ကျန့်သောက်တုကျွင်းဓားသိုင်း
Vol. 1 Ch. 56
တံခါးလေးခုလုံးမှာ ပုံသဏ္ဌာန် အတူတူပင် ဖြစ်လေသည်။
တံခါးအားလုံးမှာ ပွင်နေကြလေသည်။ တံခါး အနောက်ဘက်တွင် ရှိသည့် အရာများကို မြင်တွေ့နိုင်လေသည်။
တံခါးကို မဝင်ခင် စင်္ကြံလမ်း အပြင်ဘက်မှပင် တံခါးများ အတွင်းသို့ မြင်နိုင်လေသည်။
ဘယ်ဘက်မှ ပထမဆုံးတံခါးမှာ ရုတ်တရက် ပိတ်သွားပြီး ဒုတိယတံခါးက ပွင့်နေလေသည်။ ဆန်းလျန် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ဒုတိယတံခါးဆီသို့ လမ်းလျှောက် ဝင်သွားလေတော့သည်။
မြင်ကွင်းမှာ တောက်ပနေပြီး အပြင်ဘက်တွင် သူမြင်တွေ့ခဲ့ရသည့် စင်္ကြံလမ်းကိုပင် မြင်တွေ့ လိုက်ရလေသည်။
ထူးထူးခြားခြား ရင်းနှီးသည့်ပုံစံ ရှိသည့် လူတစ်ယောက်သည် စင်္ကြံလမ်းပေါ်တွင် ထိုင်နေ လေသည်။ သူက တင်ပျဉ်ခွေချိတ်ပြီး ထိုင်နေခြင်း ဖြစ်လေသည်။
ထိုသူမှာ မည်သူဖြစ်သည်ဟု သိလိုက်ရသည့် အချိန်တွင်တော့ ဆန်းလျန်မှာ အံ့သြတုန်လှုပ် သွားရလေသည်။ ထိုသူမှာ သူကိုယ်တိုင်ပင် ဖြစ်နေသည် မဟုတ်ပါလား။ သို့သော် ဆယ်ကျော်သက် လူငယ် တစ်ယောက်တော့ မဟုတ်တော့။ လူကြီးတစ်ယောက် ဖြစ်နေပြီ ဖြစ်လေသည်။
ထိုသူက မျက်လုံးကို ဖွင့်ကြည့်လိုက်ပြီး ဆန်းလျန် ရောက်ရှိနေသည်ကို သတိထားမိ သွားသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး ကျုပ် ဘယ်သူ့ကိုမှ စကားမပြောခဲ့ဘူး။ ကျုပ်စပြီး စကားပြောခွင့် ရတဲ့သူက ကျုပ်ကိုယ်တိုင် ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး"
ထိုသူက အံ့သြသည့်ဟန် မပြဘဲ ခပ်ဖြည်းဖြည်း ပြောလိုက်လေသည်။
ဆန်းလျန်က ကောင်းကင်ထက်ရှိ လမင်းကို တစ်ချက် ကြည့်လိုက်သည်။ လေနှင့်မြက်ပင်များ၏ လှုပ်ရှားသံကို တစ်ချက်နားထောင် လိုက်သည်။
"ဒါဖြင့် ဒီပန်းဥယျာဉ်ထဲက ကျုပ်မှာ လွတ်လမ်းမရှိတော့ဘူးလို့ ပြောချင်တာပေါ့"
ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။
"အမှန်ပဲ။ ကျုပ်တို့မှာ လွတ်လမ်း မရှိဘူး"
"ခင်ဗျားက တကယ်ပဲ ကျုပ်သာဆိုရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် လိမ်နေရတာလဲ"
ဆန်းလျန်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ဘာလို့ လမင်းက မရွေ့လျားတာလဲ။ ဘာလို့ အရပ်လေးမျက်နှာက တိုက်ခတ်လာတဲ့ လေတွေ က တူညီနေရတာလဲ။ လေတိုက်ခတ်ရာ အရပ်နဲ့ လမင်းရဲ့ တည်ရှိမှုက သက်ဆိုင်မှု မရှိသလို မှန်းဆလို့လည်း မရဘူး။ မင်းဒီနေရာကိုပဲ ပြန်ရောက်လာမှာပဲ"
ထိုသူက ဆန်းလျန်ကို နီးကပ်စွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
သူ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းကြေကွဲမှု။ စိတ်ရှုပ်ထွေးမှု များဖြင့် ပြည့်နေလေသည်။
"ဒါဆို ဆယ်နှစ်လုံးလုံး ကျုပ်ဘယ်လို အသက်ရှင်နေတာလဲ"
"ဒီလိုနေရာက အစာမရှိ ရေမရှိလဲ အသက်ရှင်သန်လို့ ရတဲ့နေရာ ဖြစ်နေလို့ပေါ့"
ထိုသူက ပြန်ပြော လိုက်လေသည်။
"ဒီနား ပတ်ဝန်းကျင်က အပင်တွေက စားလို့ ရတယ်လေ။ ရေလည်းရှိတယ်။ အစားအသောက် အတွက် ဘာများ ပူစရာရှိလို့လဲ"
ဆန်းလျန်က ပြောလိုက်လေသည်။
ထိုသူက ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ပန်းဥယျာဉ်ထဲသို့ ပစ်ပေါက်လိုက်သည်။ ကျောက်တုံးမှာ ကောင်းကင်ထက် ပျံဝဲသွားပြီး ချုံပုတ်နှင့် ပန်းပင်များပေါ်သို့ ကျသွားလေသည်။ သို့သော် မည်သည့် အပင်မျှ ပျက်စီးကြေမွ သွားခြင်းမျိုး မရှိပေ။
ပန်းပွင့်လွှာများ။ သစ်ကိုင်းများကြားမှ ရေထဲသို့ လိမ့်ဆင်းသွားသည့် ကျောက်တုံးကို ဆန်းလျန် ကြည့်နေလေသည်။ ကျောက်တုံးက ရေထဲသို့ ကျရောက်သွားသည့်တိုင် ရေပြင်က လှိုင်းဂယက်ထခြင်း မျိုး မရှိပေ။
ပန်းဥယျာဉ်လေးမှာ သုံးဖက်မြင် ဖန်ဆင်းထားသည့် ပုံရိပ်နယ်ပယ် တစ်ခုမျှသာ ဖြစ်လေသည်။
"ဒါတွေအားလုံးက အတုအယောင်တွေပဲ"
ဆန်းလျန်က ပြောလိုက်လေသည်။
"ကျုပ်ကတော့ အစစ်အမှန်ပါ။ ပြီးတော့ ကျုပ်နောက်ထပ် ဘာလုပ်မလဲ မင်းသိလား"
ထိုသူက ဆန်းလျန်ကို မေးလိုက်လေသည်။
"ခင်ဗျား ဗိုက်ဆာရင်တော့ စားချင်တဲ့ ဟာရှိရင် ရှာစားမှာပေါ့"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
"ဒါပေမယ့် ဒီမှာ အားလုံးက အတုအယောင်တွေ ချည်းပဲလေ"
ထိုသူက ဆန်းလျန်ကို အလေးအနက် ပြောလိုက်လေသည်။
"ကျုပ်ကတော့ အစစ်အမှန်ပါပဲ။ ဒီတော့ ခင်ဗျားကျုပ်ကို စားလို့ ရတယ်လေ"
ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။
ထိုသူမှာ နောက်ဆယ်နှစ် အသက်ကြီးသွားသည့် ဆန်းလျန်ကိုယ်တိုင်သာ ဖြစ်နေလျှင် ထိုသူသာ ဆန်းလျန်ကို ပြန်စားလျှင် ကိုယ့်ကိုယ်ကိုယ် ပြန်စားနေခြင်းပင် ဖြစ်နေမည်ဟု တွေးမိကာ ရယ်မော လိုက်မိခြင်း ဖြစ်လေသည်။
ထိုအချက်မှာ အလွန်မှ မဆီလျော်သော အချက် ဖြစ်လေသည်။
လူသားစားသည် ဆိုသည့်အချက်မှာ အင်မတန်မှ ယုတ်မာရာ ကျလေရာ ကိုယ့်ကိုယ်ကိုယ် ပြန်စားမည် ဆိုလျှင် မည်သို့ ရှိမည်နည်း။
ထိုသူမှာ တင်ပျဉ်ခွေချိတ် ထိုင်နေရင်း လေထဲတွင် ပျံဝဲသွားလေသည်။
သူ၏ လက်နှစ်ဖက်တွင် လက်သည်းအရှည်များ ထွက်ပေါ်လာပြီး သူ့လက်ဖဝါးမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေလေသည်။ မမြင်ရသည့် လေဖိအားတစ်ခု ရုတ်တရက် ဖြစ်ပေါ် လာလေသည်။
ထိုလေဖိအားက ဆန်းလျန်၏ အင်္ကျီများကို ဆွဲယူနေသလို ခံစားလိုက်ရသည်။ ထိုလေဖိအားက ဆန်းလျန်ကို ထိုသူ၏ လက်သည်းများ ရှိရာသို့ ရောက်အောင် ဆွဲခေါ်သွားလေသည်။
ဆန်းလျန်မှာ လေသယ်ဆောင်ရာသို့ ပါသွားပြီး ပြန်လည်ခုခံ တိုက်ခိုက်၍ မရသောကြောင့် အံ့သြတုန်လှုပ် သွားရလေသည်။
လေသံမှာ အလွန်တိုးလျနေပြီး အနီရောင်အလင်းတန်း တစ်ခုကို မြင်တွေ့ရလေသည်။ ထို အလင်းတန်းမှာ လေနှင့်ရုပ်ခန္ဓာ အရာဝတ္ထုနှစ်ခု ပြင်းထန်စွာ ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပေါ် လာသည့် အလင်းတန်း ဖြစ်လေသည်။
လေဖိအားမှာ အလယ်တွင် မုန်တိုင်း ထန်သကဲ့သို့ ဖြစ်နေပြီး လက်သည်း အရှည်ကြီးများမှာ ဆန်းလျန်၏ ဝမ်းဗိုက်ဆီသို့ ထိုးစိုက် လာလေသည်။
ဆန်းလျန်၏ ဝမ်းဗိုက်မှာ ပွင့်ထွက်သွားလေသည်။ သွေးချင်းချင်း နီရဲနေသည့် ဆန်းလျန်၏ နှလုံးမှာ ပွင့်ထွက် လာလေသည်။
ထိုသူက လက်သည်းရှည်များဖြင့် နှလုံးကို ထုတ်ယူလိုက်ပြီး ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အစားအသောက်ကို မြင်တွေ့ရ သကဲ့သို့ စိုက်ကြည့် နေလေသည်။
ထိုသူက ဆန်းလျန်၏ နှလုံးကို ကိုင်ထားပြီး သစ်တော်သီး တစ်ခုအလား ကိုက်စား လိုက်လေ သည်။ နှလုံးမှ သွေးများမှာ ပန်းထွက် လာလေသည်။
"အရသာ ရှိလိုက်တာ"
ထိုသူက စားရင်း ပြောလိုက်လေသည်။
"အဲဒါကြီးကို စားပြီး အရသာရှိတယ်လို့ ဟန်ဆောင်ရတာ တော်တော်ခက်မှာပဲနော်"
ဆန်းလျန်က ပြုံးလိုက်ပြီး ငေါ့တော့တော့ လေသံဖြင့် ပြောလိုက်လေသည်။
ထိုသူမှာ တဖြည်းဖြည်း ရေစက်များအသွင် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေတော့ သည်။
အလင်းရောင် တစ်ချက်လက်ခနဲ ဖြစ်သွားပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ် သွားလေသည်။
ဆန်းလျန်မှာ ပန်းဥယျာဉ် ငယ်လေးထဲတွင် မူလအတိုင်းပင် ပြန်လည်ရောက်ရှိ နေလေသည်။
သို့သော် စင်္ကြံလမ်း ကြမ်းပြင်မှာ သန့်ရှင်းနေပြီး မည်သည့် ရေများမှ ရှိမနေပါ။
ဆန်းလျန်ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထိန်ထိန်သာနေသည့် လမင်းမှာလည်း ယခင်က နေရာမှာပင် တည်ရှိနေလေသည်။
အရပ် လေးမျက်နှာမှ လေတိုက်ခတ်နေသည့် ပုံသဏ္ဌာန်မှာလည်း အတူတူပင် ဖြစ်နေလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူလက်ရှိနေရာမှ လုံးဝ ထွက်သွားခဲ့ခြင်း မရှိသကဲ့သို့ ဖြစ်နေလေတော့သည်။
စိတ်ကို ထင်ယောင်ထင်မှားဖြစ်ပြီး ခြောက်ခြားအောင် လုပ်နေခြင်း ဖြစ်ကောင်းဖြစ်မည် ဖြစ်လေသည်။
ဆန်းလျန်၏ ဘေးတွင် စူးကျားပေါင် အိမ်ပိုင်ရှင် ပေါ်လာလေသည်။
"ဒါတွေကို တကယ်မဟုတ်ဘူးလို့ မင်းထင်နေတာလား"
သူက ပြုံးရင်း မေးလိုက်သည်။
"ပထမတံခါးပေါက်က သတ္တိ ဘယ်လောက်ရှိလဲ ဆိုတာကို စစ်ဆေးတာ ဖြစ်ရမယ်။ ဘာလို့လဲ ဆိုတော့ ကျုပ်က သတ္တိရှိကြောင်း သက်သေပြနိုင်ခဲ့တယ်လေ။ အဲဒါကြောင့် အဲဒီတံခါးက အလိုလို ပိတ်သွားခဲ့တာ။ ဒုတိယတံခါးကတော့ ဉာဏ်ပညာကို စစ်ဆေးတာ ဖြစ်ရမယ်"
ဆန်းလျန်မှာ စစ်ဆေးချက်များကို အောင်မြင်အောင် အသေးစိတ် ပြင်ဆင်ထားခြင်းမျိုး မရှိပါ။ ဘာက အစစ်အမှန်ဖြစ်ပြီး ဘာက အစစ်အမှန် မဟုတ်ဘူး ဆိုသည်ကို ဉာဏ်ပညာဖြင့် ဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
"မင်းမှာ သူများတွေနဲ့ မတူတဲ့ အမြင်ရှိတယ် ဆိုတာ ကျုပ်သိသွားပြီ"
ဆရာဖြစ်သူက ဆန်းလျန်၏ ဉာဏ်ပညာကို စစ်ဆေးခဲ့ခြင်း ဖြစ်လေသည်။ သူတကယ်ပင် ဆန်းလျန်ကို အံ့သြမိလေသည်။
"ကျုပ် ဘယ်လောက်တောင် တုံးလဲဆိုတာ သိလိုက်ရပြီ။ ကျုပ်ဘာလို့ ခင်ဗျားပြောသမျှကို ယုံခဲ့ရတာလဲ။ ခင်ဗျားပြောခဲ့တယ်လေ။ ဒုတိယစမ်းသပ်မှုက ဒီဥယျာဉ်ထဲက ထွက်သွားနိုင်ရမယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် ဒီနေရာက ဘာမှမရှိတဲ့ ဗလာနယ်ကြီးပဲ။ ဘယ်လိုလုပ် ထွက်သွားလို့ ရမှာလဲ။ ဒီနေရာက တကယ့်အစစ်အမှန် မဟုတ်မှတော့ ကျုပ်က ခြေတစ်လှမ်းတောင် ရွှေ့လို့ရမှာ မဟုတ်ဘူးလေ"
ဆန်းလျန်က အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
စူးကျားပေါင် အိမ်ပိုင်ရှင်က လက်ခုပ်တစ်ချက် တီးလိုက်သည့် အခါတွင်တော့ ဥယျာဉ်ငယ်လေး မှာ သူ၏ အင်္ကျီလက်အတွင်း ဝင်ရောက်ပျောက်ကွယ် သွားလေသည်။ အင်္ကျီလက် ဆီမှ ရေများ စီးကျနေလေသည်။ လမင်းက ထိန်ထိန်သာနေသည်မှ လွဲပြီး မည်သည့်အရာမှ မရှိတော့ပေ။
"မင်းက သတ္တိလည်း ရှိတယ်။ အစစ်အမှန်နဲ့ အတုအယောင်ကြားက မတူညီမှုကိုလည်း နားလည်တယ်။ ဒါကြောင့် ကျုပ်ရဲ့ ဓားသိုင်းပညာကို သင်ယူဖို့ မင်းမှာ အရည်အချင်း ပြည့်စုံတယ်။ သဘာဝ အတိုင်း ဒီလို ဖြစ်တည်နေတဲ့ အသိပညာဆိုတာ တကယ့်ကို တန်ဖိုးကြီးတာပဲ"
စူးကျားပေါင် အိမ်ပိုင်ရှင်က ရယ်မောရင်း ပြောလိုက်လေသည်။
"သင်ပြပေးတာ ကျေးဇူးတင်ပါတယ်"
ဆန်းလျန်က ခပ်ပြတ်ပြတ် ပြောလိုက်လေသည်။ စူးကျားပေါင် အိမ်ပိုင်ရှင်မှာ မာနကြီးပြီး မောက်မာလွန်းသည်ဟု ဆန်းလျန် မခံစားရတော့ပါ။ ထိုကဲ့သို့ ဘယ်အရာက အစစ်အမှန် ဘယ်အရာက အတုအယောင်ဆိုပြီး ခွဲခြားနိုင်သည့်တိုင် စူးကျားပေါင် အိမ်ပိုင်ရှင်ကဲ့သို့ ဖန်ဆင်းပြ နိုင်ဖို့ကိုတော့ နှစ်ပေါင်းများစွာ သူ လေ့ကျင့်ရဦးမည် ဖြစ်လေသည်။
ပညာရပ်တစ်ခုကို ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားမှသာ ဆရာတစ်ဆူ ဖြစ်လာ နိုင်လေသည်။ စူးကျားပေါင် အိမ်ပိုင်ရှင် ကဲ့သို့သော ဆရာတစ်ဆူထံမှ ပညာသင်ယူရမည်မှာ ရတောင့်ရခဲ အခွင့်အရေး ဖြစ်သည့်အတွက် ဆန်းလျန် ပျော်ရွှင်နေမိ လေသည်။
"ကျုပ်ရဲ့ မျိုးနွယ်က စူးဆိုတာ မင်းသိတယ်မလား။ ဒီတော့ကျုပ်ကို ဆရာစူးလို့ ခေါ်ပေါ့"
ဆရာစူးက ဝမ်းမြောက်ဝမ်းသာ လေသံဖြင့် ပြောလိုက်လေသည်။ သို့သော် သူ၏နာမည် အမှန်ကိုတော့ ပြောပြခြင်း မရှိသေးပေ။
"ကောင်းပါပြီ"
"အရင်တုန်းက ဘာကျင့်စဉ်တွေများ လေ့ကျင့်ဖူးသလဲ"
ခုနကဲ့သို့ ဝမ်းမြောက်ဝမ်းသာ လေသံမျိုး မဟုတ်တော့ဘဲ တည်ကြည်လေးနက်သည့် လေသံဖြင့် ဆရာစူးက မေးလိုက်လေသည်။
"ကျွန်တော် စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့်ထိ လေ့ကျင့်ဖူးပါတယ်။ ပြီးတော့ သိုင်းလည်း လေ့ကျင့်ဖူးတယ်"
ဆန်းလျန်က ပြောလိုက်သော်လည်း "စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" စာအုပ် အကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။ သို့သော် ထိုစာအုပ်ထဲတွင် ပါသည့် "စိတ်ဝိညာဉ် ငြိမ်းအေးခြင်းသို့ ဝင်ရောက်ခြင်း ကျင့်စဉ်" ဆိုသည့် ခေါင်းစဉ်ကိုတော့ ပြောပြလိုက်လေသည်။
"မင်းရဲ့ စိတ်ဝိညာဉ်က သာမန် လူတွေထက် ပိုပြီး အားကောင်းတယ်ဆိုတာ ကျုပ်ရိပ်မိပါတယ်။ ပြီးတော့ မင်းက တကယ့်ကို တာအိုကျင့်စဉ်ကို ကျင့်ကြံလိုစိတ် ရှိတဲ့သူပဲ။ ဒါပေမယ့် သိုင်းပညာ အခြေခံ ကျင့်စဉ်တွေ လေ့ကျင့်ထားတာကတော့ အကောင်းဆုံးအဆင့် မရောက်သေးဘူး။ မင်းလေ့ကျင့်ခဲ့တဲ့ ကျင့်စဉ်တွေက ချင်းရွှမ်က ကျင့်စဉ်တွေနဲ့ တူနေတယ်။ ဒီလောကမှာ ချင်းရွှမ်လမ်းစဉ်ကို လိုက်နာခြင်း က သာလျှင် အစစ်မှန်ဆုံးပဲ။ ကျုပ်ပြောပြလို့ မင်းဒီလိုမျိုး သိခွင့်ရတာ ကံကောင်းတယ်မှတ်"
ဆရာစူးက ပြောလိုက်လေသည်။
"ကျွန်တော်လေ့ကျင့်ခဲ့တဲ့ ကျင့်စဉ်တွေက တကယ်တမ်းတော့ ချင်းရွှမ်လမ်းစဉ်နဲ့ ဆက်စပ် နေတာတွေပဲ မဟုတ်လား"
ဆန်းလျန်က ပွင့်ပွင့် လင်းလင်းပင် ပြောလိုက်လေသည်။
"ဟွန်း ချင်းရွှမ်လမ်းစဉ်က ကောင်းတာတော့ ဟုတ်တယ်။ ဒါပေမယ့် အရှည်ကြီး သွားရတယ်။ အဲဒါထားလိုက်။ သတ္တဝါတိုင်းက ကျင့်စဉ်တွေ လေ့ကျင့်နိုင်တာပဲ။ ဒါပေမယ့် ကျန့်သောက်တုကျွင်း ဓားသိုင်း ကတော့ တကယ်ကောင်းတဲ့ ဓားသိုင်းပဲ"
ဆရာစူးပြောသည့် လေသံတွင် ဂုဏ်ယူသည့် အသံများ ပါနေလေသည်။ ထို့ကြောင့်ပင် ဆရာစူး မှာ အားလုံးကို အထင်သေးသည့် မျက်လုံးဖြင့် ကြည့်တတ်ခြင်း ဖြစ်လေသည်။
"ကျုပ်က ကြွားလုံးတွေ ထုတ်နေတယ်လို့ မင်းထင်လို့လား"
ဆန်းလျန်၏ ပုံစံက မယုံသလို ဖြစ်နေသောကြောင့် ဆရာစူးက မေးမြန်းလိုက်လေသည်။
"ဆန်းလျန် မထင်ရဲပါဘူး"
"မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ သတ္တဝါတိုင်းက ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်တယ်။ အားလုံးမှာ တန်းတူအခွင့်အရေး ရှိတယ်။ ပညာတတ်တွေဟာ လူ့လောကမှာ အထင်ကြီး လေးစားခြင်းကို ခံရတယ်ဆိုတာ တောရွာက လူတွေတောင် သိကြတယ်။ ဒါကြောင့် ကျန့်သောက်တုကျွင်း ဓားသိုင်းပညာနဲ့ ပတ်သက်ပြီး ချဲ့ကား ပြောနေတာ မဟုတ်ဘူး"
ဆရာစူးက ရိုးရိုးပင် ပြောလိုက်လေသည်။ လရောင်က သူ့မျက်နှာပေါ်သို့ ဖြာကျနေလေသည်။
***