အခန်း (၁၀၃၉-၁၀၄၀)
Vol. 61 Ch. 1039-1040
အပိုင်း (၁၀၃၉)
“သိပြီ။ ဆက်ပြီး နားထောင်လိုက်အုံး။” မင်းသမီးက အေးစက်စက်နှင့် ပြော၏။
“ကောင်းပါပြီ။” နားထောင်သူက ရိုသေစွာဖြင့် အနောက်သို့ ဆုတ်ခွာသွား၏။ သူ၏ စိတ်ထဲတွင် တကယ်ကို အံ့အားသင့်မိနေ၏။ ဤအချိန်တွင် မင်းသမီးက အရေးကြီးသော လျှို့ဝှက်ချက်များကို မေးမြန်းရန် ရှမ့်လန်ကို နောက်ထပ် တစ်ခေါက်လောက် ထပ်မံခေါ်ယူသင့်သည် မဟုတ်ပါလား။
...................
ထို့နောက်တွင်တော့ ရှမ့်လန်နှင့် စေတီတောင်မင်းသမီးတို့က တစ်ဦးနှင့်တစ်ဦး အားပြိုင်နေသည့်အလားပင်။ ရှမ့်လန်က ဦးနှောက်ဆေးသည့် စကားလုံး သုံးခုကို ဆက်လက်ပြောဆိုနေ၏။ တစ်ခါတစ်ရံ အိပ်ပျော်နေရင်း တုန်လှုပ်ဖွယ်ရာ စကားများကို ပြောဆိုတတ်ကာ စေတီတောင်မင်းသမီး သူ့ကို လာတွေ့ရန် အမြဲတမ်း ဆွဲဆောင်နေတတ်သည်။
သို့သော်လည်း မင်းသမီးလေးက မည်သို့မှ တုံ့ပြန်ခြင်း မရှိချေ။ ရှမ့်လန်ကို ထပ်မံခေါ်ယူခြင်းလည်း မပြုခဲ့ချေ။ ပြောသမျှ စကားလုံးများနှင့် အိပ်မက်ထဲမှ လျှို့ဝှက်ချက်များကို သူမက လုံးဝစိတ်မဝင်စားသလိုပင်။ နှစ်ဦးသားက အပြိုင်အဆိုင် ဖြစ်နေ၏။ ရှမ့်လန်က မည်မျှဆွပေးနေပါစေ သူမက လာရောက်တွေ့ဆုံရန် မခေါ်ခဲ့ချေ။
တစ်လကျော် ကြာမြင့်သည်အထိ ရှမ့်လန်က ဤစတုရန်း မီတာ ၂၀ ခန့်သာ ကျယ်ဝန်းသော အခန်းကျဉ်းလေး ထဲတွင် အကျဉ်းချခံထားရ၏။ သူက မည်သူနှင့်မှ စကားမပြောရသလို တစ်လှမ်းမှလည်း အပြင်မထွက်ရပေ။ နှစ်ဦးကြားမှ တိုက်ပွဲက ဆက်လက်ရှိနေဆဲပင်။
ရှမ့်လန်က တစ်ဖက်သား စိတ်မရှည် ဖြစ်လာမည်ကို စောင့်နေပြီး စေတီတောင်မင်းသမီးက ရှမ့်လန် စိတ်ဓာတ်ကျလာမည့် အချိန်ကို စောင့်ဆိုင်းနေ၏။
ဤအခန်းကျဉ်းလေးထဲ၌ ပိတ်လှောင်ခံထားရသည်မှာ နှစ်လပင် ကျော်သွားပြီး မည်သူမဆို စိတ်ဓာတ်ကျ သွားနိုင်သော်လည်း ရှမ့်လန်ကတော့ တက်ကြွနေဆဲပင်။ တစ်နေ့မှာတော့ ရှမ့်လန်၏ အိပ်မက်ထဲမှ စကားသံထဲ၌ နောက်ထပ် အကြောင်းအရာတစ်ခု ပါလာ၏။ ထိုအရာက နားထောင်သူများကို ကြောက်လန့် တုန်ယင်သွားစေနိုင်သည်။
“စေတီတောင်ရဲ့ အရှင်သခင်က ဇရာထောင်းနေပြီ။ သူ မစွမ်းဆောင်နိုင်တော့ဘူး။ ဒါကြောင့် သူ သား မရနိုင်တာပေါ့။”
နားထောင်သူက ဤစာကြောင်းကို အသက်နှင့်လဲ၍ မှတ်တမ်းတင်ခဲ့ရခြင်း ဖြစ်၏။ အကယ်၍ တတ်နိုင်မည် ဆိုပါက ထိုစကားကို မကြားချင်ယောင် ဆောင်လိုက်ချင်၏။ သို့သော်လည်း မဖြစ်ချေ။ မှတ်တမ်းကို စေတီတောင်မင်းသမီးထံ သွားပို့ချိန်မှာတော့ သူ၏ နှလုံးသား တစ်ခုလုံး တုန်ယင်နေပြီး လည်ပင်းကပင်လျှင် အေးစက်နေမိ၏။
မင်းသမီးက ထိုအကြောင်းအရာကို မြင်သော်လည်း မည်သို့မျှ မလှုပ်မယှက် တိတ်ဆိတ်နေဆဲပင်။ သူမက ရှမ့်လန်ကိုလည်း မခေါ်ယူခဲ့သလို မည်သည့် အမိန့်သစ်ကိုမှလည်း မပေးခဲ့ချေ။
နားထောင်သူက အံ့အားသင့်သွား၏။ ‘မဖြစ်နိုင်တာ... ရှမ့်လန်က စေတီတောင်ရဲ့ အမြင့်ဆုံး အရှင်သခင် ကိုတောင် ဒီလိုမျိုး ပုတ်ခတ်ပြောဆိုနေတာကို မင်းသမီးက ဘာလို့ မတုံ့ပြန်တာလဲ။ ပုံမှန်ဆိုရင် ရှမ့်လန်ကို ချက်ချင်းခေါ်ပြီး မိန်းမစိုးတစ်ယောက် ဖြစ်သွားအောင် ခုတ်ဖြတ်သင့်တယ် မဟုတ်လား။’
သို့သော်လည်း လက်တွေ့အခြေအနေမှာတော့ ရှမ့်လန်၏ တိုက်ခိုက်မှုများသည် ပင်လယ်ထဲကျသွားသော ကျောက်ခဲများပမာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ထို့ကြောင့် ရှမ့်လန်၏ အသိစိတ်ရိုက်သွင်းသည့် ဦးနှောက်ဆေး စကားလုံး သုံးခုက လေးခု ဖြစ်သွားသည်။
“စေတီတောင်အရှင်သခင်က ဇရာထောင်းနေပြီ။ သားသမီး မရနိုင်ဘူး” ဟူသည့် စကားပင်။ သူက ထိုစကားကို နေ့စဉ် အကြိမ်ပေါင်းထောင်နှင့်ချီ ပြောဆိုပြန်၏။ နားထောင်သူက ထိုစကားကို မှတ်တမ်း တင်ရင်း ငိုချင်စိတ်ပင် ပေါက်နေ၏။ သူ၌ အသက်ရှင်သန်ရန် သိပ်မကျန်တော့ဟု ခံစားနေရမိသည်။ နားထောင်ခြင်းအမှု ပြီးဆုံးသည်နှင့် သူလည်း သေရပေတော့မည်။
ရှမ့်လန်က စေတီတောင်၏ စိတ်ရှည်နိုင်စွမ်း အကန့်အသတ်ကို အသည်းအသန် စိန်ခေါ်လျက် ရှိနေ၏။ သေမင်းကို လက်ယက်ခေါ်နေကြောင်း သူတို့မြင်၏။ သို့သော်လည်း ရှမ့်လန် မည်မျှဆွနေပါစေကာမူ စေတီတောင်၏ မင်းသမီးလေးက ဘာတစ်ခုကိုမျှ မတုံ့ပြန်ခဲ့ချေ။
နားထောင်သူကလည်း တကယ်ကို ခံစားနေရ၏။
‘ရှမ့်လန်... လက်မလျှော့သေးဘူးလား။ မင်း စိတ်ဓာတ်မကျသေးဘူးလား။ ဒီစကားလုံးတွေကို နေ့တိုင်း မှတ်တမ်းတင်နေရလို့ ငါတောင် စိတ်ဓာတ်ကျနေပြီ။ မင်းကတော့ နေ့တိုင်း အခန်းကျဉ်းထဲမှာ အကျယ်ချုပ်မိနေတယ်။ လွတ်လမ်းလည်း မရှိဘူး။ ဘယ်သူနဲ့မှလည်း စကားမပြောရဘူး။ ဘယ်လောက်ပဲ ဆွပေးပေး ဘာတုံ့ပြန်မှုမှလည်း မရှိဘူး။ မင်းပြောတာကို တခြား ဘယ်သူက ကြားလို့လဲ။ ဘယ်သူကြားလဲ ဆိုတာကိုလည်း မင်းမသိဘူး။ ဘယ်လိုလုပ် မင်း စိတ်ဓာတ်မကျရတာလဲ။’
ရှမ့်လန်က အဘယ်သို့ စိတ်ဓာတ်ကျမည်နည်း။ ကောင်းကင်နှင့် အားပြိုင်ရသည်မှာ အဆုံးမဲ့ ပျော်ရွှင်မှု၊ မြေပြင်နှင့် အားပြိုင်ရသည်မှာ အဆုံးမဲ့ ပျော်ရွှင်မှု၊ လူများနှင့် အားပြိုင်ရသည်မှာ အဆုံးမဲ့ ပျော်ရွှင်မှုပင်။ သူက သူ၏ဘဝတွင် အပျော်ရွှင်ဆုံးသော အချိန်များကို ဖြတ်သန်းနေခြင်း ဖြစ်သည်။
မကြာမီတွင် သူက စေတီတောင်မင်းသမီးနှင့် အားပြိုင်သည့် ပြိုင်ပွဲကြီး တစ်ခုကို စတင်ရပေတော့မည်။
‘ကောင်မလေး... မင်း ဟန်ဆောင်နေတာကို ငါ စောင့်ကြည့်နေတာ။ ပင်လယ်ထဲ ကျသွားတဲ့ ကျောက်ခဲ တစ်လုံး ၊ ရေခဲလို အေးစက်တတ်တယ်ပေါ့၊ ဟုတ်လား။’
................
သုံးရက်ကြာပြီးနောက် ရှမ့်လန်က ပြန်လည်နိုးထလာ၏။ နားထောင်သူက ရှမ့်လန်၏ စကားလုံး နှိပ်စက်မှုမျိုးကို ခံယူရန် အသင့်ပြင်ထားပြီး နံရံတွင် နားကပ်ကာ စောင့်ဆိုင်းနေ၏။ သို့သော်လည်း ယနေ့မှာတော့ ရှမ့်လန်က ထူးထူးခြားခြား တိတ်ဆိတ်လျက် စကားတစ်ခွန်းမှ မပြောချေ။
နားထောင်သူက ကြောင်အသွား၏။ ဘာကြောင့်လဲ။ ရှမ့်လန်က အရှုံးပေးလိုက်ပြီလား။ လုံးဝ စိတ်ဓာတ်ကျသွားပြီလား။ သူက ထိုစကားများကို နှစ်လတိတိ ပြောဆိုလာခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် ယနေ့မှ ရပ်တန့်သွားရသနည်း။
ရှမ့်လန်က စကားပြောခြင်းကို ရပ်ဆိုင်းလိုက်သော်လည်း နားထောင်သူ၏ နားထဲတွင် ရှမ့်လန်၏ အသံကို အလိုအလျောက် ကြားယောင်နေဆဲပင်။ သူက တကယ်ပင် ကြားနေရခြင်းဖြစ်သည်။ ဤသည်ကို မေ့မရနိုင်သည့် စွဲလမ်းမှုဟု ခေါ်ဆိုရမည်လား။
နာရီအနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် ရှမ့်လန်က ရုတ်တရက် ပြော၏။ “ရန်ယင်ယင်... လောင်းကြေး ထပ်ရအောင်။ ငါးရက်အတွင်း တော်ဝင်အင်ပါယာက ခင်ဗျားတို့အပေါ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု တစ်ခု ပြုလုပ်လိမ့်မယ်။ အဲဒါက ‘ဖျက်ဆီးခြင်း တိုက်ခိုက်မှု’ တစ်ခုဖြစ်ပြီး ကျုပ် ရှမ့်လန်ရဲ့ နာမည်နဲ့ လုပ်မှာ။ တော်ဝင်ဧကရာဇ်က နဂါးနောင်တကို အသုံးပြုတော့မှာ။ သူ့ရဲ့ ပစ်မှတ်က ဘယ်နေရာလဲ ဆိုတာ ကျုပ် သိတယ်။ အဲဒါကို သိချင်တယ်ဆိုရင် ကျုပ်တို့ တွေ့ကြတာပေါ့။ ပြီးတော့ ရင်ဝူမင်ကို ခင်ဗျား ဘယ်လို နွားဖြစ်အောင် လုပ်မလဲ ဆိုတဲ့အကြောင်း ဆွေးနွေးကြတာပေါ့။”
ဤသည်ကို ကြားချိန်မှာတော့ နားထောင်သူက တစ်ကိုယ်လုံး တုန်ယင်သွားပြန်၏။ သူက တကယ်ပင် ရင်ခုန်နေ၏။ မိမိကိုယ်မိမိပင် မထိန်းချုပ်နိုင်တော့ချေ။ ဤမျှကြာအောင် ခိုးနားထောင်ပြီးနောက် နောက်ဆုံး အရေးကြီးသည့် တစ်စုံတစ်ခုကို ကြားလိုက်ရပြီ မဟုတ်ပါလား။ ဤသည်က တကယ့်ကို အံ့ဖွယ်ရာပင်။ ပြီးနောက် သူက ချက်ချင်း မှတ်တမ်းတင်ကာ စေတီတောင်မင်းသမီးထံ ပေးပို့သည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် အမျိုးသမီး စစ်သည်တော်က သူမ၏ နားထဲတွင် ရှိနေသည့် ဂွမ်းထုတ်ကို ဆွဲထုတ်ကာဖြင့် ရှမ့်လန်အား ပြောသည်။ “အဝတ်အစားဝတ်တော့။”
ရှမ့်လန်က ပြော၏။ “ရေချိုးဖို့ မလိုဘူးလား။ ကျုပ် ရေမချိုးရတာ တစ်ရက်ခွဲ ရှိပြီ။”
အမျိုးသမီး စစ်သူတော်က သူ့ကို လျစ်လျူရှုကာ အပြင်ဘက်သို့ ထွက်သွား၏။ ရှမ့်လန်က သူ၏ အဝတ်အစားများကို ဝတ်ဆင်ကာ သူမ၏ နောက်သို့ လိုက်၏။ ဤသည်က မလွယ်ကူချေ။ နှစ်လကျော်ကြာ အားပြိုင်မှု ပြီးနောက် စေတီတောင်မင်းသမီးက နောက်ဆုံးတွင် ရှမ့်လန်ကို ထပ်မံခေါ်ယူလိုက်ပြီ ဖြစ်သည်။
ဂူသင်္ချိုင်းအတွင်းတွင် ကိုယ့်လက်ချောင်းကိုပင် မမြင်ရလောက်အောင် မှောင်အတိကျနေဆဲပင်။ စေတီတောင် မင်းသမီး၏ အသံက ထွက်ပေါ်လာ၏။
“တော်ဝင်ချန်အင်ပါယာက ၅ ရက်အတွင်း ကျွန်မတို့ဆီ နဂါးနောင်တနဲ့ ပစ်ခတ်မယ်လို့ ရှင် ပြောခဲ့တာလား။”
ရှမ့်လန်က ပြောသည်။ “ဟုတ်တယ်။”
စေတီတောင် မင်းသမီးက မေး၏။ “သူတို့ ဘယ်မြို့ကို ပစ်မှတ်ထားမှာလဲဆိုတာ သိလား။”
ရှမ့်လန်က ပြောသည်။ “သိတာပေါ့။”
စေတီတောင် မင်းသမီးက စကားမဆိုတော့ချေ။ သို့သော်ငြား သူမ၏ အငွေ့အသက်ကမူ အထင်သေးမှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ ရင်ကွမ်းနှင့် စေတီတောင်ပင်လျှင် တော်ဝင်ရန်ဧကရာဇ်၏ လုပ်ဆောင်နိုင်မှုကို မခန့်မှန်းနိုင်ဘဲ ရှမ့်လန်က အဘယ်သို့ သိနေရသနည်း။ ဤသည်က ရယ်ရွှင်ဖွယ်ရာပင်။ ထို့အပြင် တော်ဝင်ရန်အင်ပါယာက ကျန်းလီနှင့် အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားစဉ်ကပင် နဂါးနောင်တ ကို တစ်ခါမှ မသုံးခဲ့ဖူးချေ။ ယခု သုံးစွဲမည် ဆိုခြင်းက ရယ်စရာကိစ္စ မဟုတ်ပါလား။
စေတီတောင် မင်းသမီးက မေး၏။ “တော်ဝင်ချန်အင်ပါယာက နဂါးနောင်တကို တကယ်ပဲ ပစ်ခတ်နိုင်လို့လား။”
ရှမ့်လန်က ဖြေသည်။ “ဟုတ်တယ်။”
စေတီတောင် မင်းသမီးက ထပ်မံကာ မေး၏။ “သူ ဘယ်မြို့ကို ဖျက်ဆီးမယ်လို့ ရှင် ထင်လဲ။”
ရှမ့်လန်က ပြောသည်။ “အရင်ဆုံး လောင်းကြေးထပ်ရအောင် အကယ်၍ ကျုပ်ရဲ့ ခန့်မှန်းချက်သာ မှန်ကန်ခဲ့မယ်။ ၅ ရက်အတွင်း တော်ဝင်ချန်အင်ပါယာက နဂါးနောင်တကို တကယ်ပဲ ပစ်ခတ်ခဲ့မယ်။ ပြီးတော့ ကျုပ် ခန့်မှန်းထားတဲ့ မြို့ကို ဖျက်ဆီးလိုက်မယ်ဆိုရင် ကျုပ် လောင်းကြေးနိုင်တယ် ဆိုတာ သက်သေပြတာပဲ။ အဲဒီအချိန်ကျရင် ကျုပ်တို့ကိစ္စကို တရားဝင် ဆွေးနွေးကြတာပေါ့။ ရင်ဝူမင်ကို ဂျိုပေါက်အောင်လုပ်မဲ့ ကိစ္စလေ။”
စေတီတောင် မင်းသမီးက တိတ်ဆိတ်နေ၏။
ရှမ့်လန်က ဆက်ပြောသည်။ “ဘာလဲ။ လောင်းကြေး ထပ်ဖို့ ကြောက်နေတာလား။ ကျုပ်က တော်ဝင်ရန်ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကို ဘယ်လို ခန့်မှန်းနိုင်မှာလဲ။ ဘယ်မြို့ကို ဖျက်ဆီးနိုင်မလဲ ဆိုတာကို ဘယ်လို အတိအကျ သိနိုင်မှာလဲ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ အဲလို တွေးနေတာ မဟုတ်လား။”
ခဏလောက် ကြာပြီးနောက် စေတီတောင် မင်းသမီးက ပြော၏။ “ကောင်းပြီ။ ကျွန်မ ရှင်နဲ့ လောင်းကြေး ထပ်မယ်။ အကယ်၍ ရှင်သာ မှားခဲ့နေတယ်ဆိုရင် ကျွန်မ ရှင့်ရဲ့ မျိုးစေ့ တစ်ခုလုံးကို ဖျက်ပစ်မယ်။”
အမှန်တကယ်ပင်လား။ ရှမ့်လန်၏ စကားများက သူမကို တကယ်ပင် ဒေါသထွက်စေခဲ့၏။ သူမက သရဲတစ်ကောင်ကဲ့သို့ ရုပ်ဆိုးပြီး ရောဂါဖြင့် မကြာခင် သေရတော့မည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။ ထို့အပြင် ရင်ဝူမင်နှင့် စေတီတောင်အရှင်သခင်တို့က ပန်းသေပန်းညိုးကဲ့သို့သော ရောဂါမျိုးရှိပြီး သားသမီး မရနိုင်ဟုပင် ကဲ့ရဲ့ခဲ့သေးသည်။ ယခု သူမက လက်တုံ့ပြန်ပြီ ဖြစ်သည်။
“ရှင် ကိုယ်တိုင် ပြောခဲ့တာတွေ ဆိုတော့ ဒီလောင်းကြေးကို ထပ်ရမှာပဲ။”
စေတီတောင် မင်းသမီးက ပြော၏။ “မှားပြီဆိုရင် ရင်ဝူမင်ကို ဂျိုပေါက်အောင် လုပ်ကြတာပေါ့။ အင်း... ရှုံးပြီ ဆိုရင်တော့ ကျွန်မ ရှင့်ရဲ့ မျိုးစေ့ တစ်ခုလုံးကို ဖျက်ပစ်မယ် ဒါပဲ။ အခု ပြောတော့။ တော်ဝင်ရန်အင်ပါယာက ဘယ်မြို့ကို ဖျက်ဆီးမှာလဲ။”
“ဟွမ်လူမြို့ပဲ။” ရှမ့်လန်က ပြန်ဖြေသည်။
“ဟွမ်လူမြို့ကိုလား။”
မဖြစ်နိုင်ပေ။ တော်ဝင်ရန်ဧကရာဇ်က စိတ်လွတ်သွားလျှင်ပင် ဟွမ်လူမြို့ကို ဖျက်ဆီးရန် နဂါးနောင်တကို အသုံးပြုမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤမြို့က ချန်နိုင်ငံသစ် တစ်ခုတည်း သာမက ကျင်းနိုင်ငံနှင့် တော်ဝင်ရန်အင်ပါယာတို့နှင့်ပါ ဆက်နွယ်နေသောကြောင့်ပင်။
ဤမြို့က မဟာဗျူဟာမြောက် တန်ဖိုး မရှိချေ။ ထိုအစား မြင့်မြတ်သည့် မြို့တစ်ခုသာ ဖြစ်၏။ ဤမြို့က ချန်နိုင်ငံသစ်၏ အနောက်ဘက် သဲကန္တာရထဲတွင် တည်ရှိခြင်းဖြစ်ပြီး သဲမုန်တိုင်းများကို ခုခံရန် တော်ဝင်ချန်အင်ပါယာ ၊ ချန်နိုင်ငံသစ်နှင့် ကျင်းနိုင်ငံတို့က သဲကန္တာရထဲ၌ တစ်ခုတည်းသော အိုအေစစ်ဆီသို့ လူပေါင်း သန်း ၅၀ ကို ရွှေ့ပြောင်းရန် ကြီးမားသည့် အဖိုးအခများ ပေးခဲ့ရ၏။
သူတို့က ဤနေရာ၌ မြို့တစ်မြို့ကို တည်ဆောက်ခဲ့ပြီး အကာအကွယ် တောအုပ်ကြီး တစ်ခုကိုလည်း စိုက်ပျိုးခဲ့ရ၏။ တကယ်ကို ကြိုးစားပမ်းစား ပြုလုပ်ခဲ့ရခြင်းပင်။ လောလောဆယ် ဟွမ်လူမြို့၌ သစ်တော ဧကပေါင်း သိန်းနှင့်ချီ စိုက်ပျိုးထားပြီး ဖြစ်၏။ ထိုအရာများက ကန္တာရထဲ၌ အံ့ဖွယ်အမှုတစ်ခု ဖြစ်လာ သကဲ့သို့ပင် သဲမုန်တိုင်းများကို ခုခံရာ နေရာအဖြစ်လည်း များစွာအထောက်အကူ ဖြစ်စေခဲ့သည်။
ဤမြို့က တော်ဝင်ချန်အင်ပါယာ၏ မွန်မြတ်သည့် စီမံကိန်းတစ်ခု ဖြစ်၏။ ဧကရာဇ်မင်းက အကြိမ်ကြိမ် ချီးကျူးခဲ့သလို အိမ်ရှေ့မင်းသား ကိုယ်တိုင်ပင် သွားရောက် စစ်ဆေးခဲ့သေး၏။ ထို့အပြင် ဟွမ်လူမြို့ ဆိုသည့် စကားလုံး သုံးလုံးကို ရင်ကွမ်း၊ ကျင်းနိုင်ငံ၏ ဘုရင်နှင့် တော်ဝင်ရန်အိမ်ရှေ့မင်းသားတို့ ကိုယ်တိုင် ရေးထိုးထားခဲ့ခြင်းပင်။
တော်ဝင်ရန်အင်ပါယာ၏ စာဆိုတော်များကလည်း ဤမြို့ကို ချီးကျူးသည့် ကဗျာပေါင်းများစွာကို ရေးသားခဲ့၏။ လောကပေါ်တွင် အံ့ဖွယ်ရာအမှု တစ်ခုဟု သူတို့က ခေါ်ဆိုခဲ့ကြ၏။ ကန္တာရကို အိုအေစစ် ဖြစ်အောင် ပြုလုပ်ခြင်းက နောင်မျိုးဆက်ပေါင်း များစွာတို့အတွက် ကောင်းကျိုးပင် မဟုတ်ပါလား။
တော်ဝင်ရန်ဧကရာဇ် တစ်ဦးတည်းသာလျှင် ဤမြို့ကို ဖျက်ဆီးနိုင်ပေလိမ့်မည်။ ဤသည်က မွန်မြတ်သည့်မြို့၊ အံ့ဖွယ်ရာမြို့တစ်ခု ဖြစ်သော်လည်း မည်သည့် တန်ဖိုးမှ မရှိချေ။ ထိုအရာကို ဖျက်ဆီးခြင်းက ရင်ကွမ်း သို့မဟုတ် စေတီတောင်အပေါ် မည်သို့မှ ထိခိုက်စေမည် မဟုတ်ချေ။
ဤခန့်မှန်းချက်က တကယ်ကို ရယ်ရွှင်ဖွယ်ရာ ကောင်း၏။ တော်ဝင်ရန်ဧကရာဇ်က ချန်မြို့တော်ကို ဖျက်ဆီးလျှင်ပင် ဟွမ်လူမြို့ကို ဘယ်သောအခါမှ ဖျက်ဆီးလိမ့်မည် မဟုတ်ချေ။ ဤမြင့်မြတ်သည့် အိုအေစစ်က အသက်နှင့် မျှော်လင့်ချက်ကို ကိုယ်စားပြု၏။ ဤသည်က လူတို့၏ စိတ်ထဲမှ ငြိမ်းချမ်းရေး မြို့တော်ပင် ဖြစ်သည်။
စေတီတောင် မင်းသမီးက ပြော၏။ “ရှမ့်လန်... ရှင့်ရဲ့ မျိုးစေ့ကို တရားဝင် နှုတ်ဆက်ထားလိုက်တော့။”
ရှမ့်လန်က ပြောသည်။ “ခင်ဗျားလည်း ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို စင်ကြယ်အောင် ဆေးကြောထားလို့ ရပြီ။ အဖြေက ၅ ရက်အတွင်း သိရမှာပါ။ အကယ်၍ တော်ဝင်ချန်အင်ပါယာက ဟွမ်လူမြို့ကို ဖျက်ဆီးဖို့ နဂါးနောင်တကို တကယ်ပဲ သုံးခဲ့မယ် ဆိုရင် မင်းသမီးလေး... ကျုပ် ကုတင်ပေါ်မှာ ကိုယ်လုံးတီးနဲ့ တွေ့ရဖို့ မျှော်လင့်မိတယ်။ ကျုပ်တို့ နှစ်ယောက် ပူးပေါင်းပြီး ရင်ဝူမင်ကို ဂျိုပေါက်အောင် လုပ်ကြတာပေါ့။”
“သဘောတူတယ်။”
“ဒါဆိုရင် သဘောတူတယ်။”
ရှမ့်လန် အခန်းကျဉ်းလေးအတွင်း အကျယ်ချုပ်ထားရှိစဉ် အတောအတွင်း အရှေ့တိုင်းလောက တစ်ခုလုံးက ရုန်းရင်းဆန်ခတ် ဖြစ်လို့နေ၏။ သို့သော်ငြား ဤကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုက တကယ်ပင် ထူးခြား၏။ ပြည်သူပြည်သားများက ရှမ့်လန်နှင့် တော်ဝင်ချန်မင်းဆက်အား အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အားပေးနေဆဲပင်။
တင်းယွမ်မြို့ တိုက်ပွဲ ပြီးဆုံးသွားသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူတို့က ရူးသွပ်မတတ်ပင် အောင်ပွဲခံနေကြဆဲပင်။ ဤအောင်ပွဲခံမှုက မည်မျှအထိ ကြာရှည်ဦးမည် ဆိုသည်ကို မည်သူမှ မသိချေ။
တော်ဝင်ချန်မင်းဆက်၏ ယာယီမြို့တော်ဖြစ်သော နုရှောင့်မြို့ကလည်း ဒဏ္ဍာရီလာ မြို့တစ်ခု ဖြစ်လာခဲ့၏။ နိုင်ငံ သုံးနိုင်ငံနှင့် နုရှောင့်မြို့တော်ကြား ကုန်သွယ်မှု ပမာဏက နေ့စဉ်နှင့်အမျှ စံချိန်သစ်များ တင်နေ၏။
တစ်ချိန်တည်းမှာပဲ ချန်နိုင်ငံသစ်မှ ပြည်သူများက ထူးဆန်းသည့် ဂဏာမငြိမ်မှု အခြေအနေဆီသို့ ကျရောက် နေ၏။ ဤလောကကြီးထဲတွင် မည်သည့်နိုင်ငံမှ ပြည်သူများက ကျန်းလီကို အချစ်ဆုံးနှင့် အမြတ်နိုးဆုံး ဖြစ်သနည်း ဟု မေးလျှင် ထိုအရာက သေချာပေါက် ချန်နိုင်ငံသစ်ပင် ဖြစ်သည်။
သို့သော်လည်း ကျန်းလီကို လွမ်းဆွတ်တမ်းတသူများကို မည်သည့်နိုင်ငံက အပြင်းထန်ဆုံး နှိပ်ကွပ် သတ်ဖြတ်ခဲ့သနည်းဟု မေးမိလျှင်လည်း ထိုအရာက ကျိန်းသေပေါက် ချန်နိုင်ငံသစ်ပင် ဖြစ်ပေလိမ့်မည်။
...
အပိုင်း (၁၀၄၀)
လုံးဝ သည်းခံခြင်း မရှိချေ။ လူအများရှေ့တွင် ကျန်းလီကို လွမ်းဆွတ်ကြောင်း ထုတ်ဖော်ပြောဆိုဝံ့သူ မှန်သမျှက သေမင်းကို လက်ယပ် ခေါ်နေခြင်း ဖြစ်သည်။ ရင်ကွမ်းနှင့် သူ၏ သားက ဤကိစ္စနှင့် ပတ်သက်၍ အပြင်းထန်ဆုံးသော မူဝါဒများကို ကျင့်သုံးပြီး တစ်ယောက်ကိုသတ်ပြီး အများကို မှတ်လောက်အောင် သတိပေးလေ့ရှိ၏။
ထို့အပြင် ရင်ကွမ်းနှင့် သူ၏သားတို့က ချန်နိုင်ငံသစ်ကို အုပ်ချုပ်နေစဉ်အတောအတွင်း ပြည်သူများ၏ လူနေမှုဘဝက တကယ်ကို ကောင်းမွန်ခဲ့၏။ အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ချန်နိုင်ငံသစ်မှ ပြည်သူများ၏ လူနေမှုဘဝ အဆင့်အတန်းက ပို၍ မြင့်မား၏။ ထို့ကြောင့်ပင် ချန်နိုင်ငံသစ်မှ ပြည်သူများ၏ စိတ်ထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များ ရှိနေသည်။
သူတို့က ကျန်းလီခေတ်၏ ဂုဏ်ရောင်ထွန်းပြောင်မှုကို လွမ်းဆွတ်ကြသော်လည်း အပြောင်းအလဲများကို ကြောက်ရွံ့ကြပြန်၏။ ကျန်းလီ ရုတ်တရက် ကွယ်လွန်ပြီးနောက် ကုန်လွန်သွားခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း တကယ်ကို ကြေကွဲစရာကောင်း၏။
တော်ဝင်ရန်အင်ပါယာမှ စစ်သည် အမြောက်အမြားတို့က တော်ဝင်ချန်အင်ပါယာအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ပြုလုပ်သည်။
လူဦးရေ သန်းပေါင်း ဆယ်နှင့်ချီကာ ပျောက်ကွယ်ခဲ့ရ၏။ မရေတွက်နိုင်သည့် မိသားစုများက ပြိုလဲ ပျက်စီးရ၏။ စစ်ပြေးဒုက္ခသည် အရေအတွက်ကပင်လျှင် သန်းနှင့်ချီ၏။ မပြည့်စုံသည့် ကိန်းဂဏန်း အချက်အလက်များအရ တော်ဝင်ချန်အင်ပါယာ အတွင်းသို့ ဝင်ရောက်ကာ မီးရှို့သတ်ဖြတ် လုယက်ခဲ့သည့် နိုင်ငံပေါင်းက ၂၀ ကျော်ပင် ရှိ၏။ ကျူးကျော်ဝင်ရောက်လာခဲ့သည့် စစ်တပ် အရေအတွက်ကလည်း မရေတွက်နိုင်အောင်ပင်။
ထိုနှစ်ဝက်ခန့် ကာလက ကြီးမားသည့် အိပ်မက်ဆိုးကြီး တစ်ခုပင် ဖြစ်၏။ အပြစ်မဲ့ အမျိုးသမီးပေါင်း သိန်းချီက စော်ကားခြင်းကို ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာတို့၏ မိသားစု ထက်ဝက်ကျော် တို့ကလည်း လုယက်ခြင်းကို ခံရ၏။
ပြီးနောက် ဖြစ်ပေါ်လာသည်က လင်းယုန်တို့၏ စားတော်ပွဲကြီး ပမာပင်။ တော်ဝင်ချန်အင်ပါယာကြီးက တစစီ ခွဲခြမ်း စိတ်ဖြာခြင်းကို ခံရ၏။ တော်ဝင်ရန်အင်ပါယာနှင့် ကျင်းနိုင်ငံတို့က နယ်မြေထက်ဝက်ကို သိမ်းပိုက်သွား၏။ တခြားသော လက်အောက်ခံနိုင်ငံ သုံး၊ လေးနိုင်ငံတို့ကလည်း လွတ်လပ်ရေးကို ကြေညာသွားခဲ့သေး၏။ ချောင်ပြည်နယ်ပင်လျှင် အခွင့်အရေးကို ယူ၍ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့သေးသည်။
နောက်ဆုံး တော်ဝင်ချန်အင်ပါယာ၏ ထောက်ခံအားပေးမှုနှင့် ရင်ကွမ်းက ချန်နိုင်ငံသစ်ကို တည်ထောင်၏။ နယ်မြေ၏ တည်နေရာက အရင်ခေတ်ကထက် ထက်ဝက်ကျော် လျော့နည်းသွားခဲ့သော်လည်း မရေတွက် နိုင်သည့် ပြည်သူများအတွက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည့် နေ့ရက်များက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ လောကသားတို့၏ အမြင်တွင် ရင်ကွမ်းနှင့် သူ၏ သားတို့က ရှက်ရွံ့စရာကောင်းသည့် သစ္စာဖောက်များ ဖြစ်ကြပြီး ချန်နိုင်ငံသစ်မှ ပြည်သူများကလည်း ထိုသို့ပင် သတ်မှတ်ထား၏။
သို့သော်လည်း သူတို့၏ စိတ်နေစိတ်ထားက တကယ်ကို ရှုပ်ထွေး၏။ သူတို့က ရင်ကွမ်းကို သစ္စာဖောက်တစ်ဦးဟု ခံစားရသော်လည်း အတွင်းစိတ်ထဲတွင် ကျေးဇူးတင်နေပြန်သည်။
တကယ်ဆို ရှမ့်လန် ပြန်လည် ရောက်ရှိလာပြီးနောက် ချန်နိုင်ငံသစ်မှ ပြည်သူများက စိတ်လှုပ်ရှားဆုံးသူများနှင့် ရှမ့်လန်အပေါ် သစ္စာရှိသည့် အရှိသင့်ဆုံးသော လူများ ဖြစ်နေသင့်၏။
သို့သော်ငြား အမှန်တကယ်က ထိုသို့ ဖြစ်မလာခဲ့ချေ။ ချန်နိုင်ငံသစ်မှ သန်းပေါင်းဆယ်ချီသည့် ပြည်သူများက ရှမ့်လန်အပေါ် တကယ်ပင် ထူးဆန်းသည့် သဘောထားမျိုး ရှိ၏။ သူတို့က ရန်လိုမှုကို မပြသသော်လည်း သစ္စာစောင့်သိမှု သို့မဟုတ် အရူးအမူး အားပေးခြင်းမျိုးကို မပြသခဲ့ကြချေ။ သူတို့က ခပ်ခွာခွာပင် နေ၏။ အကြောင်းရင်းက နောက်တစ်ကြိမ် စစ်ဘေးဒုက္ခကို ခံစားရပြီး မိသားစုများ ဆုံးရှုံးမည်ကို ကြောက်ရွံ့ သောကြောင့်ပင်။
ဤသို့ ပြောရုံမျှဖြင့် နားလည်ရန် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ဥပမာတစ်ခု ပေးရမည်ဆိုလျှင် တကယ် ရှင်းလင်းသွားပေလိမ့်မည်။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီးနောက် ထိုအရာက ကြီးမားသည့် ကပ်ဘေးကြီး တစ်ခုအတွင်းသို့ ကျရောက်သွား၏။ မရေတွက်နိုင်သည့် လူများက ငတ်မွတ်ခေါင်းပါးကြသည်။
ထိုအရာ၏ နောက်တွင် ရုရှားနိုင်ငံက ကြီးမားသည့် အခက်အခဲများစွာကြားမှ နိုင်ငံ၏ အင်အားကို ပြန်လည် တည်ဆောက်နိုင်ခဲ့၏။ ရုရှားလူမျိုးများကို မေးကြည့်လျှင် သူတို့က ဆိုဗီယက်ယူနီယံ၏ ဂုဏ်ရောင် ထွန်းပြောင်မှုကို လွမ်းဆွတ်နေသလား။ သေချာပေါက် လွမ်းဆွတ်ကြပေလိမ့်မည်။ သို့သော်လည်း သူတို့က အကယ်၍ ဆိုဗီယက်ယူနီယံကြီးသည်သာ ရုရှား၌ တစ်ဖန် ဖြစ်တည်လာခဲ့မည် ဆိုပါက ဆန္ဒရှိပါမည်လားဟု မေးလျှင် လုံးဝမရှိဘူး ပြောဆိုလိမ့်မည်။
ထို့ကြောင့် ပူတင်၏ စကားများက ရုရှားလူမျိုးများ၏ စိတ်နေစိတ်ထားကို ရှင်းလင်းပြီး ဖြစ်ပေလိမ့်မည်။ “အကယ်၍ ဆိုဗီယက်ယူနီယံကို မေ့လျော့သွားမယ်ဆိုရင် ခင်ဗျားမှာ အသိတရား မရှိတော့ဘူး။ အကယ်၍ ဆိုဗီယက်ယူနီယံဆီကို ပြန်သွားချင်တယ် ဆိုရင်တော့ ခင်ဗျားမှာ ဦးနှောက် မရှိတော့ဘူး။” ဆိုသော စကားပင်။
(ဒါကဘာမှမဟုတ်ဘူး။ ပူတင်ဘောမခြင်းတစ်ဖြတ်ပေါ့)
ဟုတ်ပေ၏။ တော်ဝင်ချန်အင်ပါယာက ဆိုဗီယက်ယူနီယံ မဟုတ်ချေ။ ဆိုဗီယက်ယူနီယံက အတွင်းအပြင် ပိတ်ဆို့မှုများအောက်တွင် ပြိုကွဲသွားခဲ့ခြင်း ဖြစ်သော်လည်း တော်ဝင်ချန်အင်ပါယာကမူ ၎င်း၏ အတောက်ပဆုံးသော အချိန်တွင် ပြိုကွဲသွားခဲ့ခြင်း ဖြစ်၏။
ကျန်းလီ ရုတ်တရက် သေဆုံးမှုက တော်ဝင်ချန်အင်ပါယာ ပျက်စီးခြင်းကို ဦးတည်နေ၏။ ချန်နိုင်ငံသစ်မှ မရေတွက်နိုင်သည့် ပြည်သူများ၏ ရင်ထဲတွင် ရင်ကွမ်းနှင့် သူ၏သားတို့က သစ္စာဖောက်များ ဖြစ်သော်လည်း သူတို့၏ ကယ်တင်ရှင်များလည်း ဖြစ်နေပြန်သည်။
ထို့ကြောင့် တင်းယွမ်မြို့၏ တိုက်ပွဲပြီးနောက် ရှမ့်လန် အနိုင်ရရှိခဲ့သော်လည်း ချန်နိုင်ငံသစ်ကမူ ထူးဆန်းသည့် စိုးရိမ်ပူပန်မှု အခြေအနေသစ်သို့ ရောက်ရှိလို့နေ၏။ ရှမ့်လန်၏ စစ်တပ်က ချန်နိုင်ငံအတွင်းသို့ ကျူးကျော် ဝင်ရောက်လာပြီး စစ်မီးများ တစ်ဖန် တောက်လောင်လာမည်ကို စိုးရိမ်မိ၏။
အရှေ့တိုင်းလောက တစ်ခုလုံးတွင် ပွက်ပွက်ဆူလျက် ရှိနေသည့် ရေအိုးကြီး တစ်ခုပမာ ဖြစ်နေ၏။ သို့သော်လည်း ဤသည်က အောက်ခြေလူတန်းစားများ၏ မငြိမ်မသက်မှုများသာ ရှိသေးသည်။ ဆန့်ကျင်ဘက်အနေဖြင့် အထက်တန်းလွှာ အာဏာပိုင်များက အသက်ရှူကြပ်ရလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေသည်။
သူတို့က မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုး မြေငလျင်မလှုပ်မီ အေးချမ်းခြင်းမျိုး ဖြစ်ပေလိမ့်မည်။ ဤအချိန်မှာတော့ နိုင်ငံအသီးသီးမှ ထိပ်တန်းလွှာများနှင့် တော်ဝင်အင်ပါယာမှ လူများ၏ စိတ်ထဲတွင် စကားလုံး တစ်လုံးတည်းသာလျှင် ရှိ၏။ ထိုအရာက သဘာဝလွန်အင်အားစု အစည်းအဝေးပင်။
တင်းယွမ်မြို့တိုက်ပွဲက လောကကြီး၏ အာဏာခွဲဝေမှုကို ဆုံးဖြတ်ပေးခဲ့သလို သဘာဝလွန်အင်အားစု အစည်းအဝေးကလည်း ဤလောကလုံး၏ အခြေအနေကို အပြီးသတ် ဆုံးဖြတ်ပေးပေလိမ့်မည်။ ချန်နိုင်ငံသစ်နှင့် တော်ဝင်အင်ပါယာတို့က တစ်ဖန် ပြန်လည်ကာ ပူးပေါင်းကြမည်လား သို့မဟုတ် လမ်းခွဲကြမည်လား ဆိုသည်ကို ထိုအစည်းအဝေးက ဆုံးဖြတ်ပေးပေလိမ့်မည်။
လွန်ခဲ့သည့် ၃ နှစ်က စေတီတောင်သည် တောင်ဘက်ပင်လယ်ပြင်၌ ကြီးမားသည့် ရှေးဟောင်း အကြွင်းအကျန်များကို တွေ့ရှိခဲ့၏။ သူတို့၏အင်အားက အဆမတန် တိုးပွားလာခဲ့ကြပြီး ယနေ့ မြင်တွေ့ နေရသည့် အခင်းအကျင်းကလည်း ထိုစဉ်တည်းက ဆုံးဖြတ်ပြီးသား ဖြစ်ပုံပင်။
စေတီတောင်က ရင်ဝူမင်အား သဘာဝလွန်အင်အားစု အစည်းအဝေးတွင် စေတီတောင် ကိုယ်စားပြုအဖြစ် တက်ရောက် ခွင့်ပြုမည် ဖြစ်ကြောင်း သတင်းများကို ဆက်မပြတ် ထုတ်လွှင့်နေ၏။ သို့သော်လည်း တော်ဝင်ချန် အင်ပါယာက ဤကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြား မည်သည့် တုံ့ပြန်မှုကိုမှ မပြုလုပ်ခဲ့သလို ဧကရာဇ်မင်းကလည်း သူ၏ အဆောင်အတွင်း အနားယူ ကျင့်ကြံလို့နေ၏။
ဤလေထုက တကယ်ကို ထူးဆန်း၏။ လောကကြီး တစ်ခုလုံးက စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်မဲ့မှုများနှင့် ပြည့်နှက်နေပြီး အခြေအနေက နောက်ထပ် ခြေတစ်လှမ်းကို ဆက်လက် စောင့်ကြည့်ရပေမည်။ တော်ဝင်ရန် မြို့တော်ရှိ လူတိုင်းကလည်း စောင့်ကြည့်နေပြီး သမိုင်းဝင်အခိုက်အတန့်ကို မျက်မြင်တွေ့ကြုံရတော့မည့် သူများကဲ့သို့ပင် ခံစားနေရသည်။
ဤလအနည်းငယ်အတွင်း နုရှောင့်မြို့နှင့် ဝူ၊ ချောင်၊ ရွှဲ့ သုံးပြည်နယ်တို့တွင် မည်သည့် စစ်ပွဲမှ မရှိခဲ့ချေ။ ရှမ့်လန်က ဇာတ်ခုံ၏ အလယ်ဗဟိုမှ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူက အဓိက ဇာတ်ဆောင်နေရာမှ ဇာတ်ပို့နေရာသို့ ရောက်ရှိသွား၏။
ထိုသို့ဆိုလျှင် ယခုအချိန် အရှေ့တိုင်းလောက၏ အဓိက ဇာတ်ဆောင်က မည်သူ ဖြစ်သနည်း။ ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံ မင်းသား ရင်ဝူမင်ပင်။ သူက အမှန်တကယ်ပင် သဘာဝလွန် အင်အားစုများ အစည်းအဝေး၌ စေတီတောင်၏ ကိုယ်စားပြုအဖြစ် တက်ရောက်မည်လား ဆိုသည်ကို လူတိုင်းက စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေကြသည်။
သဘာဝလွန်အင်အားစု အစည်းအဝေးက စတင်တော့မှာ ဖြစ်ပြီး သဘာဝလွန်အင်အားစု ခြောက်ခုမှ ကိုယ်စားလှယ်များကလည်း တော်ဝင်ရန်မြို့တော်သို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရင်ဝူမင် ပေါ်ပေါက်လာ၏။ သူက အဖွဲ့တစ်ခုကို ဦးဆောင်ပြီး တော်ဝင်ရန်မြို့တော်သို့ ခရီးထွက်လာခဲ့ခြင်းပင်။
ထိုခဏ၌ အရှေ့တိုင်းလောက တစ်ခုလုံးမှ အထက်တန်းလွှာများက ထိတ်လန့်တုန်လှုပ်သွား၏။ ဤသည်က အမှန်တကယ် ဖြစ်ပျက်နေခြင်းလား။ ရင်ကွမ်းနှင့် စေတီတောင်တို့က တော်ဝင်အင်ပါယာ၏ ထိန်းချုပ်မှု အောက်မှ အမှန်တကယ် ခွဲထွက်ခွာသွားတော့မည်လား။
ရင်ဝူမင်က တော်ဝင်ရန်မြို့တော်ဆီသို့ တဖြည်းဖြည်း နီးကပ်လာခဲ့၏။ တော်ဝင်ရန်အင်ပါယာ၏ တုံ့ပြန်မှုကို အားလုံးသောသူတို့က အသက်ရှူအောင့်ကာဖြင့် စောင့်ဆိုင်းနေကြ၏။ အကယ်၍ ရင်ဝူမင်သည်သာ သဘာဝလွန် အင်အားစုများ၏ ညီလာခံတွင် ပေါ်ပေါက်လာသည် ဆိုပါက ထိုအရာက ချန်နိုင်ငံသစ်နှင့် စေတီတောင်တို့ တရားဝင် လွတ်လပ်ရေးကို ကြေညာလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် တော်ဝင်ရန် အင်ပါယာက မည်သို့ပြုမူမည်နည်း။ မည်သူမှ မသိရှိကြသော်လည်း လူတိုင်းက မျှော်လင့်ချက်ကြီးစွာနှင့် စောင့်ဆိုင်းနေကြ၏။
ရှမ့်လန်က အဘယ်ကြောင့် ၅ ရက်အတွင်း တော်ဝင်ရန်အင်ပါယာ အနေနှင့် နဂါးနောင်တကို ထုတ်ဖော်ကာ အသုံးပြုလိမ့်မည်ဟု အသေအချာ ယုံကြည်နေရသနည်း။ ထို့အပြင် ပစ်မှတ်ကလည်း ဟွမ်လူမြို့ဟူ၍ ဖြစ်လို့နေ၏။ ဤမြို့က အံ့ဖွယ်နိမိတ်များနှင့် ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခု ဖြစ်သလို တော်ဝင်ရန်အင်ပါယာ စည်းလုံးညီညွတ်မှု၏ သင်္ကေတလည်း ဖြစ်သည်။
ဤမြို့က သဲကန္တာရထဲမှ အိုအေစစ် မြို့ကလေး တစ်ခုသာမက လူပေါင်းများစွာတို့က တစ်ပင်ချင်းစီ စိုက်ပျိုးခဲ့ကြသည့် မီတာသိန်းပေါင်း တည်ရှိနေသော လူလုပ်သစ်တောကြီးလည်း ရှိ၏။ မည်သူ့အတွက်မဆို ဤမြို့က ကျော်ကြားမှုမှတစ်ပါး တခြားတန်ဖိုးဟူ၍ မရှိချေ။ ဤမြို့ကို ဖျက်ဆီးလိုက်ခြင်းဖြင့် ရင်ကွမ်း အတွက် ကြီးမားသည့် ထိုးနှက်ချက်မျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က နတ်ဘုရား တစ်ပါးလေလား။ သူက အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်နိုင်သည်လား။
အမှန်စင်စစ်တော့ ထိုသို့ မဟုတ်ခဲ့ချေ။ ဇာတ်လမ်းက ကျူးမိသားစု၏ လျှို့ဝှက်ခြေစိုက်စခန်းမှာ စတင်ခဲ့ခြင်း ရှိ၏။ ပညာရှိ အဖွဲ့တစ်ဖွဲ့က နဂါးနောင်တ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ဆယ်စုနှစ်တစ်ခုကျော် ကြိုးစား ခဲ့သော်လည်း သက်ဆိုင်ရာ အချက်အလက်များက မရေတွက်နိုင်အောင် များပြားခဲ့၏။
ရှမ့်လန်၏ စစ်တပ် ကျွန်းပေါ်သို့ အတင်းချိုးဖျက် မတက်ရောက်ခင်မှာပဲ သူတို့က အချက်အလက်များစွာကို ဖျက်ဆီးရန် ကြံစည်ခဲ့ကြ၏။ သို့သော်လည်း ထိုပညာရှိများက ရိုးအလွန်ှသောကြောင့် သူတို့၏ ကြိုးပမ်း အားထုတ်ခဲ့မှုများကို မဖျက်ဆီးရက်ခဲ့ချေ။ ထို့ကြောင့် သူတို့က အချက်အလက်များစွာကို ကျွန်း၏ လျှို့ဝှက်ထောင့်တိုင်း တွင် ဝှက်ကာ ဖုံးထားခဲ့ကြသည်။
ထိုသူများသည် ဖမ်းဆီးခံရသည်ဆိုလျှင်တောင်မှ စိတ်ဓာတ်ကြံ့ခိုင်မှုက ပြင်းထန်လွန်းလှသောကြောင့် ဝန်ခံလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ရှမ့်လန်က ထိုသူတို့၏ ဦးနှောက်ကို ထိန်းချုပ်ရန် ဓာတုဆေးဝါးများအား တိုက်ရိုက် အသုံးပြုခဲ့၏။ ဆေးထိုးခံလိုက်ရသည့် ကျူးမိသားစုမှ ပညာရှင်အုပ်စုက ဝေခွဲမရသည့် အခြေအနေဆီသို့ ကျရောက်သွားခဲ့ပြီး စိတ်လွတ်ကိုယ်လွတ်ဖြင့် အရာအားလုံးတို့ကို စတင်ကာ ဝန်ခံခဲ့လေတော့၏။
ရှမ့်လန်က ထိုအချက်အလက်များကို ရရှိခဲ့ရုံတင်မက နဂါးအရှိန်အဝါ၏ မြေပုံ ၉၀ ရာခိုင်နှုန်းကိုလည်း ရရှိခဲ့၏။ ထို့အပြင် အဓိပ္ပာယ်မဲ့သည်ဟု ထင်ရသော တစ်စစီ ဖြစ်နေသည့် ဝန်ခံချက်ပေါင်း များစွာကိုလည်း ရရှိခဲ့၏။ ဥပမာအားဖြင့် အဖြူရောင်ဧကရာဇ်မြို့တော် ၊ ပင်လယ်နီ၊ ဝိဇ္ဇာတောင်ထိပ်နှင့် ဟွမ်လူမြို့ စသည်တို့ ဖြစ်သည်။
ထို့အပြင် ထိုသူများက စက်တင်ဘာလ ၉ ရက်နေ့ကိုလည်း ထပ်တလဲလဲ ပြောဆိုခဲ့သေး၏။ ထိုစဉ်က ရှမ့်လန်က ဤစကားလုံးများ၏ တိကျသည့် အဓိပ္ပာယ်ကို နားမလည်ခဲ့သလို ထိုနေရာများကိုလည်း တစ်ခါမှ မကြားဖူးခဲ့ချေ။ သူ သိသည့် တစ်ခုတည်းသော နေရာက ဟွမ်လူမြို့သာ ရှိ၏။
ပြီးနောက် ဟီလာက နှိပ်စက်ညှဉ်းပန်း၍ စစ်ဆေးခဲ့၏။ ဟွမ်လူမြို့ထဲ ဘာရှိသနည်း။ သို့သော်လည်း မည်သူကမှ ထိုအရာနှင့် ပတ်သက်၍ အဖြေကို ကောင်းကောင်း မရရှိခဲ့ချေ။ စက်တင်ဘာ ၉ ရက်နေ့က တော်ဝင်ရန်မြို့တော်၏ ပွဲတော် ဖြစ်သည်သာမက ၅ နှစ်တစ်ကြိမ် ကျင်းပသည့် စက်တင်ဘာလ ၂၃ ရက် သဘာဝလွန် အင်အားစု ညီလာခံ အစည်းအဝေးနှင့်လည်း နီးကပ်နေသည်။
ရှမ့်လန်က ရှေးဟောင်းအကြွင်းအကျန်များကို ရှာဖွေရန် လူတစ်ထောင်ကျော် ပါဝင်သည့် လျှို့ဝှက်အဖွဲ့ တစ်ခုကို စေလွှတ်ခဲ့၏။ ထိုသူတို့က ဂိုဘီသဲကန္တာရနှင့် ကျွန်းပေါင်းများစွာကို စုံစမ်းလေ့လာခဲ့သည်။ ကျူးမိသားစု၏ ပညာရှင်များ၏ ဝန်ခံချက်ကို ရရှိခဲ့ပြီးနောက် သူက ထိုအဖွဲ့ကို ဟွမ်လူမြို့သို့ လျှို့ဝှက် စုံစမ်းရန် အမိန့်ပေးခဲ့၏။
ဤမြို့က တော်ဝင်ရန်မင်းဆက်၏ အနောက်မြောက်ထောင့်ရှိ သဲကန္တာရထဲမှ အိုအေစစ်တစ်ခုဖြစ်၏။ နောက်ဆုံးမှာတော့ သူတို့က မည်သည့်အရာမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ တကယ်ကို စိမ်းလန်း စိုပြည်သည့် မြို့လေး တစ်ခုသာ ဖြစ်၏။ သဲကန္တာရထဲတွင် ကျန်းနန်ဒေသကဲ့သို့ အလှတရားမျိုးဖြစ်အောင် ဖန်တီးထားခဲ့သည့် အံ့ဖွယ်မြို့တစ်ခုပင် ဖြစ်သည်။
မူလက ရှမ့်လန်ကိုယ်တိုင် သွားရောက် စုံစမ်းလိုသော်လည်း အချိန်မရခဲ့ချေ။ သို့သော်ငြား တင်းယွမ်မြို့၏ တိုက်ပွဲအပြီးတွင် လောက၏ အခြေအနေက ရုတ်ခြည်း ရှင်းလင်းသွားခဲ့၏။
တော်ဝင်ရန်ဧကရာဇ်၊ ရင်ကွမ်းနှင့် စေတီတောင်တို့၏ကြားရှိ အက်ကွဲကြောင်းက ထင်ရှားလာခဲ့၏။ ရှမ့်လန်ပင်လျှင် ထိုအရာကို မြင်တွေ့ခဲ့ရ၏။ ထို့ကြောင့် ရှုပ်ထွေးနေသည့် အချက်အလက်များက ရုတ်ခြည်း ထင်ပေါ်လာခဲ့၏။
ရှမ့်လန်က ရဲဝံ့သည့် ဟောကိန်းတစ်ခုကို ထုတ်ခဲ့၏။ လူသူကင်းဝေးသည့် ကျွန်းပေါ်တွင် ကျူးမိသားစု၏ လျှို့ဝှက်ခြေစိုက်စခန်းက နဂါးနောင်တ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် သတ်မှတ်ရက်ကို စက်တင်ဘာ ၉ ရက်ဟု သတ်မှတ်ခဲ့ပြီး ပစ်မှတ်က ဟွမ်လူမြို့ ဖြစ်၏။ ထို့အပြင် ကျူးမိသားစု၏ အခြေစိုက်စခန်းက ဤတာဝန်ကို ထမ်းဆောင်နေသည့် တစ်ခုတည်းသော နေရာ မဟုတ်ချေ။
ရှမ့်လန်၏ ခန့်မှန်းချက်က အကျိုးသင့်အကြောင်းသင့် ဆီလျော်၏။ တခြားသောသူများက ဧကရာဇ်နှင့် ရင်ကွမ်းတို့ကြားရှိ အက်ကွဲကြောင်းကို မသိနိုင်သော်လည်း ဧကရာဇ်ကိုယ်တိုင်ကမူ အလွန်ရှင်းလင်းစွာ ကြိုတင် သိရှိနေ၏။ သူက မကြာမီ ကျရောက်လာတော့မည့် အကျပ်အတည်းအတွက် အစီအစဉ်များကို ကြိုတင် ချမှတ်ထားပြီး ဖြစ်ပေလိမ့်မည်။
ရင်ကွမ်းနှင့် စေတီတောင်တို့ အခြေမချနိုင်ရန် မည်သို့ ပြုလုပ်မည်နည်း။ နဂါးနောင်တကို မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုအဖြစ် အသုံးပြုခြင်းက အထိရောက်ဆုံး နည်းလမ်း ဖြစ်သော်လည်း ထိုအရာကို တော်ဝင်ရန်အင်ပါယာ၏ အမည်ဖြင့် လုံးဝပြုလုပ်၍ မရချေ။
ယခု ခေတ်သစ်ကာလတွင် တစ်ချို့သော အင်အားကြီး နိုင်ငံများပင်လျှင် အကြမ်းဖက်သမားများ၏ အမည်ကို အသုံးချတတ်ကြပေသေး၏။
ကျူးမိသားစု၏ပညာရှင်များ ဝန်ခံခဲ့သည့် လျှို့ဝှက်နေရာများထဲတွင် အဖြူရောင်ဧကရာဇ်မြို့တော် က မြောက်ဘက်စွန်းတွင် တည်ရှိပုံ ရ၏။ ဝိဇ္ဇာတောင်ထိပ်ကိုမူ သူ တစ်ခါမှ မကြားခဲ့ဖူးချေ။ ပင်လယ်နီက အနောက်ဘက်တိုင်းပြည်များ၏ အနောက်ဘက်စွန်းတွင် တည်ရှိပုံ ရ၏။ ချန်နိုင်ငံသစ်နှင့် အနီးစပ်ဆုံး နေရာက ဟွမ်လူမြို့သာ ရှိသည်။
ထိုသို့ဆိုလျှင် ဟွမ်လူမြို့တွင် တစ်စုံတစ်ခုသော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားမှာ ဖြစ်ပြီး ထိုအရာက ရင်ကွမ်း၏ အကျိုးစီးပွားနှင့် ဆက်စပ်နေပေလိမ့်မည်။ သို့သော်လည်း ရှမ့်လန် ရှာဖွေမတွေ့ခဲ့သလို စေတီတောင်ကလည်း ရှာဖွေမတွေ့ခဲ့ပုံ ပေါ်၏။ ထို့ကြောင့် စေတီတောင်မှ မင်းသမီးက ရှမ့်လန်၏ စကားများကို အလွန်ပင် ရယ်ဖွယ်ရာကောင်းသည်ဟု ခံစားခဲ့ရခြင်းပင်။
ပထမဦးစွာ တော်ဝင်ချန်အင်ပါယာက နဂါးနောင်တကို တစ်ခါမှ ထုတ်လွှတ်ခဲ့ခြင်း မရှိသလို ထိုအရာကို ထုတ်လွှတ်နိုင်စွမ်း ရှိကြောင်း အထောက်အထားလည်း မရှိချေ။ ဒုတိယ အနေနှင့် သူတို့က နဂါးနောင်တကို ထုတ်လွှတ်နိုင်သည် ဆိုလျှင်ပင် ဟွမ်လူမြို့ဆီသို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။
..............
ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံ ရင်ဝူမင်က ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ပြီး တော်ဝင်ရန်မြို့တော်၏ အပြင်ဘက်သို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့၏။
တော်ဝင်ရန်မြို့တော် တစ်ခုလုံးက တိတ်ဆိတ်နေ၏။ နန်းတွင်းအစိုးရ အဖွဲ့အစည်းက မည်သည့် သဘောထားမှ မထုတ်ဖော်ပြသလို သူ့ကို ကြိုဆိုရန် ဝန်ကြီးချုပ် တစ်ဦးတစ်ယောက်မှလည်း စေလွှတ်ခဲ့ခြင်း မရှိချေ။
ရင်ဝူမင်က လမ်း၏ နောက်ဆုံး ကီလိုမီတာ ၅၀ ကို ၃ ရက်ကြာ လျှောက်လှမ်းခဲ့ပြီး ခရုသွားသကဲ့သို့ နှေးကွေးနေ၏။ ထို့အပြင် သူက ဧကရာဇ်၊ မယ်တော်ကြီးနှင့် ပညာရှိပြီး အမျှော်အမြင်ရှိသည့် အိမ်ရှေ့စံသို့လည်း နေ့စဉ် နှုတ်ဆက်လွှာများကို ရေးသားပေးပို့၏။ ဤသည်က တော်ဝင်ရန်မြို့တော်အား တုံ့ပြန်ရန်နှင့် သူ့ကို မည်ကဲ့သို့သော ကြိုဆိုမှုမျိုး ပေးသင့်ကြောင်း စဉ်းစားရန် အချိန်ပေးခြင်းပင်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ရင်ဝူမင်က အရှေ့လောက၏ အဓိကဇာတ်ဆောင်၊ လူအများ အာရုံစိုက်စရာ ဗဟိုချက် ဖြစ်လာခဲ့၏။ လောကပေါ်ရှိ နိုင်ငံအားလုံးတို့က တော်ဝင်ရန်မြို့တော်တွင် သံတမန်များ ထားရှိကြ၏။
တော်ဝင်ရန်မြို့တော်က အရှေ့လောက၏ အလုံးစုံသော ဗဟိုချက်တစ်ခု ဖြစ်ပြီး လောက၏ အာရုံစိုက်စရာ နေရာတစ်ခုလည်း ဖြစ်သည်။ လူတိုင်းက တော်ဝင်ရန်မြို့တော်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြ၏။ သူတို့က ရင်ဝူမင်ကို ပြစ်တင်ရှုတ်ချသည့် အမိန့်တော် ထုတ်ပြန်မည်လား သို့မဟုတ် ပိုမိုပြင်းထန်သည့် အစီအမံများကို အသုံးပြုမည်လား သိချင်နေကြသည်။