← Chapters

စီနီယာကြီးအန်လင်း

Vol. 41 Ch. 568

စီနီယာကြီးအန်လင်း

Vol. 41 Ch. 568

ဝေလငါးသည် အန်လင်းတို့အား စိတ်အနှောင့်အယှက် ဖြစ်နေဟန်ဖြင့် ကြည့်ရှုလိုက်သည်။

၎င်းသည် ထိခိုက်နာကျင်အောင် လုပ်ထားသော ရန်သူများအား ဦးစွာဖျက်စီးပြီးမှသာ ပွဲကြည့်နေသော မျောက်မသားများကို ဖြေရှင်းရန် စီစဉ်ထားခဲ့သည်။

အံ့အားသင့်စရာ ကောင်းစွာပင် ထိုပွဲကြည့်နေသော မျောက်မသားများသည် လိုလိုလားလားပင် ပဋိပက္ခထဲ ဝင်ရောက်လာခဲ့ကြသည်။ အခြေအနေမှာ တစ်နည်းတဖုံ ပြောင်းလဲသွားသဖြင့် ၎င်းတို့အား လွှတ်ထားရန် မဖြစ်တော့ပေ။

ဝေလငါးမှာ ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီးနောက် အန်လင်းတို့ထံ ပြေးဝင်လာတော့သည်။

ရှောင်ဇယ် လက်တစ်ဖက်အား မြှောက်တင်လိုက်သည်နှင့် အနက်ရောင် နဂါးကြေးခွံများဖြင့် ဖန်တီးထားသော နံရံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုနံရံကြီးထံမှ နဂါးစွမ်းအင် အငွေ့အသက်များ ဖြာထွက်နေလေသည်။

အစစ်အမှန်နဂါးနံရံ.....

ဝုန်း....

ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ထိပ်တိုက်တွေ့ဆုံမှုကြောင့် လေထုသည်ပင် တုန်ခါအက်ကွဲကုန်သည်။ သို့သော် အနက်ရောင် နဂါးကြေးခွံဖြင့် ပြုလုပ်ထားသော နံရံကြီးမှာ မလှုပ်မယက်သာ ရှိနေသည်။

ဝေလငါးသည် နာနာကျင်ကျင် မြည်တမ်းလိုက်ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် အနောက်သို့ ဆုတ်ခွာသွားသည်။ ၎င်းသည် သက်တောင့်သက်သာ မရှိဟန်ဖြင့် ခန္ဓာကိုယ်အား တွန့်လိမ်လှုပ်ရှားနေသည်။

"သူ့ရဲ့တိုက်ခိုက်မှုကို ကာထားလိုက်တာလား။"

ကောင်းကင်နတ်မိမယ်ဟယ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူမသည် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံအရ ထိုဝေလငါး၏ တိုက်ခိုက်မှုမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သေချာနားလည်ထားသည်။ ၎င်း၏တိုက်ခိုက်မှုသည် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ သုံးဦး၏ ကာကွယ်ရေး အစီအရင်ကိုပင် နှောင့်ယှက်ဖျက်စီးနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုမျှပြင်းထန်သော တိုက်ခိုက်မှုအား သာမန်ဟုသာ ထင်ရသော လူငယ်လေးတစ်ဦးမှ အလွယ်တကူ တားဆီးခဲ့သည်။ ထိုလူငယ်လေးသည် မည်မျှပင် အစွမ်းထက်ပါသနည်း။

"သူက ရှေးဟောင်းနဂါးမျိုးနွယ်စုက ဖြစ်လိမ့်မယ်။"

မဟူရာမြူခိုးများ ဝန်းရံနေသော ဉာဉ့်ယံကာကွယ်သူနတ်ဘုရားသည် တုန်လှုပ်လေးစားနေဟန်ဖြင့် စကားဆိုလိုက်သည်။

ရှောင်ဇယ်သည် တုနှိုင်းမဲ့ ခုခံကာကွယ်ရေး အစွမ်းကို ပိုင်ဆိုင်ထားသောကြောင့် ဝေလငါး၏ တိုက်ခိုက်မှုအား ​ဖြုံပင်မဖြုံပေ။ သူသည် အန်လင်းတို့အား ဦးဆောင်ကာ ကောင်းကင်နတ်မိမယ်ဟယ်တို့ထံ သွားလိုက်သည်။

ပရမ်းပတာ စွမ်းအင်အဆီအနှစ်များဖြင့် ဖွဲ့စည်းထားသော ဝေလငါးသည် လက်လျှော့လိုပုံ မရပဲ ရှောင်ဇယ်ထံ ​ပြေးဝင်လာပြန်သည်။ ရှောင်ဇယ်မှာ အစစ်အမှန်နဂါးနံရံအား ထပ်မံအသက်သွင်းလိုက်သည်။

ဝုန်း....

ထိပ်တိုက်တွေ့ဆုံမှုသည် ပိုမိုပြင်းထန်လာသောကြောင့် မြေပြင်တစ်ခုလုံး ကြမ်းတမ်းစွာ တုန်ခါသွားရသည်။

ဝေလငါးမှာ နာကျင်စွာဖြင့် ဆုတ်ခွာသွားပြန်သည်။ ၎င်း၏ရွှေရောင်မျက်လုံးများတွင် ကြောက်ရွံ့ခြင်း အငွေ့အသက်ကိုပင် မြင်နေရသည်။

အန်လင်းတို့မှာ ကောင်းကင်နတ်မိမယ်ဟယ်တို့ထံ အေးအေးဆေးဆေး ရောက်ရှိလာကြသည်။

ကောင်းကင်နတ်မိမယ်ဟယ်တို့သည် ရှောင်ဇယ်၏ အံ့ဖွယ်အစွမ်းကြောင့် မျက်လုံးအပြူးသား ဖြစ်နေပါသော်လည်း သွေးမျိုးနွယ်စု ကျင့်ကြံသူများနှင့် ပက်သတ်၍ စိုးရိမ်နေကြဆဲပင်။

"မိတ်ဆွေလေးအန်လင်း....ဒီသွေးမျိုးနွယ်စု ကျင့်ကြံသူတွေက...."

ကောင်းကင်နတ်မိမယ်ဟယ်သည် အန်လင်းလေးဟု ခေါ်ဆိုလိုပါသော်လည်း အသုံးအနှုန်း မသင့်တော်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် သူမနှင့် တန်းတူထားသော အနေဖြင့် 'မိတ်ဆွေလေး'ဟု ခေါ်ဝေါ်လိုက်သည်။

"အော်....စိတ်မပူပါနဲ့ သူတို့က ကျွန်တော့် အစေခံတွေပါ။"

အန်လင်း ပြုံးကာရှင်းပြလိုက်သည်။

"သူတို့က ကျွန်တော်နဲ့ အစေခံစာချုပ် ချုပ်ထားပြီးသားပါ။ ကောင်းကင်နတ်မိမယ်ဟယ်တို့ကို ဘာမှဒုက္ခပေးမှာ မဟုတ်ဘူး။"

ကောင်းကင်နတ်မိမယ်ဟယ်၊ ဉာဉ့်ယံကာကွယ်သူနတ်ဘုရား၊ ဘုန်းတော်ကြီး ချန်းဟယ်နှင့် အပြင်းအထန် ဒဏ်ရာရရှိထားသော ဘုန်းတော်ကြီး ချန်းကန်သည်ပင် အသက်ရှူသံများ စူးရှသွားရကာ အန်လင်းအား ငေးကြောင်ကြည့်လိုက်မိကြသည်။

ကောင်းကင်နတ်မိမယ်ဟယ်မှာ အမူအရာ ပြောင်းလဲသွားပြီး သွေးမျိုးနွယ်စု ကျင့်ကြံသူများနှင့် အန်လင်းအား တလှည့်စီ ကြည့်ရှုလိုက်သည်။ သွေးမျိုးနွယ်စု ကျင့်ကြံသူများ၏ ပုံစံမှာ အေးအေးလူလူပင် ရှိနေသောကြောင့် အန်လင်း၏ စကားမှာ အမှန်တရား ဖြစ်ပုံရသည်။

"ဒီစီနီယာကရော...."

ဉာဉ့်ယံကာကွယ်သူနတ်ဘုရားသည် စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ရှောင်ဇယ်အား လှမ်းကြည့်လိုက်သည်။

အန်လင်းမှာ တပည့်ဖြစ်သူအား အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။

"သူက ရှောင်ဇယ်လေ။ ကျွန်တော့် တပည့်ပေါ့။"

"ကျုပ်က ဆရာ့ရဲ့ တပည့်ခေါင်းဆောင်နော်။ လက်ရှိမှာ ဆရာ့ရဲ့ တစ်ဦးတည်းသော တပည့်လည်းဟုတ်တယ်။"

ရှောင်ဇယ် သိန်းထီပေါက်သလို ဂုဏ်ယူဝံ့ကြွားစွာ ရယ်မောလိုက်သည်။

ကောင်းကင်နတ်မိမယ်ဟယ်တို့မှာ လေအေးအေးများ ရှူရှိုက်လိုက်ရပြန်သည်။ ထိုလေသည် အေးစိမ့်လွန်းလှသောကြောင့် အအေးပတ်တော့မလိုပင်။

ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်က အန်လင်းရဲ့ တပည့်တဲ့လား.....ပြီးတော့ အရမ်းလည်း ဂုဏ်ယူနေပုံပဲ.....နေပါဦး....အန်လင်းရဲ့ တပည့်ဖြစ်ရတာက အဲ့လောက်တောင် ဂုဏ်ယူစရာ ကောင်းတာလားဟင်.....

ကောင်းကင်နတ်မိမယ်ဟယ်မှာ ပန်းနုရောင် နှုတ်ခမ်းသားလေးများ ပွင့်ဟနေပြီး မျက်လုံးများလည်း အပြူးသား ဖြစ်နေရသည်။ သူမသည် စကားတစ်ခွန်းမှပင် မပြောနိုင်ပေ။

ဉာဉ့်ယံကာကွယ်သူနတ်ဘုရားမှာ ညှောင့်စူးနေသလို ပို၍ပင် မျက်စိမျက်နှာ ပျက်နေသေးသည်။ သူသည် ရှောင်ဇယ်အား စီနီယာအဖြစ် ညွှန်းဆိုခဲ့သည်။ သို့သော် ဂွကျစရာ ကောင်းလောက်အောင် ရှောင်ဇယ်မှာ အန်လင်း၏ တပည့် ဖြစ်နေလေသည်။ ထိုသို့ဆိုလျှင် အန်လင်းအား 'စီနီယာကြီး'ဟု ခေါ်ရတော့မည်လော။

"ဟားဟား......စီနီယာ အန်လင်း.....တကယ်တိုက်ဆိုင်တာပဲ။"

ဘုန်းတော်ကြီး ချန်းဟယ် ရယ်မောလိုက်သည်။

"ကိုယ်တော့်တပည့် ချင်ကျစ်ကလည်း အန်လင်းလို့ခေါ်တဲ့ ကျင့်ကြံသူ တစ်ယောက်ကို သိတယ်လေ။"

အန်လင်း ခေါင်းကုတ်ကာ သဘာဝဆန်ဆန် စကားဆိုလိုက်သည်။

"ကောင်းကင်ဘုံခုံရုံးမှာ အန်လင်းဆိုတဲ့ နာမည်နဲ့သူက ကျွန်တော်တစ်ယောက်ပဲ ရှိတာပါ။ အော်....ပြီးတော့ ကျွန်တော့်ကို စီနီယာလို့ မခေါ်ပါနဲ့ဗျာ။ နားထောင်ရတာ ထူးဆန်းနေလို့။"

ဘုန်းတော်ကြီး ချန်းဟယ်: "......."

အဲ့ဒါဆို လူတစ်ယောက်တည်းလား.....သူက တကယ်ပဲ အန်လင်းလား.....

ဘုရားရေ....မနှစ်ကပဲ အန်လင်းက အင်အားကြီးလေးရပ် တာအိုဖလှယ်ပွဲမှာ ဝင်ပြိုင်ခဲ့တာလေ.....အဲ့ဒါကို အခုကြ ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိတဲ့ သွေးမျိုးနွယ်စု ကျင့်ကြံသူတွေကိုတောင် အစေခံ လုပ်နေပြီလား....ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်ကိုတောင် တပည့်အဖြစ် လက်ခံထားပြီပေါ့လေ....ငါ့ရဲ့လောကအသိအမြင်တွေက ပြောင်းပြန်ဖြစ်ကုန်ပြီလား.....

ဘုန်းတော်ကြီး ချန်းဟယ် အံ့အားသင့်စွာဖြင့် အန်လင်းအား ကြည့်ရှုနေမိသည်။ ထိုလူငယ်လေးအား မည်သို့သော စကားမျိုးနှင့် ဖော်ပြရမည်ကို မသိတော့ပေ။

ရူးလောက်အောင် ပါရမီကောင်းတာလား.....မဟုတ်သေးဘူး.....အန်လင်းက ပါရမီကောင်းတာထက် ပိုနေပြီ.....

.........

ဝုန်း....ဝုန်း....ဝုန်း....

ဝေလငါးသည် အန်လင်းတို့ထံ အကြိမ်ကြိမ်အခါခါ ဝင်ဆောင့်နေပါသော်လည်း အစစ်အမှန်နဂါးနံရံ၏ တားဆီးခြင်းကို ခံနေရသည်။ ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းအင်မှာ အမှန်တကယ် တုနှိုင်းမဲ့ပင်။

"စီနီ......ကျင့်ကြံသူလေး အန်လင်း...ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ သိလား။"

ယခုအချိန်သည် အံ့သြနေရမည့် အချိန်မဟုတ်သောကြောင့် ကောင်းကင်နတ်မိမယ်ဟယ်မှာ ခံစားချက်များကို ထိန်းချုပ်ကာ အန်လင်းအား မေးမြန်းလိုက်သည်။

အန်လင်းသည် ဤနေရာတွင် ရှိနေသူများ အားလုံးထက် အဆင့်အတန်း ပိုမြင့်နေသည်။ အန်လင်းသည် ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်အား တပည့်အဖြစ် လက်ခံနိုင်သောကြောင့် သူ၏လုပ်နိုင်စွမ်းများမှာ စိတ်ကူးဖြင့်ပင် တွေးကြည့်မရပေ။

ထို့ကြောင့်ပင် ကောင်းကင်နတ်မိမယ်ဟယ်မှာ အန်လင်းအား မေးမြန်းလိုက်ခြင်း ဖြစ်သည်။ သူမ၏စိတ်ထဲတွင် သိလိုစိတ်များ ပြင်းပြနေလေပြီ။

အန်လင်းက နတ်ဘုရားတစ်ပါး ပြန်ဝင်စားတာများလား......ဒါမှမဟုတ် နတ်ဘုရားတစ်ပါးက စမ်းသပ်ခံဖို့အတွက် လောကကြီးထဲ ဆင်းသက်လာတာများလား.....

အန်လင်း ခေါင်းခါပြလိုက်သည်။

"ကောင်းကင်လဟာပြင်သားရဲက ကောင်းကင်လသာပြင်ဝဲဂယက်ကို ထပ်မသုံးရင် ကျွန်တော်လည်း ဘာလုပ်ရမလဲ မသိဘူး။"

ကောင်းကင်နတ်မိမယ်ဟယ်တို့မှာ အနည်းငယ် စိတ်ပျက်အားလျော့သွားရသည်။ သို့သော် အန်လင်း ရှိနေသောကြောင့် စိတ်သက်သာရာ ရနေသလို ခံစားမိကြသည်။

အန်လင်း ရောက်ရှိလာပြီးနောက် ၎င်းတို့၏ စိတ်သောကများ ယူပစ်သလို ပျောက်သွားခဲ့သည်။ အန်လင်းသည် အမှန်တကယ်ပင် ဆရာ့ဆရာကြီး ဖြစ်သည်။

"ရှောင်လေး....အဲ့ဝေလငါးက အခုလို ဆက်တိုက်နေရင် မင်းဘယ်လောက်ထိ ခံနိုင်ရည် ရှိဦးမလဲ။"

အန်လင်း မေးခွန်းထုတ်လိုက်သည်။

"ကျွန်တော် တစ်ယောက်တည်း ဆိုရင်တော့ တသက်လုံး ဒင်းလာတိုက်နေရင်တောင် အေးဆေးပဲ။"

ရှောင်ဇယ် ရယ်မောလိုက်သည်။

"ဒါပေမယ့် အားလုံးကို ကာကွယ်ပေးထားရမယ်ဆိုရင်တော့ ခြောက်နာရီလောက်တော့ ခံနိုင်ရည် ရှိဦးမှာပါ။"

ခြောက်နာရီ.... ထိုသည်မှာ ကြာမြင့်လွန်းသော အချိန်ပင်။

ကောင်းကင်လဟာပြင်သားရဲသည် ခြောက်နာရီအတွင်း ကောင်းကင်လဟာပြင်ဝဲဂယက်အား ထပ်မံအသုံးပြုပါက ၎င်းတို့အောင်အောင်မြင်မြင် လွတ်မြောက်သွားနိုင်သည်။

ထိုအချိန်တွင် စူးရှရှ စကားသံတစ်ခုကို ကြားလိုက်ရသည်။

"ဘာလို့သေမယ့်အချိန်ကို စောင့်နေရမှာလဲ။ အခုချက်ချင်း တိုက်ခိုက်သင့်တာပေါ့။ လုပ်စမ်းပါ။ အဲ့ဝေလငါးကို ငရဲပြည် ပို့ပေးလိုက်ရအောင်။"

အန်လင်း၊ ကတ်စီဒီနှင့် အခြားသူများမှာ အဖြူရောင် ပုံရိပ်လေးအား ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။

ထိုသည်မှာ အကြောက်လွန်နေသော ရွှယ်ကျန်ထျန်း ဖြစ်သည်။

"ထျန်းလေး.....မင်းရဲ့ဦးနှောက် အဆင်ပြေရဲ့လား။"

အန်လင်း အလွန်အမင်း ထိတ်လန့်နေမိသည်။ ထျန်းလေးသည် အကြောက်လွန်ကာ ရူးနှမ်းသွားပြီလော။

ခြောက်ယောက်မြောက်ညီလေးကရော လေးယောက်မြောက်ညီလေးရဲ့ လမ်းစဉ်အတိုင်း လိုက်တော့မှာလား....ဖေ့သားကြီး....အဲ့လိုဖြစ်လို့ မရဘူးနော်....

"မဟုတ်ဘူး။ ကြည့်ရတာ ဝေလငါး ခန္ဓာကိုယ်ထဲမှာ လောကနိယာမတွေ မသက်ရောက်ဘူးထင်တယ်။"

ရှောင်ဇယ် သုံးသပ်လိုက်သည်။

"ကျွန်တော်တို့ ခံစားချက်တွေက ပုံမှန်အခြေအနေ ဖြစ်နေတယ်မလား။"

အန်လင်းတို့ စိတ်သက်သာရာရကာ ရွှယ်ကျန်ထျန်းကို ကြည့်ရှုလိုက်သည်။

ရွှယ်ကျန်ထျန်းမှာ ရှက်ရွံ့စရာ မှတ်ဉာဏ်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး နီရဲနေသည်။

"ငါ့ကိုအဲ့လိုမကြည့်နဲ့။"

သူအော်ဟစ်လိုက်သည်။

"ငါက ကောင်းကင်ကို တဝက်လောက်ပဲ ရှုံးတာကွ။ ဒါကမှ ငါ့ရဲ့သူရဲကောင်းပုံစံပဲ။ ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုကို ငါသေချာပေါက် လက်စားချေချင်တယ်....ဂါး...."

ရွှယ်ကျန်ထျန်း၏ ပုံစံကြောင့် ၎င်းတို့အားလုံး ရယ်ပွဲကျကာ လေထုမှာလည်း ကောင်းမွန်လာသည်။

ကောင်းကင်နတ်မိမယ်ဟယ်မှာ မျက်ဝန်းများ တလက်လက် တောက်ပနေသည်။ သူမသည် ရှေးဟောင်းအံ့ဖွယ်အပိုင်းသို့ မသွားနိုင်ခဲ့ပေ။ ထိုသို့မဟုတ်ပါက ယခုကဲ့သို့ ချစ်စဖွယ် သားရဲလေးတစ်ကောင်အား ယူဆောင်လာမည်မှာ သေချာသည်။

"အန်လင်း....ကျွန်မ မြူနှင်းဝိဉာဉ်သားရဲလေးကို ဖက်လို့ရမလား။"

ကောင်းကင်နတ်မိမယ်ဟယ် ရှက်ရွံ့စွာ မေးလိုက်သည်။

ဤနေရာတွင် ပိတ်မိနေသည်မှာ စိတ်ညစ်စရာ ကောင်းလှပါသော်လည်း သူမ၏ စိတ်ကူးအိမ်မက်ငယ်လေးအား ဖြည့်တင်းနိုင်မည်ဆိုပါက မဆိုးလှပေ။

"ရတာပေါ့။"

အန်လင်း ရယ်ကာမောကာဖြင့် ရွှယ်ကျန်ထျန်းအား ပေးလိုက်သည်။

ကောင်းကင်နတ်မိမယ်ဟယ်မှာ ရွှယ်ကျန်ထျန်း၏ နူးညံ့သော သားမွှေးလေးများကို သူမ၏မျက်နှာဖြင့် ပွတ်သပ်နေမိသည်။

"အရမ်းကို နွေးထွေးနူးညံ့တာပဲ။"

"ဂါး....မိန်းမကြီး....ခင်ဗျား ရင်သားတွေက ကြီးလိုက်တာ။ ငါ့ကိုလာတွန်းနေသလိုပဲ။"

ရွှယ်ကျန်ထျန်း အော်ဟစ်လိုက်သည်။

ကောင်းကင်နတ်မိမယ်ဟယ်သည် စိတ်ဆိုးပုံမရပဲ ရွှယ်ကျန်ထျန်းအား ပို၍တင်းကြပ်စွာ ဖက်ထားလိုက်သည်။

အန်လင်းမှာ မကျေမနပ် ဖြစ်နေသော ရွှယ်ကျန်ထျန်းအား အားကျမနာလိုစွာ ကြည့်ရှုနေမိသည်။

အော်.....ငါလည်း မင်းလို ကံတရားမျိုး ရှိချင်လိုက်တာကွာ....

All Chapters