← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉) မူလနယ်ပယ် မိစ္ဆာလူသား။ ဒေါသတကြီးပင်လယ်ပြင်ကဲ့သို့ လက်သီးချက်များ။ (၂)

ဆံပင်ရှည်ရှည်နှင့် အမျိုးသားသည် သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူ၏မျက်လုံးများတွင် အသားကို တောင့်တသော လောဘဇောများ အပြည့်နှင့်။ သူက သားရဲတစ်ကောင်ကဲ့သို့ လှောင်ပြုံးပြုံးရင်း "မုဆိုးတစ်ယောက်က သူရဲ့သားကောင်ကို လွယ်လွယ်နဲ့ လွှတ်ပေးတာမျိုး မင်း မြင်ဖူးလို့လား။ မူလနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ဆိုတာ... တကယ့်ကို အာဟာရဖြစ်စေတဲ့ စားစရာပဲလေ" ဟု ဆိုလေ၏။

လီဟုန်ဝူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဝတ်ရုံစိမ်းနှင့် သိုင်းပညာရှင် တစ်ဦးကို ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ "ခိုင်ကျွင်း... ကျန်တဲ့သူတွေကို ခေါ်ပြီး တောင်တန်းသခင်နဲ့ အကြီးအကဲစူးကို ခေါ်သွားတော့"

ဝတ်ရုံစိမ်းနှင့် သိုင်းပညာရှင်သည် ထိုစကားကြောင့် တုန်လှုပ်သွားသော်လည်း လီဟုန်ဝူ၏ တင်းမာသော အကြည့်ကို မြင်သောအခါ အံကိုတင်းတင်းကြိတ်လျက် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာ"

"အိုး... မင်းရဲ့ အစ်ကိုကြီးရယ်၊ မင်းရယ်၊ မင်းတပည့်တွေရယ် အားလုံးပေါင်း တိုက်ခိုက်တာတောင် အရှက်တကွဲ ထွက်ပြေးခဲ့ရတာပဲ။ အခု မင်းတစ်ယောက်တည်းနဲ့ ငါ့ကို တားနိုင်မယ် ထင်နေလား။ ဒါက ပုရွက်ဆိတ်က ဆင်ကို အံတုသလိုပါပဲကွာ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"

ဆံပင်ရှည်နှင့် အမျိုးသားက တဟားဟား ရယ်မောလိုက်သည်။ သူသည် အရေးမစိုက်ဟန်ရှိပြီး ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ရှိနေ၏။

"သွားကြ"

ဝတ်ရုံစိမ်းနှင့် သိုင်းပညာရှင်သည် ကျန်ရှိသော နာမည်ကျော် ဓားတောင်တန်း တပည့် သုံးဆယ်ကျော်ကို ဦးဆောင်ကာ ဖြည်းညှင်းစွာ ဆုတ်ခွာသွားကြသည်။ ဆံပင်ရှည်နှင့် အမျိုးသားကလည်း သူတို့ကို မတားခဲ့ပေ။ သူသည်လည်း စွမ်းအင်ကို ချွေတာလိုသဖြင့် တစ်ဦးချင်းစီကို ခွဲထုတ်ကာ သတ်ဖြတ်ရန် ရည်ရွယ်ထားသည်။ လီဟုန်ဝူကို အရင်သတ်ပြီးမှ ကျန်တဲ့သူတွေကို လိုက်သတ်လျှင် ပို၍လွယ်ကူပေလိမ့်မည်။

မကြာမီ အချိန်အတွင်းမှာပင် လူသူကင်းမဲ့သော တောင်ကုန်းပေါ်တွင် ဆံပင်ရှည်ရှည် အမျိုးသားနှင့် လီဟုန်ဝူတို့ နှစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။ နာမည်ကျော် ဓားတောင်တန်း တပည့်များသည် ပြင်းထန်စွာ ဒဏ်ရာရထားသော လီဟုန်ယီကို ထမ်းကာ အလျင်အမြန် ထွက်ခွာသွားကြပြီ ဖြစ်သည်။

လီဟုန်ဝူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလျက်။ အနှီအမျိုးသားက ကြောက်စရာကောင်းလှသည်ကို သူ ကောင်းကောင်း သိပါ၏။ ထိုသူက လူသားစစ်စစ် မဟုတ်ပေ။

ယခင်က လီဟုန်ဝူနှင့် လီဟုန်ယီတို့သည် သူတို့၏ဂိုဏ်းမှ ထူးချွန်တပည့်များကို ဦးဆောင်ကာ မူလချီစွမ်းအင်ကို ရှာဖွေရန် ခရီးထွက်ခဲ့ကြသည်။ သူတို့ဂိုဏ်းတွင် မူလနယ်ပယ် သိုင်းပညာရှင် တစ်ဦး နှစ်ဦး ထပ်မံတိုးပွားလာစေဖို့ မျှော်လင့်ချက်ဖြင့် ဖြစ်သည်။

သို့သော် လမ်းခရီးတွင် ဤဆံပင်ရှည်ရှည်နှင့် အမျိုးသား၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သူတို့၏ ထူးချွန်တပည့် ဆယ်ဦးခန့်မှာ နေရာမှာပင် သေဆုံးသွားခဲ့ရသည်။ လီဟုန်ဝူနှင့် လီဟုန်ယီတို့ နှစ်ဦး ပေါင်းတိုက်မှသာ ထိုသူကို ဒဏ်ရာအပြင်းအထန် ရစေကာ ခေတ္တဆုတ်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲကြောင့်ပင် လီဟုန်ယီသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် လီဟုန်ဝူက အစ်ကိုဖြစ်သူ၏ အသက်ကို ကယ်တင်ရန် ကျုံးလင်တောင်ရှိ အဘိုးအို ချီရှစ်ကို ရှာဖွေခဲ့ရခြင်း ဖြစ်သည်။ သို့သော် ထိုအမျိုးသားက အလျင်အမြန်ပင် ထပ်မံလိုက်လာပြီး လက်မလျှော့ဘဲ ရန်ပြုနေခြင်း ဖြစ်သည်။

လီဟုန်ဝူသည် လီဟုန်ယီနှင့် တပည့်အများအပြား ပေါင်းစပ်တိုက်ခိုက်စဉ်ကပင် တစ်ဖက်လူကို အသာမရခဲ့ရာ ယခု တစ်ဦးတည်း အနေဖြင့် အနိုင်ရရန် အခွင့်အရေးမှာ မရှိသလောက်ပင်။ သို့သော် နာမည်ကျော် ဓားတောင်တန်း၏ ဒုတိယတောင်တန်းသခင် အနေဖြင့် သူသည် ရန်သူကို တားဆီးထားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ဆံပင်ရှည်ရှည်နှင့် အမျိုးသားက အချိန်မဆွဲတော့ပေ။ သူသည် လီဟုန်ဝူကို အမြန်သတ်ပြီးမှ ဒဏ်ရာရနေသော လီဟုန်ယီနောက်သို့ လိုက်လိုတာ ဖြစ်သည်။ မူလနယ်ပယ် သိုင်းပညာရှင် နှစ်ဦးစလုံးမှာ သူ၏သားကောင်များပင် ဖြစ်သည်။

"မှတ်ထားလိုက်၊ မင်းကို သတ်မယ့်သူက ငါ ရှန်းဝေကျောက်ပဲ"

ဆံပင်ရှည်ရှည်နှင့် အမျိုးသားက သူ၏အမည်ကို အေးစက်စွာ ပြောလိုက်ပြီးနောက် ချက်ချင်းပင် လှုပ်ရှားတော့သည်။

"ဝှူး..."

ရှန်းဝေကျောက်သည် မူလနေရာတွင် ပုံရိပ်ယောင်တစ်ခု ကျန်ရစ်ခဲ့သည်အထိ လျင်မြန်စွာ လှုပ်ရှားကာ လီဟုန်ဝူထံသို့ ပြေးဝင်သွားသည်။ သူ၏လက်ဖဝါးမှာ လက်သည်းကဲ့သို့ ပြောင်းလဲသွားပြီး လီဟုန်ဝူ၏ ရင်ဘတ်ကို ပစ်မှတ်ထားကာ ထိုးနှက်လိုက်သည်။

"နာမည်ကျော် ဓားကျင့်စဉ် - မိုးကြိုးလက်ခုပ်"

ရှန်းဝေကျောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သိရှိထားသဖြင့် လီဟုန်ဝူ မပေါ့ဆရဲပါပေ။ သူ၏ခါးမှ ရတနာ ဓားရှည်ကို ဆွဲထုတ်လိုက်သောအခါ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ဓားဖျားမှာ ညအမှောင်ကို ထိုးဖောက်သွားသော ကြယ်တံခွန်ကဲ့သို့ တောက်ပနေပြီး မိုးကြိုးပဲ့တင်သံကဲ့သို့ ဟိန်းထွက်လာသည်။

"ဒုတ်..."

ဓားရှည်၏ အကွာအဝေး အားသာချက်ကြောင့် လီဟုန်ဝူ၏ တိုက်ခိုက်မှုမှာ ရှန်းဝေကျောက်ထံသို့ အရင်ရောက်ရှိသွားသည်။ ဓားချက်မှာ ရှန်းဝေကျောက်၏ ရင်ဘတ်ကို တည့်တည့်ထိမှန်သွားသဖြင့် သူ၏ရှေ့တိုးလာသော ခန္ဓာကိုယ်မှာ ခေတ္တတုံ့သွားသည်။ သို့သော် ထူးဆန်းသည်မှာ သံမဏိကိုပင် ဖောက်ထွက်နိုင်သော ဓားချက်သည် သူ၏ရင်ဘတ်ကို မဖောက်နိုင်ဘဲ မမြင်ရသော သံချပ်ကာတစ်ခုက တားဆီးထားသကဲ့သို့ အသံသာ ထွက်ပေါ်လာသည်။

ရှန်းဝေကျောက်သည် လီဟုန်ဝူ၏ ဓားချက်ကို ခြစ်ရာမရှိ ခံယူပြီးနောက် "ကရက်... ကရက်" ဟု အသံမြည်လျက် သူ၏လက်မောင်းမှာ တစ်ပေခန့် ရုတ်တရက် ရှည်ထွက်လာသည်။ သူ၏လက်သည်းများဖြင့် လီဟုန်ဝူ၏ မျက်လုံးများကို ကုတ်ခြစ်ရန် ကြိုးစားလိုက်သည်။

လီဟုန်ဝူသည် အလျင်အမြန် နောက်ဆုတ်လိုက်ရသော်လည်း လက်သည်းများမှ ထွက်ပေါ်လာသော လေအရှိန်ကြောင့် ပါးပြင်မှာ နာကျင်သွားရသည်။

"သတ်ပစ်"

လီဟုန်ဝူ အော်ဟစ်လိုက်သောအခါ သူ၏ဦးခေါင်းပေါ်တွင် အပြာရောင် "လူသားပန်းပွင့်" ပုံရိပ်ယောင်တစ်ခု ပွင့်လန်းလာသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော ကြည်လင်သည့် ကောင်းကင်သွေးကြော ပုံရိပ်ယောင် နှစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ဓားစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

လီဟုန်ဝူသည် သူ၏ဓားရှည်ကို အဆင့်မြင့် ဓားပညာရပ်များဖြင့် အသုံးပြုကာ ကိုက်အနည်းငယ် အကွာအဝေးအထိ ဓားစွမ်းအင်များကို စေခိုင်းနေလေ၏။

"ချွင်... ချွင်... ချွင်"

ရှန်းဝေကျောက်သည် လက်ဗလာဖြင့်ပင် ပြန်လည်ခုခံနေပြီး တိုက်ခိုက်မှုတိုင်းတွင် သတ္တုအချင်းချင်း ထိမှန်သည့်အသံများ ထွက်ပေါ်နေသည်။ သူတို့နှစ်ဦးမှာ အပြန်အလှန် အချက်ပေါင်းများစွာ တိုက်ခိုက်နေကြသော်လည်း အခြေအနေမှာ တူညီနေသည်။

သို့သော် လီဟုန်ဝူက ပိုမိုရုန်းကန်နေရသည်မှာ သိသာသည်။ သူ၏ ဓားချက်တစ်ခုချင်းစီသည် ရှန်းဝေကျောက်ကို သေစေနိုင်သော ဒဏ်ရာ မပေးနိုင်သည့်အပြင် အရေပြားကိုတောင် မဖောက်နိုင်ပေ။ အကယ်၍ ရှန်းဝေကျောက်၏ တိုက်ခိုက်မှုသာ သူ့ကို ထိမှန်ပါက သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားမည်ဖြစ်သည်။

ရှန်းဝေကျောက်သည် သူ၏သန်မာလှသော ခန္ဓာကိုယ်ကို အားကိုးကာ ခံစစ်ကို လုံးဝဂရုမစိုက်ဘဲ တိုက်စစ်သက်သက်ဖြင့် လီဟုန်ဝူကို ဆုတ်ခွာအောင် ဖိအားပေးနေသည်။

"ဒီလီဟုန်ဝူက သူ့အစ်ကိုနဲ့ယှဉ်ရင် အများကြီး အားနည်းတာပဲ။ သူက ကောင်းကင်သွေးကြော နှစ်ခုပဲ ပွင့်သေးတာကိုး။ သူ့ကို အမြန်သတ်ပြီးမှ သူ့အစ်ကိုကို လိုက်သတ်ရမယ်"

ရှန်းဝေကျောက်သည် ဤတိုက်ပွဲကို အနည်းငယ် ငြီးငွေ့လာ၏။ နာမည်ကျော် ဓားတောင်တန်း၏ တောင်တန်းသခင် လီဟုန်ယီမှာ အလွန်သန်မာလှသဖြင့် ယခင်တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရမှသာ သူ့ကို မောင်းထုတ်နိုင်ခဲ့သော်လည်း ညီဖြစ်သူ လီဟုန်ဝူမှာမူ ထိုမျှ မစွမ်းဆောင်နိုင်ပေ။

"ဒုတိယတောင်တန်းသခင် လီ၊ ကျွန်တော့်အကူအညီ လိုလားခင်ဗျ။"

ထိုအချိန်တွင် မလှမ်းမကမ်းမှ အသံတစ်ခု ထွက်ပေါ်လာ၏။

ထိုအသံကြောင့် ရှန်းဝေကျောက်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားကာ တိုက်ခိုက်နေတာကို ရပ်တန့်ပြီး သတိကြီးကြီးဖြင့် နောက်ဆုတ်လိုက်သည်။

လီဟုန်ဝူမှာလည်း အံ့အားသင့်သွားကာ ရွာဝင်ဝ၌ ထွက်ပေါ်လာသော ဝတ်ရုံနက်နှင့် လူငယ်လေးကို ကြည့်လိုက်သည်။ ထိုသူမှာ စူးချန်ခုန်းပင်ဖြစ်သည်။

"အကြီးအကဲစူး... ဘာလို့ မထွက်သွားသေးတာလဲ" လီဟုန်ဝူက အလျင်အမြန် မေးမြန်းလိုက်သည်။ တပည့်တွေက စူးချန်ခုန်းနှင့် ဒဏ်ရာရနေသော လီဟုန်ယီကို ခေါ်ကာ ထွက်သွားရမှာ မဟုတ်ဘူးလား။

"ဒီလို သားကောင်မျိုးကို ဒုတိယတောင်တန်းသခင် တစ်ယောက်တည်းပဲ အပိုင်သိမ်းချင်နေတာပေါ့။"

စူးချန်ခုန်း၏ မျက်လုံးများမှာ တောက်ပနေပြီး ဆံပင်ရှည်ရှည်နှင့် အမျိုးသား ရှန်းဝေကျောက်ကို စိုက်ကြည့်နေသည်။ စူးချန်ခုန်း မထွက်သွားရသည့် အကြောင်းက ရိုးရှင်းပါသည်။ ရှန်းဝေကျောက်၏ အရှိန်အဝါသည် သူယခင်က တွေ့ဖူးသော မိစ္ဆာသိုင်းအဖွဲ့အစည်းမှ မော့ယင်နှင့် ဝတ်ရုံနီ အမျိုးသားတို့၏ အရှိန်အဝါနှင့် အလွန်တူနေသောကြောင့် ဖြစ်သည်။

အခန်း (၄၄၀) မူလနယ်ပယ် မိစ္ဆာလူသား။ ဒေါသတကြီးပင်လယ်ပြင်ကဲ့သို့ လက်သီးချက်များ။ (၃)

ရန်သူသည် လူသားစစ်စစ် မဟုတ်ဘဲ နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။

နတ်ဆိုးအမြုတေများမှာ မိစ္ဆာသိုင်းဆေးလုံးများနှင့် မိစ္ဆာအသက်ပေးဆေးလုံးများ ဖော်စပ်ရာတွင် လိုအပ်သဖြင့် စူးချန်ခုန်းအတွက်မူ မည်မျှပင် များပြားပါစေ အပိုမရှိပေ။ ထို့ပြင် နတ်ဆိုးအမြုတေ အရေအတွက် များပြားစွာ စုဆောင်းနိုင်ပါက မဟာမီးလျှံနိုင်ငံတော်၏ တော်ဝင်မိသားစုထံတွင် မူလချီစွမ်းအင်နှင့်ပင် လဲလှယ်နိုင်သေးသည်။

သို့သော် စူးချန်ခုန်း ချက်ချင်း ထွက်မလာရခြင်းမှာ သတိကြီးစွာ ထားသောကြောင့် ဖြစ်သည်။ တကယ်လို့ ဒီရှန်းဝေကျောက်ရဲ့ အင်အားက ခန့်မှန်းထားသည်ထက် သာလွန်နေပါက ဘယ်လိုလုပ်မလဲ။

ထို့ကြောင့် စူးချန်ခုန်းသည် တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှန်းဝေကျောက်ကို ရင်ဆိုင်ရန် ယုံကြည်မှု မရှိပါက သူ ချက်ချင်း ထွက်ခွာသွားမည်ဖြစ်ပြီး ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။

သို့သော် ရှန်းဝေကျောက်သည် လီဟုန်ဝူအပေါ် လုံးဝအသာစီး ရထားသော်လည်း အလွန်အမင်း သန်မာလွန်းနေသည်မျိုး မဟုတ်သည်ကို မြင်သောအခါမှသာ စူးချန်ခုန်း ဝင်တိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူသည် ရှန်းဝေကျောက်ကို သတ်ဖြတ်ပြီး တန်ဖိုးရှိသော နတ်ဆိုးအမြုတေကို ရယူလိုသည်။

"ချီသွေးနယ်ပယ်အဆင့် သိုင်းပညာရှင်လား... မင်းလို ပုရွက်ဆိတ်ကို ဂရုစိုက်ဖို့ ငါ့မှာ အချိန်မရှိဘူး။ လစ်စမ်း"

ရှန်းဝေကျောက်သည် စူးချန်ခုန်းကို တစ်ချက်ကြည့်ကာ ဒေါသတကြီး ဟောက်လိုက်သည်။

ရှန်းဝေကျောက်သည် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော သိုင်းပညာရှင် ဖြစ်သဖြင့် သားရဲလူသားများ၏ ထူးခြားသော အမြင်အာရုံဖြင့် စူးချန်ခုန်း၏ ကိုယ်တွင်း၌ စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းမှု မရှိသည်ကို တစ်ချက်တည်းနှင့် သိမြင်နိုင်သည်။ ကောင်းကင်သွေးကြော တစ်ခုမျှ ပွင့်မနေသဖြင့် သူသည် သာမန် ချီသွေးနယ်ပယ်အဆင့် သိုင်းပညာရှင်သာ ဖြစ်သည်။

ရှန်းဝေကျောက်သည် လီဟုန်ဝူကို အနိုင်ယူတော့မည့် ဆဲဆဲတွင် စူးချန်ခုန်းက တိုက်ပွဲကို လာရောက် နှောင့်ယှက်သဖြင့် ဒေါသတကြီး မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။

"ဒီလူက မကောင်းဆိုးဝါးပဲ။ လူလည်းမဟုတ် မိစ္ဆာလည်းမဟုတ်ဘူး။ အကြီးအကဲစူး၊ အမြန်ထွက်သွားပါ"

လီဟုန်ဝူကလည်း စူးချန်ခုန်းကို အလျင်အမြန် တိုက်တွန်းလိုက်သည်။ မူလနယ်ပယ်အဆင့်သို့ မရောက်သေးဘဲ ရှန်းဝေကျောက်ကို ရင်ဆိုင်တာက အကူအညီ ဖြစ်လာမည် မဟုတ်သည့်အပြင် အသက်ကို အလကား လာပေးသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ကောင်းကင်သွေးကြော နှစ်ခု ပွင့်ထားသော လီဟုန်ဝူပင် ရှန်းဝေကျောက်ကို ပြင်းထန်စွာ ဒဏ်ရာမရအောင် မစွမ်းဆောင်နိုင်ပေ။ ယခင်က ရှန်းဝေကျောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းမှာ ကောင်းကင်သွေးကြော လေးခု ပွင့်ထားသော နာမည်ကျော် ဓားတောင်တန်းသခင် လီဟုန်ယီ၏ အသက်စွန့် တိုက်ခိုက်မှုကြောင့်သာ ဖြစ်သည်။

စူးချန်ခုန်းသည် လီဟုန်ဝူ၏ စကားကို ဂရုမစိုက်ဘဲ ရှန်းဝေကျောက်ကို စိတ်ဝင်တစား စိုက်ကြည့်ကာ "ခင်ဗျားလည်း မိစ္ဆာသိုင်းအဖွဲ့အစည်းက မိစ္ဆာလူသားတစ်ယောက်လား" ဟု မေးလိုက်သည်။

ယခင်က စူးချန်ခုန်းသည် မော့ယင်ကို သတ်ဖြတ်စဉ်က "မိစ္ဆာသိုင်းအဖွဲ့အစည်း" ဟူသော စာသား သုံးလုံး ပါရှိသည့် အမှတ်အသား တစ်ခုကို တွေ့ရှိခဲ့သည်။ ထိုအဖွဲ့အစည်းမှာ နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော မိစ္ဆာလူသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ဟန်ရှိသဖြင့် စူးချန်ခုန်းက မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"မင်းက မိစ္ဆာသိုင်းအဖွဲ့အစည်း အကြောင်းကို သိနေတာလား"

ရှန်းဝေကျောက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေ၏။ မိစ္ဆာသိုင်းအဖွဲ့အစည်း၏ အမည်ကို လူအများစု မသိကြသော်လည်း သူ၏ရှေ့မှ လူငယ်လေးက ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

ရှန်းဝေကျောက်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း "ငါက မိစ္ဆာသိုင်းအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် မဟုတ်ဘူး" ဟု ပြန်ဖြေသည်။

မိစ္ဆာလူသားတိုင်းမှာ မိစ္ဆာသိုင်းအဖွဲ့အစည်း၏ အဖွဲ့ဝင်များ မဟုတ်ကြသော်လည်း မိစ္ဆာလူသားများကြားတွင် ထိုအဖွဲ့အစည်းမှာ အလွန် အင်အားကြီးမားပြီး ကျော်ကြားလှပေသည်။

ရှန်းဝေကျောက်သည် တစ်ချိန်က ချီသွေးနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး မူလချီစွမ်းအင်ကို မရရှိနိုင်ဘဲ မူလနယ်ပယ်အဆင့်သို့ မတက်လှမ်းနိုင် ဖြစ်နေစဉ် တိုက်တိုက်ဆိုင်ဆိုင် နတ်ဆိုးအမြုတေ တစ်ခုကို တွေ့ရှိခဲ့သည်။ လေ့လာ စုံစမ်းပြီးနောက် ၎င်း၏ အသုံးဝင်ပုံကို သိရှိသွားခဲ့သည်။

နောက်ဆုံးတွင် သူသည် အသက်ကို အလောင်းအစားပြုကာ နတ်ဆိုးအမြုတေကို သူ၏နှလုံးသားထဲသို့ ပေါင်းစပ်ထည့်သွင်းခဲ့သည်။ သေကံမပါဘဲ အသက်ရှင်ခဲ့ပြီး ယခင် အချုပ်အနှောင်များမှ လွတ်မြောက်ကာ အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

သို့သော် မိစ္ဆာလူသား တစ်ဦးအနေဖြင့် ရှန်းဝေကျောက်သည် တစ်ခါတစ်ရံတွင် အာဟာရ ဖြည့်ရသည်။ သို့မဟုတ်ပါက သူ၏ စိတ်ရိုင်းကို မထိန်းချုပ်နိုင်ပေ။ အထူးသဖြင့် မူလနယ်ပယ် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်မှာ သူ့အတွက် အကောင်းဆုံးသော အာဟာရ ဖြစ်ပေသည်။

ထို့ကြောင့် ရှန်းဝေကျောက်သည် နာမည်ကျော် ဓားတောင်တန်းမှ မူလနယ်ပယ် သိုင်းပညာရှင် နှစ်ဦးကို သားကောင်အဖြစ် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

"ဒါဆိုရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နတ်ဆိုးအမြုတေကလွဲရင် ခင်ဗျားဆီမှာ တခြား ဘာရတနာမှ မရှိတော့ဘူးပေါ့။" စူးချန်ခုန်းက ထိုစကားကို ကြားသောအခါ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ယခင်က မော့ယင်မှာ မိစ္ဆာသိုင်းအဖွဲ့အစည်း၏ အဖွဲ့ဝင် ဖြစ်သဖြင့် သူ၏ကိုယ်ပေါ်တွင် အမွေခံ စွမ်းအင်ကျောက်လုံး ပါရှိသည်။ ထိုအထဲမှ နတ်ဆိုးစွမ်းအင်ပုံစံအတတ်၏ နက်ရှိုင်းသော လျှို့ဝှက်ချက်များမှာ စူးချန်ခုန်းအတွက် အလွန် အကျိုးရှိခဲ့ပြီး သူ၏ ဝူချင်းရှီကျင့်စဉ်ကို နယ်ပယ်အသစ်တစ်ခုသို့ ရောက်စေခဲ့သည်။

ရှန်းဝေကျောက်မှာမူ မည်သည့် အဖွဲ့အစည်းနှင့်မျှ မပတ်သက်သော တစ်ကိုယ်တော် မိစ္ဆာလူသား တစ်ဦးသာ ဖြစ်ဟန်ရှိသည်။

"မင်းတော့ သေချင်နေပြီပဲ"

စူးချန်ခုန်းက သူ့ကို သားကောင်တစ်ကောင်ကဲ့သို့ သဘောထား ပြောဆိုနေသဖြင့် စိတ်တိုလွယ်သော ရှန်းဝေကျောက်၏ မျက်လုံးများတွင် လူသတ်လိုစိတ်များ လွှမ်းသွားတော့သည်။

"သတိထား"

လီဟုန်ဝူက အော်ဟစ် သတိပေးလိုက်သည်။

ဝှူး...

နောက်တစ်ခဏတွင် ရှန်းဝေကျောက်၏ ဆံပင်များ လွင့်ပျံလာပြီး အေးစက်သော လူသတ်လိုစိတ်များဖြင့် စူးချန်ခုန်းထံသို့ ခုန်အုပ်လိုက်သည်။ သူ၏လက်ချောင်းများကို လက်သည်းများကဲ့သို့ ကွေးညွတ်ကာ စူးချန်ခုန်း၏ နှလုံးသားကို ဖောက်ထုတ်ရန် ရက်စက်စွာ ထိုးနှက်လိုက်သည်။

ရုတ်တရက် စူးချန်ခုန်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ သူ၏မျက်လုံးများထဲတွင် မိုးကြိုးနှင့် လျှပ်စီးများ မြည်ဟီးနေသကဲ့သို့ပင်။ သူ၏ကိုယ်တွင်းရှိ ကြမ်းတမ်းပြီး အင်အားကြီးမားလှသော ဧရာမဝေလငါး ချီစွမ်းအားများကို လှည့်ပတ်လိုက်ကာ ပြတ်သားစွာပင် လက်သီးဖြင့် တည့်တည့် ထိုးနှက်လိုက်တော့သည်။

"ဒုန်း"

ထိုလက်သီးချက်ကြောင့် လက်သီးနှင့် လေထု ပွတ်တိုက်မှုဖြစ်ကာ ပေါက်ကွဲသံများနှင့် မီးပွားများ ထွက်ပေါ်လာသည်။ မိုးကြိုးမီးတောက်များဖြင့် ရစ်ပတ်ထားသကဲ့သို့ တောင်တန်းများကဲ့သို့ လေးလံလှသော ဖိအားမှာ ရှန်းဝေကျောက်အပေါ်သို့ ကျရောက်သွားရာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"ဘာ... ဘာလဲဟ"

စူးချန်ခုန်း၏ လက်သီးချက်မှာ ဟိန်းဟောင်နေသော လေပြင်းနှင့် အမျက်ထွက်နေသော ပင်လယ်ပြင်ကဲ့သို့ ဖြစ်နေပြီး မိုးကြိုး လျှပ်စီးများနှင့်အတူ အရာအားလုံးကို ဝါးမြိုပစ်နိုင်စွမ်း ရှိသည်ကို ခံစားလိုက်ရသဖြင့် ရှန်းဝေကျောက်၏ မျက်ဆန်များ ကျုံ့သွားတော့သည်။

အခန်း (၄၄၁) အမျက်ထွက်နေသော ပင်လယ်မိစ္ဆာကြီး၊ ကျောက်သားကို ဖောက်ထွင်းနိုင်သော ရေတစ်စက်။ (၁)

ပြင်းထန်သော လက်သီးချက်ကို ပစ်လွှတ်ပြီးနောက် စူးချန်ခုန်း၏ လွှမ်းမိုးနိုင်သော စွမ်းအားမှာ ရှန်းဝေကျောက်ကို မသိစိတ်အရ တိုက်စစ်မှ ခံစစ်သို့ ပြောင်းလဲသွားစေသည်။ သူသည် စူးချန်ခုန်း၏ လေးလံသော လက်သီးချက်ကို ခုခံရန် သူ၏လက်မောင်းများကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ကာ ကာကွယ်လိုက်သည်။

လက်သီးချက်မှာ ရှန်းဝေကျောက်၏ ကြက်ခြေခတ်ထားသော လက်မောင်းများပေါ်သို့ ကျရောက်သွားသည့် ခဏတွင် ရှန်းဝေကျောက်သည် သူ၏လက်မောင်းများမှာ ဆင်ကို အံတုရန် ကြိုးစားနေသော ပုရွက်ဆိတ်၏ လက်တံများကဲ့သို့ ခံစားလိုက်ရသည်။ သူ ရင်ဆိုင်နေရသည်မှာ လက်သီးချက် တစ်ခုတည်း မဟုတ်ဘဲ နက်ရှိုင်းသော ပင်လယ်အတွင်းမှ ဧရာမ ဝဲဂယက်ကြီးတစ်ခုက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကာ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများဖြင့် ရိုက်ပုတ်လိုက်သကဲ့သို့ပင် ဖြစ်သည်။

"ဒုန်း"

ပေါက်ကွဲသံ တစ်ခုနှင့်အတူ ရှန်းဝေကျောက် မထိန်းနိုင်တော့ဘဲ နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ အမြောက်ဆန် တစ်ခုကဲ့သို့ လေထဲတွင် လွင့်သွားပြီး သစ်ပင်များကို ကောက်ရိုးများကဲ့သို့ တိုက်မိချိုးဖဲ့သွားရာ တောအုပ်အတွင်းရှိ ငှက်အပေါင်းမှာ ထိတ်လန့်တကြား ပျံတက်ကုန်ကြသည်။

"ဂျွတ်... ဂျွတ်... ဂျွတ်"

ရှန်းဝေကျောက်သည် သူ၏လက်မောင်း အရိုးများမှ ထွက်ပေါ်လာသော ကျိုးပဲ့သံများကို ကြားလိုက်ရသည်။

သူသည် ကိုက်အနည်းငယ် အကွာအဝေးအထိ လွင့်ထွက်သွားပြီးနောက် ကြမ်းပြင်ပေါ်တွင် ရော်ဘာဘောလုံး တစ်လုံးကဲ့သို့ အကြိမ်ပေါင်းများစွာ လိမ့်သွားကာ ရပ်တန့်သွားချိန်တွင်မူ အလွန်ပင် အခြေအနေ ဆိုးရွားနေပြီ ဖြစ်သည်။

သူ၏လက်မောင်းများမှာ အရိုးကျိုးကာ အားအင်မရှိဘဲ တွဲလောင်းကျနေပြီး မျက်နှာမှာ ဖုန်မှုန့်များဖြင့် ပေကျံကာ ဖြူလျော့နေ၏။ သူ၏နှုတ်ခမ်းထောင့်တွင်မူ နီကြင့်ကြင့်သွေးများ စီးကျနေသည်။

"ဒါ... ဒါက ဘယ်လိုကြီးလဲ"

လီဟုန်ဝူသည် သူ၏ရှေ့မှ မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေမိသည်။

နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော ရှန်းဝေကျောက်သည် မည်မျှ သန်မာကြောင်း သူကောင်းစွာ သိထားသည်။ သူ၏ တန်ဖိုးကြီး ဓားရှည်ဖြင့် တိုက်ခိုက်လျှင်ပင် တစ်ဖက်လူ၏ အရေပြားကို အနည်းငယ်သာ ရှပ်ထိစေနိုင်ပြီး အမှန်တကယ် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့။

သို့သော် ကျုံးလင်တောင်မှ အကြီးအကဲစူးက လက်သီးတစ်ချက်တည်းဖြင့် ရှန်းဝေကျောက်၏ အရိုးများကို ကြေမွစေပြီး အကြောများကို ပြတ်တောက်စေခဲ့သည်လား။

ထိုကြောက်မက်ဖွယ် လက်သီးချက်မှာ သာမန်ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှ ထွက်ပေါ်လာနိုင်သော စွမ်းအားမျိုး မဟုတ်ဘဲ အမျက်ထွက်နေသော ကျယ်ပြောသည့် ပင်လယ်ပြင်ကြီးက အရာအားလုံးကို အမှုန့်အဖြစ် ခြေမွှပစ်လိုက်သကဲ့သို့ပင်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ့မှာ မိစ္ဆာနတ်ဆိုး ခန္ဓာကိုယ် ရှိနေတာလေ။ သံမဏိလို အရိုးစုမျိုး ရှိတာတောင် ကောင်းကင်သွေးကြော လေးခု ပွင့်ထားတဲ့ ဓားတောင်တန်းသခင်ကတောင် ငါ့ကို ဒဏ်ရာရအောင် အစွမ်းကုန် ကြိုးစားခဲ့ရတာ။ သူကိုယ်တိုင်တောင် ငါ့ရဲ့ အမတခန္ဓာကိုယ်ကြောင့် သေလုနီးပါး ဒဏ်ရာရသွားခဲ့တာလေ။ ဒီကောင်လေးက ချီသွေးနယ်ပယ် သိုင်းပညာရှင်ပဲ မဟုတ်ဘူးလား"

ရှန်းဝေကျောက်သည် မြေပြင်မှ ကိုယ်ကို လှည့်ကာ ပြန်ထလာသည်။ သူ၏မျက်လုံးများတွင် ဖော်ပြမရနိုင်သော တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။

စူးချန်ခုန်း၏ ကိုယ်တွင်း၌ ကောင်းကင်သွေးကြော တစ်ခုမျှ ရှိမနေဘဲ မူလနယ်ပယ် သိုင်းပညာရှင် မဟုတ်သည်ကို သူသေချာစွာ မြင်တွေ့ခဲ့ရသည်။ တစ်ဖက်လူမှာ အမှန်တကယ်ပင် ကျင့်ကြံမှုအဆင့် မြင့်မားလှသဖြင့် သူ၏အင်အားကို မသိနိုင်အောင် ဖုံးကွယ်ထားတာများလား။

မိစ္ဆာစွမ်းအားများ ကိန်းဝပ်နေသော ရှန်းဝေကျောက်၏ ခန္ဓာကိုယ်မှာ သံမဏိကဲ့သို့ သန်မာပြီး ထက်လှသော ဓားများဖြင့်ပင် မဖောက်နိုင်သည်ကို သိထားသော်လည်း လက်သီးဗလာ တစ်ချက်တည်းက သူ၏အရိုးများကို ကျိုးပဲ့စေပြီး အကြောများကို ဖြတ်တောက်နိုင်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။

ဧရာမဝေလငါး နည်းပညာမှာ ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူပြီးနောက် အဆင့်ကိုးသို့ တက်လှမ်းနိုင်ခဲ့သဖြင့် အမှန်တကယ်ပင် အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထူထဲပြီး လွှမ်းမိုးထားသော ဧရာမဝေလငါး ချီစွမ်းအားမှာ အရာအားလုံးကို ခြေမွှပစ်နိုင်စွမ်း ရှိပေသည်။

"လာစမ်းပါ။ မင်းငါ့ကို တစ်ခုခု အံ့သြအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"

စူးချန်ခုန်းသည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ အရိုးများနှင့် အဆစ်များမှ "ဂျွတ်... ဂျွတ်" ဟူသော အသံများ ထွက်ပေါ်လာသည်။ သူ၏ အပြာရင့်ရောင် ဧရာမဝေလငါး ချီစွမ်းအားများမှာ ဟုန်းဟုန်းတောက်လောင်လာပြီး သူ၏ ချီသွေးစွမ်းအင်များကို ပင်လယ်ပြင်မှ မီးတောက်များကဲ့သို့ ပြင်းထန်စေသည်။ သူသည် အဝေးမှ ရှန်းဝေကျောက်ကို စားချင်စဖွယ် သားကောင်တစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေ၏။

"မင်း.. မောက်မာတဲ့ကောင်၊ သေချင်နေတာပဲ။"

ရှန်းဝေကျောက်၏ မျက်လုံးများမှာ နီရဲလာပြီး သူ၏လည်ချောင်းအတွင်းမှ ဒေါသတကြီး ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ပြီးကတည်းက ရှန်းဝေကျောက်သည် အသွင်ပြောင်းလဲသွားကာ မူလနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ သန်မာလှသော ခန္ဓာကိုယ်ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ထားသဖြင့် ကျင့်ကြံမှုအဆင့် ပိုမြင့်သော မူလနယ်ပယ် သိုင်းပညာရှင်များကိုပင် သူ၏ အမတခန္ဓာကိုယ်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ဤသိုင်းပညာရှင်လေး၏ မောက်မာသော အမူအရာကို သူမည်သို့ သည်းခံနိုင်မည်နည်း။

"ဒုန်း"

ဒေါသကြောင့် ရှန်းဝေကျောက်၏ ခန္ဓာကိုယ်မှ အနက်ရောင် မိစ္ဆာစွမ်းအားများ ထွက်ပေါ်လာသည်။ သူ၏ဦးခေါင်းပေါ်တွင် အပြည့်အဝ ပွင့်လန်းနေသော ပုံရိပ်ယောင်ပန်းပွင့်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ သာမန် မူလနယ်ပယ် သိုင်းပညာရှင်များ၏ အစိမ်းရောင် "လူသားပန်းပွင့်" မျိုး မဟုတ်ဘဲ အပြာရင့်ရောင် ဖြစ်နေကာ အလွန်ပင် မိစ္ဆာဆန်လှသည်။

ရှန်းဝေကျောက်၏ ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်သွေးကြော နှစ်ခု၏ ပုံရိပ်ယောင်များလည်း ထွက်ပေါ်လာသည်။ သို့သော် ထိုသွေးကြောများမှာ ကြည်လင်သော အဖြူရောင် မဟုတ်ဘဲ အနက်ရောင်များ ဖြစ်နေသည်။ ၎င်းတို့ကို "မိစ္ဆာသွေးကြော" ဟုပင် ခေါ်ဆိုနိုင်ပေသည်။

"မိစ္ဆာသွေးကြော နှစ်ခုရှိတဲ့ မိစ္ဆာလူသားလား"

စူးချန်ခုန်းသည် စိတ်ထဲမှ ရေရွတ်လိုက်သည်။

ရှန်းဝေကျောက်၏ ကျင့်ကြံမှုအဆင့်မှာ ကျန့်ဖေးရှ သို့မဟုတ် လီဟုန်ဝူတို့နှင့် အဆင့်တူပင် ဖြစ်သည်။ တစ်ကိုယ်တော် သိုင်းပညာရှင် ဖြစ်သော ကျန့်ဖေးရှမှာ နာမည်ကျော် ဓားတောင်တန်းမှ လီဟုန်ဝူ၏ အင်အားကို မယှဉ်နိုင်ပေ။ လီဟုန်ဝူမှာမူ ရှန်းဝေကျောက်၏ အောက်တွင် လုံးဝ အရေးနိမ့်ခဲ့သဖြင့် ရှန်းဝေကျောက်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တူညီသော အဆင့်အတွင်း၌ သူတို့ကို များစွာ သာလွန်နေခြင်း ဖြစ်သည်။ ၎င်းမှာ မိစ္ဆာနတ်ဆိုး ခန္ဓာကိုယ်၏ အားသာချက်ပင် ဖြစ်သည်။

ရှန်းဝေကျောက်၏ ကိုယ်တွင်းမှ မိစ္ဆာစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကျိုးပဲ့နေသော လက်မောင်းများမှာ ခဏချင်းပင် ပြန်လည်စေ့စပ်သွားသည်။ အမတခန္ဓာကိုယ် ရှိသည့် သူအဖို့ ဦးခေါင်းခွံ ကြေမွသွားခြင်းမှာပင် အသေးစားဒဏ်ရာလေးသာ။ မိစ္ဆာစွမ်းအားများ မကုန်ဆုံးသရွေ့ သူသည် ချက်ချင်း ပြန်လည်ကောင်းမွန်နိုင်ပြီး သေဆုံးမည် မဟုတ်ပေ။

"သေစမ်း"

ရှန်းဝေကျောက်၏ ဦးခေါင်းပေါ်ရှိ အပြာရင့်ရောင် ပန်းပွင့်မှာ မိစ္ဆာအလင်းများ တောက်ပနေပြီး မိစ္ဆာသွေးကြော နှစ်ခုမှာလည်း သူ၏ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည်။ ပြင်းထန်လှသော မိစ္ဆာစွမ်းအားများနှင့်အတူ ရှန်းဝေကျောက်သည် ကိုက်ဆယ်ကျော် အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်လိုက်သည်။ သွေးကြောများ ဖောင်းကြွနေသော သူ၏ညာလက်သီးမှာ အသားကို အရိုးမှ ခွာထုတ်နိုင်သည့် လေပြင်းများနှင့်အတူ ကျရောက်လာတော့သည်။

ဒေါသထွက်နေသော ရှန်းဝေကျောက်၏ ကြမ်းတမ်းမှုမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် လီဟုန်ဝူပင် ထိတ်လန့်ကာ ချွေးပြန်သွားရသည်။

မိစ္ဆာလူသား တစ်ဦးအနေဖြင့် ရှန်းဝေကျောက်၏ ခွန်အားမှာ တူညီသော အဆင့်ရှိသူများထက် များစွာ သာလွန်လှသည်။ သူ၏အစ်ကိုကြီးတောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရမှသာ သူ့ကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အမတ ခန္ဓာကိုယ် ရှိသည့် ရှန်းဝေကျောက်အဖို့ ရက်အနည်းငယ် အနားယူပြီး မိစ္ဆာစွမ်းအားများ ပြန်လည်ပြည့်ဝလာပါက သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။

သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သော ဤဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ အကြီးအကဲစူးက သူ့ကို အမှန်တကယ် သတ်နိုင်သည့် စွမ်းရည် ရှိမရှိမှာမူ မသေချာသေးပေ။

"ဧရာမဝေလငါး နည်းပညာ - အဆုံးမဲ့ဒေါသပင်လယ်"

ပြေးဝင်လာသော ရှန်းဝေကျောက်ကို ရင်ဆိုင်ရင်း စူးချန်ခုန်း၏ ချီသွေးစွမ်းအင်များမှာ ဆူပွက်လာ၏။ သူ၏ဦးခေါင်းပေါ်တွင် ချီသွေး မီးဖိုတစ်ခု ထွက်ပေါ်လာပြီး ဧရာမဝေလငါး ချီစွမ်းအားများ ပေါက်ကွဲထွက်လာရာ သူ၏ ချီသွေးစွမ်းအင်မှာ ကျယ်ပြောပြီး ကြမ်းတမ်းလှသော ပင်လယ်ပြင်ကဲ့သို့ တောက်လောင်လာသည်။ သူသည် သူ၏ညာလက်ကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လက်ချောင်းများကြားတွင် အဆုံးမဲ့သော လေပြင်းများနှင့် လေထုများကို စုစည်းမိသွားပြီး ၎င်းတို့ကို ထိန်းချုပ်ကာ ဧရာမ ပင်လယ်နက် ဝဲဂယက်ကြီးတစ်ခုကို ဖန်တီးလိုက်တော့သည်။

All Chapters