ဒီဧကရာဇ်ရဲ့မျက်လုံးထဲမှာ သစ္စာဖောက်တွေအတွက် နေရာမရှိ
Vol. 37 Ch. 367
"ဆက်ပြီးတော့ ဟိတ်ဟန်ထုတ်နေလိုက်စမ်း ဒီနေ့ မင်းကို မသေမချင်းရိုက်နှက်မယ်"
ယွီချောင်အန်း သည် သမင်နတ်ဆိုးကို ခြိမ်းခြောက်လိုက်ပြီးနောက် ထုံရှင်းချွမ်း၏ ဘေးသို့ ပျံတက်သွားလိုက်သည်။
သူသည် အစီအရင်အတွင်းရှိ ရွှေရောင်မျက်လုံး ခြင်္သေ့ကြီးကိုကြည့်ကာ လှောင်ပြောင်လိုက်ပြီး သူ၏တာအိုဝတ်ရုံကို ပင့်တင်ကာ လက်ခုပ်ကို အားပါးတရ တီးလိုက်၏။
"..."
ထုံရှင်းချွမ်သည် ထိုအရူးကောင်ကို လက်လျော့လိုက်သည့် အကြည့်ဖြင့်ကြည့်လိုက်၏။
ထို့နောက် သူ၏စိတ်ကို အမြန်စုစည်းပြီး ဒုတိယမြောက်သတ်ဖြတ်ခြင်း အစီအရင်ကို စတင် ပြင်ဆင်လိုက်သည်။
...
ထိုအချိန်မှာပင်
သူ၏ မျက်ဝန်းအိမ်များ ရုတ်တရက် ကျုံ့သွား၏။
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် ပတ်ဝန်းကျင်ကိုပေါ့ပေါ့ပါးပါး ဝေ့ကြည့်လိုက်သည်ကို မြင်လိုက်ရသည်။ ၎င်း၏ မျက်နှာထားမှာ တည်ငြိမ်နေပြီးအနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။
ထို့နောက် ၎င်းသည် ဂရုမစိုက်သည့်ဟန်ဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
ရှုပ်ထွေးနေပုံရသော ခြေလှမ်းများမှာ တဖြည်းဖြည်း မြန်ဆန်လာသည်။ ခြေလှမ်းတိုင်းသည် ထုံရှင်းချွမ်၏နှလုံးသားကို နင်းချေနေသကဲ့သို့ ဖြစ်နေပြီး သူ၏ မျက်နှာထားမှာ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းအောင် ရှုံ့မဲ့သွားသည်။
မျက်တောင် အနည်းငယ်ခတ်ချိန်အတွင်းမှာပင်။
ရှန်းယီ သည် အလင်းတန်းအတွင်းမှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာ၏။
ဖီးနစ်ငှက်အုပ်ကြီးမှာ သူ့ကို လုံးဝမမြင်သည့်အလားအလင်းမှုန်များ ဖြန့်ကျဲရင်း ပျံသန်းနေကြဆဲပင်။
ရွှမ်း
လေကိုခွဲလိုက်သော အသံနှင့်အတူ။
ယွီချောင်အန်းသည် သူ၏ရှေ့ရှိ ကြီးမားသော ရွှေရောင်မျက်လုံးကြီးများကို ရိပ်ခနဲ တွေ့လိုက်ရပြီး သူ ရွတ်ဖတ်နေသော ဂါထာမှာတစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွား၏။
သူသည် နှုတ်ခမ်းထောင့်ကို အပေါ်ဆွဲလိုက်ပြီး ပြောလိုက်၏။ "ခြင်္သေ့ဧကရာဇ်... ကျွန်တော်က စနောက်နေတာပါဗျာ"
ထုံရှင်းချွမ်း၏အသက်ရှူသံများ တုန်ခါနေသည်။ ဒေါသနှင့် မယုံကြည်နိုင်မှုများ ရောပြွမ်းနေသော မျက်လုံးများဖြင့် ရှေ့မှ ခြင်္သေ့ကြီးကို ပြူးကျယ်စွာ စိုက်ကြည့်နေမိပြီး သူ၏လှုပ်ရှားမှုများမှာ တိတ်ဆိတ်စွာ ရပ်တန့်သွားသည်။
တစ်ဝက်ပြီးစီးနေသော သတ်ဖြတ်ခြင်း အစီအရင်သည် သူ၏လက်ထဲမှ လျှောကျသွား၏။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော မြူခိုးများ ရုတ်တရက်ကွဲပြယ်သွားပြီး ကြီးမားသော နဂါးနှင့်ကျား ခေါင်းဖြတ်ဓားကြီးနှစ်ခု ပေါ်ထွက်လာသည်။ ၎င်းတို့သည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ဆင်းသက်လာသည်။
ထို့နောက်ခြင်္သေ့ကြီး၏ ကြွက်သားများ ပြည့်နှက်နေသော ကျောပြင်ပေါ်သို့ ရက်စက်စွာ ခုတ်ပိုင်းချလိုက်သည်။
ဂလွမ်း
နဂါးနှင့် ကျား ခေါင်းဖြတ်ဓားကြီးများမှာ အကြောင်းပြချက်မရှိဘဲ အပိုင်းပိုင်း ကွဲကြေသွားလေသည်။
ခြင်္သေ့ကြီး၏အကြည့်မှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။ ထို့နောက် ၎င်းသည် လက်သည်းများကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လေခွဲသံများနှင့်အတူ ထိုလူသားနှစ်ဦးစလုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ယွီချောင်အန်းသည် စိတ်ကို မနည်းပြန်လည် စုစည်းလိုက်ရုံ ရှိသေးသော်လည်း ထပ်မံ လွင့်ထွက်သွားရပြန်သည်။
ဤတစ်ခါတွင်မူ သူ့ဘေး၌ အခြားပုံရိပ်တစ်ခု ပါလာ၏။
ထုံရှင်းချွမ်း၏ မျက်လုံးများမှာ ကြောင်ငေးနေပြီး ကြီးမားသော ရှုပ်ထွေးမှုတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ နောက်သို့ လွင့်ထွက်သွားသည်။
ဤကမ္ဘာပေါ်တွင် သူ ဂုဏ်ယူရသော အစီအရင်မှ သုံးလှမ်းမျှလျှောက်ရုံဖြင့် ထွက်လာနိုင်သူ ရှိသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။
သူနှင့် ကျွမ်းကျင်မှု တူညီသူများပင်လျှင် စဉ်းစားစရာမလိုဘဲ ဤမျှအလွယ်တကူ အစီအရင်ကို ဖျက်ဆီးနိုင်ရန် မဖြစ်နိုင်ပေ။
မြေကြီးနှင့် မရိုက်မိမီလေးတွင်။
နောက်ဆုံးတွင် သူသည် ပြုတ်ကျမှုကို သက်သာစေရန် မင်္ဂလာတိမ်တိုက်တစ်ခုကို ဖန်တီးလိုက်နိုင်လေ၏။
သူ၏လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားပြီး အခြားအစီအရင်တစ်ခုကို ထပ်မံ ပြင်ဆင်ချင်သော်လည်း ခေတ္တမျှတုန်လှုပ်သွားပြီးနောက် ခါးရှိ အိတ်ကိုသာ လှမ်းနှိုက်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် သာမန်ဟု ထင်ရသော အစီအရင်ပြားလေးတစ်ခု သူ၏ ခါးမှ လွင့်ထွက်လာသည်။
ထိုအရာမှာ သူ့ဆရာက သူ့အား အစီအရင်ပညာ သင်ပေးစဉ်က အသုံးပြုခဲ့သော ကိရိယာဖြစ်သည်။
ဤပစ္စည်းကို ထုတ်သုံးလိုက်ခြင်းကို ထုံရှင်းချွမ်းအနေဖြင့် မလိုလားသော်လည်း အစီအရင်ပညာရပ် နယ်ပယ်တွင် ရှုံးနိမ့်ကြောင်း သူ့စိတ်ရင်းအမှန်ဖြင့် ဝန်ခံလိုက်ခြင်းပင်။
သူသည် ထိုလူနည်းစုကို အမြဲ အထင်သေးခဲ့သော်လည်း။ ယခုကဲ့သို့ အရေးကြီးသော အချိန်တွင်ခဏတာ မာနကြောင့် ဂျူနီယာညီငယ်၏ အသက်ကို အလောင်းအစား မလုပ်ရက်ပေ။
"ထွက်ပြေးတော့"
သူ မျက်လုံးများကို မှိတ်လိုက်ပြီး အသံမှာ အနည်းငယ် အားနည်းနေ၏။
ရုတ်တရက်အစီအရင်ပြားမှ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး ခြင်္သေ့ကြီး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ဂျူနီယာညီငယ်၏ ဝတ်ရုံကို ဆွဲမကာ ထုံရှင်းချွမ်းသည် နောက်သို့ လှည့်မကြည့်ဘဲ အဝေးသို့ ထွက်ပြေးလေတော့သည်။
သို့သော် ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်သည် တစ်စုံတစ်ခုကို ကြိုတင်ခန့်မှန်းထားသကဲ့သို့ အလင်းရောင်ဖြင့် ဖုံးလွှမ်းမခံရမီ လက်ထဲမှ လှံရှည်ကို ထပ်မံပစ်လွှတ်လိုက်သည်။
ယိုဝေလှံသည် အလွန်ပါးလွှာသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုလူနှစ်ဦးနောက်သို့ လိုက်ပါသွားသည်။
၎င်းသည် ထုံရှင်းချွမ်း၏ ခါးကို ထိမှန်သွားပြီး ပေတစ်ရာခန့် ထပ်မံ လွင့်ထွက်သွားစေ၏။
"ဖူး"
ထုံရှင်းချွမ်းသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ထိတ်လန့်တကြား နောက်ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ရာကို အာရုံခံမိသကဲ့သို့ သူ၏ ခါးကို လှမ်းစမ်းလိုက်၏။
"စီနီယာအစ်ကို အဆင်ပြေရဲ့လား၊ ဘာဖြစ်သွားတာလဲ"
ယွီချောင်အန်းမှာ အမောတကော မေးလိုက်သည်။
"ငါ... ငါ အဆင်ပြေတယ်၊ သွားကြစို့"
ထုန်ရှင်းချွမ်သည် ဗလာဖြစ်နေသော ခါးပတ်နေရာကိုစမ်းမိလိုက်သော်လည်း အံကြိတ်ကာ ပါးစပ်ထဲမှ သွေးကို မျိုချလိုက်ပြီး နောက်ပြန်လှည့်ကြည့်ရန် ဆန္ဒမရှိဘဲ ဆက်သွားလိုက်သည်။
"..."
ရှန်းယီသည် ယိုဝေလှံကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသော ဓားမိုးစက်များကို ကြည့်လိုက်သည်။
သူသည် သမင်နတ်ဆိုးဘက်သို့ ဖြည်းညှင်းစွာ လှည့်၍ အေးစက်စွာ ပြောလိုက်၏။
"သူတို့ကို တားလိုက်"
"ငါ..."
သမင်နတ်ဆိုး ပါးစပ်ဟလိုက်၏။ "မင်းက အခု အမိန့်ပေးနေတာလား။ မင်းအသက် မင်းအရင် ကယ်လိုက်ဦး" ဟု ၎င်းက တွေးလိုက်သည်။
၎င်းသည် သက်ပြင်းချလိုက်ပြီး ရှေ့သို့ လိုက်ဖမ်းဟန်ဆောင်လိုက်၏။
"ဟူး..."
ရှန်းယီသည် ဓားမိုးစက်များဆီသို့ အကြည့်ပြန်ပို့လိုက်သည်။
သူ ထုံရှင်းချွမ်း၏ အစီအရင်ကို ဖျက်ဆီးနိုင်ခဲ့ရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ သူသည် သူ၏အသက်တမ်း နှစ်သောင်းကျော်ကို အမှန်တကယ် အသုံးပြုခဲ့ပြီး ရွှီမိသားစု၏ အစီအရင် ပုံစံများအားလုံးကို အလွတ်ကျက်မှတ်ခဲ့သောကြောင့် ဖြစ်သည်။
ထိုအထဲတွင် သာမန်ခန့်မှန်းချက်များနှင့် စိတ်ကူးအကြံဉာဏ်များပါ မကျန် အကုန်ပါဝင်သည်။
ထုံရှင်းချွမ်း ယခုလေးတင် ပြင်ဆင်လိုက်သော ထောင်ချောက် အစီအရင်မှာ လေ့လာပြီးသား အစီအရင်တစ်ခု ဖြစ်နေသည်။
သူသည် မွေးရာပါပါရမီ သို့မဟုတ် ဉာဏ်ကောင်းမှုကြောင့် အစီအရင်ကို ဖျက်ဆီးနိုင်ခဲ့ခြင်း မဟုတ်ပေ။ လုံးဝ ရင်းနှီးကျွမ်းဝင်နေမှုကြောင့်သာ ဖြစ်သည်။ထို့ကြောင့် စဉ်းစားနေစရာ မလိုခဲ့ခြင်းပင်။
လုံးဝ မရင်းနှီးသော ထိုအစီအရင်အတွက်တော့...သူ ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။
ချက်ချင်းဆိုသလိုပင် ဓားသံများ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသည်။
နွားမွေးကဲ့သို့ သေးငယ်သော မိုးရေစက်များအဖြစ် ပြောင်းလဲသွားပြီး တောက်ပသောအလင်းတန်းများအားလုံး ခြင်္သေ့ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ဟိန်းသံများ ထွက်ပေါ်လာပြီးနောက် မိုင်ပေါင်းများစွာအတွင်းရှိ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ရွှံ့များနှင့် ကျောက်တုံးများ ကောင်းကင်သို့ လွင့်စင်တက်လာ၏။
"ရှူး"
လိုက်ဖမ်းဟန်ဆောင်နေသော သမင်နတ်ဆိုးမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ထိတ်လန့်တကြား နောက်ပြန်လှည့်ကြည့်လိုက်၏။
ထို့နောက် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။
လွင့်ပျံနေသောရွှံ့များနှင့် ကျောက်တုံးများကြားမှ ၈ ကျန်းမြင့်သော ပုံရိပ်ကြီးတစ်ခု အေးအေးလူလူ ထွက်ပေါ်လာသည်။
၎င်းသည် ဧကရာဇ်တစ်ပါးကဲ့သို့ မာနကြီးသော အမူအရာ ရှိနေဆဲပင်။
အလျင်စလိုမရှိဘဲ သမင်နတ်ဆိုး၏ ဘေးသို့ လျှောက်သွားလိုက်၏။
မိုးနှင့်မြေကိုပြောင်းလဲပစ်လိုက်သော အစောပိုင်းက ဓားအစီအရင်ကြီးမှာ လှည့်စားမှုတစ်ခုကဲ့သို့ပင်။
ရှန်းယီသည် သူ့ရှေ့ရှိ ဟာလာဟင်းလင်း ဖြစ်နေသောနေရာကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ "ဒါက မင်း လူတစ်ယောက်ကို လမ်းပိတ်တဲ့ နည်းလမ်းလား"
ထိုသို့ပြောရင်း သူ၏အကြည့်ကို အောက်သို့ ဖြည်းညှင်းစွာ ပြောင်းလိုက်၏။
ထိုရွှေရောင်မျက်လုံးများ၏ စူးစမ်းမှုအောက်တွင် သမင်နတ်ဆိုးမှာ ဟန်ချက်မထိန်းနိုင်တော့ဘဲ နတ်ဆိုးဧကရာဇ်တစ်ပါးဖြစ်ပါလျက်နှင့် အများ၏ ရှေ့မှောက်တွင် မြေကြီးပေါ်သို့ ရယ်စရာကောင်းလောက်အောင် လဲကျသွားသည်။
"ခြင်္သေ့ဧကရာဇ်... အဲဒါက မဟုတ်... မင်း... ငါ ရှင်းပြပါရစေ..."
"ငါ ရှင်းပြပါရစေ၊ ကျေးဇူးပြုပြီး"
စူးရှသော အသနားခံသံများကြားတွင် နက်မှောင်သော လှံတစ်ချောင်းသည် ၎င်း၏ လည်ပင်းကို ရုတ်တရက် ထိုးဖောက်သွားပြီး နတ်ဆိုးသွေးများ ပတ်ဝန်းကျင်သို့ လွင့်စင်သွား၏။
"ဝူထုန်းတောင်က တပည့်တွေကို တမင်တကာ ထွက်ပြေးခွင့်ပေးပြီးတော့ မင်းက ငြင်းဖို့ကြိုးစားနေသေးတယ်"
ရှန်းယီသည် ညင်သာစွာပြုံးလိုက်သော်လည်း ကောင်းကင်ယံ အဝေးတွင်ရှိသော မိုးကြိုးခွာပင်လျှင် ထိုအချိန်၌ မနေနိုင်ဘဲ တုန်လှုပ်သွား၏။
"မင်း ငါ့ကို အရူးလို့ ထင်နေတာလား"
ပြောရင်းနှင့် သူ၏ ကြီးမားသော ခြင်္သေ့လက်ဝါးကြီးက သမင်နတ်ဆိုး၏ ဦးခေါင်းကို အုပ်ကိုင်လိုက်သည်။
ရုတ်တရက် သူ ဆွဲဖြုတ်ပစ်လိုက်၏။
ရွှမ်း
ခြင်္သေ့ကြီးသည်ပါးစပ်ကို အနည်းငယ် ဟလိုက်ပြီး အသားနှင့် သွေးများကို အေးအေးဆေးဆေး စားသောက်လိုက်သည်။
နတ်ဆိုးများစွာ၏ အကြည့်အောက်တွင်ပင်။
ရက်စက်မှုအရိပ်အယောင်များ ပါဝင်နေသော စေ့စပ်သေချာမှုဖြင့် သမင်နတ်ဆိုးကို ဖြည်းညှင်းစွာ မျိုချလိုက်၏။
နတ်ဆိုးတစ်ထောင်ဂူ တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ခြင်္သေ့ကြီး၏နောက်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီး အပါအဝင်ပင်။
ရွှေတောင်ပံကျားဧကရာဇ်မသည် ရှုပ်ထွေးသော အမူအရာဖြင့် တောင်ပံခတ်ကာ ထိုမြင်ကွင်းကို ကြည့်နေ၏။
ရိုင်းစိုင်းပြီး မည်သည့် အသနားခံမှုကိုမျှ လက်မခံပေ။
ပြတ်သားပြီး လုံးဝသနားညှာတာမှု ကင်းမဲ့ပေ၏။
"သူက သဘာဝအရကြောက်တတ်တာ မှန်ပေမဲ့ ဝူထုံတောင်နဲ့ ပူးပေါင်းကြံစည်ဖို့တော့ ဘယ်တော့မှ ရည်ရွယ်ချက်ရှိမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် သူက ငါ့လက်အောက်ငယ်သားလေ၊ နင်နည်းနည်း လွန်သွားပြီလို့ မထင်ဘူးလား"
"ဟွန့်"
ရှန်းယီသည် ပါးစပ်ထောင့်မှ သွေးစွန်းများကို လက်ဝါးဖြင့် သုတ်လိုက်၏။
"ပူးပေါင်းတာဟုတ်မဟုတ် မင်းစကားက အရေးမပါဘူး။ငါက ငါ့မျက်လုံးကိုပဲ ယုံတယ်။ သူက ငါ့သားကောင်ကို ထွက်ပြေးခွင့် ပေးလိုက်တာပဲ"
"ငါသာဆိုရင် ဝူထုံတောင်ကို တစ်ခါတည်းနဲ့ အပြတ်ရှင်းပစ်လိုက်နိုင်တယ်"
သူ ဖြည်းညှင်းစွာ လှည့်လိုက်ရာ သူ၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည်။
ထိုစကားကို ကြားသောအခါ ရွှေတောင်ပံကျားမမှာ ခေတ္တတုံ့ဆိုင်းသွားပြီး မျက်လုံးများထဲတွင် ဒေါသများ မြင့်တက်လာသည်။
"ငါနဲ့ လိုက်ခဲ့၊ နင့်ကို ပြောစရာရှိတယ်"
ရှန်းယီက ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ကြည့်လိုက်၏။ "ငါ့မှာ မပြီးပြတ်သေးတဲ့ ကိစ္စ ရှိသေးတယ်"
"ဘာကိစ္စလဲ" အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။
ရှန်းယီသည် သူ၏လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ရာ လက်ဝါးထဲတွင် တဖျတ်ဖျတ် တောက်ပနေသော ကျောက်စိမ်းပြားလေးတစ်ခု ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။
သူသည် နှုတ်ခမ်းထောင့်ကို မြှင့်တင်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်၏။
"ဒါဘာလဲဆိုတာ ငါ သိချင်တယ်။ ပြီးတော့ ကြီးမားတဲ့အောင်မြင်မှုတွေ ရယူပေးထားတဲ့ ငါ့လိုလူကို ဒီနတ်ဆိုးတစ်ထောင်ဂူက ဘာလို့ လက်မခံနိုင်တာလဲဆိုတာကိုပါ သိချင်တယ်"
သူ၏အသံမှာ ဖြည်းညှင်းစွာ ပဲ့တင်ထပ်သွား၏။
ထိုရွှေရောင်မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင်...
မိုးကြိုးခွာ နတ်ဆိုးဧကရာဇ်မှာ လန့်ဖျပ်သွားပြီး ခန္ဓာကိုယ်မှ မိုးကြိုးအကြေးခွံများပေါက်ကွဲထွက်ကာ အပြစ်ရှိစိတ်ဖြင့် မိုးကြိုးစွမ်းအင်ကန်ဘက်သို့ လှည့်ပြေးလေတော့သည်။
"..."
ရွှေတောင်ပံကျားမမှာ တိတ်ဆိတ်သွားပြီး သူမ၏ အကြည့်များ ပိုမိုရှုပ်ထွေးလာ၏။
နတ်ဆိုးတစ်ထောင်ဂူကို ဦးဆောင်ရန် ကြိုးစားနေသောရည်မှန်းချက်ကြီးသည့် နတ်ဆိုးကြီးတစ်ပါးသည် ၎င်း၏အဖွဲ့အစည်းအတွင်း သစ္စာဖောက်တစ်ဦးရှိနေခြင်းကို မည်သည့်အခါမျှ သည်းခံမည် မဟုတ်ပေ။
"မင်းသဘောပါပဲ"
သူမ လက်ကို ဝှေ့ယမ်းပြီး ထွက်ခွာသွား၏။
"ဒါပေမဲ့ပြီးရင် ငါ့ကို ရှင်းပြချက်တစ်ခု ပေးရမယ်"
ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် မကြားချင်ယောင်ဆောင်ကာ လှည့်ထွက်သွားပြီး ဂူထဲသို့ ဝင်သွားလေ၏။
အဝေးမှ ကြည့်ရှုနေသူများသာ ကျန်ရစ်ခဲ့သည်။
သူတို့သည် ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ် ထွက်ခွာသွားသည်ကို ကြောက်ရွံ့မှုနှင့် လေးစားမှုများ ရောပြွမ်းနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထို့နောက် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ကြလေသည်။