။
ဤရှမ့်လန်က ပြော၏။ “သွား... မြန်မြန်သွားကြတော့၊ အမိန့်ကို နာခံ။”
ချက်ချင်းပင် မင်းသမီး ဒိုဟာက အထူးစစ်သည် ၂၀ ကျော်ကို ဦးဆောင်ပြီး ထွက်ခွာသွား၏။ တစ်ချိန်တည်းမှာပဲ စစ်သည် ရာဂဏန်းတို့ကလည်း သေတ္တာ ဒါဇင်ပေါင်းများစွာနှင့်အတူ စစ်သင်္ဘောပေါ်သို့ တက်ပြီး နုရှောင့်မြို့တော်သို့ ဦးတည်သည်။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး ကျိဝူလျန်က ပြော၏။ “အရှင်ရှမ့်လန်... အခု ကျုပ်တို့ နှစ်ယောက်ပဲ ကျန်တော့တယ်။ ဒီနဂါးဥက အိမ်မက်ဆိုး ကျောက်တုံးဗုံးကို မြန်မြန် ဖြေရှင်းပေး။ မဟုတ်ရင် ကျုပ် ခင်ဗျားနဲ့ ရန်ဖြစ်ရတာ ပျော်စရာ ကောင်းမှာ မဟုတ်တော့ဘူး။”
ရှမ့်လန်က ရှေ့သို့တက်ပြီး နဂါးဥပေါ်ရှိ အိမ်မက်ဆိုး ကျောက်တုံးဗုံးကို စတင်ကာ ပြုပြင်၏။ သူက အလွန် တိကျသည့် အဆင့်များကို ကျော်ဖြတ်ပြီ ပြဿနာကို ဖြေရှင်းနေ၏။ လုပ်ငန်းစဉ်က လုံးဝ အမှားအယွင်း မခံချေ။ အမှားတစ်ခု ရှိသည်နှင့် ပေါက်ကွဲသွားမှာပင်။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေးက ဦးရေပြားများ ထုံကျင်နေသလို ခံစားရ၏။ ရှမ့်လန် တစ်ယောက် လက်တုန်ပြီး ဗုံးပေါက်ကွဲသွားမှာကို သူ စိုးရိမ်မိ၏။ ဤအဖိုးတန်သည့် နဂါးဥ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားမိမှာကိုလည်း သူ ကြောက်မိ၏။
၁၀ မိနစ်ခန့် ကြာပြီးနောက် နဂါးဥပေါ်ရှိ အိမ်မက်ဆိုးကျောက်တုံးဗုံးကို လုံးဝ ဖြေရှင်းပြီးသွားပြီး ဥပေါ်မှ ဖယ်ရှားလိုက်သည်။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေးက နဂါးဥကို အလျင်အမြန်ယူ၍ သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ သူက ရက် ၂၀ ကျော် သည်းခံခဲ့ရပြီး ဤနဂါးဥကို ကာကွယ်ရန် ရှမ့်လန်၏ သက်တော်စောင့်ပင် လုပ်ပေးခဲ့ရသေး၏။
“အခု ကျုပ်ကို သတ်ချင်နေပြီလား။” ရှမ့်လန်က မေးလိုက်သည်။
“သတ်မယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေးက အေးစက်စက်နှင့် ရယ်မော၏။ “ခင်ဗျားက ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာ ခင်ဗျား မသိပါဘူး။ ဒါပေမဲ့ ကျုပ်တို့က အရှင်ရှမ့်လန်ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ချင်တာမျိုးပါ။ ကြွပါ။”
ရှမ့်လန်က မေးသည်။ “ကျုပ်က သုံ့ပန်းလား။”
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၏ သခင်လေးက ပြော၏။ “ဟုတ်တယ်။ အဲလို ပြောလို့ ရပါတယ်။”
ဤအခိုက်အတန့်မှာတော့ ရှမ့်လန်၏ နှာခေါင်းမှ သွေးစီးကြောင်းနှစ်ခုက စီးကျလာ၏။ ပြီးနောက် သူက ပြုံးလိုက်၏။ “မိစ္ဆာတြိဂံနယ်မြေရဲ့ အပြင်ဘက်မှာ ဘာဖြစ်ခဲ့လဲ သိလား။ နင်ဟန်နဲ့ မင်းသမီး ကျီရွှမ်း လက်ထဲကနေ ကျုပ်ကို ဘယ်လိုလွှတ်မြောက်ခဲ့လဲ သိလား။ ပလိပ်နက် ရောဂါပိုးပဲ။”
ရှမ့်လန်က ချောင်းဆိုးသည်။ ပြီးနောက် ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်လေးကို လှမ်းပြောသည်။ “ကျုပ် အကွက်ဟောင်းကို ပြန်သုံးနေတာပဲ။ ဟား... ဟား... ဟား...”
ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်လေးက မျက်နှာပျက်သွား၏။ “မဖြစ်နိုင်ဘူး။ လွန်ခဲ့တဲ့ ရက် ၂၀ လုံးလုံး ခင်ဗျားကို ကျုပ်စောင့်ကြည့်နေတာ။ ခင်ဗျား ဘာမှ မလုပ်နိုင်ဘူး။”
ဤရှမ့်လန်က ပြော၏။ “ခင်ဗျားရဲ့ သိုင်းပညာက အရမ်းကို မြင့်မားတယ်။ ကျုပ် ခင်ဗျားကို အဆိပ်ခတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ကျုပ် ကိုယ့်ကိုယ်ကိုယ် အဆိပ်ခတ်ချင်ရင်တော့ ခင်ဗျား တားနိုင်မှာမလို့လား။ ကျုပ် နေ့တိုင်း အစား စားရတယ် မဟုတ်လား။
သခင်လေး ကျိဝူလျန်... ခင်ဗျား ကျုပ်နဲ့အတူတူ ရှိနေတော့ ကူးစက်ခံရမှာ သေချာတယ်။ ပလိပ်နက် ရောဂါရဲ့အစွမ်းကို ခင်ဗျား သိပါတယ်။ ကူးစက်ခံရတာနဲ့ သေချာပေါက် သေမှာပဲ။ ဒီလောကကြီးမှာ ကျုပ် တစ်ယောက်ပဲ ခင်ဗျားကို ကယ်နိုင်တယ်။ ပလိပ်နက်ရောဂါ။ သခင်လေး ကျိဝူလျန်... ခင်ဗျားနဲ့ ကျုပ်က ဒီရောဂါ ကူးစက်ခံထားရပြီ။ ခင်ဗျား ဘာလို့ ကျုပ်နဲ့ ဒီလောက် ကပ်နေရတာလဲ။”
ချက်ချင်းပဲ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး၏ အထူးစစ်သည် ရာဂဏန်းတို့က မြွေနှင့် ကင်းမြီးကောက်ကို တွေ့လိုက်ရသကဲ့သို့ နောက်ဆုတ်၏။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေးက သူ၏ ခန္ဓာကိုယ် အပူချိန်ကို ချက်ချင်း ခံစားရ၏။ အဖျားမရှိချေ။ အသက်ရှူနှုန်းနှင့် ချောင်းဆိုးခြင်းကိုလည်း ခံစားရခြင်း မရှိသေးချေ။ မည်သည့် ပြဿနာမှ မရှိသေးချေ။
သို့သော်လည်း ပလိပ်နက်ရောဂါက မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သူ သိ၏။ ကောင်းကင် ပြစ်ဒဏ်နန်းဆောင်၏ မြို့တစ်ခုလုံးက ပလိပ်နက်ရောဂါကြောင့် ပျက်စီးခဲ့ရဖူးသည်။
“ငါ ကူးစက်မခံရသေးဘူး။ ငါ ကူးစက်မခံရသေးဘူး။”
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေးက မီတာ ဒါဇင်နှင့်ချီ နောက်သို့ဆုတ်ပြီး ရှမ့်လန်နှင့် အတတ်နိုင်ဆုံး ဝေးဝေးနေရန် ကြိုးစား၏။ ပြီးနောက် သူက အော်ဟစ်လိုက်၏။ “သူ့ကို ဖမ်းကြစမ်း။ ခံစစ်ပြင်ပြီး သူ့ကို ဖမ်းကြ။”
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ အထူးစစ်သည် ၁၀၀ ကျော်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်၏။ သူတို့၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့၏။ ပလိပ်နက်ရောဂါ၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို သူတို့ ကောင်းစွာ သိကြ၏။ ထိုးဖောက်၍မရနိုင်သည့် ရှေးဟောင်းသံချပ်ကာကို ဝတ်ဆင်ထားလျှင်ပင် လေထုစိမ့်ဝင်မှု ကို မတားဆီးနိုင်ပေ။
“အားလုံးက သံချပ်ကာတွေ ဝတ်ထားကြတာပဲ မဟုတ်လား။ ကူးစက်ခံရမှာ မဟုတ်ဘူး။”
ကောင်းကင်ပြစ်ဒဏ် နန်းဆောင်မှ သခင်လေးက အေးစက်စွာ ပြောသည်။ “ငါ့အမိန့်ကို မနာခံချင်ဘူးလား။”
ကျိဝူလျန်၏ အမိန့်အရပင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ အထူးစစ်သည်တော် နှစ်ဦးတို့က သံချပ်ကာများကို ထပ်ဝတ်ပြီး ရှမ့်လန်ဆီသို့ လျှောက်လာ၏။
ထိုအချိန်မှာပင် လူရိပ်တစ်ခုက လေတိုးသံနှင့်အတူ ရောက်လာ၏။ ထိုသူက ရှမ့်လန်၏ ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ပြေးထွက်သွားသည်။ ဟုတ်ပေ၏။ ဤလူက အရူးကြီးပင်။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး ကျိဝူလျန်က ထိတ်လန့်သွား၏။ သူက အော်ဟစ်လိုက်သည်။
“သူ့ကို ဖမ်းကြစမ်း။” ပြီးနောက် သူကိုယ်တိုင် ရှေ့ဆီသို့ လျင်မြန်စွာ ပြေးဝင်၏။
သို့သော်ငြား နောက်စက္ကန့်အတွင်းမှာပဲ... “ဘုန်း..” သူ၏လက်ထဲတွင် ရှိနေသည့် နဂါးဥ ထည့်ထားသည့် သေတ္တာက ရုတ်တရက် ပေါက်ကွဲသွား၏။ စင်တီဂရိတ် ၄၀၀၀ မှ ၅၀၀၀ ကျော်ရှိသည့် အံ့မခန်း ငရဲမီးတောက်များကို ထုတ်လွှတ်၏။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး ကျိဝူလျန်က တကယ်ကို စွမ်းအားကြီး၏။ ထို့အပြင် အထူးရှေးဟောင်း သံချပ်ကာကို ဝတ်ဆင်ထားသေးသည်။ သို့သော်လည်း သေတ္တာက ငရဲမီးတောက် တစ်ခုတည်း ပေါက်ကွဲခြင်း မဟုတ်ချေ။ သေးငယ်သည့် အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး တစ်လုံးလည်း ပါ၏။ မျက်စိတစ်မှိတ်တွင် သူ၏ ရှေးဟောင်း သံချပ်ကာက ပြတ်တောက်သွား၏။ မရေတွက်နိုင်သည့် ငရဲ မီးတောက်များက သူ့ဆီသို့ လျှံထွက်လာသည်။
“အား...” ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး ကျိဝူလျန်က သူ၏အစွမ်းထက်သည့် အတွင်းအားများကို ထုတ်လွှတ်ကာဖြင့် အားကောင်းသည့် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေ၏။ ပြီးနောက် သူက အစွမ်းထက်လွန်းသည့် အတွင်းအားကို အသုံးပြုပြီး ဝင်ရောက်လာသည့် ငရဲမီးတောက်များကို လမ်းလွှဲ၏။
သူ၏ အစွမ်းထက်သည့် အတွင်းအားက ကိုယ့်ကိုယ်ကိုယ် မီတာ ဒါဇင်နှင့်ချီ ဝေးကွာသည့် နေရာသို့ လွင့်စင်သွားအောင် ပြုလုပ်နိုင်သည်။
ဤလူ၏ သိုင်းပညာက တကယ်ကို မြင့်မားလွန်း၏။ သူ၏ ရှေးဟောင်း သံချပ်ကာက ပျက်စီးသွားခဲ့ပြီ ဆိုလျှင်တောင် ငရဲမီးတောက် ပေါက်ကွဲခြင်းကြောင့် သူက သေမှာမဟုတ်ချေ။
သို့သော်လည်း သက်သာသည်တော့ မဟုတ်ပေ။ ရင်ခွင်ထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်သောကြောင့်ပင်။ သာမန် ပေါက်ကွဲစေတတ်သည့် ပစ္စည်းလည်း မဟုတ်ပေ။ ငရဲမီးပိုးကောင် အမှုန့်ပင် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်ရှိ ရှေးဟောင်း သံချပ်ကာက ကြောက်မက်ဖွယ်ရာ အပူဒဏ်ကို ခံနိုင်ရည်ရှိ၏။ မကျိုးပဲ့သော်လည်း တွန့်လိမ်ကုန်၏။
တစ်ချိန်တည်းမှာပဲ နဂါးဥက မီတာရာချီ လွင့်စင်သွား၏။
“အရူးကြီး... နဂါးဥကို လု။” ရှမ့်လန်က အမိန့်ပေးလိုက်၏။ အရူးကြီးက နဂါးဥနောက်သို့ လိုက်သည်။
“နဂါးဥကို လုယူ။” ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး ကျိဝူလျန်က အော်ဟစ်၏။
အထူးစစ်သည်တော် ၁၀၀ ကျော်တို့က နဂါးဥနောက်သို့ လိုက်ကြ၏။ အရူးကြီးက အနီးဆုံးဖြစ်၏။ သူက အမြန်ဆုံးပင်။ နဂါးဥကို ဖမ်းမိပေတော့မည်။
သို့သော်ငြား နောက်ထပ်တစ် စက္ကန့်မှာပဲ လှပသည့် လူရိပ်တစ်ခုက မီးခိုးမျှင်တစ်ခုကဲ့သို့ လွင့်မြောလာ၏။ သူမက နဂါးဥကို လုယူပြီး မီးခိုးမျှင်တစ်ခုကဲ့သို့ ထွက်ပြေးသွား၏။ ခဏကြာချိန်မှာတော့ နှင်းလင်းယုန် တစ်ကောင်က ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့၏။ လှပသည့် အမျိုးသမီးတစ်ဦး နှင်းလင်းယုန်ပေါ်တွင် ထိုင်နေ၏။ သူမက ကောင်းကင်ယံ မီတာ ရာနှင့်ချီ အမြင့်သို့ ပျံသန်းသွားခဲ့၏။ သူမက နဂါးဥကို ပွတ်သပ်ကာ ပြောလိုက်၏။
“နဂါးဥ ပီသပါပေတယ်။ ဒီလောက် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြားမှာတောင်မှ မထိခိုက်စေခဲ့ဘူး။ ကျိဝူလျန်... တကယ် တုံးတာပဲ။ ဒီနဂါးဥက နတ်ဘုရား အရာဝတ္ထုလေ။ ကောင်းကင်ပေါ်က ကျလာပြီး မြေကြီးထဲ ဝင် ဆောင့်သွားတာတောင် မကွဲတာ။ ဒီလောက်လေးနဲ့ ဘယ်လိုလုပ် ကွဲမှာလဲ။ ဘယ်လိုဖြစ်ပြီး ကောင်းကင်ပြစ်ဒဏ်နန်းဆောင် ရဲ့ သခင်လေး ဖြစ်လာလဲ မသိပါဘူး။”
ပြီးနောက် သူမက ရှမ့်လန်ကို ကြည့်သည်။ “ရှမ့်လန်... မျက်နှာလေးကတော့ တကယ်ကို ချောမောတယ်။ နှမြောစရာ ကောင်းတာက ပလိပ်နက်ရောဂါ ကူးစက်ခံထားရတယ်လို့ ပြောတာပဲ။ အမှန် ဟုတ် ၊မဟုတ် ကျွန်မ ရှင့်ကို မထိရဲဘူး။ မဟုတ်ရင် ကျွန်မ ရှင့်နား သေချာပေါက် ကပ်မှာပဲ။ ရှင့်ရဲ့ နုနယ်တဲ့ အသားအရေကို မြည်းစမ်း ကြည့်မိမှာပဲ။ သွားတော့မယ်။ ဒီနဂါးဥက ကျွန်မအပိုင်ပဲ။ ငါ့နာမည်က ကျိဝူရွှမ်... ကောင်းကင်ပြစ်ဒဏ်နန်းဆောင် သခင်မလေး ကျိဝူရွှမ်၊ မှတ်ထားနော်။”
ပြီးနောက် လှပသည့် အမျိုးသမီးက နှင်းလင်းယုန်ပေါ်တွင် ထိုင်၍ ပိုမိုမြင့်မားစွာ ပျံသန်းသွားခဲ့၏။
ရှမ့်လန်က စူးရှစွာ အော်ဟစ်နေသည်။ “ငါ့ရဲ့ နဂါးဥ... ငါ့ရဲ့ နဂါးဥ...။”
သို့သော်ငြား အရူးကြီးက ဂရုမစိုက်ချေ။ သူက လျင်မြန်စွာ ရှမ့်လန်ကို ထမ်းပြီး အမြန်ဆုံးနှုန်းနှင့် ပြေးလေတော့သည်။
“သခင်လေး... ကျုပ်တို့ သူ့နောက် လိုက်ရမလား။” ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေး ကျိဝူလျန်၏ အထူးစစ်သည်တော်က မေး၏။ သူ လုံးဝ မလိုက်ချင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ပလိပ်နက်ရောဂါ ကူးစက်ခံထားရသောကြောင့်ပင်။
ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ သခင်လေးက သူ၏ ရင်ဘတ်ပေါ်မှ ဒဏ်ရာနှင့် ပျက်စီးသွားသည့် ရှေးဟောင်း ကိရိယာကို ကြည့်၏။ သူ ရှမ့်လန်ကို လှည့်ပင်မကြည့်ချေ။ ထိုအစား ကျိဝူရွှမ် ပျောက်ဆုံးသွားခဲ့ရာ လမ်းကြောင်းကို ကြည့်လိုက်၏။ နောက်ဆုံးအချိန်ကျမှ ဤမိန်းမက ကြားဖြတ်လုယူသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ သူမက သူ၏ ရန်သူတော်ကြီးပင်။
“ကျိဝူရွှမ်... ငါနဲ့ မင်းကြားမှာရှိတဲ့ ရန်ငြိုးတကွေ မပြေနိုင်တော့ဘူး။”
အထူးစစ်သည်က မေး၏။ “သခင်လေး... ကျုပ်တို့ ရှမ့်လန်နောက် လိုက်အုံးမှာလား။”
ကျိဝူလျန်က အေးစက်စက် စိုက်ကြည့်ကာ ဘာမှမပြောချေ။
“ကောင်းကင်ပြစ်ဒဏ်နန်းဆောင်ကိုပဲ ပြန်တော့မယ်။ နဂါးဥကို ငါ ရခဲ့တာပဲ။ ဒီအရာကို ဘယ်သူမှ လုယူသွားလို့ မရဘူး။”
..............
လှေငယ်လေး တစ်စင်းပေါ်မှာတော့ အရူးကြီးက လှော်ခတ်နေ၏။ ဤရှမ့်လန်က မရပ်မနား ချောင်းဆိုး နေ၏။ “ပြန်ရောက်တာနဲ့ သီးခြား ခွဲနေမယ်။ ဘယ်သူမှ မထိတွေ့နဲ့။ ပြီးရင် ပြန်ကောင်းတဲ့ထိ ပဋိဇီဝဆေးတွေ ထိုးပေးမယ်။”
“ကောင်းပြီ။” အရူးကြီးက ပြန်ဖြေသည်။
ဤရှမ့်လန်က ပြော၏။ “တကယ်တော့ ကျုပ် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှာ ဖမ်းခံရလိုက်ရလည်း ဘာမှမဖြစ်ဘူး။ ကျုပ်ကို ကယ်ဖို့ အဲလောက်ထိ စွန့်စားစရာ မလိုပါဘူး။”
အရူးကြီးက ပြောသည်။ “မရဘူး၊ ကယ်ရမယ်။ ဘယ်သူ့ကိုမှ စတေးပစ်လို့ မရဘူး။”
..................