← Chapters

မိစ္ဆာများကိုဖိနှိပ်ခြင်း

Vol. 22 Ch. 227

မိစ္ဆာများကိုဖိနှိပ်ခြင်း

Vol. 22 Ch. 227

ချင်းယွင်ကျိ ကျန်းယန်ကို ၀င်္ကပါထဲခေါ်သွားခဲ့ပြီးနောက် သူ့တာအိုပိုင်နက်ကို ထုတ်ဖော်လိုက်လေသည်။

မီးခိုးရောင်သန်းကာ မြူများပြည့်နေသောနေရာကိုကြည့်ရင်း ကျန်းယန် အံ့အားတကြီးပြောလိုက်၏။

“ဆရာ ဆရာ့ပိုင်နက်က ၀င်္ကပါထဲကနယ်မြေနဲ့အတော်တူတာပဲ”

ချင်းယွင်ကျိ ပြောလိုက်သည်။

“ငါက အဇူရာတိမ်ဂိုဏ်းသူ့အထွတ်အထိပ်ကာလကနေ ကျဆင်းနေခဲ့တဲ့အချိန်မှာ မွေးဖွားလာခဲ့တာ ငါမွေးတုန်းက ဂိုဏ်းကမိစ္ဆာတွေကိုဖိနှိပ်နေတာ နှစ် ၁၀၀ ပဲရှိသေးတယ်

ငါကိုယ်တိုင် စီနီယာအကြီးအကဲတွေမိစ္ဆာတွေကိုဖိနှိပ်ရင်း ကျဆုံးကုန်ကြပြီး အဇူရာတိမ်ဂိုဏ်းကျဆင်းသွားခဲ့ရတာကို ဒီနေ့အထိမြင်တွေ့နေခဲ့ရတာ

အဲ့တာကြောင့် ငါကျင့်ကြံခြင်းလမ်းကြောင်းပေါ်စရောက်ကတည်းက ငါ့ရည်မှန်းချက်က အဲ့ဒီမိစ္ဆာတွေကို ငါကိုယ်တိုင်ရင်ဆိုင်နိုင်ဖို့ပဲ

အဲ့တာက ငါ့တာအိုပဲ!

အရင်ကတည်းက ငါ့မှာ ဒီ၀င်္ကပါလိုမျိုး အထဲမှာမိစ္ဆာတွေကိုဖိနှိပ်ထားနိုင်တဲ့ ရတနာတစ်ခုသန့်စင်ဖို့ စိတ်ကူးရှိခဲ့တာ မဟုတ်ရင်လည်း အဲ့ဒီမိစ္ဆာတွေကို ဒီကောင်းကင်ကြီးရဲ့အပြင်ထိ မောင်းထုတ်ပစ်နိုင်ဖို့ပေါ့

ဘာပဲဖြစ်ဖြစ် ငါဒီမိစ္ဆာတွေကိုအဇူရာတိမ်ဂိုဏ်းထဲမှာဆက်နေခွင့် မပြုနိုင်ဘူး

ဒါပေမယ့် ငါမှော်ရတနာကိုသန့်စင်ပြီးတဲ့အခါမှာတော့ နောက်ဆုံးမှာ ငါ့စိတ်ကူးကအလုပ်မဖြစ်နိုင်ဘူးဆိုတာ ငါနားလည်သွားခဲ့တယ်…အဲ့ဒီမိစ္ဆာကောင်ကြီးတွေက စွမ်းအားကြီးလွန်းတယ် ရတနာတစ်ခုတည်းက သူတို့ကိုဘယ်လိုမှဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး အမတရတနာဆိုရင်တောင် မဖြစ်နိုင်ဘူး

အဲ့တာကြောင့် ငါမှော်ရတနာသန့်စင်မယ့်စိတ်ကူးကို လက်လျှော့လိုက်တယ်

ရတနာရဲ့ကိုယ်ထည်ကိုသုံးပြီး အထဲကို တောင်တွေပင်လယ်တွေထည့်ပြီးတော့ ချင်းယွင်ဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့တယ်”

ကျန်းယန် ချက်ချင်းနားလည်သွားခဲ့သည်။ ထို့ကြောင့် သူ့ဆရာလျှို့ဝှက်နယ်မြေကိုပထမဆုံးအကြိမ်ဖွင့်စဉ်က အနည်းငယ်ထူးဆန်းနေသည်ဟု သူခံစားနေခဲ့ရခြင်း ဖြစ်၏။

အကျဉ်းချုံးရှင်းပြပြီးနောက် ချင်းယွင်ကျိ ဆက်ပြောလိုက်သည်။

“မိစ္ဆာတွေကိုရတနာထဲမှာ ဖိနှိပ်ဖို့ကမဖြစ်နိုင်ဘူးဆိုတာ သိသွားပြီးတဲ့နောက် ငါချဉ်းကပ်တဲ့ပုံကိုပြောင်းပြီးတော့ ဖိနှိပ်တဲ့လမ်း‌စဉ်ကိုပြောင်းခဲ့တယ်

ငါ့စိတ်ကူးက ငါကိုယ်တိုင်မိစ္ဆာတွေကိုဖိနှိပ်ဖို့ပဲ

အဲ့တာကြောင့် ငါ့တာအိုပိုင်နက်ကိုဖန်တီးပြီး‌ေတာ့ အထဲမှာ မိစ္ဆာတွေဖန်တီးပြီး ငါကိုယ်တိုင် သူတို့ကို ဖိနှိပ်ခဲ့တာ”

သူပြောနေရင်း တာအိုပိုင်နက်ထဲတွင် မိစ္ဆာများတစ်ကောင်ပြီးတစ်ကောင် ပေါ်ပေါက်လာခဲ့၏။

ထိုကြောက်မက်ဖွယ်ပုံရိပ်ကြီးများကို လက်ညှိုးထိုးပြပြီးချင်းယွင်ကျိ ပြောလိုက်သည်။

“ဒီကောင်တွေက ငါမိစ္ဆာနိယာမတွေကိုသုံးသပ်ပြီး တုပဖန်တီးထားတဲ့ မိစ္ဆာကောင်တွေပဲ အခုအချိန်ထိ ငါဆယ်ကောင်တိတိ တုပဖန်တီးနိုင်ခဲ့တယ်

အဲ့ဒီမိစ္ဆာတွေကြောင့်ပဲ ငါက တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်နဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေကို ယှဉ်တိုက်နိုင်ခဲ့တာ”

ကျန်းယန် သူ့ရှေ့က ဧရာမမိစ္ဆာကြီးများကိုကြည့်ပြီး လေအေးများ ရှူသွင်းလိုက်မိသည်။

“လွန်ခဲ့တဲ့နှစ်ရက်တုန်းက ကျိုးကျွင်းချန်းနဲ့တိုက်ခိုက်ခဲ့တုန်းက ငါမိစ္ဆာနှစ်ကောင်ကိုပဲထုတ်ခဲ့ပေမယ့် အဲ့ဒီနှစ်ကောင်က သူ့ကိုအနိုင်ယူဖို့လုံလောက်ခဲ့တယ်” ချင်းယွင်ကျိ ဂုဏ်ယူစွာပြုံးလိုက်၏။

“ငါသာဆယ်ကောင်လုံးကိုလွှတ်ခဲ့မယ်ဆိုရင် သူထွက်ပြေးနိုင်ခဲ့မှာတောင် မဟုတ်ဘူး”

“ဆရာ ဒါကြီးကကြမ်းလွန်းတယ်” ကျန်းယန်အလိုလိုရေရွတ်လိုက်မိသည်။

ချင်းယွင်ကျိ မျက်နှာ တောက်ပသွားပြီး အားရပါးရရယ်မောလိုက်၏။

“ကောင်စုတ်လေး မင်းကမင်းခေတ်မှာစွမ်းအားကြီးတာမှန်ပေမယ့် ဒီအဖိုးကြီးကလည်း အားနည်းမနေပါဘူးကွ

မဟုတ်ရင် ငါကမင်းဆရာဖြစ်ဖို့ ဘယ်အရည်အချင်းပြည့်မီပါတော့မလဲ

အရင်တုန်းက ငါသာ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိုသွားခွင့်ရခဲ့ရင် အဲ့ဒီကောင်တွေ အခုလောက်မောက်မာနေရဲမှာ မဟုတ်ဘူး”

ကျန်းယန် လေးလေးစားစားပြောလိုက်၏။

“ဆရာပြောတာ လုံး၀မှန်တယ်”

ချင်းယွင်ကျိ မိစ္ဆာဆယ်ကောင်ကိုလက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။

“ငါမင်းဆီကမိစ္ဆာကျင့်စဉ်တွေငှားရတဲ့အကြောင်းအရင်းက ငါကိုယ်တိုင်ကျင့်ကြံဖို့မဟုတ်ဘူး

ဒီမိစ္ဆာဆယ်ကောင်ကိုကျင့်ကြံခိုင်းဖို့ပဲ

သူတို့သာမိစ္ဆာကျင့်စဉ်တွေကျင့်ကြံပြီးသွားရင် ဘယ်လောက်အစွမ်းထက်သွားမလဲ ငါသိချင်‌မိတယ်

ငါသာသူတို့ကိုဖိနှိပ်ထားနိုင်မယ်ဆိုရင် ငါလုံလောက်အောင်သန်မာလာတဲ့အခါ တကယ့်မိစ္ဆာအစစ်တွေကိုလွှတ်ပေးပြီး ငါကိုယ်တိုင်ပြန်ဖိနှိပ်ပစ်မယ်”

သူ့ဆရာဘာကြောင့်မိစ္ဆာကျင့်စဉ်များကို လိုချင်နေရသလဲ သိသွားသောအခါ ကျန်းယန် ချက်ချင်းပြောလိုက်သည်။

“ဆရာ ကျွန်တော်ရထားတဲ့မိစ္ဆာကျင့်စဉ်တွေကို ပြီးရင် ဆရာ့ဆီလွှဲပေးပါ့မယ် …ဒါပေမယ့် သူတို့အဲ့တာတွေကိုသင်ယူပြီးသွားရင် ပြဿနာတစ်ခုခုတော့ ရှ်ိမလာလောက်ဘူးမလား”

“လုံး၀မရှိနိုင်ဘူး” ချင်းယွင်ကျိ ယုံကြည်မှုရှိရှိပြောလိုက်၏။

“အဲ့တာတွေကို ငါ့ရဲ့ကိုယ်ပွားတွေလို့ တွေးထားလို့ရတယ် သူတို့ကမိစ္ဆာလမ်းစဉ်ကိုလျှောက်လှမ်း‌ေနတယ်ဆိုပေမယ့် သူတို့အသိစိတ်ကငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ် မဟုတ်ရင် ငါဘယ်လိုလုပ် သူတို့

ခွန်အားကိုတွက်ချက်နိုင်မှာလဲ”

“ဒါဆိုရင်တော့ စိတ်အေးပါပြီဆရာ” ကျန်းယန် မိစ္ဆာဆယ်ကောင်ကိုသေချာကြည့်ကာ သူ့ဆရာကို လေးစားအားကျလာမိသည်။

ဤမိစ္ဆာကောင်ကြီးများသည် သူ့ဆရာနှစ်ရာချီ တကယ့်မိစ္ဆာကြီးများကိုလေ့လာကာ တုပဖန်တီးထားသော ကောင်ကြီးများဖြစ်၏။ ထို့ကြောင့်လည်း တစ်ကောင်ချင်းစီတိုင်းတွင် သူမတူသော ထူးခြားသည့်စွမ်းရည်များရှိနေခြင်း ဖြစ်သည်။

တခဏတွေးတောပြီးနောက် ကျန်းယန် မိစ္ဆာကြီးများထဲမှတစ်ကောင်ကိုလက်ညှိုးထိုးပြကာ ပြောလိုက်၏။

“ဆရာ ဒီကောင်ကသွေးမိစ္ဆာနဲ့တူတယ် သူက သွေးကျင့်စဉ်တွေကိုကျင့်ကြံနိုင်လောက်တယ် သူကတော့ မီးမိစ္ဆာ သူကမီးကျင့်စဉ်တွေကိုကျင့်ကြံနိုင်မှာ ဒီတစ်ကောင်ကတော့ ယင်မိစ္ဆာ သူက ယင်ကျင့်စဉ်တွေကို ကျင့်ကြံနိုင်လိမ့်မယ်….

ကျွန်တော့်မှာ မိစ္ဆာခန်းမထဲမှ အမွေဆက်ခံလာခဲ့တဲ့ ကျင့်စဉ် ၇ မျိုးရှိတယ် အဲ့ဒီထဲက ၄မျိုး ၅မျိုးလောက်ကပဲ ဒီထဲကမိစ္ဆာတွေနဲ့ သင့်တော်လိမ့်မယ်

ဒါပေမယ့် သူတို့အားလုံးကျင့်ကြံနိုင်မယ့် မိစ္ဆာပညာရပ်အချို့လည်း ရှိပါတယ်

ဥပမာ ကျွန်တော် မင်ယွဲ့တို့မှတ်ဉာဏ်ကိုဖျက်ဖို့သုံးခဲ့တဲ့ မိစ္ဆာနတ်ဘုရားတီးတိုးရေရွတ်သံ ဆိုရင် မိစ္ဆာတွေအားလုံးကျင့်ကြံနိုင်တယ်

တကယ်လို့ ဒီမိစ္ဆာ ၁၀ကောင်လုံးသာ မိစ္ဆာနတ်ဘုရားတီးတိုးရေရွတ်သံကိုတစ်ပြိုင်နက်တည်းသုံးမယ်ဆိုရင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကိုတောင် ဖျက်ပစ်နိုင်လောက်တယ်”

“အရမ်းကောင်းတယ်” ချင်းယွင်ကျိ လေးလေးနက်နက်ခေါင်းညိတ်လိုက်၏။

သူ့တာအိုပိုင်နက်ကိုပြန်သိမ်းလိုက်ပြီးသည့်နောက် သူကျန်းယန်ကို အဇူရာတိမ်တောင်ထွတ်ဆီပြန်ခေါ်လာပြီး ပြောလိုက်လေသည်။

“ငါ့မိစ္ဆာတွေကိုအမြန်ပိုပြီးသန်မာ‌လာအောင်လုပ်ဖို့ ငါတံခါးပိတ်ကျင့်ကြံခြင်း ၀င်တော့မယ်

အခု မင်းလည်းဒီဂိုဏ်းရဲ့ဦးဆောင်သူဖြစ်နေပြီဆိုတော့ ကိစ္စတွေကို မင်းအဆင်ပြေမယ်ထင်သလိုသာ ကြည့်စီစဉ်လိုက်တော့

ငါပါဖို့လိုရင် လှမ်းသာခေါ်လိုက်”

“ဟုတ်ကဲ့ဆရာ” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“အို့ ဟုတ်သားပဲ ကျွန်တော်ဒီစာအုပ်တွေနဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကို ဆရာ့ဆီမှာထားခဲ့မယ် ဒါတွေကို ကျမ်းစာတိုက်မှာထားလို့ မဖြစ်သေးဘူး ကျွန်တော်ဒီစာအုပ်တွေကို ပုံမှန်ဖတ်ဖို့ လိုနေသေးတယ် ပြီးတော့ ဒီဆေးပင်တွေသုံးပြီး ဆရာဦးလေးတွေကို တာအိုပေါင်းစည်းခြင်းအဆင့်အမြန်ဆုံးရောက်သွားအောင်လုပ်ဖို့လည်း စဉ်းစားထားတယ်”

“မင်းအဆင်ပြေမယ်ထင်သလိုသာလုပ်” ချင်းယွင်ကျိ လမ်းကာပြလိုက်ပြီးနောက် မိစ္ဆာပညာရပ်များကိုနား‌လည်အောင်လုပ်ဖို့ ထွက်ခွာသွားခဲ့လေသည်။

သူ့ဆရာထွက်သွားသောအခါ ကျန်းယန်လည်း သူ့ဟာသူသာ စီစဉ်လေတော့သည်။

သူ့ဆရာအခန်းထဲတွင် စာအုပ်စင်တစ်ခုတည်ဆောက်ကာ အမတခန်းမထဲကရရှိလာသော စာအုပ် ၁၀၀ကျော်ကို ထိုစာအုပ်စင်ပေါ်တွင် နေရာချထားလိုက်၏။ ထို့နောက် စိတ်ဝိညာဉ်ဆေးပင်များထဲမှ သူသိသောဆေးပင်များနှင့် သင့်တော်ရာစာအုပ်အချို့ကိုဆွဲယူကာ အခန်းထဲမှ ထွက်လာခဲ့လေသည်။

သူလင်းယွင်တောင်ထွတ်သို့ရောက်သောအခါ လင်းယွင်ကျိထံစာအုပ်တစ်အုပ် ကမ်းပေးလိုက်၏။

“ဆရာဦးလေး ဒါကဆရာဦးလေးအတွက်”

လင်းယွင်ကျိ စာအုပ်ကိုယူကာ ခေါင်းစဉ်ကိုတစ်ချက်ကြည့်လိုက်သည်။

“ဓားတာအိုကိုခွဲခြမ်းစိတ်ဖြာခြင်း”

စာရွက်နှစ်ရွက်လှန်ပြီးချိန်တွင်တော့ သူ့ကျန်းယန်ကိုလုံး၀လျစ်လျုရှုထားလိုက်ပြီး စာအုပ်ကိုသာ သည်းကြီးမည်းကြီး ဖတ်နေလေတော့၏။

ကျန်းယန် အသာအယာပြုံးလိုက်ပြီးနောက် တန်ချန်ကျိထံရောက်ရှိသွားခဲ့ပြန်သည်။ သူစိတ်ဝိညာဉ်ဆေးပင်အချို့နှင့် တိုက်ပွဲကွင်းပြင်ကရရှိထားသည့် များစွာသောဆေးပင်များအား တန်ချန်ကျိကိုပေးကာ ပြောလိုက်၏။

“ဆရာဦးလေး ဒါတွေကိုအကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးရမလဲ တစ်ချက်ကြည့်ကြည့် အားလုံးက သက်တမ်း ၃၀၀၀အထက်တွေချည်းပဲ ဒီကိစ္စက ထိပ်တန်းလျှို့ဝှက်ချက်နော် ဘယ်သူမှသိလို့မဖြစ်ဘူး”

တန်ချန်ကျိမျက်လုံးများ ပြူးကျယ်သွားကာ သူ့လက်များပင် တုန်ရီလာခဲ့သည်။

နှစ်သုံးထောင်ဆေးပင်တွေတဲ့လား!

သူအမြန်ယူလိုက်ကာ ပြောလိုက်၏။

“စိတ်မပူပါနဲ့ ဒီထဲက ဆေးပင်တစ်ပင်မှ အလဟသမဖြစ်စေရဘူးလို့ ငါအာမခံတယ်”

“ပြီးတော့ ဒီမှာစာအုပ်တစ်အုပ်လည်းရှိတယ် အချိန်ရရင် ဖတ်ကြည့် ဖတ်ပြီးရင် အဲ့တာကိုဆရာ့ဆီပြန်ပေးလိုက် သူ့မှာစာအုပ်တွေအများကြီးရှိသေးတယ် အချိန်ရရင် ဆရာဦးလေးသွားဖတ်ကြည့်လိုက်ဦး” ကျန်းယန် ပြုံး၍ပြောလိုက်လေသည်။

“သိပြီ အခုတော့ ငါဒီစိတ်ဝိညာဉ်ဆေးပင်‌တွေကို လေ့လာဦးမယ်” တန်ချန်ကျိ ချက်ချင်းအလုပ်ရှုပ်သွားကာ ဤနှစ်သုံးထောင်သက်တမ်းရှိသောဆေးပင်များဖြင့် ဘယ်လိုဆေးလုံးမျိုးဖန်တီးရမလဲဆိုတာ စူးစမ်းရှာဖွေလေတော့၏။

All Chapters