ဝေလငါး၏ပါးစပ်ထဲမှလွတ်မြောက်လာခြင်း
Vol. 41 Ch. 574
အားလုံးသည် ဝေလငါး ကတိမတည်မည်ကို စိုးရိမ်နေကြသောကြောင့် ပုံရိပ်ကြီးအားကြည့်ကာ အလွန်ပင် စိတ်လှုပ်ရှားနေမိကြသည်။
ဧရာမ ဝေလငါးကြီးသည် အချိန်အတိုင်းအတာ တစ်ခုကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ ၎င်း၏ ရွှေရောင်မျက်လုံးများအား ပြန်လည်ရရှိလိုက်ပြီးနောက် ဝမ်းဗိုက်တစ်ခုလုံး လောင်ကျွမ်းနေသော ရွှေရောင်လီမီးလျှံများလည်း ပျောက်ကွယ်သွားသည်။
ကီလိုမီတာ ငါးဆယ်ကျော်မျှရှိသော လေဟာပြင်မှာ တွန့်လိမ်ပျက်စီးသွားသလို ကျယ်ပြန့်လှသော မြေပြင်မှာလည်း မီးလျှံများ၏ လောင်ကျွမ်းမှုကြောင့် ပြာကျသွားခဲ့ရသည်။
ဝေလငါးကြီးမှာ အဓမ္မ ပြုကျင့်ခံထားရသော မိန်းမငယ်လေးအလား အလွန်နာကျင်နေဟန်ဖြင့် ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးလိုက်ပြီးနောက် အန်လင်းအား ကြည့်ရှုလိုက်သည်။
"လူသား....မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ။"
ဝေလငါးကြီး မေးမြန်းလိုက်သည်။
အန်လင်း ပေါ့ပါးစွာ ပြုံးလိုက်သည်။
"ဘာလဲ မင်းကငါ့ကို လက်စားချေချင်လို့လား။ ကိစ္စမရှိပါဘူး။ သေသေချာချာလေး မှတ်ထားနော်။ ငါ့နာမည်က အန်ရီထျန်းတဲ့။"
(ရီထျန်းဆိုတာ ကောင်းကင်ကြီးကိုယီးပဲဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။)
ကတ်စီဒီ: "......"
ရွှယ်ကျန်ထျန်း၏ အမူအရာမှာ ကျေနပ်အားရသွားသည်။
"ကောင်းတယ်။ ငါ့ကိုဆန့်ကျင်ရဲတဲ့ လူလို့မပြောရဘူး။ နာမည်ကိုက မောက်မာနေတာပဲ။ ငါမင်းကိုမှတ်ထားမယ် အန်ရီထျန်း။"
ဝေလငါး ပုံရိပ်မှာ ဖြည်းညင်းစွာ ကွယ်ပျောက်သွားသည်။
ကောင်းကင်နတ်မိမယ်ဟယ်နှင့် အခြားသူများမှာ ပြောစရာ စကားများ ပျောက်ရှကုန်ရသည်။
ထို့နောက် အားကောင်းလှသော လဟာပြင်စွမ်းအင်များနှင့်အတူ ကောင်းကင်နှင့်မြေပြင်ကြားမှ လေထုတစ်ခုလုံး ဝေဝါးကာ မြင်ကွင်းများ ပြောင်းလဲသွားသည်။
မျက်စိတမှိတ် အတွင်းမှာပင် အားလုံးမှာ ကြယ်ရောင်စုံသော ကောင်းကင်အောက်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ရင်းနှီးနေသော မြင်ကွင်းများပင်။
တစ်ခုတည်းသော အပြောင်းအလဲမှာ မြေပြင်တစ်ခုလုံးသည် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ခဲ့သလို အပျက်အစီးများ စုဝေးနေခြင်း ဖြစ်သည်။
ဧရာမ ဝေလငါးကြီးသည် ဒေါသထွက်နေသော မျက်ဝန်းများဖြင့် အားလုံးကို ကြည့်ရှုလိုက်သည်။ ၎င်းသည် အန်လင်းအား အချိန်ကြာမြင့်စွာ ကြည့်ရှုနေပြီးနောက်မှ အကြည့်ပြန်လွှဲသွားသည်။
"ဟားဟားဟား......ငါတို့လွတ်ပြီကွ။"
ကတ်စီဒီနှင့် မာလင်တို့မှာ ကျေနပ်ပီတိ ဖြစ်နေကြသည်။
"လူစီ.....မင်းနဲ့ကိုယ်နဲ့ ပြန်တွေ့နိုင်ပါဦးမလား။"
တိုဘိယမှာ ကောင်းကင်အားကြည့်ရင်း ပူဆွေးမျက်ရည်များ ကျဆင်းလာသည်။
တီနာသည် အန်လင်း၏ ပုခုံးပေါ်ထိုင်ကာ မျက်နှာအား လက်နှစ်ဖက်ဖြင့် ဖုံးကွယ်ထားသည်။
"ငါကဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ။ စိတ်အနှောင့်အယှက် ပေးနိုင်တဲ့ နေရာမှာတော့ ငါကစံပြပဲ။"
ရွှယ်ကျန်ထျန်းမှာ အန်လင်း၏ ရင်ခွင်ထဲ ရှိနေပြီး တဆတ်ဆတ် တုန်ယင်နေသည်။ ရှောင်ဇယ်မှာလည်း ကြောက်ရွံ့နေသော အပျိုဖြန်းလေးလို အန်လင်း၏ လက်မောင်းကို ဖက်တွယ်ထားလေသည်။
အန်လင်း သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်မိသည်။ စိတ်ခံစားချက် လွှမ်းမိုးမှုများ ပြန်လည်ဖြစ်ပေါ်လာပြီပင်။
ကောင်းကင်နတ်မိမယ်ဟယ်၊ ဉာဉ့်ယံကာကွယ်သူနတ်ဘုရား၊ ဘုန်းတော်ကြီး ချန်းဟယ်နှင့် ဘုန်းတော်ကြီး ချန်းကန်တို့မှာလည်း အမူအရာ တစ်မျိုးစီ ရှိနေကြသည်။ ၎င်းတို့သည်လည်း ခံစားချက် လွှမ်းမိုးမှုကို ခံစားနေရပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ ဘုန်းတော်ကြီး ချန်းကန်နှင့် ချန်းဟယ်တို့သည် ဗုဒ္ဓမန္တာန်များကို တိုးညင်းစွာ ရေရွတ်နေပြီး ခံစားချက် လွှမ်းမိုးမှုအား ငြင်းဆိုနေသောကြောင့် အခြားသူများထက်စာလျှင် အတော်ပင် တည်ငြိမ်နေသည်။
"အစ်ကိုလေး အန်လင်း သေခြင်းတရားကနေ လွတ်မြောက်လာတာ အစ်ကိုလေးရဲ့ ကျေးဇူးကြောင့်ပါပဲ။ ကျွန်မ အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်။"
ကောင်းကင်နတ်မိမယ်ဟယ်သည် အန်လင်းအား အရိုအသေ ပေးလိုက်သောကြောင့် သူမ၏ ဝတ်စုံမှာ ပွင့်လန်းနေသော ကြာပန်းတစ်ပွင့်သဖွယ် ပြန့်ကားသွားသည်။
ဉာဉ့်ယံကာကွယ်သူနတ်ဘုရား၊ ဘုန်းတော်ကြီး ချန်းကန်နှင့် ချန်းဟယ်တို့သည်လည်း အန်လင်းအား ကျေးဇူးတင်ကြောင်း ပြသလိုက်ကြသည်။
အန်လင်း လက်ခါပြလိုက်သည်။
"ရပါတယ်။"
"ဆရာ....ဝေလငါးကြီးက ခံစားချက်အသင်္ချေဒေသရဲ့ ထွက်ပေါက်ကို ပိတ်ထားတုန်းပဲ။ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။"
ရှောင်ဇယ်မှာ စိတ်မသက်မသာ ဖြစ်နေဟန်ဖြင့် ဧရာမ ဝေလငါကြီးအား ကြည့်ရှုနေသည်။
သူသည် ကလေးငယ်လေးအလား အန်လင်း၏ လက်မောင်းကိုသာ ဖျစ်ညှစ်ဖက်တွယ်ထားသည်။
အန်လင်း ညင်သာစွာပြုံးကာ ရှောင်ဇယ်၏ခေါင်းအား ပွတ်သပ်ပေးလိုက်သည်။
"မစိုးရိမ်ပါနဲ့....ဆရာက မင်းကိုကာကွယ်ပေးမှာပေါ့။"
သူသည် တစ်ဖွဲ့လုံးအား ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ်တင်ကာ ကောင်းကင်လဟာပြင်သားရဲကြီးထံ ပျံသန်းသွားပြီးနောက် မလှမ်းမကမ်းသို့ အရောက်တွင် အသံဖြင့် ဆက်သွယ်လိုက်သည်။
"အကိုဝေလငါးကြီး....ငါတို့ကို လွှတ်ပေးလိုက်ပြီးမှတော့ နည်းနည်းလောက် လမ်းဖယ်ပေးပါလား။ အဲ့ဒါမှ ဒီကထွက်လို့ရမှာ။"
ကောင်းကင်လဟာပြင်သားရဲကြီးမှာ အန်လင်းအား ကြည့်ရှုလိုက်ပြီးနောက် ၎င်း၏မျက်ဝန်းများမှ အကန့်အသတ်မဲ့သော အပူနှင့်အလင်း စွမ်းအင်များ ဖြာထွက်လာတော့သည်။
အန်လင်းသည် နေနှစ်စင်းအား ကြည့်ရှုနေရသလို ခံစားလာရပြီး ကြောက်မက်ဖွယ် အရှိန်အဝါများမှာ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံလာသည်။
သို့သော် သူ၏အမူအရာမှာ အနည်းငယ်ပင် မတုန်လှုပ်ပဲ အံ့ဖွယ်ခွန်အားနည်းစနစ်ကို အသက်သွင်းလိုက်သောကြောင့် မျက်ဝန်းများ ရွှေရောင်လက်လာသည်။ သူသည် ကောင်းကင်လဟာပြင်သားရဲအား ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါအလား မောက်မာစွာ ကြည့်ရှူလိုက်သည်။
အန်လင်းသည် စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွင် ကောင်းကင်လဟာပြင်သားရဲကြီးအား အနိုင်ရရှိခဲ့ပြီး ဖြစ်သည်။
ကောင်းကင်လဟာပြင်သားရဲကြီးမှာ အန်လင်းတို့ အဖွဲ့အား အနည်းငယ်မျှ သဘောမတွေ့ပေ။
၎င်းသည် သြဇာအာဏာ ကြီးမားသော ကောင်းကင်လဟာပြင်သားရဲကြီး ဖြစ်ပါသော်လည်း ဝေလငါးအဖြစ် သတ်မှတ်ခံရသည်မှာ မုန်းတီးစရာ ကောင်းလှသည်။ ထိုသို့အခေါ်ခံရသည့်အတွက်လည်း အန်လင်းအပေါ် ပို၍ဒေါသထွက်မိသည်။
"ကိုဝေလငါးရေ....ငါတို့လည်း အားယားနေတာ မဟုတ်ဘူးနော်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
ကောင်းကင်လသာပြင်သားရဲမှာ မျက်မှောင်ကျုံ့လိုက်သည်။ အန်လင်း၏ အပြုံးသည် အပြစ်ကင်းစင်နေပါသော်လည်း အကြောင်းအရင်း အချို့ကြောင့် ၎င်း၏အသွေးအသားများကို တုန်လှုပ်သွားစေသည်။ ထိုသည်မှာ ကောင်းကင်လဟာပြင်စိတ်ဝိဉာဉ် ပျောက်ဆုံးမှု၊ မျိုးပွားစွမ်းရည် ပျောက်ဆုံးကာ မြုံသွားမှုနှင့် အမြင်အာရုံ ဆုံးရှုံးမှုတို့ကြောင့် ရရှိလာသော စိတ်ဒဏ်ရာပင်။
"ဟမ့်...."
ကောင်းကင်လဟာပြင်သားရဲကြီးမှာ ဧရာမ ခန္ဓာကိုယ်ကြီးအား အနည်းငယ် ဖယ်ပေးလိုက်သည်။ ၎င်းသည် အန်လင်းအား မကျေမနပ် ဖြစ်နေပါသော်လည်း ပိုမိုကောင်းမွန်သော အနာဂတ်ကိုတွေးကာ မာနတရားကို မြိုချထားလိုက်ရသည်။
အန်လင်းနှင့် အခြားသူများမှာ စိတ်လက်ပေါ့ပါးစွာဖြင့် ထိုလမ်းငယ်လေးထံ သွားလိုက်ကြသည်။
အနက်ရောင် နယ်နိမိတ်စည်းအား ၎င်းတို့ဖြတ်သန်းလိုက်သည်နှင့် ခံစားချက် လွှမ်းမိုးမှုများ တဖြည်းဖြည်း ပျောက်ကွယ်ကာ ကိုယ့်ကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်လာသည်။
"ဟူး.....လုပ်နိုင်ခဲ့ပြီပဲ။"
ရှောင်ဇယ်မှာ တုန်လှုပ်ခြောက်ခြားဖွယ် အတွေ့အကြုံအား ဖြတ်ကျော်နိုင်ခဲ့သောကြောင့် ဝမ်းသာနေမိသည်။
"ကျွန်မတို့အားလုံး ကောင်းကင်လဟာပြင်သားရဲကြီး အစာချေတာ ခံကြရတော့မလို့ပဲ။"
ကောင်းကင်နတ်မိမယ်ဟယ်၏ မျက်ဝန်းများတွင် အကြောက်တရားကို မြင်တွေ့နေရသည်။
ဝေလငါကြီးမှာ ခံစားချက်အသင်္ချေဒေသ၏ ထွက်ပေါက်အား ပြန်လည်ပိတ်ဆို့ထားလိုက်သည်။
"ဒီကောင်ကြီးက ဘာလို့လမ်းပိတ်နေရတာလဲ။"
တီနာ ဒေါသတကြီး ရေရွတ်လိုက်သည်။
သူမသည်လည်း "လှတာနဲ့ အစွမ်းထက်တာကလွဲရင် ဘာမှသုံးစားမရဘူး။"ဟူသော ခံစားချက် လွှမ်းမိုးမှုမှ လွတ်မြောက်လာပြီဖြစ်ပြီး ကောင်းကင်လဟာပြင်သားရဲကြီးအား မုန်းတီးသလို ကြည့်ရှုနေသည်။
တိုဘိယမှာ မည်သည့်စကားမှ မပြောပဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ လူစီ၏ အမည်အားခေါ်ကာ ငိုကြွေးနေခဲ့ခြင်းသည် သူ့အတွက် မေ့ပျောက်သွားချင်မိသော အတိတ်ဆိုးကြီး တစ်ခုပင်။
"ကောင်းကင်လသာပြင်သားရဲတွေက သူတို့ရဲ့ ကောင်းကင်လဟာပြင်ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ထူးခြားတဲ့ လောကနိယာမရှိတဲ့ နေရာတွေကို အရမ်းသဘောကျကြတယ်။ ပြီးတော့ ခန္ဓာကိုယ် တဝက်စီ ဟိုဘက်ဒီဘက်မှာ ရှိနေတာက လောကနိယာမရဲ့ ဆန်းကြယ်တဲ့ သဘောတရားတွေ လေ့လာနိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ။"
ရှောင်ဇယ်မှာ ဝေလငါးကြီး၏ အမြှီးပိုင်းအား ညွှန်ပြကာ ရှင်းပြလိုက်သည်။
အားလုံးသည်လည်း နားလည်သဘောပေါက်သွားဟန်ဖြင့် ဝေလငါးကြီးအား ကြည့်ရှုလိုက်ကြသည်။
ကောင်းကင်လဟာပြင်သားရဲကြီးက ဒီမှာလာပြီး ကျင့်ကြံနေတာပေါ့....
"ဝါး.....ဝါး....ဝါး....."
ထိုအချိန်တွင် ဝေလငါးကြီး၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းဆိုသလို တုန်ခါလာသည်။
ထွက်ခွာတော့မည့် အန်လင်းတို့မှာလည်း တုန်ယင်နေသော ဝေလငါးကြီးကိုကြည့်ကာ စပ်စုလိုစိတ်များ ဖြစ်ပေါ်လာရသည်။
၎င်းတို့သည် ဝေလငါးကြီးနှင့် သေရေးရှင်ရေး တိုက်ပွဲကို ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ဝေလငါးကြီး ဒုက္ခရောက်နေသည်ကို အားပါးတရ ထိုင်ကြည့်လိုမိကြသည်။
ဝေလငါးကြီးမှာ အပြင်းအထန် တုန်ရီနေခြင်း မဟုတ်ပါသော်လည်း ခန္ဓာကိုယ်မှာ ကြီးမားလွန်းလှသောကြောင့် အနည်းငယ် လှုပ်ရှားရုံမျှဖြင့် မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
"ဘီလူးအန်လင်း....ကြည့်ရတာ ဒီကောင်ကြီးက တော်တော်နာကျင်နေပုံပဲ။"
တီနာ တိုးညင်းစွာ ပြောလိုက်သည်။
ရွှယ်ကျန်ထျန်း၏ မျက်ဝန်းများမှာ တလက်လက် တောက်ပနေပြီး အတောင်လေးများလည်း တဖျတ်ဖျတ် ခတ်နေသည်။
"ညင်ညင်သာသာ ညည်းနေရာကနေ အသည်းအသန် အော်နေတာပါလား။ ဒီလိုခံစားချက်နဲ့ နာကျင်နေတဲ့ပုံက မသိရင် ကလေးမွေးနေသလိုပဲ။"
"ခွီး...."
"ဟားဟားဟား...."
ရွှယ်ကျန်ထျန်း၏ ဟာသဆန်သော သုံးသပ်ပုံကြောင့် အားလုံးမှာ ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။
သို့သော် ၎င်းတို့၏ ရယ်မောမှုများမှာ ကြာကြာမခံလိုက်ပေ။
ဧရာမ ဝေလငါကြီးသည် အမြှီးအားမြှောက်ကာ ကီလိုမီတာ ငါးဆယ်အတွင်းရှိ လေထုအား ကြမ်းတမ်းသွားစေသည်။ ထို့နောက် ၎င်း၏အမြှီးအောက်နေရာမှာ ပွင့်ဟလာပြီး အနက်ရောင် သန္ဓေသားနှင့်အတူ သွေးစများ ထွက်လာတော့သည်။
အားလုံးမှာ အနက်ရောင် သန္ဓေသားအားကြည့်ကာ အသက်ရှူသံများပင် ပြင်းလာရသည်။
ရွှယ်ကျန်ထျန်းမှာလည်း ကြောင်တိကြောင်တောင် ဖြစ်သွားရလေသည်။
"ငါယိုးထဲမှ....တကယ်ကြီး ကလေးမွေးနေတာဟ။"