ဖခင်တစ်ယောက်ဖြစ်လာခြင်း
Vol. 41 Ch. 575
အန်လင်းနှင့် အခြားသူများမှာ မျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားတကြီး ဖြစ်နေမိကြသည်။
ကောင်းကင်လဟာပြင်သားရဲတစ်ကောင် ကလေးမွေးဖွားသည်ကို မည်သူကမှ မမြင်တွေ့ခဲ့ကြဖူးပေ။ ထို့အပြင် ကောင်းကင်လဟာပြင်သားရဲများ မည်သို့မျိုးပွားကြသည်ကိုလည်း ၎င်းတို့မကြားခဲ့ကြဖူးပေ။ ဗဟုသုတ ကြွယ်ဝသော ရှောင်ဇယ်သည်ပင် ထိုကိစ္စနှင့်ပက်သတ်၍ ဝေးကွာနေလေသည်။
"ဝါး...."
ကောင်းကင်လဟာပြင်သားရဲမှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
မွေးဖွားလာသော ကောင်းကင်လဟာပြင်သားရဲငယ်လေးမှာလည်း မည်းနက်ပြောင်လက်နေကာ ပုံသဏ္ဍာန်မှာ ဝေလငါးနှင့် ဆင်တူပေသည်။ ၎င်းသည် ကီလိုမီတာ အနည်းငယ်သာ ရှိပါသော်လည်း အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။
ထိုဝေလငါးလေးသည် တီနာလောက် အစွမ်းထက်လိမ့်မည်ဟု အန်လင်း ခန့်မှန်းမိသည်။ ၎င်းသည် မွေးဖွားခါစ သန္ဓေသားငယ်လေးဟု မခံစားရပေ။
"လဟာပြင်စွမ်းအင်တွေကနေ မွေးဖွားလာတဲ့ ကောင်းကင်လဟာပြင်သားရဲဆိုတော့လည်း မွေးကတည်းက ဟင်းလင်းပြင်သို့အပြန် အဆင့်ဖြစ်နေပြီ။ သူ့ရဲ့ကျင့်ကြံခြင်းအစက အားလုံးရဲ့ အရှေ့ကို ရောက်နှင့်နေတာပဲ။"
ရှောင်ဇယ် သက်ပြင်းချလိုက်မိသည်။
ရွှယ်ကျန်ထျန်းမှာ မျက်ရည်မိုးပေါက်များ ပြိုဆင်းလာတော့သည်။
"ငါ့ယီးထဲမှ....ငါအသက်ရှင်လာတာပဲ ကြာလှပြီ။ အခုထိ ဒင်းရဲ့ ကျင့်ကြံခြင်း အစလောက်ကို မရောက်နိုင်သေးဘူး။ ငါ့ဘဝကြီးက တကယ်အရှုံးတွေချည်းပဲ...ဝါး။"
အားလုံးမှာ ကောင်းကင်လဟာပြင်သားရဲ မွေးဖွားခြင်းနှင့် ပက်သတ်၍ အမျိုးမျိုးသော ခံစားချက်များ ရှိနေကြသည်။
ဝေလငါးငယ်လေး၏ ရွှေရောင်မျက်ဝန်းများမှာ တောက်ပလွန်းနေပြီး ၎င်း၏မည်းနက်နေသော ခန္ဓာကိုယ်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။
"ဝါး...."
ဧရာမ ဝေလငါကြီးမှာ လေထုထဲတွင် လှည့်လိုက်ပြီးနောက် ဝေလငါးငယ်လေးအား ပျော်ရွှင်ချစ်ခင်စွာ ကြည့်ရှုလိုက်သည်။
"မေမေ..."
ဝေလငါးငယ်လေးသည် ဧရာမ ဝေလငါကြီးအားကြည့်ကာ ကြည်လင်စူးရှသော အသံကလေးဖြင့် ခေါ်လိုက်သည်။
ဧရာမ ဝေလငါးကြီးနှင့်အတူ အန်လင်းတို့ပါ အံ့အားသင့်သွားရသည်။
အဘယ့်ကြောင့်ဆိုသော် ဝေလငါးငယ်လေးသည် အန်လင်းတို့ နေထိုင်နေသော ထိုက်ချူးကုန်းမြေ ဘာသာစကားကို ပြောနေသောကြောင့်ပင်။
ထိုသည်မှာ အမှန်တကယ်ပင် ကို့ရို့ကားယားနိုင်လှသည်။ ဝေလငါးများသည် ဝေလငါးအော်သံနှင့် အချင်းချင်း ဆက်သွယ်ရမည် မဟုတ်လော။ သို့သော် ထိုဝေလငါးငယ်လေးသည် မွေးဖွားလာကာစမှာပင် ထိုက်ချူးကုန်းမြေ ဘာသာစကားအား ပြောတတ်နေသည်။ ၎င်းကို မည်သူက သင်ပေးထားပါသနည်း။
ဝေလငါးငယ်လေးသည် ဧရာမ ဝေလငါးကြီးထံသွားကာ နှာဖျားလေးဖြင့်ပွတ်လျက် ချစ်စရာကောင်းလောက်အောင် ချွဲပြနေပြီး အားလုံးမှာလည်း ကြောင်တောင်တောင်ဖြင့် ကြည့်နေမိကြသည်။ ဝေလငါးကြီးမှာ အသိစိတ် ပြန်ဝင်လာကာ ဝေလငါးငယ်လေးနှင့် ချစ်ကြည်နူး တစ်တီတူးနေလေသည်။
ခေတ္တမျှ ကြာမြင့်သွားပြီးနောက် ဝေလငါးငယ်လေးမှာ အန်လင်းတို့ဘက် လှည့်လာသည်။
အန်လင်းနှင့် အခြားသူများမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားကြရသည်။ ဝေလငါးငယ်လေးသည် မွေးကာစလေး ဖြစ်ပါသော်လည်း အလွန်ပင် အစွမ်းထက်နေလေပြီ။
ဝေလငါးငယ်လေးသည် အန်လင်းအား ပျော်ရွှင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။
"ဖေဖေ...."
အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဧရာမ ဝေလငါးကြီး အပါအဝင် အားလုံးမှာ ပါးစပ်အဟောင်းသားဖြင့် ဝေလငါးငယ်လေးအား ငေးကြောင်ကြည့်နေကြသည်။
"ဖေဖေ....ဖေဖေ..."
ဝေလငါးငယ်လေးမှာ လျင်မြန်စွာပင် ပျံသန်းလာပြီး အန်လင်း၏ ခန္ဓာကိုယ်အား နှာထိပ်လေးဖြင့် ပွတ်သပ်နေလေသည်။
အန်လင်း၏အမြင်တွင် အနက်ရောင် ထောက်တိုင်ကြီးတစ်ခုမှာ သူ၏ခန္ဓာကိုယ်အား ဝင်ဆောင့်နေသလိုပင်။
"ဖေဖေ...."
ဝေလငါးငယ်လေးမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။
၎င်းသည် အန်လင်းအား အဖေအဖြစ် ထင်မှတ်နေပုံရသည်။
အန်လင်း အိမ်မက်မက်နေသလို ခံစားရပြီး စိတ်တစ်ခုလုံး ဗလာကျင်းနေသည်။
ကတ်စီဒီတို့ဆိုလျှင် ပြောစရာ စကားပင် မရှိတော့ပေ။
"ဆရာကတော့ ဆရာပါပဲ...ကောင်းကင်လဟာပြင်သားရဲကိုတောင် ယဉ်ပါးအောင် လုပ်နိုင်တယ်။"
ရှောင်ဇယ် အသက်ပြင်းပြင်းရှူကာ လေးစားရိုသေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။
"ဘီလူးအန်လင်းရဲ့ ကလေးက အဖေထက်တောင် ကြီးနေပါလား။"
တီနာမှာ ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားနေရပြီး မျက်လုံးအပြူးသား ဖြစ်နေသည်။
"မြင့်မြတ်ခေါင်းဆောင်က ဝေလငါး ကလေးတောင် ရှိနေပြီပဲ။"
မာလင်မှာလည်း စိတ်လှုပ်ရှားနေသည်။
ဘုန်းတော်ကြီး ချန်းဟယ်မှာ လက်နှစ်ဖက်အား ရှေ့တွင်ထားကာ အရိုအသေ ပေးလိုက်သည်။
"သြမီတောဖော.....ဂုဏ်ယူပါတယ် ဒကာလေး အန်လင်း....အခုဆို အဖေတစ်ယောက် ဖြစ်လာပြီပေါ့။"
ကောင်းကင်နတ်မိမယ်ဟယ်နှင့် အခြားသူများလည်း အသိစိတ် ပြန်ဝင်လာကာ အန်လင်းအား ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။
ဝေလငါးငယ်လေး၏ ဝင်ဆောင့်ခြင်းကို ခံနေရသော အန်လင်းမှာ မည်သို့ခံစားနေရသည်ကိုပင် မသိတော့ပဲ သတ်သေတော့မလိုရုပ်မျိုး ဖြစ်နေသည်။
ဝေလငါးငယ်လေးသည် မွေးလာသည်နှင့် သူ့အား အဖေအဖြစ် သတ်မှတ်နေသည်။
ငါကဘယ်လိုလုပ် အဲ့ဟာလေးရဲ့ အဖေဖြစ်ရမှာလဲ....
ဦးနှောက်ပျက်မနေရင်ကို ဒါကြီးက မဖြစ်နိုင်မှန်း လူတိုင်းသိမှာပဲ....ဝေလငါးက အကြီးကြီးလေ.....ငါကဘယ်လိုလုပ် ဒင်းကိုဗိုက်ကြီးအောင် လုပ်နိုင်မှာလဲ....
လုပ်နိုင်ရင်တောင်မှ ငါက တိရစ္ဆာန်တစ်ကောင်ကို လုပ်စရာလား....
"ဝါး....မင်းဘာတွေလုပ်လိုက်တာလဲ။"
ဧရာမ ဝေလငါကြီးမှာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပဲ ပြင်းထန်လှသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကို ထုတ်ဖော်လိုက်သောကြောင့် အားလုံးမှာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
အားလုံးမှာ ထိတ်လန့်သွားပြီး လက်နက်များ ထုတ်ယူကာ အန်လင်း၏ ပတ်ပတ်လည်တွင် နေရာယူလိုက်ကြသည်။
"မဟုတ်သေးပါဘူး။ ဆရာက ဝေလငါးကို တကယ်ပဲ ဘာမှမလုပ်ခဲ့ဘူးလား။"
ရှောင်ဇယ် လေးနက်စွာ မေးလိုက်သည်။
အန်လင်းမှာ သွေးအန်တော့မလို ဖြစ်သွားရသည်။
"ငါယီးကို လုပ်ပါလား။ ငါက ဝေလငါးတစ်ကောင်ကို အဲ့လိုတွေ လုပ်စရာလား။"
"မေမေ....ဖေဖေ့ကို နာအောင်မလုပ်ပါနဲ့။"
ဝေလငါးငယ်လေးသည် အန်လင်း၏ရှေ့တွင် စီးကာကာ စူးရှကြည်လင်စွာ ရန်တွေ့လိုက်သည်။
ဧရာမ ဝေလငါကြီးမှာ မယုံကြည်နိုင်သော အမူအရာဖြင့် ဝေလငါးငယ်လေးအား ကြည့်လိုက်သည်။
အားလုံးသည်လည်း ကြောင်တောင်တောင်ဖြင့် အန်လင်းအား ကြည့်လိုက်ကြသည်။
"ဒီဝေလငါးငယ်လေးက တကယ်ပဲ မင်းကလေး မဟုတ်ဘူးလား။"
အန်လင်း: "....."
"ငါ....ငါကမင်းအဖေ မဟုတ်ဘူး။"
အန်လင်း ခက်ခဲစွာ စကားဆိုလိုက်သည်။
ဝေလငါးငယ်လေးမှာ မည်သည့်စကားမှ မပြောပေ။
အန်လင်း၏ စကားကြောင့် စိတ်ရှုပ်သွားသည်ဟု ထင်လိုက်ကြပါသော်လည်း ဝေလငါးငယ်လေးမှာ ပတောက်ပတောက်ဖြင့် ငိုကြွေးနေခြင်းဖြစ်ကာ ၎င်း၏မျက်ရည်စီးကြောင်း နှစ်ခုမှာ စမ်းချောင်းငယ်လေးအဖြစ်ပင် အသွင်ပြောင်းတော့မလို ဖြစ်နေသည်။
ရွှယ်ကျန်ထျန်း တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဒါက ဒဏ္ဍာရီလာ မျက်ရည်မြစ်ကြီးလား။"
ကတ်စီဒီနှင့် ကောင်းကင်နတ်မိမယ်ဟယ်တို့သည် အန်လင်းအား အိုင်တွေ့တိုင်းခြေဆေးတတ်ပြီး တာဝန်ယူမှု မရှိသော လူလိမ်လူညစ် တစ်ယောက်လို ကြည့်လိုက်ကြသည်။
အန်လင်းမှာ မျက်ဝန်းများ ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသားဖြစ်ကာ ဘာမှမပြောနိုင်တော့ပေ။
ဝမ်းနည်းစွာ ငိုကြွေးနေသော ဝေလငါးငယ်လေးအားကြည့်ကာ ဧရာမ ဝေလငါကြီးမှာ စိတ်နှလုံးများ ကျိုးကြေတော့မလို ခံစားလာရပြီး မည်သည့်အကျိုးဆက်ကို ရင်ဆိုင်ရပါစေ အန်လင်းအား သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
"ငါကဒွိလိင်ပဲ။ ငါ့ကလေးက မင်းကိုဘာလို့ အဖေခေါ်ရတာလဲ။ မင်းကိုသတ်ပစ်မယ်။"
အားကောင်းလှသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကြောင့် အားလုံးမှာ အသက်ရှူပင် ကြပ်လာရသည်။
အန်လင်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
တော်သေးတာပေါ့....ပြဿနာ ရှင်းသွားလို့....ဒီဝေလငါးသာ ဒွိလိင်မဟုတ်ရင် ငါတော့စုရှောင်လန် လက်ချက်နဲ့ သေမှာပဲ.....
ဟူး.....ငါကအဖေဖြစ်စရာမှ မရှိတာ....
ဒွိလိင်လား.....
အားလုံးမှာ ထိုစကားကြောင့် အနည်းငယ် စိတ်ပျက်သွားရသည်။
၎င်းတို့သည် သမိုင်းဝင် အဖြစ်အပျက်ကြီးကို မြင်တွေ့နေရသည်ဟု ထင်မှတ်ခဲ့ပါသော်လည်း အထင်လွဲခြင်းသက်သက်သာ ဖြစ်နေခဲ့သည်။
အဲ့ဒါဆို ဝေလငါးလေးက အန်လင်းကို ဘာလို့ အဖေထင်နေတာလဲ....
"မေမေက လိမ်နေတာပဲ....ကျွန်တော်က မေမေနဲ့ဖေဖေရဲ့ ကလေးလေးပါ။"
ဝေလငါးငယ်လေးမှာ မျက်ရည်များ ပိုမိုကျဆင်းလာတော့သည်။
ကောင်းကင်နတ်မိမယ်ဟယ် ရေရွတ်လိုက်သည်။
"သနားစရာကောင်းတဲ့ ဝေလငါးလေးပါလား။ အဖေကလည်း လက်မခံသလို အမေကလည်း အဖေကို လက်မခံဘူး။ ကလေးလေးရဲ့ နှလုံးသားထဲမှာ ဘယ်လောက်တောင် ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေ ရနေလိုက်မလဲ။"
အန်လင်းမှာ လက်အားရင်ဘတ်ပေါ် တင်ထားလိုက်မိသည်။
ဒင်းက ဝတ္ထုတွေ အဖတ်များနေတာပဲ....
ဝေလငါးငယ်လေးမှာ ပြင်းထန်စွာ တုန်ခါလာပြီး ၎င်း၏ခန္ဓာကိုယ်မှ အရှိန်အဝါနှစ်ခု ထွက်ပေါ်လာသည်။ တစ်ခုသည် မည်းနက်နေကာ ပရမ်းပတာ အသွင်ရှိပြီး ကျန်တစ်ခုသည် သေးငယ်သော အနီရောင် အရှိန်အဝါ ဖြစ်သည်။ အနီရောင် အရှိန်အဝါသည် သေးငယ်ပါသော်လည်း အနက်ရောင် အရှိန်အဝါနှင့် လုံးဝကွဲပြားနေသည်။
အားလုံးသည် ရင်းနှီးနေသော အရှိန်အဝါကို ခံစားမိကာ မျက်လုံးအပြူးသားဖြင့် အန်လင်းအား ကြည့်ရှုလိုက်ကြသည်။
အန်လင်းမှာလည်း နှလုံးခုန်သံများပင် မြန်ဆန်ကုန်သည်။
အနီရောင် အရှိန်အဝါမှာ အတော်ပင် ရင်းနှီးနေသည်။
ထိုသည်မှာ အန်လင်း၏ အရှိန်အဝါပင်။
အန်လင်းမှာ အတွေးတစ်ခုနှင့်အတူ အရာအားလုံး ချိတ်ဆက်မိသွားသည်။
သူလဲကျတော့မလို ဒယိမ်းဒယိုင် ဖြစ်သွားရလေသည်။
မည်သို့မည်ပုံ ဖြစ်ခဲ့သည်ကို သိရှိသွားပြီ ဖြစ်သည်။
ဒီဝေလငါးလေးက တကယ်ပဲ ငါ့ကလေး ဖြစ်လောက်တယ်.....