← Chapters

သူက သိပ်ကို ပူးပေါင်းဆောင်ရွက်လွန်းနေတယ်

Vol. 7 Ch. 63

သူက သိပ်ကို ပူးပေါင်းဆောင်ရွက်လွန်းနေတယ်

Vol. 7 Ch. 63

သို့သော် ချူလျန်၏ စိုးရိမ်မှုမှာ မလိုအပ်ဘဲ ဖြစ်သွားရသည်။

တိနွီဖုန့်၏ ဒေါသပေါက်ကွဲမှုမှာ ကြာရှည်မခံလိုက်ဘဲ၊ ငှက်ပြာတစ်ကောင် ပျံသန်းရောက်ရှိလာပြီး တိနွီဖုန့်၏ ကွန်းခိုရာနန်းဆောင်ပေါ်သို့ ဆင်းသက်လိုက်သည်။

၎င်းသည် ကောင်းကင်တက်လှမ်းတောင်ထွတ် အကန့်အသတ်မဲ့နန်းတော်မှ ငှက်ပြာဖြစ်ပြီး၊ ရောက်ရှိလာတိုင်း အကန့်အသတ်မဲ့နန်းတော်မှ တောင်ထွတ်သခင်များကို အရေးကြီးကိစ္စအတွက် ဆင့်ခေါ်ခြင်း ဖြစ်သည်။

ယခုအချိန်သည် တောင်ထွတ်သခင်များ ပုံမှန်အစည်းအဝေး ကျင်းပရမည့်ရက် မဟုတ်သေးဘဲ ရုတ်တရက် အစည်းအဝေး ခေါ်ယူခြင်း ဖြစ်သဖြင့်၊ “မိစ္ဆာနတ်ဘုရား ပြန်လည်ရောက်ရှိလာခြင်း” ကိစ္စနှင့် သက်ဆိုင်နိုင်ခြေ များသည်။

ချူလျန် တောင်ပေါ်သို့ ပြန်ရောက်စကပင် ဤသတင်းကို အစီရင်ခံခဲ့သော်လည်း၊ ထိုအချိန်က သတင်း မပျံ့နှံ့သေးသဖြင့် အခြေအနေမှာ အရေးတကြီး မဖြစ်သေးပေ။ ယခုအခါ တစ်လောကလုံး သိရှိသွားကြပြီ ဖြစ်သဖြင့် ရှုတောင်ဂိုဏ်းအနေဖြင့်လည်း သင့်လျော်သော တုံ့ပြန်မှုများ ပေးရပေမည်။

မိစ္ဆာနှိမ်စေတီ ပျောက်ဆုံးသွားချိန်မှစ၍ ရှုတောင်ဂိုဏ်းသည် တဖြည်းဖြည်း ယိုယွင်းလာခဲ့ပြီး၊ လူ့လောကကို ကယ်တင်ရန်အတွက် ရှုတောင်ဂိုဏ်းကို ကမ္ဘာသူကမ္ဘာသားများက မမျှော်လင့်ကြတော့ပေ။ သို့သော် ရှုတောင်ဂိုဏ်းသားအားလုံးမှာ လူ့လောကကို ကာကွယ်စောင့်ရှောက်ရန်ဟူသော အဓိကတာဝန်ကို နှစ်ပေါင်းထောင်ချီတိုင်အောင် လက်ကိုင်ထားဆဲ ဖြစ်သည်။ ဤသည်မှာ ရှေးဟောင်း အင်မော်တယ်ဂိုဏ်းကြီး၏ တာဝန်ယူမှုပင် ဖြစ်၏။

သို့သော် မိုးပြိုလျှင် အရပ်ရှည်သူက အရင်ခံရမည် ဖြစ်သဖြင့်၊ မုန်တိုင်းများသည် လက်ရှိတွင် အထက်ပိုင်း၌သာ စုဝေးနေသေးသည်။ ချူလျန်အနေဖြင့် မိမိမထိန်းချုပ်နိုင်သော ကိစ္စရပ်များကို တွေးတောပူပန်နေမည်မဟုတ်ပေ။

အချိန်က မွန်းတည့်ချိန် နီးကပ်လာပြီ ဖြစ်သဖြင့်၊ သူသည်လည်း လက်ပံနီတောင်ထွတ်သို့ ထွက်ခွာလာခဲ့သည်။ ကျင့်ကြံရင်း ပိုက်ဆံရှာရပေမည်။

လက်နှစ်ဖက်စလုံး အလုပ်လုပ်ရမည်၊ လက်နှစ်ဖက်စလုံး အားကောင်းရမည် ဖြစ်၏။

လက်ပံနီတောင်ထွတ်တွင် စည်ကားနေပြီး၊ ချူလျန် ရောက်ရှိလာသည်နှင့် မျက်စိလျင်သောသူအချို့က မနေ့က သစ်သီးလက်ဖက်ရည် ရောင်းသူဖြစ်ကြောင်း မှတ်မိသွားကြသည်။

ချက်ချင်းပင် လူတစ်ယောက်က လှမ်းအော်ပြောလိုက်သည်။ “ညီလေး... ဒီနေ့ မင်းလုပ်လာတဲ့ သစ်သီးလက်ဖက်ရည်က များလား... ငါ မနေ့က တန်းစီတာ တစ်ဝက်လောက်နဲ့ မဝယ်လိုက်ရဘူး...”

“စိတ်ချပါ...” ချူလျန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။ “မများပါဘူး”

ထိုလူ ကြောင်အသွားသည်။ သူ၏အပြုံးနှင့် စကားလုံးများမှာ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ခံစားလိုက်ရပြီး၊ ချက်ချင်းပင် သူ့နောက်သို့ လိုက်လာခဲ့သည်။

ချူလျန်သည် မနေ့က နေရာသို့ပင် သွားရောက်ပြီး၊ ကော်ဇောငယ်လေးကို ခင်းလိုက်ကာ ဆိုင်းဘုတ်ကို ထောင်လိုက်သည်။ “နွေဦး၏ ပထမဆုံး သစ်သီးလက်ဖက်ရည်”

ချက်ချင်းပင် မနေ့က တန်းစီ၍ မရလိုက်သောလူအချို့သည် စူးစမ်းလိုစိတ်၏ တွန်းပို့မှုကြောင့် အလျင်အမြန် တန်းစီလိုက်ကြသည်။ အမှန်တကယ်တွင် မနေ့က တန်းစီခဲ့ပြီး ယနေ့ထိ ရှိနေသူများမှာ မများလှပေ။ သို့သော် လူ့သဘောသဘာဝမှာ ဤအတိုင်းပင် ဖြစ်သည်။ ဤနေရာတွင် လူများ တန်းစီနေသည်ကို မြင်လျှင် ချက်ချင်းပင် သူဘာရောင်းနေသနည်းဟု သိချင်လာကြသည်။ အထူးသဖြင့် လက်ပံနီဈေးတန်းတွင် ဤကဲ့သို့သော မြင်ကွင်းမျိုး တွေ့ရခဲသောကြောင့် ဖြစ်၏။

ထို့နောက် လူတစ်ယောက်က သူ့ကို ရှင်းပြပေးလိမ့်မည်။

ကျန်းနတ်သမီး၏ အပြုံး...

မကြာမီ လူသစ်များ သစ်သီးလက်ဖက်ရည် တန်းစီရာတွင် ပါဝင်လာကြသည်။ ယနေ့ လုပ်လာသော သစ်သီးလက်ဖက်ရည် ဘူး (၃၀) ကျော်သည် မကြာမီ ကုန်သွားသည်။ နောက်ဘက်တွင် ကျန်ရစ်သောလူအချို့သည် မကျေမနပ် ညည်းညူနေကြလေသည်။

ချူလျန်လည်း မတတ်သာဘဲ မတ်တပ်ရပ်ကာ ဦးညွှတ်ပြီး ပြောလိုက်ရသည်။ “တောင်းပန်ပါတယ်... မနက်ဖြန် စောစော လာခဲ့ကြပါ”

လူတစ်ယောက်က တိုးကပ်လာပြီး မေးလိုက်သည်။ “ညီလေး... ငါ မင်းကို ပိုက်ဆံနှစ်ဆ ပေးမယ်... နောက်တစ်ခါကျရင် တန်းမစီခိုင်းဘဲ ငါ့ကို တိုက်ရိုက် ရောင်းပေးလို့ ရမလား”

“မရပါဘူး” ချူလျန် ပြုံးပြီး ခေါင်းခါလိုက်သည်။

တည်ဆောက်ထားသော စည်းမျဉ်းများကို ဓားဒင်္ဂါးအနည်းငယ်ကြောင့် ဖျက်ဆီးလိုက်လျှင် ကုန်အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာ ပျောက်ဆုံးသွားပေလိမ့်မည်။ အသေးအဖွဲလေးကြောင့် ကိစ္စကြီးကြီးမားမားကို အဆုံးရှုံးခံ၍ မဖြစ်ပေ။

သို့သော် ယနေ့ ချူလျန် ဆိုင်သိမ်းပြီး ပြန်ရန် ပြင်ဆင်နေစဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ လူအုပ်စုတစ်စု တိုးကပ်လာပြီး ချူလျန်ကို ဝိုင်းလိုက်ကြတော့သည်။

“ဟမ်...”

သူ မော့ကြည့်လိုက်ရာ ခေါင်းဆောင်ဖြစ်သူမှာ အရပ်ရှည်ရှည် လူငယ်တပည့်တစ်ဦး ဖြစ်ပြီး၊ မျက်နှာထားမကောင်းဘဲ ဟန်ဆောင်ပြုံး ပြုံးထားသည်ကို တွေ့လိုက်ရသည်။

ထိုလူများ၏ အင်္ကျီပေါ်တွင် ဓားနှစ်ချောင်း ကြက်ခြေခတ်ပုံစံ အမှတ်အသား ပါရှိပြီး၊ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်ကို ကိုယ်စားပြုလေသည်။

စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်က တာဝန်ကျတပည့်တွေလား...

စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်သည် ရှုတောင်ဂိုဏ်း၏ ဥပဒေများကို ထိန်းသိမ်းရပြီး၊ ပုံမှန်အားဖြင့် လက်ပံနီဈေးတန်းတွင် ကင်းလှည့်သောတပည့်များ ရှိတတ်သည်။

သို့သော် သူသည် အမြဲတမ်း ရိုးရိုးသားသား နေထိုင်ခဲ့သူဖြစ်သဖြင့်၊ သူတို့ ဘာကိစ္စကြောင့် လာရှာသည်ကို မသိပေ။

“ဒီကညီလေး... ငါ မင်းကို စောင့်ကြည့်နေတာ နှစ်ရက်ရှိပြီ...” ခေါင်းဆောင်ဖြစ်သူ လူငယ်တပည့်က ချူလျန်ကို ကြည့်ပြီး ပြောလိုက်သည်။

“မင်း ဒီနှစ်ရက်အတွင်း တော်တော်လေး ထင်ပေါ်နေတယ်နော်...”

ချူလျန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “သာမန် ဈေးရောင်းတာပါပဲ”

“မင်းက သာမန် ဈေးရောင်းတာ မဟုတ်ဘူး... မင်း ဆိုင်ခင်းကြေးတောင် မပေးရသေးဘူးလေ...” လူငယ်တပည့်က ပြုံးပြီး ပြောလိုက်သည်။

“ဆိုင်ခင်းကြေး...” ချူလျန် မျက်မှောင်ကြုတ်လိုက်သည်။ “လက်ပံနီဈေးတန်းမှာ ဆိုင်ခင်းကြေး ပေးဖို့ လိုလို့လား...”

“သူတို့လို လူတွေကတော့ မလိုဘူး... ဒါပေမဲ့ မင်းလိုမျိုး လူတွေကို တန်းစီခိုင်းပြီး နေရာအများကြီး ယူထားတဲ့သူ၊ လက်ပံနီဈေးတန်းရဲ့ စည်းကမ်းကို နှောင့်ယှက်တဲ့သူတွေက ကြိုတင်အကြောင်းကြားပြီး ဆိုင်ခင်းကြေး ပေးဆောင်ရတယ်...” လူငယ်တပည့်က လေးနက်စွာ ပြောလိုက်သည်။

“အဲဒီလို သတ်မှတ်ချက် ရှိတာလား...” ချူလျန် စဉ်းစားဟန် ပြုလိုက်သည်။

“ဘာလဲ... မင်းက စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်ကို သံသယ ဝင်နေတာလား...” လူငယ်တပည့်က မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။

ချူလျန် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။

စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်တွင် ခေါင်းဆောင် လုပ်နိုင်သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်ရပေမည်။ နောက်မှလူများကလည်း သူနှင့်အဆင့်တူ ဝိညာဉ်အသိအမြင်အဆင့် အလယ်အလတ် သို့မဟုတ် နှောင်းပိုင်း ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့အပြင် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်တွင် တရားမဝင်မှုများကို အချိန်မရွေး အရေးယူနိုင်သော အာဏာရှိပေသည်။

“မဟုတ်ပါဘူး... ကျွန်တော်က ခုမှ ရောက်လာတာမို့ ဒီနေရာအကြောင်း သိပ်နားမလည်လို့ပါ...” ချူလျန် ပြုံးလိုက်ပြီး အမူအရာ နူးညံ့သွားသည်။

“ဆိုင်ခင်းကြေးက ဘယ်လောက်လဲ...”

“ဆိုင်ခင်းကြေးက ပုံမှန်ဆို ဆယ်ပုံတစ်ပုံပဲ...” လူငယ်တပည့်က မထီမဲ့မြင် ရယ်မောလိုက်ပြီးမှ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက နောက်ကျတဲ့အတွက် ဒဏ်ကြေး ထပ်ပေါင်းရမယ်... မင်း ဒီရက်ပိုင်း ဘယ်လောက် ရောင်းရလဲ... အကုန်လုံး ပေးဆောင်ရမယ်... ခိုးပြီး သိမ်းထားဖို့ မစဉ်းစားနဲ့နော်...”

ချူလျန် ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် ဒီရက်ပိုင်း ဓားဒင်္ဂါး (၄၉) ပြား ရောင်းရပါတယ်...”

လူငယ်တပည့်၏ အနည်းငယ် အေးစက်သော အကြည့်အောက်တွင် ပြောပြီးသည်နှင့် ချူလျန်က ဓားဒင်္ဂါးများကို စတင်ထုတ်ယူလိုက်သည်။ သံသယဝင်ခြင်း အလျဉ်းမရှိပေ။

“အမ်...” လူငယ်တပည့်သည် အနည်းငယ် အံ့ဩသွားပုံ ရသည်။

ချူလျန်သည် ဓားဒင်္ဂါး (၅၀) ကို ထုတ်ယူလိုက်ပြီး လူငယ်တပည့်လက်ထဲသို့ ထည့်ပေးလိုက်ကာ အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။ “ကိန်းပြည့်ဖြစ်သွားအောင် (၅၀) ထားလိုက်ပါတော့... အစ်ကိုကြီး ရေတွက်ကြည့်ပါဦး...”

ဖုံးကွယ်ထားခြင်းမရှိသည့်အပြင် ပို၍ပင် ပေးလိုက်သေးသည်။

“ဒါ...” လူငယ်တပည့်သည် ဓားဒင်္ဂါးများကို လက်ခံရယူချိန်တွင် အနည်းငယ် တုံ့ဆိုင်းသွားသည်။

တစ်ဖက်လူက ဓားဒင်္ဂါးများကို လက်ခံလိုက်သည်ကို မြင်သောအခါ ချူလျန်က မရည်ရွယ်သကဲ့သို့ မေးလိုက်သည်။ “အစ်ကိုကြီး... တကယ်တော့ အစ်ကို့ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ... ကျွန်တော်တို့ အရင်က တွေ့ဖူးလား...”

“ရင်းနှီးချင်ယောင် မဆောင်နဲ့... မင်း နောက်တစ်ခါ လာရင်လည်း ဆိုင်ခင်းကြေး ပေးရဦးမှာပဲ...” လူငယ်တပည့်က သူ့ကို စောင်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ကျွန်တော် သိပါတယ်... ကျွန်တော် အစ်ကို့ကို တကယ်မြင်ဖူးသလိုပဲ...” ချူလျန် ခေါင်းကုတ်လိုက်သည်။ “အစ်ကိုက ဘယ်တောင်ထွတ်ကလဲ... ကျွန်တော်တို့ အတူတူ တာဝန်ထမ်းဆောင်ဖူးသလားလို့”

“ငါက တိမ်တိုက်စက်ဝန်းတောင်ထွတ်ကပဲ...” လူငယ်တပည့်က ဓားဒင်္ဂါးများကို သိမ်းဆည်းလိုက်သည်။ “ငါကတော့ မင်းကို အရင်က မမြင်ဖူးပါဘူး...”

“တိမ်တိုက်စက်ဝန်းတောင်ထွတ်က အစ်ကိုကြီးဝမ်ပဲ...” ချူလျန်က နဖူးကို ရိုက်လိုက်သည်။

“ကျွန်တော်တို့ အတူတူ တာဝန်ထမ်းဆောင်ဖူးတာပဲ... မမှတ်မိနိုင်စရာ အကြောင်းမရှိပါဘူး...”

“ဟမ့်... ငါ့နာမည်က ကျန်းကွ...”

လူငယ်တပည့်က ချူလျန်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

“ဒါဆို ကျွန်တော် လူမှားတာ ဖြစ်မယ်... ဟဲဟဲ...” ချူလျန် ပြုံးလိုက်ပြီး ယဉ်ကျေးစွာ လက်ပြနှုတ်ဆက်ကာ ထွက်ခွာလာခဲ့လေသည်။

သူ ထွက်ခွာသွားပြီးနောက်၊ ထိုလူငယ်တပည့်က အေးစက်စွာ ရယ်မောလိုက်ပြန်သည်။

“ဟမ့်... ဒီကောင်က တကယ့်ငတုံးပဲ... တောင်းသလောက် ပေးနေတယ်... စောစောက ပိုတောင်းလိုက်ရမှာ...”

“အစ်ကိုကြီးကျန်း... ဒီလိုလုပ်တာ ကောင်းပါ့မလား...” အနောက်မှ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင် တပည့်တစ်ဦးက တွန့်ဆုတ်စွာ မေးလိုက်သည်။ “ဒါက စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင် နာမည်သုံးပြီး ပိုက်ဆံလိမ်ယူတာ မဟုတ်ဘူးလား...”

“အာ... ဒီကောင်က ငါ့ဂျူနီယာညီလေးနဲ့ ရန်ငြိုးရှိလို့ ငါ သူ့ကို ပစ်မှတ်ထားလိုက်တာပါကွာ... ဘယ်သူက ဒီဓားဒင်္ဂါးလေး မစို့မပို့ကို မက်မောနေမှာလဲ... ငါတို့ ပုံမှန်ဥပဒေအတိုင်း ဆောင်ရွက်တဲ့အခါ ငါ မျက်နှာလိုက်တာ မြင်ဖူးလို့လား...” အစ်ကိုကြီးကျန်းက ဂရုမစိုက်သလို လက်ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်သို့ လျှောက်သွားလိုက်သည်။

ထိုနေရာတွင် လူသုံးဦး စောစီးစွာ စောင့်ဆိုင်းနေကြသည်။ တစ်ကိုယ်လုံး ပတ်တီးစည်းထားသော ရှန်ဇီလျန်နှင့် နောက်လိုက်(က)၊ နောက်လိုက်(ခ) တို့ပင် ဖြစ်သည်။

“အစ်ကိုကြီးကျန်း... ဘာလို့ သူ့ဆီကနေ ဓားဒင်္ဂါး နည်းနည်းလေးပဲ တောင်းလိုက်ရတာလဲ...” ရှန်ဇီလျန်က အခြေအနေကို မြင်လိုက်ရသဖြင့် စိတ်လောသွားသည်။

“သူ့ကို ရိုက်နှက်ပြီး လက်ပံနီဈေးတန်းမှာ မနေနိုင်အောင် လုပ်မယ်ဆို...”

“သူ ပြန်ပြီး ခုခံမယ်လို့ ငါ ထင်ခဲ့တာ... ဒါမှ ငါ သူ့ကို အရေးယူဖို့ အကြောင်းပြချက် ရှိမှာလေ...” အစ်ကိုကြီးကျန်းက လက်ဖြန့်ပြလိုက်သည်။

“ဘယ်သူက ထင်မှာလဲ... ဒီကောင်က ငတုံးလေးလို ပြောသမျှ ယုံပြီး ပိုက်ဆံကို ချက်ချင်း ပေးလိုက်မယ်လို့... ဒီလောက် လူများနေတဲ့နေရာမှာ ငါ ဘယ်လိုလုပ် ရိုက်နှက်လို့ ရမှာလဲ”

“ဟာ...” ရှန်ဇီလျန် မကျေမနပ် ဖြစ်သွားသည်။

ပြီးခဲ့သည့်အကြိမ်က သူနှင့် ဂျူနီယာညီလေးနှစ်ယောက် ရတနာစေတီတောင်ထွတ်တွင် ချူလျန်ကို ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့သော်လည်း ကောင်းကင်မှ ကျဆင်းလာသော ဧရာမပုတ်သင်ကြီးကြောင့် မြေကြီးထဲသို့ ရိုက်သွင်းခံလိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ကျင့်ကြံသူများ၏ ခန္ဓာကိုယ် သန်မာမှုကြောင့်သာ မဟုတ်လျှင် အသက်ပါ ဆုံးရှုံးသွားနိုင်သည်။ သူ့အဖေ တောင်ထွတ်သခင်က ကုသပေးခဲ့သောကြောင့်သာ ရက်အနည်းငယ်အတွင်း သက်သာလာခြင်း ဖြစ်၏။

မနေ့က အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရန် စဉ်းစားကာ လက်ပံနီဈေးတန်းသို့ လာရောက်လည်ပတ်ခဲ့သည်။ မထင်မှတ်ဘဲ ဤနေရာတွင် ထိုစက်ဆုပ်စရာကောင်းသော ချူလျန်ကို ထပ်တွေ့လိုက်ရသည်။

သူ မရှိလျှင် မိမိတို့သုံးဦး ဤအခြေအနေမျိုး ရောက်ရှိလိမ့်မည် မဟုတ်ပေ။ သူသည် ဒဏ်ရာရရှိခဲ့သော အကြောင်းရင်းအားလုံးကို ချူလျန်အပေါ်သို့ တိတ်တဆိတ် ပုံချထားလိုက်ပြီး၊ မျက်စိထဲက အမှိုက်တစ်စ၊ ဆူးငြောင့်ခလုတ်တစ်ခုကဲ့သို့ သဘောထားလိုက်သည်။

အထူးသဖြင့် ကျန်းယွဲ့ပိုင် လျှောက်လာပြီး ချူလျန်ကို နူးညံ့စွာ ပြုံးပြလိုက်သည်ကို မြင်လိုက်ရသောအခါ....။

ထို့အပြင် ဒင်း၏ သစ်သီးလက်ဖက်ရည်ကိုပါ နာမည်ကြီးအောင် လုပ်ပေးလိုက်သောအခါ... ။

ဤသည်မှာ နတ်သမီးကျန်းပင် မဟုတ်ပါလော။

ပုံမှန်ဆိုလျှင် ရှန်ဇီလျန် အိပ်မက်ထဲတောင် ထည့်မမက်ရဲသည့် ပုဂ္ဂိုလ်ပင်...။

‘နတ်သမီးကျန်းသာ ငါ့ကို ပြုံးပြခဲ့ရင် ငါ ဘာကိစ္စ ရွှီဇီချင်ကို တခြားသူတွေနဲ့ လုနေရမှာလဲ’ဟု သူ တွေးတောမိသည်။

တွေးလေ ဒေါသထွက်လေပင်။

ရှုပ်ထွေးသော ခံစားချက်များ ပေါင်းစုံသွားပြီး ရှန်ဇီလျန်သည် စီးပွားရေး ကောင်းမွန်နေသော ချူလျန်ကို ကြည့်ရင်း အဖေကိုသတ်သွားသော ရန်သူကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေတော့သည်။

ချက်ချင်းပင် ပြေးထွက်သွားပြီး လက်သီးတစ်ချက်လောက် ကျွေးလိုက်ချင်စိတ်ပင် ပေါက်နေသော်လည်း၊ သူ၏ လက်ရှိ လမ်းလျှောက်လျှင်ပင် နံရံကို ကိုင်ထားရသော အခြေအနေအရ လက်စားချေရန် မဖြစ်နိုင်ပေ။

တိုက်ဆိုင်စွာပင် ဤရက်ပိုင်း လက်ပံနီဈေးတန်းတွင် တာဝန်ကျသော စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်မှ တပည့်သည် တိမ်တိုက်စက်ဝန်းတောင်ထွတ်မှ သူ၏စီနီယာဖြစ်ပြီး၊ သူနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်သည်။

ထို့ကြောင့် ရှန်ဇီလျန်သည် အစ်ကိုကြီးကျန်းကို ရှာဖွေပြီး ချူလျန်ကို အနိုင်ကျင့်ပေးရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင် အထောက်အထား ရှိနေသဖြင့် အကြောင်းပြချက်ရှာပြီး ရိုက်နှက်လိုက်ရုံပင် ဖြစ်၏။

မထင်မှတ်ထားသည်မှာ ချူလျန်က ဤမျှ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။ ပြန်မခုခံရုံသာမက အားရဝမ်းသာပုံပင် ပေါက်နေချေသည်။

“စိတ်မပူပါနဲ့...” အစ်ကိုကြီးကျန်းက ရယ်မောလိုက်သည်။

“သူ မနက်ဖြန် ထပ်လာရင် ငါ တခြားနည်းလမ်းနဲ့ သူ့ကို အနိုင်ကျင့်ဦးမှာပဲ... သူ ဘယ်လောက်ပဲ တုံးတုံး သုံး၊ လေးရက်လောက်ဆိုရင် ဒေါသထွက်လာမှာပါ... သူ ပြန်ခုခံရဲတာနဲ့ ငါ ချက်ချင်း မင်းအစား သူ့ကို ရိုက်နှက်ပေးမယ်... တကယ်လို့ သူ ပြန်မခုခံရင်လည်း လက်ပံနီဈေးတန်းမှာ မနေရဲအောင် ငါ ဖိနှိပ်ပစ်မယ်...”

“အဲဒါဆို ကောင်းတာပေါ့...” ရှန်ဇီလျန်က မကျေမနပ်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့...” နောက်လိုက်(က)သည် ပတ်တီးအပြည့်စည်းထားသော လည်ပင်းကို လှည့်လိုက်ပြီး ခက်ခဲစွာ ပြောလိုက်သည်။

“ကျွန်တော် ခံစားမိတာက အဲဒီလောက် မရိုးရှင်းဘူးလို့ ထင်တယ်... သူ သိပ်ကို ပူးပေါင်းဆောင်ရွက်လွန်းနေတယ်...”

“ဘာ မရိုးရှင်းစရာ ရှိလို့လဲ... အဲဒါ ငတုံးလေး မဟုတ်ဘူးလား...” အစ်ကိုကြီးကျန်းက ရယ်မောလိုက်သည်။

“သူ ငါ့ကို လက်တောင် ပြလိုက်သေးတယ်...”

နောက်လိုက်(က)က နောက်လိုက်(ခ)ကို ကြည့်လိုက်သည်။ “မင်း ဘယ်လိုထင်လဲ။”

နောက်လိုက်(ခ)က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

“ကျွန်တော်တို့ ကောင်းတာတစ်ခုခု သွားစားသင့်တယ်လို့ ထင်တယ်...”

All Chapters