← Chapters

မျောလွင့်နေတဲ့တိမ်

Vol. 1 Ch. 59

မျောလွင့်နေတဲ့တိမ်

Vol. 1 Ch. 59

"ပြတင်းပေါက်မှာ လရောင်ကထိန်ထိန်သာလို့…

မက်မွန်ပန်းလေးရဲ့ အလှကလည်း လင်းလက်တောက်ပလို့ပေါ့…."

ထိုစာကြောင်းက အကြောင်းအရာ တစ်ခုကို ဖော်ပြထားခြင်း ဖြစ်လေသည်။ ဆန်းလျန်တစ်ခုခု ပြောင်းလဲသွားသည်ဟု ရဲ့လျိုယွင် ခံစားနေရလေသည်။ ဆန်းလျန်မှာ အရင်ကထက်ပိုပြီး ကျင့်စဉ်လမ်းတွင် အောင်မြင်နေသည့် လူတစ်ယောက်နှင့် တူနေလေသည်။

"ကဗျာနှစ်ပုဒ်လုံးက အတူတူပဲ ကောင်းကြပါတယ် အစ်ကိုဆန်း။ ခင်ဗျားရဲ့ စာပေပညာကို တကယ့်ကို လေးစားမိပါတယ်"

ဆန်းလျန်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာလေသည်။ သူ့ပုံစံက အလွန်ပင် တည်ငြိမ်လွန်းသည့် ပုံသဏ္ဌာန် ဖြစ်နေလေသည်။

"အစ်ကိုရဲ့ ဒီကဗျာ နှစ်ပုဒ်လုံးက ကျုပ်ရေးတာ မဟုတ်ပါဘူး။ အခြေအနေနဲ့ ကိုက်ညီနေလို့ ကျုပ်က ရွတ်ပြတာပါ"

ဆန်းလျန်က ပုံမှန်ပင် ပြန်ဖြေလိုက်လေသည်။

ရဲ့လျိုယွင်မှာ များစွာ အံ့သြသွားရလေသည်။ သူက သူ့ကိုယ်သူ စာပေပါရမီရှင်ဟု ထင်ခဲ့မိသည်။ မင်ကျန်းတောင်ထိပ်တွင် ဆန်းအိမ်တော်မှာထက် ပိုပြီး စာအုပ်များစွာ ရှိလေသည်။ သို့သော် ဤကဲ့သို့သော ကဗျာကောင်းများကို သူတစ်ခါမှ ဖတ်ဖူးခြင်း မရှိပေ။ ထို့ပြင် တစ်ခါမှလည်း ကြားဖူးခြင်း မရှိပေ။ ထိုကဗျာ နှစ်ပုဒ်လုံးကို ဆန်းလျန်ရေးသားခြင်း မဟုတ်လျှင် စာအုပ် တစ်အုပ်အုပ် ထဲတွင်တော့ သူတွေ့ဖူးရမည် ဖြစ်လေသည်။ သို့မဟုတ်ပါက လျှို့ဝှက် ရေးစပ်ထားသော ကဗျာများပင် ဖြစ်ရပေမည်။

ထို့ပြင် အလွန်ထူးချွန်သည့် စာပေပညာရှင် တစ်ယောက် ဖြစ်သည့် သူ၏ ဖခင်ဖြစ်သူမှာပင် ထိုကဗျာ၏ စာကြောင်း တစ်ကြောင်းတစ်လေကိုမျှပင် ကြားဖူးခြင်း မရှိပေ။

ဆန်းအိမ်တော်မှာ ကြွယ်ဝချမ်းသာသည် မှန်သော်လည်း မင်ကျန်းတောင်နှင့် ယှဉ်လျှင် တောအရပ်မှ စာပေ ပညာမတတ်သည့် မြေပိုင်ရှင်များသာ ဖြစ်လေသည်။

ဆန်းအိမ်တော်တွင် ရှိသည့်စာအုပ်တိုင်း မင်ကျန်းတောင်တွင် ရှိလေသည်။ ဆန်းအိမ်တော်တွင် မရှိသည့် စာအုပ်ပေါင်း များစွာပင် မင်ကျန်းတောင်မှာ များစွာ ရှိနေသေးသည်။

ထိုကဗျာ နှစ်ပုဒ်ကို ဆန်းလျန်ရေးစပ်ခြင်း မဟုတ်ပါက မည်သည့်နေရာမှ ကဗျာများပါလိမ့်။

ထိုကဗျာ နှစ်ပုဒ်လုံးမှာ လျှို့ဝှက်ကဗျာတွေများ ဖြစ်နေသလား။

ဆန်းလျန်မှာ နတ်သက်ခြွေဓားသိုင်းကို အစွန်းရောက် လမ်းမှား မရောက်အောင် ထိမ်းသိမ်းပြီး လေ့ကျင့်နိုင်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်မှာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသည့် လူသားတစ်ယောက် ဖြစ်လေသည်။

ရှောင်းကျူက သူတို့နှစ်ယောက်ကို ဘေးမှ ထိုင်ကြည့်ရင်း ရဲ့လျိုယွင်မှာ ဆန်းလျန်နှင့် အလွန် ဆင်တူသည်ဟု သတိပြုလိုက် မိလေသည်။ သူတို့ နှစ်ယောက်လုံးမှာ အတွေးကိုယ်စီနှင့် ငြိမ်သက် နေကြလေသည်။ ရှောင်းကျူမှာ သူတို့နှစ်ယောက်ကြားတွင် လုံးဝ မတူညီသည့် အချက်ကို ရှာ၍မရ ဖြစ်နေလေသည်။

"ကံတရားအတိုင်း တွေ့ဆုံရတယ်။ ကံတရားအတိုင်း ခွဲခွာရတယ်။ ဘဝဆိုတာ ဒီလိုပါပဲ။ ကျုပ်က ဘဝမှာ တစ်ခါမှ ရှုံးနိမ့် ခဲ့ဖူးတဲ့သူ မဟုတ်ဘူး။ ဒါကြောင့် မင်းနဲ့ယှဉ်တိုင်း ရှုံးနေရတာ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒါကြောင့် ပန်းတွေ ပွင့်လန်းနေတဲ့ နွေဦးရာသီမှာ မင်းနဲ့တွေ့ဖို့ ပြောခဲ့တာပဲ"

ရဲ့လျိုယွင်က ဆန်းလျန်ကို မယှဉ်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပင် ဝန်ခံ လိုက်သော်လည်း သူ၏ ခမ်းနားမှုနှင့် အရှိန်အဝါမှာတော့ လျော့ကျသွားခြင်း မရှိပေ။

သို့သော် ရှောင်းကျူ အတွက်တော့ ထိုပုံစံက အလုပ်မဖြစ်ပါ။

"ပန်းတွေပွင့်လန်းနေတဲ့ နွေဦးရာသီမှာ ရှင်တို့နှစ်ယောက် ဒီနေ့တွေ့ဆုံဖို့ ပြောထားကြတာပဲ။ ဒီနေ့မှာ တွေ့ဖို့ပြောထားကြတာမှ မဟုတ်တာ။ ကိုယ့်ကတိ ကိုယ်ထိန်းကြပြီး နောက်နှစ်ရက်လောက် နေမှ ပြန်တွေ့ကြပေါ့"

ရှောင်းကျူက မထီမဲ့မြင် အမူအရာနှင့် ပြောလိုက်လေသည်။

သူမက မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း စကားပြောခြင်းကို ရပ်တန့်လိုက်လေသည်။

ရှောင်းကျူပြောသည်မှာ ထူးဆန်းသော်လည်း သဘာဝတော့ ကျလေသည်။ သူမဖြစ်ချင်သည့် ဆန္ဒက သူတို့နှစ်ယောက်လုံးကို မထီလေးစား လုပ်ရန်သာ ဖြစ်လေသည်။

"ကျုပ်တို့လို အဆင့်တွေက တခြားသူတွေအတွက် သေလောက်အောင် အေးနေတဲ့ ရာသီဥတု မျိုးမှာတောင် နွေးနေအောင် ဖန်တီးထားလို့ ရတယ်။ ပန်းတွေကတော့ ကျုပ်တို့နှလုံးသားထဲမှာ ပွင့်လန်း နေကြတာပဲ။ ကျုပ်တို့နှစ်ယောက် တွေ့ဆုံဖို့အတွက် အချိန်နဲ့ နေရာက အတားအဆီး မဟုတ်ပါဘူး။ ကျုပ်တော့ အဲဒီလိုမျိုး ခံစားမိတာပဲ။ ပြီးတော့ ကျုပ်က မင်းတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကိုလည်း တက်ရောက် ချင်သေးတယ်လေ"

ဆန်းလျန်က ပွင့်ပွင့်လင်းလင်းနှင့် အမှန်ကိုပင် ပြောလိုက်လေသည်။

ဆန်းလျန်စကားကြောင့် ရှောင်းကျူမျက်နှာမှာ နီရဲသွားပြီး…

"ကိုယ်ရေးကိုယ်တာ ကိစ္စတွေက ဘာလို့ပါလာရ ပြန်တာလဲ။ ကျွန်မတို့သုံးယောက် အတူတူ နေတော့ရော ဘာဖြစ်လဲ"

ကက်ကက်လန်အောင် ပြန်လည်ချေပ လိုက်လေသည်။

သူမက ဆန်းလျန်ကို စိုက်ကြည့်လိုက်သည်။ သူမ ဆန်းလျန်ကို အရှုံးမပေးချင်ပေ။

ခေတ်ပေါ် လောကတွင် နေခဲ့စဉ်က ဆန်းလျန်မှာ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက်ကို အသုံးပြုပြီး ဟိုဟိုဒီဒီတွေကို ရှာဖွေတတ်သူ ဖြစ်လေသည်။ ထို့ကြောင့် သူက မိန်းကလေးများ အကြောင်းကို ကောင်းကောင်း သိလေသည်။ ထို့ကြောင့် ရှောင်းကျူစကားကို သူကအံ့သြခြင်း မဖြစ်မိပါ။

"ကူဟွေ့ဆရာတော်။ ဘာလို့ ချောင်းနားထောင် နေရတာလဲ။ ထွက်လာပြီး ကျွန်တော်တို့နဲ့ စကားပြောလို့ ရပါတယ်"

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

"အော်မီတော်ဖော်။ ဆန်းလူငယ်လေး နောက်ပြောင် မနေပါနဲ့။ လောကီကိစ္စတွေက ကျုပ်နဲ့ မဆိုင်ပါဘူး။ ကျုပ်က ဒီလိုမျိုး ကိစ္စတွေမှာ ပါဝင် ပတ်သက်လိုခြင်း မရှိဘူး"

"ညဉ့်ကလည်း နက်နေပြီ။ လကလည်း သာနေလိုက်တာ။ ပိုပြီးကောင်းတဲ့ နေရာတစ်ခုကို သွားပြီး ကျုပ်တို့ ဆက်ပြောကြရင် မကောင်းဘူးလား"

ရဲ့လျိုယွင်က ရယ်မောရင်း ပြောလိုက်လေသည်။

ဆန်းလျန်က ခေါင်းညိတ်လိုက်လေသည်။

အရေးကြီးကိစ္စ တစ်ခုခုတော့ ဖြစ်တော့မည်ဟု ရှောင်းကျူ သိလိုက်လေသည်။ ရဲ့လျိုယွင်နှင့် ဆန်းလျန်မှာ သိုင်းလောကတွင် ဂန္ထဝင်ဖြစ်မည့် တိုက်ပွဲတစ်ပွဲကို ဆင်နွှဲကြတော့မည် မဟုတ်ပါလား။

ဆန်းလျန်ရော ရဲ့လျိုယွင်ပါ ပြိုင်တူလှုပ်ရှား လိုက်ကြလေသည်။

သူတို့နှစ်ယောက်စလုံး တံခါးဝမှ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာ သွားကြလေသည်။

သူတို့နှစ်ယောက်လုံး ထွက်ခွာသွားကြပုံမှာ ကြယ်ကြွေသကဲ့သို့ မြန်ဆန်လွန်းလှသည့် အတွက်ကြောင့် ရှောင်းကျူပင်လျှင် ဖြတ်ခနဲမျှသာ မြင်လိုက်ရလေသည်။

လရောင်အောက်တွင် ဘီးတပ် ကုလားထိုင်မှ ဘီးရာများကိုသာ မြေကြီးပေါ်တွင် မြင်တွေ့ လိုက်ရလေသည်။ ထိုဘီးရာများက ရဲ့လျိုယွင်နှင့် ဆန်းလျန်မည်သည့်နေရာတွင် ရှိနေကြောင်း ညွှန်ပြ ပေးလေသည်။

"စိတ်ရှုပ်စရာ ကောင်းလိုက်တာ။ ရဲ့လျိုယွင်က ဘီးတပ်ကုလားထိုင်နဲ့ သွားတာတောင် ဘာလို့ ဒီလောက် မြန်နေရတာလဲ"

ရှောင်းကျူ မနာလိုသည့် လေသံဖြင့် ပြောလိုက်လေသည်။

ကူဟွေ့ ဆရာတော်က သူမဘေးမှနေပြီး အသံမထွက်ဘဲ လေထဲတွင် လွင့်မျောဖြတ်သန်း သွားလေသည်။ တိမ်နှင့်လေလို မြူခိုးငွေ့များသာ ပျံဝဲပြီး ကျန်ရစ်ခဲ့လေသည်။

"ရှောင်းမိန်းကလေး။ ကျုပ်ပြောချင်တာ အဲဒါပါပဲ။ သူက ခြေထောက်မသန်လို့ မင်းက သူ့ကို သဘောမကျဘူး။ သူနဲ့လက်ထပ်ရင် မင်းဒုက္ခရောက်မယ်လို့ မင်းကထင်နေတယ်။ ဒါပေမယ့် မင်းတို့ နှစ်ယောက် လက်ထပ်လိုက်ရင် ကံကောင်းတဲ့သူက ရဲ့လျိုယွင် တစ်ယောက်တည်း မဟုတ်ပါဘူး"

လွင့်မျောသွားသည့် ကူဟွေ့ဆရာတော်က တီးတိုး ပြောကြားသွားလေသည်။

"ကံကောင်းတဲ့သူက ရဲ့လျိုယွင် တစ်ယောက်တည်း မဟုတ်ပါဘူး" ဆိုသည့် စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရှောင်းကျူ သိနေခဲ့ပါသည်။ ထိုအဓိပ္ပာယ်က ရဲ့လျိုယွင်ကို လက်ထပ်ရသည့် အတွက် သူမလည်း ကံကောင်းသည့် သူတစ်ယောက် ဖြစ်သည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလား။

ရှောင်းကျူမှာ အနည်းငယ်တော့ အံ့သြ နေမိလေသည်။ သူမက ကွေးယွင်စန်းကျွမ်းတွင် အားလုံး၏ အလိုလိုက်ခြင်းကို ခံထားရသည့် သခင်မလေးတစ်ယောက် ဖြစ်လေသည်။ သူမက အရည် အချင်း အလွန်ရှိပြီး အစစအရာရာ ပြီးပြည့်စုံနေသည့် သူရဲကောင်း တစ်ယောက်နှင့် လက်ထပ်ရန် စိတ်ကူးယဉ်ထား လေသည်။ ထို့ကြောင့် မသန်စွမ်းဖြစ်နေသည့် ရဲ့လျိုယွင်ကို မုန်းတီးနေရခြင်း ဖြစ်လေသည်။ သူမက ရဲ့လျိုယွင်အပေါ် သနားစိတ်ကလေး တစ်စက်ပင် မရှိပါ။

ခြေမသန်သည့် လူတစ်ယောက်ကို လက်ထပ်ရမည် ဆိုသည့် အချက်ကို သူမ အလွန်မှပင် မုန်းတီးမိ လေသည်။

သူမက ရဲ့လျိုယွင်ဘက်မှ စဉ်းစားပေးခြင်း လုံးဝမရှိခဲ့သည့် အပြင် ရဲ့လျိုယွင် ရရှိသည့် အောင်မြင်မှုများမှာ မိသားစုနောက်ခံ အားကောင်းသည့် အတွက်သာ ဖြစ်သည်ဟု ထင်ခဲ့မိလေသည်။ ရဲ့လျိုယွင်၏ မိသားစုနောက်ခံ အင်အားကြောင့် သူက ဘဝတွင် အလကားလူ တစ်ယောက် အဖြစ်နေ လျှင်ပင် ထမင်းမငတ်နိုင်သည့် အခြေအနေ ဖြစ်လေသည်။ သူ့ကို အသုံးမကျဟု အပြစ်တင်မည့်သူ မရှိသလို သနားပင် သနားကြဦးမည် ဖြစ်လေသည်။

မင်ကျန်းတောင်၏ အောင်မြင်ခဲ့ကြသည့် ဘိုးဘေးများတွင် ရဲ့လျှိုယွင်မှာ အတော်ဆုံး ဖြစ်သည် ဟု ရှောင်းကျူ၏ ဖခင်ဖြစ်သူကပင် ထောက်ခံ ခဲ့လေသည်။

ထိုအချက်က သူမနှလုံးသားကို ကျာပွတ်ဖြင့် ရိုက်သကဲ့သို့ ခံစားနေရလေသည်။

"ကျွန်မ မမှားဘူး"

ရှောင်းကျူက မုန်းတီးသည့် လေသံဖြင့် ပြောလိုက် လေတော့သည်။

ကူဟွေ့ ဆရာတော် ထွက်ခွာသွားသည်မှာ ကြာပြီ ဖြစ်လေသည်။

ကူဟွေ့ ဆရာတော်မှာ ဗုဒ္ဓကျင့်စဉ် လမ်းအတိုင်း လိုက်လျှောက်ရင်း ရူယိအသွင်ပြောင်း သိုင်းပညာကို လေ့ကျင့်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်လေသည်။ ထို့ကြောင့် သူက တစ်နေ့တည်းဖြင့် မိုင် ထောင်ပေါင်းများစွာ ခရီးနှင်နိုင်သူ ဖြစ်လေသည်။ ထိုကျင့်စဉ်မှာ တာအိုကျင့်စဉ် တစ်ခုဖြစ်သည့် ဆန်ရှင်းကျင့်စဉ်နှင့် ဆင်တူလေသည်။

သို့သော်လည်း ကူဟွေ့ဆရာတော် မည်မျှပင် လျင်မြန်သည်ဟု ဆိုစေကာမူ ရဲ့လျိုယွင်နှင့် ဆန်းလျန် နောက်တွင်တော့ ကျန်ခဲ့သည်ပဲ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်က အရင် ထွက်ခွာသွားသူများ ဖြစ်သည့်အပြင် တောလမ်းတောင်လမ်းကလည်း ရှုပ်ထွေး လွန်းလေသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်နှင့် ရဲ့လျိုယွင်၏ အရည်အချင်းမှာ ထိပ်တန်းအဆင့်ထက် ကျော်လွန်နေကြောင်း ပြသနေလေတော့သည်။

***

ဆန်းလျန်မှာ ရဲ့လျိုယွင်လို လူမျိုးကို သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။ သူက ရဲ့လျိုယွင်ကို အလွန်လေးစားမိသူ ဖြစ်လေသည်။

ဆန်းလျန်က သူသွားနေသည့် အရှိန်ကို နှေးလိုက်ခြင်း မရှိပါ။ သို့သော် သူက ရဲ့လျိုယွင်နှင့် မျက်ခြည် ပြတ်မသွားအောင် သွားနေလေသည်။

ရဲ့လျိုယွင်က အလွန်ပင် အာရုံစူးစိုက် နိုင်သူ ဖြစ်လေသည်။ သူ့ဘဝတွင် ဆန်းလျန်ကို တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးပြီ။ ဒီတစ်ကြိမ်တွင်တော့ ဆန်းလျန်ကို အနိုင်ရအောင် တိုက်ခိုက်နိုင်မည်ဟု ဆုံးဖြတ် ထားလေသည်။

ဆန်းလျန် အဖြစ်ချင်ဆုံး ဆန္ဒမှာတော့ ချင်းရွှမ် နတ်တံခါးအကြောင်း ပိုပြီး သိချင်နေခြင်း ဖြစ်လေသည်။ သို့သော် ရဲ့လျိုယွင်နှင့် တိုက်ခိုက်ခြင်း မပြုဘဲ သူသိချင်သည့် အချက်အလက်များ ဘာတစ်ခုမှ သိရမည် မဟုတ်သည်ကိုလည်း နားလည်လက်ခံ ထားလေသည်။

မက်မွန်ပန်းပင် များသာမက ရာနှင့်ချီသည့် ပန်းအမျိုးအစား ပေါင်းများစွာ မင်ကျန်းတောင်ထိပ် တွင် ရှိလေသည်။

တောထဲတွင်တော့ မက်မွန် ပန်းပင်များရော ချယ်ရီ ပန်းပင်များရော ပွင့်လန်း နေကြလေသည်။

ရဲ့လျိုယွင်မှာတော့ ထိုနေရာနှင့် ရင်းနှီးမှု ရှိနေသည့်ပုံ ရလေသည်။ ထို့ကြောင့် မည်သည့် နေရာတွင် ယှဉ်ပြိုင်မည်ကို ဆန်းလျန်က ဆုံးဖြတ်လိုက်လေသည်။

ဆန်းလျန် ရပ်လိုက်သည့် နေရာတွင် ယှဉ်ပြိုင်မှု စတင်ကြမည် ဖြစ်လေသည်။

ဆန်းလျန်မှာ ရဲ့လျိုယွင်ကို သက်ညှာလိုစိတ် မရှိပါ။ သူ၏ ဝိညာဉ်စွမ်းအားမှာ မြင့်တက်လာပြီး သူ၏ စိတ်လှုပ်ရှားမှုနှင့် စွမ်းအားများမှာ သူ၏ လက်ကောက်ဝတ်မှ တစ်ဆင့် သူကိုင်ထားသည့် စန္ဒကူး ဓားဆီသို့ စီးဝင် သွားလေသည်။

စန္ဒကူးဓား….

သစ်သားဓား တစ်လက် ဖြစ်သော်လည်း ဓားတစ်လက်ဂုဏ်တော့ ရှိလေသည်။

ဓားတစ်လက်၏ အခြေခံ ဂုဏ်သိက္ခာများကတော့ မပြောင်းမလဲ တည်ရှိနေလေသည်။ ထို ဓားဖြင့် ပြိုင်ဘက်ကို ကောင်းကောင်းယှဉ်ပြိုင် အနိုင်ယူနိုင် လေသည်။

မြေပြင်ပေါ်ရှိ ရဲ့လျိုယွင်၏ ဘီးတပ် ကုလားထိုင် ဘီးရာများမှာလည်း တဖြည်းဖြည်း တိမ်သွားပြီး ပျောက်ကွယ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ရဲ့လျိုယွင်က ပျံသန်းလိုက်ပြီး မြေပြင်ပေါ်သို့ ရောက်လာသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်မှာ လေနှင်ရာ မျောလွင့်နေသည့် တိမ်တစ်စလို လေထဲတွင် မျောလွင့် နေလေသည်။ သူ့ကိုယ်တွင်းမှ အတွင်းအား စီးဆင်းမှု အရှိန်အဟုန်မှာ မြင့်တက် နေလေသည်။ ထို့ကြောင့် မြေဆွဲအားက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။

သူက မြေဆွဲအားကို ဆန့်ကျင်ပြီး လေထဲတွင် ရပ်တန့်လိုက်လေသည်။

"မှန်သားပြင်ရေကန်" မှာ သူတို့ရှေ့တွင် ရှိနေလေသည်။ လရောင်အောက်တွင် ရေကန်၏ မျက်နှာပြင်မှာ တစ်လက်လက် တောက်ပနေလေသည်။ လမှာ ကောင်းကင် အလယ် တည့်တည့်တွင် ရှိနေလေသည်။ လမင်းက သူရဲကောင်း နှစ်ယောက်၏ တိုက်ပွဲကို စောင့်ကြည့် နေသကဲ့သို့ပင် ဖြစ်နေ လေသည်။

လေပြေလေး တိုက်ခတ်လာလေသည်။ ကန်ရေပြင်မှာ လှိုင်းကြက်ခွပ်လေးများ လှုပ်ရှား သွားလေသည်။

ရဲ့လျိုယွင်က မြေပြင်ထက်တွင် နေရာယူထားပြီး ထိုအချိန်တွင်ပင် ကောင်းကင်ထက်တွင် တိမ်ညိုများ ဖုံးလွှမ်း လာလေသည်။

ထိုတိမ်ညိုများက လမင်းကို တဖြည်းဖြည်း ဖုံးကွယ် သွားလေသည်။

လောက တစ်ခုလုံးမှာ အမှောင်ထု အတွင်းသို့ ကျရောက် သွားလေတော့သည်။

***

All Chapters