ဒေါသပေါက်ကွဲခြင်း
Vol. 7 Ch. 62
သေးငယ်သော ငွေဓားတောင်ထွတ်လေးမှ ဆရာနှင့် တပည့်နှစ်ဦးစလုံးသည် တစ်ချိန်တည်းတွင် 'ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများ’ ၌ ပါလာခဲ့ကြသည်။
တကယ့်ကို ထူးခြားဆန်းပြားလှသော ကိစ္စပင်။
ချူလျန်သည် ထိုသတင်းကို ကြည့်ရင်း၊ အတိတ်က အမှတ်ရစရာများကို ပြန်ပြောင်းတွေးတောမိသည်။ တိနွီဖုန့်တစ်ယောက် 'ကြယ်ခုနစ်စင်းသတင်းစာ' တွင် ပါလာသည့် အကြိမ်တိုင်းလိုလို ကောင်းသောကိစ္စ သိပ်မရှိခဲ့ပေ။
ကောင်းကင်မဏ္ဍိုင်မျှော်စင်ထဲတွင် တိနွီဖုန့်၏ ရန်သူများ ရှိနေလေသလားဟု သူ သံသယဝင်မိသည်။
သူမ ငယ်စဉ်က ရှုတောင်တွင်သာ ဗိုလ်ကျစိုးမိုးခဲ့သည်မဟုတ်ဘဲ၊ သိုင်းလောကထဲ လှည့်လည်သွားလာစဉ်ကလည်း အခြား အင်မော်တယ်ဂိုဏ်းများမှ တပည့်များနှင့် တွေ့ဆုံပါက အနိုင်ကျင့်လေ့ရှိခဲ့သည် မဟုတ်ပါလော။
ထိုအထဲမှ ဒုက္ခရောက်ခဲ့ရသော ကောင်းကင်မဏ္ဍိုင်မျှော်စင်မှ တပည့်တစ်ဦးဦးသည် ယခုအခါ ကြီးပြင်းလာပြီး၊ ကြယ်ခုနစ်စင်းသတင်းစာမှတဆင့် သူမကို တိတ်တဆိတ် လက်စားချေနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
အကယ်၍ အဖြစ်အပျက်ကို ရိုးရိုးရှင်းရှင်း မှတ်တမ်းတင်ထားခြင်းသာဆိုလျှင် ချူလျန် ဤမျှ သံသယဝင်မိမည် မဟုတ်ပေ။ သို့သော် သတင်းထဲမှ သုံးနှုန်းထားသော စကားလုံးများကို ကြည့်သင့်ပေသည်။
“နာမည်ဆိုးဖြင့် ကျော်ကြားသော”၊ "လူတိုင်း ကျေနပ်ဝမ်းသာခဲ့ရသည်။"
စသည့် စကားလုံးများသည် ရေးသားသူ၏ သဘောထားကို အလွန်အမင်း ဖော်ပြနေချေသည်။
သေချာစဉ်းစားကြည့်လျှင် ဤကိစ္စသည် ထူးဆန်းသည်တော့ မဟုတ်ပေ။ ရှုတောင်ပေါ်တွင် ပစ္စည်းထွက်ဝယ်လျှင်ပင် တိနွီဖုန့်နှင့် ရန်ငြိုးရှိသူ (၈)ယောက်လောက်ကို တွေ့နိုင်သေးသည် မဟုတ်ပါလော။ ဤမျှ ကျယ်ပြောသော သိုင်းလောကကြီးထဲတွင် သူမ၌ ရန်သူမရှိမှသာ ထူးဆန်းနေပေလိမ့်မည်။
ဤကိစ္စက ချူလျန်အတွက် သတိပေးချက် တစ်ခုပင်။ နောင်တစ်ချိန် သိုင်းလောကထဲ လှည့်လည်သွားလာသည့်အခါ ဆရာသခင်၏ အမည်နာမကို တတ်နိုင်သမျှ ထုတ်မပြောမိဖို့ လိုပေသည်။
သို့မဟုတ်ပါက မူလက သူ့ကို ရိုက်နှက်ချင်သူ (၃)ယောက်လောက်သာ ရှိမည့် အခြေအနေတွင်၊ 'ငါ့ဆရာက တိနွီဖုန့်ပဲ' ဟု ပြောလိုက်သည်နှင့်၊ လူ (၃၀)လောက် ဝိုင်းပြီး တက်နင်းကြမည့် အဖြစ်ဆိုးမျိုး ကြုံရနိုင်ချေ ရှိသည်။
နောက်ဆက်တွဲ အပိုင်းတွင် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းအနက် တစ်ခုဖြစ်သော ဝေလငါးဂိုဏ်းအကြောင်း ဖော်ပြထားသည်။ ဝေလငါးဂိုဏ်းသည် ပင်လယ်လေးစင်းကို စိုးမိုးထားပြီး၊ သင်္ဘောလုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများကို ထိန်းချုပ်ထားကာ၊ အဖွဲ့ဝင် သောင်းချီ ရှိသော ကြီးမားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထိုသို့သော ကြီးမားသည့် ဂိုဏ်းကြီးတစ်ခုတွင် အာဏာတည်ဆောက်ပုံမှာလည်း ရှုပ်ထွေးလှပေသည်။
'ပင်လယ်လေးစင်းဝေလငါးဂိုဏ်း' ဟု ခေါ်ဆိုရခြင်းမှာ အဓိကအားဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ ဝေလငါးဂိုဏ်းခွဲကြီး (၄)ခု ခွဲခြားထားသောကြောင့် ဖြစ်သည်။ ထိုဂိုဏ်းခွဲကြီး (၄)ခုသည် တစ်ခုနှင့်တစ်ခု လက်အောက်ခံ မဟုတ်ကြဘဲ၊ ပဋိပက္ခများနှင့် ပြိုင်ဆိုင်မှုများပင် ရှိတတ်ကြသည်။
ဝေလငါးဂိုဏ်း၏ အာဏာဗဟိုချက်မှာ 'ပင်လယ်မိုး ကောင်းကင်လေ ခန်းမဆောင်' ဖြစ်သည်။ ၎င်းကို ဂိုဏ်းအတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်ခဲ့သည့် ဂုဏ်သရေရှိ လူကြီးသူမများဖြင့် ဖွဲ့စည်းထားပြီး၊ ဝေလငါးဂိုဏ်းခွဲကြီး (၄)ခုမှ ရွေးချယ်တင်မြှောက်ထားခြင်း ဖြစ်သည်။
'ပင်လယ်မိုး ကောင်းကင်လေ ခန်းမဆောင်' သည် ပုံမှန်အားဖြင့် ဂိုဏ်းခွဲ (၄)ခု၏ သီးခြားကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်လေ့ မရှိသော်လည်း၊ ဝေလငါးဂိုဏ်းချုပ်ကို ရွေးချယ်ခြင်း အပါအဝင် ဂိုဏ်း၏ အရေးကြီးသော ကိစ္စရပ်အားလုံးအပေါ် ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသည်။
ထို့ကြောင့် ဂိုဏ်းခွဲကြီး (၄)ခုစလုံးသည် မိမိတို့လူများကို 'ပင်လယ်မိုး ကောင်းကင်လေ ခန်းမဆောင်' အတွင်းသို့ ဝင်ရောက်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိသည်။ သို့မှသာ ဂိုဏ်း၏ ဆုံးဖြတ်ချက်များသည် မိမိတို့အတွက် အကျိုးရှိစေမည် ဖြစ်သည်။ သို့သော် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ရန် ရွေးချယ်ခြင်းမှာလည်း အလွန် တင်းကြပ်သဖြင့် အရည်အချင်းမရှိသူများ ဝင်ရောက်၍ မရနိုင်ပေ။
ဂိုဏ်းချုပ်ရွေးချယ်ပွဲကို (၁၀)နှစ်လျှင် တစ်ကြိမ် ပြုလုပ်လေ့ရှိပြီး၊ ယခုအခါ ရွေးချယ်ပွဲကာလသို့ တဖန် ရောက်ရှိလာတော့မည် ဖြစ်သည်။
လက်ရှိဂိုဏ်းချုပ် ရွှီပါ့ရှန်းသည် ကျင့်ကြံခြင်းအဆင့် မြင့်မားပြီး ဂုဏ်သတင်းကျော်ကြားကာ မျှတစွာ စီမံအုပ်ချုပ်တတ်သူ ဖြစ်သည်။ သူ၏ လက်ထက်တွင် ဝေလငါးဂိုဏ်းသည် တိုးတက်အောင်မြင်ခဲ့သဖြင့်၊ ဆက်လက် အရွေးခံရမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
သို့သော်၊ မကြာသေးမီက အရှေ့ပိုင်းဝေလငါးဂိုဏ်း၏ ဂိုဏ်းခွဲမှူး ကျန်းရှန်းထင်သည် ရာထူးမှ အလိုအလျောက် နုတ်ထွက်ပြီး သူ၏လူယုံအား လွှဲပြောင်းပေးခဲ့သည်။ ဤသည်မှာ အလွန် အကဲဆတ်သော အချက်ပြမှုတစ်ခု ဖြစ်သည်။
အကြောင်းမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဂိုဏ်းခွဲမှူးများသည် ဂိုဏ်းချုပ်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသောကြောင့် ဖြစ်သည်။
ကျန်းရှန်းထင်သည် ဝေလငါးဂိုဏ်း၏ တက်သစ်စကြယ်ပွင့်တစ်ဦး ဖြစ်သည်။ အရှေ့ပိုင်းဝေလငါးဂိုဏ်းကို (၁၀)နှစ်ခန့်သာ ဦးဆောင်ခဲ့သော်လည်း၊ ဂိုဏ်းခွဲ (၄)ခုအနက် အင်အားအကြီးဆုံး ဖြစ်လာစေခဲ့သည်။
သူ့ထံတွင် အင်အားတောင့်တင်းသော လူများ၊ ငွေကြေးနှင့် ရိက္ခာများ ပြည့်စုံစွာ ရှိနေသည်။ လူအများစုက ရွှီပါ့ရှန်း အနားယူပြီးနောက် သူ့ကို ဆက်ခံမည့်သူအဖြစ် ရှုမြင်ထားကြသည်။
သို့သော် ယခု သူသည် အရှေ့ပိုင်းဝေလငါးဂိုဏ်းခွဲမှူး ရာထူးမှ ရုတ်တရက် နုတ်ထွက်လိုက်ခြင်းမှာ ဂိုဏ်းချုပ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခြင်းမှလွဲ၍ အခြား အကြောင်းပြချက် မရှိနိုင်ပေ။ ပြင်ပလူများ၏ အမြင်တွင်မူ ဤလုပ်ရပ်သည် အနည်းငယ် လောကြီးလွန်းရာ ရောက်နေသည်။
အာဏာပြိုင်ဆိုင်မှုများသည် ရှုပ်ထွေးနက်နဲလှပြီး၊ အတွင်းရေးအသေးစိတ်ကို ပြင်ပလူများ ရှင်းလင်းစွာ မသိနိုင်ကြပေ။ ဤအကြောင်းအရာနှင့် ပတ်သက်၍မူ ချူလျန်တွင် မှတ်ချက်တစ်ခုသာ ရှိသည်။
'တိနွီဖုန့် ကမ်းခြေသွားမွှေတဲ့ သတင်းက ဒီသတင်းထက်တောင် ပိုပြီး အရေးပါနေသေးတာလား...'
'တကယ့်ကို ယုတ္တိမရှိတာပဲ...'
'မိစ္ဆာနတ်ဘုရား ပြန်လည်နိုးထလာတဲ့ သတင်းက အရမ်းကြီးမားနေလို့သာပေါ့... မဟုတ်ရင် သူမသတင်းက ခေါင်းကြီးပိုင်းမှာ ပါလာလောက်တယ်...'
'သူမ အရှက်မကွဲမှာကိုပဲ ကြောက်နေကြသလိုပါပဲလား...'
ယခုတစ်ပတ် ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများသည် ချူလျန်အတွက် အလွန် စိတ်ဝင်စားဖွယ် ကောင်းနေသဖြင့်၊ အောက်ဘက်ရှိ သိုင်းလောက၏ ထူးဆန်းသောပုံပြင်များ ကဏ္ဍသည်ပင် ပျင်းစရာ ကောင်းသွားသလို ရှိသည်။
ယခုတစ်ပတ်တွင် ရှုတောင်ဂိုဏ်းမှ မည်သူမျှ စာရင်းမဝင်ခဲ့ပေ။ လူစိတ်ဝင်စားမှု အများဆုံးသတင်းမှာ ပင်လယ်ဘုရင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်နှင့် ပတ်သက်သော အချစ်ဇာတ်လမ်းသစ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဤသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။
ထို့ပြင် တောင်ပိုင်းဂီတမျှော်စင်မှ အတွင်းစည်းတပည့် ရွှဲ့လင်းရွှယ်၏ ဖျော်ဖြေပွဲလှည့်လည်မှု စတင်တော့မည့် သတင်းလည်း ပါဝင်သည်။ နွေရာသီ ရောက်တော့မည်ဖြစ်ရာ၊ တောင်ပိုင်းဂီတမျှော်စင်မှ ဂီတပညာရှင်များအတွက် ရူးသွပ်ဖွယ်ရာ ရာသီဥတု စတင်တော့မည် ဖြစ်သည်။
ပင်လယ်ဘုရင်ဂိုဏ်းနှင့် တောင်ပိုင်းဂီတမျှော်စင် နှစ်ခုစလုံးသည် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတွင် ပါဝင်ကြသည်။ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် မြေကမ္ဘာဂိုဏ်းများသည် သာမန်ပြည်သူများနှင့် ပိုမို နီးစပ်ကြသည်။ သိုင်းလောက၏ ထူးဆန်းသောပုံပြင်များ ကဏ္ဍတွင် ပါဝင်သည့် အကြိမ်အရေအတွက်မှာလည်း ပိုမို များပြားလေသည်။
...
ယခုလအတွက် ကြယ်ခုနစ်စင်းသတင်းစာကို ချထားလိုက်ပြီး၊ ချူလျန်သည် ပြတင်းပေါက်အပြင်ဘက်သို့ တောက်ပသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
ဤလူ့လောကကြီးသည် အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ အန္တရာယ်များ ရှိသလို အခွင့်အလမ်းများလည်း ရှိပေသည်။ ဝမ်းနည်းစရာများ ရှိသလို ပျော်ရွှင်စရာများလည်း ရှိသည်။
ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော ကမ္ဘာလောကကြီးပင်။
မိမိအနေဖြင့် ဤဇာတ်ခုံကြီးနှင့် နီးစပ်ခွင့်ရရှိထားခြင်းက တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။
ဇာတ်ခုံပေါ်သို့ တက်လှမ်းချင်လျှင် တစ်ခုတည်းသော လိုအပ်ချက်မှာ စွမ်းအားကြီးမားလာဖို့ပင် ဖြစ်သည်။
သူ၏ အကြည့်များက အဆောင်ပညာ အခြေခံကျမ်းပေါ်သို့ ပြန်ရောက်သွားသည်။
စကားပုံအတိုင်း ဆိုရလျှင် “တစ်စေ့စိုက်မှ အသီးတစ်ရာ ရိတ်သိမ်းနိုင်မည်” မဟုတ်ပါလော။
မနေ့ညက လေထဲတွင် အဆောင်ရေးဆွဲခြင်းကို စမ်းသပ်အောင်မြင်ခဲ့ပြီး ဖြစ်ရာ၊ စာရွက်ပေါ်တွင် လေ့ကျင့်နေရန် ပျင်းရိနေမိသည်။ ဓားပျံနှင့် အဆောင် ပေါင်းစပ်ခြင်းကို တိုက်ရိုက် စမ်းသပ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ကျန်းယွဲ့ပိုင် ပြောပြသော အဆင့်ဆင့် လုပ်ဆောင်ပုံများနှင့် နှိုင်းယှဉ်လျှင် သူ၏ ခြေလှမ်းက အနည်းငယ် မြန်ဆန်နေပုံ ရသည်။
သို့သော် သူ ကျင့်သားရနေပြီ ဖြစ်သည်။
သင်ယူခြင်းနှင့် ပတ်သက်လျှင်၊ သူသည် အခြားသူများထက် အမြဲတမ်း ပိုမို လျင်မြန်လေ့ ရှိသည်မဟုတ်ပါလော။
ကိုယ်လက်သန့်စင်ပြီးနောက်၊ သူသည် အိမ်ပြင်ဘက်ရှိ ကွင်းပြင်ကျယ်သို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏ ဓားပျံကို ဆင့်ခေါ်လိုက်လေသည်။
ဓားထိန်းချုပ်နည်းစနစ်...။
ရွှစ်... ရွှစ်... ရွှစ်...
ဓားပျံသည် လေထဲတွင် ပျံဝဲနေပြီး၊ သူ၏ ဝိညာဉ်အာရုံ လှုပ်ရှားမှုနှင့်အတူ ရှုပ်ထွေးသော ငွေရောင်အလင်းတန်းများကို ရေးဆွဲလိုက်သည်။ အမြန်နှုန်း မြန်ဆန်လွန်းသဖြင့် အလင်းရောင်များ မပျောက်ကွယ်မီ နောက်ထပ်အလင်းတန်းများ ထွက်ပေါ်လာပြီး၊ အလင်းတန်းများ ပေါင်းစပ်ကာ ငွေရောင်အဆောင်စာလုံးတစ်ခု ဖြစ်ပေါ်လာသည်။
အဆောင်ဓားသိုင်း...
သွားစမ်း...
အဆောင်စာလုံးရေးဆွဲပြီးသည်နှင့် ချူလျန် လက်ညှိုးကို ရှေ့သို့ ထိုးလိုက်သည်။
ဝှစ်…။
ဓားအလင်းရောင် ထွက်ပေါ်လာပြီး လေကိုခွင်းလျက် ပြေးထွက်သွားသည်။
သို့သော် ဓားအမြီးပိုင်းတွင် မီးခိုးငွေ့တန်းတစ်ခုသာ ထွက်ပေါ်လာလေသည်။
"..." ချူလျန် ဓားပျံကို ပြန်ခေါ်လိုက်ပြီး၊ အနည်းငယ် ပူနွေးနေသော ဓားကို ကိုင်တွယ်ကြည့်ရင်း စဉ်းစားလိုက်သည်။
မီးခိုးသာရှိပြီး မီးမတောက်ခဲ့ပေ။
ကျရှုံးသွားခြင်းပင်။
သူ စိတ်ထဲတွင် ပြန်လည် သုံးသပ်ကြည့်လိုက်သည်။ စောစောက ကျရှုံးရခြင်းမှာ ဓားပျံဖြင့် လေထဲတွင် အဆောင်ရေးဆွဲစဉ် ပုံသဏ္ဌာန် ပျက်ယွင်းသွားသောကြောင့်သာ ဖြစ်လောက်ပေသည်။
ဓားထိန်းချုပ်နည်းစနစ်သည် စိတ်သွားတိုင်း ကိုယ်ပါဟု ဆိုသော်လည်း၊ လက်တွေ့ ထိန်းချုပ်ရာတွင် ကွာဟချက်များ ရှိနိုင်ပေသည်။ ဤအချက်သည် ပုံမှန်တိုက်ပွဲများတွင် မသိသာသော်လည်း၊ အဆောင်ဓားသိုင်းကို ထုတ်ဖော်ရာတွင်မူ အနည်းငယ် ပုံပျက်သွားရုံဖြင့် ကျရှုံးသွားနိုင်လေသည်။
ချူလျန် ဓားကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ဤတစ်ကြိမ်တွင် ဓားကို လေထဲသို့ မလွှတ်တင်တော့ဘဲ လက်ဖြင့် ကိုင်ဆောင်လျက် လေထဲတွင် ဖြည်းညှင်းစွာ ရေးဆွဲလိုက်သည်။ ဤသို့ဆိုလျှင် အဆောင်ရေးဆွဲမှု ပိုမို တည်ငြိမ်ပေလိမ့်မည်။
ဓားအလင်းရောင်များ စုစည်းပြီး အဆောင်တစ်ခု ဖြစ်ပေါ်လာပြန်သည်။
သွားစမ်း...။
ဝုန်း...
ဝိညာဉ်အာရုံ ညွှန်ကြားလိုက်သည်နှင့် ဓားချီစွမ်းအင်သည် လေထဲတွင် လောင်ကျွမ်းနေသော ပြင်းထန်သည့် မီးတောက်များနှင့်အတူ ဝုန်းကနဲ ထွက်ပေါ်သွားပြီး၊ ရှေ့ဘက် မြေပြင်ပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ဘုန်း...
ရိုးရှင်းသော ဓားချီတစ်ခုသည် မီးတောက်များ ပါဝင်သွားသဖြင့် စွမ်းအား အဆမတန် တိုးပွားသွားသည်။
ချူလျန်၏ မျက်လုံးများ အရောင်တောက်သွားသည်။
‘ဒါက အဆောင်ဓားသိုင်း ဆိုတာလား...’
အဆောင်နှင့် ဓားချီ ပေါင်းစပ်လိုက်ခြင်းဖြင့် ရရှိလာသော စွမ်းအားတိုးပွားမှုသည် ရိုးရှင်းသော ပေါင်းစပ်မှုမျိုး မဟုတ်ပေ။ လေက မီးကို အားပေးသကဲ့သို့၊ မီးက လေကို အရှိန်မြှင့်တင်ပေးသကဲ့သို့ပင် အပြန်အလှန် အထောက်အကူပြုပြီး စွမ်းအားကို အဆမတန် တိုးပွားစေခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် လေအဆောင်တစ်ခုကိုပါ သူ တတ်မြောက်ထားပါက၊ လေနှင့်မီး နှစ်မျိုးစပ် ဓားချီကို ထုတ်ဖော်နိုင်မည်ဖြစ်ပြီး စွမ်းအား အဆပေါင်းများစွာ တိုးတက်လာမည် ဖြစ်ကြောင်း တွေးမိလိုက်သည်။
အဆောင်ပညာရပ်သည် အလွန် နက်နဲကျယ်ပြန့်လှသည်။ ရိုးရှင်းသော အဆောင်များကို ပေါင်းစပ်ပြီး စွမ်းအားကြီးမားသော အစီအရင်အဆောင်များ ပြုလုပ်နိုင်သည်။
အကယ်၍ စွမ်းအားကြီးသော အစီအရင်အဆောင်များနှင့် ဓားချီကို ပေါင်းစပ်နိုင်ပါက...
တွေးကြည့်ရုံနှင့်ပင် ကျေနပ်စရာ ကောင်းလှသည်။
ထိုသို့ တွေးမိပြီး ချူလျန် စိတ်အားထက်သန်သွားကာ ဆက်လက် လေ့ကျင့်ပြီး ရလဒ်ကို ခိုင်မာအောင် ပြုလုပ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် တိနွီဖုန့်၏ နန်းဆောင်ငယ်လေးဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး၊ ထို့နောက် ဝုန်းကနဲ မြည်သံနှင့်အတူ ရုတ်တရက် မြေကြီးတုန်ခါကာ ကောင်းကင်အထိ မီးတောက်များ ထိုးတက်လာတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ချူလျန်သည် ဤမြင်ကွင်းကို အံ့သြခြင်း မရှိပေ။
တိနွီဖုန့် ဒေါသပေါက်ကွဲလျှင် ဤသို့ပင် ဖြစ်၏။
မိမိမှာမူ စွမ်းအားအနည်းငယ် တိုးတက်ဖို့အတွက် ဦးနှောက်ခြောက်မတတ် ကြိုးစားနေရပြီး၊ ဆရာသခင်ကမူ စိတ်ဆိုးလိုက်ရုံဖြင့် ဤမျှလောက် စွမ်းအားကြီးမားသော အရှိန်အဝါကို ထုတ်ဖော်နိုင်သည်မှာ တကယ့်ကို အားကျစရာ ကောင်းလှသည်။
သေချာပေါက် သူမသည် ကြယ်ခုနစ်စင်းသတင်းစာတွင် ပါရှိသော သူမ၏ ပင်လယ်ခရီးစဉ် မှတ်တမ်းကို ဖတ်မိသွားခြင်း ဖြစ်ရပေမည်။ ဤမြင်ကွင်း ဖြစ်ပေါ်လာမည်ကို ချူလျန် ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။
သို့သော်...
ဆရာသခင်ကို သွားရောက်ဖျောင်းဖျသင့်သည်လောဟု ချူလျန် စဉ်းစားလိုက်သည်။
သူမ ဒေါသထွက်နေချိန်တွင် သွားတွေ့ခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ ယခင်တုန်းကသာဆိုလျှင် ချူလျန်၏ ရွေးချယ်မှုသည် ဆန့်ကျင်ဘက် ဖြစ်ပေလိမ့်မည်။ အပြင်ထွက်ပြီး ပုန်းရှောင်နေလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။
သို့သော် သူမကို သွားမဖျောင်းဖျပါက၊ သူမတစ်ယောက် ကောင်းကင်မဏ္ဍိုင်မျှော်စင်သို့ တိုက်ရိုက်သွားရောက်ပြီး သောင်းကျန်းမည်ကို ချူလျန် စိုးရိမ်မိသည်။
သိုင်းလောကတွင် ဘာမဆို လုပ်နိုင်ပေသည်။
သို့သော်…
သတင်းထောက်ကိုတော့ သွားရိုက်လို့ မဖြစ်ဘူးလေ...