← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅) နှင်းချောက်နက်တောင်။ အေးခဲနေသော ချီနဂါးနန်းဆောင်။ (၂)

"ခင်ဗျားတို့ သုံးယောက်၊ နှင်းချောက်နက်တောင်ရဲ့ လက်ရှိ အခြေအနေကို ကျွန်တော့်ကို ပြောပြလို့ရမလား"

စူးချန်ခုန်းက ယဉ်ကျေးပျူငှာစွာ မေးလိုက်သည်။

ထိုသုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အလယ်မှ ခက်ထန်သည့်ပုံစံရှိနှင့် ထိပ်ပြောင်လူသန်ကြီးက သူ၏နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော အမူအရာဖြင့် "မင်းက ဘာကောင်မို့လို့လဲ။ မင်းမေးတိုင်း ငါတို့က ပြောပြရမှာလား" ဟု ရိုင်းစိုင်းစွာ တုံ့ပြန်လိုက်သည်။

စူးချန်ခုန်းသည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်သော်လည်း စကားအပို မပြောတော့ဘဲ သူ၏လက်ဖဝါးကို လေထဲတွင် အသာအယာ ဝေ့ယမ်းလိုက်သည်။

"ရွှီး"

လေထုကို ထိုးခွဲသံနှင့်အတူ စူးချန်ခုန်း၏ ဘေးနားရှိ နှင်းထုမှာ လက်ဖဝါးဓားချက်ကြောင့် ပွင့်ထွက်သွားပြီး ကိုက်အနည်းငယ် ရှည်လျားကာ အောက်ခြေမမြင်ရသော ချောက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားလေ၏။

ဤလှုပ်ရှားမှုကြောင့် ထိပ်ပြောင်လူသန်ကြီးနှင့် သူ၏အဖော်နှစ်ဦးမှာ မျက်သူငယ်အိမ်များ ကျုံ့သွားကြသည်။ သူတို့လည်း ဤကဲ့သို့ လုပ်နိုင်သော်လည်း စူးချန်ခုန်းကဲ့သို့ လေထဲတွင် အသာလေး ဝေ့ယမ်းရုံမျှဖြင့် နှင်းထုထဲ၌ ဤမျှနက်သော အက်ကြောင်းကို အားမစိုက်ဘဲ ဖန်တီးနိုင်ဖို့က မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့ရှေ့မှ သာမန်ဆန်ပုံရသော ဤလူသည် အမှန်တကယ်တွင် သူတို့ထက် ကျင့်ကြံမှုအဆင့် များစွာမြင့်သော သိုင်းပညာရှင် တစ်ဦးဖြစ်ကြောင်း သူတို့ သိလိုက်သည်။

တစ်ဖက်လူက တောင်ပေါ်မှ အခြေအနေကိုသာ မေးမြန်းခြင်းဖြစ်သဖြင့် သူ့ကို ရန်စမိပါက အကျိုးရှိမည်မဟုတ်ပေ။ ထိပ်ပြောင်နှင့် လူသန်ကြီးက နှုတ်ပိတ်သွားပြီး ညာဘက်ရှိ အစိမ်းရောင်ဝတ်စုံနှင့် သိုင်းသမားက အနည်းငယ် ဦးညွှတ်ကာ "ကျွန်တော့်အစ်ကိုက အမြဲတမ်း ဒေါသကြီးတတ်လို့ပါ။ စိတ်ထဲမထားပါနဲ့ဗျ။ ကျွန်တော်တို့ သိသမျှကို ပြောပြဖို့ အသင့်ပါပဲ" ဟု ဆိုလေသည်။

စူးချန်ခုန်းသည် သူ၏အင်အားကို ပြလိုက်ခြင်းဖြင့် ထိုသုံးဦး၏ အမူအရာကို လေးစားမှုရှိအောင် အလွယ်တကူ ပြောင်းလဲနိုင်ခဲ့သည်။ ဤလောကတွင် အင်အားသည်သာ အသာဆုံးပင် မဟုတ်ပါလော။

"ဒါဆိုရင် ပြောပြပါဦး" ဟု စူးချန်ခုန်းက ဆိုသည်။

အစိမ်းရောင်ဝတ်စုံနှင့် သိုင်းသမားက "ကျွန်တော်တို့ ညီအစ်ကို သုံးယောက်က နှင်းချောက်နက်တောင်နဲ့ အနီးနားမှာ နေကြတာပါ။ ဒီကို ရောက်နေတာ ခုနစ်ရက် ရှစ်ရက်လောက် ရှိပါပြီ။ နှင်းချောက်နက်တောင်ပေါ်မှာ မူလချီစွမ်းအင် အနည်းဆုံး လေးမျှင် ထွက်ပေါ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီ စွမ်းအင်တွေကြောင့် အပြင်းအထန် လုယူတိုက်ခိုက်ကြတာပေါ့။ နောက်ဆုံးမှာတော့ အဲ့ဒီ လေးမျှင်က တစ်ကိုယ်တော် သိုင်းသမားတွေ ဒါမှမဟုတ် သိုင်းဂိုဏ်းက လူတွေရဲ့ လက်ထဲကို ရောက်သွားပါတယ်"

"အဲ့ဒီနောက်မှာတော့ လူတွေ ထပ်ရောက်လာပြီး နှင်းချောက်နက်တောင် အနှံ့ မူလချီစွမ်းအင်ကို ထပ်ရှာကြပေမဲ့ ဘယ်သူမှ ထပ်တွေ့တယ်လို့ မကြားမိတော့ဘူး။ တစ်ယောက်ယောက်က တွေ့ခဲ့ရင်တောင် သူတို့ရဲ့ ကံကောင်းမှုကို လျှို့ဝှက်ထားပြီး ဘယ်သူမှ မသိအောင် ပြန်သွားကြတာလည်း ဖြစ်နိုင်ပါတယ်"

သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် ပြောပြလေသည်။ ထိုညီအစ်ကို သုံးယောက်မှာလည်း မူလချီစွမ်းအင်ကို ရှာဖွေရန် ရောက်လာကြခြင်းဖြစ်ပြီး စွမ်းအင်တစ်မျှင်တည်းအတွက် သိုင်းသမား ရာပေါင်းများစွာ အချင်းချင်း သတ်ဖြတ်နေကြသည်ကို မျက်မြင်တွေ့ခဲ့ရသည်။

သို့သော် ထိုမူလချီစွမ်းအင် လေးစက်မှာ တစ်ကိုယ်တော် သိုင်းသမားများ လက်လှမ်းမမှီနိုင်သော အရာများ ဖြစ်သွားပြီး အင်အားကြီး သိုင်းဂိုဏ်းများကသာ ရရှိသွားကြခြင်း ဖြစ်သည်။

အမှန်တော့ နှင်းချောက်နက်တောင်မှ ထွက်ပေါ်လာသော မူလချီစွမ်းအင်မှာ လေးမျှင်ထက် ပိုနိုင်ပြီး အခြားသော သိုင်းသမားများက တွေ့ရှိကာ မည်သူမျှ မမြင်အောင် တိတ်တဆိတ် ယူဆောင်သွားတာလည်း ရှိပေလိမ့်မည်။

"ငါ ရောက်တာ နည်းနည်း နောက်ကျသွားပြီ ထင်တယ်..." စူးချန်ခုန်းသည် စိတ်ပျက်လက်ပျက် ဖြစ်မိသည်။ နှင်းချောက်နက်တောင်သို့ စောစောရောက်ရှိခဲ့သော ဤသိုင်းသမား သုံးဦးပင် ပြန်လည် ထွက်ခွာလာကြပြီဖြစ်ရာ ဤနေရာသို့ ရောက်ရှိနေသော သိုင်းသမားများမှာ နှင်းချောက်နက်တောင် တစ်ခုလုံးကို အနှံ့အပြား ရှာဖွေပြီးပြီ ဖြစ်မည်မှာ သေချာလှသည်။ မူလချီစွမ်းအင် ဘယ်မှာ ကျန်နိုင်ဦးမည်နည်း။

ဝေးလံလှသော ကျုံးလင်တောင်မှ သူပင် ဤသတင်းကို ကြားရသည်ဆိုပါက သတင်းမှာ အနှံ့အပြား ပျံ့နေပြီဖြစ်ပြီး အနီးနားရှိ သိုင်းသမားများမှာလည်း ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ချက်ချင်း ပြေးလာကြပေလိမ့်မည်။ သူ အမြန်ဆုံး လာခဲ့သော်လည်း အချိန်နှောင်းသွားလေပြီ။

စိတ်ပျက်နေစဉ်မှာပင် စူးချန်ခုန်းက "အဘိုးကြီးတစ်ယောက်က အထဲကို ပေးမဝင်ဘူးလို့ ခင်ဗျားတို့ ပြောတာ ကြားလိုက်တယ်။ အဲ့ဒါက ဘာကိစ္စများလဲ" ဟု မေးလိုက်သည်။

အစိမ်းရောင်ဝတ်စုံနှင့် သိုင်းသမားကပင် လည်ချောင်းကို ရှင်းလိုက်ပြီး "အဲ့ဒါက သိုင်းပညာ အလွန်မြင့်မားတဲ့ အသက်ကြီးကြီး သိုင်းပညာရှင်ကြီး တစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်က နှင်းချောက်နက်တောင်ထဲမှာ အေးခဲနေတဲ့ ဧရာမ ချောက်နက်ကြီးတစ်ခုရဲ့ အပေါက်ကို တွေ့ခဲ့ကြတယ်။ ဒါပေမဲ့ အဲ့ဒီ အဘိုးကြီးက အပေါက်ဝမှာ စောင့်နေပြီး ဘယ်သူ့ကိုမှ အထဲပေးမဝင်ဘူး။ လူတွေ သေတွင်းထဲကို တိုးဝင်သွားမှာကို သူ မမြင်ချင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့ ဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူက ကျွန်တော်တို့ကို အလွယ်လေးပဲ မောင်းထုတ်လိုက်တယ်"

"ဟင်... ချောက်နက်ကြီး ဟုတ်လား"

ထိုစကားကြောင့် စူးချန်ခုန်း၏ စိတ်မှာ လှုပ်ရှားသွာလေ၏။ အကယ်၍ အင်အားကြီးသူတစ်ဦးက ချောက်နက်ကြီးတစ်ခု၏ အဝင်ဝတွင် အခြားသူများကို မဝင်ရန် တားဆီးနေသည်ဆိုပါက အတွင်း၌ လျှို့ဝှက်ချက် တစ်ခုခု ရှိနေနိုင်တာ သေချာပါသည်။ မူလချီစွမ်းအင်ပင် ရှိနေနိုင်ပေသည်။

အမှန်တရားကို သိနိုင်ရန်အတွက် သူကိုယ်တိုင် ထိုနေရာသို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

စူးချန်ခုန်းက "အဲ့ဒီနေရာက ဘယ်မှာလဲဆိုတာ ပြောပြနိုင်မလား" ဟု မေးလိုက်သည်။

"နှင်းချောက်နက်တောင် ထိပ်ရဲ့ အနောက်ဘက်ခြမ်းမှာပါ။ ဒီကနေ မိုင် ခုနစ်ဆယ် ရှစ်ဆယ်လောက် ဝေးပါတယ်" အစိမ်းရောင်ဝတ် သိုင်းသမားက ပြန်ဖြေလိုက်သည်။ သူသည် စူးချန်ခုန်း၏ အင်အားကို တွေ့မြင်ခဲ့ရသဖြင့် ရန်မစလိုတော့ဘဲ ထိုချောက်၏တည်နေရာကို သေချာစွာ ပြောပြလိုက်လေသည်။

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်" စူးချန်ခုန်းက ကျေးဇူးတင်စကား ပြောလိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် သိုင်းသမား ညွှန်ပြသော ဘက်သို့ ချက်ချင်း ထွက်ခွာသွားတော့သည်။

"ဝူး"

နှင်းချောက်နက်တောင်ပေါ်၌ အေးစိမ့်သော လေပြင်းများ တိုက်ခတ်နေစဉ် စူးချန်ခုန်းသည် တစ်ဦးတည်း လျှောက်လှမ်းနေ၏။ ယခုအခါ သူသည် လိပ်အသက်ရှုနည်းပညာမှ အရိုးပြောင်းကျင့်စဉ်ကို အသုံးပြုကာ သူ၏ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲထားသည်။ သူ၏ ပုံစံမှာ အေးတိအေးစက်ရှိသော အသက် ၃၀ အရွယ် သာမန်လူတစ်ဦးနှင့် တူလှသည်။

"အဲ့ဒီ အဘိုးကြီးက ဘယ်သူလဲဟ။ အရမ်း မောက်မာတာပဲ။ ဘာလို့ ငါတို့ကို အထဲပေးမဝင်တာလဲ။ သူတို့က ရလာမယ့် အကျိုးအမြတ်တွေကို လက်ဝါးကြီးအုပ်ချင်နေတာ ရှင်းနေတာပဲ။ သူတို့လူတွေ အထဲဝင်သွားတာ နှစ်ရက် သုံးရက် ရှိနေပြီ။ အခုထိ ပြန်မထွက်လာကြသေးဘူး"

"လျှောက်မပြောနဲ့ကွာ။ အဲ့ဒါက အရှေ့တိမ်တိုက်ဂိုဏ်းက အကြီးအကဲး တစ်ယောက်လေ"

မိုင် ခုနစ်ဆယ် ရှစ်ဆယ်ခန့် လျှောက်လာပြီးနောက် စူးချန်ခုန်းသည် အဝေးမှ စကားသံများကို ကြားလိုက်ရသည်။ သူ နီးကပ်လာသောအခါ နှင်းထုထဲတွင် ထိုင်နေကြသူ သို့မဟုတ် ရပ်နေကြသူ သိုင်းသမားများစွာကို တွေ့လိုက်ရသည်။ အချို့မှာ ထိုနေရာ၌ပင် စခန်းချနေကြသည်။ အဝေးမှ ကြည့်လျှင်ပင် လူပေါင်း ထောင်ချီ ရှိနေမည်မှာ သေချာလှသည်။

အကယ်၍ သူတို့သည် သန်မာသော သိုင်းပညာရှင်များ မဟုတ်ကြပါက ဤအေးခဲနေသော ကမ္ဘာကြီးထဲတွင် အအေးမိကာ သေဆုံးသွားတာ ကြာလှပြီ ဖြစ်သည်။

မကြာမီမှာပင် စူးချန်ခုန်းသည် လူတိုင်း ပြောနေကြသော ချောက်နက်ကြီး၏ အဝင်ဝကို မြင်လိုက်ရသည်။

အဝေးမှ မြင့်မားလှသော နှင်းဖုံးတောင်များကြားတွင် နှစ်ကိုက် သုံးကိုက်ခန့် ကျယ်သော အပေါက်တစ်ခု ရှိနေသည်။ ၎င်းမှာ မြေအောက်ချောက်နက်ကမ္ဘာသို့ ဝင်ပေါက်တစ်ခုနှင့် တူလှသည်။ ထိုအပေါက်ထဲမှ အေးစိမ့်သော လေထုမှာ မြူခိုးများကဲ့သို့ ထွက်ပေါ်နေသည်ကို မြင်တွေ့နေရပြီး အလွန်ပင် အေးစိမ့်လှပေသည်။

ထိုချောက်နက်ကြီး၏ အဝင်ဝတွင် အဘိုးကြီးတစ်ဦးမှာ တင်ပျဉ်ခွေကာ ထိုင်နေသည်။ ထိုအဘိုးကြီး၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ ဖြူဖွေးနေပြီး နှင်းထုပေါ်တွင် ဝတ်စုံဖြူ ပါးပါးလေးကိုသာ ဝတ်ဆင်ကာ ထိုင်နေခြင်း ဖြစ်သည်။ ဤမျှ အေးစိမ့်လှသော ကမ္ဘာကြီးထဲ၌ ရှိနေသော်လည်း သူသည် အေးစိမ့်မှု၏ သက်ရောက်မှုကို မခံရသကဲ့သို့ပင်။ သူ၏ ပတ်ဝန်းကျင်သို့ ကျရောက်လာသော နှင်းပွင့်များမှာပင် မမြင်ရသော စွမ်းအားတစ်ခုကြောင့် ကိုက်တစ်ကိုက်ခန့် အကွာအဝေးမှပင် လွင့်စင်သွားလေ၏။

အခန်း (၄၄၆) နှင်းချောက်နက်တောင်။ အေးခဲနေသော ချီနဂါးနန်းဆောင်။ (၃)

"အရှေ့တိမ်တိုက်ဂိုဏ်းက... မူလနယ်ပယ် သိုင်းပညာရှင်တစ်ယောက်လား"

လူပေါင်းထောင်ချီကို အပြင်ဘက်တွင် တားဆီးထားနိုင်သူမှာ မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်နိုင်ကြောင်း စူးချန်ခုန်း စိတ်ထဲတွင် နားလည်လိုက်သည်။ အခြားသူများ၏ ဆွေးနွေးချက်များအရ ဤဆံပင်ဖြူအဘိုးအိုသည် အရှေ့တိမ်တိုက်ဂိုဏ်းမှ ဖြစ်ကြောင်း သူသိလိုက်ရသည်။

အရှေ့တိမ်တိုက်ဂိုဏ်းမှာ ဗဟိုပြည်နယ်တွင် အတော်ပင် နာမည်ကျော်ကြားပြီး အရှေ့တိမ်တိုက်တောင်ပေါ်၌ တည်ရှိသည်။ အရှေ့တိမ်တိုက်တောင်၏ အနေအထားအရဘမူလချီစွမ်းအင်များသည် နှစ်အနည်းငယ်လျှင် တစ်ကြိမ် ထွက်ပေါ်လေ့ရှိသဖြင့် အရှေ့တိမ်တိုက်ဂိုဏ်းရှိ မူလနယ်ပယ် သိုင်းပညာရှင် အရေအတွက်မှာ အလွန်များပြားပြီး ဝိညာဉ်လမ်းစဉ်ဂိုဏ်းထက် များစွာသာလွန်သည်။

အခြားသူများ၏ ပြောစကားအရ အရှေ့တိမ်တိုက်ဂိုဏ်းမှ လူအများအပြား ရောက်ရှိနေကြပြီး ကျန်ရှိသူများမှာ ချောက်နက်ကြီးအတွင်းသို့ ဝင်သွားကြပြီ ဖြစ်သည်။ ဤဆံပင်ဖြူနှင့်အဘိုးအိုက ဤနေရာ၌ စောင့်ကြပ်နေခြင်းမှာ အခြားသူများ ဝင်ရောက်ကာ ကံကောင်းမှုများကို မလုယူနိုင်ရန် တားဆီးနေခြင်း ဖြစ်သည်။

သိုင်းပညာရှင် အများအပြားမှာ ကိုယ့်အကြောင်းကို သိသဖြင့် စောစောစီးစီး ထွက်သွားကြသော်လည်း ဝေးလံသော အရပ်မှလာပြီး ဘာမှမရှိသေးသော သိုင်းပညာရှင် ထောင်ပေါင်းများစွာတို့မှာမူ မထွက်သွားသေးဘဲ ဇွတ်ပေကပ်နေကြသည်။ သူတို့သည် အပြင်ဘက်တွင် စောင့်ဆိုင်းရင်း အခွင့်အရေးတစ်ခုကို မျှော်လင့်နေကြခြင်း ဖြစ်သည်။

စူးချန်ခုန်းက အလျင်စလို မလှုပ်ရှားသေးပေ။ သူသည် ခေတ္တမျှ စောင့်ကြည့်နေခဲ့ရာ နာရီဝက်ခန့်အကြာတွင် လေထုကို ထိုးခွင်းလိုက်သော အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ အချို့သောသူများသည် အပြင်ဘက်တွင် ငုတ်တုတ်ထိုင် စောင့်မနေလိုကြဘဲ ချောက်ကမ္ဘာအတွင်းသို့ ကိုယ်တိုင်ဝင်ရောက် စူးစမ်းလိုကြခြင်း ဖြစ်သည်။

"ရှပ်... ရှပ်... ရှပ်"

ပုံရိပ်သုံးခုသည် အရပ်မျက်နှာ သုံးခုမှနေ၍ ကြိုတင်တိုင်ပင်ထားသကဲ့သို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြပြီး ပုံရိပ်ယောင်များ ချန်ထားခဲ့ကာ အေးစိမ့်သော လေများ ထွက်ပေါ်နေသည့် ချောက်ကြောင်းအဝင်ဝသို့ အတင်းတိုးဝင်ရန် ကြိုးစားလိုက်ကြသည်။ ထိုသုံးဦးလုံးမှာ အလွန်ပင် မြန်ဆန်လှပြီး မြင့်မားသော ကိုယ်ဖော့ပညာရပ်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။

"ဟူး..."

ဆံပင်ဖြူအဘိုးအို၏ ပိတ်ထားသော မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာပြီး မတတ်သာသည့် အမူအရာမျိုး ပြသနေသည်။ သူ၏ ဝတ်ရုံလက်အင်္ကျီများမှာ လှုပ်ခတ်သွားပြီး လက်ကို ဝေ့ယမ်းလိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

ဆံပင်ဖြူအဘိုးအိုကို ကျော်ဖြတ်ရန် ကြိုးစားသော သိုင်းသမား သုံးဦးမှာ အလွန်ပင် ရုန်းကန်အားကောင်းသော တိမ်တိုက်လွှာတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သုံးဦးလုံးမှာ တစ်ပြိုင်နက်တည်း နောက်သို့ လွင့်ထွက်သွားပြီး နှင်းထုပေါ်သို့ ပြုတ်ကျသွားတော့သည်။

သူတို့မှာ ဒဏ်ရာမရရှိသော်လည်း ထိုသို့ ပြုတ်ကျသွားတာက အတော်ပင် အရှက်ရစရာ ကောင်းလှသည်။

"နောက်ထပ် လူတွေလည်း တံတိုင်းနဲ့ တိုက်မိပြန်ပြီ" ဘေးနားမှ အခြားသော သိုင်းသမားအချို့က တိုးတိုးတိတ်တိတ် ရယ်မောလိုက်ကြသည်။ ဤနေရာတွင် စောင့်နေရတာက ပျင်းစရာ ကောင်းလှသဖြင့် အတင်းဝင်ရန် ကြိုးစားသူများကို အဘိုးအိုက မောင်းထုတ်နေသည်ကို ကြည့်ရခြင်းမှာ သူတို့အတွက် ဖျော်ဖြေရေးတစ်ခုလို ဖြစ်နေသည်။

"ဟူး... ငါပြောပြီးသားပဲ။ ဒီချောက်ကမ္ဘာထဲက အအေးဓာတ်က အရိုးထဲအထိ စိမ့်ဝင်တာ။ သာမန်သိုင်းသမားတွေ အထဲဝင်သွားရင် အေးခဲပြီး သေရုံပဲ ရှိမယ်။ ဒါကြောင့်ပဲ ငါက အပြင်ကနေ စောင့်နေပေးတာ။ ငါ့ရဲ့ ကာကွယ်မှုကို ဖောက်ထွက်နိုင်တဲ့ အင်အားရှိမှသာ ကျင့်ကြံမှု နက်ရှိုင်းပြီး ချောက်ထဲက ပြင်းထန်တဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိမှာပဲ"

အဘိုးအိုက သက်ပြင်းချရင်း ပြောလိုက်သည်။ သူက လူတွေကို လှည့်ဖြားနေတာ မဟုတ်ပေ။

အရှေ့တိမ်တိုက်ဂိုဏ်းမှ အခြားသော သိုင်းပညာရှင်များက သူ့ကို အပြင်ဘက်တွင် စောင့်ကြပ်ခိုင်းထားခြင်းမှာ လူအများအပြား ဝင်ရောက်လာပါက ရှုပ်ထွေးမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ခြင်းကြောင့် တစ်ကြောင်း၊ ချောက်ကမ္ဘာအတွင်းမှ အအေးဓာတ်မှာ နှင်းချောက်နက်တောင်၏ အခြားနေရာများထက် များစွာ ပိုမိုပြင်းထန်သဖြင့် သန်မာသော သိုင်းပညာရှင်များ ဝင်ရောက်ပါက အေးခဲပြီးသေဆုံးနိုင်ခြင်းကြောင့် တစ်ကြောင်း ဖြစ်သည်။

ထို့ကြောင့်ပင် အဘိုးအိုသည် အပြင်မှ စောင့်နေခြင်း ဖြစ်သည်။ သူ၏ တားဆီးမှုကို ဖောက်ထွက်နိုင်စွမ်း ရှိသူမှာ ချောက်ထဲက အအေးဒဏ်ကို သေချာပေါက် ကြောက်လိမ့်မည် မဟုတ်။ မဖောက်ထွက်နိုင်သူများး ဝင်သွားပါက သေတွင်းတူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

တံတိုင်းနှင့် တိုက်မိသွားသော သိုင်းသမား သုံးဦးမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသော်လည်း လူအုပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြပြီး နောက်တစ်ကြိမ် အတင်းဝင်ရန် မကြိုးစားတော့ပေ။ တင်ပျဉ်ခွေကာ မလှုပ်မယှက် ထိုင်နေသော ထိုအဘိုးအိုမှာ သူတို့အားလုံးကို လက်တစ်ဖက်တည်းဖြင့်ပင် မောင်းထုတ်နိုင်သည်ကို ကြည့်ခြင်းဖြင့် သူ၏ကျင့်ကြံမှုမှာ မည်မျှနက်ရှိုင်းသည်ကို သူတို့ ကောင်းစွာ သိသွားကြသည်။

"အဲ့ဒီ အေးစိမ့်နေတဲ့ ချောက်ကမ္ဘာထဲမှာ အရှေ့တိမ်တိုက်ဂိုဏ်းက ကျွမ်းကျင်သူတွေ ဝင်သွားတာ နှစ်ရက် သုံးရက် ရှိပြီ ပြန်ထွက်မလာသေးဘူး ဆိုတော့... အထဲမှာ ရတနာကြီးတွေ ရှိနေတာ သေချာတယ်။ ငါက အများကြီး မလိုချင်ပါဘူး။ မူလချီစွမ်းအင် တစ်မျှင်လောက် ရရင်ကို ကျေနပ်ပါပြီ။ ကိုယ်တိုင်ဝင်ပြီး ဘာတွေရှိလဲဆိုတာ သွားမကြည့်သင့်ဘူးလား"

လူအုပ်ထဲမှ အခြေအနေကို စောင့်ကြည့်နေသော စူးချန်ခုန်းက စိတ်ထဲတွင် တွေးတောနေမိသည်။

ဤနေရာတွင် စောင့်နေရုံဖြင့် အကျိုးမရှိပေ။ ချောက်နက်ကြီးအတွင်းသို့ ကိုယ်တိုင်ဝင်ရောက် စူးစမ်းတာက ပိုကောင်းပါသည်။

အကယ်၍ အရှေ့တိမ်တိုက်ဂိုဏ်းက ဤမျှအင်အားသုံးနေသည်ဆိုပါက မူလချီစွမ်းအင် တစ်မျှင် နှစ်မျှင်မကဘဲ အခြားသော ရတနာများ သို့မဟုတ် အခွင့်အရေးများ ရှိနေနိုင်သည်ဟု အဓိပ္ပာယ်ရသည်။ စူးချန်ခုန်း၏ ရည်မှန်းချက်မှာ ထိုမျှအထိ မကြီးမားပါပေ။ ကျန်ရှိသော အရာများကို သူလက်လွှတ်နိုင်သော်လည်း သူ၏စွမ်းဆောင်ရည်အတွင်းမှ ကြိုးစားကာ မူလနယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်မည့် မူလချီစွမ်းအင် တစ်မျှင်ကို ရရှိရန်မှာ သူ၏ အကြီးမားဆုံး ပန်းတိုင်ပင် ဖြစ်သည်။

"သွားမယ်"

စူးချန်ခုန်းသည် လူအုပ်ထဲမှ ထွက်လာပြီး ချောက်ကြောင်းအဝင်ဝသို့ တိတ်တဆိတ် ဦးတည်လိုက်သည်။ ထိုနေရာတွင် ဆံပင်ဖြူအဘိုးအိုမှာ တင်ပျဉ်ခွေကာ ထိုင်နေပြီး သူ၏မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာသည်။

"နောက်တစ်ယောက် အတင်းဝင်ဖို့ ကြိုးစားပြန်ပြီလား"

လူအများအပြားမှာ စိတ်ဝင်တစားဖြင့် ကြည့်နေကြပြီး ဤသာမန်ဆန်သော လူငယ်လေးမှာ အရှက်ရသွားမည်ကို မြင်တွေ့လိုကြသည်။

"လူငယ်လေး... နောက်ဆုတ်လိုက်ပါ"

ဆံပင်ဖြူအဘိုးအိုသည် သူ၏မျက်လုံးများကို ဖွင့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်ပြီး သူ၏ ဝတ်ရုံလက်အင်္ကျီကို ဝှေ့ယမ်းလိုက်သည်။

ဝူး...

တဝီဝီမြည်နေသော လေပြင်းမှာ မြင်သာသော လေပွေတစ်ခုကို သယ်ဆောင်လာပြီး လေထုအတွင်း၌ တိမ်ဖြူလွှာများဖြင့် ပြုလုပ်ထားပုံရသော ထူထဲသည့် စွမ်းအားတံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ စူးချန်ခုန်းကို အရင်က သိုင်းသမား သုံးဦးကဲ့သို့ပင် လွင့်ထွက်သွားစေရန် လိမ့်တက်လာတော့သည်။

ရွှီး...

ရပ်နေသော စူးချန်ခုန်းမှာ မလှုပ်မယှက် ရှိနေသော်လည်း စွမ်းအားတံတိုင်းကြီးမှာ သူ၏အပေါ်သို့ ကျရောက်လာချိန်တွင် သူသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ဝဲပျံနေသော ငှက်တစ်ကောင်ကဲ့သို့ လှည့်ပတ်သွားပြီး ထိုစွမ်းအားများကို အသာအယာ ရှောင်တိမ်းလိုက်သည်။ ပျော့ပြောင်းသော စွမ်းအားတံတိုင်းမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး သူကိုယ်တိုင်မှာမူ ချောက်ကြောင်းအက်ကွဲကြောင်းအတွင်းသို့ တိုးဝင်သွားတော့သည်။

"ဟင်"

ဆံပင်ဖြူအဘိုးအိုမှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် သူ၏ဝတ်ရုံလက်အင်္ကျီများကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ ပုံသဏ္ဍာန်မရှိသော်လည်း ထိတွေ့၍ရသော နူးညံ့သည့် တိမ်တိုက်ကျင့်စဉ်စွမ်းအားများမှာ လှိုင်းလုံးများကဲ့သို့ စူးချန်ခုန်း၏ လမ်းကို ပိတ်ဆို့ရန် ထွက်ပေါ်လာသည်။

ရွှီး... ရွှီး... ရွှီး...

သို့သော် စူးချန်ခုန်းမှာ တစ်ခါတစ်ရံတွင် ပျံသန်းနေသော ငှက်တစ်ကောင်ကဲ့သို့ တစ်ခါတစ်ရံတွင် တောအုပ်အတွင်း ပြေးလွှားနေသော သမင်ပျိုလေးတစ်ကောင်ကဲ့သို့ သူ၏ လှုပ်ရှားမှုများမှာ အရိပ်များကြားတွင် ဖမ်းဆုပ်၍ မရနိုင်လောက်အောင် လျင်မြန်လှသည်။

ဆံပင်ဖြူအဘိုးအို ထုတ်ပြလိုက်သော စွမ်းအားများမှာ စူးချန်ခုန်းကို လွဲချော်သွားပြီး ခဏအတွင်းမှာပင် သူသည် ထိုင်နေသော အဘိုးအိုကို ကျော်ဖြတ်ကာ မြှားတစ်စင်းကဲ့သို့ ချောက်ကြောင်းအတွင်းသို့ တိုးဝင်သွားတော့သည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ဆံပင်ဖြူအဘိုးအိုသည် အံ့အားသင့်သွားပြီးနောက် ခေါင်းခါလျက် ရယ်မောလိုက်သည်။ သူ၏ရည်ရွယ်ချက်မှာ အထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိဘဲ သေတွင်းသို့ သွားမည့်သူများကို တားဆီးရန်သာ ဖြစ်သည်။ စူးချန်ခုန်း ပြသသွားသော ထူးခြားသည့် ကိုယ်ဖော့ပညာရပ်မှာ သူ၏အင်အားနှင့် အထဲသို့ ဝင်ရောက်နိုင်သည့် အရည်အချင်းကို သက်သေပြသွားခဲ့ပြီ ဖြစ်သည်။

"တစ်ယောက်ယောက် ဖောက်ထွက်သွားပြီလား။ သူက အရှေ့တိမ်တိုက်ဂိုဏ်းက အဆင့်မြင့် ကျွမ်းကျင်ပညာရှင်ကို ကျော်သွားတာပဲ"

"ဘယ်လောက်တောင် ထူးချွန်တဲ့ ကိုယ်ဖော့ပညာလဲဟ... ငါတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး"

ဤမြင်ကွင်းကြောင့် လူအုပ်အတွင်း၌ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး အချို့သော သိုင်းသမားများမှာ မနာလိုဖြစ်သွားကြသည်။ ထိုသာမန်ဆန်သော အနက်ရောင်ဝတ်စုံနှင့် လူ၏အမည်ကို မည်သူမျှ မသိကြသော်လည်း သူပြသသွားသော ကိုယ်ဖော့ပညာရပ်မှာ လိုက်မမှီနိုင်လောက်အောင် အထင်ကြီးဖွယ် ကောင်းလှသဖြင့် သူသည် မည်သူဖြစ်မည်နည်းဟု လူအများက တွေးတောနေကြတော့သည်။

"ဒီချောက်ထဲမှာ... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က ပျောက်ကွယ်သွားခဲ့တဲ့ 'ချီနဂါးနန်းဆောင်' က ချန်ထားခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်တွေ ရှိနေနိုင်ခြေ အရမ်းများတယ်။ ဒုဂိုဏ်းချုပ်နဲ့ အခြားသူတွေ အဆင်ပြေပြေနဲ့ ရှာဖွေနိုင်ပါစေလို့ပဲ ငါမျှော်လင့်တယ်" ဆံပင်ဖြူနှင့်အဘိုးအိုက စိတ်ထဲတွင် တွေးတောနေမိသည်။ နှင်းချောက်နက်တောင်တွင် မကြာသေးမီက ထွက်ပေါ်ခဲ့သော မူလချီစွမ်းအင်များမှာ အမှန်တော့ ဤချောက်အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ၎င်းမှာ အလွန်ပင် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်လာနိုင်သည်။ သူ၏ အရှေ့တိမ်တိုက်ဂိုဏ်းအနေဖြင့် အတွင်းမှ ရတနာအားလုံးကို လက်ဝါးကြီးအုပ်နိုင်မည် မဟုတ်သော်လည်း အနှောင့်အယှက်ပေးမည့် လူအုပ်ကြီးကိုတော့ ဖယ်ရှားထားနိုင်မည် ဖြစ်သည်။

ဆံပင်ဖြူအဘိုးအို စဉ်းစားနေစဉ်မှာပင် လူအုပ်ကြီးမှာ နောက်ထပ်တစ်ကြိမ် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာပြန်သဖြင့် မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်သည်။

ကြည့်လိုက်သောအခါ အဝေးမှ ပုံရိပ်သုံးခု ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ထိုသုံးဦးမှာ အလွန်ပင် ထူးခြားလှသည်။ အကြောင်းမှာ သူတို့သည် အနက်ရောင် ဝတ်စုံရှည်များကို ဝတ်ဆင်ထားပြီး ဆံချည်မျှင်တစ်မျှင်မျှပင် မပေါ်စေရန် ဖုံးကွယ်ထားကာ အရိုးများဖြင့် ပြုလုပ်ထားသော မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသောကြောင့် ဖြစ်သည်။

ဘယ်ဘက်တွင် အရပ် နှစ်မီတာကျော် မြင့်မားကာ လူသန်ကြီးတစ်ဦးကဲ့သို့ သန်မာသော အမျိုးသားတစ်ဦး ရှိနေသည်။ ညာဘက်တွင်မူ အသားလုံးကြီး တစ်ခုကဲ့သို့ ပုပြီး ဝနေသော အမျိုးသားတစ်ဦး ရှိသည်။ အလယ်တွင်ရှိသော ပုံမှန်အရပ်အမောင်းရှိသူမှာ အနီရင့်ရောင် အရိုးမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးပေါ်တွင် အနုစိတ်သော ပုံစံများ ထွင်းထုထားလေ၏။

ထိုသုံးဦးထဲတွင် အနီရင့်ရောင် အရိုးမျက်နှာဖုံးနှင့် သူသည် ခေါင်းဆောင်ဖြစ်ကြောင်း သိသာလှသည်။ ကျန်နှစ်ဦးမှာ သူ၏နောက်မှ ခြေတစ်လှမ်းစာ နောက်ကျကာ လျှောက်လှမ်းနေကြသည်။

ထိုသုံးဦးထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် ထူးခြားလှသည်။ သူတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သိုင်းသမားများမှာ အလွန်အေးစိမ့်သော ခံစားချက်ကို ခံစားရပြီး ထိုသုံးဦးမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများသဖွယ် ခံစားရသဖြင့် မသိစိတ်မှ လမ်းကို ဖယ်ပေးလိုက်ကြသည်။

"သူတို့က ဘယ်သူတွေလဲ"

ဆံပင်ဖြူအဘိုးအို၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာသည်။ ထိုအနက်ရောင်ဝတ်စုံနှင့် ပုံရိပ်သုံးခုထံမှ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်နေသည်ကို သူအလိုလို ခံစားလိုက်ရသည်။

ယခုအချိန်အထိ တင်ပျဉ်ခွေကာ ထိုင်နေသော ဆံပင်ဖြူအဘိုးအိုသည် မတ်တပ်ရပ်လိုက်ပြီး သူ၏ မုတ်ဆိတ်မပါသော မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေ၏။

"မိတ်ဆွေတို့... ချောက်နက်ထဲကို ဝင်တာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဘာလို့ အခုလို လျှို့ဝှက်နေကြတာလဲ" ဆံပင်ဖြူအဘိုးအိုက သူ့အတွက် အကြီးအကျယ် ခြိမ်းခြောက်မှု ပေးနေသော ထိုအနက်ရောင်ဝတ်စုံနှင့် လူသုံးဦးတို့က မည်သူမည်ဝါဖြစ်ကြောင်း သိနိုင်ရန် အသံနက်ကြီးဖြင့် မေးလိုက်သည်။ အကယ်၍ သူတို့သာ ချောက်နက်အတွင်းသို့ ဝင်သွားပါက အရှေ့တိမ်တိုက်ဂိုဏ်းအတွက် အလွန်ပင် အန္တရာယ်ကြီးမားသော ပြိုင်ဘက်များ ဖြစ်လာနိုင်ပေသည်။

"ဟုန်ရှန့်... မင်း သူ့ကို ရှင်းဖို့ ဆယ်စက္ကန့် အချိန်ပေးမယ်" အနီရင့်ရောင် အရိုးမျက်နှာဖုံးနှင့် အမျိုးသားက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ၏အသံမှာ ကျားမ ခွဲခြားရန် ခက်ခဲသော်လည်း အမိန့်ပေးသံမှာ အထင်အရှားပင် ဖြစ်သည်။ ထိုအနက်ရောင်ဝတ်စုံနှင့် ပုံရိပ်သုံးခုမှာ ခေတ္တမျှ ရပ်တန့်သွားကြသည်။

"ဟုတ်ကဲ့"

'ဟုန်ရှန့်' ဟု ခေါ်သော အရပ် နှစ်မီတာကျော်မြင့်သည့် အမျိုးသားက ရိုသေစွာ ခေါင်းညိတ်လိုက်သည်။

သူက ဆံပင်ဖြူနှင့်အဘိုးအိုကို ငုံ့ကြည့်လိုက်ရင်း မျက်နှာဖုံးကြားမှ သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ တောက်ပနေလျက်။ သူ၏ အနည်းငယ် ရဲတက်နေသော မျက်လုံးများမှာ ရက်စက်သော အငွေ့အသက်များကို ပေးစွမ်းနေပြီး သူက ပြုံးလျက် ဆိုလေ၏။ " သုံးစက္ကန့်ဆိုရင်တင် လုံလောက်ပါတယ်"

အခန်း (၄၄၇) အသက်ခြွေအဖွဲ့အစည်း။ ရိယွဲ့ဟုန်ရှန့်။ (၁)

လူသန်ကြီးတစ်ဦးသဖွယ် မြင့်မားလှသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသား 'ဟုန်ရှန့်' သည် ဆံဖြူအဘိုးအိုထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလေ၏။

အဘိုးအို၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူသည် စိတ်ရှည်သည်းခံတတ်သူအဖြစ် လူသိများသော်လည်း ဒေါသကင်းသူတစ်ဦးတော့ မဟုတ်ပေ။ သူက အရှေ့တိမ်တိုက်ဂိုဏ်း၏ လေးစားခြင်းခံရသော မူလနယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သို့သော် ဟုန်ရှန့်သည် သူ့ကို အရေးမစိုက်သည့်အပြင် သုံးစက္ကန့်အတွင်း တိုက်ပွဲကို အဆုံးသတ်မည်ဟု ပြောခဲ့ရာ သူ ဘယ်လို ဒေါသမထွက်ဘဲ နေမည်နည်း။

"ဘုန်း"

ဟုန်ရှန့်သည် ခြေလှမ်းသုံးလှမ်းအကွာသို့ ချဉ်းကပ်လာချိန်တွင် ဆံပင်ဖြူအဘိုးအိုက ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူ၏ ဝတ်ရုံလက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ အားကောင်းသော ချီစွမ်းအားများ တဝီဝီနှင့် ထွက်ပေါ်လာပြီး ထူထဲကာ ပျော့ပြောင်းသော လေတံတိုင်းကြီးတစ်ခုအဖြစ် ဟုန်ရှန့်ကို ဖိသိပ်ခြေမှုန်းရန် လိမ့်တက်လာတော့သည်။

"ဒါက အရှေ့တိမ်တိုက်ဂိုဏ်းရဲ့ နူးညံ့တဲ့ တိမ်တိုက်စွမ်းအားပေါ့လေ"

အနီရင့်ရောင် အရိုးမျက်နှာဖုံးနှင့် အမျိုးသားသည် ထိုလှုပ်ရှားမှုကို မြင်သည်နှင့် အရှေ့တိမ်တိုက်ဂိုဏ်း၏ ပညာရပ်ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

"ဘုန်း"

ပုံသဏ္ဍာန်မရှိသော်လည်း ထိတွေ့၍ရသော ချီစွမ်းအား တံတိုင်းကြီးမှာ တဝီဝီနှင့် ရှေ့သို့ လိမ့်တက်လာပြီး ဟုန်ရှန့်၏ ခန္ဓာကိုယ်နှင့် ရိုက်မိသွားသည်။ သို့သော် လူအများ ထင်ထားသကဲ့သို့ လွင့်ထွက်သွားခြင်းမရှိဘဲ ထိုတံတိုင်းကြီးမှာ ဟုန်ရှန့်နှင့် ထိမိသည်နှင့် ကွဲအက်ပျက်စီးသွားတော့သည်။ ဟုန်ရှန့်မှာမူ ခြေတစ်လှမ်းမျှ နောက်မဆုတ်ဘဲ ဘာမှမဖြစ်သကဲ့သို့ ပို၍ပင် မြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ တိုးလာသည်။

"ဟင်... နူးညံ့တဲ့ တိမ်တိုက်ကနေ သံမဏိအဖြစ် ပြောင်းလဲခြင်း"

ဆံပင်ဖြူအဘိုးအို၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူသည် အင်အားကို မထိန်းထားတော့ဘဲ လက်ဖဝါးနှစ်ဖက်လုံးဖြင့် ရှေ့သို့ တွန်းထုတ်လိုက်သည်။

မိုးကြိုးပစ်သံကဲ့သို့သော အသံကြီး ထွက်ပေါ်လာသည်။

လေထုထဲတွင် လေပြင်းများ ဝေ့ယမ်းသွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော ဖြူလွလွ မြူခိုးများမှာ ရှေ့သို့ တိုးထွက်သွားရာ လေထုနှင့် ထိတွေ့သည်နှင့် သံမဏိကဲ့သို့ မာကျောသွားပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို သံတောင်ကြီးတစ်ခုကဲ့သို့ ဖိနှိပ်ခြေမှုန်းလိုက်တော့သည်။

ယခင်က ချောက်နက်အတွင်းသို့ အတင်းဝင်ရန် ကြိုးစားသူများနှင့် ရင်ဆိုင်စဉ်က ဆံပင်ဖြူအဘိုးအိုမှာ အင်အားကို ထိန်းချုပ်ကာ သူတို့ကို မောင်းထုတ်ရုံသာ ပြုလုပ်ခဲ့သည်။ သို့သော် ယခု အန္တရာယ်ကြီးမားသော ဟုန်ရှန့်နှင့် ရင်ဆိုင်ရချိန်တွင်မူ သူသည် အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး သံမဏိထက်ပင် လေးလံကာ မာကျောသော ကျင့်စဉ်စွမ်းအား တံတိုင်းကြီးဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ၎င်းနှင့် အနည်းငယ် ထိမိရုံမျှဖြင့် အရိုးများ ကျိုးပဲ့ကာ ကြွက်သားများ ပြတ်တောက်သွားနိုင်ပေသည်။

"အား"

ဟုန်ရှန့်က ရှောင်တိမ်းမည့် အရိပ်အယောင်မျှ မပြပေ။ သူ၏ လည်ချောင်းထဲမှ အသံနက်ကြီးဖြင့် အော်ဟစ်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ ထူထဲကာ ရှည်လျားသန်မာသော လက်မောင်းကြီးကို ထိုးထုတ်လိုက်သည်။

"ဂျွတ်... ဂျွတ်... ဂျွတ်"

သူ၏လက်မှာ မာကျောလှသော သံမဏိသဖွယ် ကျင့်စဉ်စွမ်းအား တံတိုင်းကြီးကို အားဖြင့် ထိုးခွဲလိုက်သည်။ ထိုတံတိုင်းကြီး တစ်ခုလုံး သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း သူသည် ခြေတစ်လှမ်းမျှ နောက်မဆုတ်ပေ။ သူ၏ ထိုးဖောက်ဝင်ရောက်သွားသော လက်မှာ ဆံပင်ဖြူအဘိုးအို၏ လည်ပင်းကို ပြင်းထန်စွာ ဖမ်းဆုပ်လိုက်တော့သည်။

"လွှတ်စမ်း"

ဆံပင်ဖြူအဘိုးအိုမှာလည်း အမှန်တကယ်ပင် ဒေါသ ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ချီစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ့ကို မြူခိုးတိမ်တိုက်များကဲ့သို့ ဖုံးလွှမ်းသွားကာ မီးတောက်များကဲ့သို့ တောက်လောင်စေသည်။

သို့သော် အဘိုးအို၏ လည်ပင်းကို ဖမ်းဆုပ်ထားသော လက်ချောင်းများကို ဖြုတ်ချရန် ခက်ခဲလှသည်။ ဟုန်ရှန့်က အေးစက်စွာ လှောင်ပြုံးလိုက်ပြီး သူ၏လက်မောင်းကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ပြင်းထန်သော အင်အားကြောင့် ဆံပင်ဖြူအဘိုးအိုမှာ အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွားတော့သည်။

"ဘုန်း"

ဆံပင်ဖြူအဘိုးအိုမှာ ကိုက်နှစ်ဆယ်ခန့် အကွာအဝေးသို့ လွင့်စဉ်သွားပြီး သူ၏ ကျောပြင်မှာ နှင်းဖုံးတောင်နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။ နှင်းများနှင့် ကျောက်တုံးအစအနများမှာ ပြိုကျလာပြီး နှင်းမှုန်များမှာ ကောင်းကင်သို့ လွင့်ပျံသွားသည်။

"အဟွတ်... အဟွတ်..."

ဆံဖြူအဘိုးအိုမှာ တောင်နံရံမှ လျှောကျလာပြီး မထိန်းနိုင်ဘဲ ချောင်းနှစ်ချက် ဆိုးကာ သွေးများ အန်ထုတ်လိုက်သည်။ သူသည် အတန်ငယ် ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်သည်။ ဟုန်ရှန့်ကို ကြည့်နေသော သူ၏ အကြည့်များတွင် ထိတ်လန့်မှုနှင့် တည်ကြည်လေးနက်မှုတို့ ဖုံးလွှမ်းနေလျက်။

ဟုန်ရှန့်၏ ခန္ဓာကိုယ်မှာ အသားနှင့် သွေးဖြင့် တည်ဆောက်ထားပုံ မရပေ။ ဆံပင်ဖြူအဘိုးအိုသည် သူ၏ နူးညံ့သော တိမ်တိုက်ခွန်အားကို နှစ်ပေါင်းတစ်ရာတိုင်တိုင် လေ့ကျင့်ထားပြီး နူးညံ့ခြင်းနှင့် မာကျောခြင်း နှစ်မျိုးစလုံးကို ပြုလုပ်နိုင်သော်လည်း မည်သည့်ပုံစံနှင့်ပင် တိုက်ခိုက်စေကာမူ ဟုန်ရှန့်ကို ခြေတစ်လှမ်းမျှ နောက်ဆုတ်အောင် မပြုလုပ်နိုင်ခဲ့ပေ။ ပြိုင်ဘက်၏ အင်အားမှာ သူ့ထက် များစွာသာလွန်နေကြောင်း သိသာလှသည်။

"ပျင်းစရာကြီး။ ငါက အားနည်းတဲ့သူတွေနဲ့ တိုက်ရတာကို မုန်းတယ်"

ဟုန်ရှန့်သည် သွေးအန်ပြီး သတိနှင့် စောင့်ကြည့်နေသော ဆံပင်ဖြူအဘိုးအိုကို ကြည့်ကာ စိတ်ဝင်စားမှု မရှိတော့သဖြင့် ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ပေ။

"ဒီဟုန်ရှန့်က... အရမ်းမြန်မြန် တိုးတက်လာတာပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ မူလနယ်ပယ်အဆင့်ကို ရောက်ခဲ့ပြီး ငါတို့ရဲ့ အသက်ခြွေအဖွဲ့ထဲကို ဝင်ခဲ့တာ။ ဒါပေမဲ့ အခု သူ့ရဲ့ အင်အားကတော့ကွာ..."

အနက်ရောင်ဝတ်စုံနှင့် ပုပုဝဝ အမျိုးသားသည် ဟုန်ရှန့်က ကျွမ်းကျင်သူ ဆံဖြူအဘိုးအိုကို အလွယ်တကူ နှိမ်နင်းလိုက်သည်ကို တွေ့မြင်ရသောအခါ စိတ်ထဲတွင် အနည်းငယ် မနာလိုဖြစ်မိသည်။ ဟုန်ရှန့်၏ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုကို အံ့အားသင့်မိပြီး မကြာမီမှာပင် ဟုန်ရှန့်သည် သူတို့အားလုံးကို ကျော်တက်သွားလိမ့်မည်ဟု ခန့်မှန်းနေမိတော့သည်။

"မဆိုးပါဘူး၊ သွားကြစို့"

မျက်နှာဖုံးနှင့် အမျိုးသားသည် ဟုန်ရှန့်၏ စွမ်းဆောင်ရည်ကို ကျေနပ်သွားပုံရပြီး ဆံပင်ဖြူအဘိုးအိုကို ထပ်မံ အရေးမစိုက်တော့ဘဲ ချောက်နက်အတွင်းသို့ အရင်ဆုံး ဝင်ရောက်သွားသည်။

ဟုန်ရှန့်နှင့် ပုပုဝဝ အမျိုးသားတို့က နောက်မှ လိုက်ပါသွားကြပြီး သူတို့၏ ပုံရိပ်များမှာ ချောက်ကြောင်းအဝင်ဝတွင် ပျောက်ကွယ်သွားတော့သည်။

ဆံပင်ဖြူနှင့်အဘိုးအိုက ထိုမြင်ကွင်းကို ကြည့်နေသော်လည်း သူတို့ကို တားဆီးရန် မကြိုးစားတော့ပေ။ အမှန်တော့ သူ တားဖို့ ကြိုးစားလျှင်ပင် တားနိုင်မည် မဟုတ်ပေ။ ဟုန်ရှန့် တစ်ဦးတည်းပင်လျှင် အလွန်အန္တရာယ်ကြီးမားလှရာ ကျန်နှစ်ဦးမှာလည်း သူ့ထက် မနိမ့်ကျသော အင်အားများ ရှိပေလိမ့်မည်။

"ဒုဂိုဏ်းချုပ် သူတို့ကို ရင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ရတာပဲ..."

ဆံပင်ဖြူအဘိုးအိုသည် စိုးရိမ်ပူပန်စွာ တွေးတောနေမိသည်။ ထိုသုံးဦးမှာ သေချာပေါက် အားကောင်းသော ပြိုင်ဘက်များပင် ဖြစ်သည်။ သို့သော် သူ၏ တာဝန်မှာ အဝင်ဝကို စောင့်ကြပ်ရန်နှင့် သာမန်လူများစွာ ဝင်ရောက်ကာ ပြဿနာမဖန်တီးနိုင်အောင် တားဆီးရန်သာ ဖြစ်သည်။

ဆံပင်ဖြူအဘိုးအိုသည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူ၏ မူလနေရာသို့ တိတ်ဆိတ်စွာ ပြန်လာခဲ့သည်။

"အရှေ့တိမ်တိုက်ဂိုဏ်းက ဒီအကြီးအကဲတောင်မှ အဲ့ဒီသုံးယောက်ကို မတားနိုင်ဘူးလား"

"အဲ့ဒီ 'ဟုန်ရှန့်' ဆိုတဲ့လူက တကယ် ကြောက်စရာကောင်းတာပဲ။ သူက မူလနယ်ပယ် သိုင်းပညာရှင် ဖြစ်မှာ သေချာတယ်။ ငါတို့ အထဲဝင်သွားရင်တောင်... သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

အပြင်ဘက်မှ စောင့်ကြည့်နေကြသော သိုင်းသမား ထောင်ပေါင်းများစွာမှာ ကြောက်လန့်တုန်လှုပ်ကြကုန်သည်။

ယခုလေးတင် ဝင်သွားသော သုံးဦးမှာ သံသယဖြစ်ဖွယ်မရှိဘဲ မူလနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြပြီး အလွန်အန္တရာယ်ကြီးမားလှရာ သာမန်သိုင်းသမားများအနေဖြင့် သူတို့နှင့် ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ပေ။

သူတို့ လုပ်နိုင်သည်မှာ အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းရင်း မမျှော်လင့်သော အခွင့်အရေးတစ်ခုခု ရရှိကာ အကျိုးအမြတ်အချို့ ရရှိနိုင်ရန် မျှော်လင့်နေခြင်းသာ ဖြစ်သည်။

"ဒီထဲက အပူချိန်က... တကယ်ကို အေးတာပဲ"

ထိုအချိန်တွင် စူးချန်ခုန်းသည် သူ၏ ထူးကဲသော ကိုယ်ဖော့ပညာကို အသုံးပြုကာ ဆံပင်ဖြူအဘိုးအို၏ တားဆီးမှုကို ကျော်ဖြတ်ပြီး ချောက်ကြောင်းအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အထဲသို့ ရောက်ရှိချိန်တွင် အတန်ငယ် အံ့အားသင့်သွားသည်။

အကြောင်းမှာ ချောက်ကြောင်းအတွင်းမှ အပူချိန်မှာ အလွန်အမင်း အေးစိမ့်နေပြီး ပတ်ဝန်းကျင် လေထုထဲတွင် မြင်သာသော နှင်းခဲမြူများ ဖုံးလွှမ်းနေသောကြောင့် ဖြစ်သည်။ စူးချန်ခုန်းကဲ့သို့ သန်မာသော ခန္ဓာကိုယ်ရှိသူပင်လျှင် အအေးဓာတ်ကို သိသိသာသာ ခံစားနေရပြီး အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ ပိုမို အေးစိမ့်လာလေလေ ဖြစ်ပေသည်။

All Chapters