တံခါးလေးခု
Vol. 1 Ch. 55
"အခြားသူတွေတော့ မလုပ်နိုင်ဘူး။ ဒါပေမယ့် ကျုပ်ရဲ့ စွမ်းရည်နဲ့ဆိုရင်တော့ လုပ်ပေးနိုင်မှာ သေချာတယ်။ မင်း ဘယ်လိုထင်လဲ ညီမလေးကျူ"
တောင်ကုန်းထက်မှ ထွက်ပေါ်လာသည့် တည်ငြိမ်သည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။
ရှောင်းကျူမှာ ရုတ်တရက် အံ့သြတုန်လှုပ် သွားရလေသည်။ သူမ မော့ကြည့်လိုက်သည့် အခါတွင်တော့ လေများ တိုက်နေသည့် တောင်ကုန်းထက်တွင် ဘီးတပ် ကုလားထိုင်ဖြင့် ထိုင်နေသည့် လူငယ် တစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူ၏ အဝတ်အစားများမှာ လေထဲတွင် လွင့်နေပြီး သူ၏ မျက်ခုံးနှစ်ခုကြားရှိ အနီရောင် အစက်လေးမှာ ကြယ်စင်ကဲ့သို့ တောက်ပနေလေသည်။
"ရဲ့လျိုယွင်"
ရှောင်းကျူ နာမည်တစ်ခုကို ရေရွတ် လိုက်မိလေသည်။
ရဲ့လျိုယွင်သည် သူ၏ ဇနီးလောင်းဖြစ်သူ ရှောင်းကျူကို စိုက်ကြည့် နေလေသည်။
ဘီးတပ် ကုလားထိုင် လက်ကိုင်ထဲမှာ ငွေရောင် ချိတ်ကောက်နှစ်ခု ပျံသန်း ထွက်ပေါ်လာပြီး ရှောင်းကျူ ရှေ့ရှိ မြေကြီးပေါ်တွင် စိုက်ဝင်သွားလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရဲ့လျိုယွင်သည် ရှောင်းကျူရှေ့သို့ ရောက်ရှိလာလေတော့သည်။ ထို့နောက် ရဲ့လျိုယွင်က ချိတ်ကောက်များကို ပြန်သိမ်း လိုက်လေသည်။
ရှောင်းကျူမှာ သာမန် မိန်းကလေးများထက် အရပ်အနည်းငယ် ပိုမြင့်လေသည်။ ရဲ့လျိုယွင် သူမကို ကြည့်သည့်အခါ အနည်းငယ် မော့၍ ကြည့်ရလေသည်။
သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း….
"မင်း အရင်ကတည်းက ကျုပ်ကိုအမြဲ လိုက်နှောင့်ယှက်နေတာပဲ။ ကျုပ်တစ်ခါမှ စိတ်မဆိုး ခဲ့ဘူး။ ဒီတစ်ခါတော့ ရေခဲကျောက်စိမ်းကို မင်းယူသွားတာ ကျုပ်ကို ချင်းရွှမ် နတ်တံခါးရဲ့ တပည့် ရွေးပွဲမှာ ကျရှုံး စေချင်လို့လား"
"ရှင်က အမြဲတမ်း နတ်ဘုရားတစ်ပါး ဖြစ်ဖို့ အလားအလာ ကောင်းတွေနဲ့ မွေးဖွားလာတယ်လို့ ပြောလေ့ရှိတယ်။ ဒါဆိုရင် တပည့်ရွေးပွဲမှာ ဘယ်လိုလုပ် ကျရှုံးနိုင်မှာလဲ"
ရှောင်းကျူက ရဲ့လျိုယွင်ကို ငုံ့ကြည့်လိုက်ရင်း ပြောလိုက်လေသည်။
သူမ၏ မျက်နှာက ပြုံးထားသော်လည်း သူမ၏ မျက်ဝန်းများက ရဲ့လျိုယွင်၏ ခြေထောက်များ ဆီမှ မခွာနိုင် ဖြစ်နေလေသည်။
ခြေထောက်မသန်သည့် လူတစ်ယောက်အတွက် ခြေထောက်ကို စိုက်ကြည့်ခြင်းမှာ စော်ကား ခြင်းပင် ဖြစ်လေသည်။
သို့သော် ရဲ့လျိုယွင်က စိတ်ဆိုး ဒေါသထွက်ခြင်း မရှိပါ။
"ပွဲမဝင်ခင် ပြင်ဆင်ထားတော့ သိပ်ပြီးစိတ်မပူ ရတော့ဘူးပေါ့။ ပြီးတော့ ဒီတပည့် ရွေးပွဲကို တစ်ခါမှ ကြုံဖူးတာမျိုး မဟုတ်ဘူးလေ။ အဲဒါက ဘယ်လောက် ခက်ခဲမလဲဆိုတာ ဘယ်သိနိုင်မှာလဲ။ တကယ်လို့များ နောက်ဆုံးအဆင့်မှာ ခြေချော်လက်ချော် ဖြစ်ခဲ့ရင်တောင် ရေခဲကျောက်စိမ်းက ကျုပ်ကို ကူညီနိုင်တယ်လေ"
"အဲဒီပစ္စည်းနဲ့ ဆိုရင် ရှင်လမ်းလျှောက် နိုင်မှာလား"
ရှောင်းကျူ၏ ချောမောလှပသည့် မျက်နှာလေးတွင် မထီမဲ့မြင် အမူအရာများ ဖြတ်သန်း သွားလေသည်။
"ဒေါသ ထွက်မနေနဲ့တော့။ ရေခဲကျောက်စိမ်း ကျုပ်ကိုပေးပါ"
ရဲ့လျိုယွင်က ဦးညွှတ်လိုက်ရင်း ပြောလိုက်လေသည်။ ရဲ့လျိုယွင်မှာ မည်သူ့ကိုမျှ ဦးမညွှတ် တတ်ပေ။ သို့သော် ရှောင်းကျူကတော့ အခြား သူများနှင့် မတူဘဲ ခြားနားလေသည်။
"ဒါဖြင့် ကျွန်မရှင့်ကို ကျောက်စိမ်းပြန်ပေးမယ်။ ရှင့်ဘက်က ကျွန်မနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်း ပေးရမယ်"
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲဆိုတော့ မင်းက ရှောင်းကျူ ကျုပ်က ရဲ့လျိုယွင်။ ကျုပ်တို့ ပန်းတိုင်က အတူတကွ လျှောက်လှမ်းဖို့ပဲ"
ရဲ့လျိုယွင်က မော့ကြည့်ပြီး ပြောလိုက်လေသည်။
သူက သူမကို ငေးကြည့်နေမိလေသည်။ သူ၏ မျက်ဝန်းများမှာ ရေကန်နက်နက် နှစ်ခုကဲ့သို့ နက်ရှိုင်း လွန်းနေလေသည်။ ထိုမျက်ဝန်းများ နောက်ကွယ်တွင် မည်သူမျှ မသိနိုင်သည့် လျှို့ဝှက်ချက် များကို ဖုံးကွယ်ထားပြီး ဝမ်းနည်းရိပ်များ သန်းနေလေသည်။
ကမ္ဘာပေါ်ရှိ ကိုးဆယ့်ကိုး ရာခိုင်နှုန်းရှိသော မိန်းကလေးများမှာ ရဲ့လျိုယွင်၏ အကြည့်ကို တွန်းလှန်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ သို့သော် ရှောင်းကျူဆိုသည်က ကျောက်သားကဲ့သို့ အသည်းနှလုံး မာကျောသော မိန်းကလေးဖြစ်လေသည်။
"ရဲ့လျိုယွင် ကမ္ဘာပေါ်မှာ ရှိသမျှ မိန်းကလေးတိုင်းက ရှင့်ကို သဘောကျကြမယ်။ ရှင့်ကို သနားကြမယ်လို့ ရှင်ထင်ချင် ထင်နေမှာပေါ့။ ဒါပေမယ့် ရှင့်ကို ပြောပြမယ်။ ကျွန်မကတော့ အဲဒီလို မဟုတ်ဘူး။ ကျွန်မမှာ သဘောကျတဲ့ သူတစ်ယောက် ရှိတယ်"
"အဲဒီလူက ဘယ်သူလဲ။ ကျုပ်သူ့ကို သတ်ပစ်မယ်"
ရဲ့လျိုယွင်က တစ်လုံးချင်း ပြောလိုက်လေသည်။
သို့သော် ရှောင်းကျူထံမှ ထိုကဲ့သို့သော စကားမျိုးကို ကြားရသည့်တိုင် သူက ရှောင်းကျူကို ဒေါသ မထွက်နိုင်ခဲ့ပါ။
"သူ့နာမည်က ဆန်းလျန်တဲ့"
ရှောင်းကျူက ချစ်စဖွယ်ပြုံးရင်း ပြောလိုက်လေသည်။
"သူဆိုရင်တော့ ကျုပ် မအံ့သြတော့ပါဘူး။ ဒါနဲ့ မင်းတို့နှစ်ယောက် ဘယ်လို ဆုံဖြစ်ကြတာလဲ"
ရှောင်းကျူက စူးကျားပေါင် တည်ရှိရာ အရပ်ကို လက်ညှိုး ထိုးပြလိုက်လေသည်။
"အဲဒီနေရာမှာ ရောက်နေတဲ့ သူ့ကို ရှင်သွားပြီး စိန်ခေါ်ရဲသလား"
သူမညွှန်ပြသည့် နေရာတွင် စူးကျားပေါင် အိမ်တော်၏အလံ လွှင့်တင်ထားသည်ကို မြင်တွေ့ နိုင်လေသည်။
ကူဟွေ့ ဆရာတော်က သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း ဝင်ပြော လိုက်လေသည်။
"ရဲ့သခင်လေး ရှောင်းမိန်းကလေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့။ သူက ဒီနေ့မှ ဆန်းလျန်နဲ့ စတွေ့ဖူးကြတာပါ။ ပြီးတော့ အဲဒီနေရာမှာ အရမ်းထူးဆန်းတဲ့ လူတစ်ယောက် ရှိတယ်။ ကြည့်ရတာ နတ်ဘုရားတစ်ပါး ဖြစ်ပုံရတယ်"
ရဲ့လျိုယွင်မှာ မာနကြီးသူတစ်ယောက် ဖြစ်သည်ကို ကူဟွေ့ဆရာတော်က ကောင်းကောင်း သိလေသည်။ သူ့ကို "မလုပ်နဲ့" ဟု ပြောသည့် ကိစ္စကို ကျိန်းသေဖြစ်အောင် လုပ်တတ်လေသည်။ ထို့ကြောင့် သူကိုယ်တိုင် ဆုံးဖြတ်ချက် ချခိုင်းခြင်းက ပိုပြီး သင့်တော်လေသည်။
ရဲ့လျိုယွင်က ကူဟွေ့ဆရာတော်ကို လှမ်းကြည့်လိုက်ပြီး ရယ်မောလိုက်လေသည်။
"ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှုပ်ထွေးနေတာနဲ့ပဲ ဆရာတော်ကိုတောင် မနှုတ်ဆက်နိုင်ဘူး ဖြစ်သွားတယ်။ ကျွန်တော် ရိုင်းပြသွားရင် တောင်းပန်ပါတယ် ကူဟွေ့ဆရာတော်"
"တောင်းပန်စရာ မလိုပါဘူး။ ကျုပ်တို့က ခင်မင်ကြတာပဲ။ ဒီနှလုံးသားရေးရာ ကိစ္စတွေကို နားလည်မှု ရှိပါတယ်"
ကူဟွေ့ ဆရာတော်မှာ ခပ်မတ်မတ် မတ်တတ်ရပ်နေခြင်း ဖြစ်ပြီး သူ၏ ဘုန်းတော်ကြီးဆောင်း ဦးထုပ်မှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေလေသည်။ သူက ဆန်းလျန်၏ အခြေအနေကို သိချင်နေမိ လေသည်။ ဆန်းလျန်မှာ စူးကျားပေါင် အိမ်ပိုင်ရှင်ထံမှ သင်ကြားမှုကို ရရှိ နိုင်ပါမည်လား စဉ်းစား နေမိလေသည်။
သိုင်းပညာနှင့် ကျင့်ကြံသူ လမ်းစဉ်မှာ များစွာကြိုးစား အားထုတ်ရလေသည်။ မိသားစု နောက်ခံ အင်အားမှာလည်း အရေးကြီးသည့် အချက်တစ်ချက် အဖြစ် ပါဝင်လေသည်။
"ကောင်းပြီလေ။ အဲဒီလူက ပိုပြီး အစွမ်းရှိတာနဲ့ ရှင်က အဲဒီကို မသွားရဲတော့ဘူးပေါ့"
ရှောင်းကျူက ပြောလိုက်လေသည်။
ရဲ့လျိုယွင်က စူးကျားပေါင် အိမ်ရှိရာ နေရာကို ငေးကြည့်ရင်း…
"အဲဒီနေရာကို ကျုပ်သိပါတယ်။ အဲဒီနေရာက ပုံမှန်ဆို ဘာမှမရှိတဲ့ လယ်ကွင်းကြီးပဲ"
ဟု ပြောလိုက်လေသည်။
ရှောင်းကျူက ရယ်မောလိုက်ပြီး…
"ရှင်က သူရဲဘောကြောင်တဲ့ သူပဲ"
ဟုပြောဆိုလိုက်လေသည်။
"ဒါပေမယ့် အဲဒီနေရာမှာ တစ်ခုခု ဖြစ်နေတယ် ဆိုရင် ကျုပ်ကဘာလို့ မသွားရဲရမှာလဲ"
စကား ပြောနေရင်းနှင့်ပင် ရဲ့လျိုယွင်၏ လက်ချောင်းများက အလင်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး ရှောင်းကျူ ခန္ဓာကိုယ်ရှိ သွေးကြောများကို ပိတ်လိုက် လေတော့သည်။
သူ၏ သိုင်းပညာမှာ ဆန်းလျန်နှင့် နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ပြီးသည့် နောက်ပိုင်း မယုံကြည် နိုင်လောက်အောင် တိုးတက် လာခဲ့လေသည်။ ရှောင်းကျူမှာ ခေါင်းထဲတွင် မိုက်ခနဲ တစ်ချက် ဖြစ်သွားပြီး သတိလစ်သွား လေတော့သည်။ သူမသည် ရဲ့လျိုယွင်၏ ထိန်းချုပ်မှုအောက်သို့ လုံးဝကျရောက် သွားလေတော့သည်။
ကူဟွေ့ ဆရာတော်က ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။
လူငယ် နှစ်ယောက်လုံးမှာ နတ်ဘုရားကျင့်စဉ် လမ်းသို့ သွားရောက်မည့် သူများ ဖြစ်လေသည်။ သူတို့နှစ်ယောက် ရင်ဆိုင် တိုက်ခိုက်သည်ကို ကြည့်ရန်အတွက် အခွင့်အရေးကောင်းကို လက်လွှတ်ခံရန် မဖြစ်နိုင်ပေ။
***
အထီးကျန်နေသည့် ပန်းဥယျာဉ်ငယ်လေး ပေါ်တွင် လမင်းက ထွန်းလင်းနေလေသည်။ လရောင်သည် ရေတွင်းထဲတွင် မပီမပြင် အရိပ်ထင်နေ လေသည်။
ဆန်းလျန်မှာ ပန်းဥယျာဉ်ထဲမှ ထွက်ခွာသွားလေသည်။ ဆန်းလျန်အတွက် ဒုတိယ စမ်းသပ်မှုမှာ ပန်းဥယျာဉ်ထဲမှ ထွက်ခွာသွားရန် ဖြစ်လေသည်။
ဆန်းလျန်မှာ သူ၏ သွေးခုန်နှုန်းကို ခံစားနေရလေသည်။ နာရီလက်တံ သွားနေသကဲ့သို့ စက္ကန့်တိုင်း၊ မိနစ်တိုင်း ဖြတ်သန်းသွားနေကြလေသည်။
သူတို့သုံးယောက်ကို ထမင်းစား ဖိတ်ပြီးသည့် နောက်ပိုင်း ဒုတိယ စမ်းသပ်မှုက အချိန် လိုအပ်သည်ဟု စူးကျားပေါင် အိမ်ပိုင်ရှင်က ပြောခဲ့လေသည်။
ဆန်းလျန်အတွက် ဘာမှလုပ်စရာ မလိုပါ။ စောင့်ရန်သာ လိုအပ်လေသည်။
သူက ညပိုင်းအချိန်ကို ဖြတ်သန်းပြီး နံနက်နေထွက် လာသည်ကို စောင့်ရန်သာ ဖြစ်လေသည်။
အိမ်ပိုင်ရှင် ထွက်သွားပြီးသည့် နောက်ပိုင်း သူ့တွင် ဆယ့်ရှစ်နာရီ အချိန်ရလေသည်။
သူစားထားခဲ့သည့် ညစာမှာ တဖြည်းဖြည်း အစာကျေလာပြီ ဖြစ်လေသည်။
သို့သော် လမှာ ပျောက်ကွယ်သွားခြင်းတော့ မရှိသေးပေ။ လရောင် ပျောက်ကွယ်သွားလျှင်ပင် အရုဏ်ဦး နေထွက်ချိန်သို့ ရောက်မည့်ပုံ မပေါ်သေးပေ။
ပန်းဥယျာဉ်ငယ်လေး တစ်ခုလုံးမှာ တကယ်ပင် အစစ်အမှန် ဖြစ်လေသည်။ မြက်ရနံ့များနှင့် ပန်းရနံ့များ။ ရေစီးနေသံများမှာ စိတ်ကူးပုံဖော် ထားခြင်းနှင့် မတူညီပေ။
သို့သော် ထူးဆန်းသည့် ကိစ္စတစ်ခု ရှိလေသည်။ မည်သည့် ပိုးကောင်မွှားကောင် အော်မြည်သံ ကိုမျှ မကြားရခြင်း ဖြစ်လေသည်။
ပိုးကောင်မွှားကောင် ဆို၍ ပုရွက်ဆိတ် တစ်ကောင်ပင် မရှိပေ။
ဆန်းလျန်၏ ဝိညာဉ်မျက်လုံးမှာ အသေးမွှားဆုံးသော အရာကိုပင် မြင်တွေ့ နိုင်လေသည်။ သို့သော မည်သည့်သက်ရှိ သတ္တဝါကိုမှ သူမြင်တွေ့ရခြင်း မရှိပေ။
တစ်ချက်တစ်ချက် လေတိုက်သံမှ လွဲပြီး မည်သည့် အသံမျှ ကြားရခြင်း မရှိပေ။
ထိုသို့သော အခြေအနေတွင် တစ်နာရီမျှ နေရခြင်းကပင် စိတ်မသက်မသာ ဖြစ်စေလေသည်။ ဆယ့်ရှစ်နာရီကြာမျှ တောင့်ခံ ထားရမည့် ဆန်းလျန်အတွက်တော့ ပြောစရာပင် မရှိတော့ပေ။
ဆန်းလျန် တရားထိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့စိတ်များမှာ အလွန်အမင်း ကြည်လင် နေပြီး တရားထိုင်ချင်သည့် စိတ်လည်းမရှိပေ။
အထီးကျန်မှုက ဆန်းလျန်၏ နှလုံးသားထဲသို့ စိမ့်ဝင်လာလေသည်။ ဤကဲ့သို့သော အခြေအနေ တွင် သူကိုယ်တိုင်မှာလည်း အခြားသော သက်မဲ့အရာများ ဖြစ်သည့် မြက်ပင်များ၊ သစ်ပင်များ၊ ဝါးပင်များ၊ ကျောက်တုံးများကဲ့သို့ပင် ခြားနားမှုမရှိ ဖြစ်နေလေသည်။
အလွန်အမင်း တိတ်ဆိတ်ငြိမ်သက် နေခြင်းက ပျင်းစရာလည်း ကောင်းလေသည်။ လူတစ်ယောက်အတွက် ကြောက်စရာ အကောင်းဆုံးရန်သူမှာ "အထီးကျန်ခြင်း" ပင် ဖြစ်လေသည်။
ဆန်းလျန်မှာ သူ့အနားတွင် စကားပြောရန် တစ်ယောက်ယောက်ကို တောင့်တနေမိလေည်။ အနည်းဆုံးတော့ ကြောင်တစ်ကောင် သို့မဟုတ် ပိုးမွှားလေးတစ်ကောင် ဖြစ်ဖြစ်ပေါ့လေ။
သူ့အတွက် အဖော် ပြုပေးမည့်သူ လိုအပ်နေခြင်း ဖြစ်လေသည်။
သို့သော် သူ့ကို အဖော်ပြုပေးနေသည့် အရာများမှာ လရောင်နှင့် တိုက်ခတ်လာသည့် လေသာ ရှိလေသည်။
လရောင် အနည်းငယ် ပြောင်းလဲသွားသည်မှ လွဲ၍ ပန်းဥယျာဉ်လေးထဲတွင် မည်သည့် ပြောင်းလဲမှုမှ မရှိပါ။
လေမှာ အရပ်လေးမျက်နှာမှ တိုက်ခတ်နေခြင်း ဖြစ်လေသည်။ တိုက်ခတ်နေသည့် လေ၏ အရှိန်မှာလည်း ခြားနားမှု မရှိ အတူတူပင် ဖြစ်လေသည်။
အတိအကျ ပြောရလျှင် ပန်းဥယျဉ်လေး၏ လေးဖက်လေးတန်မှ ရှုမျှော်ခင်းများမှာလည်း အတူတူပင် ဖြစ်လေသည်။ မတူညီသည့် အချက်မှာ လရောင်က ဦးတည်ရာ ပြောင်းလဲသွားခြင်းကြောင့် လရိပ်များ ပြောင်းလဲသွားရခြင်းသာ ဖြစ်လေသည်။
ဆန်းလျန်ထိုင်ရာမှ ထလိုက်ပြီး အရပ်မျက်နှာ တစ်ခုဆီသို့ လမ်းလျှောက် သွားလိုက်သည်။ သူက ပန်းပင်များနှင့် ချုံပုတ်များကို ဖြတ်သန်း သွားလိုက်သည့် အခါတွင်တော့ ထူထပ်သည့် မြူခိုးများကို မြင်ရလေသည်။
သူ့ခြေထောက် အောက်တွင်တော့ အစိမ်းရောင်စင်္ကြံလမ်းလေး တစ်ခုကို တွေ့ရလေသည်။ သူက တည်ငြိမ်သည့် ခြေလှမ်းများဖြင့်ရှေ့ဆက်လှမ်းလိုက်သည်။
ထူထပ်သည့် မြူခိုးများ နောက်ကွယ်တွင်တော့ တံခါးပေါက်လေးခု ရှိနေလေသည်။
***