အိမ်ပြန်ခရီး
Vol. 22 Ch. 233
သလင်းနံရံထဲကမိစ္ဆာများ ကျန်းယန်စကားကြောင့် စိတ်လှုပ်ရှားကုန်ကြသည်။
နောက်ဆုံးတွင် သူတို့အပြင်ထွက်ရပေတော့မည်။
ပိုအရေးကြီးသည်မှာ ကျန်းယန်၏ကျင့်ကြံခြင်း ပိုတိုးတက်လာမှန်း သူတို့အာရုံခံလိုက်မိ၍ ဖြစ်သည်။
သူသည် ဖန်ဆင်းခြင်းခန်းမထဲ၀င်ရောက်ခဲ့ခြင်းပေလော။
သူ့သရုပ်မှန်ကိုရော သိရှိသွားပြီးပေလော။
သူတို့သည်ကျန်းယန် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်ကာ သူတို့ကို လွှတ်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။
သွေးအရိပ်မိစ္ဆာခပ်ဖြည်းဖြည်းမေးလိုက်၏။
“ငါတို့လွှတ်လိုက်တဲ့ မိစ္ဆာသန္ဓေသားရော ဘာဖြစ်သွားလဲ”
ကျန်းယန် ဖြေလိုက်သည်။
“စီနီယာတို့က ဒီမေးခွန်းကိုတမင်သက်သက်မေးနေတာလား
စီနီယာတို့အားလုံးက အသက်နှစ်ထောင်ချီနေတဲ့လူတွေလေ ဘယ်လိုလုပ် ဖန်ဆင်းခြင်းရေကန်ထဲ၀င်လို့ရမှာလဲ
ကျွန်ဝောာ်သူ့ကိုပြန်မခေါ်ခဲ့တာ မဟုတ်ဘူး ပြန်မခေါ်နိုင်ခဲ့တာ”
သွေးအရိပ်မိစ္ဆာထပ်ပြောလိုက်၏။
“ငါတို့က ဖန်ဆင်းခြင်းရေကန်ထဲ၀င်လို့ရမရ စမ်းသပ်ရုံပါပဲ ကြည့်ရတာ တကယ်ပဲမဖြစ်နိုင်ဘူးထင်တယ် ဒါပေမယ့် မင်းအတွက်ကတော့ နှမြောစရာပဲ သူမရှိရင် မင်းဖန်ဆင်းခြင်းခန်းမထဲ ၀င်မရဘူးမဟုတ်လား”
သူတကယ်မေးချင်သည်မှာ ကျန်းယန် ဖန်ဆင်းခြင်းခန်းမထဲ ၀င်ခဲ့မ၀င်ခဲ့ ဖြစ်သည်။
ကျန်းယန် ပြုံးလိုက်၏။
“အဲ့ဒီမိစ္ဆာသန္ဓေသားအကြီးအကဲ ပျောက်ကွယ်သွားပေမယ့် ပျောက်ကွယ်သွားတာက သူ့မိစ္ဆာဝိညာဉ်ပါပဲ မိစ္ဆာလမ်းစဉ်စွမ်းအားကတော့ ကျန်နေခဲ့သေးတယ် ကျွန်တော့်အဖွဲ့မှာ မွန်းစတားတစ်ကောင်လည်း ပါနေတော့ အမတ မိစ္ဆာနဲ့ မွန်းစတားရဲ့ စွမ်းအားနဲ့ ဖန်ဆင်းခြင်းခန်းမကို ဖွင့်နိုင်ခဲ့တယ်”
မိစ္ဆာများ တခဏတိတ်ဆိတ်သွားခဲ့ကြသည်။
သူတို့ကြက်သွေးရောင်မျက်လုံးများ ပိုမိုတောက်ပလာခဲ့ကြ၏။
ရှင်းလင်းစွာပင် ထိုမိစ္ဆာများတုန်လှုပ်သွားခဲ့ကြခြင်းဖြစ်သည်။
သူသည် အမှန်တကယ်ပင် ဖန်ဆင်းခြင်းခန်းမထဲ ၀င်ခဲ့ခြင်းပေလော။
“ဟားဟား သူကငါတို့ထဲကတစ်ယောက်ဆိုတာ သူသိသွားလောက်ပြီ”
“ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့မျိုးနွယ်စု၀င်တစ်ယောက်ဖြစ်မှန်း သိသွားလောက်ပြီ ဒါကောင်းတယ် ငါတို့အပြန်လမ်းက ပိုနီးလာပြီ”
“သူ့ကျင့်ကြံခြင်းက အားနည်းနေသေးတာနှမြောစရာပဲ မဟုတ်ရင် ငါတို့ဘာမှပူနေစရာလိုမှာ မဟုတ်တော့ဘူး”
မိစ္ဆာများ စိတ်လှုပ်ရှားကုန်ကြသည်။
ဒါပေါ့ အပြင်ဘက်ကကြည့်လျှင်တော့ ထိုအရာကို မိစ္ဆာများသောင်းကျန်းနေခြင်းဟုသာ မြင်ရပေလိမ့်မည်။
အတန်ကြာပြီးနောက်မှ မိစ္ဆာများ ငြိမ်သက်သွားခဲ့ကြ၏။ ထို့နောက် သွေးအရိပ်မိစ္ဆာ မိစ္ဆာဝိညာဉ်စွမ်းအားကိုထုတ်၍ မေးလိုက်သည်။
“မင်းတကယ်ကြီး ဖန်ဆင်းခြင်းခန်းမထဲ ၀င်ခဲ့တာလား ငါတို့ကိုအဲ့ဒီအကြောင်းပြောပြပေးလို့ရမလား”
ကျန်းယန် ပြုံးလိုက်၏။
“အမတ မိစ္ဆာနဲ့ မွန်းစတားတို့ရဲ့ ပေါင်းစပ်စွမ်းအားကိုသုံးပြီး ဖန်ဆင်းခြင်းခန်းမရှေ့က ရုပ်တုတွေကို အသက်သွင်းခဲ့တယ် ပြီးတော့ ကျွန်တော်တို့ကို ခန်းမထဲ ဆွဲခေါ်ခံခဲ့ရတာပဲ
ခန်းမထဲမှာ ကျွန်တော်တို့အများကြီးသင်ယူခဲ့ရပြီးတော့ ဉယျာဉ်တစ်ခုကိုလည်း တွေ့ခဲ့တယ်
ဉယျာဉ်ထဲမှာ ဆေးပင်တွေအများကြီးရှိနေခဲ့တာ
စကားမစပ် ကျွန်တော်စီနီယာတို့ကို တစ်ခုလောက်မေးချင်ပါတယ် စီနီယာတို့ ဒီဆေးပင်ကိုသိလား သူ့အသီးက လိပ်ပုံစံလိုမျိုးပဲ ပြီးတော့ ကျွန်တော်အဲ့တာကို စားလိုက်မိတယ်”
မိစ္ဆာများ၏ကြက်သွေးရောင်မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့၏။
တခဏကြာသောအခါ သူတို့စိတ်လှုပ်ရှားမှုကြောင့် ဝုန်းဒိုင်းကြဲသွားခဲ့ကြပြန်သည်။
“ဘုရားသခင် သူတကယ်ကြီး အဲ့တာကိုစားခဲ့တာလား”
“လုံး၀ ပြည့်စုံတယ် သူကအခုငါတို့ထဲကတစ်ယောက်ဖြစ်နေပြီ ပြေးမလွတ်တော့ဘူး”
“သူစားလိုက်ပြီးတော့ ရူးမသွားဘူးလား အဲ့တာက အနည်းဆုံးနှစ်သုံးထောင်သက်တမ်းရှိတာလေ”
“သေစမ်းကွာ ငါတို့မျိုးနွယ်စုကဒီလူငယ်လေးက တကယ်သတ္တိရှိတာပဲ ဘာမှန်းမသိတာကိုတောင် တစ်ချက်မှမတွန့်ဘဲ စားပစ်ရဲတယ်”
မိစ္ဆာများအချင်းချင်းပြောဆိုနေခဲ့ကြသည်။
တခဏအကြာတွင် သူတို့ကျန်းယန်ကို အားကျသောအကြည့်များဖြင့် ကြည့်လိုက်ကြ၏။ ထိုအသီးကိုပင် စားနိုင်ခဲ့လျှင် ထိုကလေးက အဘယ်သို့မိစ္ဆာမဟုတ်ဘဲ နေပါတော့မည်နည်း။
“အဲ့ဒီအသီးကိုစားပြီးတော့ မင်းတစ်ခုခုမူမမှန်တာကို မခံစားလိုက်ရဘူးလား” သွေးအရိပ်မိစ္ဆာ အနည်းငယ် သဲလွန်စပေး၍ မေးလိုက်သည်။
ကျန်းယန် မျက်မှောင်ကြုံ့လိုက်ကာ
“ကျွန်တော်အဆုံးမဲ့တဲ့စွမ်းအားတွေကို ခံစားလိုက်မိတယ် ပြီးတော့ လူတွေအများကြီးကို သတ်ပစ်ခဲ့တယ် အဲ့တာက…စီနီယာတို့ အဲ့ဒီအသီးကိုသိတာလား”
“အဲ့တာက မိစ္ဆာသစ်သီးတစ်လုံးပဲ” သွေးအရိပ်မိစ္ဆာ ကျန်းယန်ကို ထူးဆန်းသောလေသံဖြင့် ပြောလိုက်၏။
“အဲ့ဒီအသီးက အလားအလာကိုတိုးမြှင့်ေပးနုိင်စွမ်းရှိတယ် ဒါပေမယ့် ပြန်ပေးရတဲ့တန်ကြေးကတော့ မင်းစိတ်ဆန္ဒရဲ့ထိန်းချုပ်ခြင်းကိုခံလိုက်ရတာပဲ”
ကျန်းယန် ကြောင်သွားခဲ့သည်။
သူစားပြီးပြီးချင်း သတ်ဖြတ်ခြင်းဆန္ဒ၏ထိန်းချုပ်ခြင်းကိုခံလိုက်ရတာ အံ့ဩစရာမဟုတ်တော့ပေ။
ကျန်းယန် သတိထားနေဟန်ဖြင့် မေးလိုက်၏။
“အဲ့ဒီစိတ်ဆန္ဒတွေက….”
“ခံစားချက် ၇ ပါးနဲ့ ရမ္မက် ၆ ပါး”
သွေးအရိပ်မိစ္ဆာ အေးအေးဆေးဆေးပြောလိုက်သည်။
“မင်းနှလုံးသားထဲမှာ ရမ္မက်ရှိနေသရွေ့ မင်းကသူ့ရဲ့လွှမ်းမိုးခြင်းကို ခံရလိမ့်မယ်”
သေစမ်း!
ကျန်းယန် ရင်တစ်ချက်ခုန်သွားခဲ့၏။ ကံကောင်းစွာဖြင့် ထိုအချိန်တုန်းက သူ့တွင် သတ်ဖြတ်လိုစိတ်သာ ရှိခဲ့ပြီး အခြားဘာဝါသနာမှရှိမနေခဲ့ပေ။ မဟုတ်ရင် ပြဿနာကြီးဖြစ်သွားနိုင်ပေသည်။
“အဲ့ဒီသက်ရောက်မှုကို ထာ၀ရခံရမှာလား” ကျန်းယန် စိတ်ရှုပ်စွာ မေးလိုက်၏။
“ဖယ်ရှားနိုင်ဖို့ နည်းလမ်းရှိလား”
သွေးအရိပ်မိစ္ဆာ ဘာမှမထူးခြားဟန်ဖြင့် ဖြေလိုက်သည်။
“အဲ့ဒီမိစ္ဆာသစ်သီးကို ငါတို့မျိုးနွယ်စုကလူတွေရဲ့ အလားအလာကိုတိုးမြှင့်ပေးဖို့ သုံးတာ ရမ္မက်ဆိုတာ ငါတို့အတွက် အလားအလာကိုတိုးမြှင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းပဲ အဲ့တော့ ဘယ်သူမှအဲ့ဒီရမ္မက်ကို ဘယ်လိုထိန်းချုပ်မလဲ ရှာဖွေဖို့ မစဉ်းစားကြဘူး မင်းကတော့ …ကျင့်ကြံသူဆိုတော့ မင်းအတွက်တော့ ကွဲပြားရင် ကွဲပြားမှာပေါ့”
သူတမင်ချင်းယွင်ကျိသံသယမဖြစ်စေရန် ပြောလိုက်ခြင်း ဖြစ်သည်။
ကျန်းယန် ဆွံ့အသွားခဲ့၏။
တခဏတွေးပြီးနောက် သူပြတ်ပြတ်သားသားပြောလိုက်သည်။
“ဒါဆိုရင်တော့ ကျွန်တော်အနာဂတ်မှာ ဂရုစိုက်ရတော့မှာပဲ…စကားမစပ် ကျွန်တော်မိစ္ဆာခန်းမထဲမှာ စီနီယာတို့ရဲ့ မိစ္ဆာစကားနည်းနည်းကြားခဲ့ရတယ် အဲ့တာက ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား”
ပြောပြီးသည့်နောက် သူမျက်နှာကျက်ပေါ်မှ ကြားခဲ့ရသော စကားလုံးများကို ပြန်ရွတ်ပြလိုက်၏။
“ရှေးဟောင်းမိစ္ဆာဘာသာစကား!”
မိစ္ဆာများပွက်လောရိုက်ကုန်ကာ စိတ်လှုပ်ရှား ကုန်ကြသည်။
ကျန်းယန်သည် မိစ္ဆာသစ်သီးကိုစားကာ မိစ္ဆာလမ်းစဉ်ကိုလျှောက်ပြီး ရှေးဟောင်းမိစ္ဆာဘာသာစကားကိုသင်ယူခဲ့သည်ဆိုလေရာ သူတို့ထဲကတစ်ယောက်ဖြစ်မှန်း မှားစရာ မရှိတော့ပေ။
သွေးအရိပ်မိစ္ဆာပြောလိုက်၏။
“မင်းပြောတဲ့ ရှေးဟောင်းမိစ္ဆာဘာသာစကားလုံးအနည်းငယ်ရဲ့ အဓိပ္ပာယ်က “အပြန်….” “အောက်မေ့ဖွယ်ရာ…” တဲ့”
ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။ ခန်းမလေးခုထဲတွင် မိစ္ဆာခန်းမက အပြန်နှင့်အောက်မေ့ဖွယ်ရာ ဟူသောစကားကိုပြောခဲ့ပြီး အမတခန်းမက မျိုးဆက်နှင့်အနာဂတ်ဟူသော စကားကိုပြောခဲ့၏။ မွန်းစတားခန်းမကတော့ သားရဲဟိန်းသံများဖြင့်သာ ပြည့်နှက်နေပြီး တစ္ဆေခန်းမထဲတွင်လည်း တိုက်ပွဲသံများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ဘာတွေဖြစ်နေပါသနည်း။
လက်ရှိ အချက်အလက်များအရတော့ ဘာကိုမှ သေချာသိနိုင်ဦးမည် မဟုတ်ပေ။
အမတနှင့်မိစ္ဆာများကြား ဆက်စပ်မှုတစ်ခုခုရှိနေခြင်းပေလော။
“မင်းဖန်ဆင်းခြင်းခန်းမထဲက ရှေးဟောင်းမိစ္ဆာစကားလုံးတွေ အကုန်လုံးကို သင်ယူခဲ့လား” သွေးအရိပ်မိစ္ဆာမေးလိုက်သည်။
“အခြားမိစ္ဆာစကားလုံးတွေရော ရှိသေးလား”
ကျန်းယန် သွေးအရိပ်မိစ္ဆာကိုမော့ကြည့်ကာ စိတ်ဆုံးဖြတ်လိုက်ပြီး မိစ္ဆာနတ်ဘုရားတီးတိုးရေရွတ်သံကို အသုံးပြုလိုက်၏။
ရုတ်ချည်းဆိုသလို မိစ္ဆာများ ပွက်လောရိုက်ကုန်ကြပြန်သည်။
ပြီးပြည့်စုံတယ် ဒါက လုံး၀ ပြီးပြည့်စုံတယ်!
သူကမိစ္ဆာနည်းစနစ်တွေကိုလည်း သင်ခဲ့တယ် လုံး၀ငါတို့ထဲကတစ်ယောက်ပဲ!
ထိုပညာရပ်သည် သာမန်မိစ္ဆာများ သင်ယူ၍ရသောပညာရပ်မဟုတ်ဘဲ သွေးအလွန်သန့်သောမိစ္ဆာမျိုးနွယ်များနှင့် အလွန်ပါရမီကောင်းသောမိစ္ဆာများသာ သင်ယူခွင့်ရသည့် ပညာမျိုး ဖြစ်၏။
အမတနည်းစနစ်တွေလား!
ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်ခန္ဓာအတွက် အမတနည်းစနစ်နည်းနည်းလောက် သင်ထားတာက ဘာအရေးလဲ!
ထို့အပြင် သူသာ အမတနည်းစနစ်တွေကိုမကျင့်ကြံနိုင်လျှင် မိစ္ဆာအရှင်က အဘယ်ကြောင့်သူ့ကိုဤနေရာ ပို့လိုက်ပါဦးမည်နည်း။
မိစ္ဆာများ အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။
မိစ္ဆာ ၁၇ ကောင် ကျန်းယန်ကို စိုက်ကြည့်နေခဲ့ကြ၏။
ကျန်းယန် သူတို့ကိုကြည့်ကာ သူတို့နာမည်အရင်းများကို ဘယ်လိုတောင်းသင့်သလဲ တွေးနေခဲ့သည်။
သူဒီတိုင်းတိုက်ရိုက်သာ မေးလိုက်သင့်ပါသလော။
အတန်ကြာတွေးပြီးနောက် သူဖြည်းဖြည်းချင်း ပြောလိုက်၏။
“စီနီယာတို့နဲ့သိတာလည်းကြာပြီ အခုထိစီနီယာတို့နာမည်အရင်းကို မသိရသေးဘူး ကျွန်တော့်ကို ပြောပြလို့ရမလား”