နှုတ်ရေးသခင်
Vol. 22 Ch. 231
ကျန်းယန် နတ်အာရုံကို အာရုံခံမိသောအခါ ချက်ချင်းပြန်ပြောလိုက်၏။
“စီနီယာယွင်စုန့် အဇူရာတိမ်ဂိုဏ်းရဲ့ အမည်ခံဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ စီနီယာ့ကို အဇူရာတိမ်ဂိုဏ်းဆီလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
သူ့ကိုဖိတ်ကြားတာက ကျန်းယန်ဖြစ်နေမှန်းသိလိုက်ရသောအခါ ယွင်စုန့် မျက်မှောင်အနည်းငယ်ကြုံ့လိုက်မိသည်။ သို့သော် တခဏတွေးတောပြီးနောက် သူကုန်းေမြတုိက်ကြီးထဲ ၀င်သွားခဲ့၏။
သူဤနေရာတွင် မောက်မောက်မာမာမပြုမူရဲပေ။
သူဂရုတစိုက်ကုန်းမြေတိုက်ကြီးထဲ ၀င်လာခဲ့ပြီး အဇူရာတိမ်ဂိုဏ်း၏ တောင်ဂိတ်တံခါးသို့ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် ဘယ်သူမှရှိမနေသောအခါ သူ့တွင် စောင့်နေရုံမှလွဲရွေးချယ်စရာမရှိတော့ပေ။
သို့သော် ကျန်းယန်က သူ့ကိုမစောင့်ခိုင်းခဲ့ပေ။ သူကိုယ်တိုင်တောင်အောက်ထိဆင်းကြိုကာ ယွင်စုန့်ကိုတောင်ပေါ်ခေါ်လာခဲ့၏။
ယွင်စုန့်ကို အဇူရာတိမ်ခန်းမထဲခေါ်လာခဲ့ပြီးနောက် ကျန်းယန် ရိုရိုသေသေပြောလိုက်လေသည်။
“စီနီယာယွင်စုန့် အဇူရာတိမ်ဂိုဏ်းကို ဘာကိစ္စရှိလို့ လာတာများလဲ”
ယွင်စုန့်ပြုံးကာ ပြောလိုက်၏။
“ဒီတစ်ခေါက် ငါတို့တပည့်တွေတိုက်ပွဲကွင်းပြင်ထဲမှာ အသေးစား ပဋိပက္ခလေးတွေ ဖြစ်ခဲ့တယ်လေ…”
သူ့စကားမဆုံးသေးခင်မှာတင် ကျန်းယန် လေးလေးနက်နက်ဖြတ်ပြောလိုက်လေသည်။
“စီနီယာ တကယ်တော့ ဒါကဒီလိုတော့ ဟုတ်မနေပါဘူး ပဋိပက္ခလေးတင်မဟုတ်ဘူးလေ စီနီယာတို့ဂိုဏ်းတွေကလူတွေပူးပေါင်းပြီး ကျွန်တော့်ကိုသတ်ဖို့ ကြံစည်ခဲ့ကြတာ
ကျွန်တော့်မှာ စီနီယာတို့တပည့်တွေကို ဘာအကူအညီမှမပါဘဲ တစ်ယောက်တည်း ခုခံခဲ့ရတာ
ဒါပေမယ့် နောက်ဆုံးနေ့လည်းရောက်ရော စီနီယာတို့တပည့်တွေက အားလုံးပေါင်းပြီး ကျွန်တော့်ကိုသတ်ဖို့ ကြိုးစားခဲ့ကြတယ် ကျွန်တော်တို့လေးယောက်ကို လူပေါင်းသုံးလေးရာက ဝိုင်းတိုက်ခိုက်ခဲ့ကြတာ
အဲ့ဒီအခြေအနေမှာ ကျွန်တော်သာ ရှိသမျှအားကုန်သုံးပြီးပြန်မတိုက်ခဲ့ရင် သေနေလောက်ပြီ
အဲ့တာကြောင့် ကျွန်တော့်လက်ထဲမှာသေခဲ့ရတဲ့တစ်ယောက်ယောက်ရှိရင်လည်း ကျွန်တော်ကနောင်တမရဘူး သူတို့မသေရင် သေတာက ကျွန်တော်ဖြစ်သွားမှာလေ
ကျွန်တော့်နေရာမှာ စီနီယာဆိုရင်လည်း အဲ့လိုပဲလုပ်မှာမဟုတ်လား”
ယွင်စုန့် မျက်နှာကြွက်သားများ ရှုံ့မဲ့သွားခဲ့သည်။
ထိုကောင်လေးသည် သူတို့ဂိုဏ်းကလူများကိုသတ်ပြီး သူကပဲ မှန်သယောင်ယောင် လုပ်နေသေး၏။
“လူတွေတိုက်ခိုက်ကြရင် သေတတ်ကြတာ သာမန်ပါပဲ ပြီးတော့ဒီကိစ္စက အငယ်တွေကြားက ရန်ငြှိုးပါပဲ အကြီးတွေ၀င်ပါစရာမရှိပါဘူး”
“ဒီတစ်ခေါက် ငါအဇူရာတိမ်ဂိုဏ်းကိုရောက်လာရတဲ့ အကြောင်းအရင်းက” ယွင်စုန့်ဆက်ပြောလိုက်သည်။
“ပထမအချက်က အဇူရာတိမ်ဂိုဏ်းချုပ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်သွားတဲ့အတွက် ဂုဏ်ပြုဖို့ပါ
ဂိုဏ်းချုပ်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်သွားတော့ မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ ပိုတည်ငြိမ်သွားတာပေါ့ ဒါက ကောင်းကင်အောက်ကသက်ရှိတိုင်းအတွက် ကောင်းချီးပါပဲ
ဒုတိယအချက်ကတော့ ငါတို့ရှို့ယိဘုရားကျောင်းက ချင်းရှုက အဇူရာတိမ်ဂိုဏ်းကိုစော်ကားမိပြီး အဇူရာတိမ်ဂိုဏ်းလက်ထဲရောက်နေတယ်လို့ ကြားမိလို့ပါ အဲ့တာကြောင့် ငါကချင်းရှုကိုပြန်ခေါ်ဖို့ ဆွေးနွေးဖို့အတွက် ရောက်လာတာပါ”
ထိုအရာကမှ သူ့ရည်ရွယ်ချက်အစစ်အမှန်ဖြစ်ပေသည်။
ကျန်းယန်ပြုံးကာ ပြောလိုက်၏။
“စီနီယာ အထင်မှားနေပါပြီ ချင်းရှုက သူ့စိတ်ဆန္ဒအလျောက် ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာပါ သူကအဇူရာတိမ်ဂိုဏ်းကို
နည်းနည်းလေးတောင် မစော်ကားမိပါဘူး
ကျွန်တော်တို့က တိုက်ပွဲကွင်းပြင်ထဲမှာ အတူတူတိုက်ပွဲ၀င်ခဲ့ပြီးတော့ နောက်ဆုံးမှာ အဇူရာတိမ်ဂိုဏ်းဆီ လိုက်လာခဲ့တာပါ
ကျွန်တော်တို့အခြေအနေကိုသိပြီးတဲ့နောက်မှာ သူက အဇူရာတိမ်ဂိုဏ်းကို လေးစားအားကျသွားခဲ့တယ် ကျွန်တော်တို့က မိစ္ဆာတွေကိုဖိနှိပ်နေမှန်း သိသွားတဲ့အခါ သူလည်း သူ့လက်ကျန်ဘ၀တစ်ခုလုံးကို မိစ္ဆာတွေကိုနှိမ်နှင်းရင်း ကုန်ဆုံးသွားချင်တယ်လို့ တောင်းဆိုခဲ့တာပါ
ကျွန်တော့်ဆရာတောင် ချင်းရှုရဲ့မြင့်မြတ်လှတဲ့စိတ်ထားကို လေးစားမိသွားပြီး သူကိုယ်တိုင် ချင်းရှုကို ဂိုဏ်းသားအဖြစ်လက်ခံခဲ့တာပါ”
သူ့ဒေါသကိုဖိနှိပ်ထားပြီး ယွင်စုန့် မေးလိုက်သည်။
“မင်းတို့က ဘယ်လိုလုပ် ငါတို့ဘုရားကျောင်းရဲ့လူကို တပည့်အဖြစ်လက်ခံလိုက်ရတာလဲ”
“သူကိုယ်တိုင်က မိစ္ဆာတွေကိုဖိနှိပ်ပေးချင်တာကို ကျွန်တော်တို့က ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ” ကျန်းယန် ယွင်စုန့်ကို အံ့အားတကြီးကြည့်ကာ မေးလိုက်၏။
“စီနီယာက မိစ္ဆာတွေကို မဖိနှိပ်စေချင်တာများလား
ဒီလိုဆိုရင်တော့ ကျွန်တော်ကအခြားဂိုဏ်းတွေကို ရှို့ယိဘုရားကျောင်းကမိစ္ဆာတွေကိုဖိနှိပ်မထားချင်ဘူးလို့ သတင်းပို့ရမှာပဲ ပြီးရင်တော့ မိစ္ဆာတွေကိုလွှတ်ပေးလိုက်ဖို့ကလွဲ ရွေးချယ်စရာမရှိတော့ဘူး”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး” ယွင်စုန့် အလျင်အမြန် လက်ကာပြကာ ပြောလိုက်သည်။
“ဒါပေါ့ ငါတို့ကမိစ္ဆာတွေကိုဖိနှိပ်ဖို့ သဘောတူတယ် …အဲ့တာက ချင်းရှုက ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ပဲလေ သူကဘယ်လိုလုပ် မိစ္ဆာတွေကိုဖိနှိပ်နိုင်မှာလဲ”
ကျန်းယန်မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခုပေါ်ထွက်လာကာ ပြောလိုက်၏။
“ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်ကတောင် မိစ္ဆာတွေကိုဖိနှိပ်ဖို့ အရှုံးမပေးခဲ့ဘူး ဒါပေမယ့် နတ်ဝိညာဉ်အဆင့်တွေ တာအိုပေါင်းစည်းခြင်းအဆင့်တွေနဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေကတော့ မျက်စိကန်းနေသလို မိစ္ဆာတွေကိုမမြင်ချင်ယောင်ဆောင်ထားခဲ့ကြတယ် စီနီယာယွင်စုန့် ကျွန်တော်က စီနီယာ့ကိုပြောတာမဟုတ်ပါဘူး ကျေးဇူးပြုပြီး အထင်မလွဲလိုက်ပါနဲ့
ကျွန်တော့်ကိုပြောစမ်းပါ အဲ့ဒီလိုလျစ်လျူရှုထားတဲ့သူတွေက ဦးနှောက်ပဲမရှိတာလား ဒါမှမဟုတ် သူတို့အကျိုးအမြတ်အတွက် အမှန်တရားကို လျစ်လျူရှုလိုက်ကြတာလား ဒါမှမဟုတ်ရင်လည်း အမတရတနာလေးနည်းနည်းအတွက်နဲ့ ရူးကုန်ကြတာလား အို့ စီနီယာယွင်စုန့် ကျွန်တော်က စီနီယာ့ကိုပြောတာမဟုတ်ပါဘူး အခြားသူတွေကိုပြောတာ”
ယွင်စုန့်မျက်နှာတောင့်တင်းနေသော်လည်း ဘာမှတော့ မပြောခဲ့ပေ။ အံကိုသာ ခပ်တင်းတင်းကြိတ်ထားခဲ့၏။
အကယ်၍ ဤနေရာကသာ အဇူရာတိမ်ဂိုဏ်းဟုတ်မနေလျှင် သူ့ရှေ့ကကောင်စုတ်ကို သူချက်ချင်းထသတ်မိမှာ သေချာပေသည်။
“ငါတို့က ချင်းရှုကိုပြန်ခေါ်ဖို့ ရောက်လာတာ” ယွင်စုန့် တည့်တည့်သာ ပြောလိုက်၏။
“သူကငါတို့ရှို့ယိဘုရားကျောင်းရဲ့ တပည့်ပဲ”
ကျန်းယန် အသာအယာပြုံးလိုက်ကာ
“သူကအခု အဇူရာတိမ်ဂိုဏ်းရဲ့တပည့်ဖြစ်နေပါပြီ
ဘယ်သူမှသူ့ကိုအဇူရာတိမ်ဂိုဏ်းကနေ ခေါ်သွားလို့ရမှာမဟုတ်ဘူး စီနီယာ နားလည်တယ်မလား”
“မင်းကအခြားဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းသားကို အတင်းအကြပ်ဆွဲထုတ်သွားတာပဲ”
ယွင်စုန့် အေးစက်စက်ပြောလိုက်၏။
ကျန်းယန် ပြန်ပက်လိုက်သည်။
“ဘယ်လိုလုပ် အတင်းအကြပ်သိမ်းပိုက်တာ ဟုတ်မှာလဲ ချင်းရှုကိုယ်တိုင်က မိစ္ဆာတွေကိုဖိနှိပ်ပေးချင်နေတာလေ ကျွန်တော်တို့က ဘယ်လိုငြင်းနိုင်မှာလဲ”
ယွင်စုန့် ဆွံ့အသွားခဲ့၏။
“မင်းးး…”
တခဏတွေးပြီးနောက် ယွင်စုန့်ပြောလိုက်သည်။
“ငါစီနီယာချင်းယွင်နဲ့တွေ့ချင်တယ် တစ်ခါလောက် တွေ့လို့ရမလား”
“မရဘူး” ကျန်းယန် ခပ်ပြတ်ပြတ်ငြင်းလိုက်၏။
“ကျွန်တော့်ဆရာက မိစ္ဆာတွေကိုဖိနှိပ်ရင်းအလုပ်ရှုပ်နေတယ် အပြင်ကိစ္စတွေအတွက် အချိန်မရှိဘူး အို့ ဟုတ်သားပဲ ဆရာ့ကိုဂုဏ်ပြုဖို့လာတာလို့ပြောပြီး စီနီယာ့မှာ လက်ဆောင်လေးတစ်ခုတောင် ပါမလာဘူးလား
စီနီယာကမိစ္ဆာတွေကို ဖိနှိပ်ချင်စိတ်ရှိတယ်ဆိုရင်လည်း ချင်းရှုကိုအရေးပါတာတစ်ခုခုလုပ်လိုက်ပါ လျှောက်ပြီးပဲ လေကြီးလေကျယ်အော်မနေပါနဲ့ ရွံစရာကြီး”
ယွင်စုန့် ကျန်းယန်ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့လေသည်။
သူအဇူရာတိမ်ဂိုဏ်းတွင် တစ်စက္ကန့်တောင် ထပ်မနေချင်တော့ပေ။
ထို့အပြင် သူ့အလည်အပတ်ရောက်ရှိလာမှုဆိုသည်မှာ အဇူရာတိမ်ဂိုဏ်း၏ သဘောထားကို စမ်းသပ်ချင်ရုံ သက်သက်သာ ဖြစ်၏။
ချင်းရှုကဘယ်လောက်အရေးကြီးကြီး သူကဂိုဏ်းကြီးနှစ်ခုကြားက မျှခြေကို ပျက်သွားစေေလာက်အောင်တော့ အရေးမကြီးသေးပေ။
ကျန်းယန် သူ့ကိုမတားခဲ့ပေ။ တောင်အောက်ထိပင် ကိုယ်တိုင်လိုက်ပို့လိုက်သေးသည်။
“နောက်ဆိုရင်တော့ ဒီတောင်ဂိတ်ကိုစောင့်ကြပ်ဖို့ တပည့်နှစ်ယောက်လောက် ထားထားရမယ်” ကျန်းယန် တီးတိုးရေရွတ်လိုက်၏။
“မဟုတ်ရင် ဧည့်သည်တွေကို ငါကိုယ်တိုင်ဆင်းဆင်းခေါ်နေရလိမ့်မယ်”
ထို့နောက် သူအဇူရာတိမ်တောင်ထွတ်သို့ တိုက်ရိုက်ပင် ပြန်တက်သွားခဲ့သည်။
သူ့တွင်သူ့ဆရာနှင့်ဆွေးနွေးစရာ ကိစ္စကြီးတစ်ခု ရှိနေခဲ့၏။
ချင်းယွင်ကျိသည် မိစ္ဆာပညာရပ်များကိုနားလည်အောင်ကြိုးစားနေသော်လည်း အဇူရာတိမ်ဂိုဏ်း၏ ကိစ္စကြီးငယ်မှန်သမျှကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
ယွင်စုန့်ရောက်ရှိလာမှုကြောင့် ကျန်းယန်၏ဘေးကင်းရေးအတွက် သူသေချာစောင့်ကြည့်နေခြင်းဖြစ်ပြီး ထို့ကြောင့် ယခု ကျန်းယန် သူ့တောင်ထွတ်ဆီရောက်ရှိလာခြင်းကို သိရှိနေခဲ့၏။
ကျန်းယန် မကြည်မသာမျက်နှာထားဖြင့်ရောက်ရှိလာသောအခါ ချင်းယွင်ကျိ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
“ဘာကိစ္စလဲ”
ကျန်းယန် ချင်းယွင်ကျိကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
“ဆရာ ကျွန်တော်မိစ္ဆာနည်းနည်းလောက်လွှတ်ပေးဖို့ စီစဉ်နေတယ်”
တည်ငြိမ်လှသော ချင်းယွင်ကျိ၏တာအိုနှလုံးသားပင် ကျန်းယန်၏စကားကြောင့် ခုန်ထွက်တော့မလို ဖြစ်သွားခဲ့လေသည်။
ဒီကောင်စုတ်လေးသည် ဘယ်လိုအဓိပ္ပာယ်မရှိသောစကားများကို ပြောနေပါသနည်း။
မိစ္ဆာများကို လွှတ်ပေးဖို့တဲ့လား!