← Chapters

ရှို့ယိဘုရားကျောင်းက အလည်တစ်ခေါက်ရောက်ရှိလာခြင်း

Vol. 22 Ch. 230

ရှို့ယိဘုရားကျောင်းက အလည်တစ်ခေါက်ရောက်ရှိလာခြင်း

Vol. 22 Ch. 230

နှင်းနယ်မြေတွင်

သူတို့အကြီးအကဲများ၏ ကာကွယ်ပေးမှုအောက်၌ ပါချင်းယန်တို့ သိမ်မွေ့သောနှင်းဂိုဏ်းသို့ အန္တရာယ်ကင်းကင်းဖြင့် ပြန်ရောက်လာခဲ့ကြသည်။

ဂိုဏ်းသို့ပြန်ရောက်သောအခါတွင်တော့ သူတို့တွင် စိတ်ပူစရာမရှိတော့ပေ။

မဟာနှင်းတောင်ဂိုဏ်းက သူတို့ထက် အများကြီးပိုစွမ်းအားကြီးသော်လည်း ဒီတစ်ခေါက် သူတို့သည် ဘာမှမပါဘဲ ပြန်လာခဲ့ခြင်းဖြစ်သောကြောင့် ထိုဂိုဏ်းကတာအိုပေါင်းစည်းခြင်းအဆင့်ပင် သူတို့ကို သံသယမ၀င်ခဲ့ပေ။

ရက်အနည်းငယ်ကြာပြီး ကိစ္စများအနည်းငယ်ငြိမ်သွားချိန်တွင် ပါချင်းယန်တို့ သူတို့အကြီးအကဲများကို သူတို့တိုက်ပွဲကွင်းပြင်ထဲတွင် ရရှိခဲ့သော ရတနာများအကြောင်း ပြောပြလိုက်၏။

အကြီးအကဲများ ဆွံ့အသွားခဲ့ကြသလို စိတ်သက်သာရာလည်း ရသွားခဲ့ကြသည်။

အကယ်၍ ပါချင်းယန်တို့သာ ထိုရတနာများနှင့်ထွက်လာခဲ့လျှင် ရတနာများက ဂိုဏ်းကြီးများဆီသာ ရောက်သွားမည်ဖြစ်မှန်း သူတို့သိနေခဲ့ကြ၏။

သို့သော်လည်း ယခုက အဇူရာတိမ်ဂိုဏ်းလက်ထဲတွင်ရှိနေခြင်းဖြစ်လေရာ အခြေအနေက သိပ်တော့ကွာခြားပုံ မပေါ်ပေ။

“ဂိုဏ်းချုပ်ကျေးဇူးပြုပြီး အဇူရာတိမ်ဂိုဏ်းကိုရတနာတွေသွားယူဖို့ ကျွန်တော်တို့နဲ့အတူတူ လူနည်းနည်းလောက် ထည့်ပေးလိုက်ပါ” ပါချင်းယန် သိမ်မွေ့သောနှင်းဂိုဏ်းချုပ်ကို တောင်းဆိုလိုက်သည်။

ဂိုဏ်းချုပ်ဒေါသတကြီး ပြန်ပြောလိုက်၏။

“အဲ့ဒီပစ္စည်းတွေကို တကယ်ကြီး ပြန်ရ‌လိမ့်မယ်လို့ မင်းကထင်နေတာလား”

အရိုးသားဆုံးပြောရလျှင် သူသာဆိုရင် အခုလိုသူများလက်ထဲ ထည့်ပေးခဲ့လိမ့်မည် မဟုတ်ပေ။

ပါချင်းယန် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျွန်တော်တို့ ကျန်းယန်ကိုယုံတယ် သူကဒါမျိုးလုပ်မယ့်လူ မဟုတ်ဘူး”

ပါချင်းယန်နှင့်အခြားသူများ၏ ခေါင်းမာမှုကိုမြင်ရသောအခါ ဂိုဏ်းချုပ်တခဏတွေးတောလိုက်ပြီး ပြောလိုက်၏။

“အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ သွားဖို့ ငါမင်းတို့နဲ့လူနည်းနည်းထည့်ပေးလိုက်မယ်”

ရတနာများကိုပြန်ရဖို့ အခွင့်အရေးကအတော်လေးသေးငယ်သော်လည်း လုံး၀ရှိမနေခြင်းတော့ မဟုတ်ပေ။

နောက်ဆုံးတွင် ထိုမျှများပြားသော ရတနာပမာဏက သိမ်မွေ့သောနှင်းဂိုဏ်း၏ ခွန်အားကို အတော်လေးမြှင့်တင်ပေးနိုင်သောအရာသာ ဖြစ်သည်။

မကြာခင်တွင် တာအိုပေါင်းစည်းခြင်းအဆင့် ၁ ယောက်ပါသော ပါချင်းယန်တို့အဖွဲ့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ထွက်ခွာလာခဲ့ကြ၏။

၀မ်လင်းဂိုဏ်းတွင် ကျိုးကျွင်းချန် တစ်ယောက် သူ့သားကိုကျန်းယန်သတ်လိုက်မှန်း သိရှိသွားခဲ့လေသည်။

ကျိုးကျွင်းချန်၏ဒေါသအိုးပေါက်ကွဲသွားခဲ့၏။ သူချက်ချင်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များပေါင်း၍ အဇူရာတိမ်ဂိုဏ်းကိုရှင်းပစ်ဖို့ အကြံပြုလိုက်လေသည်။

၀မ်လင်းဂိုဏ်းချုပ် အေးအေးဆေးဆေးပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းကတကယ့်ပြဿနာဖြစ်လာပြီ သူတို့ကိုသေချာကိုင်တွယ်ရမယ် အခြားဂိုဏ်းတွေနဲ့ ဆက်သွယ်ကြည့် သူတို့ကို ဘယ်လိုလှုပ်ရှားချင်လဲဆိုတာ မေးလိုက် ချင်းယွင်ကျိကိုတော့ ငါကိုယ်တိုင် ဖြေရှင်းမယ်”

“ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်” ကျိုးကျွင်းချန် ဒေါသတကြီးပြောကာ ထွက်ခွာသွားခဲ့လေသည်။

ထိုစဉ် အဇူရာတိမ်ဂိုဏ်းထဲတွင် ကျန်းယန်နှင့်အခြားသူများ အချိန်တစ်ခုအကြာထိ အေးအေးချမ်းချမ်း နေခဲ့ကြရ၏။

အနားယူသင့်သူများက အနားယူပြီးဖြစ်သလို အဆင့်ချိုးဖြတ်ဖို့ လိုအပ်နေသူများကလည်း ချိုးဖြတ်ပြီးခဲ့ကြချေပြီ။

တာအိုပညာရှင်ချင်းရှု နောက်ဆုံးတွင် တရားထိုင်နေရာမှ နိုးထလာသည်ကိုတွေ့လိုက်ရသောအခါ ကျန်းယန် ချက်ချင်းသူ့ကိုဆွဲခေါ်သွားကာ ပြောလိုက်သည်။

“ငါနဲ့ ဆရာဦးလေး ၆ ဆီ လိုက်ခဲ့စမ်းပါ”

သူတို့နှစ်ယောက်လက်နက်သန့်စင်တောင်ထွတ်ဆီ ရောက်ရှိသွားခဲ့၏။

ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။

“ငါတိုက်ပွဲကွင်းပြင်ထဲမှာ သုံးခဲ့တဲ့လက်နက်ရဲ့စွမ်းအားကို မင်းမြင်ပြီးပါပြီ ငါအခုအဲ့လိုလက်နက်တွေအများကြီးလုပ်ဖို့ စီစဉ်နေတယ် အနည်းဆုံးတော့ တစ်သောင်းလောက်ပေါ့”

ချင်းရှုတခဏကြောင်အသွားကာ မေးလိုက်၏။

“အဲ့ဒီလက်နက်က ချောင်းမြောင်းတိုက်ခိုက်တဲ့နေရာမှာ ကြောက်စရာကောင်းတာတော့ ငါလက်ခံပါတယ် ဒါပေမယ့် ဘာလို့အများကြီးလိုမှာလဲ”

ကျန်းယန် ရယ်မောကာ ပြောလိုက်သည်။

“ငါတို့အဇူရာတိမ်ဂိုဏ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်နည်းနည်းရှိတယ် ငါတို့ထွက်လာတုန်းကတော့ ၃ ၄ ထောင်ပေါ့ အခုဆို တစ်သောင်းကျော်နေမှာ သေချာတယ်

အဲ့ဒီလက်နက်ကိုအသုံးပြုဖို့ကလည်း စိတ်ဝိညာဉ်စွမ်းအင်နည်းနည်းပဲလိုတာဆိုတော့ ငါသူတို့ကို အဲ့ဒီလက်နက်တပ်ဆင်ပေးမလို့ စီစဉ်နေတာ

တွေးကြည့်စမ်းပါ လူပေါင်းထောင်ချီကသာ ပြိုင်တူပစ်လိုက်ရင် အဲ့တာက ဘယ်လိုမြင်ကွင်းမျိုး ဖြစ်နေမလဲ

ဝိညာဉ်အခြေတည်အဆင့်ကိုထားဦး နတ်ဝိညာဉ်အဆင့်ဆိုရင်တောင် ထွက်ပြေးဖို့ကလွဲ ရွေးချယ်စရာရှိမှာ မဟုတ်ဘူး

သူတို့ထွက်မပြေးရင်လည်း ဇကာပေါက်ဖြစ်သွားလိမ့်မယ်”

“မင်းအဲ့ဒီလက်နက် တစ်သောင်းကိုသန့်စင်ပြီးရင်တော့ ငါတို့ပိုအစွမ်းထက်တာတစ်ခုခု သန့်စင်ကြမယ်”

ကျန်းယန် အစကတော့ ဟော်လင်းကျိကိုသန့်စင်ခိုင်းဖို့ ကြံခဲ့ခြင်းဖြစ်သည်။ သို့သော် ဟော်လင်းကျိက ထိုလက်နက်ကစွမ်းအားနည်းသောကြောင့် မသန့်စင်ချင်ဘူးဟုဆိုသောကြောင့်သာ တာ၀န်က ချင်းရှုပုခုံးပေါ်ရောက်ရှိလာခြင်း ဖြစ်၏။

ကျန်းယန်ပြောသောမြင်ကွင်းကိုမြင်ယောင်ကြည့်ပြီး ကျိရှု၏မျက်လုံးများ တောက်ပသွားကာ ပြောလိုက်သည်။

“ငါ့ကိုအချိန်နည်းနည်းပဲပေး ငါသန့်စင်ပေးမယ် တကယ်တော့ သန့်စင်ရတာမခက်ပါဘူး အလက်ရေ များနေလို့သာ ခက်နေတာ ငါ့ကိုအလုပ်အတူတူလုပ်ဖို့ လူနည်းနည်းလောက်ရှာပေး ပြီးရင် ငါစလုပ်မယ်”

“ပြဿနာမရှိဘူး” ကျန်းယန် ချက်ချင်းသဘောတူလိုက်၏။

ချင်းရှု အလုပ်စလုပ်သောအခါ ကျန်းယန် ချင်းရှုမျှော်စင်ကိုယူပြီး ဟော်လင်းကျိနှင့်သွားတွေ့ခဲ့သည်။

“ဆရာဦးလေး ဆရာဦးလေးရဲ့ သန့်စင်နိုင်စွမ်းနဲ့ဆိုရင် ဒီလက်နက်ကိုပိုပြီးစွမ်းအားကြီးလာအောင် လုပ်လို့ရတယ် မဟုတ်လား”

ဟော်လင်းကျိ ချင်းရှုမျှော်စင်ကိုကြည့်ပြီးခေါင်းယမ်းလိုက်ကာ

“ဒီလက်နက်က ရှုပ်တော့မရှုပ်ပါဘူး ဒါပေမယ့် သူ့မှာဆက်တိုးတက်စရာ လမ်းစမရှိတော့ဘူး”

ကျန်းယန် ထပ်မေးလိုက်၏။

“အခုချင်းရှုမျှော်စင်က နတ်ဝိညာဉ်အဆင့်စွမ်းအားကိုထုတ်ပေးနိုင်တယ် ဆရာဦးလေးအဲ့တာကို တာအိုပေါင်းစည်းခြင်းအဆင့်စွမ်းအားထုတ်နိုင်အောင် အဆင့်မြှင့်ပေးလို့ ရမလား”

ဟော်လင်းကျိ အကူအညီမဲ့စွာပြုံးလိုက်ကာ ပြောလိုက်သည်။

“ကျန်းယန် တာအိုပေါင်းစည်းခြင်းအဆင့်အောက်ကကိစ္စဆိုရင်တော့ ဖြစ်နိုင်သေးတယ် တာအိုပေါင်းစည်းခြင်းအဆင့်အထက်ဆိုရင်တော့ အတော်ကြီး ခက်ခဲလိမ့်မယ်

တာအိုပေါင်းစည်းခြင်းအဆင့်မှာ မဟာတာအိုရဲ့စွမ်းအားတွေပါ၀င်တယ် မဟာတာအိုစွမ်းအားပါ၀င်နေတယ်ဆိုတဲ့ လက်နက်မျိုးက စိတ်ဝိညာဉ်လက်နက်ဖြစ်နေပြီ”

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“ဆရာဦးလေး ဆရာဦးလေးရဲ့အတွေးအခေါ်မှာ အပြစ်အနာအဆာတစ်ခုရှိနေတယ် မဟာတာအိုရဲ့နက်နဲမှုကို ကျွန်တော်မငြင်းပါဘူး ဒါပေမယ့် အရေအတွက်ကိုပြောင်းလဲပြီး အရည်အသွေးကို ဖာထေးလို့ရတယ်

ကျွန်တော်ဥပမာတစ်ခုပေးမယ် ရေတစ်စက်ဆိုရင် ဆရာဦးလေးဂရုစိုက်မှာမဟုတ်ဘူးလေ ရေကန်တစ်ကန်ဆိုရင်တော့ နည်းနည်းသတိထားရလိမ့်မယ် ဒါပေမယ့် သမုဒ္ဒရာကြီးတစ်စင်းဆိုရင်တော့ ဆရာဦးလေးပြေးရမှာ သေချာတယ် ဟုတ်တယ်မလား”

ဟော်လင်းကျိ လက်များကို ဖြန့်လိုက်ကာ

“အတိအကျပဲ တာအိုပေါင်းစည်းခြင်းအဆင့်ဆိုရင်တောင် ပြေးရမှာပဲ

ဒါပေမယ့် မင်းစုစည်းနိုင်တဲ့စွမ်းအားက ဘယ်လောက်များများ တစ်ယောက်ယောက်ကိုထိအောင်မပစ်နိုင်ရင် ဘာလုပ်ရမှာလဲ”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်၏။

“ကျွန်တော်က လူကိုပစ်ဖို့သုံးမှာမဟုတ်ဘူး သူတို့ဂိုဏ်းတွေကို ပစ်ဖို့သုံးမှာ

လူကပြေးနိုင်ပေမယ့် ဂိုဏ်းကမပြေးနိုင်ဘူးမလား ဘာပဲဖြစ်ဖြစ် ဆရာဦးလေးအသေးစိတ်စိတ်ပူ‌ေနဖို့မလိုပါဘူး ကျွန်တော့်အတွက်သန့်စင်သာပေးစမ်းပါ အဲ့တာက အသုံး၀င်လာမှာ သေချာတယ်”

“...ကောင်းပြီလေ” ဟော်လင်းကျိ အကူအညီမဲ့စွာ ပြောလိုက်သည်။

“ဘယ်လိုသန့်စင်ရမလဲ ငါစဉ်းစားထားလိုက်မယ်”

“စိတ်မပူပါနဲ့ ပုံစံထုတ်ဖို့အတွက်က ဆရာဦးလေး ၅ နဲ့အတူတူလုပ်ရမှာ အို့ ဟုတ်သားပဲ ကျွန်တော်တပည့်‌ေတွကိုပြန်ခေါ်လိုက်မယ် အချိန်ကျလာရင် ဆရာဦးလေး သူတို့ကို သင်ခန်းစာတစ်ခုလောက် သင်ပေးလိုက်ပါဦး အဲ့ဒီထဲမှာ လက်နက်သန့်စင်ခြင်းအတွက် သင့်တော်တဲ့လူပါမပါကြည့်ရမယ်” ကျန်းယန် ပြုံးကာ ပြောလိုက်၏။

“ပြဿနာမရှိဘူး” ဟော်လင်းကျိ သဘောတူလိုက်လေသည်။

တောင်ထွတ်တစ်ခုချင်းစီကိုသွားပြီးနောက် နောက်ဆုံးတွင် ကျန်းယန် စန်းစုန့်ကိုသွားရှာခဲ့၏။ သူသူ့ကိုပြောလိုက်သည်။

“တာအိုမိတ်ဆွေအိုကြီး ကျွန်တော့်ကိုတစ်ခုကူညီပေးဦး”

“ဘာလဲ” စန်းစုန့်မေးလိုက်၏။

ကျန်းယန်ပြုံးလိုက်သည်။

“ကျွန်တော်တို့ဂိုဏ်းမှာ အပြင်ထွက်လေ့ကျင့်နေတဲ့ တပည့်သုံးဖွဲ့ရှိတယ် ကျွန်တော်စီနီယာ့ကို သူတို့ကိုပြန်ခေါ်ပေးစေချင်တယ် ကျွန်တော့်အမိန့်လို့ပြောလိုက်ပါ

တစ်ဖွဲ့က တိမ်တောင်အင်ပါယာမှာ တစ်ဖွဲ့ကယွင်ထန့်အင်ပါယာမှာ နောက်တစ်ဖွဲ့ကတော့ မြောက်ပိုင်းမှာ လေ့ကျင့်နေတယ် ကျွန်တော်သူတို့တည်နေရာအတိအကျကိုမသိဘူး ရှာဖို့ကတော့ စီနီယာ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ”

စန်းစုန့်ကျန်းယန်ကိုအကူအညီမဲ့စွာကြည့်လိုက်ကာ ပြောလိုက်သည်။

“ကောင်းပြီ”

တကယ်တော့ စန်းစုန့်၏ကမ္ဘာဦးဝိညာဉ်က ချင်းယွင်ကျိ၏လက်ထဲတွင်သာ ရှိနေသေးခြင်းဖြစ်၏။ သူကလည်း ထိုအရာကိုပြန်မယူခဲ့ပေ။

အဇူရာတိမ်ဂိုဏ်းထဲရှိ ဘယ်သူကမှ ထိုအကြောင်းထုတ်မပြောခဲ့ဘဲ ထိုကိစ္စက မရှိခဲ့သလိုသာ ဟန်ဆောင်နေခဲ့ကြသည်။

စန်းစုန့် အဇူရာတိမ်ဂိုဏ်းထဲကထွက်သွားပြီးနောက် အရှေ့အရပ်မှနတ်အာရုံတစ်ခု အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ရောက်ရှိလာခဲ့၏။

“ရှို့ယိဘုရားကျောင်းမှ ယွင်စုန့် အဇူရာတိမ်ဂိုဏ်းကို အလည်အပတ်ရောက်ရှိလာပါတယ်”

ချင်းရှု၏ပါရမီကိုသိရှိပြီးနောက် ရှို့ယိဘုရားကျောင်းသည် ချင်းရှုကိုပြန်ခေါ်ဖို့ ညှိနှိုင်းရန် ယွင်စုန့်ကိုလွှတ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် အလည်ရောက်ရှိလာခဲ့ချေပြီ။

All Chapters