← Chapters

ကြောက်မက်ဖွယ်အတားအဆီး

Vol. 41 Ch. 566

ကြောက်မက်ဖွယ်အတားအဆီး

Vol. 41 Ch. 566

အန်လင်းသည် ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ်တွင်ထိုင်ကာ သလင်းကျောက် ဒေသအား ငေးမောလျက် နယ်မြေအဆီအနှစ် သလင်းကျောက်များကို ရှာဖွေနေမိသည်။

ရှောင်ဇယ်၊ တီနာနှင့် ရွှယ်ကျန်ထျန်းတို့သည် ခံစားချက် လွှမ်းမိုးမှုများကို ခံစားနေရဆဲဖြစ်ပြီး အန်လင်း အနီးတွင် ကော်နှင့်ကပ်ထားသလို ရှိနေကြသည်။ သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးသာ မြင့်မြတ်သွေးစက် ရရှိရန်အတွက် သန္ဓေပြောင်းသားရဲများကို တိုက်ခိုက်နေကြသည်။ ကံကောင်းထောက်မပါက နယ်​မြေအဆီအနှစ် သလင်းကျောက်များကိုပင် ရရှိနိုင်ပေသည်။

အချိန်တစ်ရက်တာမျှ သလင်းကျောက် ဒေသထဲ အမဲလိုက်ပြီးနောက် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခု၊ အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ငါးခုနှင့် အဖြူရောင်နယ်မြေအဆီအနှစ် ဆယ့်သုံးခုတို့ကို ရရှိခဲ့သည်။

အန်လင်း အတော်ပင် စိတ်ပျက်သွားရသည်။ သို့သော် နယ်မြေအဆီအနှစ် သလင်းကျောက်များ ရှာဖွေစုဆောင်းခြင်းအတွက် လက်ရှိအနေအထားသည် ပုံမှန်သာဖြစ်ကြောင်း နားလည်သိရှိထားသည်။

ယခုနှုန်းအတိုင်း ဆက်သွားနေပါက ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းမှ မထွက်ခွာခင် သူ၏ရည်ရွယ်ချက် ပြည့်မှီနိုင်မည် မဟုတ်တော့ပေ။

"အား.....တကယ်ပဲ လူသတ်၊ ဓားပြတိုက်တာကမှ နယ်မြေအဆီအနှစ် သလင်းကျောက်ရဖို့ ပိုမြန်သေးတယ်။"

အန်လင်း ညည်းညူနေသည်။

"သခင်....အဲ့လိုမလုပ်ပါနဲ့။ လူသတ်၊ ဓားပြတိုက်တာက အရမ်းအန္တရာယ်များတယ်။"

ရွှယ်ကျန်ထျန်းမှာ ဖင်တုံးလေးများတုန်အောင် ကြောက်ရွံ့နေသည်။

"ဟုတ်တယ်။ အဲ့လိုမဟုတ်ကဟုတ်ကတွေ မလုပ်သင့်ဘူး။"

ရှောင်ဇယ်မှာလည်း မျက်စိမျက်နှာ ပျက်နေသည်။

အန်လင်း မျက်ခုံးနှိပ်လိုက်သည်။ သူ၏အဖွဲ့သား တဝက်သည် ဤနယ်မြေအတွင်း သုံးစားလို့ကို မရပေ။ သွေးမျိုးနွယ်စု ကျင့်ကြံသူများကိုပင် မြင့်မြတ်သွေးစက်နှင့်မြှားကာ တိုက်ခိုက်ခိုင်းနေရသည်။ အဖွဲ့သည် အင်အားကြီးသလောက် ကြောင်ပျောက်နေကြသောကြောင့် ခံစားချက်အသင်္ချေဒေသမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားသင့်ပြီပင်။

ထိုအတွေးကြောင့် နယ်မြေအဆီအနှစ် သလင်းကျောက်များကို ရှာဖွေခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား ခံစားချက်အသင်္ချေဒေသနှင့် ဝေးရာသို့ ဦးတည်ပျံသန်းလိုက်သည်။ ဤဒေသအား စွန့်ခွာကာ အခြားနေရာတွင်သာ နယ်မြေအဆီအနှစ် သလင်းကျောက်များ ရှာဖွေတော့မည် ဖြစ်သည်။

ထွက်ခွာရန် ဆုံးဖြတ်လိုက်သောကြောင့် ၎င်းတို့၏ အရှိန်နှုန်းမှာ သိသိသာသာ လျင်မြန်လာသည်။ အဘယ့်ကြောင့်ဆိုသော် နယ်​မြေအဆီအနှစ် သလင်းကျောက်များအား ရှာဖွေနေစရာ မလိုတော့ပဲ လမ်းတွင်တွေ့သော သန္ဓေပြောင်းသားရဲများကိုသာ ရှင်းထုတ်ရသောကြောင့်ပင်။ လမ်းတလျှောက်တွင် ဆိုးဆိုးရွားရွား အန္တရာယ်နှင့် မကြုံတွေ့ရသလို မည်သည့်အခွင့်အရေးကိုမှလည်း မတွေ့ခဲ့ရပေ။

ခံစားချက်အသင်္ချေဒေသ၏ အစွန်းတစ်ဖက်သို့ ရောက်ရှိတော့မည်ဟု တွေးထင်လိုက်ချိန်မှာပင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ကြုံတွေ့လိုက်ရသည်။

ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်သည် ကီလိုမီတာ ထောင်သောင်းချီအောင် ကြီးမားလွန်းလှသည်။ ၎င်းအားကြည့်ရသည်မှာ ကောင်းကင်နှင့်မြေပြင်အကြား ကုန်း​မြေကြီးတစ်ခု လွင့်မျောနေသလိုပင်။ ထိုတမျှော်တခေါ် ခန္ဓာကိုယ်ကြီးမှာ ခံစားချက်အသင်္ချေဒေသ၏ ထွက်ပေါက်အား ပိတ်ဆို့ထားလေသည်။

အန်လင်း ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ်မှဆင်းကာ ကြီးမားလှသော သတ္တဝါကြီးကို ကြည့်ရှုလိုက်သည်။

၎င်း၏ပုံသဏ္ဍာန်အရ သတ္တဝါကြီးမှာ ဧရာမ ဝေလငါးကြီးနှင့် ဆင်တူသည်။ ခန္ဓာကိုယ်မှာ မည်းနက်ပြောင်လက်နေပြီး တောက်ပနေသော ကိုယ်လုံးကြီးပေါ်တွင် သက်တံ့ရောင်များပင် ရောင်ပြန်ဟပ်နေသေးသည်။ ရွှေရောင်မျက်ဝန်းကြီးများမှာလည်း လောင်ကျွမ်းနေသော နေနှစ်စင်းအလား ထင်မှတ်ရပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို နေ့ခင်းဘက်သဖွယ် လင်းထိန်နေစေသည်။

"ဘီလူးအန်လင်း....ဒါ.....ဒါကဘာကြီးလဲ။ ဒီ....ဒီလို ဧရာမ သတ္တဝါကြီးတွေလည်း လောကကြီးထဲမှာ ရှိ....ရှိတာပဲလား။"

တီနာမှာ သေးထွက်ကျမတတ် ကြောက်ရွံ့နေသောကြောင့် စကားများပင် ထစ်ငေါ့နေသည်။

သူမ မျက်စိတဆုံး ကြည့်ရှုနေပါသော်လည်း ရွှေရောင် မျက်လုံးကြီး နှစ်လုံးနှင့် မည်းမည်းပြောင်ပြောင် ကိုယ်ထည်ကြီးကိုသာ တွေ့နေရသည်။ ထိုသတ္တဝါ၏ ခန္ဓာကိုယ်မှာ ကြီးမားလွန်းလှသောကြောင့် အဆုံးကိုပင် သူမ မမြင်နိုင်ပေ။

အန်လင်း တည်တည်ငြိမ်ငြိမ် ခေါင်းခါလိုက်သည်။ သူသည်လည်း ထိုကဲ့သို့သော သတ္တဝါမျိုးကို မမြင်ခဲ့ဖူးပေ။ သိူ့သော် ၎င်း၏အရှိန်အဝါအရ လွန်စွာအစွမ်းကြီးကြောင်း သိသာနေသည်။

နောင်တမဲ့ကုန်းမြေ၏ လောကနိယာမများအရ လေဟာပြင် ခုန်ကျော်ခြင်းမျိုးကို လုပ်ဆောင်၍ မရပေ။ တစ်ခုတည်းသော နည်းလမ်းမှာ အရှေ့နားတွင် ရှိနေသော အနက်ရောင် နယ်နိမိတ်စည်းအား ဖြတ်ကျော်သွားရန် ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုတစ်ခုတည်းသောလမ်းအား ဝေလငါးနှင့်တူသော ဧရာမ သတ္တဝါကြီးမှ ပိတ်ဆို့ထားလေသည်။

"ဒါကြီးက ဘာကြီးလဲဆိုတာ မင်းတို့သိလား။"

အန်လင်း မေးမြန်းလိုက်သည်။

သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးမှာ ကြောင်တောင်တောင်ဖြင့် ခေါင်းခါပြလိုက်ကြသည်။ ၎င်းတို့သည်လည်း ထိုသတ္တဝါကြီးအားကြည့်ကာ နှလုံး၊ ကျောက်ကပ်၊ အူသိမ်၊ အူမများမကျန် တုန်လှုပ်နေရသည်။ ဘဝသက်တမ်းတလျှောက် ထိုမျှကြီးမားသော သတ္တဝါကြီးအား မမြင်တွေ့ခဲ့ဖူးပေ။

ရှောင်ဇယ် လေးနက်စွာ ပြောလိုက်သည်။

"ဆရာ...ဒါက ကောင်းကင်လဟာပြင်သားရဲပါ။"

ကောင်းကင်လဟာပြင်သားရဲ....

အန်လင်း အံ့အားသင့်သွားရသည်။ ဧကရာဇ် ကျိဝေထံမှ ထိုနာမည်ကို ကြားသိခဲ့ဖူးပြီး ကြယ်စင်များအကြား လှည့်လည်သွားလာနေတတ်သော ကြောက်မက်ဖွယ် မျိုးနွယ်စုဟု သိထားခဲ့သည်။ ထိုမျိုးနွယ်စုဝင်များသည် ကောင်းကင်နှင့်မြေပြင်အား ဝါးမြိုနိုင်စွမ်းရှိသည်ဟု ကောလဟလများက ဆိုကြသည်။

"ကျွန်တော်ကြောက်တာက ဒီကောင်းကင်လဟာပြင်သားရဲက လဟာပြင်နိဗ္ဗာန်အဆင့်ကို ရောက်နေတာပဲ။ သူက လေဟာပြင်ကို ဝါးမြိုဖျက်စီးနိုင်ရုံတင် မကဘူး။ သူရဲ့ခန္ဓာကိုယ်ထဲမှာလည်း လောကတစ်ခုကို ဖန်ဆင်းထားနိုင်တယ်။ ဒီသားရဲက အရမ်းကြောက်စရာကောင်းတယ်။ ကျွန်တော်တို့ အဆင့်လောက်နဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။"

ရှောင်ဇယ်မှာ စကားပြောနေရင်း ကြောက်စိတ်များ ဝင်လာသော​ကြောင့် အန်လင်း၏ လက်မောင်းကို တင်းကြပ်နေအောင် ဖက်တွယ်ထားလိုက်သည်။

"ဒီနေရာမှာ အဲ့ကောင်ကြီး ပေါ်လာတာ အရမ်းထူးဆန်းတယ်။ လုံးဝပုံမှန်မဟုတ်ဘူး။ ကျွန်တော်တို့ စကားပြောနေတုန်း တစ်ခုခု ကြံစည်နေမှာ သေချာတယ်။ ဒင်းက ကျွန်တော်တို့ကို ထွက်ပေါက်ပိတ်ပြီး သတ်ပစ်မလို့ လုပ်နေတာပဲ။"

အန်လင်း စကားဆိုလိုက်သည်။

"မင်းအတွေးလွန်နေတာပါ။"

"သခင်.....ရှောင်ဇယ်ရဲ့ အတွေးက ဒက်ထိမှန်တယ်ဆိုတာ ကျွန်တော် ခံစားလို့ရနေတယ်။ ဒါက သေချာပေါက်ကို သေမင်းခံတွင်းဝပဲ။"

ရွှယ်ကျန်ထျန်းမှာ အန်လင်း၏ ရင်ခွင်ထဲတွင် ခိုက်ခိုက်တုန်နေသည်။

စင်စစ်အားဖြင့် အန်လင်းသည်လည်း ထိုသတ္တဝါကြီးအား ရန်မရှာလိုသောကြောင့် တတ်နိုင်သမျှ ရှောင်ရှားရန် စီစဉ်ထားပြီး ဖြစ်သည်။

ကောင်းကင်လဟာပြင်သားရဲကြီးသည် ၎င်းတို့အား ပစ်မှတ်ထား တိုက်ခိုက်မည် မဟုတ်ပါသော်လည်း ထွက်ပေါက်အား ကာကွယ်စောင့်ကြပ်နေသည်မှာ သေချာသလောက် ရှိသည်။ ၎င်းတို့အနေဖြင့် အရူးများလို ပြေးထွက်သွားရန် မဖြစ်နိုင်ပေ။ ထိုသည်မှာ ဝေလငါးကြီး၏ နှုတ်ခမ်းဝအရောက် ကိုယ့်ကိုယ်ကို ပို့ဆောင်ပေးသလို ဖြစ်နေပေလိမ့်မည်။

သူ၏မွေးရာပါနှင့် အသက်တွင် မည်သည်က အရေးပါသနည်း.....

ပြောစရာပင် မလိုအောင် အသက်က ပို၍အရေးကြီးသည်။

အရှက်ကွဲရမည်ထက်စာလျှင် ဂုဏ်သရေရှိစွာဖြင့်သာ သေလိုက်ချင်ပါသော်လည်း ဤခံစားချက်အသင်္ချေဒေသတွင် သူ၏နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာ ပြည့်သွားနိုင်ခြေ ရှိသေးသည်။ ခံစားချက်အသင်္ချေဒေသသည် ကျယ်ပြန့်လွန်းလှပြီး သူ့အနေဖြင့် သေသေချာချာ မရှာဖွေရသေးသော နေရာများ များစွာရှိနေသည်။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ ထပ်ရနိုင်သေးပေသည်။

"ကောင်းပြီလေ.....အရင်ဆုံး ပြန်ဆုတ်ကြတာပေါ့။"

အန်လင်း ခေတ္တမျှ တွေးတောကာ ဆုံးဖြတ်လိုက်သည်။

ထိုအချိန်မှာပင် အဝေးမှ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

အန်လင်း ကြည့်ရှုလိုက်သောအခါ ကောင်းကင်လဟာပြင်သားရဲကြီးထံ ပျံဝဲလာနေသော ပုံရိပ်အချို့ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် တိုက်ခိုက်ရန် အလောကြီးနေကြောင်း သိသာလှသည်။

"အမ်....ဘုန်းကြီးနှစ်ပါးနဲ့....."

ဝုန်း.....

ပေသုံးသောင်းကျော်မျှရှိသော ကြီးမားလှသည့် သကျမုနိ ရွှေရောင်စက်ဝန်းကြီးမှတဆင့် လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဧရာမ သတ္တဝါကြီးပေါ် ကျဆင်းလာသည်။

နားကွဲမတက် စူးရှသော ပေါက်ကွဲသံများနှင့်အတူ ရွှေရောင်စွမ်းအင်လှိုင်းမှာ သတ္တဝါကြီး၏ ခန္ဓာကိုယ်အား ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။ သတ္တဝါကြီး၏ ခန္ဓာကိုယ်တွင် ဆယ်ကီလိုမီတာကျော်မျှသော နေရာမှာ စွမ်းအင်ထိမှန်မှုကြောင့် ချိုင့်ဝင်သွားရသည်။

ဝေလငါးနှင့်ဆင်သော သတ္တဝါကြီးမှ ဖြည်းညင်းစွာ ဟစ်ကြွေးလိုက်ပါသော်လည်း ထိတ်လန့်ဖွယ် အသံလှိုင်းများ ဖြစ်ပေါ်လာလေသည်။

၎င်းသည် ဒေါသထွက်နေသော မျက်ဝန်းများဖြင့် ရွှေရောင်သကျမုနိစက်ဝန်းအားကြည့်ကာ မီးလျှံနှစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုမီးလျှံများသည် ပျံသန်းသွားရာ လမ်းတလျှောက်ကို လောင်ကျွမ်းပြာကျစေကာ ရွှေရောင်သကျမုနိစက်ဝန်းပေါ် ရောက်ရှိလာသည်။

ဝုန်း.....

ကြီးမားလှသော ရွှေရောင်သကျမုနိစက်ဝန်းသည် မီးလျှံများကြောင့် လောင်ကျွမ်းသွားရပြီး စက်ဝန်းထဲတွင် ရှိနေသော ကိုယ်တော်မှာလည်း နောက်သို့ဆုတ်လိုက်ရသည်။ ထိုကိုယ်တော်၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း မီးလျှံများ၏ လွှမ်းမိုးမှုကို ခံထားရသည်။

ချက်ချင်းဆိုသလို မဟူရာမြူခိုးများ ဝန်းရံနေသော အနက်ရောင် ပုံရိပ်တစ်ခု ရောက်ရှိလာကာ ဘုန်းတော်ကြီးပေါ်မှ မီးလျှံများကို ဝါးမြိုပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားသော ဘုန်းတော်ကြီးမှာလည်း သကျမုနိ ရုပ်ထုဖြင့် ဝေလငါးကြီး၏ မျက်လုံးအား ချိန်ရွယ်လိုက်သည်။

တောက်ပလွန်းသော ရွှေရောင်အလင်းများ ဖြာထွက်လာကာ သတ္တဝါကြီး၏ မျက်လုံးကို ထိမှန်သွားလေသည်။

သတ္တဝါကြီးသည် ကမ္ဘာမြေပြင် တစ်ခုလုံး တုန်ခါရလောက်အောင် အော်ဟစ်လိုက်သည်။

ကောင်းကင်လဟာပြင်သားရဲမှာ ဒေါသထွက်သွားပြီး ခန္ဓာကိုယ်ကို ရွှေ့ပြောင်းလိုသည့်အလား တွန့်လိမ့်နေသည်။

ကြာပန်းပုံရိပ်ပေါ်တွင် ရှိနေသော အမျိုးသမီး တစ်ဦးမှာ ပုံရိပ်သုံးခုရှေ့သို့ ရောက်ရှိလာသည်။ သူမသည် လက်ထဲမှ ကြာပန်းကို ဝေ့ယမ်းလိုက်သည်နှင့် ပန်းရောင်ရေစက်များ ဖြာထွက်လာကာ ကောင်းကင်လဟာပြင်သားရဲ၏ ဦးခေါင်းထက်တွင် အငွေ့ပျံသွားလေသည်။ ထို့နောက် ပုံရိပ်ယောင် စွမ်းရည်အချို့ အသက်ဝင်လာသည်။

သူမသည် ကျန်ရှိနေသော ပုံရိပ်သုံးခုနှင့်အတူ အနောက်သို့ ဆုတ်ခွာသွားသည်။

"​သူတို့က ကောင်းကင်လဟာပြင်သားရဲကို အဝေးပို့ဖို့ ကြိုးစားနေပုံပဲ။ ဒါပေမယ့် လဟာပြင်နိဗ္ဗာန်အဆင့်ရှိတဲ့ ကောင်းကင်လဟာပြင်သားရဲတစ်ကောင်ကို သူတို့အထင်သေးလွန်းနေပြီ။ သူတို့အားလုံးပေါင်းရင်တောင် အဲ့သတ္တဝါနဲ့ ရင်ဆိုင်နိုင်ဖို့ ဝေးလွန်းသေးတယ်။"

ရှောင်ဇယ် ခေါင်းတခါခါဖြင့် ပြောလိုက်သည်။

အန်လင်းသည် အရေးမပါသော ဝေဖန်သုံးသပ်ချက်များအား ဖောရှောလုပ်ရန် စိတ်မပါနေပေ။

ထိုဘုန်းတော်ကြီး နှစ်ဦးမှာ အနောက်ဘက်နိဗ္ဗာန်မှဖြစ်ကြောင်း ထင်ရှားသည်။ မဟူရာမြူခိုးများ ဝန်းရံနေသော ပုံရိပ်သည် ကောင်းကင်ဘုံခုံရုံး၏ ဉာဉ့်ယံကာကွယ်သူနတ်ဘုရားဖြစ်ပြီး ကြာပန်းနှင့် အမျိုးသမီးမှာ ကောင်းကင်နတ်မိမယ်ဟယ် ဖြစ်သည်။

ထိုသို့သော အခြေအနေများအောက်တွင် အန်လင်းအနေဖြင့် ဘေးထွက်ထိုင်နေရန် မဖြစ်တော့ပေ။ ၎င်းတို့အား သေချာပေါက် ကူညီပေးရမည်ပင် ဖြစ်လေသည်။

All Chapters