ဒေါသမီးတောက်
Vol. 22 Ch. 229
လန်ကျားအထွတ်အမြတ်မြေသို့ ကုန်းရှို့ပင်း ပြန်လည်ရောက်ရှိလာခဲ့သည်။
လန်ကျားအထွတ်အမြတ်ခန်းမထဲတွင် လူတိုင်း မျက်နှာပေါ်၌ လေးနက်နေသောအမူအရာများ ရှိနေခဲ့ကြ၏။
ကုန်းရှို့ပင်း တိုက်ပွဲကွင်းပြင်ထဲတွင် ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာနဲ့ တန်ချိုးရွှေသေဆုံးသွားကြောင်းကို သူတို့အားလုံး သိရှိပြီးသား ဖြစ်သည်။
သို့သော် ယခုအခါ အဇူရာတိမ်ဂိုဏ်းတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ရှိနေပြီဖြစ်သောကြောင့် သူတို့ထိုဂိုဏ်းကို လက်လွတ်စပယ် အနိုင်မကျင့်ရဲတော့ပေ။
“ဒီကိစ္စကို ဒီအတိုင်းလွှတ်ပေးလိုက်လို့တော့ မဖြစ်ဘူး” တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ဒေါသတကြီး ပြောလိုက်၏။
“ချင်းယွင်ကျိက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်သွားတော့ရော ဘာဖြစ်လဲ ငါတို့ဂိုဏ်းတွေအားလုံးက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေအားလုံးပေါင်းလိုက်ရင် ချင်ယွင်ကျိကိုမနိုင်စရာလား ငါတို့လူတွေကို သတ်ရဲတဲ့လူကို ဒီအတိုင်းတော့ လွှတ်မထားနိုင်ဘူး”
နောက်ထပ်တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ၀င်ပြောလိုက်ပြန်သည်။
“တကယ်လို့ အဇူရာတိမ်ဂိုဏ်းမှာသာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ပဲရှိနေတာဆိုရင် ငါတို့သူတို့ကိုချက်ချင်းသွားတိုက်ခိုက်လိုက်လို့ရတယ် အဓိကပြဿနာက သူတို့ဖိနှိပ်ထားတဲ့ မိစ္ဆာအရှင်တွေပဲ
တကယ်လို့ ငါတို့ရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေပူးပေါင်းပြီးတိုက်ခိုက်လိုက်လို့ အဇူရာတိမ်ဂိုဏ်းရဲ့ ၀င်္ကပါထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ
အဲ့ဒီအချိန် မိစ္ဆာတွေသာထွက်လာရင် အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်”
“နောက်ဆုံးတော့လည်း ပြဿနာကဒီမိစ္ဆာအရှင်တွေပဲပေါ့” ကျားရှန်း ကြမ်းကြုတ်စွာ ပြောလိုက်၏။
“ဘာလို့ ငါတို့ဂိုဏ်းကြီးတွေပေါင်းပြီး အဇူရာတိမ်ကုန်းေမြတုိက်ကြီးကို ချိတ်ပိတ်မပစ်တာလဲ ဒါဆို မိစ္ဆာတွေကိုလည်း ကြောက်စရာမလိုတော့ဘူးလေ ဟုတ်တယ်မလား”
လူတိုင်း ခါးသက်သက်ပြုံးလိုက်မိကြသည်။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ချိတ်ပိတ်ဖို့အရင်းအမြစ်မည်မျှ လိုအပ်ပါမည်နည်း။
ထိုကုန်ကျသောအရင်းအမြစ်များက အမတရတနာ ၇ ခုနှင့် ပြန်ကာမိမည်ဖြစ်သော်လည်း ဂိုဏ်းကြီး ၉ ဂိုဏ်းကြား ထိုရတနာခုနှစ်ခုကိုခွဲယူဖို့ မလောက်ခဲ့ပေ။
ဂိုဏ်းချုပ် အေးအေးဆေးဆေးပြောလိုက်၏။
“ဒီကိစ္စကိုနောက်မှဆွေးနွေးလို့ရတယ် အခြားဂိုဏ်းတွေလည်း ချင်းယွင်ကျိ ကပ်ဘေးဖြတ်ကျော်သွားတာကို မသိသေးဘူးလေ တိုက်ပွဲကွင်းပြင်က အဖွဲ့တွေပြန်ရောက်မှ သူတို့လည်းသိမှာ အဲ့ဒီအချိန်ကျမှ အဇူရာတိမ်ဂိုဏ်းအကြောင်းဆွေးနွေးရင်လည်း နောက်မကျသေးပါဘူး
အခုငါတို့ဆွေးနွေးရမှာက နောက်တစ်ခေါက် တိုက်ပွဲကွင်းပြင်ထဲ ၀င်မယ့်အကြောင်းပဲ
နောက်တစ်ခါ၀င်ဖို့ နှစ်ရာချီလိုသေးတယ်ဆိုပေမယ့် ငါတို့ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်
ပြီးတော့ ဒီတစ်ခေါက်ကံကြမ္မာကို အဇူရာတိမ်ဂိုဏ်းကကောင်လေးယူသွားတာ ငါတို့ဒီကိစ္စအပေါ်လည်း အာရုံစိုက်ထားရမယ်
ဒီကိစ္စကိုသာ ဒီတိုင်းထားလိုက်ရင် နောက်နှစ်တစ်ရာကြာတဲ့အခါ ငါတို့အဇူရာတိမ်ဂိုဏ်းနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး”
လူတိုင်းတိတ်ဆိတ်သွားခဲ့ကြသည်။
ထိုအရာက ကိစ္စနှစ်ခုဖြစ်သော်လည်း တစ်ခုတည်းအဖြစ် ပေါင်းမြင်၍ရသော ကိစ္စဖြစ်၏။
“သူ့ကိုလုပ်ကြံလိုက် သူကဝိညာဉ်အခြေတည်အဆင့်ပဲရှိသေးတာ သူ့ကိုလုပ်ကြံဖို့ နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို လွှတ်လိုက်လို့ရတယ်”
“နတ်ဝိညာဉ်အဆင့်က လုံလောက်မှာမဟုတ်ဘူး အဲ့ဒီကလေးမှာ စိတ်ဝိညာဉ်ရတနာတွေအများကြီးရှိတယ် တာအိုပေါင်းစည်းခြင်းအဆင့် လွှတ်လိုက်”
“တာအိုပေါင်းစည်းခြင်းအဆင့်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ၀င်လို့တောင်ရပါ့မလား ရမယ်ထင်ရင် မင်းသွားလေ”
“ငါက အကြံပေးရုံပါ”
ထိပ်ဆုံးတွင်ထိုင်နေသော အထွတ်အမြတ်မြေသခင် ငြင်းခုန်နေသောလူအုပ်ကြီးကိုကြည့်ကာ ခေါင်းယမ်းလိုက်ပြီး
“ဒီကိစ္စကိုနောက်မှဆွေးနွေးကြတာပေါ့ အခုတော့ အစည်းအဝေးကိုဒီမှာပဲ ရပ်ကြမယ်”
လူစုကွဲသွားသောအခါမှ အထွတ်အမြတ်မြေသခင် ကုန်းရှို့ပင်းကို သူ့စံအိမ်ဆီ ခေါ်သွားခဲ့၏။
စံအိမ်ထဲရောက်သောအခါ သူကုန်းရှို့ပင်းကိုကြည့်ပြီး မေးလိုက်သည်။
“မင်းအခြေအနေက ပုံမှန်မဟုတ်ဘူး ဘာဖြစ်ခဲ့တာလဲ”
ကုန်းရှို့ပင်းမျက်နှာပေါ် နာကျင်နေသောအမူအရာပေါ်လာပြီး ရှက်ရွံ့စွာ ပြောလိုက်၏။
“အဖေ အားလုံးက ကျွန်တော့်စိတ်ကျင့်ကြံခြင်းမလုံလောက်တာကြောင့်ပါပဲ”
ထို့နောက် သူတိုက်ပွဲကွင်းပြင်ထဲတွင်ကြုံတွေ့ခဲ့ရသော အရာများအားလုံးကို ပြန်ပြောပြလိုက်လေသည်။
သူ့အဖေရှေ့တွင် ဘာမှ ဖုံးကွယ်ထားစရာမလိုပေ။
ဂိုဏ်းချုပ်မျက်ခုံးများတွန့်ကွေးသွားပြီး ထူးဆန်းသောအမူအရာဖြင့် ပြောလိုက်၏။
“ဒီကောင်လေးက တကယ်ပဲ တစ်ခုခုတော့ တစ်ခုခုပဲ…မင်းကတော့ သွေးပူနေတဲ့ အတွေ့အကြုံနည်းသေးတဲ့ လူငယ်လေးတစ်ယောက်သက်သက်ပဲ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရမှတော့ မင်းရှုံးသွားတာ ဆန်းတော့မဆန်းပါဘူး”
သူသူ့သားကိုကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။ နောက်ဆုံးတွင် သူ့သားအရေပြားသည် လုံလောက်အောင်မထူသေးပေ။
တစ်ယောက်ယောက်က မင်းကိုအဲ့လောက်လေးဆူငေါက်လိုက်ရုံနဲ့ မင်းစိတ်အခြေအနေက ပျက်ဆီးသွားရသလားကွာ!
ကုန်းရှို့ပင်း သူ့အဖေအမူအရာကိုကြည့်ကာ ရှက်ရွံ့သွားပြီး တွန့်ဆုတ်စွာ ပြောလိုက်၏။
“ကျွန်တော်အဖေ့ကို စိတ်ပျက်စေမိပါပြီ အခုကစပြီး ကျွန်တော်စိတ်ကိုသေချာကျင့်ကြံပါတော့မယ် ကျွန်တော်အချိန်တိုအတွင်း နတ်ဝိညာဉ်အဆင့်ကို ရောက်အောင်ချိုးဖြတ်ပါ့မယ်”
သူ့ရွယ်တူအတော်များများသည် သူ့ထက် ခြေတစ်လှမ်းသာနေပြီဖြစ်မှန်း သူသိပေသည်။
အကယ်၍ သူသာမကြိုးစားလျှင် နောက်တွင်ကျန်ရစ်ခဲ့ပေတော့မည်။
ဂိုဏ်းချုပ် သူ့သားကိုကြည့်ပြီး ပြုံးကာပြောလိုက်၏။
“စိတ်ကိုကျင့်ကြံဖို့ဆိုတာ မဖြစ်မနေ လိုအပ်တဲ့အရာပါပဲ ဒါပေမယ့် မင်းရဲ့လက်ရှိအခြေအနေအရ မင်းကအခြားတစ်ခုကိုကျင့်ကြံဖို့ သင့်တော်နေတယ် လာ ငါ့နောက်လိုက်ခဲ့ ငါမင်းကို နည်းစနစ်အသစ်တစ်ခု သင်ပေးမယ်”
သူသူ့သားကိုစာကြည့်ခန်းထဲခေါ်သွားခဲ့ပြီး သူ့လက်ကိုဝေ့ယမ်းလိုက်ရာ အရိုင်းဆန်လှသော လက်ရေးစာလုံးများ ပေါ်ပေါက်လာခဲ့လေသည်။
ကုန်းရှို့ပင်း သူ့အဖေ၏ပုံမှန်ပုံစံနှင့်ကွဲထွက်နေသော အရိုင်းဆန်ဆန် ထက်ရှကာ ကြမ်းကြုတ်သည့် လက်ရေးစာလုံးများကိုကြည့်ပြီး ငေးကြောင်နေခဲ့မိ၏။
ဂိုဏ်းချုပ်ပြုံး၍ ပြောလိုက်သည်။
“ဒီနည်းစနစ်ကို ငါက ဒေါသစာလုံးပညာရပ်လို့ခေါ်တယ်
ဒေါသမထွက်တဲ့လူဆိုတာ ဘယ်သူရှိမှာလဲ လူတစ်ယောက်က ဒေါသထွက်နေလေလေ ဒီဒေါသစာလုံးပညာရပ်က ပိုပိုပြီး သန်မာလာလေလေပဲ အနာဂတ်မှာ မင်းအဲ့ဒီကောင်လေးနဲ့တွေ့ပြီး သူကမင်းကိုဒေါသထွက်အောင်လုပ်ရင် မင်းဒီပညာရပ်ကိုသုံးပြီး သူနဲ့ ရင်ဆိုင်နိုင်တယ်”
ကုန်းရှို့ပင်း နှလုံးသားထဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။
နောက်ဆုံး၌ သူ့တွင် တုန့်ပြန်စရာနည်းလမ်းတစ်ခုရှိလာခဲ့ချေပြီ။
သို့သော် ထိုနည်းစနစ်ကလွယ်ကူပုံတော့ မရပေ။
ဂိုဏ်းချုပ်သူ့သားကိုကြည့်ကာ တမင်သက်သက်မေးလိုက်၏။
“ငါ့သားတစ်ယောက်ဖြစ်ပြီး အခုလို ဘယ်သူမှန်းမသိတဲ့လူတစ်ယောက် အနိုင်ကျင့်တာကိုခံရတာ မင်းမရှက်ဘူးလား မင်းက လန်ကျားအထွတ်အမြတ်မြေရဲ့ ဂုဏ်သိက္ခာပဲ ငါ့သား အခုလိုအခြေအနေနဲ့ ကြုံတွေ့လာရတာကို မင်းပျော်နေနိုင်သေးတာလား”
ကုန်းရှို့ပင်း ချက်ချင်း ကျန်းယန်သူ့ကိုပြောဆိုခဲ့သောစကားများကို ကြားယောင်လာခဲ့မိသည်။
ထိုအခါ သူ့ရင်ထဲ ထိန်းမရသိမ်းမရ ဒေါသမီးတောက်များ လောင်ကျွမ်းလာခဲ့၏။
“အားးးးး”
သူကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် စုတ်တံကိုကိုင်ကာ ဒေါသတကြီးစတင်ရေးဆွဲလေတော့သည်။ သူ့စာလုံးရေးဆွဲဟန်က မည်သည့် နည်းစနစ်မှမပါဘဲ အလွန်ရှုပ်ထွေးကာ ဖရိုဖရဲဖြစ်နေခဲ့၏။
ဂိုဏ်းချုပ်သူ့သားကိုတစ်ချက်ကြည့်ပြီး တိတ်တဆိတ် အခန်းထဲမှ ထွက်သွားခဲ့လေသည်။
ထိုစဉ် ကမ္ဘာတစ်ခွင်လုံးရှိ ဂိုဏ်းများမှ တိုက်ပွဲကွင်းပြင်ဆီသွားသောအဖွဲ့များ ပြန်ရောက်လာခဲ့ကြ၏။
သူတို့ဂိုဏ်းဆီရောက်သောအခါ ချင်းယွင်ကျိ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်သွားသောသတင်းကို ချက်ချင်း ပြန်ပို့လိုက်ကြသည်။
ထိုအခါ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားခဲ့၏။
နှစ်တစ်ထောင်လောက် တိတ်ဆိတ်နေသောအဇူရာတိမ်ဂိုဏ်းသည် နောက်ဆုံးတွင် သူတို့ဂုဏ်သရေကို ပြန်လည်ရယူတော့မည်လော။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်တည်းသာ ရှိခြင်းဖြစ်သော်လည်း ဘယ်သူမှ အဇူရာတိမ်ဂိုဏ်းကို အထင်မသေးဝံ့ကြပေ။
ဂိုဏ်းကြီးများအားလုံး ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ ဆွေးနွေးနေခဲ့ကြသည်။
ကွေ့ယွမ်ဘုရားကျောင်းတွင် ဘုန်းကြီးအုပ်ကြီးက အဇူရာတိမ်ဂိုဏ်းကို ဘယ်လိုရင်ဆိုင်ရမလဲ ဆွေးနွေးနေခဲ့ကြ၏။
ရုတ်တရက် ကျင်းရှန် မျက်မှောင်ကြုံ့ကာပြောလိုက်သည်။
“ကျန်းယန်က ကျားကြီးတစ်ကောင်စီးပြီး တိုက်ပွဲကွင်းပြင်ထဲ၀င်သွားတာ ငါတို့အားလုံးသိကြတယ် ဒါပေမယ့် ပြန်ထွက်လာတော့ ကျားကပြန်ပါမလာတော့ဘူး အဲ့ဒီအစား လူငယ်လေးတစ်ယောက်ပဲ အပိုပါလာခဲ့တယ်
အဲ့ဒီလူငယ်လေးက ဘယ်ဂိုဏ်းကလဲဆိုတာ ဘယ်သူသိကြလဲ”
ဟွေ့ချင်းနှင့်အခြားသူများ ခေါင်းယမ်းလိုက်ကြ၏။
ဤတစ်ခေါက်တိုက်ပွဲကွင်းပြင်ထဲတွင် လူပေါင်းများစွာသေဆုံးသွားခဲ့ရပြီး လူပေါင်းများစွာပျောက်ကွယ်သွားခဲ့ရလေရာ ထိုလူငယ်လေးက ဘယ်ဂိုဏ်းကလဲ ဘယ်သူသိပါမည်နည်း။
ကျင်းရှန် အကြိမ်ကြိမ်ခေါင်းယမ်းလိုက်ကာ
“တစ်ခုခုကတော့ မှားနေပြီ အတော်လေးမှားနေတာ ငါတိုက်ပွဲကွင်းပြင်ထဲ၀င်တဲ့လူတိုင်းကို အကြမ်းဖျင်းနတ်အာရုံနဲ့ စစ်ဆေးထားတယ် ၀င်သွားတဲ့လူတွေထဲမှာ အဲ့ဒီလူငယ်လေးမပါတာ သေချာတယ်
သူ့မှာအရမ်းသန့်စင်တဲ့ယန်စွမ်းအားလည်းရှိနေတယ်…အဲ့ဒီကောင်လေးက ကျားမိစ္ဆာက လူအသွင်ပြောင်းသွားတာလို့ ငါသံသယရှိနေတယ်”
လူတိုင်း၏အမူအရာများ ပြောင်းလဲသွားခဲ့၏။
နောက်ဆုံးတွင် အသွင်ပြောင်းသွားသောမိစ္ဆာတစ်ကောင်ဆိုတာ ဘာကိုဆိုလိုနေသလဲ သူတို့ကောင်းကောင်းကြီး သိနေခဲ့ကြသည် မဟုတ်ပါလား။
ကွေ့ယွမ်ဘုရားကျောင်း၏ ကျောင်းထိုင်ခပ်ဖြည်းဖြည်း ပြောလိုက်လေသည်။
“အခုတော့ ဒီသတင်းကိုမပြန့်စေနဲ့ဦး ငါတို့သေချာစုံစမ်းပြီးမှ ဒီကိစ္စကို ထပ်ဆွေးနွေးကြမယ်
ပြီးတော့ အဇူရာတိမ်ဂိုဏ်းက တောင်တစ်သိန်းတောင်တန်းနဲ့ပူးပေါင်းထားတာလားဆိုတာ ငါတို့သေချာအောင်လုပ်ရမယ် ဒီကိစ္စကအမှန်ဆိုရင်တော့ ငါတို့ပိုပြီး သတိထားဖို့ လိုနေပြီ”