စိန်ခေါ်ခြင်း
Vol. 1 Ch. 54
“အမှန်ပါပဲ။ ဗျပ်စောင်းနဲ့ ပလွေကို တီးခတ်သွားတာကတော့ တကယ့်ကို ထိပ်တန်းအဆင့်ပါပဲ။ ဒါပေမယ့် အနှစ်သာရ မရှိဘူး ဖြစ်နေတယ်”
ဆန်းလျန်က အရက်ခွက်ကို ကိုင်ရင်း သိမ်မွေ့စွာ ပြောလိုက်လေသည်။
“ဘာအနှစ်သာရ မရှိတာလဲ”
စူးကျားပေါင် အိမ်ပိုင်ရှင်က မေးလိုက်လေသည်။
“တစ်စုံတစ်ခုကို ကြားနိုင်တယ်။ အနံ့ခံနိုင်တယ်။ ဒါပေမယ့် နှလုံးသားနဲ့ ခံစားနိုင်ဖို့လည်း လိုအပ်တယ်”
ဆန်းလျန်က ပြောလိုက်ရင်း ဗျပ်စောင်း တီးခတ်သည့် မိန်းမပျိုဘက်သို့ လှည့်ကြည့်လိုက်သည်။
“မိန်းကလေး မင်းရဲ့ ဗျပ်စောင်းကို ခဏငှားလို့ရမလား။ မင်းတို့ရဲ့ သခင်ကြီးကို ဂီတ အနှစ်သာရ ဆိုတာ ဘာလဲ ပြချင်လို့”
ဟု ပြောလိုက်လေသည်။
လှပသော မိန်းမပျိုလေးမှာ ဆန်းလျန် ပြောနေသည့် စကားကို မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်ပေ။
စူးကျားပေါင် အိမ်ပိုင်ရှင်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး မျက်လုံးများဖြင့် မိန်းမပျိုကို အချက်ပြလိုက် လေသည်။
ထိုအခါမှ အစေခံ မိန်းကလေးက ဗျပ်စောင်းကို ဆန်းလျန်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ဆန်းလျန်က အာရုံကို စုစည်းပြီး ဗျပ်စောင်းကို တီးခတ် လိုက်လေသည်။
ဆန်းလျန် အစေခံ မိန်းကလေးကို စကားပြောလိုက်သည့် အချိန်နှင့် သူမက ဗျပ်စောင်းကို ဆန်းလျန်လက်ထဲသို့ ထည့်ပေးလိုက်သည့် အချိန်ထိ သူမ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခြင်း မရှိပါ။ မျက်လုံးများကလည်း အသက်မဲ့ နေလေသည်။ ခေတ်ပေါ်လောကမှ စက်ရုပ်နှင့်ပင် ဆင်တူ နေလေသည်။
ဗျပ်စောင်းမှာ ကြိုးခုနစ်ကြိုး ပါလေသည်။ ဆန်းလျန်၏ လှပသော လက်ချောင်းများက ကြိုးခုနစ်ကြိုး ပေါ်တွင် အသာလေး ပြေးလွှား နေလေသည်။ လှပသည့် တေးသွားသံစဉ်လေးမှာ စမ်းချောင်းလေး တစ်ခု စီးဆင်းသည့်အလား ထွက်ပေါ် လာလေသည်။
ဗျပ်စောင်းကို တီးခတ်နေသည့် ဆန်းလျန်၏ လက်များမှာ မြန်သည်ထက် မြန်လာလေသည်။ ဂီတသံစဉ်၏ အရှိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာလေသည်။ ဆန်းလျန်မှာ ဗျပ်စောင်းကို အလွန် ကျွမ်းကျင်စွာ တီးခတ်တတ်သူတော့ မဟုတ်ပါ။ သူ တီးခတ်နေသည့် ပုံစံမှာလည်း မည်သည့် ထူးခြားချက်မှ မရှိပါ။ မည်သူမျှလည်း ဆန်းလျန်ပြောသည့် ဂီတ အနှစ်သာရကို မခံစားရပါ။
ဆန်းလျန်၏ ဗျပ်စောင်း တီးခတ်နေမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ သွားလေသည်။ ရှောင်းကျူ ရော ကူဟွေ့ဆရာတော်ပါ မည်သည့် တေးသံမျှ ကြားရခြင်း မရှိတော့ပေ။
သို့သော် ဆန်းလျန်၏ လက်ချောင်းများမှာတော့ ဗျပ်စောင်းထက်တွင် တီးခတ်နေဆဲပင် ဖြစ်လေသည်။ မယုံနိုင်လောက်အောင် မြန်ဆန်စွာ တီးခတ်နေပြီး အလင်းရောင်များပင် ထွက်ပေါ် လာကာ အသံစက်ဝန်း တစ်ခု ဖြစ်ပေါ်လာလေသည်။
ဆန်းလျန်၏ လက်ချောင်းများမှာ လွန်စွာမှ နာကျင်နေပြီ ဖြစ်လေသည်။ သို့သော် ဆန်းလျန်က တီးခတ်နေခြင်းကို မရပ်တန့်ဘဲ ဆက်လက် တီးခတ်နေဆဲ ဖြစ်လေသည်။
လှပသော အစေခံ မိန်းမပျိုများ၏ ရုပ်ခန္ဓာများမှာ တဖြည်းဖြည်း စတင်တုန်ခါလာကာ ရုပ်ပျက် လာလေသည်။ စားပွဲပေါ်ရှိ ပန်းကန်များမှာလည်း အနည်းငယ် တုန်ခါ နေလေသည်။
“ဂီတ အနှစ်သာရ” ကို ပြချင်သည်ဆိုသည်မှာ ဆန်းလျန် လိမ်ပြောလိုက်ခြင်း ဖြစ်လေသည်။ သူ့တွင် ဗျပ်စောင်း တီးခတ်သည့် ပညာနှင့်ပတ်သက်ပြီး မည်သည့် ဂီတအနှစ်သာရမှ ပြစရာမရှိပေ။
သို့သော် သူ ယခုရောက်ရှိနေသည့် လောကမှာ သူနေခဲ့သည့် ခေတ်ပေါ် လောကနှင့် ယှဉ်လျှင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ထူးဆန်းမှုများနှင့် ပြည့်နှက်နေသည့် တိုင်အောင် ခေတ်ပေါ် လောကကဲ့သို့ သတင်း အချက်အလက် နည်းပညာနှင့် သိပ္ပံပညာရပ်များ ရှိမနေပါ။
ဆန်းလျန်မှာ ခေတ်ပေါ်လောကတွင် နေစဉ်က ရူပဗေဒ သဘောတရားများကို လေ့လာ ဖူးလေသည်။ အသံ၏ ကြိမ်နှုန်းမှာ ထိပ်ဆုံးအဆင့်သို့ ရောက်သွားသည့် အခါ မည်သည့် လူသားမျှ ထိုအသံကို ကြားနိုင်ခြင်း မရှိတော့ပေ။
ထိုသို့ ဖြစ်ရခြင်းမှာ “အလျင်” က “အသံ” ထက် ပိုပြီး မြန်ဆန်သွားပြီး "ကြိမ်နှုန်းမြင့် အသံလှိုင်း များ" ဖြစ်ပေါ် လာသောကြောင့် ဖြစ်လေသည်။ လင်းနို့များ အသံကို ထုတ်လွှတ်ခြင်း သဘောတရား ကဲ့သို့ ဖြစ်လေသည်။
ဆန်းလျန်က "ကြိမ်နှုန်းမြင့် အသံလှိုင်းများ" ကိုသာမက အတွင်းအားကိုလည်း အမြင့်ဆုံး အသုံးပြုထား လေသည်။
ဆန်းလျန်မှာ သူ၏ရုပ်ခန္ဓာက တတ်စွမ်း နိုင်သည်ထက်ပိုပြီး ကြိမ်နှုန်းမြင့် အသံလှိုင်းများကို အတွင်းအားဖြင့်ပေါင်းစပ်ကာ ထုတ်လွှတ်နေခြင်း ဖြစ်လေသည်။
အစေခံ မိန်းကလေးများမှာ တကယ့် အစစ်အမှန်များ မဟုတ်ကြပေ။
ကြိမ်နှုန်းမြင့် အသံလှိုင်းများမှာ သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် အခါတွင်တော့ သူတို့၏ ရုပ်ခန္ဓာများမှာ စတင်တုန်ခါ လာလေတော့သည်။
ထို့နောက် ရေပူဖောင်းလေးများကဲ့သို့ ပေါက်ကွဲသွားကြပြီး ပန်းဥယျာဉ် ငယ်လေးထဲတွင် ရေများဖြင့် စိုရွှဲ သွားလေတော့သည်။
မိန်းမလှလေးများမှာ ရေများဖြင့် ဖန်ဆင်းထားသည့် ရုပ်ခန္ဓာများပင် ဖြစ်လေသည်။ အလွန်မှပင် ဒဏ္ဍာရီ ဆန်လွန်းလှပေသည်။
ဗျပ်စောင်းမှာ ကြိုးများ ပြတ်ထွက်သွားပြီး ဆန်းလျန်၏ လက်များမှာ သွေးချင်းချင်း နီရဲနေလေသည်။
ဆန်းလျန်က ဗျပ်စောင်း တီးခတ်ခြင်းကို ရပ်တန့်လိုက်သည်။ သူ့လက်များကို ကြည့်ပင် မကြည့်ဘဲ သက်ပြင်းတစ်ချက် ချလိုက်လေသည်။
စူးကျားပေါင် အိမ်ပိုင်ရှင်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းနေလေသည်။
“ကောင်လေး မင်းကိုကျုပ် အပြစ်ပေးမှာ မကြောက်ဘူးလား”
“ခင်ဗျားနဲ့ ယှဉ်လိုက်ရင် ကျုပ်က ဘာမှ မပြောပလောက်ပါဘူး။ သိမ်းငှက်နဲ့ စာကလေးလိုပါပဲ။ ခင်ဗျား ကျုပ်ကို မကျေနပ်ဘူး ဆိုရင်တောင်မှ ကျုပ်ကို အာရုံစိုက်ပြီး ဒေါသထွက်နေစရာ မရှိပါဘူး”
ဆန်းလျန်က ပြောလိုက်လေသည်။
သူ၏ လက်ချောင်းများမှ သွေးများမှာ သူဝတ်ဆင်ထားသည့် ဝတ်ရုံပေါ်သို့ တစ်စက်စက် ကျနေလေသည်။ ဆန်းလျန်က သွေးကြောအချို့ကို ပိတ်လိုက်တော့မှ သွေးများ ကျဆင်းနေခြင်းမှာ ရပ်တန့် သွားလေသည်။
သွေးများ ပေကျံနေသည့် ဆန်းလျန်၏ ပုံစံမှာ ကြောက်မက်ဖွယ်ရာ မြင်ကွင်း တစ်ခုကဲ့သို့ ဖြစ်နေပြီး တစ်စုံတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်ပါက ကျောရိုးထဲသို့ စိမ့်သွားသည် အထိ ကြောက်ရွံ့သွားမည် ဖြစ်လေသည်။
ဆန်းလျန် အဘယ်ကြောင့် ထိုသို့ လုပ်ရသည်ကို ရှောင်းကျူ နားမလည်နိုင် ဖြစ်နေရလေသည်။ စူးကျားပေါင် အိမ်ပိုင်ရှင်မှာ နတ်ဘုရား (သို့မဟုတ်) တရားရှာဖွေသူ မဟုတ်ပါက နတ်မိစ္ဆာ တစ်ပါးသာလျှင် ဖြစ်နိုင်လေသည်။ အိမ်ပိုင်ရှင်ကို ဆန့်ကျင်မိပါက တစ်ချက်တည်းဖြင့် နောက်ဘဝသို့ ကူးသွား နိုင်လေသည်။
“ဒီလို ညစ်ညမ်းလှတဲ့ လူ့လောကကြီးထဲမှာ ကျင့်ကြံမှုမျိုးစေ့ ရှင်သန်နေတဲ့ ပါရမီရှင်ဆိုတာ အင်မတန်မှ ရှားပါးလွန်းတယ်။ ကောင်လေး မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ”
စူးကျားပေါင် အိမ်ပိုင်ရှင်က မေးလိုက်လေတော့သည်။
လောကတွင် အလကားရသည့် အရာတိုင်းမှာ ပြန်လည် ပေးဆပ်ရစမြဲ ဖြစ်လေသည်။ သူတို့ အားလုံးမှ အစမှအဆုံးထိ စူးကျားပေါင် အိမ်ရှင် ပြောသည့်အတိုင်း လိုက်လုပ်နေရခြင်းမှာ အိမ်ပိုင်ရှင်ကို မလွန်ဆန် ရဲသောကြောင့် ဖြစ်လေသည်။
စွမ်းအားဆိုသည်မှာ အမှန်တရားပင် ဖြစ်လေသည်။ စွမ်းအားရှိသူက အရာရာကို အောင်နိုင်သည် မဟုတ်ပါလား။
သူတို့ သုံးယောက်စလုံးမှာ ဂီတနှင့်ပတ်သက်ပြီး သိပ်ပြီး ရင်းနှီးခြင်း မရှိကြပေ။
ထို့ပြင် စူးကျားပေါင် အိမ်ပိုင်ရှင်က သူ၏ဆန္ဒကို မဆန့်ကျင်နိုင်ရန် သူတို့၏ နှလုံးသားကို ချုပ်ကိုင် ထားလေသည်။
သို့သော် ကျင့်စဉ်လမ်းသို့ လိုက်သည် ဆိုရာဝယ် ဤကဲ့သို့ အန္တရာယ် ကျရောက်သည့် အချိန်တွင် ကြောက်လန့်ဖို့ မဟုတ်ဘဲ သတိနှင့် ရင်ဆိုင်ဖို့ပင် ဖြစ်လေသည်။
မိမိ၏နှလုံးသားကို ဆုံးရှုံးရပြီဆိုလျှင်တော့ သိုင်းပညာ ကျင့်သည်ဖြစ်စေ။ တန်ခိုးရှင် တစ်ယောက် ဖြစ်လာရန် ကျင့်ကြံသည့် လမ်းစဉ်သို့ လိုက်သည်ဖြစ်စေ အချည်းအနှီးပင် ဖြစ်ရမည် ဖြစ်လေသည်။
ဆန်းလျန်မှာ နှလုံးသား၏ ဆန္ဒအတိုင်း ကျင့်ကြံသူ လမ်းစဉ်ကို လျှောက်လှမ်းခဲ့ခြင်း ဖြစ်လေသည်။
မဟုတ်ပါက ချမ်းသာ ကြွယ်ဝစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေရမည့် ဆန်းအိမ်တော်လို နေရာမျိုးမှ ထွက်ခွာလာမည် မဟုတ်ပေ။ ဆန်းအိမ်တော်ထက် ပိုကောင်းသောနေရာ သူ့အတွက် ရှိနိုင်မည် မဟုတ်ပေ။
သူ ယခင် အသက်ရှင်ခဲ့သည့် ခေတ်ပေါ်ကမ္ဘာတွင် လူများက ရိုင်းစိုင်းကြမ်းတမ်း ကြပြီး သေဆုံး ခြင်းကို အဖြေဟု သတ်မှတ် ထားကြလေသည်။
သူပြောခဲ့သလိုပင် လောကနှစ်ခုမှာ သိမ်းငှက်နှင့် စာကလေးကဲ့သို့ ကွာခြားလွန်းလေသည်။
ကွာခြားမှုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်လေသည်။ စူးကျားပေါင် အိမ်ပိုင်ရှင်က သူ့ကို ဒုက္ခရောက်အောင် လုပ်မည် ဆိုလျှင်ပင် ဆန်းလျန်ကတော့ ထွက်ပြေးမည် မဟုတ်ပါ။ သူ ယခုကဲ့သို့ လုပ်လိုက်ရခြင်းမှာ ရန်သူအကြောင်းကို မသိဘဲ ထိပ်တိုက် ရင်ဆိုင်ရသည်ထက် ရန်သူ၏ ရည်ရွယ်ချက်ကို သိရှိနားလည်ပြီး ရင်ဆိုင် တိုက်ခိုက်ရသည်က ပိုပြီးကောင်းသည်ဟု ခံယူ ထားသောကြောင့် ဖြစ်လေသည်။
“မင်းပြောတဲ့ စကားတွေကို ကျုပ်သဘောကျတယ် ကောင်လေး။ ဒါပေမယ့် မင်းတို့ နှစ်ယောက်ကတော့ သာမန် ပုဂ္ဂိုလ်တွေပဲ။ မင်းတို့ သွားလို့ရပြီ။ ဒါပေမယ့် ဒီကောင်လေးကတော့ နေခဲ့ရမယ်”
စူးကျားပေါင် အိမ်ပိုင်ရှင်က လက်တစ်ဖက် ဝှေ့ယမ်း လိုက်သည်နှင့် ရှောင်းကျူနှင့် ကူဟွေ့ ဆရာတော်တို့မှာ အမည်မသိ နေရာတစ်ခုသို့ ရောက်ရှိသွားလေသည်။ သူတို့နှစ်ယောက်မှာ လေထဲတွင် မျောလွင့် သွားသကဲ့သို့ လွင့်စဉ်ထွက်သွား လေတော့သည်။
ပန်းဥယျာဉ်လေးထဲတွင်တော့ စူးကျားပေါင် အိမ်ပိုင်ရှင်နှင့် ဆန်းလျန်သာ ကျန်ရစ်ခဲ့လေသည်။
“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျုပ်က လူတစ်ယောက်ကို အကြွေးတင်သွားခဲ့တယ်။ သူ့အကြွေးကို ဆပ်ဖို့ မင်းကိုဓားသိုင်း သင်ပေးရမယ်လို့ အဲဒီလူက ကျုပ်ကို တောင်းဆိုခဲ့တယ်။ အဲဒါသိပ်တော့ မလွယ်လှဘူးလေ။ မင်းကို စမ်းသပ်ဖို့လိုတယ်။ ဟို တခြား လူနှစ်ယောက်ကတော့ ကံတရား အတိုင်းပဲပေါ့။ မင်းတို့ သုံးယောက်လုံးသာ ကျုပ်စမ်းသပ်တာကို အောင်မြင်ခဲ့ရင် မင်းတို့ သုံးယောက်လုံးကို ဓားသိုင်းပညာ သင်ပေးဖို့ ဆုံးဖြတ်ထားခဲ့တာ။ မင်းလည်း စမ်းသပ်မှုကို မအောင်မြင်ဘူးဆိုရင် မင်းကို ဓားသိုင်းသင်ပေးဖို့ ပြောထားတဲ့ သူကို ကျုပ်က လှောင်ပြောင်မိမှာပဲ”
စူးကျားပေါင် အိမ်ပိုင်ရှင်က ဆန်းလျန်ကို ဓားသိုင်းသင်ပေးရန် တောင်းဆိုခဲ့သည့် ပုဂ္ဂိုလ်ကို သဘောမကျသလို ပုံစံဖြင့် အေးစက်စက်ဖြင့် ရယ်မောလိုက်လေသည်။
“ဓားသိုင်းသင်ဖို့ကို ကျုပ်ဘက်က ငြင်းလို့ မရဘူးလား”
ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။
“ကောင်လေး။ အားလုံးကို မင်းဆန္ဒအတိုင်း လုပ်လို့မရဘူး။ မင်းက ကိုယ်သာလျှင် ကိုယ့်ဘဝ သခင် ဖြစ်ချင်တယ်ဆိုရင် အဲဒီအဆင့်ရောက်ဖို့ မင်းအများကြီး လိုသေးတယ်ကွဲ့”
အိမ်ပိုင်ရှင်က ဆန်းလျန်ကို အထင်သေးသည့် ပုံစံဖြင့် ပြောလိုက်လေသည်။
“ဒါဖြင့်လည်း အခု သင်ပေးတော့လေ။ ဘာလို့ အချိန်ဖြုန်းနေမှာလဲ”
ဆန်းလျန်က အိမ်ပိုင်ရှင်ကို အကြောက်အလန့်မရှိ စူးစိုက် ကြည့်လိုက်ပြီး ပြောလိုက် လေတော့သည်။
“ကျုပ်ရဲ့ ဓားသိုင်းပညာကို လွယ်တယ်များ မင်းက ထင်နေတာလား။ အပေါ်ယံလေး သိဖို့တောင် မလွယ်ကူလှဘူး။ ကျင့်စဉ်လမ်းကို လေ့ကျင့်နိုင်ဖို့ အန္တရာယ် ကင်းကင်းနဲ့ အသက်ရှင်နိုင်ဖို့ လိုတယ် မဟုတ်လား။ ကျုပ်က မင်းစိတ်ကို စမ်းသပ်ပြီးပြီပဲ။ မင်းက သတ္တိမရှိတဲ့ကောင် ဖြစ်နေရင်တောင်မှ ကိုယ့်အသက် ကိုယ်တော့ ကာကွယ်နိုင်ဖို့ လိုတယ်လေ"
အိမ်ပိုင်ရှင်မှာ ပြောရင်း ချောင်းများ ဆိုးလာပြန်လေသည်။
“ခင်ဗျား ကြည့်ရတာ နေမကောင်းသလိုပဲ။ ခင်ဗျား ရောဂါတစ်ခုခု ခံစားနေရတာ များလား"
“မင်း ဘာနားလည်လို့လဲ။ ကျင့်ကြံသူ ဆယ်ယောက်မှာ ကိုးယောက်က ကျုပ်လိုမျိုး ရောဂါရပါစေလို့ ဆုတောင်း နေကြတာ။ လူ့လောကကြီးက မကောင်းမှုတွေနဲ့ ညစ်ပေနေတာ။ ကျုပ်တို့လို သန့်စင်တဲ့ အဆင့်မြင့် ကျင့်စဉ်လမ်းကို ရောက်နေတဲ့ သူတွေအတွက် နေဖို့ မသင့်တော်ဘူး။ ဒီလောကရဲ့ ညစ်ညမ်းတဲ့ လေတွေကို ရှူရှိုက်ရတာ တကယ်ပဲ မကောင်းဘူး။ ပြီးတော့ မင်းက တကယ့် ပါရမီရှင်ပဲ။ ဘယ်ကျင့်စဉ် လမ်းကိုပဲရွေးရွေး မင်းအနေနဲ့ အောင်မြင်ဖို့ မခဲယဉ်းဘူးဆိုတာ အာမ ခံရဲတယ်။ ဒါပေမယ့် မင်းဘဝ တစ်လျှောက်လုံး ကြိုးစားရင်တောင် ကျုပ်ခြေဖျားကို မီမယ်မထင်နဲ့”
ထိုစကားကို ပြောနေချိန်တွင် စူးကျားပေါင် အိမ်ပိုင်ရှင်မှာ ကြွားဝါ ပြောဆိုသည့်ပုံ မပေါက်ဘဲ ပုံမှန်အတိုင်းပင် ပြောနေခြင်း ဖြစ်လေသည်။
“အပြောကတော့ ကြီးလိုက်တာ။ ဒါပေမယ့် သူ့ကိုကြည့်ရတာ ကျင့်ကြံသူလောကမှာ အတော် နာမည်ကြီးမယ့် ပုံပဲ။ သူ့ကို ငါ့အတွက် ဓားသိုင်းသင်ပေးဖို့ ဘယ်သူကများ တောင်းဆိုလိုက်ပါလိမ့်။ ဟို ရှင်းမျိုးနွယ် သားအဖများ ဖြစ်နေမလား မသိဘူး”
ဟု ဆန်းလျန် တွေးတော နေမိလိုက်လေသည်။
ဆန်းလျန်မှာ ကျင့်ကြံသူ လောကတွင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သိရှိခြင်း မရှိပေ။ သူ့ရှေ့တွင် ထိုင်နေသည့် ပုဂ္ဂိုလ်မှာလည်း မည်မျှ အစွမ်းထက်ကြောင်း သူမသိပေ။ ရှင်းစစ်စစ်နျန်တို့ သားအဖ၏ စွမ်းရည်မှာလည်း မည်မျှ ထက်မြက်ကြောင်း သူ မခန့်မှန်းတတ်ပေ။
“ကျုပ်မှာ ရွေးချယ်စရာ မရှိဘူး ဆိုရင်လည်း ဆက်ပြီးသာ လုပ်ပါတော့”
ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေတော့သည်။
***
စန်းကျား ခံတပ်နှင့် မိုင်သုံးဆယ် အကွာတွင် တောင်ကုန်းလေးတစ်ခု ရှိလေသည်။
ထို တောင်ကုန်းလေးနားတွင် ကောပီသုံးဖော် ရောက်နေကြလေသည်။ ကောပီသုံးဖော်နှင့် မနီးမဝေးသို့ ရှောင်းကျူနှင့် ကူဟွေ့ ဆရာတော်တို့ ရောက်လာ ကြလေသည်။
“ဆရာတော် ကူဟွေ့။ ရှင့်ဘဝမှာ လူပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ ဖူးတာပဲ။ အဲဒီလူက ဘယ်သူလဲ ဆိုတာ ရှင်သိလား”
ရှောင်းကျူက အေးစက်စက်ဖြင့် မေးလိုက်လေသည်။
“ရှောင်းမိန်းကလေး။ မင်းတို့မိသားစုက တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းဆွယ်ရဲ့ မျိုးဆက်တွေပဲ။ မင်းကကျုပ်ထက် ပိုသိမှာပေါ့”
ဟု ကူဟွေ့ဆရာတော်က ပြန်ပြောလိုက်လေသည်။
***