← Chapters

ဒေါသထွက်နေသောကောင်းကင်လဟာပြင်သားရဲ

Vol. 41 Ch. 571

ဒေါသထွက်နေသောကောင်းကင်လဟာပြင်သားရဲ

Vol. 41 Ch. 571

ကောင်းကင်လဟာပြင်သားရဲသည် ၎င်းကိုယ်တိုင် နှစ်ပေါင်းသောင်းနှင့်ချီ ပြုစုပျိုးထောင်လာရသော ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ် ပျောက်ကွယ်သွားသည်ကို သိရှိလိုက်သည်။

ထိုကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်သည် ပရမ်းပတာ စွမ်းအင်အဆီအနှစ်များ၏ ကိုယ်ထည်ပင်။ ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်သည် မရေမတွက်နိုင်သော အသက်စွမ်းအင် အဆီအနှစ်များ၊ ပရမ်းပတာ စွမ်းအင်များနှင့် ကောင်းကင်လဟာပြင်သားရဲ၏ အခြေခံစွမ်းအင်များကို စုပ်ယူထားခဲ့သည်။

ကောင်းကင်လဟာပြင်သားရဲ၏ ခန္ဓာကိုယ် အတွင်းပိုင်း ကမ္ဘာသည် လူသားတစ်ဦး၏ သက်ရှိစွမ်းအင်ပင်လယ်နှင့် ဆင်တူသည်။ အာရုံစိုက်မနေပါက အတွင်းပိုင်းတွင် ဖြစ်ပျက်နေသည်များကို သတိမထားမိပဲ ကျော်သွားတတ်ကြသည်။ ထို့ကြောင့်ပင် ပရမ်းပတာ စွမ်းအင်အဆီအနှစ်များ လုံးဝပျောက်ကွယ်သွားပြီးမှသာ ကောင်းကင်လသာပြင်သားရဲမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်လဟာပြင်သားရဲသည် ဖြစ်ပျက်ခဲ့သည်များကို သိရှိနိုင်ရန် ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်၏ မှတ်ဉာဏ်များအား စစ်ဆေးရန် လုပ်လိုက်ပါသော်လည်း ပရမ်းပတာ စွမ်းအင်အဆီအနှစ်များနှင့် ဆက်နွယ်မှု ပြတ်တောက်နေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

"ဝေါင်း....."

ဝေလငါးကြီးမှာ ဒေါသထွက်စွာ ဟစ်ကြွေးလိုက်သောကြောင့် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ပေတစ်သောင်း ပတ်လည်ရှိ မြေပြင်များ အက်ကွဲပြီး လေပြင်းမုန်တိုင်းများ လှိုင်းထန်သွားကာ ကမ္ဘာပျက်တော့မလို သဲမုန်တိုင်းများပါ ထကြွလာသည်။

၎င်းသည် ခန္ဓာကိုယ် အတွင်းပိုင်းတွင် ရှိနေပြီး ဖျက်စီးခြင်း မခံရသေးသည့် အန်လင်းတို့အား ကြည့်ရှုလိုက်သည်။ ပရမ်းပတာ စွမ်းအင်အဆီအနှစ်များ ပျောက်ကွယ်သွားရသည်မှာ အန်လင်းတို့နှင့် သက်ဆိုင်နေပေလိမ့်မည်။

ကောင်းကင်လဟာပြင်သားရဲ၏ ခန္ဓာကိုယ်ထဲတွင် ပရမ်းပတာ စွမ်းအင်အဆီအနှစ်သည် ပြိုင်ဘက်ကင်း ဖြစ်သောကြောင့် ၎င်းအနေဖြင့် ဘယ်သောအခါမှ စိုးရိမ်ပူပန်ခဲ့ခြင်း မရှိပေ။ သို့သော် ကြည့်ရသည်မှာ အတွေးမှားသွားပုံ ရသည်။

ပရမ်းပတာ စွမ်းအင်အဆီအနှစ် ပျောက်သွားရတာ သေချာပေါက် ဒင်းတို့လက်ချက်ပဲ....

ဝုန်း.....

ကြောက်မက်ဖွယ် ကောင်းလှသော လေဟာပြင် စွမ်းအင်များမှာ အန်လင်းတို့ထံ အရပ်မျက်နှာ အစုံမှ ရောက်ရှိလာကြသည်။

ရှောင်ဇယ်သည် မဟူရာနဂါး ပုံရိပ်ကြီးဖြင့် အားလုံးအား ကာကွယ်ပေးထားသောကြောင့် လေဟာပြင် စွမ်းအင်များအား ဂရုစိုက်စရာ မလိုအပ်ပေ။

"ကောင်းကင်လဟာပြင်သားရဲက ဒေါသထွက်နေပြီ။ ကြည့်ရတာ ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ် ပျောက်သွားတာကို သတိထားမိသွားပုံပဲ။"

ဉာဉ့်ယံကာကွယ်သူနတ်ဘုရားသည် ထိုသို့ဖြစ်လာမည်ကို ကြိုတင်သိရှိနေသည့်အလား လေးနက်စွာ သုံးသပ်လိုက်သည်။

"အခု ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်ကို ဖြေရှင်းပြီးပြီဆိုတော့ ဒီထဲကထွက်ဖို့ စဉ်းစားရမယ့် အချိန်ပဲ။"

မာလင် ပေါ့ပါးစွာ ပြုံးလိုက်သည်။

ရှောင်ဇယ် မျက်စောင်းထိုးလိုက်သည်။

"ဖြေရှင်းပြီးပြီဟုတ်လား။ ဒီကဖိအားတွေကို ခံနိုင်ဖို့အတွက် ငါ့ရဲ့စွမ်းအင်တွေ အများကြီး သုံးခဲ့ရတယ်။ ကောင်းကင်လသာပြင်သားရဲရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရတာ လွယ်တယ်မှတ်နေလား။"

"နင်ဘယ်လောက်ထိ ခံနိုင်ဦးမလဲ။"

ကတ်စီဒီ စိုးရိမ်စပြုလာသည်။

ရှောင်ဇယ်သည် သွေးဝိဉာဉ်ဆေးလုံးအားသောက်ကာ တုံ့ပြန်လိုက်သည်။

"ဆေးတွေသောက်နေရင်တောင်မှ နောက်ခြောက်နာရီလောက်ဆို ငါ့စွမ်းအင်တွေ ကုန်သွားလိမ့်မယ်။"

ထိုစကားကြောင့် အန်လင်းမှာ အားလုံးကို စည်းရုံးလိုက်သည်။

"အဲ့လိုဆိုရင်တော့ ဒီကနေထွက်ဖို့ မြန်မြန်နည်းလမ်းရှာမှဖြစ်မယ်။ ဝေလငါး ပါးစပ်ထပ်ပွင့်လာဖို့ မစောင့်သင့်တော့ဘူး။"

အားလုံးမှာ တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ပြီးနောက် အန်လင်းအား ကြည့်ရှုလိုက်ကြသည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ဘာလို့လာကြည့်နေတာတုန်း။"

ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်အား မြိုချကာ အားလုံးကို ကယ်တင်ပေးခဲ့သည့် အချိန်မှစ၍ အန်လင်းသည် လူတိုင်း၏ ရင်ထဲတွင် ခေါင်းဆောင်အဖြစ် သတ်မှတ်ခံလိုက်ရသည်ပင်။ ထို့ကြောင့် အားလုံးသည် သူ၏အမြင်အား ဦးစွာသိရှိလိုကြသည်။

"အစ်ကိုလေး အန်လင်းမှာ အကြံလေးဘာလေး မရှိဘူးလား။"

ကောင်းကင်နတ်မိမယ်ဟယ် သိမ်မွေ့စွာ ပြုံးလိုက်သည်။

အန်လင်း: "......"

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဆီကနေ အကြံလာတောင်းနေတာလား.....ဒင်းတို့ သင့်တော်၏ မသင့်တော်၏ဆိုတာ တွေးကြပါဦးလား.....

"အခုတော့ ဘာမှစဉ်းစားလို့ မရသေးဘူး။ ခင်ဗျားတို့ပဲ အရင်အကြံပေးကြည့်ပါလား။"

အန်လင်းမှာ သွေးတိုးလာသလို ခံစားနေရသည်။

အားလုံးမှာ အချိန်ဆွဲမနေပဲ စတင်လှုပ်ရှားလိုက်သည်။

တိုဘိယသည် ကောင်းကင်လဟာပြင်သားရဲ၏ ခန္ဓာကိုယ်အတွင်း ရှိနေသော လေဟာပြင်အား အားသုံးကာ ဖျက်စီးလိုက်ပါသော်လည်း ပြင်ပကမ္ဘာသို့ ထွက်ခွာနိုင်မည့် လေဟာပြင် အကာအရံအား မဖြိုခွင်းနိုင်ခဲ့ပေ။

ထိုသည်မှာ အဓိက ပြဿနာ ဖြစ်လိမ့်မည်ဟု အားလုံး သံသယဝင်မိကြသည်။

ဘုန်းတော်ကြီး ချန်းဟယ် ရွှေရောင်ပုစဉ်းရင်ကွဲ အကောင်ရေ သောင်းနှင့်ချီ ထုတ်လွှတ်ကာ ပြင်ပကမ္ဘာသို့ စေလွှတ်ကြည့်သည်။ သို့သော် အတွင်းပိုင်း ကမ္ဘာမှာ ထင်မှတ်မထားရလောက်အောင် ကျယ်ပြောနေသောကြောင့် ပုစဉ်းရင်ကွဲများသည်လည်း အသုံးဝင်သော သတင်းအချက်အလက်များကို မရှာနိုင်ခဲ့ပေ။

လူတိုင်းသည် ကိုယ်ပိုင်နည်းလမ်းများဖြင့် အပြင်သို့ထွက်ရန် လမ်းရှာကြသည်။

အချိန်မှာ တအိအိ ကုန်ဆုံးလာပါသော်လည်း မည်သည့်တိုးတက်မှုမှ မရှိသောကြောင့် အားလုံးမှာ စိတ်ဓာတ်ကျလာကြသည်။

အန်လင်းသည် အခြေအနေအား ပြောင်းလဲရန်အတွက် ကောင်းကင်လဟာပြင်သားရဲထံမှ တစ်စုံတစ်ခု ခိုးယူရမည်လားဟု တွေးတောနေသည်။ ထိုနည်းလမ်းအား ထပ်မံအသုံးပြုပါက ကောင်းကင်လဟာပြင်သားရဲကြီး ထပ်မံအမျက်ထွက်လာမည်ကို ကြောက်ရွံ့မိပါသော်လည်း သူ့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။

အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်....

ရွှေရောင်လှိုင်းများ ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်တို့နှင့် ပေါင်းစည်းသွားသည်။

များပြားလှသော ကျင့်စဉ်များ၊ နည်းစနစ်များမှာ အန်လင်း၏ခေါင်းထဲ စုပုံဝင်ရောက်လာသောကြောင့် ခေါင်းပင်ကိုက်သွားရသည်။

ရှောင်တုအား အံ့ဖွယ်ခိုးယူခြင်းနည်းစနစ် အသုံးပြုလိုက်စဉ်ကလည်း ထိုသို့ခံစားခဲ့ရဖူးသည်။ သူ့အနေဖြင့် ကျင့်စဉ်တစ်ခုချင်းစီအား လိုက်ကြည့်နေရန် အချိန်မရှိသောကြောင့် ကျပန်းတစ်ခုကိုရွေးရန် ဆုံးဖြတ်လိုက်သည်။

အန်လင်း မူးနောက်နောက်နှင့်ပင် အချက်အလက် တစ်ခုကို ဆွဲယူလိုက်သည်။

"ဖူး...."

ရွှေရောင်မျက်ဝန်း ပျောက်ကွယ်သွားပြီးနောက် သူသည်လည်း ပါးစပ်အပြည့် သွေးအန်ကာ မြေပြင်ပေါ် လဲကျသွားရသည်။

"ဆရာ...."

"မြင့်မြတ်ခေါင်းဆောင်...."

"အစ်ကိုလေးအန်လင်း...."

အားလုံးမှာ စိုးရိမ်တကြီးဖြစ်ကာ အန်လင်းအနား ရောက်ရှိလာကြသည်။

"အဆင်ပြေပါတယ်။"

အန်လင်း လက်ခါပြလိုက်သည်။

သူသည် ခိုးယူ၍ရွေးချယ်ထားသော စွမ်းရည်အား စစ်ဆေးလိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားရသည်။

"ကောင်းကင်လဟာပြင်မျိုးပွားစွမ်းရည်: အကန့်အသတ်မဲ့သော လဟာပြင်စွမ်းအင်များကို စုပ်ယူကာ အသက်ဓာတ် တစ်ခုကို ပုံပေါ်လာစေနိုင်သည်။ ဤစွမ်းရည်အား ရရှိသူသည် ကောင်းကင်လဟာပြင်သားရဲ၏ မျိုးပွားစွမ်းရည်ကို ရရှိမည် ဖြစ်သည်။"

အန်လင်းမှာ သတင်းအချက်အလက်များကို ဖတ်ရှုနေရင်း မျက်စိမျက်နှာ ပျက်နေရသည်။

ငါက ကလေးမွေးတဲ့ စွမ်းရည်အတွက်နဲ့ အများကြီး စွန့်စားခဲ့တာလား....

ပြီးတော့ ဒါက ကောင်းကင်လဟာပြင်သားရဲတွေရဲ့ မျိုးပွားစွမ်းရည်လေ.....နင့်မေကလွှား.....ငါကလူသားစစ်စစ်ဟ.....

သို့သော် အန်လင်းမှာ ကပေါက်တိကပေါက်ချာ အခြေအနေမှတဆင့် အနည်းငယ် ဉာဏ်အလင်းပွင့်သွားသေးသည်။

အနည်းဆုံး ထိုစွမ်းရည်ကိုသုံးကာ အကန့်အသတ်မဲ့သော လဟာပြင်စွမ်းအင်များကို စုပ်ယူနိုင်ပြီပင်။

သူတွေဝေမနေပဲ စတင်လှုပ်ရှားလိုက်သည်။

အန်လင်းမှာ ကျင့်ကြံရေးနည်းလမ်းအား အသက်သွင်းလိုက်သည်နှင့် လဟာပြင်စွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်ရှေ့တွင် စုဝေးလာကြသည်။

တစ်ချိန်တည်းမှာပင် ဝမ်းဗိုက်မှာ ဖောယောင်နာကျင်လာလေသည်။ နာကျင်မှုမှာ တဖြည်းဖြည်းနှင့် ပိုမိုဆိုးရွားလာပြီး ဝမ်းဗိုက်တစ်ခုလုံး ပေါက်ထွက်တော့မလို ခံစားရသည်။

အန်လင်း ငုံ့ကြည့်လိုက်ပြီး ဖောင်းကားနေသော ဝမ်းဗိုက်ကို တွေ့လိုက်ရသောအခါ အသားများ တဆတ်ဆတ် တုန်ခါလာသည်။

ယီးထဲမှ.....ငါဗိုက်ကြီးနေပြီလားဟ....

ရပ်.....ရပ်လိုက်တော့......

ချက်ချင်းဆိုသလို ကျင့်စဉ်အား ရုတ်သိမ်းလိုက်ပါသော်လည်း လဟာပြင်စွမ်းအင်များမှာ ခန္ဓာကိုယ်ထဲ စီးဝင်လာနေဆဲပင်။

ဘန်း.....

အန်လင်း၏ ဝမ်းဗိုက်မှာ ပေါက်ကွဲသွားပြီး သွေးစများနှင့် ကိုယ်တွင်းကလီစာများမှာ လေထဲလွင့်ပျံကာ အခြားသူများ၏ မျက်နှာများပေါ် လှလှပပ ကျဆင်းသွားသည်။

ကောင်းကင်နတ်မိမယ်ဟယ်တို့မှာ ဘာကိုမှ နားမလည်နိုင်တော့ပဲ ကြောင်တောင်တောင်လေးများ ဖြစ်ကုန်သည်။

"သခင်က ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာလား...."

ရွှယ်ကျန်ထျန်း၏ သားမွေးများတွင် သွေးစများ စွန်းပေနေသည်။

"ဘီလူးအန်လင်းက ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာလား...."

အန်လင်း၏ ပုခုံးပေါ်တွင် ရှိနေသော တီနာမှာ တောင့်တင်းနေသည်။

"ဆရာက ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာလား....."

ရှောင်ဇယ်မှာ ခြေထောက်များပင် မခိုင်တော့ပဲ ခုခံကာကွယ်ရေး စွမ်းအင်များ ပြိုပျက်သွားတော့မလိုပင် ဖြစ်သွားရသည်။

သေတော့မလို ဖြစ်နေသော အန်လင်းမှာ တုန်ရီစွာ စကားဆိုလိုက်သည်။

"မင်း....တို့....ဘာကို....စောင့်နေကြတာလဲ...ငါ....ငါ့ကို ကယ်လို့....ရပါသေးတယ်....ကွ...."

ထိုအချိန်တွင် ခံစားချက်အသင်္ချေဒေသတွင် ရှိနေသော ကောင်းကင်လဟာပြင်သားရဲမှာ တစ်စုံတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရပြန်သည်။

ရုတ်ချည်းဆန်စွာပင် ဘဝမှာ အဓိပ္ပါယ် မဲ့သွားသလို ဖြစ်မိသည်။

အာ....ဘာလို့ဒီမှာလာပြီး ကလေးမွေးချင်နေတာလဲ....ကလေးမွေးတာ ဘာများကောင်းလို့လဲ....

အဲ့ဒါဘယ်သူလဲ.....ဘာလို့ဒီကို ရောက်နေတာလဲ....ဘဝအဓိပ္ပါယ်ကဘာလဲ.....

ဧရာမ ဝေလငါကြီးမှာ ငေးငေး​ကြောင်ကြောင် ဖြစ်နေရလေပြီ။

All Chapters