← Chapters

အခန်း (၁၀၃၇-၁၀၃၈)

Vol. 61 Ch. 1037-1038

အခန်း (၁၀၃၇-၁၀၃၈)

Vol. 61 Ch. 1037-1038

အပိုင်း (၁၀၃၇)

ရှမ့်လန်က အတွင်းသို့ ဝင်သွား၏။ ထိုအရာက ကြီးမားသည့် ကျောက်ခန်းမကြီး တစ်ခုပင်။ ရိုးရှင်းပြီး တခြား မည်သည့် ခမ်းနားထည်ဝါမှု အငွေ့အသက်ဟူ၍ မရှိချေ။ သို့နှင့် တကယ်ကို နက်ရှိုင်းပြီး အေးစိမ့်လျက် ရှိနေသော အခန်းတစ်ခုထဲသို့ ရောက်ရှိသွားသည်။ အခန်း၏ ပြင်ပအပူချိန်က များစွာ လျော့နည်း၏။

“ရှမ့်လန်...” အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက အမှန်တကယ်ပင် ရေခဲတုံးတစ်ခု ကွဲအက်သွားသည့် အသံမျိုးနှင့် တူ၏။ နင်ဟန်၏ အေးစက်မှုက တစ်နှစ်ပတ်လုံး တမင်တကာ ဖုံးကွယ်ထားသည့် အေးစက်မှုမျိုး ဖြစ်၏။ သို့သော်လည်း ရှေ့မှ အမျိုးသမီးအသံကတော့ တကယ်ကို အေးစက်လွန်းသောကြောင့် နားထောင်လိုက်သည်နှင့် လူ၏ ရိုးတွင်းခြင်ဆီများအထိ အေးစက် သွားစေနိုင်သည်။

“ကျွန်မ ရှင်ကို မိတ်ဆွေဟောင်း တစ်ယောက်နဲ့ ပေးတွေ့မယ်။” ထိုအေးစက်သည့် အမျိုးသမီးက ပြော၏။

ပြီးနောက် ဘေးတစ်ဖက်ရှိ မီးလျှံတစ်ခု တောက်လောင်လာခဲ့ပြီး ထူထဲသည့် သံတိုင်များဖြင့် ပြုလုပ်ထားသော လှောင်အိမ်တစ်ခု ပေါ်လာ၏။ အတွင်း၌ လူတစ်ဦးကို ပိတ်လှောင်ထား၏။ ထိုသူ၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။ ထိုသူက သတိလစ်လို့နေသည်။

ရှမ့်လန် တုန်လှုပ်သွား၏။ သူက သူ၏ဆရာ ဝူတူကျိ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ နာကျည်းမှု ဖြစ်နေ၏။ အဘယ်သို့ ဖြစ်နိုင်မည်နည်း။

ရှမ့်လန်၏ နှလုံးသားများက မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် နာကျည်းမှုက စစ်သည်တော် သောင်းပေါင်းများစွာနှင့် ကျင်းမင်းသားဘေး၌ ရှိနေသောကြောင့်ပင်။

ထိုစဉ်က သူတို့သည် ကျူးဟုန်ရွှဲ့၏ တိုက်ခိုက်မှုကို ခံရပြီး အခြေအနေ ဆိုးဝါးခဲ့၏။ သေမင်းတောင်ကြား ထဲသို့ ဝင်ပြေးပြီးနောက် နောက်ထပ် ပြန်လည် ထွက်ပေါ်မလာခဲ့တော့ချေ။ ယခု နာကျည်းမှုကို မြင်ရသည်က ကျင်းမင်းသား၏ သတင်းကို သိရှိပြီဟု ဆိုလိုခြင်းလား။ ကျင်းမင်းသား၏ စစ်တပ်ကရော ဘာဖြစ်သွားသနည်း။ ကျင်းမင်းသား တစ်ယောက်တည်း မဟုတ်ချေ။ လန်ညီအစ်ကိုများ၊ လန်ပေါင်၊ တုတ၊ တုအာ တို့လည်း ရှိနေသေး၏။ အတိုချုပ် ပြောရမည်ဆိုလျှင် ရှမ့်လန်အပေါ် သစ္စာရှိသည့် လူပေါင်းများစွာ တို့က ထိုနေရာတွင် ရှိနေ၏။

အမျိုးသမီးက ပြောလိုက်သည်။ “ရှမ့်လန်... ဒီလူက နာကျည်းမှုပဲ။ သူက ရှင့်ရဲ့ သစ္စာအရှိဆုံး နောက်လိုက် တစ်ယောက်ပေါ့။ သူ သေသွားတာကို ရှင် မြင်ချင်မှာ မဟုတ်ဘူး မဟုတ်လား။”

ခဏလောက်ကြာတော့ အကျဉ်းထောင်အတွင်းမှ ကွပ်မျက်သူ တစ်ဦး ထွက်လာ၏။ သူက နတ်ဆိုးခေါင်း ပါသည့် ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထား၏။ နာကျည်းမှု၏ လည်ပင်းပေါ်သို့ တင်၏။

အမျိုးသမီးက အေးစက်စက်နှင့် မေးသည်။ “နောက်ပိုင်း ရှင် စကားတစ်ခွန်း လိမ်ပြောတာနဲ့ ကျွန်မက နာကျည်းမှုရဲ့ ခေါင်းကို ဖြတ်ပစ်မယ် နားလည်လား။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ လုပ်ပေါ့။ ဒီလိုကိစ္စမျိုးကို ကျုပ် အကြိုက်ဆုံးပဲ။”

သူ၏ စကားများက ပေါ့ပျက်ပျက်နိုင်သော်လည်း သူ၏ နှလုံးသားကမူ တကယ်ကို လေးနက်လွန်းနေ၏။ သူက နာကျည်းမှု၏ ခန္ဓာကိုယ်ကို X-RAy အမြင်နှင့် စစ်ဆေးကြည့်၏။ သက်ရှိထင်ရှား ရှိနေသေးကာ သတိမေ့နေခြင်း ဖြစ်သည်။

ထို့အပြင် ခန္ဓာကိုယ်၌လည်း သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေ၏။ ပို၍ အရပ်မြင့်လာသလို နှလုံးကလည်း အထူးကြီးမားနေ၏။ သာမန်လူတစ်ယောက်ထက် များစွာ ကြီးမားနေခြင်းပင်။ ခြေ ဦ ၊ လက်အရွယ်အစားကလည်း ကွဲပြားနေ၏။ အတိုချုပ် ပြောရမည်ဆိုလျှင် လူသား တစ်ဦးနှင့်ပင် မတူတော့ချေ။ သူက ယခင်ကထက် များစွာ ပိုမို သန်မာလာ၏။ နာကျည်းမှု၏ ခန္ဓာကိုယ်က ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်းပင်။

သို့သော်ငြား ထိုအရာက နာကျည်းမှု တစ်ဦးတည်းလား သို့မဟုတ် ကျင်းမင်းသားနှင့် အခြားသော သူများပါ အတူတူ ပြောင်းလဲသွားခဲ့ခြင်းလား။ ထို့အပြင် နာကျည်းမှုက အဘယ်ကြောင့် စေတီတောင်၏ လက်တွင်းသို့ ကျရောက်သွားရသနည်း။ တစ်ယောက်တည်း ဖမ်းခံရခြင်းလား သို့မဟုတ် တခြားသော သူများပါ အဖမ်းခံရခြင်းလား။

ရှမ့်လန်က ကျင်းမင်းသားက အဖမ်းမခံရသေးကြောင်း လျင်မြန်စွာ ကောက်ချက်ချမိ၏။ မဟုတ်ပါက ရန်သူက သူ့ကို ခြိမ်းခြောက်ရန် ကျင်းမင်းသားကိုသာ အသုံးပြုမှာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျင်းမင်းသား က နာကျည်းမှုထက် ပို၍ အရေးကြီးသောကြောင့်ပင်။

အမျိုးသမီးက အေးစက်စက်နှင့် မေးသည်။ “ပထမဦးဆုံး မေးခွန်း မေးမယ်။ ရှင် လိမ်မယ်ဆိုရင် နာကျည်းမှု သေရမယ်။ ပထမမေးခွန်း... ရှမ့်လန် ရှင်က ရင်ဝူမင်ရဲ့ ဖမ်းဆီးခြင်းကို မတော်တဆ ခံလိုက်ရတာလား။ ဒါမှမဟုတ် တမင်တကာ အဖမ်းခံလိုက်တာလား။”

ကောင်းကင်ဘုံ... ပထမဦးဆုံး မေးခွန်းကပင် တော်တော် ခက်ခဲနေ၏။ ဤအမျိုးသမီးက တော်တော်လေးကို ထူးခြားသည်။ ထို့အပြင် သူမက ရင်ဝူမင် အမည်ကို တိုက်ရိုက် ခေါ်ဆိုနေ၏။ သူမ၏ အဆင့်အတန်းက အထူးကို မြင့်မားရပေလိမ့်မည်။

အမျိုးသမီးက အေးစက်စက်နှင့် ပြော၏။ “မဖြေခင် သေချာစဉ်းစား။ တစ်ခါ ခေါင်းက ပြတ်သွားပြီဆိုရင် ပြန်ဆက်လို့ရတာမျိုး မဟုတ်ဘူး။”

ရှမ့်လန်က ပြန်ဖြေသည်။ “ကျုပ် ရင်ဝူမင်ရဲ့ အဖမ်းကို တမင်တကာ ခံလိုက်တာပါ။ အားလုံးက ကျုပ်ရဲ့ အစီအစဉ် အတိုင်းပဲ။”

အမျိုးသမီးက လှောင်ပြုံး ပြုံးလိုက်၏။ “ကောင်းပြီ။ နာကျည်းမှုက လောလောဆယ် အသက်ရှင် နေသေးတာပေါ့။”

ရှမ့်လန်က သူမ ရှိရာ နေရာကို ရှာဖွေရန် ကြိုးစားသော်လည်း သူမ၏ အသံက အရပ်လေးမျက်နှာ အနှံ့အပြားမှ ထွက်ပေါ်နေသကဲ့သို့ပင်။ ဤအမျိုးသမီး၏ သိုင်းပညာက မြင့်မားလွန်း၏။ နင်ဟန်ထက် မနိမ့်ကျနိုင်ပေ။

“ဒါဆိုရင် ဒုတိယ မေးခွန်းကို မေးမယ်။ ရှမ့်လန်... ရှင် ဘာလို့ ရင်ဝူမင်ရဲ့ အဖမ်းကို ခံရတာလဲ။”

ဤမေးခွန်း ထွက်ပေါ်လာတော့ ရှမ့်လန်က ရုတ်တရက် တိတ်ဆိတ်သွားသည်။

အမျိုးသမီးက အေးစက်စက်နှင့် ပြော၏။ “လိမ်ဖို့ မကြိုးစားနဲ့။ ကျွန်မ အမှန်အတိုင်း သိတယ်။ ပြီးတော့ မဖြေဘဲ နေဖို့လည်း မစဉ်းစားနဲ့။ နာကျည်းမှု သေရလိမ့်မယ်။”

ရှမ့်လန်က မဖြေဘဲ နေမြဲ၊ တိတ်ဆိတ်နေဆဲပင်။

အမျိုးသမီးက ပြောသည်။ “ကျွန်မ အချိန်စမှတ်တော့မယ်။ အချိန်ကုန်သွားလို့မှ ရှင် မဖြေဘူးဆိုရင် နာကျည်းမှုကို ခေါင်းဖြတ်ရလိမ့်မယ်။ ၅၊ ၄၊ ၃ ...”

ရုတ်တရက် လှောင်အိမ်ထဲမှ ကွပ်မျက်သူက သူ၏ နတ်ဆိုးခေါင်းပါသည့် ဓားကြီးကို ခုတ်ချရန် အသင့် အနေအထားဖြင့် ရှိနေ၏။ သူက ဖြည်းညင်းစွာ မြှောက်၏။

“၂၊ ၁ ...”

အချိန်က ကုန်ဆုံးတော့မှာ ဖြစ်သည်။

ရှမ့်လန်က ရုတ်တရက် ဖြတ်ကာ အော်ဟစ်လိုက်၏။ “တော်တော့... ကျုပ် ဖြေမယ်။”

ပြီးနောက် သူက သက်ပြင်းရှည်ကြီးကို ချသည်။ “အင်း... လေးစားရပါတဲ့ စေတီတောင်ရဲ့ မင်းသမီးလေး... ခင်ဗျားက ရင်ဝူမင်နဲ့ စေ့စပ်ထားတဲ့ မိန်းကလေး မဟုတ်လား။ ကျုပ် ရင်ဝူမင်ရဲ့ အဖမ်းကို တမင်တကာ ခံခဲ့တာက ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက ခင်ဗျားနဲ့ အတူတူအိပ်ပြီး ရင်ဝူမင်ကို နွားဖြစ်အောင် လုပ်ချင်လို့ပဲ။”

လေထုက ထူးဆန်းစွာ တိတ်ဆိတ် ငြိမ်သက်သွား၏။ နာကျည်းမှု၏ နောက်ဘက်ရှိ ကွပ်မျက်သူ၏ ဓားကပင် တုန်ယင်နေသလို ရှမ့်လန်က ခံစားမိ၏။

ရှမ့်လန်က ပြောလိုက်၏။ “ညီအစ်ကို ဓားကို မြဲမြဲကိုင်ထားစမ်းပါအုံး။ တုန်မနေနဲ့။ ဓားပြုတ်ကျလို့ ကျုပ်ရဲ့ ညီအစ်ကို နာကျည်းမှု ခေါင်းပြတ်သွားအုံးမယ်။”

ကွပ်မျက်သူက ဓားကို မြဲမြဲကိုင်ထားပြီး အမိန့်ကို စောင့်ဆိုင်းနေသည့် အလားပင်။ သူက အကြည့်ကို လွှဲ၏။

ခဏကြာချိန်မှာတော့ အမျိုးသမီး၏ အသံ ထွက်ပေါ်လာသည်။

“တတိယ မေးခွန်း...”

စေတီတောင်၏ မင်းသမီးက မေး၏။ “ရှင် စေတီတောင်ရဲ့ နဂါးနောင်တကို ခိုးယူချင်နေတာလား။”

‘အင်း... ဒီအမျိုးသမီး... သူ့ရဲ့ မေးခွန်းတွေက တစ်ခုပြီးတစ်ခု ပိုပြီး ခက်လာပါလား။ သတ္တိရှိရင် ရှေ့ကို ထွက်လာစမ်းပါ။’

ရှမ့်လန်က ပြောလိုက်၏။ “မင်းသမီးလေး... ဒုတိယ မေးခွန်းကို ကျုပ် အသေးစိတ် ထပ်ပြောလို့ ရမလား။ ရင်ဝူမင်ကို နွားဖြစ်အောင် လုပ်မယ့် အကြောင်းအရင်းလေ။”

စေတီတောင် မင်းသမီးက ပြောသည်။ “ခေါင်းဖြတ်ဖို့ အဆင်သင့်ပြင်တော့။”

ကွပ်မျက်သူက သူ၏ဓားကို တစ်ဖန် မြှောက်၏။ ပြီးနောက် ခုတ်ချတော့မည်အလား ပြင်၏။

“တော်တော့... တော်တော့... တော်တော့...”

ရှမ့်လန်က အော်၏။ “ဟုတ်တယ်... ကျုပ် ခင်ဗျားတို့ရဲ့ နဂါးနောင်တကို ခိုးယူချင်တာပဲ ကျေနပ်ပြီလား။”

လေထုက တစ်ဖန် ပြန်လည် တိတ်ဆိတ်သွား၏။ စေတီတောင်မှ နဂါးနောင်တကို ခိုးယူရန်က မဖြစ်နိုင်သော အလုပ်တစ်ခု ဖြစ်၏။ ထိုအရာက ကောင်းကင်ဘုံသို့ တက်လှမ်းရန် ကြိုးစားနေသကဲ့သို့ပင် ခက်ခဲ၏။ ယခုဆိုလျှင် ပိုဆိုးသည်။

ထိုအချိန်၌ နာကျည်းမှုလှောင်အိမ်ရှိ မီးများက ငြိမ်းသတ်သွား၏။ မှောင်မိုက်ခြင်းက တစ်ဖန် ဖုံးလွှမ်းသွား၏။ ဤအမျိုးသမီးက သူမ၏ မေးခွန်း သုံးခုကို မေးမြန်း ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း ထင်ရှား၏။

ရှမ့်လန်က ပြောသည်။ “မေးခွန်းတွေ မရှိတော့ဘူးလား။ မင်းသမီးလေး... ကျုပ်မှာ ဖြေစရာတွေ အများကြီး ကျန်သေးတယ်။ ခင်ဗျား တတ်နိုင်သလောက် များများ မေးစမ်းပါ။”

တခြား တစ်ဖက်မှာ ဘာအသံမှ ထွက်မလာတော့ချေ။

ရှမ့်လန်က ဆက်ပြော၏။ “မင်းသမီးလေး... ဒုတိယမေးခွန်းနဲ့ ပတ်သက်ပြီး ကျုပ် တကယ်ကို ဆွေးနွေးချင်သေးတယ်။ ရင်ဝူမင်ကို ကျုပ် နွားဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာကို သိချင်နေမှာပဲ။ သူ့ရဲ့ သိုင်းပညာက ကျုပ်ထက် အဆပေါင်း သောင်းနဲ့ချီပြီး သာကောင်း သာလိမ့်မယ်။ ချန်နိုင်ငံသစ်ရဲ့ အိမ်ရှေ့စံ မင်းသားလည်း ဖြစ်နေမှာပေါ့။ သူ ပိုင်ဆိုင်တဲ့ အာဏာကလည်း ကျုပ်ထက် ၁၀ ဆလောက် သာတယ်။ ဒါပေမဲ့ သူ ကျုပ်ကို ဘယ်တော့မှ မကျော်နိုင်တဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါ ဘာလဲ သိလား။”

တခြား တစ်ဖက်မှ သူ့ကို လျစ်လျူရှုထားဆဲပင်။

ရှမ့်လန်က ပြော၏။ “သူက ကျုပ်လောက် ရုပ်မချောဘူး။ ကျုပ်က ဒီလောကကြီးထဲမှာ အချောဆုံး လူသားပဲ။ ဒီအချက်တစ်ခုတည်းနဲ့တင် မင်းသမီး ကျုပ်ကို ရွေးချယ်သင့်ပြီ။”

“အဟွတ်... အဟွတ်...”

‘လာပြန်ပြီ... ဘာလို့ ချောင်းဆိုးပြန်တာလဲ။’

“နောက်တစ်ချက် ရှိသေးတယ်။ သူက သိုင်းပညာမှာ ကျွမ်းကျင်တော့ တချို့နေရာတွေမှာ ကျုပ်ထက် သာနိုင်ပေမဲ့ သူက ကျုပ်လောက် နူးညံ့သိမ်မွေ့ပြီး ပြုစုတတ်မှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်က အဲနေရာမှာ အရမ်းတော်တယ်။”

“ဒုံး...”

တံခါး ပွင့်သွားသည်။

“အခု ထွက်သွားလို့ရပြီ။” အေးစက်စက် အသံက ထပ်မံ ထွက်ပေါ်လာ၏။

အခန်းတွင်းရှိ မီးအားလုံးက ငြိမ်းသွား၏။ ခန့်ညားထည်ဝါသည့် အမျိုးသမီး စစ်သည်တော်များက အထဲသို့ ဝင်ရောက်လာခဲ့ပြီး ရှမ့်လန်၏ နောက်တွင် ရပ်သည်။

“ရှေ့ကို သွားပါ။”

ရှမ့်လန်က ပြော၏။ “မသွားချင်သေးဘူး။ စကားတွေ အများကြီး ပြောချင်သေးတယ်။ မင်းသမီးလေး... ထွက်လာပြီး တွေ့ပါအုံး။ ကျုပ်တို့ စကားတွေ အများကြီး ပြောလို့ ရတာပဲ။”

သန်မာသည့် အမျိုးသမီး စစ်သည်တော်များက ရှမ့်လန်၏ ခါးကို ကိုင်ကာ အပြင်ဘက်သို့ ဆွဲခေါ်ထုတ် သွား၏။

“မင်းသမီးလေး... ကျေးဇူးပြုပြီး မျက်နှာလေး ထုတ်ပြပါအုံး။ အချင်းချင်း အခွင့်အရေး ပေးကြတာပေါ့။”

ထိုကဲ့သို့ပင် ရှမ့်လန်က သူ၏ အခန်းသို့ အတင်းအဓမ္မ ပြန်လည် ခေါ်ဆောင်ခြင်း ခံရ၏။ အစမှ အဆုံးထိ စေတီတောင် မင်းသမီးလေးက သူ့ကို မေးခွန်း သုံးခုသာ မေးခဲ့၏။ သူမက ကိုယ်ထင်လည်း မပြခဲ့သလို တခြား မည်သည့်စကားကိုမှလည်း ထူးထွေစွာ မပြောခဲ့ချေ။

.............

အခန်းသို့ ပြန်ရောက်ပြီးနောက် ရှမ့်လန်က သူ၏ အဝတ်အစားများကို ချက်ချင်း ချွတ်ပစ်၏။ အဝတ်မပါဘဲ အခန်းထဲ အဆက်မပြတ် လှည့်လည် လျှောက်သွားနေ၏။

သန်မာသည့် အမျိုးသမီး စစ်သည်တော်၏ မျက်နှာက ရှုံ့တွသွား၏။ ယခင်က အဝတ်မရှိသောကြောင့် ဝတ်မရချေ။ ယခု အဝတ်အစားများ ရှိပါလျက်နှင့် အဘယ်ကြောင့် ကိုယ်လုံးတီးနှင့် နေရသနည်း။

“ကျုပ်က မချောလို့လား။ ဒါမှမဟုတ် ကျုပ်ရဲ့ ကိုယ်လုံးက မလှလို့လား။ ဘာလို့ မင်းသမီးလေးက ကျုပ်ကို တွေ့ဖို့ အခွင့်အရေးတောင် မပေးချင်ရတာလဲ။” ရှမ့်လန်က သန်မာသည့် အမျိုးသမီး စစ်သည်တော်၏ ရှေ့တွင် လျှောက်သွားရင်း မေးသည်။

သန်မာသည့် အမျိုးသမီး စစ်သည်တော်က အကြည့်ကို လွှဲကာဖြင့် မျက်နှာကြက်ကိုသာ ကြည့်နေ၏။

ရှမ့်လန်က ပြောသည်။ “ကောင်းပြီ... ကျုပ်လည်း ဘာမှလုပ်စရာ မရှိတာနဲ့ အတူတူ ကိုယ်ကာယ လေ့ကျင့်ခန်းပဲ လုပ်ရတော့မယ်။”

ပြီးနောက် သူက ဒိုက်ထိုး၏။ “တစ်ကြိမ်၊ နှစ်ကြိမ်၊ ငါးကြိမ်၊ ၁၀ ကြိမ်... ရပြီ... ရပြီ...။”

လေ့ကျင့်ခန်း ဆိုသည်က အတိုင်းအဆနှင့် လုပ်ရခြင်း ဖြစ်၏။ တစ်ခါတည်း အများကြီး လုပ်၍ မကောင်းချေ။

ပြီးနောက် သူက ဝမ်းဗိုက်ကြွက်သားများအတွက် အိပ်ထမတင်ကို စတင် လုပ်ဆောင်ပြန်သည်။

“အစ်မကြီး... ကျုပ်ခြေထောက်တွေကို လာပြီး ဖိပေးထားပါလား။” ရှမ့်လန်က တောင်းဆို၏။

ခန့်ညားထည်ဝါပြီး သန်မာသော အမျိုးသမီး စစ်သည်တော်က သူ့ကို ကျောပေးထားသည်။

ရှမ့်လန်က ခြေထောက်များကို တင်းတင်းစေ့ပြီး မိမိဘာသာ အိပ်ထမတင် လုပ်ကြည့်၏။ စုစုပေါင်း ၁၅ ကြိမ် လုပ်ခဲ့သော်လည်း ဝမ်းဗိုက်ကြွက်သားများကို ရှာမတွေ့ချေ။

“အစ်မကြီး... ပုံပြင်တစ်ပုဒ် ပြောပြမယ်။” ရှမ့်လန်က ပြော၏။

သန်မာလွန်းသော အမျိုးသမီး စစ်သည်တော်က ပစ္စည်းနှစ်ခုကို ထုတ်ကာဖြင့် သူမ၏ နားထဲသို့ ထိုးထည့်၏။ သူမက ဤမျှပင် ရက်စက်လှချေသည်။

“နားပိတ်ထားပြီ ဆိုမှတော့ ကျုပ် ခင်ဗျားတို့ မင်းသမီး အကြောင်း မကောင်း ပြောရတော့မှာပေါ့။” ရှမ့်လန်က ခြိမ်းခြောက်၏။

သန်မာသော အမျိုးသမီး စစ်သည်တော်က လုံးဝ မလှုပ်မယှက်နှင့် ရှိနေသည်။

ရှမ့်လန်က ပြော၏။ “စေတီတောင်မင်းသမီးက ကျုပ်ထက် ခြောက်နှစ် ကြီးတယ်။ အဲဒီတုန်းက ကျုပ်အဖေက ကျုပ်ကို ဒီလောကမှာ ရှိတဲ့ မင်းသမီးတွေ အကုန်လုံးနဲ့ လက်ထပ်ပေးချင်တယ်လို့ ပြောခဲ့တယ်။ သူကလည်း ဒီထဲက တစ်ယောက်များ ဖြစ်နေမလား မသိဘူး။ ကျုပ်သိတယ်။ သူ့ရဲ့အမေက အခု လက်ရှိ ဧကရာဇ်ရဲ့ ညီမ မဟုတ်လား။

ကောင်းကင်ပင်လယ်နန်းဆောင်က ကျိုးရှီက ဘယ်တုန်းကမှ အိမ်ထောင် မပြုခဲ့ဘူး။ တုံ့ကျန်းဘုရားကျောင်းနဲ့ ရှန့်ကုန်းဘုရားကျောင်းတို့က ဆရာကြီးတွေကလည်း ဘုန်းကြီးတွေဆိုတော့ လက်ထပ်လို့ မဖြစ်ဘူး။ ကျောက်စိမ်းဖြူမြို့ကလည်း ကောင်းကင်ဘုံကိုးထပ်ရဲ့ အထက်မှာ ရှိနေသလိုပဲ။ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်ကလည်း တော်ဝင်ကျိမျိုးနွယ် မိသားစု အောက်မှာ ရှိတာ။ နန်းဆောင်အရှင်သခင်တွေ အကုန်လုံးကလည်း မျိုးရိုးနာမည် ကျိတွေချည်းပဲ။

ဧကရာဇ်မင်းက တစ်ခါက သူ့ရဲ့ ညီမကို ကျန်းလီနဲ့ လက်ထပ်ပေးချင်ခဲ့တယ်။ ဘာလို့လဲ ဆိုတော့ ကျိမျိုးနွယ် နဲ့ ကျန်းမျိုးနွယ်တို့က မျိုးဆက်ပေါင်းများစွာ အမျိုးတော်စပ်ခဲ့ကြလို့ပဲ။ ဥပမာ ပြောရမယ်ဆိုရင် ကျုပ်ရဲ့ အဘွားက လက်ရှိ တော်ဝင်မိဖုရားခေါင်ကြီးရဲ့ ညီမပဲ။ ဒါပေမဲ့ ကျုပ်ရဲ့အဖေ ကျန်းလီကတော့ တခြားသူ တစ်ယောက်ကို စိတ်ထဲမှာ ရှိနေပြီးသား သူက တော်ဝင်ရန်ဧကရာဇ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး မျိုးရိုးဘာမှန်း မသိတဲ့ ကျုပ်ရဲ့ အမေနဲ့ လက်ထပ်ခဲ့တယ်။

အဲဒီနောက်မှာ တော်ဝင် ဧကရာဇ်က သူ့ရဲ့ညီမကို စေတီတောင်ရဲ့ အကြီးအကဲနဲ့ လက်ထပ်ပေးလိုက်တယ်။ ဒါကြောင့် ကျုပ်တို့ အကုန်လုံးက ဆွေမျိုးတွေပေါ့။ စေတီတောင် မင်းသမီးဆိုတဲ့ ဘွဲ့ကိုလည်း တော်ဝင် ဧကရာဇ်က ပေးခဲ့တာ ဖြစ်မှာ။ ဧကရာဇ်မင်းက သူ့ကို ကျိဆိုတဲ့ မျိုးရိုးနာမည်တောင် မပေးခဲ့ဘူး။ ဘာလို့လဲ။

ဒါပေါ့... စေတီတောင်အရှင်သခင် ဂိုဏ်းချုပ်က ရန်မျိုးနွယ် မဟုတ်ဘူးလား။ အဲဒါက ရှေးဟောင်း ဘုရင် ၁၂ ပါး ရဲ့ မျိုးရိုးနာမည်ထဲ ပါဝင်တယ်။ ဒဏ္ဍာရီတွေမှာ ရန်မျိုးနွယ်က အဝါရောင် အင်ပါယာ သားတော်ရဲ့ မျိုးရိုးနာမည် လို့လည်း ဆိုကြတယ်။

ခင်ဗျားတို့ မင်းသမီးရဲ့ နာမည်က ဘာလဲ။ သူ့ကို ရန်ယင်ယင်လို့ ခေါ်တာလား။ ရှေးဟောင်း မျိုးနွယ်တွေထဲမှာ ကျိမျိုးနွယ်၊ ကျန်းမျိုးနွယ်တို့က အမြင့်မြတ်ဆုံးပဲ။ ကျုပ်က ကျန်းမျိုးနွယ်ရဲ့ တစ်ဦးတည်းသော တိုက်ရိုက် အနွယ်ဝင်ပဲ။ ဒါကြောင့် ခင်ဗျားတို့ မင်းသမီးက စောစောက ကျုပ်အပေါ် ရိုင်းစိုင်းခဲ့တာ ဖြစ်မှာ။ နင်ဟန်သာ ဆိုရင် ဒီလို လုပ်မှာ မဟုတ်ဘူး။ ကျိရွှမ် ဆိုရင်လည်း လုပ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ သူက ဒီလို လုပ်ရတာလဲ။ ဘာလို့ သူ့ရဲ့ မျက်နှာကို ထုတ်မပြတာလဲ။”

...

အပိုင်း (၁၀၃၈)

ရှမ့်လန်က ခဏမျှ ရပ်တန့်ကာ ပြော၏။ “သူက ဖျားနာမှု တစ်ခုခု ရှိနေတာလား။ မဟုတ်ရင် ဘာလို့ မျက်နှာ မပြရဲရတာလဲ။ ကျုပ်ဆရာ ဝူတူကျိတောင်မှ တစ်ခါမှ သူ့ကို မမြင်ဖူးဘူး။ စေတီတောင်ရဲ့ အကြီးအကဲမှာ သားမရှိဘူး။ ဒါပေမဲ့ သမီးဖြစ်သူလည်း စေတီတောင်ကို ဆက်ခံလို့ ရတယ်။ ဘာလို့ သူက ရင်ဝူမင်ကို စေတီတောင်ရဲ့ သခင်လေး ဖြစ်အောင် လုပ်ပေးနေရတာလဲ။ ဘာလို့ သဘာဝ အင်အားစုများ အစည်းအဝေးမှာ ရင်ဝူမင်ကို စေတီတောင်ရဲ့ ကိုယ်စားပြု တက်ခိုင်းရတာလဲ။”

ထည်ဝါခန့်ညားလှသည့် သန်မာသော အမျိုးသမီး စစ်သည်တော်၏ မျက်နှာက အနည်းငယ် တုန်ယင်နေ သော်လည်း သူမက မည်သို့မှ တုံ့ပြန်ရန် မဝံ့ရဲချေ။

ရှမ့်လန်က ပြောလိုက်သည်။ “စေတီတောင်ရဲ့ မင်းသမီး တစ်ယောက် အနေနဲ့ ဘာလို့ မျက်နှာ မပြရတာလဲ။ ပြောပြလို့ မရတဲ့ ဖျားနာမှု တစ်ခုခု ရှိနေလို့လား။ သူက စေတီတောင်ရဲ့ အမွေဆက်ခံသူ ဖြစ်နေတာ ရှင်းနေတာပဲ။ ဘာလို့ ရင်ဝူမင်ကို အရာအားလုံး ပေးလိုက်ရတာလဲ။

ဒါပေါ့... စေတီတောင်ရဲ့ အရှင်သခင်က အရမ်းကို အစွမ်းထက်တယ်။ သူ အကြာကြီး အသက်ရှင်နိုင်တယ်။ သူ့မြေးကို ပျိုးထောင်နိုင်လောက်တဲ့ အထိပေါ့။ ဒါပေမဲ့ ရင်ဝူမင်ရဲ့ သွေးမျိုးဆက်က ကျုပ်လောက် မကောင်းဘူး။ ကျုပ်နဲ့ စေတီတောင် မင်းသမီးတို့ဆီက မွေးလာမဲ့ကလေးရဲ့ သွေးမျိုးဆက်က ပိုပြီး အစွမ်းထက်မှာပဲ။ ဒါကြောင့် သူ ကျုပ်ကို ရွေးချယ်တာ ပိုပြီး သင့်တော်တယ်။”

သူက ခေတ္တမျှ ရပ်နား၏။ ပြီးနောက် အမျိုးသမီး စစ်သည်တော်အား လှမ်းပြော၏။ “ခင်ဗျား နားပိတ်ထားပေမဲ့ ကျုပ်ပြောတာကို ကြားနိုင်တယ်ဆိုတာ သိတယ်။ ကျေးဇူးပြုပြီး စေတီတောင် မင်းသမီးကို ပြောပေးစမ်းပါ။ သူ့ကို ပိုပြီး သတ္တိရှိရှိ နေထိုင်ဖို့၊ ပြီးတော့ သူနဲ့ ထိုက်တန်တဲ့ နေရာကို အရယူဖို့။ သူ့ရဲ့ သိုင်းပညာက အရမ်း မြင့်မားတယ်။ နင်ဟန်ထက်တောင် ပိုပြီး အားကောင်းသေးတယ်။ သူ့ရဲ့ အငွေ့အသက် ကို ကျုပ် ခံစားလို့ ရတယ်။

ဒါကြောင့် စေတီတောင် အရှင်သခင်ရဲ့နေရာက သူနဲ့ပဲ ထိုက်တန်တာ။ ရင်ဝူမင်ကို အသာစီးရခွင့် မပေးသင့်ဘူး။ အကယ်၍ သူသာ ကျုပ်ကို လက်ထပ်လိုက်မယ်ဆိုရင် ကျုပ်က စေတီတောင်ရဲ့ အာဏာကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်ရဲ့ မြင့်မြတ်တဲ့ သွေးမျိုးဆက်ကို အခမဲ့ ပေးလှူပြီး ဖြစ်လိမ့်မယ်။ စေတီတောင်ရဲ့ အားကောင်းဆုံး အမွေဆက်ခံသူကို မွေးဖွားသန့်စင်ပေးနိုင်တယ်။

ဒါပေါ့... အကယ်၍ သူ့မှာ ဖျားနာနေတာမျိုး ရှိရင်လည်း ကျုပ်ကို ပြောပြလို့ ရတယ်။ ကျုပ်က ဒီလောကကြီး ထဲမှာ အချောဆုံး အမျိုးသား တင်မကဘူး နာမည်ကျော် သမားတော် တစ်ယောက်လည်း ဖြစ်တယ်။ ကျုပ် သူ့ကို ကုသပေးနိုင်တယ်။ အစ်မကြီး... မင်းသမီးကို ပြောပေးပါ။ ရင်ဝူမင်ကို စွန့်လွှတ်ပြီးတော့ ကျုပ် ရှမ့်လန်ကို ရွေးချယ်ဖို့။”

ထည်ဝါခန့်ညားသည့် အမျိုးသမီး စစ်သည်တော်က တစ်ကိုယ်လုံး တုန်ယင်လုနီးပါး ဖြစ်နေ၏။ ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ “ညီလေး... ဒါက ကောင်းတဲ့အကြံလို့ တကယ် ထင်နေတာလား။”

ရင်ဝူမင် အပြင်၌ ရှိနေသည်လား။ ထိုအရာက တကယ်ကို အနေခက်စရာပင်။ တစ်ဖက်လူ၏ စေ့စပ်ထားသောမိန်းကလေးကို တစ်ဖက်လူ၏ ရှေ့တွင် မှိုချိုးမျှစ်ချိုး ပြောဆိုမိနေခြင်းပင်။

ရှမ့်လန်က ပြောသည်။ “အစ်ကို ဝူမင်... ကျုပ်က စနောက်တာပါပဲ စိတ်ထဲ မထားပါနဲ့။ ခင်ဗျားရဲ့ ဇနီးလောင်း က စိတ်ထား အင်မတန် ရိုးသားတယ်။ ဒီလို စကားတွေလောက်နဲ့ စိတ်လှုပ်ရှားမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ အချစ်က ရွှေထက်တောင် ခိုင်မြဲနေတာပဲ။”

ရင်ဝူမင်က ပြောလိုက်၏... “ညီလေး... ဒါဆိုရင် မင်းက ငါ့ရဲ့ ဖမ်းဆီးခြင်းကို တမင်တကာ ခံခဲ့တာပေါ့။ အင်း... ကျားသားပေါက်ကို မရချင်ဘဲနဲ့ ကျားဂူထဲကို မဝင်လာသင့်ဘူး။ ပြီးတော့ မင်းက ငါ့ရဲ့ မိန်းမလောင်းနဲ့ နဂါးနောင်တကိုတောင် ခိုးယူချင်နေတာလား။ အင်း... ညီလေး... နောင်ရေး စိတ်အေးရအောင် ငါ မင်းကို မိန်းမစိုး ဖြစ်အောင် လုပ်ပေးသင့်လား။”

ရှမ့်လန်က ပြောသည်။ “အဲလိုလုပ်မယ် မထင်ပါဘူး။”

အစမှ အဆုံးထိ သူက နဂါးဥအကြောင်းကို လုံးဝ မဟခဲ့ချေ။

ရင်ဝူမင်က ပြောလိုက်၏။ “ညီလေး... မင်းရဲ့ဥကို ဂရုစိုက်အုံး။ အဲဒါက ကျန်းမျိုးနွယ်စု တစ်ခုလုံးရဲ့ သွေးမျိုးဆက် မဟုတ်ဘူးလား။ သေသေချာချာ ကာကွယ်ထား ၊ ဆုံးရှုံးသွားရင် မကောင်းဘူးနော်။”

ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အစ်ကို ဝူမင်... ကျုပ်က အဲဒါကို ဆုံးရှုံးခံမှာ မဟုတ်ပါဘူး။”

ရင်ဝူမင်က ပြော၏။ “ဒါဆိုရင်လည်း ကောင်းတာပေါ့... ကောင်းတာပေါ့။”

ရှမ့်လန်က ပြောသည်။ “အစ်ကို ဝူမင်... အထဲကို ဝင်လာပြီး ခဏ ထိုင်ပါအုံးလား။”

ရင်ဝူမင်က ပြော၏။ “တော်ပြီ... မင်းက နည်းနည်း မယဉ်ကျေးသလိုပဲ။”

ရှမ့်လန်က ပြော၏။ “ကျုပ်လည်း အဲလို ထင်တာပါပဲ။ အမျိုးသမီးရဲ့ ရှေ့မှာ ကိုယ်လုံးတီး ဖြစ်နေတာက ကျုပ်အတွက် သဘာဝကျပေမဲ့ အမျိုးသားတစ်ယောက်ရဲ့ ရှေ့မှာ ကိုယ်လုံးတီး ဖြစ်နေတာကတော့ အိပ်မက်ဆိုးပဲလေ။ ကျုပ်က အရမ်း ချောလွန်းတော့ အများသုံး ရေချိုးခန်းတွေကို ဘယ်တော့မှ မသွားဘူး။ အကယ်၍ ကျုပ်သာ အမျိုးသား ရေချိုးခန်းထဲကို သွားလိုက်ရင် လူတွေရဲ့ လိင်စိတ် တိမ်းညွှတ်မှုကို ပြောင်းလဲစေမှာ ကြောက်မိတယ်။ ဒါက မကောင်းဘူးလေ။”

ရင်ဝူမင်က ထွက်ခွာသွားခဲ့၏။ အကြောင်းရင်းက မည်သူမဆို ဤနေရာတွင် အချိန်ကြာကြာ ဆက်နေသည် ဆိုပါက တစ်ဖက်လူ၏ခေါင်း သို့မဟုတ် လျှာကို ဖြတ်ပစ်လိုစိတ်အား ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်သောကြောင့်ပင်။

၅ မိနစ်ခန့် ကြာချိန်မှာတော့ ရှမ့်လန်က မေး၏။ “အစ်မကြီး... ရင်ဝူမင် သွားပြီလား။”

အမျိုးသမီး စစ်သည်တော်က စကားတစ်ခွန်းမှ မဆိုဘဲ မလှုပ်မယှက် ရှိနေသည်။

ရှမ့်လန်က ပြော၏။ “ဒါဆိုရင် မင်းသမီးလေးကို ပြောပေးပါအုံး။ ရင်ဝူမင်က လူကောင်း မဟုတ်ဘူးလို့။ သူ မကြာခင် ကလေး ရနိုင်တော့မှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။ ဒါကြောင့် သူ့ကို လက်မထပ်နဲ့။ ကျုပ်ကိုပဲ ထည့်သွင်း စဉ်းစားစမ်းပါ။ ပြီးတော့ မင်းသမီးမှာ ဘယ်လိုပြောမရတဲ့ ဖျားနာမှုပဲ ရှိရှိ ကျုပ် ကုသ ပေးနိုင်တယ်။ ကျုပ်က ဒီလောကထဲမှာ အချောဆုံး သမားတော် တစ်ယောက်ပဲ။”

အမျိုးသမီး စစ်သည်တော်က တစ်ကိုယ်လုံး တုန်ယင်လို့နေ၏။ ဤလူက မည်ကဲ့သို့သော နည်းလမ်းဖြင့် ယခုအချိန်ထိ အသက်ရှင်နေခဲ့သနည်း ဆိုသည်ကို သူမ လုံးဝ စဉ်းစား၍ မရနိုင်တော့ပေ။

နောက်ထပ် ရက်အနည်းငယ်အတွင်း ရှမ့်လန်က ဤအခန်းထဲတွင်ပင် နေအိမ်အကျယ်ချုပ်ဖြင့် ရှိနေဆဲဖြစ်ပြီး အပြင်သို့ တစ်လှမ်းမှ မထွက်ရသေးချေ။ သူက ပင်ပန်းနွမ်းနယ်နေသည့်ပုံလည်း မပြချေ။ သူက ရင်ဝူမင်ကို အသည်းအသန် ပုတ်ခတ်ပြီး တစ်ဖက်လူ၏ မကောင်းကြောင်းများကိုသာ ပြောဆိုနေသည်။

ရင်ဝူမင်က ရည်မှန်းချက် ကြီးမားသူဖြစ်ပြီး စေတီတောင်၏ အခြေခံအုတ်မြစ်များကို သေချာပေါက် လုယူလိမ့်မည်ဖြစ်ကြောင်း ပြောဆို၏။ ရင်ဝူမင်က လူကောင်းတစ်ယောက်မဟုတ်သလို နောက်တွင်လည်း ကလေးရနိုင်မည် မဟုတ်ကြောင်း ပြောကြား၏။

ပြီးနောက် သူ၏ သွေးမျိုးဆက်က မည်မျှ မြင့်မြတ်ကြောင်း၊ သူ၏သားသမီးများက မည်မျှ အစွမ်းထက်လာမည် ဖြစ်ကြောင်းနှင့် စေတီတောင်အတွက် မည်သို့သော အကျိုးကျေးဇူးများကို ဆောင်ကျဉ်း ပေးနိုင်ကြောင်း အဆက်မပြတ် ပြောဆို၏။ သူက စေတီတောင် မင်းသမီး၏ နာမည်ကို မသိသောကြောင့် သူ့ဘာသာ ရန်ယင်ယင်ဟု ခေါ်ဆိုကာ ပြောဆိုနေသည်။

“ရန်ယင်ယင်... ခင်ဗျားရဲ့ရောဂါကို ကုသဖို့ မကြောက်သင့်ဘူး။ ခင်ဗျား နေမကောင်းရင် သမားတော် ရှာရမယ်။ ခင်ဗျားရဲ့ ရောဂါကို အောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိရမယ်။ လောကကြီးရှေ့ကို သတ္တိရှိရှိ ထွက်ပေါ်လာပြီး ခင်ဗျားနဲ့ ထိုက်တန်တာတွေကို ပြန်ယူရမယ်။

ဥပမာ စေတီတောင်ရဲ့ အရှင်သခင်နေရာမျိုးပေါ့။ ဥပမာ ခင်ဗျားရဲ့ တစ်သက်တာ ပျော်ရွှင်မှုမျိုးပေါ့။ မင်းသမီး ရန်ယင်ယင်... ခင်ဗျားရဲ့ ကံကြမ္မာကို တော်လှန်ရမယ်။ မတရားတဲ့ ပိတ်လှောင်မှုတွေကို တော်လှန်ပစ်ရမယ်။ စီစဉ်ထားတဲ့ အိမ်ထောင်ရေးကိုလည်း တော်လှန်ပစ်ရမယ်။ ရင်ဝူမင်နဲ့ လက်ထပ်လိုက်ရင် ခင်ဗျား ပျော်ရမှာ မဟုတ်ဘူး။”

ဟုတ်ပေ၏။ သူက လေထဲတွင် အော်ဟစ်နေခြင်း ဖြစ်ပြီး သူ၏ စကားကို ကြားနိုင်သူမှာ အမျိုးသမီး စစ်သည်တော် တစ်ဦးတည်းသာလျှင် ဖြစ်၏။ ဤအမျိုးသမီးက တစ်နေ့လျှင် ၂၄ နာရီပတ်လုံး သူနှင့်အတူတူ ရှိပြီး သူ့ကို အမြဲတမ်း စောင့်ကြည့်နေသောကြောင့် သူမအနေနှင့် သူ၏ စကားများကို တစ်ဆင့် ပြောပေးရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ရန်ယင်ယင်... ကျုပ် ကောက်ချက်ချရရင်တော့ တစ်စုံတစ်ခုသော အကြောင်းပြချက် သို့မဟုတ် နာမကျန်းမှု တစ်ခုခုကြောင့် ခင်ဗျားက တကယ်ကို ရုပ်ဆိုးနေမှာပဲ။ ဒါကြောင့် ခင်ဗျားရဲ့ မျက်နှာကို မပြဝံ့တာပဲ။ စေတီတောင်ရဲ့ အရှင်သခင်နေရာကို ဆက်ခံဖို့ ခင်ဗျားမှာ ယုံကြည်ချက်နဲ့ သတ္တိမရှိတာပဲ။”

“ဒါပေမဲ့ ကျုပ်ကို ယုံကြည်လိုက်။ ကျုပ် ခင်ဗျားကို သေချာပေါက် ကုသပေးနိုင်တယ်။ ခင်ဗျားရဲ့ အလှတရားကို ပြန်ပြီးတော့ ဖန်တီးပေးနိုင်တယ်။ ခင်ဗျား ရုပ်ဆိုးလို့ ဆိုပြီး ယုံကြည်ချက်ကို အဆုံးရှုံးမခံနဲ့။ စေတီတောင်ရဲ့ အခြေခံအုတ်မြစ်တွေကို တခြားသူရဲ့ လက်ထဲကို လွယ်လင့်တကူနဲ့ မပေးလိုက်နဲ့။ ရင်ဝူမင်လို တိရစ္ဆာန်မျိုးကို အခွင့်အရေး မပေးစမ်းပါနဲ့။”

နောက်ရက်များမှာတော့ ရှမ့်လန်က တစ်နေ့လျှင် ရန်ယင်ယင်ဟူသည့် နာမည်ကို အကြိမ် နှစ်ရာခန့် ပြောဆို၏။ ကြည့်ရဆိုးလောက်အောင် ရုပ်ဆိုးခြင်းနှင့် မျက်နှာမပြဝံ့ခြင်း ဟူသည့် စကားလုံးများကို အကြိမ် ငါးရာခန့် ပြောဆို၏။ သူမက သရဲတစ်ကောင်ကဲ့သို့ ရုပ်ဆိုးသော်လည်း ယုံကြည်ချက်များကို မစွန့်လွှတ်သင့်ကြောင်း အဆက်မပြတ် ပြော၏။

အမျိုးသမီး စစ်သည်တော်က ရူးသွပ်လုနီးပါး ဖြစ်လို့နေပြီး အမှန်တကယ်ပင် ပစ္စည်းနှစ်ခုကို ထုတ်ယူကာ သူမ၏နားကို လုံးဝ ပိတ်ဆို့ထားလိုက်မိ၏။ သူမက ရှမ့်လန်၏ လျှာကို ဆွဲထုတ်ပြီး လည်ပင်းတွင် ပြန်၍ ရစ်ပတ်ကာ သတ်ဖြတ်ချင်စိတ်များပင် ပေါက်နေသည်။

သို့သော်လည်း သူမက ရူးသွပ်မသွားခဲ့ချေ။ တခြားသောသူနှစ်ဦးသာ ရူးသွပ်သွားခြင်း ဖြစ်၏။ ရှမ့်လန်ကို စောင့်ကြည့်နေသူများ ရူးသွပ်သွားခြင်းပင်။

ရှမ့်လန်ကို စောင့်ကြည့်ရန် တာဝန်ပေးထားသည်မှာ စုစုပေါင်း နှစ်ဦး ရှိ၏။ အမျိုးသမီး စစ်သည်တော်က သူ့ကို အခန်းထဲမှ တစ်လှမ်းမှ အပြင် မထွက်ရန် စောင့်ကြည့်နေခြင်း ဖြစ်ပြီး တခြားသောသူနှစ်ဦးကတော့ ဘေးခန်းတွင် ရှိနေကာဖြင့် ရှမ့်လန် ပြောသမျှ စကားလုံးများကို စောင့်ကြည့်ရသူပင်။

သူတို့က တစ်လုံးမှ မလွတ်စေဘဲ စာဖြင့် မှတ်တမ်းတင်ကာ နေ့စဉ် တင်ပြရ၏။ တစ်ချိန်တည်းမှာပဲ ရှမ့်လန်က တစ်နေ့လျှင် စကားလုံးပေါင်း နှစ်သောင်း၊ သုံးသောင်းခန့် ပြောဆို၏။

အကြောင်းအရာ တစ်ခုတည်းကို ထပ်ခါတလဲလဲ ပြောဆိုနေခြင်းဖြစ်ပြီး စေတီတောင်မင်းသမီးက သရဲတစ်ကောင်ကဲ့သို့ ရုပ်ဆိုး၏ ။ မျက်နှာမပြဝံ့ချေ။ ဆိုးဝါးသည့် ရောဂါတစ်ခု ရှိနေပြီး သူ ရှမ့်လန်က လောကတွင် အချောဆုံး အမျိုးသားတစ်ဦး ဖြစ်ကြောင်းနှင့် လောကတွင် ကျော်ကြားသည့် သမားတော်တစ်ဦး ဖြစ်ကာ သူမ၏ ရောဂါကို ကုသပေးနိုင်ကြောင်း၊ ရင်ဝူမင်က ရည်မှန်းချက် ကြီးမားသည့် ခွေးတိရစ္ဆာန် တစ်ကောင် ဖြစ်နေပြီး ကလေးလည်း မရနိုင်ပေ ၊ သူ ရှမ့်လန်ကတော့ ရနိုင်၏။

ရှမ့်လန်ကို စောင့်ကြည့်နေသူတို့က ထိုအကြောင်းအရာများကို အလွတ်ပင် ရနေ၏။ သို့သော်လည်း သူတို့က ရှမ့်လန်ကို အစဉ်မြဲ စောင့်ကြည့်ကာ မှတ်တမ်းတင်နေရဆဲပင်။ သူတို့က ထိုစကားများကို နားထောင်ရလွန်း သောကြောင့် အန်ချင်စိတ်ပင် ပေါက်နေ၏။ အခန်းထဲသို့ ပြေးဝင်ပြီး ရှမ့်လန်ကို ခွေးလို၊ နွားလို ရိုက်နှက်ချင်စိတ်များပင် ပေါက်နေ၏။ ပြီးနောက် ထိုသူ၏ အရိုးများကို မီးရှို့ကာဖြင့် အရိုးပြာများကိုပင် ခွေးကျွေးချင်စိတ်ပေါက်နေသည်။

ဟုတ်ပေ၏။ ဤကဲ့သို့သော စကားလုံးများအတွက် ဤသို့ ခံစားနေရသည်က သူတစ်ယောက်တည်း မဟုတ်ပြန်ချေ။ နောက်ထပ် တစ်ယောက်က စေတီတောင်မှ မင်းသမီးလေး ဖြစ်၏။။ အကြောင်းရင်းက သူမက နေ့စဉ်နှင့်အမျှ စောင့်ကြည့် မှတ်တမ်းများကို စစ်ဆေးရသောကြောင့်ပင်။

ရှမ့်လန်၏ စကားနှင့် အပြုအမူများက တကယ်ကို လျှို့ဝှက်ဆန်းပြား၏။ ရင်ဝူမင် မရှိသော အချိန်မျိုးတွင် ထိုမှတ်တမ်းများကို ဖတ်ရှုခွင့် ရရှိသူမှာ သူမ တစ်ယောက်တည်းသာ ဖြစ်သည်။

သို့သော်ငြား သူမ ဖတ်ရှုနေရသည်က အကြိမ်ပေါင်း သောင်းနှင့်ချီ ထပ်တလဲလဲ ပြောဆိုနေသည့် စကားစု သုံးခုပင်။ ဤလောကကြီးက ရူးသွပ်သွားနေပြီဖြစ်၏။

တကယ်ကို လူယုတ်မာ၊ လူရမ်းကားနှင့် အရူးတစ်ယောက်ကိုမှ အင်ပါယာကျန်းလီ၏ သားအဖြစ် မွေးဖွားစေခဲ့၏။ တစ်ဖက်လူက တော်ဝင်ချန်အင်ပါယာ၏ တရားဝင် အမွေဆက်ခံသူ တစ်ဦး ဖြစ်၏။ ဤကဲ့သို့သော လူမျိုးက အရှေ့တိုင်း လောကကြီး၏ ဧကရာဇ် ဖြစ်လာတော့မည်လား။ ကောင်းကင်ဘုံက တကယ်ကို မျက်စိကွယ်ပုံ ပေါ်သည်။

သို့သော်ငြား သူမက စောင့်ကြည့်မှတ်တမ်းများကို ဖတ်ကို ဖတ်ရပေမည်။ စကားလုံး တစ်လုံးကိုမှ လွဲချော်၍ မဖြစ်ချေ။ ထို့ကြောင့်ပင် သူမက အန်ချင်စိတ်များ ပေါက်နေ၏။ သူမ၏ ရင်ထဲတွင် ဤလူယုတ်မာကို သတ်ဖြတ်ချင်သော ပြင်းပြသည့် စိတ်ဆန္ဒများ ရှိနေ၏။ ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ် သတ်ဖြတ်ချင်၏။

ပြီးနောက် အကြိမ်ပေါင်း သောင်းနှင့်ချီ နင်းချေကာဖြင့် တစ်ဖက်လူကို လောကကြီးထဲမှ ပျောက်ကွယ်သွားအောင် ပြုလုပ်ချင်သည်။

...........

ရက်ပေါင်းမည်မျှ ကုန်ဆုံးသွားသည် ဆိုသည် မသိပေ။ ထိုအတောအတွင်း ရှမ့်လန်က ဤအခန်းကျဉ်းလေး ထဲတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက် နေထိုင်နေ၏။ ဤနေရာက မည်သည့်နေရာ ဖြစ်ကြောင်း သူ မသိချေ။ အပြင်ဘက်သို့ ထွက်ခွင့် မရှိသလို မည်သူနှင့်မှလည်း စကားပြောခွင့် မရချေ။ နေ့စဉ်နေ့တိုင်း သူက စကားစု သုံးခုကိုသာ ထပ်ဖန်တလဲလဲ ရေရွတ်၏။

“စေတီတောင်မင်းသမီးက သရဲလို ရုပ်ဆိုးတယ်။ ကုမရတဲ့ ရောဂါဆိုးကြီး စွဲကပ်နေတယ်။ အသက်ရှင်ဖို့တောင် သိပ်ပြီး မကျန်တော့ဘူး။ ရင်ဝူမင်က ရည်မှန်းချက် ကြီးမားတယ်။ သူက ခွေးတိရစ္ဆာန် ထက်တောင် ယုတ်မာသေးတယ်။ ကလေးလည်း မရနိုင်ဘူး။ ကျုပ် ရှမ့်လန်ကတော့ မြင့်မြတ်တဲ့ သွေးမျိုးဆက် ရှိတယ်။ လောကမှာ အချောဆုံးလူသားပဲ။ ကျုပ်က နာမည်ကျော် သမားတော် တစ်ယောက်လည်း ဖြစ်တယ်။”

ရက်ပေါင်း ၂၀ ကြာမြင့်သည်အထိ သူက နေ့စဉ် အကြိမ်ပေါင်း တစ်သန်းခန့် ထိုစကားစုများကို ရွတ်ဆိုနေ၏။ သူ၏ ရွတ်ဆိုမှုနှုန်းကလည်း တစ်နေ့ထက် တစ်နေ့ ပိုမိုကာ မြန်ဆန်လာသည်။

နားထောင်နေရသူများက မှတ်တမ်းတင်ရန်ပင် မနည်း ရုန်းကန်နေရ၏။ ရှမ့်လန် အိပ်ပျော်သွားသည့် အခါတိုင်း သူတို့က အလွန် ဝမ်းသာလွန်းသောကြောင့် မျက်ရည်များပင် ကျမိ၏။

ငရဲခန်းသဖွယ် နေ့တစ်နေ့ ကုန်ဆုံးသွားသည် မဟုတ်ပါလား။ နေ့စဉ် စကားလုံးပေါင်း သောင်းနှင့်ချီ၍ မှတ်တမ်းတင်ရန် သင်ယူရခြင်းက သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေ၏။ သို့သော်ငြား ပို၍ ဆိုးဝါးသည်မှာ ရှမ့်လန်က တစ်ခါတစ်ရံ အိပ်မက်ထဲ၌ စကားပြောသည့် အချိန်ပင်။ ထိုအရာက အရေးကြီးဆုံး အချက် ဖြစ်သောကြောင့် စကားလုံး တစ်လုံးမှ မကျန်အောင် မှတ်တမ်းတင်ရသည်။

ရှမ့်လန် အိပ်ပျော်ရင်း ပြောတတ်သည့် စကားလုံးများက များသောအားဖြင့် ဤသို့ပင်။

“ငါ... ငါ နဂါးနောင်တကို ခိုးချင်တယ်။ ငါ ရင်ဝူမင်ကို နွားဖြစ်အောင် လုပ်ချင်တယ်။ ရန်ယင်ယင် မင်းက အရမ်း ရုပ်ဆိုးတာပဲ။ ဒါပေမဲ့ ဂရုမစိုက်ဘူး မီးပိတ်လိုက်ရင် အတူတူပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်လို့ရတာပဲ။ ရန်ယင်ယင်... ငါ မင်းနဲ့ အတူ အိပ်ချင်သေးတယ်။ ငါ့အမေက ကျောက်စိမ်းဖြူ မြို့တော်ရဲ့ မင်းသမီးပဲ။ ဟား ဟား ဟား ဟား ဟား...”

နားထောင်နေသူများက နောက်ဆုံး စကားကို ကြားချိန်မှာတော့ တစ်ကိုယ်လုံး တုန်ယင်သွား၏။ အသက်ရှူရန်ပင် မေ့လျော့သွားလုမတတ်ပင်။ ပြီးနောက် တစ်ယောက်က ထိုစကားကို အလျင်အမြန် မှတ်တမ်းတင်၏။ ပြီးနောက် သူက အခန်းတွင်းမှ လှုပ်ရှားမှုတိုင်းကို နားစွင့်ထားသော်လည်း ရှမ့်လန်က နောက်ထပ် စကားမဆိုတော့ချေ။ နားထောင်သူက တခြားသော တစ်ယောက်ကို လှမ်းခေါ်ကာ ပြော၏။

“ဒီမှာ ဆက်ပြီး နားထောင်ထားအုံး။ ဒီမှတ်တမ်းကို ရန်ယင်ယင်... အဲ မဟုတ်ပါဘူး မင်းသမီးဆီ သွားပြီး ပေးပို့လိုက်အုံးမယ်။” ပြီးနောက် နားထောင်သူက မှတ်တမ်းကို ယူပြီး ဂူသင်္ချိုင်းထဲသို့ လျှောက်သွားသည်။

သူက စေတီတောင် မင်းသမီး မျက်နှာကို တစ်ခါမှ မမြင်ဖူးခဲ့ဖူးချေ။ အကြောင်းရင်းက မင်းသမီးက အမြဲတမ်း ဂူသင်္ချိုင်းထဲတွင်သာ နေထိုင်နေသောကြောင့်ပင်။

ထိုနေရာက တကယ်ကို မှောင်အတိကျပြီး သူမက သူမ၏ မျက်နှာကို မည်သည့်အခါမှ ထုတ်ဖော်ပြသခြင်း မရှိချေ။ ဤသည်က တကယ်ကို ထူးဆန်းလွန်း၏။ အဘယ်ကြောင့် မင်းသမီးလေးက ဂူသင်္ချိုင်းထဲတွင် အမြဲတမ်း နေထိုင်နေရသနည်း။

သို့သော်ငြား နားထောင်သူ၏ စိတ်ထဲတွင်မူ အဖြေရှိပြီးသား ဖြစ်၏။ မင်းသမီး ရန်ယင်ယင်က သရဲတစ်ကောင်ကဲ့သို့ ရုပ်ဆိုးနေ၍သာ ဖြစ်ရမည်။ သူမတွင် ဆိုးဝါးသည့် ရောဂါကြီး စွဲကပ်လျက်ရှိပြီး အသက်ရှင်ရန်လည်း သိပ်မကျန်တော့သည်မှာ သေချာသလောက်ပင်။

ဂူသင်္ချိုင်းသို့ ရောက်သည့်အချိန် မှာတော့ ဒူးထောက်ကာ ဦးတိုက်၏။

“မင်းသမီးလေး... ရှမ့်လန်က အိပ်ပျော်ရင်း ပြောတဲ့ စကားလုံးသစ်တွေကို မှတ်တမ်းတင်လာပါတယ်။ အကြောင်းအရာသစ်တွေ ပါတာကြောင့် အရေးကြီးမယ်ထင်တာနဲ့ အမြန် လာပို့တာပါ။”

ဂူသင်္ချိုင်း၏ အတွင်းမှာတော့ ရှေ့ရှိ လက်ညှိုးကို မမြင်ရလောက်အောင် မှောင်မိုက်နေဆဲပင်။ နားထောင်သူက အသက်ကိုအောင့်ပြီး သူ၏နဖူးကို မြေပြင်နှင့်ကပ်ထား၏။ သူက မှတ်တမ်းကို မြှောက်၍ ပေးအပ်လိုက်ပြီး မလှုပ်မယှက်နှင့် စောင့်ဆိုင်းနေသည်။

ခဏအကြာမှာတော့ သူ၏ မှတ်တမ်းက ယူဆောင်ခြင်းကို ခံရ၏။ အသံ တစ်ချက်မှ မထွက်ဝံ့ချေ။ သို့ပေမည့် စိတ်ထဲတွင်တော့ စကားစုတစ်ခုက ပဲ့တင်ထပ်နေ၏။

‘မင်းသမီးက မျက်နှာ မပြဝံ့ဘူး။ အရမ်းကို ရုပ်ဆိုးလို့ဘဲ နေလိမ့်မယ်။’

စေတီတောင် မင်းသမီးက မှတ်တမ်းသစ်ကို ကြည့်၏။ အကြောင်းအရာများက ယခင်အတိုင်းပင်။ ထပ်လဲလဲ ပြောဆိုနေသည့် အသိစိတ်ရိုက်သွင်း စကားစု သုံးခုပါရှိ၏။ သူမက ထိုစကားစုများကို အလွတ်ရနေရုံသာမက စိတ်ထဲတွင်ပင် အဆက်မပြတ် ပဲ့တင်ထပ်မိနေ၏။ အိပ်ပျော်နေသည့် အချိန်၌ပင်လျှင် ထိုစကားသံများက သူမ၏ နားထဲတွင် ပေါ်ပေါက်နေတတ်သည်။

ယနေ့မှတ်တမ်းတွင် အကြောင်းအရာသစ်များ ပါလာ၏။ စေတီတောင်မင်းသမီးက နောက်ဆုံး၌ တတိယမြောက် စာကြောင်းကို တွေ့၏။

‘ရန်ယင်ယင်... ရုပ်ဆိုးလည်း ဘာမှမဖြစ်ဘူး။ မီးပိတ်လိုက်ရင် အတူတူပဲလေ။’ ပြီးနောက် ဒုတိယမြောက် စာကြောင်း ‘ရန်ယင်ယင်...မင်းကို မသတ်ခင် မင်းနဲ့ အိပ်ချင်သေးတယ်။ နောက်ဆုံးစာကြောင်းက ‘ငါ့အမေက ကျောက်စိမ်းဖြူမြို့တော်ရဲ့ မင်းသမီးပဲ၊ ဟား ဟား ဟား’

အမှန်စင်စစ် စာကြောင်း သုံးကြောင်း ပါလာသော်လည်း စေတီတောင်မင်းသမီးက ဘာမှမပြောချေ။

နားထောင်သူက အမိန့်အသစ်ကို စောင့်ဆိုင်းနေ၏။ ယနေ့ အကြောင်းအရာများက တကယ့်ကို အရေးကြီးသောကြောင့် မင်းသမီးက ဘာမှ မတုံ့ပြန်ခြင်း ဖြစ်မည်။

All Chapters