← Chapters

လင်းလက်နေဆဲလရောင်

Vol. 1 Ch. 58

လင်းလက်နေဆဲလရောင်

Vol. 1 Ch. 58

ဆန်းလျန် သတိရလာသည့် အချိန်တွင်တော့ သူ၏ ခြေလက်များမှာ အားမရှိသလို ခံစားနေရ လေသည်။ သူ့ တစ်ကိုယ်လုံးမှာလည်း ပင်ပန်းနွမ်းနယ် နေလေသည်။

လူတစ်ယောက်သည် အလုပ်တစ်ခုကို အာရုံစိုက်ပြီး လုပ်နေပါက စိတ်အာရုံက စူးစိုက် ထားနိုင်သော်လည်း ရုပ်ခန္ဓာကတော့ အကန့်အသတ် ရှိလေသည်။

လုပ်နေသည့် အလုပ်ပြီးသွားပါက ရုပ်ခန္ဓာမှာ ရုတ်တရက် ပင်ပန်းနွမ်းနယ် သွားတတ်လေသည်။

အပြင်းအထန် အာရုံစိုက်ကာ လေ့ကျင့်လိုက်သည့် အတွက် ဆန်းလျန် သတိလစ်သွားရခြင်း ဖြစ်လေသည်။

“ငါဆိုရင် ဒီလို ပင်ပန်းတဲ့ဒဏ် မခံရတာတောင် အတော်လေး ကြာခဲ့ပြီ”

ဆရာစူးက တွေးရင်း ပြုံးလိုက်မိလေသည်။

ရုတ်တရက် စူးကျားပေါင် ခြံဝန်းအတွင်းမှ ရေငန်းသီးပင်မှာ ယိမ်းထိုး လှုပ်ရှားလာလေသည်။ မမြင်ရသည့် အရာများကို ကြောက်လန့်နေသောကြောင့် တုန်လှုပ် နေသည်နှင့်ပင် တူလေသည်။

ဆရာစူးက ဆန်းလျန်အနားမှ ထကာ မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

“မကောင်းဆိုးဝါးကောင်။ လူ့လောကမှာ ပျော်ပါးလို့ မဝသေးတဲ့အပြင် သားတစ်ယောက်တောင် ခေါ်လာသေးတယ်ပေါ့လေ”

အမျိုးသမီး အသံတစ်သံက ပြောလိုက်လေသည်။

“မင်းရဲ့ ဦးနှောက်က တော်တော်ဖွံ့ဖြိုးလာတာပဲ။ ကျုပ်သွားတာ တစ်နှစ်ပဲ ရှိသေးတယ်လေ။ ဒီလို ဆယ်ကျော်သယ်အရွယ် သားတစ်ယောက် ဘယ်လိုလုပ် ရနိုင်မှာလဲ”

ဆရာစူးက ပြုံးရင်း ပြောလိုက်လေသည်။

“အရင်တုန်းက ရထားတဲ့ ကလေး ဖြစ်မှာပေါ့”

အမျိုးသမီးအသံက မကျေနပ်သလို ဟင့်ခနဲ တစ်ချက်ရယ်မောရင်း ပြောလိုက်လေသည်။ အသံသာ ကြားရပြီး လူကို မြင်တွေ့ရခြင်း မရှိပေ။

“ကျုပ်သာ ကလေးယူမယ်ဆိုရင် မင်းနဲ့ပဲ ယူမှာပေါ့ကွာ”

“တော်စမ်းပါ။ ရှင်နဲ့ ကလေးလိုချင်တယ်လို့ ကျွန်မပြောခဲ့ ဖူးလို့လား။ ပြီးတော့ ဒီကောင်လေးကို သတ်မပစ်ဘူး ဆိုရင် ရှင့်စကားကို ကျွန်မ မယုံနိုင်ဘူး”

“ဒါက ဘယ်အလုပ်ဖြစ်မှာလဲ။ ကျုပ်ဟာလေ ဘာလို့ ဒီရေငန်းသီးပင်ကို ခုတ်မပစ် မိပါလိမ့်။ ဒါဆို မင်းကျုပ်ကို အပြစ်တင်နိုင်မှာ မဟုတ်တော့ဘူး”

ဆရာစူးက အသက်ဝင်နေသည့် ရေငန်းသီးပင်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်လေသည်။

ရေငန်းသီးပင်၏ အဖျားပိုင်းများမှာ ကြောက်ရွံ့မှုကြောင့် ကွေးညွှတ် သွားကြလေသည်။

“ခုတ်လိုက်တော့ရော ဘာဖြစ်သေးလဲ။ မီးဖိုအတွက် ထင်းရတာပေါ့။ ကျွန်မက ဒီကောင်လေးကို သဘောမကျလို့ ပြောနေတာ”

အမျိုးသမီးအသံက ခပ်တိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။

ထိုအချိန် ကောင်းကင်ပေါ်တွင် အနီရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားလေသည်။ မီးတောက်နေသည့် ဇာမဏီငှက်တစ်ကောင် ပျံသန်းသွားခြင်း ဖြစ်လေသည်။ ဇာမဏီငှက် အော်သံ ကိုလည်း ကြားလိုက်ရလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တစ်ဝက်ခန့် အရည်ပျော်သွားပြီး သိမ့်ခနဲ တုန်လှုပ်သွားလေသည်။

ရေငန်းသီးပင်ကို ခုတ်ပစ်မည်ဟု ပြောခြင်းမှာ ဆရာစူးက တမင်သက်သက် ပြောလိုက်ခြင်းပင် ဖြစ်လေသည်။ သူ့ဇနီးဖြစ်သူ ငြိမ်သွားစေရန်အတွက် ခြောက်လှန့်လိုက်ခြင်းသာ ဖြစ်လေသည်။ ထိုသို့ ပြောလိုက်လျှင် သူ၏ဇနီးဖြစ်သူမှာ ဒေါသ မထွက်တော့ဘဲ ငြိမ်သက် သွားတတ်မြဲ ဖြစ်လေသည်။

ထို့ပြင် သူက ဆန်းလျန်ကိုလည်း သတ်လိုစိတ် မရှိပါ။ သူက ကြောက်တတ်သည့် လူတစ်ယောက် မဟုတ်သော်လည်း အမှားကိုတော့ မလုပ်ချင်သည့် လူတစ်ယောက် ဖြစ်လေသည်။

ဆရာစူးက အင်္ကျီ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ဇာမဏီငှက်ကို အင်္ကျီလက်ထဲသို့ စုပ်ယူ လိုက်လေသည်။

သို့သော် မထင်မှတ်စွာပင် အင်္ကျီလက်မှာ မီးလောင်သွားလေသည်။

“သူမက နန်မင် မီးကျင့်စဉ်ကို ဒါကြောင့် လေ့ကျင့်ထားတာကိုး။ နောက်နှစ်ပေါင်း တစ်ရာလောက် ဆိုရင် ငါ့ကိုတောင် ကောင်းကောင်း အနိုင်ယူတော့မယ်"

ဆရာစူးက ကြိတ်ပြီး တွေးလိုက်လေသည်။

သူထိုသို့ တွေးလိုက်မိသည်နှင့် ချက်ချင်းပင် တစ်ကိုယ်တည်း နေချင်သည့် စိတ်များ ဖြစ်သွား မိလေတော့သည်။ စကားလုံးနှင့်သာ အနိုင်ပြောနိုင်သော်လည်း တကယ်တမ်းတွင် ဆရာစူးမှာ သူ၏ ဇနီးဖြစ်သူကို နိုင်သည့်သူ မဟုတ်ပေ။ သေတာကပင် ကောင်းဦးမည် ဖြစ်လေသည်။

ရုတ်တရက်ပင် သူက ဆန်းလျန်ကို အဝေးသို့ တွန်းထုတ် ပစ်လိုက်လေသည်။ ဆန်းလျန်မှာ အဖြူရောင် လေထုထဲတွင် မျောလွင့်သွားပြီး ပျောက်ကွယ် သွားလေတော့သည်။

ပန်းဥယျာဉ် ထဲတွင်တော့ ဇာမဏီငှက် အော်သံများ ထွက်ပေါ်လာလေသည်။

အလင်းတန်း တစ်ခုနှင့်အတူ နန်းဝတ်နန်းစားများ ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက် ပေါ်လာလေသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် မီးဇာမဏီ ငှက်ပုံစံ အမှတ်အသား တည်ရှိ နေလေသည်။

“လူ့လောကမှာ တော်တော် ပျော်နေတယ်ပေါ့လေ။ ဒီလောက်ညစ်ပတ်တဲ့ နေရာမှာ ရှင်မို့လို့ နေနိုင်တယ်။ ထျန်းဟယ်မြစ်ရေနဲ့ သန့်စင် မလာဘဲနဲ့ အိမ်ပြန်လာဖို့ မစဉ်းစားနဲ့”

သူမက လူ့လောကကို ရွံရှာလွန်းသူ တစ်ယောက်ပမာ နှာခေါင်းကို လက်ဖြင့်အုပ်ရင်း ပြောလိုက် လေသည်။

ထို့နောက် ဆရာစူးကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ပျောက်ကွယ်သွားလေသည်။ ဆန်းလျန် အကြောင်းကိုပင် မေးမနေတော့ပေ။

တကယ်တော့ ဆန်းလျန်မှာ ဆရာစူး၏သား မဟုတ်မှန်း သူမ သိပါသည်။ တမင်တကာ ပြောနေခြင်းသာ ဖြစ်လေသည်။

“ဘယ်ပြောလို့ ရမလဲ။ တစ်နေ့ကျရင် သူမ ဒေါသထွက်ပြီး မင်းကို မီးရှို့ ပစ်ချင်ပစ်မှာ။ ဒါပေမယ့် အခု ဒီဥယျာဉ်လေးကတော့ မင်းအတွက်ပါပဲ”

ဆရာစူးက ရေငန်းသီးပင်ကို ပွတ်သပ်ပေးရင်း ပြောလိုက်လေသည်။ ထို့နောက် ခေါင်းကို ခါယမ်းလိုက်မိ လေတော့သည်။

ရုတ်တရက် စူးကျားပေါင် အိမ်မှာ လက်ဖဝါးစာ အရွယ်မျှ သေးငယ်သွားပြီး ဆရာစူး၏ လက်ထဲတွင် အရုပ်ကလေး တစ်ရုပ်ပမာ ရှိနေလေသည်။

ရေငန်းသီးပင်မှာ ဆရားစူး၏ ဘေးတွင် ရှိနေလေသည်။ ဆရာစူးက လက်ဖဝါးပေါ်မှ စူးကျားပေါင်အိမ် အရုပ်ကလေးကို ရေငန်းသီးပင် အကိုင်းများပေါ်သို့ တင်ပေးလိုက်လေသည်။

ထို့နောက် ဆရာစူးမှာ သက်တန့်ရောင်စဉ် အသွင်ပြောင်းလဲသွားပြီး တိမ်များပေါ်သို့ တိုးဝင်ကာ ပျောက်ကွယ် သွားလေတော့သည်။

***

ဆန်းလျန် သတိရလာလေသည်။ သူ့တစ်ကိုယ်လုံးမှာ ချမ်းတုန်နေလေသည်။ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်တော့ ရေကန် တစ်ခုထဲသို့ ရောက်ရှိနေခြင်း ဖြစ်လေသည်။

ဆောင်းအကုန် နွေဦးကာလ ဖြစ်သောကြောင့် ရာသီဥတုကလည်း အနည်းငယ် အေးနေသေးသည့် အပြင် ရေကန်ထဲမှ ရေမှာလည်း အေးစိမ့်နေလေသည်။

အေးလွန်းသောကြောင့် သူတစ်ချက် နှာချေလိုက်မိသည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အပူဒဏ် အအေးဒဏ်များကို ခံနိုင်ရည်ရှိလေသည်။ ယခုတော့ သူဘာလို့ နှာချေနေသလဲ စဉ်းစား၍ မရပေ။

သူရေထဲမှာ ကြာရှည်နေမိသောကြောင့် အတွင်းအားနှင့် သွေးလည်ပတ်မှု များမှာလည်း ချောမွေ့ခြင်း မရှိဖြစ်နေလေသည်။

သူ၏ ခြေထောက်နှင့် လက်များမှာ အေးခဲနေပြီး အတွင်းအားနှင့် သွေးလည်ပတ်မှုများမှာလည်း နှေးကွေး နေလေသည်။ အအေးဓာတ်များက သူ့ကိုယ်ထဲသို့ စိမ့်ဝင် နေသလို ခံစားနေရလေသည်။

ရေကန်ထဲမှ ကမ်းခြေသို့ ရောက်အောင် ဆန်းလျန်ကြိုးစားပြီး ကူးခပ်လာလေသည်။

နောက်တစ်နေ့ နေမထွက်ခင်မှာပင် သူ မင်ကျန်းတောင်ထိပ်သို့ ရောက်ရှိ လာခဲ့လေသည်။ သူရောက်ရှိ နေခဲ့သည့် ရေကန်မှာ မှန်သားပြင် ရေကန်ဟု ခေါ်သည့် ရေကန်တစ်ခု ဖြစ်လေသည်။

လရောင်အောက်တွင် ရေကန်၏ မျက်နှာပြင်မှာ မျက်စိစူးလောက်အောင် တောက်ပနေပြီး မှန်သားကဲ့သို့ ကြည်လင်နေလေသည်။

မင်ကျန်းတောင် သခင်ကြီးမှာ သဘောထားကြီးသော လူတစ်ယောက် ဖြစ်လေသည်။ မင်ကျန်းတောင် ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ရွာသားများ အားလုံးများ မင်ကျန်းတောင် သခင်ကြီးကို လွန်စွာမှ လေးစားကြလေသည်။

လက်ရှိ မင်ကျန်းတောင် သခင်ကြီးမှာ ပညာတတ်တစ်ဦး ဖြစ်သော်လည်း တရားဝင် စာပေပညာဘွဲ့ရ ထားခြင်းတော့ မရှိပေ။ ထို့ပြင် သူ့ဘဝတွင် မည်သူနှင့်မျှ တိုက်ခိုက်ဖူးခြင်းလည်း မရှိပေ။

ကောလဟလများအရတော့ ရဲ့သခင်ကြီးမှာ သိုင်းပညာ မတတ်သည့် သာမန်စာပေသမား တစ်ယောက်မျှသာ ဖြစ်သည်ဟု ဆိုကြလေသည်။

မင်ကျန်းတောင်ထိပ်၏ ကိစ္စအ၀၀ကို စီစဉ်နေသူမှာ ရဲ့လျိုယွင်သာ ဖြစ်လေသည်။

ထို့ကြောင့် ရဲ့သခင်ကြီးမှာ လက်ရှိတွင် အေးအေးချမ်းချမ်းပင် အပူအပင် မရှိ နေထိုင်လေသည်။

ဤနေ့က ရာသီဥတုအေးစိမ့်သည့် နေ့တစ်နေ့ ဖြစ်လေသည်။ သို့သော် လဆန်းဆယ့်ငါးရက် နီးပြီ ဖြစ်သောကြောင့် လမင်းက တောက်ပနေလေသည်။

လူငယ်တစ်ယောက် ဖြစ်သော်လည်း ရဲ့လျိုယွင်က နေသာသည့် နေ့များကို မနှစ်သက်ပေ။ သူက အခြားသူတွေ သူ၏သဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်ကို မနှစ်သက်သောကြောင့် ဖြစ်လေသည်။

သို့သော် ယခုအချိန်တွင်တော့ သူဂရုမစိုက်တော့ပါ။ ကမ္ဘာပေါ်တွင် သူ့ထက် သာသောသူမှာ အနည်းငယ်မျှသာ ရှိသည် မဟုတ်ပါလား။

သူ မင်ကျန်းတောင်ကို စတင် ဦးဆောင်ခဲ့ကတည်းက မအောင်မြင်သည့် ကိစ္စဆို၍ မရှိခဲ့ပေ။

သူ၏ ဂုဏ်သတင်းမှာ ကျော်ကြားလွန်းပြီး လေးစားစရာ ကောင်းသော အလုပ်များကို လုပ်ခဲ့သည့်တိုင် သူ၏ အသက်မှာ ဆယ့်ရှစ်နှစ်ပင် မပြည့်သေးပေ။ သူ့အသက်က ဆန်းလျန်နှင့် မတိမ်းမယိမ်း ဖြစ်လေသည်။

သူ၏ အစွမ်းအစနှင့် ရင့်ကျက်မှုကြောင့် လူအများစုမှာ သူ၏အသက်ကို မေ့နေကြပြီး အသက် နှစ်ဆယ်ကျော်ခန့် ရှိပြီဟု တွေးထင်မိတတ် ကြလေသည်။

အသက် ဆယ့်ရှစ်နှစ် ဆိုသည့် အရွယ်မှာ လွတ်လွတ်လပ်လပ် နေချင်သည့်အရွယ် ဖြစ်လေသည်။ သို့သော် ရဲ့လျိုယွင်၏ဘဝမှာ သာမန်လူငယ် တစ်ယောက်ကဲ့သို့ မဟုတ်ခဲ့ပေ။

ရဲ့လျိုယွင်က လက်ဖက်ရည် သောက်ရသည်ကို နှစ်သက်ပြီး အေးအေးဆေးဆေးလေး နေချင်သည့် သူတစ်ယောက် ဖြစ်လေသည်။

ရဲ့လျိုယွင်နှင့် ရှောင်းကျူကို နှိုင်းယှဉ်ကြည့်ပါက ရှောင်းကျူက ပိုပြီး ကလေးဆန်လေသည်။ သူမက သူမအတွက်သာ စဉ်းစားတတ်ပြီး မည်သည့်အရာကိုမျှ အလေး မထားတတ်ပေ။

သူမက အဆင့်အတန်းမြင့်သည့် မိသားစုမှ မွေးဖွားလာသည့် သခင်မလေးတစ်ပါး ဖြစ်သည့် အပြင် အပြုအမူများကလည်း ခန့်မှန်းရ ခက်လေသည်။

ရှောင်းကျူဘဝတွင် အမုန်းဆုံးအရာမှာ ရဲ့လျိုယွင်နှင့်အတူ လက်ဖက်ရည် သောက်ရခြင်းပင် ဖြစ်လေသည်။

ယခုတော့ ရှောင်းကျူမှာ ရဲ့လျိုယွင်နှင့်အတူ လက်ဖက်ရည် သောက်နေရလေသည်။

ရှောင်းကျူနှင့် ရဲ့လျိုယွင်တို့ကြားတွင် လက်ဖက်ရည် ငွေ့လေးများ တစ်ထောင်ထောင်း ထနေလေသည်။ လရောင်က ဖြာကျနေပြီး စမ်းချောင်းလေးက စီးဆင်းနေလေသည်။ အလင်းရောင် ကလည်း ထူးဆန်းစွာ ထွက်ပေါ်နေလေသည်။

“ဆောင်းတွင်းကာလ တောထဲမှာ ပွင့်လန်းနေတဲ့ မက်မွန်ပန်းတွေ…

ကြုံတောင့်ကြုံခဲ ပွင့်နေကြတဲ့ မက်မွန်ပွင့်တွေနဲ့ ချယ်ရီပွင့်တွေဟာ မတူညီပါဘူး…

ရုတ်တရက် ညကိုဖြတ်သန်းလာတဲ့ လေပြေလေးနဲ့

မွှေးရနံ့လေးတွေ မျောပါလာတော့….

နွေဦးက ဖြည်းညင်းစွာ ဝင်ရောက်လာပါရောလား…"

"ဒီကဗျာလေးကို မင်းဘယ်လိုသဘောရလဲ"

ရဲ့လျိုယွင်က ကဗျာလေးကို ရွတ်ပြရင်း မေးလိုက်လေသည်။

"ကောင်းသားပဲ"

ရှောင်းကျူက တစ်ချက် သမ်းဝေလိုက်ရင်း ပြောလိုက်လေသည်။

"ဒီကဗျာလေးကို မင်းရဲ့ချစ်သူလေး ဆန်းလျန်က ရေးခဲ့တာလေ။ အဖေကတော့ အရမ်းကို သဘောကျနေလေရဲ့။ မက်မွန်ပန်းတွေ အကြောင်းကို နောင်ဆယ်နှစ်အတွင်း ဒီလောက်ကောင်းတဲ့ ကဗျာကို ရေးနိုင်တဲ့သူမျိုး ပေါ်ထွက်လာမှာ မဟုတ်ဘူးလို့ ထင်နေလေရဲ့။ ပြီးတော့ ကျုပ်လည်း ဒီကဗျာလေးကို သဘောကျပါတယ်"

ရဲ့လျိုယွင်က ရွှင်လန်းသည့် လေသံဖြင့်ပင် ပြောလိုက်လေသည်။

ထိုအချိန်….

"အေးစိမ့်တဲ့ညချမ်းမှာ…

အရက်အစား လက်ဖက်ရည်နွေးနွေး သောက်မယ်…

ဝါးမီးဖိုလေးက မီးတွေ ရဲရဲတောက်လို့…

ပြတင်းပေါက်မှာ လရောင်က ထိန်ထိန်သာလို့…

မက်မွန်ပန်းလေးရဲ့ အလှကလည်း လင်းလက်တောက်ပလို့ပေါ့…."

"အစ်ကိုရဲ့ ဒီကဗျာလေးနဲ့ ခုနကဗျာလေးနဲ့ ဘယ်ကဗျာ ပိုကောင်းတယ်ထင်လဲ"

စကားသံ ဆုံးသည်နှင့် လူရိပ်တစ်ခု ရုတ်တရက်ပေါ်လာကာ ပြတင်းတံခါးဝမှ ဖြာကျနေသော လရောင်ကို ထိုလူရိပ်က ဖုံးကွယ်သွားလေသည်။

***

All Chapters