← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂) အမျက်ထွက်နေသော ပင်လယ်မိစ္ဆာကြီး၊ ကျောက်သားကို ဖောက်ထွင်းနိုင်သော ရေတစ်စက်။ (၂)

"ဒုန်း"

ဧရာမဝေလငါး နည်းပညာ ငါးမျိုးထဲမှ အဆုံးမဲ့ ဒေါသပင်လယ်လက်သီးချက်ကို အဆင့်ကိုး ဧရာမဝေလငါး ချီစွမ်းအင်ဖြင့် လွှတ်ထုတ်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော အထွတ်အထိပ်သို့ ရောက်ရှိသွားလေ၏။ လက်သီးချက်ကို ပစ်လွှတ်လိုက်သည်နှင့် ချီစွမ်းအားများသည် ဧရာမဝေလငါးကြီး တစ်ကောင် အော်ဟီးနေသည့် ပင်လယ်နက်ဝဲဂယက်ကဲ့သို့ လည်ပတ်သွားပြီး လေထုတစ်ခုလုံးကို တုန်ခါသွားစေသည်။

"ဘုန်း"

လေးလံသော လက်သီးနှစ်ချက်မှာ မည်သည့် ဆန်းသစ်မှုမှ မပါဘဲ တည့်တိုးတိုက်မိကြရာ နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ နှစ်ဖက်စလုံး၏ အင်အားကြီးမားလှသော စွမ်းအင်များသည် အရှုံးမပေးဘဲ ဆိုင်ထားကြရာ ကိုက်သုံးဆယ် ပတ်လည်တွင် လေပြင်းများ တိုက်ခတ်လာပြီး မြေပြင်များ ကွဲအက်ကာ သစ်ပင်များမှာ အမြစ်မှ ကျွတ်ထွက်လဲပြိုကုန်၏။

"ဘာ... မကောင်းတော့ဘူး"

သို့သော် ထိုသို့ လက်ရည်တူနေသော အနေအထားမှာ ခဏတာသာ ဖြစ်သည်။ ရှန်းဝေကျောက်၏ မျက်သူငယ်အိမ်မှာ သားရဲတစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းသွားသည်။ စူးချန်ခုန်း၏ လက်သီးချက်က လွှမ်းမိုးနိုင်စွမ်း ရှိသည်ကို သူခံစားလိုက်ရသည်။ ပင်လယ်နက်ဝဲဂယက်က သူ၏အင်အားကို ဝါးမြိုပစ်ကာ ပြောင်းပြန်လှန်လိုက်ပြီး သူ့ထံသို့ ရူးသွပ်စွာ ပြန်လည်ဖိနှိပ်လာခဲ့သည်။ အခြေအနေက အလွန်ဆိုးရွားနေပြီ ဖြစ်ကြောင်း သူသိလိုက်သည်။

"ဗြိ... ဗြိ... ဗြိ"

ကြောက်မက်ဖွယ်ကောင်းသော စုတ်ပြဲသံများနှင့်အတူ လီဟုန်ဝူသည် အဝေးမှနေ၍ အံ့သြဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ရှန်းဝေကျောက်၏ လက်မောင်းမှာ အသားကြိတ်စက်ထဲသို့ ရောက်သွားသကဲ့သို့ လိမ်ကောက်သွားပြီး အသွေးအသားတို့ အရပ်ရပ်သို့ လွင့်စင်ထွက်လာသည်အထိ ပေါက်ထွက်ကုန်သည်။

ရှန်းဝေကျောက်သည် စူးချန်ခုန်း၏ အင်အားကြီးမားသော လက်သီးချက်ကြောင့် နောက်သို့ ဟန်ချက်ပျက်ကာ ယိုင်သွားသည်။ သို့သော် အမတခန္ဓာကိုယ်၏ စွမ်းအားအောက်တွင် ကြေမွသွားသော သူ၏ညာလက်မောင်းမှ အသားနှင့် အရိုးများသည် မမြင်ရသော စွမ်းအားတစ်ခုဖြင့် ပြန်လည်ဆွဲယူခြင်း ခံလိုက်ရပြီး အချိန်နောက်ပြန်လှည့်သွားသကဲ့သို့ အလျင်အမြန် ပြန်ဆက်ရန် ကြိုးစားနေ၏။

မိစ္ဆာလူသားတစ်ဦး၏ အမတခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ ဤအချက်ပင် ဖြစ်သည်။ တစ်ဖက်လူ၏ အင်အားမှာ အလွန်အမင်း သာလွန်နေပြီး ထိုမိစ္ဆာလူသားကို ဆက်တိုက်ဆိုသလို ပြင်းထန်သော ဒဏ်ရာများ မပေးနိုင်ပါက သတ်ပစ်ဖို့က မဖြစ်နိုင်သလောက်ပင်။

သို့သော် စူးချန်ခုန်းက ရှန်းဝေကျောက် ဟန်ချက်ပြန်ညီလာသည်အထိ စောင့်မနေပါ။ အဆုံးမဲ့ ဒေါသပင်လယ်ပြင်၏ အင်အားကို သယ်ဆောင်ထားသော သူ၏ဘယ်လက်သီးမှာ နောက်ထပ်တစ်ကြိမ် မိုးကြိုးကဲ့သို့ ထွက်ပေါ်လာပြန်သည်။

"တား"

ရှန်းဝေကျောက်၏ မျက်သူငယ်အိမ်မှာ သားရဲများကဲ့သို့ တောင်လိုက်ဖြစ်သွားပြီး သူ၏နဖူးပေါ်မှ သွေးကြောများမှာ ဒေါသတကြီး ဖောင်းကြွလာသည်။ သူ၏ အကောင်းတိုင်း ရှိနေသေးသော ဘယ်လက်မောင်းကို လွှဲရမ်းကာ စူးချန်ခုန်း၏ လေးလံသော လက်သီးချက်ကို တားဆီးရန် ကြိုးစားလိုက်သည်။

"ဗြိ"

ဤထိပ်တိုက်ရင်ဆိုင်မှုမှာလည်း မေးခွန်းထုတ်စရာပင်မလိုသော လွှမ်းမိုးနိုင်သည့် အင်အားကြီးမားမှုပင် ဖြစ်သည်။ ရှန်းဝေကျောက်၏ ဘယ်လက်မောင်းမှာလည်း လည်ပတ်လိမ်ကျစ်သွားပြီး အသားနှင့် သွေးများ လွင့်စင်ကာ စုတ်ပြဲသွားပြန်သည်။

စူးချန်ခုန်းက အမတခန္ဓာကိုယ်ရှိသည့် မိစ္ဆာသားရဲများနှင့် မိစ္ဆာလူသားများကို ယခင်ကလည်း ရင်ဆိုင်ဖူးပါ၏။ အမတခန္ဓာကိုယ်ကို အနိုင်ယူနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ တစ်ကိုယ်လုံးကို ပြင်းထန်သော ဒဏ်ရာများ ရရှိစေရန်၊ ရန်သူ၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ များများ ပျက်စီးစေရန်နှင့် မိစ္ဆာစွမ်းအားများကို အဆက်မပြတ် ကုန်ဆုံးစေရန် ပြုလုပ်ပြီးမှသာ နောက်ဆုံးတွင် သတ်ဖြတ်နိုင်မည်ဖြစ်ကြောင်းကို သူ၏နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း သိထားသည်။

"သောက်ကောင်... သေစမ်း"

အမျက်ထွက်နေသော ပင်လယ်ပြင်ကြီးကဲ့သို့ ပြင်းထန်လှသော စူးချန်ခုန်း၏ လက်သီးချက်ကြောင့် လက်မောင်းနှစ်ဖက်လုံး စုတ်ပြဲသွားရသဖြင့် ရှန်းဝေကျောက်၏ မျက်လုံးများမှာ သွေးချင်းရဲရဲနီနေ၏။ သူ၏ သွေးကြောများနှင့် စွမ်းအင်လမ်းကြောင်းများ ဖောင်းကြွလာပြီး သူ၏မျက်နှာမှာလည်း မိစ္ဆာတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်လာသည်။ သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ခါးအထိ ရှည်သော ဆံပင်နက်များမှာ သက်ရှိများကဲ့သို့ လှုပ်ရှားလာပြီး စတီးအပ်များကဲ့သို့ မာကျောလာကာ စူးချန်ခုန်းထံသို့ အရပ်မျက်နှာအနှံ့မှ လေကိုခွင်း၍ ပြေးဝင်လာတော့သည်။

နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော မိစ္ဆာလူသားများနှင့် မိစ္ဆာများတွင် မိစ္ဆာအတတ်များ ရှိကြသည်။ ရှန်းဝေကျောက်၏ မိစ္ဆာအတတ်က တကယ်ကို ရိုးရှင်းပါသည်။ သူ၏ဆံပင်များကို ရှည်ထွက်စေကာ မာကျောစေပြီး ရန်သူ၏ သံချပ်ကာနှင့် ချီစွမ်းအား ကာကွယ်မှုများကို ဖောက်ထွင်းနိုင်သော လက်နက်များအဖြစ် ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။

ရိုးရှင်းသော်လည်း ထိရောက်လှသည်။

"လိပ်အသက်ရှူနည်းချီစွမ်းအားနဲ့ တိုက်ရိုက်ရင်ဆိုင်လို့ မဖြစ်ဘူး"

စူးချန်ခုန်းသည် အန္တရာယ်ကို မသိစိတ်မှ အလိုလို ခံစားမိသည်။ သူ၏ အဆင့်ကိုးရှိ လိပ်အသက်ရှူနည်းပညာမှာ အားကောင်းသော်လည်း မူလနယ်ပယ်အဆင့်ရှိ မိစ္ဆာလူသားတစ်ဦးကို ရင်ဆိုင်ရန်မှာမူ အနည်းငယ် မလုံလောက်သေးကြောင်း သိထားသည်။

"ဧရာမဝေလငါးနည်းပညာ - ဒေါသတကြီး လှိုင်းလုံးများ ကမ်းကို ရိုက်ခတ်ခြင်း"

ဤတစ်ကြိမ်တွင်မူ စူးချန်ခုန်းသည် ဧရာမဝေလငါးနည်းပညာမှ လက်ဖဝါးပညာရပ်ကို အသုံးပြုကာ လက်ဖဝါးနှစ်ဖက်လုံးဖြင့် ပစ်လွှတ်လိုက်သည်။ လက်ဖဝါးများကို ရှေ့သို့ တွန်းထုတ်လိုက်သောအခါ သူ၏ရှေ့မှ လေဟာနယ်မှာ အကြောင်းပြချက် မရှိဘဲ လေးလံသွားပြီး တောင်များနှင့် ပင်လယ်ပြင်ကြီးကို တွန်းထုတ်လိုက်သကဲ့သို့ ထူထဲသော ချီစွမ်းအား တံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ရှေ့သို့ အကြမ်းပတမ်း လိမ့်တက်သွားသည်။

ပြေးဝင်လာသော မိစ္ဆာဆံပင်များသည် ထိုတံတိုင်းကြီး၏ ဖိနှိပ်မှုအောက်တွင် ကြေမွသွားရသည်။ အထပ်ထပ်သော ချီစွမ်းအားများမှာ အမျက်ထွက်နေသော လှိုင်းလုံးကြီးများကဲ့သို့ ရှန်းဝေကျောက်၏ ခန္ဓာကိုယ်ကို မညှာမတာ ရိုက်ပုတ်လိုက်တော့သည်။

"ဘုန်း... ဘုန်း... ဘုန်း... ဘုန်း"

ထိမှန်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ရှန်းဝေကျောက်၏ မိစ္ဆာခန္ဓာကိုယ်မှာ အဝတ်စုတ်ကဲ့သို့ လွင့်စဉ်သွားပြီး သွေးတွေ ပန်းထွက်ကုန်၏။ သူ၏ခြေလက်များ ပြတ်တောက်ကာ ခန္ဓာကိုယ်မှ သီးခြားစီ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသော်လည်း သူ၏မိစ္ဆာစွမ်းအားများကြောင့် ထိုပြတ်တောက်သွားသော အစိတ်အပိုင်းများနှင့် သွေးများသည် ပြန်လည်ဆက်ပြီး ကုသရန်အတွက် ခန္ဓာကိုယ်ထံသို့ အလျင်အမြန် ပြန်လည် ဆွဲယူခံလိုက်ရသည်။

"သူ့ကို ပြန်ကောင်းလာစေလို့ မဖြစ်ဘူး"

စူးချန်ခုန်း၏ မျက်လုံးများမှာ မုန်တိုင်းနှင့် လျှပ်စီးများကဲ့သို့ ပြင်းထန်စွာ တောက်ပနေ၏။ သူက ရှေ့သို့ တက်ကာ လွင့်ထွက်သွားသော ရှန်းဝေကျောက်နောက်သို့ ထက်ကြပ်မကွာ လိုက်သွားသည်။ သူ၏ညာလက်မှာ လက်သီး၊ ဘယ်လက်မှာ လက်ဖဝါးနှင့် ရှန်းဝေကျောက်အပေါ်သို့ အမျက်ထွက်နေသော ပင်လယ်ပြင်ကဲ့သို့ ပြင်းထန်သော တိုက်စစ်များဖြင့် ဆက်တိုက် တိုက်ခိုက်လေတော့သည်။

ပြင်းထန်လှသော မုန်တိုင်းတစ်ခုကဲ့သို့ အဆက်မပြတ် တိုက်ခိုက်မှုများမှာ ထွက်ပေါ်လာ၏။ စူးချန်ခုန်းသည် ရှန်းဝေကျောက်ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပေးလို့ မဖြစ်ကြောင်း သိထားသဖြင့် သေသည်အထိ မနားတမ်း ထိုးနှက်နေခြင်း ဖြစ်သည်။

"ဒုန်း... ဒုန်း... ဒုန်း"

လက်သီးချက် တစ်ချက်ပြီးတစ်ချက် ရှန်းဝေကျောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ့ကို အထက်အောက် လှန်ပစ်လိုက်သည်။ သူ၏ခြေလက်များမှာ ပြတ်တောက်လိုက် ပြန်ဆက်လိုက်နှင့် ဖြစ်နေပြီး ခန္ဓာကိုယ်မှာ အဆက်မပြတ် ပျက်စီးကာ ပြန်လည် ဖြစ်ပေါ်နေရသဖြင့် ပြန်လည် တိုက်ခိုက်ရန်ပင် မစွမ်းဆောင်နိုင်တော့ပေ။

"အကြီးအကဲစူးက... တကယ်ပဲ ချီသွေးနယ်ပယ် သိုင်းပညာရှင် တစ်ယောက်လား။ ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။ ဒီမိစ္ဆာလူသား ပြန်မခုခံနိုင်တဲ့အထိအောင် တိုက်ခိုက်နေတာပဲလား။ သူရဲ့ သိုင်းပညာက... တော်တော့်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ"

လီဟုန်ဝူသည် ဦးရေပြားများ ထုံကျင်သွားသည်အထိ ငေးကြည့်နေမိပြီး တံတွေးများကို အကြိမ်ကြိမ် မျိုချကာ ကျောချမ်းသွားမိသည်။

ကြမ်းတမ်းလှသည်။ လွှမ်းမိုးနိုင်စွမ်း ရှိသည်။

စူးချန်ခုန်း၏ အဆင့်ကိုးရှိ ဧရာမဝေလငါးနည်းပညာမှာ အဆုံးမဲ့သော ပင်လယ်နက်ကြီးကဲ့သို့ ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ တစ်ကြိမ် ဖိနှိပ်ခြင်း ခံလိုက်ရပါက ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး မရှိတော့ဘဲ အပိုင်းပိုင်းပြတ်တောက်သွားသည်အထိ ချောက်နက်ကြီးအတွင်းသို့ နစ်မြုပ်သွားရုံသာ။

ရှန်းဝေကျောက်သည် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာသည်နှင့် စူးချန်ခုန်း၏ လက်သီးနှင့် လက်ဖဝါးများက ၎င်းကို ပြန်လည် ချေမှုန်းပစ်လိုက်သဖြင့် မည်သည့် အခွင့်အရေးမှ မရခဲ့ပေ။

"ရှူး... ရှူး... ရှူး"

ရှန်းဝေကျောက်၏ ဆံပင်များမှာ အလျင်အမြန် ရှည်ထွက်လာသည်။ အချို့မှာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ကြိုးစားပြီး အချို့မှာမူ စူးချန်ခုန်းကို ရစ်ပတ်ရန် ကြိုးစားနေသည်။ အသက်ရှူဖို့ အချိန်အနည်းငယ် ရရှိရန်၊ အပြည့်အဝ ပြန်လည် ကောင်းမွန်လာရန်၊ ပြန်လည် တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန်အတွက် အခွင့်အလမ်း ရှာဖွေနေခြင်း ဖြစ်သည်။

အခန်း (၄၄၃) အမျက်ထွက်နေသော ပင်လယ်မိစ္ဆာကြီး၊ ကျောက်သားကို ဖောက်ထွင်းနိုင်သော ရေတစ်စက်။ (၃)

သို့သော် ၎င်းက အသုံးမဝင်ခဲ့ပေ။ စူးချန်ခုန်း၏ လက်သီး၊ လက်ဖဝါးနှင့် လက်ညှိုးတို့က တစ်ပြိုင်နက်တည်း ကျရောက်လာပြီး ရှန်းဝေကျောက်၏ ဆံပင်များကို နောက်သို့ လွင့်သွားစေကာ သူ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းပြတ်တောက်သွားစေသည်။ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသော်လည်း စူးချန်ခုန်း၏ အဆက်မပြတ် ပြင်းထန်သော ထိုးနှက်ချက်များအောက်တွင် ပြန်လည်မပြုပြင်နိုင်ခင်မှာပင် နောက်ထပ်တစ်ကြိမ် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရပြန်သည်။

ချေမှုန်းခြင်း။ တစ်ဖက်သတ် ချေမှုန်းခြင်းပင် ဖြစ်သည်။

ရှန်းဝေကျောက်၏ အမတ ခန္ဓာကိုယ်သည်ပင် စူးချန်ခုန်း၏ လက်အောက်တွင် ရုန်းမထွက်နိုင်ခဲ့။ အချိန်ကြန့်ကြာပြီး သူ၏နာကျင်မှု တိုးပွားလာရုံသာ။

"တော်... တော်တော့။ မူလချီစွမ်းအင် ဘယ်မှာရှိလဲဆိုတာ ငါသိတယ်... ငါပေးနိုင်..."

ရှန်းဝေကျောက် အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သူ၏ခန္ဓာကိုယ်မှာ အကြီးအကျယ် ပျက်စီးနေပြီး မိစ္ဆာစွမ်းအားများ သိသိသာသာ ကုန်ဆုံးနေသည်ကို သတိပြုလိုက်မိသည်။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက သူသည် သေခြင်းတရားဆီသို့သာ ဦးတည်နေတော့မည် ဖြစ်သည်။ စူးချန်ခုန်း တိုက်နေတာကို ရပ်တန့်စေရန်အတွက် သူ၏ လောဘကို နှိုးဆွရန် မူလချီစွမ်းအင် ရှိကြောင်း လိမ်ညာအော်ပြောလိုက်ခြင်း ဖြစ်သည်။

"ဘုန်း"

သို့သော် စူးချန်ခုန်းကတော့ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိပေ။ "ကျောက်သားကို ဖောက်ထွင်းနိုင်သော ရေတစ်စက်" ဟူသော လက်ညှိုးတစ်ချက်ဖြင့် ရှန်းဝေကျောက်၏ ဦးခေါင်းတွင် လက်သီးဆုပ်ခန့်ရှိသော သွေးပေါက်ကြီးတစ်ခုကို ဖောက်လိုက်သည်။

စူးချန်ခုန်းသည် ရှန်းဝေကျောက်၏ လှည့်ကွက်ကို လွယ်လွယ်နှင့် မယုံပါပေ။ အကယ်၍ သူသာ တကယ်ရပ်တန့်ပြီး ရှန်းဝေကျောက်ကို အသက်ရှူခွင့် ပေးလိုက်ပါက ရှန်းဝေကျောက် ပြန်လည်ကောင်းမွန်လာသည်နှင့် ထွက်ပြေးသွားနိုင်ပြီး သူ့ကို သတ်ဖို့က အလွန်ခက်ခဲသွားပေလိမ့်မည်။

သူ့ကို မှုန့်မှုန့်ညက်ညက် ခြေမွှပစ်ခြင်းကသာ မှန်ကန်သော လမ်းစဉ် ဖြစ်သည်။

"မဖြစ်ဘူး"

စူးချန်ခုန်း၏ လက်အောက်တွင် သူ၏ခန္ဓာကိုယ် ဘယ်အကြိမ် ပျက်စီးသွားသည်ကိုပင် မသိတော့ဘဲ သူ၏မိစ္ဆာစွမ်းအားများ ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရကာ အလွန်အမင်း မကျေမနပ်ဖြစ်စွာ အော်ဟစ်လိုက်တော့သည်။ သူ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပြီး မြေပြင်အနှံ့ အရပ်မျက်နှာ အရပ်ရပ်သို့ လွင့်စင်သွားသည်။ ဤတစ်ကြိမ်တွင်မူ သူ၏ခန္ဓာကိုယ်မှာ ပြန်မဆက်နိုင်တော့ပေ။

"ငါထင်ထားသလောက် မသန်မာဘူးပဲ..."

စူးချန်ခုန်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး သူ၏ကိုယ်တွင်းရှိ လှုပ်ရှားနေသော ချီနှင့်သွေးစွမ်းအင်များကို ပြန်လည်ငြိမ်သက်စေလိုက်သည်။ ဆက်တိုက်ဆိုသလို အစွမ်းကုန် တိုက်ခိုက်ခဲ့ရသဖြင့် သူသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး သူ၏ခန္ဓာကိုယ်အတွက် သိသိသာသာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။ သူ တိတ်တဆိတ် စဉ်းစားမိသည်။

ဤရှန်းဝေကျောက်က အမှန်တကယ်ကို သန်မာလှသည်။ ကောင်းကင်သွေးကြော နှစ်ခု ပွင့်ထားသော ကျန့်ဖေးရှနှင့် လီဟုန်ဝူတို့ထက်ပင် ပိုမိုသန်မာသည်။ သို့သော် သူ၏အကြီးမားဆုံး အားသာချက်မှာ အမတခန္ဓာကိုယ် ရှိနေခြင်းသာ။

အကယ်၍ ရန်သူ၏ အင်အားမှာ သူနှင့် တန်းတူ သို့မဟုတ် မတိမ်းမယိမ်း ဖြစ်နေပါက သူသည် ပြိုင်ဘက်ကို အလွယ်တကူ သာသာယာယာပင် ချေမှုန်းပစ်နိုင်ပေလိမ့်မည်။ သို့သော် ဧရာမဝေလငါး နည်းပညာမှာ အဆင့်ကိုးသို့ တက်လှမ်းနိုင်ခဲ့ပြီး တိုက်ရိုက်ရင်ဆိုင် တိုက်ခိုက်ရာတွင် အပြင်းအထန် လွှမ်းမိုးနိုင်သော စူးချန်ခုန်းနှင့် ရင်ဆိုင်ရချိန်တွင်မူ ရှန်းဝေကျောက်မှာ ပြန်လည် တိုက်ခိုက်ဖို့တောင် မစွမ်းဆောင်နိုင်တော့ပေ။ သူသည် လက်သီးချက်များကို အသာတကြည် ခံနေရုံသာ ရှိတော့သဖြင့် အမတ ခန္ဓာကိုယ်မှာ ခံနိုင်ရည် အနည်းငယ် ပိုရှိရုံသာ အသုံးဝင်တော့သည်။

"အဆင့်နိမ့် မိစ္ဆာနတ်ဆိုးရဲ့ နတ်ဆိုးအမြုတေပဲ"

လွင့်ထွက်သွားသော အစိတ်အပိုင်းများကြားတွင် စူးချန်ခုန်းသည် နီကြင့်ကြင့် နတ်ဆိုးအမြုတေတစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းကို ကောက်ယူလိုက်ပြီး စိတ်ထဲတွင် မျက်မှောင်ကြုတ်လိုက်မိသည်။

ရှန်းဝေကျောက်တွင် မူလနယ်ပယ်အဆင့် တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း သူ၏နတ်ဆိုးအမြုတေမှာ စူးချန်ခုန်း ယခင်က ရရှိခဲ့ဖူးသော အဆင့်နိမ့် မိစ္ဆာနတ်ဆိုးများ၏ နတ်ဆိုးအမြုတေများနှင့် မခြားနားပေ။ ၎င်းတို့အတွင်း ကိန်းဝပ်နေသော စွမ်းအင်က အတူတူပင် ဖြစ်သည်။

"နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ထားတဲ့ မိစ္ဆာလူသားတွေကြားမှာလည်း ကွာခြားချက်တွေ ရှိပုံရတယ်... စွမ်းရည် ကွာခြားသွားတာက သူတို့ပေါင်းစပ်လိုက်တဲ့ နတ်ဆိုးအမြုတေရဲ့ အရည်အသွေးပေါ် မူတည်နေတာပဲ" စူးချန်ခုန်းက သူ၏လက်ထဲမှ နတ်ဆိုးအမြုတေကို ဆော့ကစားရင်း စဉ်းစားနေမိသည်။

သိုင်းပညာရှင် တစ်ဦးသည် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ရာတွင် အမြုတေ၏ အဆင့်အတန်း မြင့်မားလေလေ စွမ်းရည် ပိုကြီးမားလေဖြစ်ပြီး ကြီးထွားနိုင်စွမ်း အကန့်အသတ်မှာလည်း ပိုမိုမြင့်မားလေသည်။

သို့သော် မိစ္ဆာနတ်ဆိုးများမှာ နဂိုကပင် ရှားပါးလှပြီး အများအားဖြင့် အမဲလိုက်ခံရသူများမှာ အဆင့်နိမ့် မိစ္ဆာနတ်ဆိုးများသာ ဖြစ်သည်။ အဆင့်နိမ့် နတ်ဆိုးအမြုတေများနှင့် ပေါင်းစပ်ထားသော မိစ္ဆာလူသားများမှာမူ စွမ်းရည် အကန့်အသတ် ရှိကြသည်။

အဆင့်မြင့် နတ်ဆိုးအမြုတေများကိုတော့ အမဲလိုက်ရန်ပင် မဖြစ်နိုင်သလောက်ပင် ဖြစ်ရာ ၎င်းတို့၏အမြုတေနှင့် ပေါင်းစပ်ဖို့ဆိုတာ ဆိုဖွယ်ရာ မရှိတော့ပေ။

သို့သော် အဆင့်မြင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသော သိုင်းပညာရှင်များမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

"အခု ငါ့လက်ထဲမှာ နတ်ဆိုးအမြုတေ ငါးခု ရှိနေပြီ" စူးချန်ခုန်း အတော်ပင် ကျေနပ်နေမိသည်။

သူသည် မိစ္ဆာသိုင်းအဖွဲ့အစည်းမှ မော့ယင်ကို သတ်ခဲ့စဉ်က တစ်ခုရရှိခဲ့ပြီး ဖေမိသားစုထံမှ သုံးခု ရရှိခဲ့သည်။ ယခုတစ်ခုနှင့် ပေါင်းလျှင် စုစုပေါင်း ငါးခု ရှိပြီ ဖြစ်သည်။

"စူး... အကြီးအကဲစူး၊ ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"

ထိုအချိန်တွင် လီဟုန်ဝူ၏ ဘေးနားမှ ကျေးဇူးတင်စကားနှင့်အတူ အံ့သြတုန်လှုပ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

လီဟုန်ဝူ၏ စူးချန်ခုန်းအပေါ် ကြည့်သော အကြည့်မှာ တုန်လှုပ်မှုနှင့် အံ့သြမှုများဖြင့် ပြည့်နှက်နေ၏။

လီဟုန်ဝူ၏ အမြင်တွင် စူးချန်ခုန်းမှာ နတ်ပိုးချည်ကျင့်စဉ်ကို သင်ယူထားသဖြင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်းတွင် ထူးချွန်သူတစ်ဦးအဖြစ် လေးစားဖွယ် အဆင့်အတန်းတစ်ခု ရရှိထားသူသာ ဖြစ်သည်။ သို့သော် မူလနယ်ပယ်အဆင့်သို့ပင် မရောက်သေးသော ဤလူငယ်က သူနှင့် သူ၏အစ်ကိုကို ထွက်ပြေးအောင် ဖိအားပေးနိုင်ခဲ့သော မိစ္ဆာလူသားကို လက်သီးဗလာဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု သူဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။

တကယ်လို့ သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာ မဟုတ်ပါက လီဟုန်ဝူအဖို့ ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူက "ဒီစူးဟေးလိုင်က မိသားစုကြီးတွေ ဒါမှမဟုတ် ထိပ်တန်းဂိုဏ်းကြီးတွေက ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်လား" ဟု တွေးတောသွားသည်။

ဤမျှအဆင့်ရှိသော ပါရမီရှင်မျိုးကို မိသားစုကြီးများနှင့် ထိပ်တန်းဂိုဏ်းကြီးများတွင် တွေ့ရှိပါက ရှိသမျှ အရင်းအမြစ်များကို ပုံအောကာ ကျွေးမွေးစောင့်ရှောက်ပေလိမ့်မည်။ သူတို့အတွက် မူလချီစွမ်းအင် တစ်မျှင်ရရှိရန် မစွမ်းဆောင်နိုင်စရာ အကြောင်းမရှိပေ။

"ရပါတယ်ဗျာ... နာမည်ကျော် ဓားတောင်တန်းမှာ မူလချီစွမ်းအင် ရှိလား"

စူးချန်ခုန်းသည် နတ်ဆိုးအမြုတေကို သိမ်းဆည်းလိုက်ပြီး ခေါင်းခါပြကာ မျှော်လင့်ချက်ဖြင့် မေးမြန်းလိုက်သည်။

ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ နောက်ထပ် မူလချီစွမ်းအင် တစ်မျှင် ထွက်ပေါ်လာရန်မှာ နောက်ထပ် ဆယ်နှစ်ခန့် စောင့်ရဦးမည်ဟု ခန့်မှန်းထားပြီး ထွက်ပေါ်လာချိန်တွင်လည်း သူ၏အလှည့် ရောက်မရောက် မသေချာပေ။ ထို့ကြောင့် လီဟုန်ဝူကို မေးမြန်းကြည့်ခြင်း ဖြစ်သည်။

နာမည်ကျော် ဓားတောင်တန်းတွင် မူလနယ်ပယ် သိုင်းပညာရှင်များ ရှိသဖြင့် မူလချီစွမ်းအင်လည်း ရှိပေလိမ့်မည်။

အကယ်၍ ရှိပါက သူသည် ကြိုတင်၍ အကြောင်းကြားထားနိုင်ပြီး နာမည်ကျော် ဓားတောင်တန်းကို သူ့အား ပေးအပ်ရန် တောင်းဆိုနိုင်သည်။ နောက်ပိုင်းတွင် သူပိုမို သန်မာလာသောအခါ နာမည်ကျော် ဓားတောင်တန်းကို ပြန်လည် ကျေးဇူးဆပ်ပေလိမ့်မည်။ သူပြသခဲ့သော စွမ်းရည်နှင့် အင်အားကို လီဟုန်ဝူ ခုနကပင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ထိုစကားကို ကြားသောအခါ လီဟုန်ဝူက ခါးသီးစွာ ပြုံးလျက် ခေါင်းခါလိုက်သည်။ "အကြီးအကဲစူး၊ ကျွန်တော်တို့ရဲ့ နာမည်ကျော် ဓားတောင်တန်းက ခင်ဗျားတို့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းလောက် မချမ်းသာပါဘူးဗျာ... နာမည်ကျော် ဓားတောင်တန်းမှာ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုပဲ မူလနယ်ပယ် သိုင်းပညာရှင်တွေ ရှိတာပါ။ နာမည်ကျော် ဓားတောင်တန်းမှာ နောက်ဆုံး မူလချီစွမ်းအင် ထွက်ပေါ်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀ ကဖြစ်ပြီး အစ်ကိုကြီးက အသုံးပြုခဲ့ပါတယ်။ လတ်တလော အနီးဆုံးကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကဖြစ်ပြီး ကျွန်တော် အသုံးပြုခဲ့ပါတယ်"

ထိုစကားကို ကြားသောအခါ စူးချန်ခုန်းသည် အတော်ပင် စိတ်ပျက်သွားသည်။

နာမည်ကျော် ဓားတောင်တန်းသည် နှစ်ပေါင်း တစ်ရာလျှင် မူလချီစွမ်းအင် တစ်မျှင် နှစ်မျှင်သာ ထွက်ရှိသည်။ လီဟုန်ဝူ ကိုယ်တိုင်ပင်လျှင် မူလချီစွမ်းအင် တစ်မျှင်ရရန် လွန်ခဲ့သော ဆယ်နှစ်အထိ စောင့်ခဲ့ရသဖြင့် သူသည် မူလနယ်ပယ်အဆင့်သို့ နောက်ကျမှ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ ကောင်းကင်သွေးကြော နှစ်ခု ပွင့်ခဲ့ခြင်း ဖြစ်သည်။

ဗဟိုပြည်နယ်တွင် မြေသန့်မြေကောင်းများကို သိမ်းပိုက်ထားသော ဂိုဏ်းအများစုမှာ နက်ရှိုင်းသော အစဉ်အလာနှင့် အင်အားကြီးမားသော ဂိုဏ်းများမှလွဲ၍ ကျန်သော ဂိုဏ်းများသည် အခြားသူများ လာရောက်လုယူမည်ကို စိုးရိမ်သဖြင့် မူလချီစွမ်းအင် ထွက်လာသည်နှင့် ချက်ချင်း အသုံးပြုလေ့ရှိကြသည်။

အကယ်၍ မိမိတို့ဂိုဏ်းအတွင်းမှ ထွက်ရှိလာသော မူလချီစွမ်းအင်ကို အမြန် အသုံးမပြုပါက ဂိုဏ်းကြီးများမှာ မူလချီစွမ်းအင် အပိုရှိနေသည်ကို မနှစ်မြို့ကြပေ။ သူတို့က လာရောက် တောင်းဆိုခြင်း သို့မဟုတ် လုယူရန် ကြိုးစားခြင်းများ ပြုလုပ်လာပါက ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သော ရှုပ်ထွေးမှုများကို ရှောင်ရှားရန် ချက်ချင်း အသုံးပြုလိုက်တာက ပိုကောင်းပါသည်။

"ဒါဆိုရင် စူးဟေးလိုင်က တကယ်ပဲ ချီသွေးနယ်ပယ်မှာပဲ ရှိနေသေးတာပေါ့... သူက မူလချီစွမ်းအင်ကို အသည်းအသန် လိုချင်နေတာပဲ" စူးချန်ခုန်း၏ စိတ်ပျက်လက်ပျက် အမူအရာကို မြင်သောအခါ စူးချန်ခုန်းသည် သူ၏ကျင့်ကြံမှုကို ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် ချီသွေးနယ်ပယ်၌သာ ရှိနေသေးကြောင်း လီဟုန်ဝူ အပြည့်အဝ ယုံကြည်သွားတော့သည်။

သို့သော် စူးချန်ခုန်း၏ စိတ်ပျက်နေသော အမူအရာကို မြင်သောအခါ လီဟုန်ဝူတွင် အကြံတစ်ခု ပေါ်လာ၏။ "အကြီးအကဲစူး၊ နာမည်ကျော် ဓားတောင်တန်းမှာ မူလချီစွမ်းအင် အပိုမရှိပေမဲ့ ရှိနိုင်မယ့် နေရာတစ်နေရာကိုတော့ ကျွန်တော် သိပါတယ်"

"ဘယ်နေရာလဲ" လီဟုန်ဝူ၏ စကားကြောင့် စူးချန်ခုန်း၏ မျက်လုံးများ ချက်ချင်း လက်ကနဲ ဖြစ်သွားသည်။

လီဟုန်ဝူက "နှင်းချောက်နက်တောင်ပါ။ မကြာသေးခင်က နှင်းချောက်နက်တောင်မှာ လူတစ်ယောက်တည်းတင် မူလချီစွမ်းအင် ရခဲ့တာ မဟုတ်ပါဘူး။ မူလချီစွမ်းအင် လုယူကြရင်း သွေးချောင်းစီး တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော်တို့ အစက ကျွန်တော်တို့ရဲ့ လက်ရွေးစင်တပည့်တွေကို အဲ့ဒီကိုခေါ်သွားပြီး ကံစမ်းဖို့ စီစဉ်ထားတာပါ"

"နှင်းချောက်နက်တောင်လား"

စူးချန်ခုန်းသည် ထိုအကြံကြောင့် စိတ်လှုပ်ရှားသွားသည်။

ဗဟိုပြည်နယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိသော နှင်းချောက်နက်တောင်သည် မိုင်ပေါင်း ထောင်ချီ ရှည်လျားပြီး တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေသော ဧရာမ နှင်းတောင်ကြီး ဖြစ်သည်။ ၎င်းမှာ သာမန်လူများ နေထိုင်ရန် မသင့်တော်သဖြင့် လူသူကင်းမဲ့ပြီး ဆိတ်သုဉ်းနေသော နေရာတစ်ခု ဖြစ်သည်။

သို့သော် လူသူအရောက်အပေါက် နည်းပါးပြီး အခြားသူများ မဖျက်ဆီးရသေးသော နေရာမျိုးတွင် မူလချီစွမ်းအင်များ ထွက်ပေါ်လာပြီး မစုဆောင်းရသေးဘဲ ရှိနေနိုင်ခြေ ပိုများသည်။

လီဟုန်ဝူ၏ အဆိုအရ နှင်းချောက်နက်တောင်တွင် မကြာသေးမီက မူလချီစွမ်းအင် တစ်မျှင်ထက်မက ရရှိခဲ့ကြသည်ဟု ဆိုသည်။

မူလနယ်ပယ် သိုင်းပညာရှင် နှစ်ဦးဖြစ်သော လီဟုန်ဝူနှင့် လီဟုန်ယီတို့သည် နာမည်ကျော် ဓားတောင်တန်းမှ ရာစုနှစ်တစ်ခုလျှင် တစ်မျှင် နှစ်မျှင်သာ ထွက်ရှိသဖြင့် သူတို့ဂိုဏ်းမှ ထူးချွန်သော တပည့်အချို့မှာ မူလချီစွမ်းအင် မရှိသဖြင့် အဆင့်တက်ရန် ခက်ခဲနေကြသောကြောင့် ကံကောင်းလိုငြား နှင်းချောက်နက်တောင်သို့ သွားရန် ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် လီဟုန်ဝူသည် ယခုအခါ နှင်းချောက်နက်တောင်သို့ သွားဖို့ အကြံကို လက်လျှော့လိုက်ပြီ ဖြစ်သည်။ ခရီးစထွက်သည်နှင့် မိစ္ဆာလူသား ရှန်းဝေကျောက်၏ တိုက်ခိုက်မှုကို ခံရပြီး ထူးချွန်တပည့် ဆယ်ဦးကျော် သေဆုံးကာ လီဟုန်ယီလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် အနားယူ ကုသရန် လိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် နှင်းချောက်နက်တောင်မှ ရှုပ်ထွေးသော အခြေအနေများကြားသို့ ဝင်ရောက်ရန် ဆန္ဒမရှိတော့ပေ။

စူးချန်ခုန်းသည် စိတ်လှုပ်ရှားစွာဖြင့် "ငါက အခု အဟန့်အတားတစ်ခုနဲ့ ရင်ဆိုင်နေရတာ၊ မူလနယ်ပယ်အဆင့်ကို မတက်လှမ်းနိုင်သရွေ့ ငါက အမြဲတမ်း ချီသွေးနယ်ပယ်မှာပဲ ရှိနေဦးမှာ။ တကယ်လို့ နှင်းချောက်နက်တောင်မှာ ငါကံကောင်းပြီး မူလချီစွမ်းအင် တစ်မျှင်လောက်သာ ရခဲ့မယ်ဆိုရင်..." ဟု တွေးတောနေမိတော့သည်။

အခန်း (၄၄၄) နှင်းချောက်နက်တောင်။ အေးခဲနေသော ချီနဂါးနန်းဆောင်။ (၁)

မည်သည့် သိုင်းပညာရှင်မဆို မိမိ၏ အဆင့်က ရှေ့မတိုးဘဲ ရပ်တန့်နေသည်ကို မလိုလားကြပေ။ စူးချန်ခုန်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ချီသွေးနယ်ပယ်အဆင့်၏ အထွတ်အထိပ်တွင် ပိတ်မိနေသဖြင့် သူသည် မည်သို့ပင်ဖြစ်စေ အဆင့်တက်လှမ်းနိုင်မည့် နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။

"နှင်းချောက်နက်တောင်ကို သွားကြည့်ရင် ကောင်းမလား" နောက်ဆုံးတွင် စူးချန်ခုန်းသည် နှင်းချောက်နက်တောင်သို့ သွားရောက်ကာ သူ၏ ကံကြမ္မာကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အကယ်၍ မူလချီစွမ်းအင်ကို သဘာဝအတိုင်း ရနိုင်ပါက အကောင်းဆုံးဖြစ်ပြီး မရခဲ့ပါကလည်း ရက်အနည်းငယ် အချိန်ကုန်သွားရုံသာ ရှိမည်ဖြစ်သည်။

ဤသို့ တွေးတောပြီးနောက် စူးချန်ခုန်းက လီဟုန်ဝူအား "ဒုတိယဂိုဏ်းချုပ်လီ၊ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေကို တခြားသူတွေကို မပြောပါနဲ့။ ကျွန်တော် ပြဿနာ မဖြစ်ချင်လို့ပါ" ဟု ပြောလိုက်သည်။

ချီသွေးနယ်ပယ်၌သာ ရှိသေးသူတစ်ဦးက မူလနယ်ပယ်၌ ရှိသော မိစ္ဆာလူသားကို သတ်ဖြတ်နိုင်သည်ဟူသော သတင်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

"ဒါပေါ့... ဒါပေါ့... ကျွန်တော် နားလည်ပါတယ်"

လီဟုန်ဝူက ချက်ချင်းပင် ခေါင်းညိတ်သဘောတူပြီး ထပ်တလဲလဲ ကတိပေးလိုက်သည်။ သူကိုယ်တိုင်လည်း နာမည်ကျော် ဓားတောင်တန်းအတွက် ပြဿနာများ မဖန်တီးလိုပေ။

"ကျွန်တော် နတ်ပိုးချည်မျှင်တွေကို သုံးပြီး ခင်ဗျားအစ်ကိုရဲ့ ကျိုးပဲ့နေတဲ့ အရိုးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြန်စေ့ပြီး ချုပ်ပေးထားပါတယ်။ သူ့ကို အချိန်အနည်းငယ်လောက် ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။ ကျွန်တော် သွားလိုက်ပါဦးမယ်။"

ထို့နောက် စူးချန်ခုန်းသည် အချိန်မဆွဲဘဲ လီဟုန်ဝူကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။

"ဝိညာဉ်လမ်းစဉ်ဂိုဏ်းက... တကယ်ပဲ ဒီလို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်တာလား"

ထွက်ခွာသွားသော စူးချန်ခုန်း၏ ကျောပြင်ကို ကြည့်ရင်း လီဟုန်ဝူ အနည်းငယ် မနာလိုဖြစ်မိသည်။ ဤမျှ ထူးခြားသော ပါရမီရှင်မျိုးမှာ အမှန်တကယ်ပင် သာမန်လူ မဟုတ်ပေ။

ထို့နောက် လီဟုန်ဝူသည် တိုက်ပွဲဖြစ်ပွားရာနေရာကို အလျင်အမြန် ရှင်းလင်းလိုက်သည်။ အဓိကအားဖြင့် ရှန်းဝေကျောက်၏ အလောင်းကို စုစည်းကာ မီးဖြင့် ပြာဖြစ်အောင် အကုန်အစင် ရှို့ပစ်လိုက်သည်။ သူတို့၏ တပည့် ဆယ်ဦးကျော်ကို သတ်ဖြတ်ပြီး သူ၏အစ်ကိုကိုပါ သေလုနီးပါး ဖြစ်စေခဲ့သော ဤမိစ္ဆာလူသားကို အလွန်ပင် မုန်းတီးလှသဖြင့် စူးချန်ခုန်း မပြောလျှင်ပင် ရှန်းဝေကျောက်၏ အလောင်းကို အကောင်းအတိုင်း ထားခဲ့မည် မဟုတ်ပါ။

ခရီးတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြန်လာခဲ့ရာ စူးချန်ခုန်းသည် ညနေပိုင်းတွင် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ပြန်လည် ရောက်ရှိခဲ့သည်။ သူ၏ ခရီးဆောင်အိတ်နှင့် သူ၏ အဓိက လက်နက်များဖြစ်သော သံဖြတ်ဓားနှင့် ကြယ်စင်ပုံစံရွှေလေးတို့ကို ပြင်ဆင်ပြီးနောက် သူသည် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

"ဂိုဏ်းချုပ်၊ ကျွန်တော် ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ခဏ ထွက်သွားရပါမယ်။ နှင်းချောက်နက်တောင်ကို ခရီးထွက်ရမှာမို့ပါ။"

ထို့ကြောင့် စူးချန်ခုန်းသည် ဟေးလျန်ယွမ်ကို သွားရောက် အသိပေး နှုတ်ဆက်လိုက်သည်။

"နှင်းချောက်နက်တောင်လား... အဲ့ဒီနေရာက အခု အခြေအနေ သိပ်မကောင်းဘူးနော်"

ထိုစကားကို ကြားသောအခါ ဟေးလျန်ယွမ်မှာ အနည်းငယ် အံ့အားသင့်သွားလေ၏။

နှင်းချောက်နက်တောင်တွင် မူလချီစွမ်းအင်ရှိသည်ဟူသော သတင်းကို နာမည်ကျော် ဓားတောင်တန်းက ရရှိသကဲ့သို့ ဝိညာဉ်လမ်းစဉ်ဂိုဏ်းကလည်း ရရှိထားပြီး ဖြစ်သည်။

သို့သော် ဟေးလျန်ယွမ်သည် နှင်းချောက်နက်တောင်သို့ သွားရန် ရည်ရွယ်ချက် မရှိပေ။ ပထမအချက်က ဤသတင်းမှာ ပျံ့နှံ့နေပြီဖြစ်သဖြင့် နှင်းချောက်နက်တောင်တွင် မူလချီစွမ်းအင်ကို ရှာဖွေနေကြသော သိုင်းပညာရှင်များစွာ စုဝေးနေကြပေလိမ့်မည်။ ထိုစွမ်းအင်အတွက် အခြားသော ဂိုဏ်းများနှင့် ပဋိပက္ခဖြစ်ပွားပါက သူတို့ဂိုဏ်းမှ မူလနယ်ပယ် သိုင်းပညာရှင်များ ထိခိုက်ဒဏ်ရာရနိုင်ပြီး ရရှိမည့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများနိုင်သည်။ ဒုတိယအချက်မှာ သူကိုယ်တိုင်ပင် ဤသတင်းကို သိနေပြီဖြစ်ရာ အခုမှ သွားမည်ဆိုလျှင် အလွန်နောက်ကျသွားပြီ ဖြစ်ကောင်းဖြစ်နိုင်ပြီး မည်သည့် အကျိုးအမြတ်မှ ရရှိလိမ့်မည် မဟုတ်ပေ။

ဝိညာဉ်လမ်းစဉ်ဂိုဏ်းသည်လည်း အခြားသူများနှင့် အငြင်းပွား တိုက်ခိုက်ခြင်းထက် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်းကိုသာ ပိုမို နှစ်သက်ကြသည်။

"ဒါဆိုရင်လည်း... လမ်းခရီးမှာ သတိထားပါ။"

ဟေးလျန်ယွမ်က စူးချန်ခုန်းကို မတားခဲ့ပေ။ စူးချန်ခုန်းသည် မူလချီစွမ်းအင်ကို မည်မျှအထိ လိုလားတောင့်တနေသည်ကို သူသိထားပြီး ဂိုဏ်းအနေဖြင့်လည်း မဖြည့်ဆည်းပေးရာ စူးချန်ခုန်း၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအပေါ်၌သာ မူတည်တော့သည်။

"ကောင်းပါပြီ"

စူးချန်ခုန်းသည် ခေါင်းညိတ်ပြလိုက်ပြီး အချိန်ဆွဲမနေတော့ပေ။ ဟေးလျန်ယွမ်ကို နှုတ်ဆက်ပြီးနောက် သူသည် နှင်းချောက်နက်တောင်သို့ ဦးတည် ထွက်ခွာခဲ့လေ၏။

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ ကျောတွင် ကြယ်ပုံစံလေးကို လွယ်လျက်၊ ခါးတွင် သံဖြတ်ဓားကို ချိတ်ကာ စူးချန်ခုန်းသည် နှင်းချောက်နက်တောင်သို့ ဦးတည်သော လမ်းမထက်တွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။

ယခုအခါ ဆောင်းရာသီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်မှ နှင်းပွင့်များ မကြွေကျသေးသော်လည်း လေထုထဲတွင် အေးစိမ့်သော အထိအတွေ့များ ပိုမိုများပြားလာပြီး လမ်းဘေးဝဲယာရှိ သစ်ပင်များမှာလည်း အရွက်များ ကြွေလွင့်လျက် ခြောက်သွေ့နေသော မြင်ကွင်းများကိုသာ ပေးစွမ်းနေသည်။

စူးချန်ခုန်းသည် သူသွားရမည့် ခရီးကို အမြန်နှင်ခဲ့သည်။ သူရောက်သည့်ချိန် နောက်ကျလေလေ၊ ရနိုင်မည့် အခွင့်အလမ်း နည်းပါးသွားလေလေ ဖြစ်မည်ကို သူကောင်းစွာ သိရှိထားသည်။

နှင်းချောက်နက်တောင်သို့ နီးကပ်လာသည်နှင့်အမျှ လေထုမှာ ပိုမို အေးစိမ့်လာသည်ကို စူးချန်ခုန်း ခံစားလိုက်ရသည်။ သူ နှင်းချောက်နက်တောင်သို့ ရောက်ရှိချိန်တွင် ငါးရက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဗဟိုပြည်နယ် တောင်ဘက်ပိုင်းရှိ နှင်းချောက်နက်တောင်သည် အလွန်အေးပြီး မိုင်ပေါင်း ထောင်ချီ ရှည်လျားကာ တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေသဖြင့် လူသူအရောက်အပေါက် အလွန်နည်းပါးလှသည်။

"နှင်းချောက်နက်တောင်က တကယ်ကို ထူးခြားတာပဲ"

စူးချန်ခုန်းသည် စိတ်ထဲတွင် ချမ်းစိမ့်သွားသည်။ အဝေးမှကြည့်လျှင် အလွန်အေးမြသော ဆောင်းရာသီ ဖြစ်သော်လည်း နှင်းချောက်နက်တောင်၏ ပတ်ဝန်းကျင် မိုင် နှစ်ရာ သုံးရာအတွင်း နှင်းတစ်ပွင့်မျှ မကျသော်လည်း တောင်ပေါ်တွင်မူ နှင်းပွင့်များမှာ အဆက်မပြတ် ဝဲပျံနေကြသည်။

နှင်းချောက်နက်တောင် တစ်ခုလုံးမှာ ငွေရောင်နဂါးကြီး တစ်ကောင် မြေပြင်ထက်တွင် လဲလျောင်းနေသကဲ့သို့ မိုင်ပေါင်း ထောင်ချီ ရှည်လျားပြီး ငွေရောင်ပုဝါ လွှားထားသည့်အလား။

"ရှပ်... ရှပ်..."

စူးချန်ခုန်းသည် လမ်းအတိုင်း လျှောက်ကာ နှင်းချောက်နက်တောင်၏ တောင်ထိပ်သို့ တက်လာခဲ့သည်။ သူ၏ ခြေလှမ်းများမှာ နှင်းထုပေါ်သို့ ကျရောက်သွားတိုင်း နှင်းများ ဖိသိပ်သွားသဖြင့် မြည်သံများ ထွက်ပေါ်လာ၏။

"အလောင်းတွေ ရှိနေတာပဲ..."

နှင်းဖုံးနေသော လမ်းအတိုင်း တက်လာရင်း စူးချန်ခုန်းသည် လမ်းဘေးရှိ နှင်းများထဲတွင် နစ်မြုပ်နေသော အလောင်းတစ်ခုကို တွေ့လိုက်ရသည်။ သွေးများမှာ ခဲနေပြီဖြစ်ပြီး အသားများမှာလည်း အေးခဲကာ အပြာရောင် ပြောင်းနေသော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။

လီဟုန်ဝူ ပြောပြချက်အရ နှင်းချောက်နက်တောင်တွင် မူလချီစွမ်းအင် တစ်မျှင်ထက်မက ထွက်ပေါ်ခဲ့ပြီး သိုင်းပညာရှင် အများအပြားမှာ ၎င်းကို ရရှိရန်အတွက် ပြင်းထန်သော သွေးချောင်းစီး တိုက်ပွဲများကို ဆင်နွှဲခဲ့ကြသည်ဟု ဆိုသည်။ များစွာသော သိုင်းပညာရှင်များမှာ မူလချီစွမ်းအင်ကို ရရှိရန် ကြိုးစားရင်း နှင်းချောက်နက်တောင်ထက်တွင် မြှုပ်နှံခြင်း ခံခဲ့ရသည်ဟူသော စကားမှာ အပိုပြောဆိုခြင်း မဟုတ်တာ သိသာလှသည်။

တောင်ပေါ်သို့ တက်လာသည့် လမ်းတွင်ပင် စူးချန်ခုန်းသည် အနည်းဆုံး အလောင်း ငါးလောင်းခန့် တွေ့ရှိခဲ့ပြီး ဖြစ်သည်။

သို့သော် ယခုအခါ နှင်းချောက်နက်တောင်မှာ အလွန် တိတ်ဆိတ်နေသဖြင့် စူးချန်ခုန်းသည် သူရောက်လာချိန် နောက်ကျသွားပြီလားဟု တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် ဤသတင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဖြစ်ပြီး ယခုအချိန်တွင်မူ နှင်းချောက်နက်တောင်မှာ လူသူဆိတ်သုဉ်းသွားပြီ ဖြစ်နိုင်သည်။ မူလချီစွမ်းအင် ရရှိသွားကြသော သိုင်းပညာရှင်များမှာလည်း ဤနေရာတွင် အကြာကြီး နေကြမှာ မဟုတ်ဘဲ ပြန်လည် ထွက်ခွာသွားကြပြီ ဖြစ်ပေလိမ့်မည်။

"ဟင်" ထိုအချိန်တွင် စူးချန်ခုန်းသည် ခေါင်းမော့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသော သိုင်းသမား သုံးဦးမှာ လေနှင့် နှင်းများကို အံတုကာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ သို့သော် သူတို့မှာ တောင်ပေါ်သို့ တက်လာခြင်း မဟုတ်ဘဲ တောင်အောက်သို့ ဆင်းလာကြခြင်း ဖြစ်သည်။

ဒါက စူးချန်ခုန်းကို စိတ်ဝင်စားသွားစေသည်။ သူတို့၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် နှင်းချောက်နက်တောင်ပေါ်တွင် အချိန်အတော်ကြာ နေခဲ့ပြီးနောက် ယခုမှ ပြန်လည် ထွက်ခွာလာကြခြင်း ဖြစ်ရမည်။ စူးချန်ခုန်းသည် သူတို့ထံ ချဉ်းကပ်ကာ လက်ရှိ နှင်းချောက်နက်တောင်၏ အခြေအနေကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

"တောက်... အဲ့ဒီ အဘိုးကြီးက အပေါက်ဝမှာ စောင့်နေပြီး ဘယ်သူ့ကိုမှ အထဲပေးမဝင်ဘူး။ သူက ဘာများကောင်းနေလို့လဲ။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတဲ့အထိ စောင့်ကြည့်လိုက်ဦး။ ဘယ်သူပဲ ငါ့ကို လာတားတား ဓားနဲ့ တစ်ချက်တည်း ခုတ်သတ်ပစ်မယ်" ထိုသိုင်းသမား သုံးဦးမှာ လမ်းလျှောက်ရင်း ညည်းညူလာကြသည်။

"ရွှီး..."

သို့သော် မကြာမီမှာပင် ထိုသုံးဦးမှာ သူတို့ထံသို့ ချဉ်းကပ်လာသော စူးချန်ခုန်း၏ ခံ့ညားသော ပုံရိပ်ကို သတိပြုမိသွားကြသည်။ သူတို့ထဲမှ တစ်ဦးက တိတ်တိတ်နေရန် အချက်ပြလိုက်သဖြင့် ကျန်သူများမှာလည်း စကားပြောတာကို ရပ်ကာ စူးချန်ခုန်းကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြတော့သည်။

All Chapters