← Chapters

ရှိခြင်းမရှိခြင်းဓား

Vol. 1 Ch. 57

ရှိခြင်းမရှိခြင်းဓား

Vol. 1 Ch. 57

ဆန်းလျန်ကတော့ နားဖြင့် ကြားရခြင်းထက် မျက်စိဖြင့် မြင်တွေ့မှ ယုံကြည်တတ်သည့်သူ ဖြစ်လေသည်။

ဆရာစူး ပြောနေသည့် ကျန့်သောက်တုကျွင်း ဓားသိုင်းနှင့် ပတ်သက်ပြီး လောလောဆယ် အခြေအနေအရ သူ အယုံအကြည် သိပ်မရှိသေးပေ။

ဆရာစူးမှာလည်း ဆန်းလျန် အမြင်များကို အပြောဖြင့် ပြောင်းလဲပစ်ရန် မတတ်နိုင်ပါ။ သို့သော် သူပြောပြသည့် ကျန့်သောက်တုကျွင်း ဓားသိုင်းပညာမှာလည်း အတုအယောင် ဓားသိုင်းပညာ တစ်ခု မဟုတ်ပေ။

လူတစ်ယောက်သည် သူသင်ယူမည့် ဓားသိုင်း ပညာအပေါ် ယုံကြည်မှု မရှိပါက အထွတ်အထိပ်သို့ရောက်နိုင်မည် မဟုတ်ပေ။

နောက်ဆုံးအချိန်၌ ဂါထာ မန္တန်များနှင့် တန်ခိုးစွမ်းအားများ အားလုံးမှာ တာအို ကျင့်စဉ်လမ်းနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်တော့ပေ။ ဓားသိုင်းကတော့ ထာဝရတည်မြဲသည့် ပညာတစ်ခု ဖြစ်လေသည်။

လရောင်က ရုတ်တရက် ရွေ့လျားသွားပြီး ဆရာစူး၏ လက်ပေါ်သို့ ကျရောက်လာလေသည်။

ထိုအရာက လရောင် မဟုတ်တော့ပါ။ ဆရာစူး၏ လက်ထဲတွင် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။ အရောင်မှာ အဝါရောင် ဖြစ်ပြီး အသားမှာ ကျောက်စိမ်းသားနှင့် တူလေသည်။ ဓားမှာ သုံးဆယ့်ငါးလက်မခန့် ရှည်လျားပြီး ဓားအရင်းမှ အဖျားထိ ပြေပြေပြစ်ပြစ် ပုံစံနှင့် သဘာဝ ကျလေသည်။

ဓားရိုးမှစပြီး ဓား၏ ပုံစံတစ်ခုလုံးမှာ တကယ့် ဓားအစစ်နှင့် မခြားပေ။

ဆရာစူးက ဓားကို ဓားရိုးမှ ကိုင်ပြီး အရှေ့သို့ ထိုးလိုက်သည်။ ထိုဓား၏ ပျော့ပြောင်းလှပပုံကို စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်ပေ။

ဓား၏ အရိပ်မှာ လေထဲတွင် ပင့်ကူမျှင်လေးများကဲ့သို့ ပျံ့လွင့် နေလေသည်။

ဓားရောင်က ဆန်းလျန်ဆီသို့ အရှိန်ဖြင့် ဝင်ရောက်လာလေသည်။ ဆန်းလျန်က သူ၏စန္ဒကူး သစ်သားဓားကို ထုတ်လိုက်ပြီး လရိပ်ဓားဆီသို့ ချိန်ရွယ် ထားလိုက်သည်။

ဆန်းလျန် ဓားကိုထုတ်ပြီး တိုက်ခိုက်လိုက်သည့် ပုံစံမှာ ပြတ်တောက်နေခြင်း မရှိဘဲ အစီအစဉ် တကျနှင့် သဘာဝကျကျ လှပလေသည်။

သို့သော် လရိပ်ဓားမှာ ဆန်လျန်၏ ဓားနှင့်ထိပ်တိုက် မတွေ့ခင်မှာပင် ပျောက်ကွယ် သွားလေ သည်။

လရိပ်ဓား၏ စွမ်းအားမှာ အဆုံးသတ်သွားသည်ဟု ထင်ရသော်လည်း ပိုပြီးပြင်းထန်သော အားတစ်ရပ်ကို ပြန်လည် ယူဆောင်လာသည့် ပုံစံမျိုး ဖြစ်လေသည်။

ထိုဓားမှာ ထူးဆန်းသည့် ဓားတစ်လက်ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။ ဓားချင်း ထိခတ်သံတစ်ချက် ကြားလိုက်ရသောကြောင့် ဆန်းလျန်နောက်သို့ လှည့်ကြည့်လိုက်လေသည်။ သူ၏ နောက်ဘက် ငါးပေး အကွာတွင် ဓားတစ်လက်ကို တွေ့လိုက်ရလေသည်။

စောစောက ပျောက်ကွယ်သွားသည့် လရိပ်ဓားပင် ဖြစ်နေလေသည်။

“ဒီဓားကို “ရှိခြင်း မရှိခြင်းဓား” လို့ ခေါ်တယ်။ မင်းလည်း ကျင့်စဉ် လေ့ကျင့်ထားတဲ့ အတွေ့အကြုံတွေ ရှိတာပဲ။ မင်း နည်းနည်းလောက်တော့ သဘောပေါက်မှာပါ။ ဒီဓားက အရေးပေါ် အချိန်မှာ မင်းကို ကယ်တင်နိုင်လိမ့်မယ်”

ဆရာစူးက ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

ရှိခြင်း မရှိခြင်းဓား….

မမြင်ရသည့် ဓားကို ခုခံ တိုက်ခိုက်ရန်မှာ အလွန်ပင် ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်လေသည်။

***

သိုင်းလောကတွင် ထိပ်တန်းအဆင့် သိုင်းသမားများသာလျှင် ဓားကို လိုသလို ထိန်းချုပ်နိုင် လေသည်။ ဓားကို လိုသလို ထိန်းချုပ်ပြီး ဓားကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ ဆိုသည်ကတော့ အင်မတန်မှ ခက်ခဲသည့်အလုပ် ဖြစ်လေသည်။

လေ့ကျင့်ခြင်းက ပြည့်စုံ စေနိုင်သည်ဟု ဆန်းလျန် ယုံကြည်လေသည်။

အကြိမ်တစ်ထောင် လေ့ကျင့်လို့မှ မအောင်မြင်လျှင် ဆန်းလျန်က အကြိမ်တစ်သောင်း လေ့ကျင့်မှာ ဖြစ်လေသည်။ မည်သို့မျှ လေ့ကျင့်၍ မရလျှင် နောက်ထပ် နည်းလမ်းတစ်ခု ရှာမှာ ဖြစ်လေ သည်။

ဆရာစူး အတွက်တော့ ရှိခြင်း မရှိခြင်းဓားကို ထိန်းချုပ်ရသည်မှာ သာမန်မျှပင် ဖြစ်လေသည်။

သို့သော် ဆန်းလျန်မှာတော့ ဆရာစူးကဲ့သို့ ထိပ်တန်းအဆင့်သို့ ရောက်နိုင်ရန်အတွက် ဓားသိုင်း ကို အများကြီး လေ့ကျင့်ရဦးမည် ဖြစ်လေသည်။

မည်မျှပင် ရှုပ်ထွေးပါစေ ကမ္ဘာပေါ်ရှိ ဓားသိုင်းပညာ အားလုံးမှာ အခြေခံအားဖြင့် ဆယ့်လေးမျိုးသာ ရှိလေသည်။ ထို ဆယ့်လေးမျိုးကိုပင် ပြောင်းလဲအသုံးချ သွားခြင်း ဖြစ်လေသည်။

လူတစ်ယောက်သည် မိုင်တစ်ရာခန့် အကွာအဝေးမှ လူတစ်ယောက်ကို ဓားပျံတစ်ချောင်းနှင့် သတ်လိုလျှင် တောင်မှ ထိုအခြေခံ ဆယ့်လေးမျိုးမှ သွေဖည်ပြီး တိုက်ခိုက်၍ မရနိုင်ပေ။

ရှိခြင်း မရှိခြင်းဓားမှာ ဓားကို အသုံးပြုသူ၏ ကိုယ်ထဲမှ ထူးခြားသော စွမ်းအား၏ ပုံရိပ်ကို အသွင်ယူထားခြင်း ဖြစ်လေသည်။

ရွှေပြဒါး အမြုတေ အတွင်းအားနှင့် ချိတ်ဆက်ပြီး အဆင့်မြင့် အတွင်းအားများကို ခန္ဓာကိုယ် ထဲတွင် ဖော်ထုတ်ရမည် ဖြစ်လေသည်။ ထို့နောက် ထိုအတွင်းအား ပုံသဏ္ဌာန်တိုင်း ဓားသွားကို အသုံးရမည် ဖြစ်လေသည်။

အတွင်းအားကို စီးဆင်းစေပြီးမှ ဓားသွားကို ရုပ်လုံး ပေါ်စေခြင်း ဖြစ်လေသည်။

ရှိခြင်း မရှိခြင်းဓားမှာ အတွင်းအား စီးဆင်းမှုဖြင့် ပုံသဏ္ဌာန်ယူထားခြင်း ဖြစ်သော်လည်း သာမန် အတွင်းအား စီးဆင်းမှုဖြင့်တော့ မရနိုင်ပေ။ ခန္ဓာကိုယ်ရှိ ဆုံချက် သုံးဆယ့်ငါးခုလုံးကို အတွင်းအား ဖြတ်သန်းစီးဆင်း နိုင်မှသာလျှင် ဓားကို ပုံသဏ္ဌာန်ယူ၍ ရနိုင်မည် ဖြစ်လေသည်။

ထိုဓားကို အသုံးပြုပြီး တိုက်ခိုက်မည် ဆိုပါက အခက်ခဲဆုံးအဆင့်မှာ ဓားဖြင့် ထိုးသည့် တိုက်ကွက်ကို သုံးသည့်အဆင့်ပင် ဖြစ်လေသည်။

တိကျမှန်ကန်သည့် သိုင်းကွက်တစ်ခုကို ဖော်ဆောင်နိုင်ရန်အတွက် ဓားပုံသဏ္ဌာန်မှာ တိကျ ထင်ရှားရန် လိုလေသည်။

ရှိခြင်း မရှိခြင်းဓားမှာ ရုတ်ခြည်းပျောက်ကွယ် သွားနိုင်လေသည်။ သို့သော် သိုင်းကွက် အသုံးပြုရာ၌ နက်နဲ လွန်းလေသည်။

သို့သော် ဆန်းလျန်မှာ ထိုသို့သော သိုင်းပညာမျိုးတွင် အတွေ့အကြုံ အလုံအလောက် မရှိသေးပေ။ အထပ်ထပ် အခါခါ လေ့ကျင့်ရဦးမည် ဖြစ်လေသည်။

ဓားသိုင်းပညာကို ထိပ်တန်းအဆင့်ထိ ရောက်အောင် လေ့ကျင့်ရန်မှာ ဓားကို တစ်နေရာမှ တစ်နေရာသို့ လိုသလို အသုံးပြုလို့ရသည့် အဆင့်ထိ ရောက်အောင် ထိန်းချုပ်နိုင်ရန် လေ့ကျင့်ရမည် ဖြစ်လေသည်။

အချိန်နှင့် နေရာ၏ ဆန်းကျယ်မှုမှာ ဖြေရှင်းရန် ခက်ခဲသည့် ပြဿနာတစ်ရပ် ဖြစ်လေသည်။ ထိပ်တန်းအဆင့် ဓားသိုင်း အသုံးပြုမည် ဆိုပါက အချိန်နှင့်နေရာ၏ ဆန်းကြယ်မှု ပါဝင်နေမြဲ ဖြစ်လေသည်။ ဆန်းလျန် လုပ်ရမည်မှာ စွမ်းအားကို မြှင့်တင်ပြီး ဓားနှင့်လူနှင့် တစ်သားတည်း ကျသည့် အဆင့်ထိ လေ့ကျင့်ရန် ဖြစ်လေသည်။

ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများမှာ ထိုအဆင့်သို့ ရောက်သည်အထိ လေ့ကျင့်နိုင်ရန် ကြိုးစား နေကြခြင်း ဖြစ်လေသည်။ သူတို့က ဆရာစူးကဲ့သို့သော စွမ်းရည် ရှိသူများကို လေးစား ကြရုံသာမက ကြောက်လည်း ကြောက်ရွံ့ကြလေသည်။

ထိုအရာမှာ ခေတ်ပေါ်လောကမှ အနုမြူစွမ်းအင် ဖော်စပ်ခြင်းနှင့် ဆင်တူလေသည်။ အလယ်တန်း ကျောင်းသားတိုင်း ပုံသေနည်းကို နားလည် ကြလေသည်။ သို့သော် ဘွဲ့ရပညာတတ် တစ်ယောက် ဖြစ်သွားလျှင်ပင် ထို ပုံသေနည်းဖြင့် ကိုယ်တိုင်လက်တွေ့ လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။

ဆန်းလျန်မှာတော့ လောလောဆယ်တွင် ရှိခြင်း မရှိခြင်းဓား၏ အရေးကြီးဆုံးသော အယူအဆ တစ်ချက်ကိုပင် နားလည် သဘောပေါက်ခြင်း မရှိသေးပေ။

သူက ဓားဖြင့် သိုင်းကွက်ဖော်ထုတ်ရာတွင် သပ်သပ်ရပ်ရပ်နှင့် ပြတ်ပြတ်သားသား ဖော်ထုတ် နိုင်လေသည်။

ဆန်းလျန်နှင့် ဆရာစူးမှာ မတူညီသည့်အချက် များစွာရှိလေသည်။

သို့သော် ဆန်းလျန်၏ ကိုယ်ဟန်အနေအထားက ဆရာစူးနှင့် ဆင်တူလေသည်။ ကိုယ်နေဟန် ဓားသိုင်းကွက် အသုံးပြုပုံများမှာ ထပ်တူနီးပါး တူညီလေသည်။

ဆန်းလျန်က ဓားသိုင်းကို လေ့ကျင့်ရန်အတွင် အတွင်းအားကို ပြန်လည် အားစိုက်လိုက်သည်။

သို့သော် သူကဓားရိပ်ကို ဖော်ထုတ် လိုက်နိုင်သည့်တိုင် ထိုဓားကို ပျောက်ကွယ်သွားအောင် လုပ်နိုင်သည့် အဆင့်သို့ မရောက်နိုင် ဖြစ်နေလေသည်။

သူက စိတ်ရှည်ရှည်ထားပြီး လေ့ကျင့်လေသည်။ သူက သိုင်းကွက်ကို အရမ်းကာရော အသုံးပြု ခြင်း မပြုလုပ်ပေ။ ထို့ပြင် သူ၏ ဝိညာဉ်စွမ်းအားဖြင့် မတူညီသည့် ဓားသိုင်းများကို ပုံဖော်ကာ ဓားရိပ်ကို ပြောင်းလဲကြည့်လေသည်။

ထိုသို့ လေ့ကျင့်ရသည်မှာ ခြောက်ကပ်ကပ်နှင့် ပျင်းစရာကောင်းသည့် အဆင့် ဖြစ်လေသည်။ သို့သော် ထိုအဆင့်က ကျော်သွားလို့ရသည့် အဆင့် မဟုတ်ပေ။

ခေတ်ပေါ်လောကမှ သိပ္ပံပညာဆိုင်ရာ သုတေသနများနှင့် ဆင်တူလေသည်။ ရူပဗေဒ ညီမျှခြင်းများကို အထပ်ထပ် တွက်ချက်ပြီး မဆုံးနိုင်သည့် စမ်းသပ်မှုများကို ပြုလုပ်ရလေသည်။

လူတစ်ယောက်သည် ကိစ္စရပ် တစ်ခုကို ပြီးပြည့်စုံအောင် တတ်မြောက်သွားပြီဆိုလျှင် အချိန်တို လေး အတွင်းမှာပင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ် နိုင်လေသည်။

စားခြင်းနှင့်သောက်ခြင်းမှ လွဲပြီး ဆန်းလျန်မှာ အိပ်ပင် မအိပ်ဘဲ ဓားသိုင်းကို လေ့ကျင့် နေလေသည်။

သူ့ကို ထောက်ပံ့ပေးနေသည့် ဝိညာဉ်စွမ်းအားမှာ မြင့်မားလွန်းသည့် အတွက် အချိန်ကြာမြင့်စွာ မအိပ်စက်ဘဲ သူနေနိုင် လေသည်။

သူ၏ စန္ဒကူးဓားကို ဝှေ့ယမ်းရင်း မည်မျှကြာအောင် လေ့ကျင့် နေမိသည်ကို ဆန်းလျန် ကိုယ်တိုင် ပင် မမှတ်မိတော့ပါ။ ဓား၏ မျက်နှာပြင်မှာ အဖုအထစ်များဖြင့် ကြမ်းတမ်းနေလေသည်။ ဓားမှာကျိုးပင် ကျိုးခါနီးနေပြီ ဖြစ်လေသည်။

ဆန်းလျန်၏ ပုံစံမှာ ဖရိုဖရဲ ကပိုကရိုပုံနှင့် ဖြစ်နေလေပြီ။ သူ၏ ချောမောနူးညံ့သည့် မျက်နှာ လေးမှာလည်း ပျောက်ကွယ်သွားပြီး မျက်လုံးများမှာလည်း တောက်ပမှု မရှိတော့ပေ။

သူက လေထုထဲသို့ ဓားကို ထိုးသွင်းလိုက်သည်။ “ဝှစ်” ခနဲ နေသည့် ဓားသံကို ကြားလိုက်ရသည်။ ထို့နောက် ဆန်းလျန် အသက်ရှူရန်ပင် မေ့လျော့သွားလေသည်။

ဓားမှာ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ ဆန်းလျန် ခံစားလိုက်ရလေသည်။ ဓားမှထူးခြားသည့် စွမ်းအားများ ပေါ်ထွက်လာပြီး ဓားကိုယ်တိုင်မှာ ဆန်းလျန်၏ အသွေးအသားများ ကဲ့သို့ ဖြစ်လာလေသည်။

ထိုခံစားချက်က သိသာထင်ရှား လွန်းလေသည်။

အသွေးအသားများသည် ဝိညာဉ်ကို အားပြည့်စေလေသည်။ အသွေးအသားများကလည်း ဝိညာဉ်ကို အားပြည့်စေလေသည်။ အပြန်အလှန် မှီတည်နေကြခြင်း ဖြစ်လေသည်။

ဖော်ပြ၍ မရနိုင်သည့် ဆက်သွယ်မှု တစ်ခုသည် သူနှင့်သူ၏ စန္ဒကူးဓားကြားတွင် ဖြစ်ပေါ် လာလေသည်။ သူနှင့်ဓားမှာ ကွဲခြားနေခြင်း မရှိတော့။ တစ်သားတည်း ကျသွားလေသည်။ ဓားထဲတွင် သူ့ကိုယ်သူ ပြန်ရှာတွ့နိုင်ပြီး အပြန်အလှန်အားဖြင့် သူ့ကိုယ်ထဲတွင်လည်း ဓားကို ရှာတွေ့နိုင်လေသည်။

သူလေ့ကျင့်နေသည့် ဓားသိုင်းကွက်များကို စကားဖြင့်ပင် ပုံဖော်၍ မရအောင် နက်နဲလွန်းလေ သည်။

သူ၏ ဓားဖျားထိပ်တွင် ပင့်ကူမျှင်များနှင့် ဆင်တူသည့် ဓားရိပ်တစ်ခု ပေါ်ထွက်လာပြီး ချက်ချင်းပင် ပျောက်ကွယ် သွားလေသည်။ သဲနှင့် ဖုန်မှုန့်များ လွင့်စဉ်ပျောက်ကွယ်သွားပြီး ဓားချက်ကို ရှင်းလင်းစွာ မြင်လိုက်ရလေသည်။

ထို့ထက်ပိုပြီး အရေးကြီးသည်မှာ ဆန်းလျန်၏ အထွတ်အထိပ် ဆုံချက် ရှစ်နေရာလုံး ပွင့်ထွက် သွားခြင်းပင် ဖြစ်လေသည်။ အတွင်းအားမှာ အတားအဆီး မရှိတော့ဘဲ ခန္ဓာကိုယ်ရှိ ဆုံချက်အားလုံးကို ဖြတ်သန်းစီးဆင်း သွားလေတော့သည်။

သွေးကြောထဲတွင် သွေးများစီးဆင်းနေသည့် အသံကို ကြားရပြီး လွတ်လပ်စွာ စီးဆင်းနေသည့် မြစ်တစ်စင်းနှင့်ပင် တူလေသည်။

ဆန်းလျန်၏ ပျော်ရွှင်သွားမှုကို စကားလုံးနှင့်ပင် ဖော်ပြ၍မရပေ။

လက်ခုပ်တီးခတ်သံကို ဆန်းလျန် ကြားလိုက်ရလေသည်။

“လဝက် အတွင်းမှာ ရှိခြင်း မရှိခြင်း ဓားပညာကို လေ့ကျင့်နိုင်ရုံသာ မကဘူး ကျင့်စဉ်လမ်းမှာ လည်း အဆင့်တက်သွားပြီ”

ဘယ်နေရာက ပေါ်လာမှန်း မသိသည့် ဆရာစူးက ပြောလိုက်လေသည်။

ဆန်းလျန်မှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက်နှင့် အတွေးအမြင်ပိုင်းဆိုင်ရာ ဆုံချက်တို့ အစကတည်းက ပွင့်နေသောသူ ဖြစ်သည့်အတွက် ယခုကဲ့သို့ အထွတ်အထိပ် ဆုံချက် ရှစ်နေရာလုံး ပွင့်သွားသည်ကို ဆရာစူးက အံ့သြခြင်း မရှိပါ။ ထို့ပြင် အထွတ်အထိပ် ဆုံချက်များ အားလုံးကို ပွင့်အောင် လေ့ကျင့်နိုင်သည့် အခြားသော ပါရမီရှင်များကိုလည်း အရင်ကတည်းက ဆရာစူး တွေ့ခဲ့ ဖူးလေသည်။

ကျန့်သောက်တုကျွင်း ဓားသိုင်းမှ "ရှိခြင်း မရှိခြင်းဓားပညာ" ကိုသာ ဆန်းလျန်ကို အောင်မြင်အောင် လေ့ကျင့် စေလိုသည့်ဆန္ဒ ဆရာစူးတွင် ရှိခဲ့လေသည်။

ယခုတော့ ဆန်းလျန်မှာ ရှိခြင်းမရှိခြင်း ဓားသိုင်းပညာကို အချိန်ခဏလေး အတွင်းမှာပင် မထင်မှတ်ဘဲ လေ့ကျင့်အောင်မြင် သွားသည့်အတွက် ဆရာစူးမှာ အံ့သြဝမ်းသာ ဖြစ်နေရလေသည်။

ဆန်းလျန်သာ ဤကဲ့သို့ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးစားသွားမည် ဆိုပါက အနှေးနှင့် အမြန်ပင် ဆရာတစ်ဆူ ဖြစ်လာမည် ဖြစ်လေသည်။

***

All Chapters