နောက်ထပ်ပုံစံတစ်မျိုး
Vol. 22 Ch. 236
အော်သံများကြောင့် အဇူရာတိမ်ဂိုဏ်းတစ်ခုလုံး တုန်ခါသွားခဲ့ပြီး ဘာဖြစ်နေသလဲဆိုတာသိဖို့ လူတိုင်းထွက်ကြည့်ခဲ့ကြသည်။
တောင်ခြေက အခြေခံတည်ဆောက်ခြင်းအဆင့် ၁၀၀၀၀ကျော်ကိုတွေ့သောအခါတွင်တော့ အားလုံးတုန်လှုပ်သွားခဲ့ရသလို စိတ်လည်းရှုပ်ထွေးသွားခဲ့ကြ၏။
အဇူရာတိမ်ဂိုဏ်းတွင် ဘယ်အချိန်က လူဒီလောက်ရှိသွားပါသနည်း။
“ငါ့ကိုလက်နက်တွေအများကြီးလုပ်ခိုင်းထားတာ အံ့ဩစရာမဟုတ်တော့ပါဘူး” ချင်းရှူတောင်အောက်က လူအုပ်ကြီးကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
ဟော်လင်းကျိ အကူအညီမဲ့စွာ ပြုံးလိုက်၏။
“ဒါအကုန်မဟုတ်သေးဘူး”
ထိုအခိုက်တွင် အဝေးမှ ပျံသန်းလာသော သင်္ဘောပျံကြီးသုံးစင်းကို သူတို့ တွေ့လိုက်ကြရပြန်သည်။
ထိုသင်္ဘောပျံများပေါ်တွင်လည်း လူများဖြင့်ပြည့်နှက်နေပြီး ထိုလူများကတော့ အပြာရောင် ၀တ်စုံများကို ၀တ်ဆင်ထားကြ၏။
ကျန်းချန်းရှန်၏အဖွဲ့ရောက်ရှိလာခဲ့ချေပြီ။
၀မ်ပေ့လဲ့ ကျန်းချန်းရှန်၏အဖွဲ့ကိုတွေ့သောအခါ သူ့မျက်လုံးများ အလိုလိုမှေးကျဉ်းသွားခဲ့လေသည်။
သူ့မျက်နှာ၀ကြီးပေါ်တွင် မျက်လုံးများကမှေးကျဉ်းသွားခြင်းဖြစ်သောကြောင့် သူ့မျက်လုံးများက ပျောက်ကွယ်လုနီးနီးပင် ဖြစ်သွားခဲ့၏။
ထို့နောက် သူလက်ကိုဝေ့ယမ်းလိုက်ရာ ၀တ်စုံနီအဖွဲ့၏ ဟစ်ကြွေးသံက ပိုပိုကျယ်လာခဲ့သည်။
“အဇူရာတိမ်ဂိုဏ်း ပြန်လည်ရှင်သန်ပါစေ အဇူရာတိမ်ဂိုဏ်းသက်တော်ရာကျော်ရှည်ပါစေ”
ထိုစဉ် နားကွဲလုမတတ်အသံကြီးများ အဝေးမှ ထွက်ပေါ်လာခဲ့ပြန်သည်။
ထိုအသံများ၏ ပိုင်ရှင်များကတော့ သင်္ဘောပျံကြီးများပေါ်မှ ၀တ်စုံပြာ၀တ်လူများ ဖြစ်ကြ၏။
၀တ်စုံနီနှင့်၀တ်စုံပြာအဖွဲ့တို့ အပြိုင်အဆိုင် ဟစ်ကြွေးနေခဲ့ကြကာ သူတို့အသံများက ဟိန်းထွက်နေခဲ့လေသည်။
သင်္ဘောပျံ တောင်ရှေ့သို့ရောက်လာပြီးနောက် တောင်ခြေရှိလူအုပ်က ပိုမိုကြီးမားလာခဲ့၏။
ကျန်းချန်းရှန် လူပေါင်းတစ်သောင်းကျော်ကိုဦးဆောင်ပြီး တောင်ခြေသို့ ဆင်းသက်လာခဲ့ကာ ၀မ်ပေ့လဲ့ကို မျက်စောင်းတစ်ချက်ပစ်လိုက်ပြီးနောက် ကျန်းယန်ရှေ့ရပ်ကာ ကျယ်လောင်စွာ သတင်းပို့လိုက်သည်။
“သတင်းပို့ပါတယ် စီနီယာအစ်ကိုကြီး ကျွန်တော်တို့ ၀တ်စုံပြာအဖွဲ့က လူပေါင်း ၁၅၃၀၀ ရောက်လာပါပြီ အဲ့ဒီအထဲမှာ ၃၅ယောက်က ရွှေအမြုတေအဆင့်ဖြစ်ပြီးတော့ ကျန်တာတွေကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်တွေပါ”
“ကောင်းတယ် အားလုံးကြိုးစားခဲ့ကြတယ်” ကျန်းယန် အားရပါးရပြုံးကာ ပြောလိုက်၏။
ကျန်းချန်းရှန်လည်းပြုံးကာ ပြောလိုက်သည်။
“အားလုံးရဲ့ စီနီယာအစ်ကိုကြီးရဲ့ လမ်းပြမှုတွေကြောင့်ပါပဲ ဒါကြောင့်လည်းကျွန်တော်တို့ဒီလောက်ထိ လုပ်နိုင်ခဲ့တာပါ”
သူကျန်းယန်ကိုနှုတ်ဆက်ပြီးနောက် ၀မ်ပေ့လဲ့ရှေ့သို့ လျှောက်သွားလိုက်ကာ ခပ်ကြမ်းကြမ်းပြောလိုက်၏။
“မင်းကငါ့ထက်နည်းနည်းလေးပဲ စောရောက်ခဲ့တာပါ ဘာတွေဘ၀င်မြင့်နေတာလဲ”
“ငါတို့မှာ မင်းတို့ထက်ပိုများတဲ့ရွှေအမြုတေအဆင့်တွေရှိတယ်” ၀မ်ပေ့လဲ့ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ငါ့ရဲ့ လူဦးရေစုစုပေါင်းက မင်းထက်ပိုများတယ်ကွ” ကျန်းချန်းရှန်လည်း ချက်ချင်း ပြန်ပက်လိုက်၏။
“ငါ့ကိုသာအချိန်နည်းနည်းထပ်ပေး မင်းထက်များတဲ့ရွှေအမြုတေအဆင့်တွေရှာလာပြမယ် နောက်ပြီးတော့ ယွင်ထန့်အင်ပါယာဆိုတာ ဖရိုဖရဲဖြစ်နေတဲ့နေရာကြီးတစ်ခု အဲ့ဒီနေရာမှာ ပညာရှင်တွေခန့်အပ်ရတာက ပိုလွယ်တယ်”
“ဟီး မင်းဘာပဲပြောပြော ငါ့မှာမင်းထက်ပိုများတဲ့ရွှေအမြုတေအဆင့်တွေ ရှိတာပါပဲကွာ” ၀မ်ပေ့လဲ့ အေးစက်စက်ထေ့ငေါ့လိုက်သည်။
“ငါကမင်းထက်လူ ၂၀၀၀ပိုများတယ်” ကျန်းချန်းရှန်ကလည်း ငြိမ်မခံခဲ့ပေ။
ကျန်းယန် အမြန်သူတို့ကြား၀င်လိုက်၏။
“ကောင်းပြီကောင်းပြီ ငြင်းမနေကြနဲ့တော့ ငါတို့အားလုံးကတစ်ဖက်တည်းပဲလေ ရန်ဖြစ်မနေကြနဲ့”
၀မ်ပေ့လဲ့နှင့်ကျန်းချန်းရှန် အားရပါးရရယ်မောလိုက်ကာ တစ်ယောက်နဲ့တစ်ယောက်ဆွဲဖက်လိုက်ကြလေသည်။
ထို့နောက် ကျန်းချန်းရှန်စိတ်ပူနေဟန်ဖြင့် ပြောလိုက်၏။
“ဂျူနီယာညီမလေးလျန့်ယိဘာလုပ်နေမလဲ သိချင်မိတယ် သူကမြောက်ဘက်ကိုသွားတာမလား အဲ့ဒီဘက်မှာက ပိုအားကောင်းတဲ့ဂိုဏ်းတွေရှိတယ် သူ့အတွက်တော့ အတော်လေးခက်ခဲမှာပဲ”
“ငါတို့တကယ်ပဲ သူ့ကိုထောက်ပံ့ပေးသင့်တယ်” ၀မ်ပေ့လဲ့ သက်ပြင်းချလိုက်သည်။
“မြောက်ပိုင်းက ငါတို့ဂိုဏ်းနဲ့ပိုနီးတယ်မလား ငါတို့တောင်ရောက်ပြီဆိုတော့ သူလည်း သိပ်တော့နောက်မကျသင့်တော့ဘူး”
သူပြောပြီးပြီးချင်းပင် မြောက်အရပ်မှ သင်္ဘောပျံကြီးများ ပေါ်ထွက်လာခဲ့ကြ၏။
သို့သော် သင်္ဘောမှာသုံးစင်းမဟုတ်ဘဲ နှစ်စင်းသာဖြစ်နေခဲ့သည်။ ထိုနှစ်စင်းပေါ်တွင်တော့ အဝါရောင်၀တ်စုံ၀တ်လူများနှင့် ပြည့်နေခဲ့သည်။
သင်္ဘောနှစ်စင်းတည်းဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ ၀မ်ပေ့လဲ့နှင့်ကျန်းချန်ရှန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့နှစ်ယောက်လုံး၏မျက်နှာပေါ်တွင် ဘ၀င်မြင့်သွားသော အရိပ်အယောင်များ ပေါ်လာခဲ့၏။
ဘာပဲဖြစ်ဖြစ် အရေအတွက်အရတော့ ထိုအဖွဲ့ကသူတို့လောက်များတော့မည် မဟုတ်ပေ။
လျန့်ယိမရောက်သေးခင်က သူတို့စိတ်ပူခဲ့ကြသော်လည်း လျန့်ယိဘေးကင်းတာသေချာသွားသောအခါတွင်တော့ ပြိုင်ဆိုင်လိုစိတ်ကလေးက ပြန်ပေါ်လာခဲ့သည်။
သင်္ဘောပျံကြီးနှစ်စင်းက တောင်ရှေ့သို့ရောက်လာပြီးချိန်တွင် သင်္ဘောပေါ်မှ လျန့်ယိနှင့်သူ့လက်ထောက်နှစ်ယောက်တို့ ဆင်းလာခဲ့၏။
သင်္ဘောပျံပေါ်မှလူများလည်း တစ်သုတ်ပြီးတစ်သုတ်ဆင်းသက်လာခဲ့ကြသည်။
သူတို့တစ်ယောက်ချင်းစီတွင် ထက်ရှသောအရှိန်အဝါများရှိနေပြီး တိုက်ခိုက်ရေးအတွေ့အကြုံများစွာ ရှိသူများမှန်း ထင်ရှားလှ၏။
“စီနီယာအစ်ကိုကြီး” လျန့်ယိ ကျန်းယန်ရှေ့သိူ့ သူ့လက်ထောက်နှစ်ယောက်ဖြစ်သော ရှန်ကျွင်းဟောင် မေချိုးလျန် တို့နှင့်အတူရောက်ရှိလာကာ လေးလေးစားစား ဦးညွတ်အရိုအသေပေးလိုက်သည်။
“ဂျူနီယာညီမလေး” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။
“ဘာပြဿနာမှမရှိခဲ့ဘူးမလား”
လျန့်ယိ ပြုံးလိုက်ရာ သူ့မျက်လုံးများက လှပစွာတွန့်ကွေးသွားခဲ့သည်။
“ညီမလေးတို့ပြဿနာတွေနဲ့ကြုံခဲ့ရပေမယ့် ကောင်းကောင်းဖြေရှင်းနိုင်ခဲ့ပါတယ်” သူပြုံး၍ပြောလိုက်၏။
“ဒီတစ်ခေါက် ညီမလေးတို့၀တ်စုံဝါအဖွဲ့က လူ၈၀၀၀ပြန်ခေါ်လာနိုင်ခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီထဲမှာ ရွှေအမြုတေအဆင့် အယောက် ၃၇၀ နဲ့ ဝိညာဉ်အခြေတည်အဆင့် ၅ ယောက် ပါပါတယ် ကျန်တာကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ပါပဲ”
“ပြီးတော့ ညီမလေးတို့စိတ်ဝိညာဉ်ကျောက်တုံး သန်း၂၃၀နဲ့ အခြားဆေးပင်တွေ သတ္တုတွေလည်း ယူလာနိုင်ခဲ့ပါတယ် ပြီးတော့ မှော်ရတနာအချို့နဲ့ နယ်မြေတွေလည်း ပါလာပါတယ်”
ခုနကဘ၀င်မြင့်နေသော၀မ်ပေ့လဲ့တို့၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဘယ်လို!
သူတို့ဘာကိုကြားခဲ့ရပါသနည်း။
ရွှေအမြုတေအဆင့် ၄၀၀နီးနီးဆိုတာကပင် အတော်ကြမ်းနေပြီဖြစ်လေရာ အခုတော့ ဝိညာဉ်အခြေတည်အဆင့် ၅ ယောက်ပင်ပါလာသေး၏။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံးများ မှော်ရတနာများလည်း ပါနေသေးသည်။ ကမ္ဘာကြီး ဘာတွေဖြစ်နေပါသနည်း။
ဒါက…ဒါက…
ကျန်းယန်ပင် အတော်ကြီးအံ့အားသင့်သွားခဲ့၏။ သူအမြန်မေးလိုက်သည်။
“ဘာဖြစ်ခဲ့တာလဲ”
လျန့်ယိပြုံးကာ ရှင်းပြလိုက်၏။
“ညီမလေးတို့မြောက်ပိုင်းမှာ တာ၀န်ထမ်းဆောင်နေရင်း အချို့ဂိုဏ်းတွေက ညီမလေးတို့ကိုတိုက်ခိုက်ဖို့ကြိုးစားကြတယ် အဲ့တော့ သူတို့အကုန်လုံးကို အပြတ်ရှင်းပစ်လိုက်တယ် ရလဒ်အနေနဲ့ကတော့ တိုက်ခိုက်ရတဲ့ တိုက်ပွဲတွေများလာလေလေ ညီမလေးတို့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရတနာတွေက ပိုပိုတိုးလာလေလေပဲ ညီမလေးတို့ဖျက်ဆီးခဲ့တဲ့ဂိုဏ်းတွေရဲ့ နယ်မြေတွေကလည်း ညီမလေးတို့လက်ထဲရောက်လာတယ်”
ကျန်းယန် မျက်တောင်ခတ်လိုက်မိသည်။ လျန့်ယိတွင်အခုလိုစွမ်းရည်မျိုးရှိနေတာကို သူ၀မ်းသာမိသော်လည်း….
“နင်ဂိုဏ်းတွေအကုန်လုံးကို အမြစ်ပြတ်ရှင်းခဲ့တာတော့ မဟုတ်ဘူးမလား” ကျန်းယန် မေးလိုက်၏။
သူသည် တာအိုပညာရှင်ကောင်းကင်ဒဏ္ဍာရီကို ထိုဂိုဏ်းများနှင့်ဆက်သွယ်ခိုင်းထားခြင်းဖြစ်ပြီး အခုလို လျန့်ယိကထိုဂိုဏ်းများကိုရှင်းပစ်လိုက်သည်ဆိုလျှင် သူတို့အဖြစ်က အတော်လေး အူကြောင်ကြောင်နိုင်နေပေလိမ့်မည်။
“မလုပ်ပါဘူး” လျန့်ယိ ခေါင်းခါပြလိုက်သည်။
“ညီမလေးတို့ကိုမတိုက်ခိုက်တဲ့ဘယ်ဂိုဏ်းကိုမှ မစော်ကားခဲ့ဘူး သူတို့ထဲကအချို့နဲ့ စီးပွားရေးတောင်လုပ်ခဲ့သေးတယ်”
“အရမ်းကောင်းတယ်” ကျန်းယန် ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်၏။
“ဒီလောက်လူတွေအများကြီးနဲ့ဆိုရင် ငါတို့အဇူရာတိမ်ဂိုဏ်းကထောင်တက်သွားတော့မှာပဲ”
ထိုအခိုက်တွင် ချင်းယွင်ကျိ လူအုပ်ကြီးရှေ့တွင်ရုတ်တရက်ပေါ်ပေါက်လာခဲ့ပြီး သူ့မျက်နှာပေါ်တွင်တော့ အလွန်ကြီးမားသော အပြုံးကြီးတစ်ခုရှိနေခဲ့လေသည်။
သူအမှန်တကယ်ပျော်နေခြင်း ဖြစ်၏။
တစ်ချိန်က သူ့ဦးဆောင်မှုအောက်တွင် အဇူရာတိမ်ဂိုဏ်းကပျောက်ကွယ်သွားရတော့မလို ဖြစ်ခဲ့ရဖူးသည်။
သို့သော် အခုတော့ အဇူရာတိမ်ဂိုဏ်းတွင် သောင်းနှင့်ချီသောတပည့်များ ပြန်ရှ်ိလာခဲ့ချေပြီ။
ဂိုဏ်းသားအရေအတွက်သက်သက်ကိုပဲကြည့်လျှင် ထိုပမာဏက သူတို့ဂိုဏ်းအထွတ်အထိပ်အချိန်ရောက်နေတုန်းကထက်ပင် များနေသေး၏။
ထို့အပြင် ထိုတပည့်များထဲတွင် ရာချီသောရွှေအမြုတေအဆင့်များလည်း ပါနေသေးသည်။
ထို့အခြေအနေတွင် သူထွက်မလာဘဲ မနေနိုင်တော့ပေ။
“ဆရာ” ကျန်းယန် အရင်ဆုံးသူ့ဆရာကိုဦးညွတ်အရိုအသေပေးလိုက်ပြီးနောက် လူအုပ်ကြီးဘက်လှည့်ကာ ကြေငြာလိုက်၏။
“ဒါက အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ”
“ဂိုဏ်းချုပ်သက်တော်ရာကျော်ရှည်ပါစေ” လူတိုင်း တညီတညွတ်တည်း အော်လိုက်ကြသည်။
လူသုံးသောင်းကျော်အတူတကွဟစ်ကြွေးလိုက်သောအသံကြီးက အလွန်တရာ ကြောက်စရာကောင်းလွန်းလှ၏။
ထိုမျှလူအများကြီး၏ အရိုအသေပေးခြင်းကိုမခံဖူးသော ချင်းယွင်ကျိတစ်ယောက် တခဏကြက်သေသေသွားခဲ့ပြီး ထို့နောက်မှ ခေါင်းတဆတ်ဆတ်ညိတ်လိုက်မိသည်။
“ကလေးတို့ မင်းတို့အားလုံးနဲ့တွေ့ရတာ ငါ၀မ်းသာပါတယ်”
ထိုစဉ် ကျန်းယန်ချက်ချင်း သူ့ဆရာကိုအသံကူးပြောင်း၍ ပြောလိုက်၏။
“ဆရာ ဆရာက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဂိုဏ်းချုပ်တစ်ယောက်လေ တပည့်တွေအကုန်လုံးက ဆရာ့ကိုအကဲခတ်နေကြတာ အဲ့လောက်မနူးညံ့နဲ့ ဆရာက ပြိုင်ဘက်ကင်းပညာရှင်တစ်ယောက်ရဲ့ ဟန်ပန်ကိုပြသဖို့လိုတယ် ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အာဏာကိုထုတ်ပြလိုက် အဲ့တာမှ လူတိုင်းဂိုဏ်းအေပါ် ယုံကြည်မှုရှိသွားလိမ့်မယ်
ဆရာပေါ်လာပြီးပြီဆိုတော့ ဆရာသူတို့ကို စိတ်အားတက်ကြွသွားအောင် မိန့်ခွန်းပြောဖို့လိုတယ်
အစီအစဉ်ကဒီလို ဆရာအရင်ဆုံး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ရဲ့ လွှမ်းမိုးလွန်းတဲ့အရှိန်အဝါကို ထုတ်ပြလိုက် ပြီးရင် ကျွန်တော်ကဆရာ့အတွက်မိန့်ခွန်းရေးပေးမယ် ဆရာက အဲ့တာကို အကျယ်ကြီးဖတ်ပြလိုက်ရုံပဲ”
နောက်ထပ် ပုံစံအသစ်တစ်ခု!
ချင်းယွင်ကျိ အခုလိုကိစ္စများနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိပြီးသားဖြစ်သည်။ ထို့ကြောင့် သူကျန်းယန်ကို ယုံကြည်ပေသည်။
“ငါ့အတွက်မိန့်ခွန်းပြင်ထားပေး ကျန်တာကို ငါကိုင်တွယ်လိုက်မယ်” ချင်းယွင်ကျိ နတ်အာရုံဖြင့် ပြန်ပြောလိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြန်၏။
ကျန်းယန် ဆွံ့အသွားခဲ့သည်။
ဆရာကအခုလို ရုတ်တရက်ပေါ်လာပြီး ရုတ်တရက်ပြန်ပျောက်သွားတော့ ကျွန်တော်က ဒီတပည့် ၃သောင်းကျော်ကို ဘယ်လိုရှင်းပြရတော့မှာလဲဗျာ!
တကယ်တော့ သောင်းချီသောတပည့်များလည်း ပဟေဠိဖြစ်သွားခဲ့ကြခြင်း ဖြစ်၏။
သူတို့ဂိုဏ်းချုပ်ဘာဖြစ်နေပါသနည်း။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆိုတာကို သူတို့ကြားခဲ့ဖူးသော်လည်း ထိုအဆင့်ကဘယ်လောက်အစွမ်းထက်လဲဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပေ။
ထို့ကြောင့် သူတို့သည် ဂိုဏ်းချုပ်အပေါ်အမြင့်ဆုံးသောရိုသေမှုပေးပြီး ဆက်ဆံခဲ့ကြသည်။
သို့သော် ဂိုဏ်းချုပ်ကဘယ်ရောက်သွားပါသနည်း။
ထိုစဉ် ဂိုဏ်းချုပ်ကတော့ သူတို့ဆီ ပြန်လာနေခဲ့ချေပြီ။
ကျန်းတစ်ရာခန့်မြင့်မားသော တောင်ထွတ်ကြီးတစ်ခုက အဝေးမှ လျင်မြန်စွာ ပျံသန်းလာခဲ့၏။
ထိုတောင်ထွတ်ကြီးတစ်ခုလုံးကို သယ်ဆောင်လာသူမှာတော့ ချင်းယွင်ကျိကလွဲပြီး အခြားမဟုတ်ခဲ့ပေ။