ကောင်းကင်လဟာပြင်သားရဲကြီးနှင့်အပေးအယူလုပ်ခြင်း
Vol. 41 Ch. 573
အန်လင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို အားလုံး သတိထားလိုက်မိသောကြောင့် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာကြသည်။
ထိုအချိန်တွင် အန်လင်း၏ မျက်ဝန်းထဲမှ အကန့်အသတ်မဲ့သော ရွှေရောင်မီးတောက်များ ဖြာထွက်လာကာ အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။
ရွှေရောင်မီးတောက်များသည် မြေပြင်တစ်ခုလုံးကို မီးပင်လယ်အဖြစ် ပြောင်းလဲသွားစေပြီး လေထုသည်ပင် တွန့်လိမ်အက်ကွဲလာသည်။
ခေတ္တမျှသော အချိန်အတွင်းမှာပင် မြင်မြင်သမျှ နေရာတိုင်း မီးတောက်မီးလျှံများ လွှမ်းခြုံသွားပြီး အဝေးထိ ပျံ့နှံ့လောင်ကျွမ်းနေသည်။
"သောက်ပလုပ်တုပ်.....ဒီမီးတွေက ဘာတွေတုန်း။"
ကတ်စီဒီ မျက်လုံးအပြူးသား ဖြစ်နေသည်။
"ဒါက ကောင်းကင်ကို ပြာချပြီး ပင်လယ်ရေတွေကို ဆူပွက်စေနိုင်စွမ်းရှိတဲ့ ကောင်းကင်လောင်ကျွမ်းမီးတောက်တွေပဲ။ ဒါမျိုးကို ဆရာ့ဆရာကြီးတွေပဲ ဖန်တီးနိုင်တယ်။"
ရွှယ်ကျန်ထျန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
'ယီးကို ကောင်းကင်လောင်ကျွမ်းမီးတောက်ပါလား။ အဲ့ဒါက လေဟာပြင်ကိုတောင် တောက်လောင်စေနိုင်တဲ့ ရွှေရောင်လီမီးလျှံဆိုတာ သိသာနေတဲ့ဟာကို။ ဆရာရဲ့ ရွှေရောင်လီမီးလျှံတွေက အရမ်းကို သန့်စင်လွန်းတယ်။ ဒီကမ္ဘာကြီးကိုတောင် အပေါက်တစ်ခုဖြစ်အောင် လောင်ကျွမ်းစေနိုင်လောက်တယ်။"
ရှောင်ဇယ်မှာ ရွှယ်ကျန်ထျန်းအား မျက်စောင်းထိုးလိုက်ပြီးနောက် အန်လင်းအား လေးစားရိုသေစွာ ကြည့်ရှုလိုက်သည်။
ဝေလငါးကြီးမှာ ထိတ်လန့်ကြောက်ရွံ့ပြီး မကြာမီမှာပင် ဝမ်းဗိုက်တစ်ခုလုံး ပူလောင်လာသောကြောင့် ကြည့်ရှုလိုက်သောအခါ အတွင်းပိုင်း ခန္ဓာကိုယ် တစ်ခုလုံး မီးပင်လယ် ဝေနေသည်ကို တွေ့လိုက်ရသည်။
ဧရာမ ဝေလငါကြီး: "......."
မျက်မမြင်ဖြစ်ပြီးနောက် ခန္ဓာကိုယ် အတွင်းပိုင်း၌ မီးဟုန်းဟုန်းတောက်နေလျှင် မည်သို့ခံစားရမည်နည်း။
ထိုခံစားချက်အား ဖော်ပြရန် စကားလုံးပင် မရှိတော့ပေ။
ရင်းနှီးနေတဲ့ ခံစားချက်.....ရင်းနှီးနေတဲ့ စွမ်းရည်....
ဧရာမ ဝေလငါကြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
ယီးပဲ....အဲ့ဒါငါ့ရဲ့ အမြင်စွမ်းရည် မဟုတ်ဘူးလား.....
ထို့နောက် ၎င်း၏မျက်ဝန်းများနှင့် တထေရာတည်း တူညီနေသည့် ရွှေရောင်မျက်ဝန်းများကို ပိုင်ဆိုင်ထားသော လူသားတစ်ယောက်အား တွေ့လိုက်ရသည်။ ထိုလူသားသည် တလောကလုံးကို ဖျက်စီးပစ်တော့မည့်အလား ရွှေရောင်မီးလျှံများကို ထုတ်လွှတ်နေသည်။
အဲ့ဒါ....အဲ့ဒါ ငါ့မျက်လုံးတွေလေ....
ဧရာမ ဝေလငါကြီးမှာ ကြောက်မက်ဖွယ် အတွေးစများ ခေါင်းထဲဝင်ရောက်လာသည်။
ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ် ပျောက်ဆုံးပြီး မကြာမီမှာပင် ရုတ်ချည်းဆိုသလို မြုံသွားခဲ့သည်။ ထို့အပြင် မျက်မမြင်ပါ ဖြစ်ခဲ့ရသေးသည်။ ထိုလူသားသည် ထိုအရာများ အားလုံးကို ပြုလုပ်ခဲ့သည်လော။
ဘုရားရေ.....ဘယ်ကမကောင်းဆိုးဝါးမျိုးကို ငါမြိုချလိုက်မိတာပါလိမ့်.....
ဝေလငါးကြီး၏ နှလုံးသားထဲတွင် တစ်ကြိမ်တစ်ခါမှ မခံစားဖူးသော အကြောက်တရားမျိုး ဖြစ်ပေါ်လာသည်။ ဗိုက်ထဲမြိုချထားသော အစာသည် ၎င်း၏စွမ်းအင်အား ခိုးယူသွားသည့်အပြင် ဝမ်းဗိုက်တစ်ခုလုံးကိုပါ မီးလောင်တိုက်သွင်းနေသည်။
မဖြစ်ဘူး.....ဒီလိုဖြစ်သွားလို့ မဖြစ်ဘူး......
ဝေလငါးကြီးမှာ ချိပ်ပိတ်ခြင်းကျင့်စဉ်အား အသုံးပြုရန် စွမ်းအင်များကို လည်ပတ်စေလိုက်သည်။
အရှိန်ပြင်းပြင်း လောင်ကျွမ်းနေသော ရွှေရောင်လီမီးလျှံများမှာ အနည်းငယ် နှေးကွေးသွားသည်။
ပြင်ပစွမ်းအင်တစ်ခု ဝင်ရောက်လာသည်ကို သိရှိလိုက်ကြသောကြောင့် အားလုံး၏ အမူအရာမှာ လေးနက်ခက်ထန်သွားရသည်။
ထိုသည်မှာ ကောင်းကင်လဟာပြင်သားရဲ၏ လက်ချက်ပင် ဖြစ်ပေလိမ့်မည်။ ကြည့်ရသည်မှာ ၎င်းသည် ခန္ဓာကိုယ်အတွင်း ဖြစ်ပျက်နေသော အကြောင်းအရာများကို သိရှိသွားပုံပင်။
ထိုအတွေးကြောင့် အားလုံး စိတ်မသက်မသာ ဖြစ်သွားရသည်။
သူဋ္ဌေးအိမ်အား မီးရှို့ခံနီး လူမိသွားသလို ခံစားချက်မျိုးပင်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ရပ်တန့်လိုက်ရန် အစီအစဉ် မရှိပေ။ ဤနေရာအား မီးမရှို့ပစ်ပါက အားလုံး အတူတကွ ဘဝကူးသွားရပေလိမ့်မည်။
ဝုန်း.....
ထင်မှတ်မထားရလောက်အောင် ကြီးမားသော အနက်ရောင် ပုံရိပ်ကြီးတစ်ခု လေထုထဲတွင် ဖြစ်ပေါ်လာသည်။
ထိုအရိပ်ကြီးသည် ပြောင်ချောနေသော ဦးခေါင်းကို ပိုင်ဆိုင်ထားပြီး မျက်လုံးများ ပိတ်ထားကာ အရွယ်အစား ကြီးမားလွန်းလှသည်။ ၎င်းပေါ်ထွက်လာသည်နှင့် အားလုံးမှာ နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နေရသည့်အလား ပြင်းထန်လွန်းသော စွမ်းအင်ဖိအားကို ခံစားလိုက်ရသည်။
အန်လင်းမှာ အရိပ်ကြီးအား ကြည့်လိုက်သည်နှင့် ၎င်းသည် ဧရာမ ဝေလငါကြီး၏ ပုံရိပ်ဖြစ်ကြောင်း သိလိုက်သည်။ သူသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပဲ ပုံရိပ်ကြီးအား စူးစိုက်ကြည့်ရှုလိုက်သည်။
"ငါ့ရဲ့မျက်လုံးကို ခိုးသွားတာ မင်းလား။"
ကြီးမားလှသော ပုံရိပ်ကြီးကြောင့် အားလုံးမှာ အရိပ်ကျနေရသည်။ ၎င်းသည် မည်သည့်ဘာသာစကားကို ပြောနေမှန်း မသိရပါသော်လည်း လူတိုင်းမှာ ဆိုလိုရင်းအား နားလည်နေကြသည်။
"ဟုတ်တယ်။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
ထိုစကားကြောင့် အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူက ကောင်းကင်လဟာပြင်သားရဲရဲ့ အစွမ်းကိုတောင် ခိုးနိုင်တာလား.....ဝိုး.....တကယ့် မကောင်းဆိုးဝါးပဲ....
အန်လင်းထံတွင် ရွှေရောင်မျက်ဝန်းများ တွေ့လိုက်ရစဉ်တည်းက ရှောင်ဇယ်မှာ သံသယ ဖြစ်မိခဲ့သည်။ သူ၏ခုခံကာကွယ်ရေး အစွမ်းကိုလည်း အန်လင်းမှ ယူဆောင်သွားခဲ့ဖူးသည် မဟုတ်ပါလော။ ယခုအခါ သံသယအား အတည်ပြုပြီးသွားသောကြောင့် သူသည် ဆရာဖြစ်သူအား ပို၍ပင် ရိုသေလေးစားလာမိသည်။
"ငါ့ရဲ့ ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်ကိုရော မင်းယူသွားတာလား.....ပြီးတော့ ငါ့ရဲ့ အဲ့.....အဲ့ဒါကိုရော မင်းယူသွားတာလား....ဟမ်..."
ဝေလငါးကြီး၏ စကားသံထဲတွင် ပြင်းထန်လွန်းသော ခံစားချက်များ ပါဝင်နေသည်။
"ဟုတ်တယ်။ အားလုံးက ငါ့လက်ချက်ပဲ။"
အန်လင်း ဝန်ခံလိုက်သည်။
ခြိမ်းခြောက်နိုင်စွမ်းသာ မရှိပါက သူ့အနေဖြင့် ကောင်းကင်လဟာပြင်သားရဲအား ညှိနှိုင်းနိုင်မည် မဟုတ်ပေ။
ဝုန်း.....
ကြောက်မက်ဖွယ် ဖိအားများ ကျဆင်းလာသောကြောင့် ရွှေရောင်မီးလျှံများပင် အနောက်သို့ ဆုတ်သွားရသည်။ ကောင်းကင်လဟာပြင်သားရဲကြီး ဒေါသထွက်နေသည်မှာ သိသာလွန်းလှသည်။
"မင်းလုပ်ရဲလှချည်လား....ငါသတ်ပစ်လိုက်မှာ မကြောက်ဘူးလား။"
သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ အန်လင်းပေါ် ကျဆင်းလာသည်။
"ဟီးဟီး...."
အန်လင်း အေးစက်စွာ ရယ်မောလိုက်သည်။
"ငါက ဘေးကနေ ရပ်ကြည့်နေခဲ့တဲ့သူပဲ။ မင်းကို ဘာမှလည်း လုပ်နေတာ မဟုတ်ဘူး။ ဒါတောင်မှ မင်းကငါ့ကို မြိုချလိုက်တာလေ။ အဲ့ဒါကို ငါက လိလိမ္မာမ္မာလေးနဲ့ မင်းအစာချေပြီးတဲ့ထိ ငြိမ်နေရမှာလား။"
ကောင်းကင်လဟာပြင်သားရဲမှာ ထိုကိစ္စနှင့်ပက်သတ်၍ မည်သည့်မှတ်ချက်မီ မပေးပဲ ခေတ္တမျှတွေးကာ ဆက်ပြောလိုက်သည်။
"ငါ့ရဲ့ ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်နဲ့ မျက်လုံးကိုပြန်ပေးလိုက်။ ငါမင်းကို လွှတ်ပေးမယ်။"
အန်လင်း ခေါင်းခါပြလိုက်သည်။
"ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ်က ငါစုပ်ယူလိုက်ပြီ။ အဲ့ဒါကြောင့် ပြန်ပေးလို့ မရတော့ဘူး။ ဒါပေမယ့် မင်းရဲ့မျက်လုံးကိုတော့ ပြန်ပေးလို့ရသေးတယ်။ မင်းငါတို့ကို အရင်လွှတ်ပေးလိုက်။"
"မင်း...."
ဝုန်း....
ကောင်းကင်လသာပြင်သားရဲမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများနှင့်အတူ အရှိန်အဝါများ မြင့်တက်လာသည်။
သို့သော် အန်လင်းမှာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ ပုံရိပ်ကြီးသည် သူ့အားထိခိုက်စေနိုင်ပါက အစောကတည်းက လှုပ်ရှားပြီးလောက်ပြီပင်။ ထိုသည်ကို ယခုအချိန်ထိ အရှိန်အဝါ သက်သက်ဖြင့် ခြောက်နေခြင်းမှာ လုပ်၍မရသောကြောင့် သို့မဟုတ် တန်ကြေးကြီးစွာ ပေးဆပ်ရမည် ဖြစ်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။
"သေချာစဉ်းစားနော်။ ငါမင်းကို အချိန်တစ်မိနစ်ပဲပေးမှာ။ ငါတောင်းဆိုတာကို တစ်မိနစ်အတွင်း လက်မခံရင် မင်းစိတ်ကို ပြန်ပြောင်းလို့ ရတော့မှာ မဟုတ်ဘူး။ ငါသေသွားရင် မင်းလည်း တသက်လုံး မျက်မမြင် ဖြစ်နေလိမ့်မယ်။ ပြီးတော့ မင်းဆီက တခြားအစွမ်းတွေလည်း ငါထပ်ခိုးနိုင်သေးတယ်နော်။"
အန်လင်းမှာ ယုံကြည်ချက် အပြည့်နှင့် တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ငါ့ကို တိုက်ခိုက်ထားတဲ့ သူတွေကတော့ ထွက်သွားလို့ မရဘူး။ ဒါပေမယ့် ကျန်တဲ့သူတွေကိုတော့ လွှတ်ပေးမယ်။"
ဝေလငါးကြီးမှာ အသေအချာ စဉ်းစားပြီး အပေးအယူကို ကမ်းလှမ်းလိုက်သည်။ ၎င်းအတွက် အကြီးမားဆုံး အပေးအယူလည်း ဖြစ်သည်။
အားလုံးကို လွှတ်ပေးလိုက်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။ သြဇာအာဏာ ကြီးမားသော ကောင်းကင်လဟာပြင်သားရဲကြီးအနေဖြင့် တိုက်ခိုက်လာသူတိုင်းကို ဖျက်စီးပစ်ရမည်ပင်။
အန်လင်း ခေါင်းခါလိုက်ပြန်သည်။
"လူတိုင်းကို လွှတ်ပေးဖို့ ငါပြောထားတယ်လေ။"
"မင်းမှာ စဉ်းစားဖို့အချိန် မိနစ်ဝက် ရှိသေးတယ်။"
ကောင်းကင်နတ်မိမယ်ဟယ်၏ မျက်ဝန်းများတွင် ရိုသေလေးစားခြင်း အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
အခြားသူများသည်လည်း အန်လင်း၏ ရဲရင့်မှုနှင့် လက်မလျှော့မှုတို့အပေါ် အံ့အားသင့်မိကြရသည်။ ၎င်းတို့၏ အမြင်တွင် အန်လင်းမှာ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေသလိုပင်။
ဝေလငါးကြီးမှာ စိတ်ရှုပ်လာပြီး အန်လင်းအား ထိုနေရာတွင်ပင် သတ်ပစ်ချင်လာမိသည်။
သို့သော် ၎င်း၏အမြင်အာရုံအား ဆုံးရှုံးလိုက်ရ၍ မဖြစ်ပေ။ ထို့အပြင် မျိုးပွားစွမ်းရည်ကဲ့သို့ အခြားသော စွမ်းရည်များကိုပါ ထပ်မံခိုးယူသွားပါက......
ဝေလငါးကြီး တုန်ယင်သွားရသည်။
မည်သို့ပင်ဆိုစေကာမူ အားလုံးကို လွှတ်ပေးလိုက်ရန်မှာ ၎င်း၏ဂုဏ်သိက္ခာအား ထိခိုက်စေသည်။ ထိုသည်မှာ ဓားပြတိုက်ခံရပြီး ရတနာများအား ဆုံးရှုံးလိုက်ရသည့်အပြင် သူခိုးဓားပြများအား လွှတ်ပေးလိုက်ရသည်နှင့် ဆင်တူသည်။
အချိန်မှာ ဖြည်းညင်းစွာ ကုန်ဆုံးနေပြီး ဝေလငါးကြီးအတွက် အရှည်ကြာဆုံး တစ်မိနစ်ကို ဖြတ်သန်းနေရသည်။
နောက်ဆုံးတစ်စက္ကန့် ကုန်ခံနီးမှသာ ၎င်းသက်ပြင်းချလိုက်သည်။
"ဟုတ်ပြီ။ ငါသဘောတူတယ်။ ဒါပေမယ့် ငါ့ရဲ့ မျက်လုံးကို အရင်ပြန်ပေးရမယ်။"
အန်လင်းမှာ ရလဒ်ကို မျှော်လင့်ထားသည့်အလား ပြုံးလိုက်သည်။
"မင်းသဘောပဲ။"
ထို့နောက် ကောင်းကင်လဟာပြင်သားရဲမှာ တစ်စုံတစ်ခုအား ပြန်လည်ရရှိလိုက်သလို ခံစားလိုက်ရသည်။
ဝေလငါးကြီး၏ မျက်ဝန်းများမှာ နေနှစ်စင်းအလား တောက်ပသော ရွှေရောင်များ ဖြာထွက်လာသည်။
၎င်းသည် ပျော်ရွှင်လွန်းသောကြောင့် မျက်ရည်များပင် ပတောက်ပတောက်ဖြင့် ကျဆင်းသွားရသည်။
"အခု မင်းဘက်က ကတိတည်ရမယ့် အချိန်ပဲ။"
အန်လင်းမှာ ဆရာကြီးစတိုင်ဖြင့် လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းထားလျက် တည်ငြိမ်စွာ ပြောလိုက်သည်။