မင်းကအဖေပဲ
Vol. 41 Ch. 576
ဧရာမ ဝေလငါကြီးမှာလည်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
၎င်းသည် ဒွိလိင်ဖြစ်နေသောကြောင့် ဝေလငါးငယ်လေးသည် သူ၏အရှိန်အဝါသာ ပါသင့်ပါသော်လည်း အခြားသော အရှိန်အဝါတစ်ခုပါ ပါဝင်နေလေသည်။
ဝေလငါးကြီးမှာ အိမ်မက်မက်နေသလိုပင် ခံစားနေရသည်။
အန်လင်းမှာ ဖြစ်ပျက်ခဲ့သည်များကိုတွေးကာ ခက်ခဲစွာ တံထွေးမြိုချလိုက်မိသည်။
အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်အား အသုံးပြုကာ ကောင်းကင်လဟာပြင်သားရဲ၏ မျိုးပွားစွမ်းရည်အား ခိုးယူခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
ကောင်းကင်လဟာပြင်မျိုးပွားစွမ်းရည်သည် အကန့်အသတ်မဲ့သော လဟာပြင် စွမ်းအင်များကို စုပ်ယူကာ အသက်ဓာတ်တစ်ခု ဖြစ်ပေါ်စေနိုင်သည်။ သူသည် ထိုစွမ်းရည်အား ခိုးယူခဲ့သောကြောင့် ကောင်းကင်လဟာပြင်သားရဲ၏ မျိုးပွားနိုင်စွမ်းကို ရရှိခဲ့သည်။
အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်၏ ခိုးယူနိုင်စွမ်းမှာ ဆယ်မိနစ်သာ ရှိသောကြောင့် သူ့အနေဖြင့် များများစားစား မတွေးတောနိုင်ခဲ့ပေ။ ထို့အပြင် ခန္ဓာကိုယ် ပေါက်ကွဲမှုကြောင့် ဘဝကူးတော့မလို ဖြစ်ခဲ့ရသဖြင့် ထိုမှတ်ဉာဏ်အား ပြန်လည်တွေးတောလိုခြင်းလည်း မရှိပေ။
ထိုစဉ်က သူစုပ်ယူပြီး ပေါက်ကွဲထွက်သွားခဲ့သော လဟာပြင် စွမ်းအင်များမှာ မည်သည့်နေရာသို့ ရောက်ရှိသွားပါသနည်း။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ထိုလဟာပြင် စွမ်းအင်များသည် ပျောက်ကွယ်မသွားပဲ ကောင်းကင်လဟာပြင်သားရဲ၏ အသက်ဓာတ်နှင့် ပေါင်းစည်းသွားပုံရသည်။
ငါယီးထဲမှ.....
အန်လင်းမှာ အကြောင်းအရာများ ဆက်စပ်စဉ်းစားပြီးနောက် ငိုချင်သလိုပင် ဖြစ်လာသည်။ ထိုဝေလငါးငယ်လေးသည် အမှန်တကယ်ပင် သူနှင့်ပက်သတ်နေသည်။
သူ၏အရှိန်အဝါသည် သေးငယ်လွန်းလှပါသော်လည်း ဝေလငါးငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ပါဝင်နေသည်ကို ငြင်းပယ်မရပေ။
"သက်သေကတော့ ခိုင်လုံနေပြီနော်။"
ကတ်စီဒီ အန်လင်းအား 'ဘာတတ်နိုင်သေးလဲ'ဟူသော အမူအရာဖြင့် ကြည့်ရှုလိုက်သည်။
"ဒီကောင်လေးက ထိုက်ချူးကုန်းမြေ ဘာသာစကားကို တတ်နေတာ မထူးဆန်းတော့ပါဘူး။ အစ်ကိုလေး အန်လင်းဆီကနေ အမွေရထားတာကိုး။"
ဉာဉ့်ယံကာကွယ်သူနတ်ဘုရားမှာ နားလည်သဘောပေါက်သွားဖြင့် ခေါင်းညိတ်လိုက်သည်။
ကောင်းကင်နတ်မိမယ်ဟယ်မှာ မျက်မှောင်ကျုံ့လျက် အေးစက်စက် စကားဆိုလိုက်သည်။
"အစ်ကိုလေး အန်လင်း သူတို့သားအမိကို အသိအမှတ် မပြုရင် ကျွန်မကတော့ တကယ်အထင်သေးမိမှာပဲ။"
"သြမီတောဖော....ဒကာလေး အန်လင်း...ဒါတွေအားလုံးက အကျိုးရှိလို့ အကြောင်းဖြစ်လာတဲ့ ကံတရားတွေပါပဲ။ အဆုံးအထိ ဒကာလေး တာဝန်ယူသင့်ပါတယ်။"
ဘုန်းတော်ကြီး ချန်းဟယ် သက်ပြင်းချလိုက်သည်။
အန်လင်းမှာ ဆင်နင်းခံနေရသလို ခံစားရကာ ရင်ဘတ်အား လက်ဖြင့်ဖိထားမိသည်။
သက်သေခိုင်လုံတယ်.....အမွေရထားတယ်....သူတို့သားအမိကို ရှောင်ဖယ်တယ်.....တာဝန်ယူရမယ်....
ငါ့ကိုယ်ငါပဲ သတ်သေလိုက်တော့မယ်......
အန်လင်း၏စိတ်မှာ ဝင်္ကပါထဲ ကျဆင်းသွားသလို ဖြစ်နေသည်။
ဘာလို့ဒီလိုတွေ ဖြစ်လာရတာလဲ.....ဘာလို့လဲ....
"ခွင့်မလွှတ်နိုင်ဘူး.....ဒါကို ခွင့်မလွှတ်နိုင်ဘူး...."
ဧရာမ ဝေလငါးကြီး၏ ပြင်းထန်လှသော စိတ်ဆန္ဒများ ၎င်းတို့၏ အတွေးထဲ ပဲ့တင်ထပ်သွားသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။
ဝေလငါးကြီးသည် ပါးစပ်အားဟကာ ကြီးမားလှသော အမှောင်ထု ဝဲဂယက်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထိုဝဲဂယက်သည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ရှိနေပြီး သေမင်းနံရံ တစ်ခုအလား ကြောက်မက်ဖွယ် ဆွဲငင်အားကို ထုတ်လွှတ်နေသည်။ လေထုမှာလည်း တွန့်လိမ်လာပြီးနောက် ကောင်းကင်နှင့်မြေပြင်ကြားတွင် ရှိနေသော အရာအားလုံးမှာ ကောင်းကင်လဟာပြင်သားရဲ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားရသည်။
ထိုသည်မှာ အားလုံးနှင့် ရင်းနှီးကျွမ်းဝင်နေသော မြင်ကွင်းတစ်ခုပင်။ ကောင်းကင်လဟာပြင်သားရဲ၏ ထင်ရှားသော နည်းစနစ်ဖြစ်သည့် ကောင်းကင်လဟာပြင်ဝဲဂယက်နှင့် နယ်ပယ်ဖယ်ရှားခြင်းစွမ်းရည်....
လူတိုင်း၏ အမူအရာမှာ ဖြူဖျော့သွားရပြီး ရှောင်ဇယ်သည်လည်း အားလုံးကို ကာကွယ်ပေးရန်အတွင် အနက်ရောင် နဂါးပုံရိပ်ကြီးအား အသက်သွင်းလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို ဆန်းကြယ်သော လဟာပြင် စွမ်းအင်တစ်ခုသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို လွှမ်းခြုံသွားကာ ပြင်ပလောကထံမှ တမုဟုတ်ချင်း ပျောက်ကွယ်သွားကြသည်။
အန်လင်းတို့သည် မီးခိုးရောင် နယ်မြေထဲ ထပ်မံရောက်ရှိသွားပြီး ယခင်ကအတိုင်းပင် အကန့်အသတ်မဲ့သော လေထုဖိအားများမှာ အရပ်မျက်နှာ အစုံမှ တိုက်ခတ်နေလျက် ရှိသည်။ သို့သော် ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းအင်မှာ ၎င်းတို့အား ကာကွယ်ပေးထားလေသည်။
"ငါတို့ ဒီနေရာနဲ့ အထုံပါနေတာများလား။ ထွက်လာတာ နှစ်နာရီတောင် မရှိသေးဘူး။ ပြန်ရောက်လာရပြန်ပြီ။"
အန်လင်း ဒေါသထွက်စွာဖြင့် ကိုယ့်နဖူးကိုယ်ရိုက်လိုက်သည်။
အားလုံးမှာ 'အဲ့ဒါနင့်အပြစ်လေ'ဟူသော အကြည့်ဖြင့် အန်လင်းအား ကြည့်ရှုလာကြသည်။
မည်သို့ပင်ဆိုစေကာမူ အရင်တစ်ခါနှင့် မတူညီသည်မှာ ဝေလငါးငယ်လေးပါ ရှိနေခြင်းပင်။
ဝေလငါးငယ်လေးသည် ရှောင်ဇယ်၏ ခုခံကာကွယ်ရေး စွမ်းအင်အပြင်ဘက်တွင် ရှိနေပြီး ပတ်ဝန်းကျင်အား နားမလည်နိုင်စွာ ကြည့်ရှုနေသည်။
"ဟင်....ဒီနေရာက ဘယ်လိုကြီးလဲ။"
၎င်းသည် လေထုဖိအားများကို ခံစားရပုံ မပေါ်ပဲ စိမ်ပြေနပြေ ပျံဝဲနေလေသည်။
"ဖေဖေ....ဖေဖေ....မေမေက ဘယ်မှာလဲဟင်။"
ဝေလငါးငယ်လေးသည် ချစ်စဖွယ် မျက်လုံးဝိုင်းလေးများဖြင့် အန်လင်းအား မေးမြန်းလိုက်သည်။
အန်လင်းမှာ မျက်ခုံးနှိပ်နေရသည်။
"ကျေးဇူးပြုပြီး ဖေဖေလို့ မခေါ်ပါနဲ့တော့ကွာ။"
ဝေလငါးငယ်လေးမှာ မည်သည့်စကားမှ ပြန်မပြောပဲ ဝမ်းနည်းမျက်ရည်များ စီးကျလာပြန်သည်။
အားလုံးမှာ ငိုကြွေးနေသော ဝေလငါးငယ်လေးအားကြည့်ကာ ပေါက်ကွဲလာပြီး အန်လင်းအား တစ်ယောက်တစ်ချက် သမတော့မည့် အချိန်မှာပင် အန်လင်းမှ စကားဆိုလိုက်သည်။
"အဲ့အစား ဖိုးဖိုးလို့ခေါ်နော်။"
ဝေလငါးငယ်လေးမှာ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။
"ဖိုးဖိုး...."
"လိမ္မာလိုက်တဲ့မြေးလေး...."
အန်လင်း ကျေနပ်နေသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
အားလုံး: "......"
ဝုန်း....
ထိုအချိန်တွင် အားကောင်းလှသော လေထုဖိအားများ ကျဆင်းလာသည်။
ရှောင်ဇယ်မှာ အမူအရာ ပြောင်းလဲသွားပြီး ခုခံကာကွယ်ရေး အစွမ်းအား မြှင့်တင်ကာ အော်ဟစ်လိုက်သည်။
"ဆရာရော.....ကောင်းကင်လဟာပြင်သားရဲကို အခုထက်ပိုပြီး ဒေါသထွက်အောင် မလုပ်ပါနဲ့တော့။ မဟုတ်ရင် ကျွန်တော် ခံနိုင်တော့မှာ မဟုတ်ဘူး။"
အန်လင်း အံကြိတ်ကာ မော့ကြည့်လိုက်သည်။
"ကိုဝေလငါးကြီးရေ....မတော်တဆ တိုက်ဆိုင်သွားတဲ့ဟာကို ငါ့ကိုဖိအားပေးဦးမလို့လား။"
ဧရာမ ဝေလငါးကြီး၏ပုံရိပ် ထွက်ပေါ်လာကာ အားကောင်းလှသော စိတ်ဆန္ဒများအား အားလုံး၏စိတ်ထဲ ပို့လွှတ်လိုက်သည်။
"မတော်တဆ တိုက်ဆိုင်တာဟုတ်လား။ ကောင်းကင်လသာပြင်စိတ်ဝိဉာဉ် ခိုးသွားတာကို ငါဒီတိုင်းထားပေးလို့ ရသေးတယ်။ ဒါပေမယ့် မင်းကငါ့ကလေးကိုပါ ငါ့ဆီကနေ ယူချင်နေတာလေ။ ငါက ဒွိလိင်ပဲ။ ဒါတောင် ကလေးက မင်းဟာတဝက်ပါနေတယ်။ ငါ....ငါမင်းကိုသတ်မယ်။"
အားလုံးမှာ ဝေလငါးကြီးအပေါ် သနားမိသွားရသည်။
အန်လင်းမှာ အနည်းငယ် တုန်လှုပ်နေပါသော်လည်း ခပ်တင်းတင်း ခြိမ်းခြောက်လိုက်သည်။
"ငါမင်းရဲ့ စွမ်းရည်တွေ ထပ်ခိုးပစ်မှာကို မကြောက်ဘူးလား။"
"ဟမ့်....ငါသေရမယ် ဆိုရင်တောင် မင်းကိုတော့ သတ်ကိုသတ်မှာကွ။"
ဧရာမ ဝေလငါကြီးမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပုံ ရသည်။
အန်လင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ထားလိုက်ပါတော့။ ဝေလငါးလေးရဲ့ အမေကိုတော့ ငါမထိခိုက်စေချင်ဘူး။"
ဧရာမ ဝေလငါးကြီးမှာ ဒယိမ်းဒယိုင် ဖြစ်သွားသလို ဝေလငါးငယ်လေးမှာလည်း တဗြဲဗြဲနေအောင် အော်ငိုတော့သည်။
"ဝါး.....မေမေ....ဖိုးဖိုးကို အနိုင်မကျင့်ပါနဲ့။ ကျွန်တော် လက်မခံဘူးနော်....ဝါး...."
ဝေလငါးငယ်လေးမှာ အသည်းအသန် ငိုကြွေးနေသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံးပင် တသိမ့်သိမ့် တုန်ခါနေသည်။
၎င်းထံမှ ကြောက်မက်ဖွယ် လဟာပြင်စွမ်းအင်များ ပါဝင်နေသော အနက်ရောင် အလင်းတစ်ခု ဖြာထွက်လာကာ အားလုံးအပေါ် လွှမ်းခြုံသွားသည်။
ရှောင်ဇယ် အံ့အားသင့်သွားကာ ဝေလငါးငယ်လေးအား ကြည့်ရှုလိုက်သည်။
"လေထုဖိအားက သိသိသာသာ လျော့သွားတာပဲ။"
"ကျေးဇူးတင်ပါတယ်....ဝေလငါးလေးရေ။"
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
ဝေလငါးငယ်လေးမှာ အမြှီးအားရမ်းကာ ချစ်စဖွယ် တုံ့ပြန်လိုက်သည်။
"ကိစ္စမရှိပါဘူး။ ဖိုးဖိုးကို မေမေ အနိုင်မကျင့်စေရဘူး။"
တကယ်လိမ္မာတဲ့ ကလေးလေးပဲ....
အားလုံး ခံစားချက်များဖြင့် သက်ပြင်းချမိကြသည်။
လူတိုင်းမှာ ပျော်ရွှင်ကျေနပ်နေပါသော်လည်း ဧရာမ ဝေလငါကြီးမှာ ယင်ကောင်စားမိလိုက်သလို နင်နေရသည်။
ဝေလငါးငယ်လေးသည် ၎င်း၏ကလေး ဖြစ်ပါသော်လည်း ရန်သူများနှင့် ပူးပေါင်းနေလေသည်။
နယ်ပယ်ဖယ်ရှားခြင်းစွမ်းရည်သည် ပစ်မှတ်ရွေးချယ်၍ မရသောကြောင့်သာ ဝေလငါးငယ်လေးလည်း အန်လင်းတို့နှင့်အတူ ပါလာခဲ့ရခြင်း ဖြစ်သည်။ ဧရာမ ဝေလငါးကြီးသည် အန်လင်းတို့အား သတ်ဖြတ်ပြီးနောက် ဝေလငါးငယ်လေးအား ပြန်ထုတ်ပေးရန် စီစဉ်ထားခဲ့သည်။ သို့သော် ၎င်း၏ရင်နှစ်သည်းချာ ကလေးလေးသည် ရန်သူများအား ကာကွယ်ပေးနေလေသည်။
"ရှောင်လေး....မင်းဘယ်လောက်ထိ ခံနိုင်ရည် ရှိသေးလဲ။"
အန်လင်း ရှောင်ဇယ်ထံ အသံပို့လွှတ်လိုက်သည်။
"ဝေလငါးလေးရဲ့ အကူအညီနဲ့ဆို ဘယ်လောက်ကြာကြာ ကိစ္စမရှိဘူး။"
ရှောင်ဇယ် သက်တောင့်သက်သာ ပြောလိုက်သည်။
အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် ဝေလငါးငယ်လေးအားကြည့်ကာ ဤနေရာမှ မည်သို့ထွက်ခွာသွားရမည်ကို စဉ်းစားနေလိုက်တော့သည်။