ပရမ်းပတာစွမ်းအင်အဆီအနှစ်၏ကိုယ်ထည်အားတိုက်ခိုက်ခြင်း
Vol. 41 Ch. 569
လေထုတင်းမာမှုမှာ လျော့ကျသွားပါသော်လည်း ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်မှာ အနားမယူသေးပေ။ ၎င်းသည် ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းအင်အား မမောနိုင် မပမ်းနိုင် တိုက်ခိုက်နေဆဲ ဖြစ်သည်။
အန်လင်းမှာ ရွှယ်ကျန်ထျန်း၏ တောင်းဆိုချက်အား သဘောတူလိုက်သည်။ တစ်ချိန်လုံး ခုခံနေရသည်ထက်စာလျှင် သူသည် ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်အား တန်ပြန်တိုက်ခိုက်ချင်စိတ်က ပိုမိုများပြားသည်။
ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်အား အနိုင်ယူလိုက်ပါက ကောင်းကင်လဟာပြင်သားရဲကြီး ပါးစပ်ပေါက် ဖွင့်မဖွင့် မသေချာပါသော်လည်း အနည်းဆုံး လူတိုင်းမှာ သက်တောင့်သက်သာ နေနိုင်ပေလိမ့်မည်။
အရေးအကြီးဆုံးမှာ ဤဝေလငါးအား မည်သည့်နည်းလမ်းဖြင့် တိုက်ခိုက်ရမည်ကိုပင်။
ပုံမှန်နည်းလမ်းများဖြင့်ဆိုလျှင် အတော်ပင် ခက်ခဲမည် ဖြစ်သည်။ ဘုန်းတော်ကြီး ချန်းကန် မည်သို့ဖြစ်သွားရသည်ကို အားလုံးလည်း တွေ့မြင်ထားကြသည်။ ၎င်းတို့သာ ဂရုတစိုက် မလုပ်ဆောင်ပါက ကူးတို့ခပင် မလိုပဲ ဘဝကူးသွားရပေလိမ့်မည်။ ဝေလငါးသည် တစ်ချက်တည်း တိုက်ရုံမျှဖြင့် ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော ဘုန်းတော်ကြီးကိုပင် ဆိုးရွားစွာ ဒဏ်ရာရစေခဲ့သည်။
ရှောင်ဇယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ခုခံကာကွယ်ရေး စွမ်းရည်ကြောင့် အားမကောင်းပေ။ အားလုံး၏ တိုက်ခိုက်ရေးစွမ်းရည်သည် ဘုန်းတော်ကြီး ချန်းကန်ထက် ပိုမိုကောင်းမွန်ခြင်း မရှိကြပေ။ ၎င်းတို့ အမှန်တကယ် တန်ပြန်တိုက်ခိုက်မည်ဆိုပါက ဝေလငါးကြီးမှ တစ်ဦးချင်းခွဲကာ အမှောက်သိပ်မည့် အရေးကို လေးလေးနက်နက် သတိထားရလိမ့်မည်။ ထိုသို့ဖြစ်လာပါက ၎င်းတို့အားလုံး ငါးပါးမှောက်မည်မှာ သေချာသည်။
ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးသည့်နောက် သဘောတူညီချက် ရသွားကြသည်။ ရှောင်ဇယ်သည် ပုံမှန်အတိုင်း ဆက်လက်ကာကွယ်ပေးထားမည်ဖြစ်ပြီး အားလုံးသည် ဝေလငါးကြီးအား တိုက်ခိုက်ကြမည် ဖြစ်သည်။ ရှောင်ဇယ်၏ တိုက်ခိုက်မှု ပါဝင်မည် မဟုတ်သော်လည်း အခြေအနေအား ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကာ စွန့်စားရခြင်းများလည်း နည်းပါးသွားပေလိမ့်မည်။
လုပ်ဆောင်ရမည်များကို ဆုံးဖြတ်ပြီးသည့်အတွက် အားလုံးမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ ဝေလငါးသည် ရှောင်ဇယ်၏ အစစ်အမှန်နဂါးနံရံအား ဝင်တိုက်ပြီးနောက် အနောက်သို့ လွင့်ထွက်သွားပြန်သည်။ ထိုအချိန်မှာပင် အားလုံးမှာ စတင်လှုပ်ရှားလိုက်ကြသည်။
သွေးပင်လယ်ထောက်ချောက်ဝင်္ကပါဖြင့် ဝေလငါးအား ချုပ်နှောင်လိုက်ပြီးနောက် မာလင်၏ ဆိုင်းပုဒ်ထဲမှ ဝိဉာဉ်စစ်သည်တော် တစ်သိန်း ထွက်လာကာ ၎င်းကိုလွှမ်းမိုးသွားသည်။
ပေတစ်သောင်းကျော်ရှိသော ကြာပန်းမှာလည်း လေထုအား အေးခဲသွားစေသောကြောင့် ဝေလငါးမှာ ခေတ္တမျှ ငြိမ်သက်သွားရသည်။
ထိုအခိုက်အတန့်မှာပင် ဉာဉ့်ယံကာကွယ်သူနတ်ဘုရား၏ မဟူရာသံကြိုးများမှာ ဝေလငါး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရစ်ပတ်သွားသည်။
မရှေးမဟောင်းတွင် ဝေလငါးအား သတ်ဖြတ်ရန် တာဝန်ယူထားသူ သုံးဦးမှာ အားအကောင်းဆုံး တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။
အသင်္ချေမျှသော ရွှေရောင်သင်္ကေတများမှာ ဘုန်းတော်ကြီး ချန်းဟယ်၏ သကျမုနိ ရုပ်ထုတဝိုက်တွင် လည်ပတ်လာပြီးနောက် မီတာပေါင်း ရာနှင့်ချီသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာကာ ဝေလငါး၏ ခန္ဓာကိုယ်ထံ ဦးတည်ပျံဝဲလာသည်။
အလင်းတန်း၏ ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် မြေပြင်တစ်ခုလုံး တုန်ခါလာကာ အရာအားလုံးသည်လည်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားရသည်။
"ဝါး....."
ဝေလငါးမှာ နာနာကျင်ကျင် အော်မြည်နေသည်။
တစ်ချိန်တည်းမှာပင် တိုဘိယသည် လက်သီးနှစ်ဖက် ဆန့်တန်းကာ ဝေလငါးပေါ် ခုန်ဆင်းလာသည်။ ထိုးနှက်မှု၏ အရှိန်ကြောင့် ငါးကီလိုမီတာ အတွင်းရှိ လေထုများ အက်ကွဲကုန်သည်။
ကောင်းကင်နှင့်မြေပြင်ကြားရှိ လေဟာနယ်မှာ ဖိအားများကြောင့် လွန်စွာသိပ်သည်းလာပြီး ကျယ်လောင်လှသော ပေါက်ကွဲသံများလည်း ပဲ့တင်ထပ်သွားသည်။
ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်၏ မည်းနက်ပြောင်လက်နေသော ခန္ဓာကိုယ်ကြီးမှာ ပြိုကျတော့မလို ဖြစ်လာသည်။
သို့သော် ၎င်းသည် တိုက်ခိုက်မှုများအပေါ် လွန်စွာဒေါသထွက်နေပုံရပြီး ခန္ဓာကိုယ်မှာ ပိုမိုမည်းနက်လာသည်။ တိုဘိယ တိုက်ခိုက်ပြီး မကြာမီမှာပင် ဝေလငါးသည် သံကြိုးများထံမှ ရုန်းထွက်ကာ တိုဘိယထံ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
တိုဘိယ၏ ခန္ဓာကိုယ်မှာ ဝေလငါး၏ ဝင်ဆောင့်မှုကြောင့် ငါးဖယ်ထုခံထားရသလို ပုံပျက်ပန်းပျက်ဖြစ်ကာ ဟော့ပေါ့အသားလုံး အဆင့်ထိ ရောက်သွားတော့မလိုပင်။
သွေးမျိုးနွယ်စု ကျင့်ကြံသူ မဟုတ်သော ဘုန်းတော်ကြီး ချန်းဟယ် သို့မဟုတ် ကောင်းကင်နတ်မိမယ်ဟယ်သာ ဖြစ်ပါက နေရာတွင်ပင် အစ်ခနဲနေအောင် အသက်ထွက်သွားလောက်သည်။
တိုဘိယ၏ ခန္ဓာကိုယ်မှာ အမြှောက်ဆံတစ်ခုအလား လွင့်ထွက်သွားချိန်မှာပင် သွေးနီရောင် ဓားပုံရိပ်တစ်ခု ကျဆင်းလာသည်။ ဓားပုံရိပ်သည် လျှပ်စီးထက်ပင် လျင်မြန်သော အရှိန်ဖြင့် လေထုအား ဖြိုခွင်းကာ ဝေလငါးကြီးကို ထိမှန်သွားသည်။
"ဝါး....."
ဝေလငါး၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားသောကြောင့် ရူးနှမ်းသွားတော့မလို အော်ဟစ်လိုက်သည်။
"မဖြစ်ဘူး။ စုပေါင်းတိုက်ခိုက်မှုကတောင် ဒင်းကိုသတ်ဖို့ မလုံလောက်သေးဘူး။ ပြန်လာခဲ့ကြတော့။"
ရှောင်ဇယ် အမူအရာ ပြောင်းလဲသွားကာ အလောတကြီး အော်ဟစ်လိုက်သည်။
အားလုံးသည် အပြင်းထန်ဆုံးသော တိုက်ကွက်များကို ထုတ်ဖော်ခဲ့ကြပြီး ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ခေတ္တမျှသော အချိန်အတွင်း ထပ်မံပြုလုပ်နိုင်မည် မဟုတ်ပေ။ စုပေါင်းတိုက်ခိုက်မှုကိုပင် ဝေလငါးမှ ခံနိုင်ရည် ရှိခဲ့သည်ကို တွေ့လိုက်ရပြီးနောက် အားလုံးမှာ ခြေထောက်နှင့်တင်ပါး တသားတည်း ကျလောက်အောင် ရှောင်ဇယ်ထံ ပြေးလာခဲ့ကြသည်။
ဝေလငါးကြီးသည် ၎င်းတို့အား လွယ်လွယ်နှင့် လွှတ်ပေးချင်ပုံ မရပေ။ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအင်များ စိမ့်ဝင်နေသည်ဟု ထင်မှတ်ရသော သမုဒ္ဒရာမျှ ကျယ်ပြန့်သည့် အရှိန်အဝါများ ၎င်း၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။
ကတ်စီဒီမှာ ဒဏ်ရာရနေသော တိုဘိယအားဆွဲလျက် ရှောင်ဇယ်ထံ ပြေးသွားနေပါသော်လည်း ခန္ဓာကိုယ် တစ်ခုလုံး မရဏ အငွေ့အသက်များ လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့် သူမ၏ ခန္ဓာကိုယ်ရော၊ စိတ်ဝိဉာဉ်ပါ ကမ္ဘာကြီးထံမှ ဖယ်ရှားခံရတော့မလိုပင်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ဇယ်သည် ဝေလငါး၏ ပစ်မှတ်အား ကြိုတင်ခန့်မှန်းထားနိုင်သောကြောင့် ကတ်စီဒီ၏နောက်တွင် အစစ်အမှန်နဂါးနံရံကို အသက်သွင်းလိုက်သည်။
ဝုန်း.....
ကမ္ဘာမြေပြင် တုန်ဟီးမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ ယခင်ထိပ်တိုက်တွေ့ဆုံမှုများထက်ပင် ကြမ်းတမ်းသော ထိတွေ့မှုကြီး ဖြစ်ပေါ်လာပြီး လေထုအက်ကွဲရာများပင် ဖြစ်ပေါ်လာသည်။ မြေပြင်တွင်လည်း ချိုင့်ခွက်ကြီးများ ပေါ်ပေါက်လာလေသည်။
ခရက်.....
အစစ်အမှန်နဂါးနံရံတွင်လည်း သေးငယ်သော အက်ရာများ စတင်ထွက်ပေါ်လာသည်။
ရှောင်ဇယ်၏ တုနှိုင်းမဲ့ ခုခံကာကွယ်ရေး စွမ်းအင်မှာလည်း ဝေလငါး၏ ခက်ထန်လှသော တိုက်ခိုက်မှုကြောင့် ပြိုပျက်တော့မည့် အရိပ်အယောင်များ ပြသလာသည်။ ထိုထိခိုက်မှုကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ သွေးများလည်း အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးစများ ယိုစီးကျလာသည်။
လေထုထဲတွင် ရှိနေသော ကြာပန်းမှာ ရုတ်ချည်းဆိုသလို ပြိုးပြိုးပြက်ပြက် လင်းလက်လာပြီးနောက် လေဟာနယ် ချိပ်ပိတ်ခြင်း စွမ်းရည်မှာ ထပ်မံအသက်ဝင်လာသည်။
သိန်းနှင့်ချီသော ဝိဉာဉ်စစ်သည်တော်များလည်း ထွက်ပေါ်လာကြသည်။
မဟူရာသံကြိုးမှာလည်း လေထုအား ဖြိုခွင်းကာ ဝေလငါးအား ရစ်ပတ်လိုက်သည်။
အားလုံးသည် ဖွင့်ထုတ်ပြောရန် မလိုအပ်ပဲ အခြေအနေကို နားလည်နေကြသည်။ ၎င်းတို့သည် အားအကောင်းဆုံး တိုက်ခိုက်မှုများအား နောက်ထပ်တစ်ကြိမ် ထပ်မံအသုံးပြုလိုက်ကြသည်။
ထိုသည်မှာ တိုတောင်းလှသော အချိန်အတွင်း ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်အား တိုက်ခိုက်လိုက်ကြခြင်းဖြစ်ပြီး တစ်စုံတစ်ဦးအတွက် ခေတ္တမျှသော အခွင့်အရေးကို ဖန်တီးပေးနေခြင်းပင်။
အဖြူရောင် အလင်းတန်းနှင့်အတူ လှပသော နတ်သမီးလေးသည် ဝေလငါး၏ တစ်ရာမီတာ အကွာအဝေးသို့ ရောက်ရှိလာသည်။ သူမသည် အန်လင်း၏ ပုခုံးအား ထိကိုင်လိုက်သည်နှင့် စွမ်းအင်တစ်မျိုးမှာ အန်လင်း ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
အန်လင်း၏ မျက်ခုံးနှစ်ခုကြားတွင် ရွှေရောင်မျက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။
အံ့ဖွယ်အဓမ္မလုယူခြင်းနည်းစနစ်....
ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ့်ထံမှ စွမ်းအင်များ ခိုးယူ၍ ရနိုင်မရနိုင် သူမသိပေ။ ထို့အပြင် ထိုမျှအစွမ်းထက်သော ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်အား မည်သည့်နည်းကိုသုံးကာ အနိုင်ယူရမည်ကိုလည်း မသိပေ။
သို့သော် သူ့အနေဖြင့် တစ်ခုခု လုပ်ကိုလုပ်ရမည်။ အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်ဖြင့် အခြေအနေအား ပြောင်းပစ်ကောင်း ပြောင်းပစ်လိုက်နိုင်သည်။
သူတတ်နိုင်သည်မှာ ထိုအရာ တစ်ခုတည်းသာ ရှိသည်။
အားလုံးသည် အန်လင်းကိုသာ အာရုံစိုက်နေကြသည်။ ဝေလငါးအား သတ်ဖြတ်ရန် ကျရှုံးခဲ့ပြီးနောက် အန်လင်းမှာ ၎င်းတို့၏ မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာသည်။
အန်လင်းသည် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်အား အသုံးပြုနေပါသော်လည်း မည်သည့်စွမ်းအင်နည်းစနစ်ကိုမှ အာရုံမခံမိသောကြောင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။
ရှုံးနိမ့်သွားပြီဟု ထင်လိုက်စဉ်မှာပင် သူ၏ရွှေရောင်မျက်ဝန်းမှ ဆွဲငင်အားများ ဖြာထွက်လာကာ ဝဲဂယက်တစ်ခု ဖြစ်ပေါ်သွားစေသည်။
ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်သည် ခွန်အားရှိသမျှ ရုန်းကန်ပါသော်လည်း ဆွဲငင်အားကို မဆန့်ကျင်နိုင်သောကြောင့် ရွှေရောင်မျက်ဝန်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားရသည်။
အန်လင်း ဦးနှောက်ခြောက်နေစဉ်မှာပင် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်မှာ ပျောက်ကွယ်သွားသည်။
အားလုံးသည် ကျောက်ရုပ်များအလား ငြိမ်သက်နေပြီး အသက်ရှူရန်ပင် မေ့လျော့နေကြသည်။
ကောင်းကင်နတ်မိမယ်ဟယ်မှာ အသိစိတ် ပြန်ဝင်လာကာ မေးလိုက်သည်။
"အန်လင်းက ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်ကို စုပ်ယူလိုက်တာလား။"
ရှောင်ဇယ်လည်း ပုံမှန်ပြန်ဖြစ်လာကာ အန်လင်းအား လေးစားရိုသေစွာ ကြည့်ရှုလိုက်သည်။
"ရှောင်မိသားစု ဘိုးဘွားတွေက ပရမ်းပတာ စွမ်းအင်အဆီအနှစ်ကိုသုံးပြီး နတ်ဘုရား လက်နက်တွေ ထုလုပ်နိုင်တာကို အရမ်းမိုက်လှပြီ ထင်နေတာ။ ဆရာက ခန္ဓာကိုယ်ထဲကိုတောင် တိုက်ရိုက်စုပ်ယူနိုင်ပါလား။ အဆတစ်ရာလောက် ပိုမိုက်တယ်ဟေ့။"
အားလုံးမှာ အန်လင်းအား ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုနေမိကြသည်။ အန်လင်းအား ဂုဏ်သရေ မြင့်မြတ်သော ပုဂ္ဂိုလ်ထူးကြီးအဖြစ် မြင်ယောင်မိလာသည်။
အန်လင်းကိုယ်တိုင်မှာ ခေတ္တမျှ ကြောင်တောင်တောင် ဖြစ်နေပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားသည်။
အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်သည် ပစ်မှတ်၏ စွမ်းရည် သို့မဟုတ် ကျင့်စဉ်များကို ခိုးယူပေးနိုင်သည်။ သို့သော် သူသည် ကောင်းကင်လဟာပြင်သားရဲ၏ ခန္ဓာကိုယ်ထဲ ရောက်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်၏ ပစ်မှတ်မှာ ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ် မဟုတ်ပဲ ကောင်းကင်လဟာပြင်သားရဲသာ ဖြစ်လိမ့်မည်။
ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်သည် ကောင်းကင်လဟာပြင်သားရဲ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ပရမ်းပတာ စွမ်းအင်အဆီအနှစ်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းအား ကောင်းကင်လဟာပြင်သားရဲ၏ အထူးစွမ်းရည်အဖြစ် သတ်မှတ်နိုင်သည်။ ထို့အပြင် အန်လင်းသည် ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်နှင့် နီးကပ်စွာ ရှိနေသောကြောင့် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်သည်သည် ၎င်းအားခိုးယူရမည်ဟု အထင်ရောက်သွားခြင်း ဖြစ်နိုင်သည်။
အန်လင်း စဉ်းစားနိုင်သည်မှာ ထိုမျှသာ။
မည်သို့ပင်ဆိုစေကာမူ မေးခွန်းများ ရှိနေသေးသည်။ သူသည် ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်အား ခိုးယူလိုက်ပါသော်လည်း ၎င်း၏စွမ်းအင်အား အသုံးပြုနိုင်သလို မခံစားရပေ။ ထိုသို့ဆိုလျှင် ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်မှာ မည်သည့်နေရာသို့ ရောက်ရှိသွားပါသနည်း။
မည်သည့်စွမ်းအင်ကိုမှ အာရုံခံစား၍ မရနေပေ။
တစ်ခါတည်း ပျောက်သွားတာတော့ မဖြစ်နိုင်ပါဘူး....ဟုတ်တယ်မလား......
အန်လင်း ခန္ဓာကိုယ်အား အပြန်ပြန်အလှန်လှန် စစ်ဆေးလိုက်ပြီးနောက် ချီပင်လယ်ထံ အာရုံရောက်သွားသည်။
ထို့နောက် သူ၏မျက်ဝန်းများမှာ ပြုတ်ထွက်မတတ် ပြူးကျယ်သွားရလေတော့သည်။