← Chapters

မပြီးမြောက်သောမစ်ရှင်

Vol. 41 Ch. 577

မပြီးမြောက်သောမစ်ရှင်

Vol. 41 Ch. 577

အန်လင်း ဝေလငါးငယ်လေးအားကြည့်ကာ မေးလိုက်သည်။

"ဝေလငါးလေးကရော ဘယ်လောက်ထိ ခံနိုင်ရည် ရှိသေးလဲ။"

ဝေလငါးငယ်လေး ခေါင်းခါပြကာ ရိုးသားစွာ တုံ့ပြန်လိုက်သည်။

"ကျွန်တော် မပြောတတ်ဘူး။ ဒါပေမယ့် အကောင်းဆုံး ကြိုးစားမှာပါ ဖိုးဖိုး။"

ဧရာမ ဝေလငါကြီးမှာ ထိုစကားကြောင့် ရင်ဘတ်တစ်ခုလုံး နာကျင်သွားပါသော်လည်း လေထုဖိအားကို ဆက်လက်ထုတ်လွှတ်ထားသည်။ ထိုဖိအားသည် ဝေလငါးငယ်လေးအပေါ် မသက်ရောက်သောကြောင့် ကလေးလေးသည်လည်း အချိန်ကြာလာသည်နှင့်အမျှ အားအင်ကုန်ခမ်းသွားပေလိမ့်မည်။ ထိုအခါမှသာ အန်လင်းတို့အား စိစိညက်ညက်ချေပြီး ဝေလငါးငယ်လေးအား အပြင်သို့ ပြန်ထုတ်ပေးရမည်။

ထိုအတွေးကြောင့် ဧရာမ ဝေလငါကြီး လှောင်ပြုံးပြုံးလိုက်သည်။

ငါ့စွမ်းရည်တွေကို မခိုးတော့ပါဘူးလို့ ကမ်းလှမ်းလာရုံနဲ့ ငါကမင်းကို လွှတ်ပေးရမှာလား....အိမ်မက်မက်နေလိုက်....

ကောင်းကင်လဟာပြင်သားရဲငယ်လေးကလည်း အမေကိုပဲ လိုအပ်တာ....

လေထုဖိအားမှာ လျော့ပါးမသွားပဲ ပိုမိုအားကောင်းလာသည်။

ဧရာမ ဝေလငါးကြီးမှာ သေသေချာချာ ဆုံးဖြတ်ထားပုံ ရသောကြောင့် အန်လင်းသည်ပင် ဘာလုပ်ရမှန်း မသိတော့ပေ။

ဝေလငါး ပုံရိပ်ကြီးမှာလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

ဒီလူတွေက သေမှာပဲဟာ....ဘာဆက်ကြည့်နေစရာလိုလဲ....

"မြင့်မြတ်ခေါင်းဆောင်....ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။"

ကတ်စီဒီ မေးမြန်းလိုက်သည်။

"ကောင်းကင်လဟာပြင်သားရဲဆီက စွမ်းရည်တွေ ထပ်ခိုးရင်ရော။ အဆိုးဆုံးအနေနဲ့ ဒင်းနဲ့တိုက်ကြရုံပေါ့။"

တိုဘိယ အကြံပေးလိုက်သည်။

"မေမေ့ကို ထိခိုက်အောင် မလုပ်ပါနဲ့။"

ဝေလငါးငယ်လေးမှာ မျက်ဝန်းများ တလက်လက် တောက်လောက်အောင် မျက်ရည်အရွှဲသား ဖြစ်နေသည်။

အားလုံးမှာ ထိုမြင်ကွင်းကြောင့် တိတ်ဆိတ်သွားရသည်။ ဝေလငါးငယ်လေးသည် မိသားစုတွင်း အကြမ်းဖက်နေသည်ကို မမြင်လိုသောကြောင့် အန်လင်းအား ကူညီပေးနေခြင်း ဖြစ်ပါသော်လည်း ၎င်း၏မိခင်အား တိုက်ခိုက်သည်ကိုလည်း ခွင့်ပြုမည် မဟုတ်ပေ။

အန်လင်းသည် အံ့ဖွယ်ခိုးယူခြင်းနည်းစနစ်အား အသုံးပြုရန် လုံးဝစိတ်မဝင်စားသည်တော့ မဟုတ်ပေ။

သို့သော် ရွေးချယ်စရာ မရှိသော နောက်ဆုံးအခြေအနေမှသာ အသုံးပြုသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ဧရာမ ဝေလငါးကြီး တစ်စုံတစ်ခု ဖြစ်သည်နှင့် ဝေလငါးငယ်လေးသည်လည်း ၎င်းတို့အား ဆက်လက်ကူညီပေးတော့မည် မဟုတ်ပေ။

တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား....

အန်လင်း မျက်မှောင်ကျုံ့ကာ တွေးတောလိုက်ပြီးနောက် အားလုံးထံ တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်။

"ကောင်းကင်လသာပြင်သားရဲရဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုရင်ရော နေရာကူးပြောင်းရေး အစီအရင်တွေက အလုပ်ဖြစ်မယ်ထင်လား။"

အားလုံးမှာ တစ်စုံတစ်ခုကို သတိရမိလိုက်ကြပြီးနောက် ပျော်ရွှင်သွားကြသည်။

ကောင်းကင်နတ်မိမယ်ဟယ် ပြံးကာတုံ့ပြန်လိုက်သည်။

"နေရာကူးပြောင်းရေး အစီအရင်တွေက နယ်မြေနှစ်ခုကြား ကူးပြောင်းပေးနိုင်တယ်။ အဲ့ဒါကြောင့် ဒီကနေ ထွက်သွားဖို့ ဘာပြဿနာမှ မရှိလောက်ဘူး။ ကျွန်မတို့လည်း သေရေးရှင်ရေး တိုက်ပွဲတွေနဲ့ အရမ်းစိတ်ရှုပ်နေရတော့ နေရာကူးပြောင်းရေး အစီအရင်တွေအကြောင်း မတွေးလိုက်မိဘူး။"

ရက်သုံးဆယ် ပြည့်သွားသည်နှင့် ဧကရာဇ် ဇီဝေ ပေးထားသော နေရာကူးပြောင်းရေး အစီအရင်များသည် ၎င်းတို့အား ကောင်းကင်ဘုံခုံရုံးသို့ ပြန်လည်ပို့ဆောင်ပေးလိမ့်မည်ပင်။

"အဲ့ဒါဆို လေးငါးရက်ပဲ စောင့်ဖို့လိုတော့တာပေါ့။ ဝေလငါးလေးက အဲ့လောက်ထိ ခံနိုင်ပါ့မလား မသိဘူး။"

ကတ်စီဒီမှာ စိုးရိမ်ပူပန်နေဟန်ဖြင့် ဝေလငါးငယ်လေးအား ကြည့်ရှုလိုက်သည်။

"ဝေလငါးလေး ခံနိုင်ရည် မရှိတော့ရင် ကျွန်တော် ခြောက်နာရီစာလောက်ခံတဲ့ အစစ်အမှန် နဂါးနံရံကို ထုတ်လိုက်မယ်လေ။ အဲ့ဒါဆို သူလည်းအနားယူချိန် ရတာပေါ့။"

ရှောင်ဇယ် ပြုံးကာပြောလိုက်သည်။

အန်လင်း စိတ်သက်သာရာ ရသွားရသည်။

၎င်းတို့အနေဖြင့် စိတ်ရှည်လက်ရှည် ထိုင်စောင့်နေရန်သာ လိုတော့သည်။

နေပါဦး....

အန်လင်း၏ခေါင်းထဲ ကြောက်မက်ဖွယ် အတွေးတစ်ခု ဝင်ရောက်လာသည်။

ကောင်းကင်ဘုံခုံရုံးကို ဒီတိုင်းပြန်သွားရင် ငါ့ရဲ့ဖွားဖက်တော်ကရော....

အန်လင်းမှာ အသက်ရှူသပင် ရှူးရှူးရှဲရှဲ ဖြစ်သွားရသည်။

စစ်နတ်ဘုရား ခန္ဓာ၏ ကနဦးအဆင့်အား အောင်မြင်နိုင်ရန် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာအား စုပ်ယူရမည် ဖြစ်သည်။

ကျရှုံးခဲ့ပါက သူသည်လည်း အနှစ်တစ်သောင်း ကုန်းကုန်း ဖြစ်သွားပေလိမ့်မည်။

သူ၏သိုလှောင်လက်စွပ်ထဲတွင် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ရှစ်ဆယ့်နှစ်ခု ရှိနေသည်။ ထို့ကြောင့် တန်ဖိုးကြီးမားလှသော ဖွားဖက်တော်အား ကယ်တင်နိုင်ရန် ရွှေရောင်နယ်မြေအဆီအနှစ် ဆယ့်ရှစ်ခု လိုအပ်နေသေးသည်။

အန်လင်း ကောင်းကင်နတ်မိမယ်ဟယ်တို့အား ကြည့်ရှုလိုက်သည်။

မီးဝင်းဝင်းတောက်နေသော အကြည့်ကြောင့် ကောင်းကင်နတ်မိမယ်ဟယ်မှာ ရှက်သွေးပင် ဖြာလာရသည်။

"အစ်ကိုလေးအန်လင်း ဘာလို့အဲ့လိုကြီး ကြည့်နေတာလဲဟင်။"

"ခင်ဗျားတို့ဆီမှာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ရှိလားဟင်။ ကျွန်တော် အရေးတကြီး လိုအပ်နေလို့ပါ။ တခြားနယ်မြေအဆီအနှစ် သလင်းကျောက်တွေနဲ့ လဲပေးမယ်လေ။"

အန်လင်း လိုရင်းကို တဲ့တိုးပြောလိုက်သည်။

ဘုန်းတော်ကြီး ချန်းဟယ်မှာ လက်အုပ်ချီလိုက်သည်။

"သြမီတောဖော....တကယ်လို့ ဒကာလေး အန်လင်းက လိုအပ်နေတယ်ဆိုရင် ကိုယ်တော်က အလကား လှူပေးဖို့ ဆန္ဒရှိပါတယ်။ ဒကာလေးက ကိုယ်တော်တို့ အသက်ကို ကယ်ပေးခဲ့တာပဲလေ။"

ကောင်းကင်နတ်မိမယ်ဟယ်၊ ဉာဉ့်ယံကာကွယ်သူနတ်ဘုရားနှင့် ဘုန်းတော်ကြီး ချန်းကန်တို့လည်း ထိုစကားအား ခေါင်းညိတ်သဘော​တူလိုက်ကြသည်။

အန်လင်းမှာ ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ သူသည် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအား တန်ရာတန်ကြေးနှင့်သာ လဲလှယ်လိုသည်။

၎င်းတို့အသက်အား ကယ်တင်ပေးခဲ့ပါသော်လည်း ထိုမျှဖြင့် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များကို အလကားယူ၍ မဖြစ်ပေ။ သူနှင့် ဝေလငါးငယ်လေးတို့၏ ပက်သတ်ဆက်နွယ်မှုကြောင့် ၎င်းတို့အားလုံးလည်း ဝေလငါးကြီး၏ ဝမ်းဗိုက်ထဲ နောက်ထပ်တဖန် ရောက်ရှိခဲ့ကြရသည် မဟုတ်လော။

အန်လင်း၏ ခေါင်းမာမှုကြောင့် ကောင်းကင်နတ်မိမယ်ဟယ်တို့မှာ တန်ရာတန်ကြေးဖြင့် လဲလှယ်ရန် သဘောတူလိုက်ကြသည်။

အနီရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုသည် စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်းနှင့် ညီမျှသည်။ ထို့ကြောင့် အနီရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ငါးခုဆိုလျှင် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခု ရရှိမည် ဖြစ်သည်။ ထိုသည်မှာ အားလုံးသုံးစွဲနေကြသော လဲလှယ်နှုန်း တစ်ခုပင်။

ကောင်းကင်နတ်မိမယ်ဟယ်တွင် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် နှစ်ခုရှိပြီး ဉာဉ့်ယံကာကွယ်သူနတ်ဘုရားထံတွင် သုံးခုရှိသည်။ ဘုန်းတော်ကြီး ချန်းကန်နှင့် ချန်းဟယ်တို့တွင်လည်း သုံးခုစီ ရှိကြသောကြောင့် စုစုပေါင်း ရွှေရောင်နယ်မြေအဆီအနှစ် ဆယ့်တစ်ခု ဖြစ်သည်။

အန်လင်းထံတွင် အနီရောင်နယ်မြေအဆီအနှစ် သလင်းကျောက် လေးဆယ့်ကိုးခုသာ ရှိသောကြောင့် အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဆယ့်နှစ်ခုအား ထည့်ပေါင်းကာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အားလုံးကို လဲလှယ်ရယူလိုက်သည်။

သူ့အား တိုင်ကွန်းကြီးအဖြစ် သတ်မှတ်နိုင်နေပြီပင်။ သူ့ထံတွင် အဖြူရောင်နယ်မြေအဆီအနှစ် သလင်းကျောက် သုံးရာလေးဆယ့်လေးခု၊ အစိမ်းရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုခြောက်ဆယ်၊ အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ခုနစ်ဆယ့်နှစ်ခုနှင့် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ကိုးဆယ့်သုံးခု ရှိနေသည်။ ထိုသည်မှာ အများစုအား အံ့သြဘနန်း ဖြစ်စေနိုင်သော ပမာဏဟု ဆိုနိုင်သည်။

"ခုနစ်ခုတောင် လိုနေသေးတာပဲ။"

အန်လင်း သက်ပြင်းချလိုက်သည်။

လိုအပ်ချက်သည် ပိုများနေသောကြောင့် သူနာကျင်နေရသည်။

ချမ်းသာတော့ရော ဘာလုပ်ရမှာလဲ....ရွှေရောင်နယ်မြေအဆီအနှစ်က ဝယ်ချင်သလောက်မှ ဝယ်လို့မရတာ....

ကောင်းကင်နတ်မိမယ်ဟယ်နှင့် အခြားသူများမှာ အလွန်အမင်း စိတ်ဓာတ်ကျနေပုံရသော အန်လင်းကြောင့် အားပေးစကားများ ပြောလိုက်ကြသည်။

"မြင့်မြတ်ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်က မပြည့်တော့ဘူး ထင်တယ်။"

ကတ်စီဒီ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။

"ဘာရည်ရွယ်ချက်လဲ။"

ကောင်းကင်နတ်မိမယ်ဟယ် စိတ်ဝင်စားသွားမိသည်။

မာလင် တုံ့ပြန်လိုက်သည်။

"ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာ စုဖို့လေ။ ကျုပ်ထင်တာမမှားရင် ခုနစ်ခုလောက် လိုဦးမယ်ထင်တယ်။"

ဝုန်း.....

ကောင်းကင်နတ်မိမယ်ဟယ်တို့မှာ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားတော့မလို ခံစားလိုက်ရသ​ည်။

ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာစုဖို့.....ခုနစ်ခု လိုနေသေးတယ်.....

အဲ့ဒါဆို....သူ့ဆီမှာ ရွှေရောင်နယ်မြေအဆီအနှစ် ကိုးဆယ့်သုံးခု ရှိနေတာပေါ့.....

ကောင်းကင်ဘုံခုံရုံးနှင့် အနောက်ဘက်နိဗ္ဗာန်မှ သြဇာအာဏာ ကြီးမားသူများမှာ မျက်လုံးအပြူးသားဖြင့် အန်လင်းအား ကြည့်ရှုလိုက်မိကြသည်။

စိတ်ဓာတ်ကျနေသော အန်လင်းအား နှစ်သိမ့်ပေးခဲ့ကြသည်ကို ပြန်လည်မြင်ယောင်ကာ သွေးအန်တော့မလိုပင် ဖြစ်ကုန်ကြရသည်။

၎င်းတို့သည် သန်းတစ်ရာ ရှာရမည့် သူဌေးကြီးအား သန်းကိုးဆယ်သာ ရခဲ့သောကြောင့် စိတ်ဓာတ်မကျရန် နှစ်သိမ့်ပေးနေသော သူတောင်းစားများလို ထင်မြင်လာမိသည်။

နင့်မေကြီးတော်.....ဒင်းကို ဘာနှစ်သိမ့်ပေးစရာ လိုလို့လဲ....

ကောင်းကင်နတ်မိမယ်ဟယ်နှင့် အခြားသူများမှာ တဒိန်းဒိန်းနှင့် သွေးများပင် ဆောင့်တက်လာသည်။

ဘုန်းတော်ကြီး နှစ်ပါးမှာ စိတ်အားထိန်းချုပ်ရန် မန္တာန်များ ရွတ်ဆိုနေပြီး ဉာဉ့်ယံကာကွယ်သူနတ်ဘုရား အနီးတွင် မဟူရာမြူခိုးများ ဝေ့ဝဲလာသောကြောင့် ၎င်း၏မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ကောင်းကင်နတ်မိမယ်ဟယ်မှာ ဒေါသထွက်နေကြောင်း သိသာလှသည်။

ထိုအချိန်တွင် အန်လင်းမှာ နှစ်သိမ့်ပေးမည့်သူ မရှိပဲ အထီးကျန်စွာ ထိုင်နေလေသည်။

ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာ မစုနိုင်ပါက နှစ်တစ်သောင်း ကုန်းကုန်း ဖြစ်ရမည်ကို သူတစ်ဦးတည်းသာသိသည်။

အချိန်မှာ ဖြည်းညင်းစွာ ကုန်ဆုံးနေပြီး ကံကောင်းထောက်မစွာဖြင့် ဝေလငါးငယ်လေးမှာ သုံးရက်လုံးလုံး မမောပမ်းခဲ့ပေ။ ၎င်းသည် အမေဖြစ်သူကိုလည်း အန်လင်းတို့အား မသတ်ရန် တစ်ချိန်လုံး တောင်းဆိုနေခဲ့ပါသော်လည်း ဧရာမ ဝေလငါကြီးမှာ သဘောမတူခဲ့ပေ။

ဤသို့ဖြင့် နောက်ဆုံးနေ့သို့ ရောက်ရှိလာခဲ့တော့သည်။

All Chapters