တရားမျှတမှုတောင်းခံခြင်း
Vol. 7 Ch. 64
ချူလျန်သည် ငွေဓားတောင်ထွတ်သို့ ပြန်ရောက်သောအခါ ရှုတောင်ဂိုဏ်း စည်းကမ်းဥပဒေစာအုပ်ကို အလွန်တရာ ဂရုတစိုက် ဖတ်ရှုလိုက်သည်။ လက်ပံနီဈေးတန်းနှင့် ပတ်သက်သော အပိုဒ်များမှာ မများလှပေ။
ဆိုင်ခင်းကြေးနှင့် ပတ်သက်လျှင်မူ တစ်ပိုဒ်တည်းသာ ရှိသည်။ ကြီးမားသော ကုန်ပစ္စည်းများ ရောင်းချခြင်း၊ နေရာအများအပြား ယူထားခြင်း၊ လက်ပံနီဈေးတန်း၏ ပုံမှန်အစီအစဉ်ကို ထိခိုက်စေခြင်းတို့ ဖြစ်မှသာ ဆိုင်ခင်းကြေး တစ်ဆယ်ပုံတစ်ပုံ ပေးဆောင်ရမည်ဖြစ်သည်။
သူ၏သစ်သီးလက်ဖက်ရည်ဆိုင်လေးသည် တန်းစီရုံသာဖြစ်သဖြင့် ဤစာရင်းထဲတွင် မပါဝင်ကြောင်း ထင်ရှားနေပေသည်။
ဒဏ်ကြေးနှင့် ပတ်သက်လျှင်လည်း အကြိမ်ကြိမ် တောင်းခံသော်ငြား ဆိုင်ခင်းကြေး ပေးဆောင်ရန် ငြင်းဆန်မှသာ ဝင်ငွေအားလုံးကို ဒဏ်ကြေးအဖြစ် သိမ်းယူရမည်ဖြစ်သည်။ သူ၏လုပ်ရပ်များသည်လည်း ထိုအထဲတွင် မပါဝင်ကြောင်း ထင်ရှားလှသည်။
အစောပိုင်းက သူသည် ဥပဒေများကို နားမလည်သလို၊ တစ်ဖက်လူက အခွင့်ကောင်းယူပြီး ရန်စတိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင် တပည့်နှင့် မငြင်းခုံခဲ့ပေ။
သို့သော် ယခု ပြန်ရောက်ပြီး သေချာစစ်ဆေးကြည့်လိုက်သောအခါ တစ်ဖက်လူ၏ လုပ်ရပ်များသည် အကျိုးအကြောင်း မဆီလျော်ကြောင်း ထင်ရှားနေသည်။ သေချာခွဲခြမ်းစိတ်ဖြာပြီးနောက် ချူလျန်သည် ကောက်ချက်တစ်ခု ချလိုက်လေ၏။
သူ အနိုင်ကျင့်ခံလိုက်ရချေပြီ…။
ထို့အပြင် တစ်ဖက်လူက သူ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြောင်း သံသယဖြစ်စရာ အကြောင်းရင်း ရှိနေသည်။ ထို့ကြောင့် သူသည် ဆရာသခင်၏ ကွန်းခိုရာနန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
နှစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် မီးအလင်းတန်းတစ်ခု မြေပြင်ပေါ်သို့ ကျရောက်လာပြီး တိနွီဖုန့်သည် မျက်နှာအမူအရာ မသာမယာနှင့် ပြန်ရောက်လာသည်။
ယနေ့ သူမတွင် ဒေါသအရှိန်အဟုန် ရှိနေချေသည်။
တောင်ထွတ်သခင်များ အစည်းအဝေးတက်တိုင်း သူမသည် အခြားသူများနှင့် စကားများလေ့ရှိသဖြင့် ယခုအချိန်တွင် စိတ်အခြေအနေ အလွန်ဆိုးရွားနေမည်မှာ သေချာသည်။
ဤအခိုက်တန့်တွင် ချူလျန်ကို တွေ့လိုက်ရသဖြင့် သူမ အနည်းငယ် အံ့ဩသွားရသည်။
ယခင်က သူမ စိတ်မကြည်မလင် ဖြစ်နေချိန်တွင် ဤတပည့်သည် အဝေးဆုံးသို့ ထွက်ပြေးလေ့ ရှိသော်လည်း၊ ယနေ့တွင်မူ အဘယ်ကြောင့် ကြိုဆိုနေရပါသနည်း။
“ဘာဖြစ်လို့လဲ...” သူမ မေးလိုက်သည်။
“ဆရာသခင်...” ချူလျန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျွန်တော် အနိုင်ကျင့်ခံလိုက်ရတယ်...”
“ဟမ်...” တိနွီဖုန့် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာသည်။
ချူလျန်က သူ လက်ပံနီဈေးတန်းတွင် ဈေးရောင်းစဉ် အကြောင်းပြချက်မရှိ ပိုက်ဆံကောက်ခံခံရသည့်အကြောင်းကို အကြမ်းဖျင်း ပြောပြလိုက်သည်။ ပြီးနောက် ရှုတောင်ဂိုဏ်း ဥပဒေများကို ခွဲခြမ်းစိတ်ဖြာပြပြီး နောက်ဆုံးတွင် နိဂုံးချုပ်လိုက်သည်။
“ဒီလုပ်ရပ်က သံသယဖြစ်စရာ မလိုအောင်ကို သက်သက်ငွေညှစ်တာပါ...”
တိနွီဖုန့်က လက်ဝှေ့ယမ်းလိုက်သည်။ “မင်း ပြောတဲ့ ရှုတောင်ဂိုဏ်းရဲ့ ဥပဒေဆိုတာ ဘာလဲ ငါ နားမလည်ဘူး... ငါ မင်းကို တစ်ခုပဲမေးမယ်... မင်းဘက်က မှန်ကန်မှု ရှိလား”
ချူလျန်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။ “လုံးဝကို မှန်ကန်မှု ရှိပါတယ်...”
“ဟဟ...” တိနွီဖုန့်၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာပြီး ခေါင်းခါလိုက်ကာ၊ ခဏကြာသောအခါ ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်တော့သည်။
“ဟီးဟီးဟီးဟီး...”
“တိမ်တိုက်စက်ဝန်းတောင်ထွတ် ဟုတ်လား...” ရယ်မောပြီးနောက် သူမ လှည့်ထွက်သွားပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
လမ်းလျှောက်ရင်း ပွစိပွစိဖြင့် ရေရွတ်နေသေးသည်။ “ဒီလောက် မှန်ကန်မှုရှိတဲ့ တိုက်ပွဲမျိုး တိုက်ခိုက်ရတာ တကယ်ကို ရှားတယ်...”
ချူလျန်က နောက်မှ ကပ်လိုက်သွားလေ၏။
…
တိနွီဖုန့်သည် ပုံမှန်ကဲ့သို့ မီးတောင်ပံများ ဖြန့်ကျက်ပြီး မီးတောက်မီးလျှံများဖြင့် ပျံသန်းသွားခြင်းမဟုတ်ဘဲ၊ တိမ်တိုက်စက်ဝန်းတောင်ထွတ်ဘက်သို့ ဖြည်းညင်းစွာ ပျံသန်းသွားသည်။
ဆရာနှင့် တပည့်နှစ်ယောက်သည် တိမ်တိုက်စက်ဝန်းတောင်ထွတ်၏ လေထဲတွင် ရပ်တန့်လိုက်ကြသည်။
တိမ်တိုက်စက်ဝန်းတောင်ထွတ်တွင် တပည့်ဒါဇင်ချီ၍ ရှိပြီး၊ တောင်ထွတ်သခင် ကွန်းခိုရာနန်းဆောင်၏ ပတ်လည်တွင် သစ်သားအိမ်လေးများစွာ ဝန်းရံထားသည်။ နေဝင်ချိန်တိမ်တိုက်များ၊ စိမ်းလန်းသော တောင်တန်းများ၊ တောင်ကုန်းများနှင့် ရေတံခွန်များ၊ သပ်ရပ်လှပသော အဆောက်အအုံများဖြင့် မြို့ငယ်လေး တစ်ခုကဲ့သို့ ဖြစ်နေပြီး၊ ဂရုတစိုက် တည်ဆောက်ထားကြောင်း သိသာထင်ရှားနေသည်။
တိနွီဖုန့်သည် အောက်ဘက်ကို ငုံ့ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ ရုတ်တရက် အော်ဟစ်လိုက်သည်။ “ရှန်ရှုးဝမ်... ငါ သုံးအထိ ရေမယ်... မင်း ထွက်လာခဲ့...”
ဝုန်း...
သူမ၏ အော်ဟစ်သံနှင့်အတူ တိမ်တိုက်စက်ဝန်းတောင်ထွတ်တစ်ခုလုံးရှိ သစ်ပင်များ၏ အရွက်များမှာ အစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းလဲသွားပြီး၊ မြစ်ရေစီးဆင်းမှုသည်လည်း ရပ်တန့်သွားကာ အပူလှိုင်းတစ်ခု ကောင်းကင်မှ ကျဆင်းလာသဖြင့် တောင်ထိပ်ပေါ်ရှိ လူတိုင်းသည် မီးပင်လယ်ထဲ ရောက်ရှိသွားသကဲ့သို့ ခဏတာ ခံစားလိုက်ရသည်။
အော်ဟစ်ပြီးနောက် တိနွီဖုန့်သည် ကိုယ်ကို နှိမ့်ချလိုက်ပြီး တောင်ထွတ်သခင် ကွန်းခိုရာနန်းဆောင်ရှေ့ရှိ ကွင်းပြင်ပေါ်သို့ ကျရောက်သွားသည်။
ဘုန်း...
ကျရောက်လိုက်သည်နှင့် နောက်ထပ် အပူလှိုင်းတစ်ခုက ထွက်ပေါ်လာပြန်သည်။ မရေမတွက်နိုင်သော ငှက်များမှာ ဤတောင်ထွတ်မှ အလန့်တကြား ထွက်ပြေးကုန်ကြတော့သည်။
“တိနွီဖုန့်လား...” အံ့ဩသံတစ်ခုနှင့်အတူ အဖြူရောင် ပုံရိပ်တစ်ခုက ကွန်းခိုရာနန်းဆောင်ထဲမှ ပျံထွက်လာသည်။ “မင်း ဘာလာလုပ်တာလဲ…”
၎င်းမှာ ကျက်သရေရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး၊ ရှည်လျားသော အင်္ကျီ၊ သပ်ရပ်သော ဆံပင်ပုံစံ၊ ဖြူဝင်းသော မျက်နှာ၊ ကြည်လင်သော မျက်ဝန်းများ ရှိလေသည်။ အကြည့်များက ရင့်ကျက်တည်ငြိမ်နေခြင်း မရှိလျှင် အသက်ကြီးသူဟု လုံးဝ ထင်ရမည် မဟုတ်ပေ။
ဤသူသည် တိမ်တိုက်စက်ဝန်းတောင်ထွတ်၏ သခင်၊ ရှုတောင်ဂိုဏ်း၏ နာမည်ကြီး ကွန်ဖြူးရှပ်ကျင့်ကြံသူ ရှန်ရှုးဝမ် ဖြစ်၏။
“မင်းရဲ့ တိမ်တိုက်စက်ဝန်းတောင်ထွတ်က တပည့်တွေက ငါ့ရဲ့ ငွေဓားတောင်ထွတ်တပည့်ကို အနိုင်ကျင့်သွားတယ်... ငါက သူ့အတွက် တရားမျှတမှု လာတောင်းတာ...” တိနွီဖုန့်သည် ရှန်ရှုးဝမ်ကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများတွင် မီးတောက်များပါရှိနေကာ အရှိန်အဝါမှာ ပြင်းထန်နေသည်။
“အဲလိုလား...” ရှန်ရှုးဝမ်သည် အတော်လေး တည်ငြိမ်နေပြီး ချက်ချင်း ပြောလိုက်သည်။ “တပည့်တွေကြားထဲမှာ ဘာပြဿနာ ဖြစ်တာလဲ... ဘယ်တပည့်က လုပ်တာလဲ... မင်း ငါ့ကို အသေးစိတ် အရင်ပြောပြ... ငါ့ရဲ့ တိမ်တိုက်စက်ဝန်းတောင်ထွတ် တပည့်တွေ မှားတယ်ဆိုရင် ငါ သေချာပေါက် တရားမျှမျှတတ အပြစ်ပေးပါ့မယ်...”
တိနွီဖုန့်က သူမ၏နောက်မှ ချူလျန်ကို တစ်ချက် ကြည့်လိုက်သည်။ အစောပိုင်းက ချူလျန် ပြောပြခဲ့သော အသေးစိတ်အချက်အလက်များကို သူမ လုံးဝ မမှတ်မိတော့ကြောင်း ထင်ရှားနေလေသည်။
ချူလျန်က ရှေ့တက်လိုက်ပြီး ရှန်ရှုးဝမ်ကို တည်ငြိမ်စွာ ဦးညွှတ်လိုက်သည်။ “ဂါရဝပြုပါတယ် ဆရာဦးလေးရှန်... တိမ်တိုက်စက်ဝန်းတောင်ထွတ်က စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစ်ကိုကြီးကျန်းပါ... သူက လက်ပံနီတောင်ထွတ်မှာ အကြောင်းပြချက်မရှိဘဲ ကျွန်တော့်ဆီက ငွေညှစ်ခဲ့ပါတယ်...”
“နာမည်က ကျန်း... စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်...” ရှန်ရှုးဝမ် အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“အဲဒါ ကျန်းရှင်းယွမ် ဖြစ်လောက်တယ်...”
ပြောပြီးသည်နှင့် သူသည် လက်ညှိုးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး လေထဲတွင် စာရေးသကဲ့သို့ ပြုမူကာ “ကျန်းရှင်းယွမ်’ ဟူသော နာမည်သုံးလုံးကို ရေးသားလိုက်ပြီး ဖြည်းညင်းစွာ တွန်းထုတ်လိုက်သည်။
ချက်ချင်းပင် ထိုနေရာတွင် လေပြင်းများ တိုက်ခတ်လာပြီး သစ်ရွက်ကြွေများကို လေပွေကဲ့သို့ ဝေ့ဝဲသွားစေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလေပွေထဲ၌ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ပေါ်လာတော့သည်။
လေငြိမ်သွားသောအခါ လက်ပံနီဈေးတန်းမှ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင် တပည့်မှာ ရောက်ရှိလာလေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချူလျန်တစ်ယောက် အနည်းငယ် အံ့ဩသွားရသည်။ နာမည်ခေါ်ပြီး လူဖမ်းသော ဤတန်ခိုးစွမ်းရည်သည် ကွန်ဖြူးရှပ်ပညာရပ်ဖြစ်လောက်ပြီး ရှုတောင်ဂိုဏ်းတွင် တွေ့ရခဲလှသည်။
သူ အံ့ဩရုံသာရှိသော်လည်း ထိုအစ်ကိုကြီးကျန်းမှာမူ လန့်ဖျပ်သွားသည်။
တကယ်တမ်းတွင် သူသည် ကင်းလှည့်တာဝန် ပြီးဆုံးသွားပြီ ဖြစ်သဖြင့် တိမ်တိုက်စက်ဝန်းတောင်ထွတ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ သူ၏သစ်သားအိမ်လေးထဲတွင် အနားယူနေစဉ် တိနွီဖုန့် ရောက်လာပြီး အော်ဟစ်လိုက်သံကြောင့် လန့်သွားခဲ့ရသည်။ သို့သော် ထိုကိစ္စသည် မိမိအဆင့်နှင့် မဆိုင်သောကိစ္စဟု ထင်မှတ်ပြီး အများကြီး မစဉ်းစားမိဘဲ အပြင်ထွက်ပြီး ပွဲကြည့်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆရာသခင်က မိမိကို ဖမ်းခေါ်လာခဲ့သည်။ ချူလျန်ကို မြင်လိုက်ရသောအခါမှ သူ သတိထားမိလိုက်သည်။
သောက်ကျိုးနည်း… ထိုငနဲသည် တိနွီဖုန့်၏ တပည့် ဖြစ်နေသည်ကိုး….။
ထို့သို့ဆိုလျှင် သူ့အတွက် လက်စားချေပေးရန် လာရောက်ခြင်းလော…။
သူ၏စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဝိုးတဝါးပေါ်လာပြီး ပြဿနာတော့တက်ပြီဟု ခံစားလိုက်ရသည်။
“ကျန်းရှင်းယွမ်... ငါ မင်းကို မေးမယ်... မင်း အမှန်အတိုင်း ဖြေ...” ရှန်ရှုးဝမ်က လေးနက်စွာ ပြောလိုက်သည်။
အမှန်တကယ်တမ်းတွင် သူသည်လည်း အတော်လေး စိတ်ညစ်နေရသည်။ သာမန်တပည့်ချင်း ဖြစ်ပွားသော ပဋိပက္ခ အသေးအဖွဲလေးများသည် ဘာမှ ပြောပလောက်သောကိစ္စမဟုတ်ပေ။ အကယ်၍ အခြားတောင်ထွတ်သခင် တစ်ယောက်ယောက်ဆိုလျှင် ဂရုပင်စိုက်မည်ပင်မဟုတ်ပေ။
သို့သော် ယခုမူ တိနွီဖုန့် ဖြစ်နေချေ၏။ တစ်ဖက်လူက ငယ်သောအမှုကို ကြီးအောင်လုပ်နေကြောင်း သိသော်လည်း သူ လုံးဝ ပေါ့ဆ၍ မရပေ။
သူသည် နောက်မှ ရှုတောင်ဂိုဏ်းသို့ ဝင်ရောက်လာသူဖြစ်သဖြင့် တိနွီဖုန့်၏ ငယ်စဉ်က နာမည်ဆိုးများကို ကြားဖူးရုံသာရှိပြီး ကိုယ်တိုင် မကြုံဖူးပေ။ သို့သော် တိနွီဖုန့်သည် မဟာတောင်ထွတ်သခင် ဝမ်ရွှမ်လင်နှင့် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံပြီး လုံးဝ မျက်နှာသာမပေးသည်ကို မြင်ဖူးသဖြင့်၊ ဤအမျိုးသမီးသည် သေချာပေါက် ရန်စ၍ မရသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိထားသည်။
“ဟုတ်ကဲ့...” ကျန်းရှင်းယွမ် တုန်တုန်ရီရီ ဖြစ်နေရှာသည်။
“မင်း ဒီနေ့ လက်ပံနီတောင်ထွတ်မှာ ဒီညီလေးကို တွေ့ခဲ့လား... ပြီးတော့ သူ့ဆီကနေ ငွေညှစ်ခဲ့လား...” ရှန်ရှုးဝမ်က ချူလျန်ကို ညွှန်ပြပြီး မေးလိုက်သည်။
“လုံးဝ မရှိပါဘူး... ဆရာသခင်... ကောင်းကင်နဲ့ မြေကြီး သက်သေပါ... ကျွန်တော်က စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်မှာ တာဝန်ထမ်းဆောင်နေတာပါ... လုပ်ဆောင်ချက်တွေ အားလုံးက ရှုတောင်ဂိုဏ်း စည်းမျဉ်းတွေ အတိုင်းပါပဲ... ဘယ်လိုလုပ်ပြီး လုပ်ရဲမှာလဲ... လုပ်ရဲမှာလဲ...” ကျန်းရှင်းယွမ်က လည်ချောင်းသံကြီးဖြင့် အော်ဟစ်ပြီး ငြင်းဆိုလိုက်သည်။
ရှန်ရှုးဝမ် ကြားလိုက်ရသောအခါ တိနွီဖုန့်ကို ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “ဒီကိစ္စမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနိုင်ပါတယ်... ကျွန်တော်တို့ အထဲဝင်ပြီး ထိုင်ဆွေးနွေးကြမလား။”
“ဟဟ...” တိနွီဖုန့် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
“မင်း ငါ စောစောက ပြောတဲ့စကားကို သေချာ မကြားလိုက်ဘူးလား... ငါ ပြောတာက... ငါ့တပည့်ကို မင်းတပည့်က အနိုင်ကျင့်လိုက်လို့... ငါက သူ့အတွက် တရားမျှတမှု လာတောင်းတာ... မင်းဆီကို လာပြီး သက်သေအထောက်အထား လာစစ်ဆေးခိုင်းတယ်လို့ မင်း ထင်နေတာလား…”
“လူငယ်တွေကြားထဲမှာ ကတောက်ကဆ ဖြစ်တတ်တာက ပုံမှန်ပါပဲ... ကျန်းရှင်းယွမ်က စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်မှာ တာဝန်ထမ်းဆောင်နေတော့ သာမန်ဂိုဏ်းတူတွေနဲ့ အငြင်းပွားမှု ဖြစ်လွယ်တာ အမှန်ပဲ...
ကျွန်တော်တို့ အထဲဝင်ထိုင်ပြီး သေချာရှင်းလင်းလိုက်ကြရအောင်... အမှားအမှန် ခွဲခြားပြီးရင် ပြီးတာပါပဲ... အဲဒီလောက်ကြီး စိတ်ဆိုးစရာ မလိုပါဘူး။” ရှန်ရှုးဝမ်က ဖြည်းညင်းစွာ ပြောလိုက်ပြီး နောက်ကျောဘက်ရှိ ကွန်းခိုရာနန်းဆောင်ကို ညွှန်ပြလိုက်သည်။
သို့သော် သူပြော၍ မပြီးသေးခင်မှာပင်၊ တိနွီဖုန့်၏ မျက်နှာပေါ်တွင် စိတ်မရှည်သော အမူအရာ ပေါ်လာပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်လေသည်။
ဖောက်...
မီးပွားလေးတစ်ခုက ထိုကွန်းခိုရာနန်းဆောင်ထဲတွင် ရုတ်တရက် ပေါ်လာပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ထိအောင် တောက်လောင်နေသော မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားကာ ပေါက်ကွဲသွားတော့သည်။
ဝုန်း...
လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် ကွန်းခိုရာနန်းဆောင် ပေါက်ကွဲသွားတော့သည်။ မှိုပွင့်ပုံသဏ္ဌာန် တိမ်တိုက်တစ်ခုက တိမ်တိုက်စက်ဝန်းတောင်ထွတ်၏ ကောင်းကင်ယံသို့ တက်ရောက်သွားသည်။
ယခုမူကား နန်းဆောင်အထဲသို့ ဝင်မရတော့ပေ။
“မင်း ဘာလုပ်တာလဲ” ရှန်ရှုးဝမ် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်တုန်လှုပ်ကာ ဒေါသထွက်သွားသည်။
တစ်ဖက်လူက ဤမျှ ကြမ်းကြမ်းတမ်းတမ်း ပြုမူလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
“ငါ မင်းကို ပြောတာ သုံးကြိမ် ရှိပြီ... ငါ့တပည့်အတွက် တရားမျှတမှု လာတောင်းတာ...” တိနွီဖုန့်က ခေါင်းစောင်းပြီး တစ်ဝက်တစ်ပျက် မှေးစင်းနေသော အကြည့်များက စူးရဲနေသည်။ “ငါ စကား ထပ်မပြောချင်တော့ဘူး...”
“ဒါပေမဲ့ မင်း ကိစ္စကိုတောင် ရှင်းရှင်းလင်းလင်း မသိရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး တရားမျှတမှုကို ခွဲခြားနိုင်မှာလဲ... မင်း...”
ရှန်ရှုးဝမ်သည် စာပေသမားဖြစ်သဖြင့် ဤကဲ့သို့သောကိစ္စမျိုး ရုတ်တရက် ကြုံတွေ့လိုက်ရသောအခါ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ခက်ခဲနေသော်လည်း တိနွီဖုန့်ကဲ့သို့ မျက်နှာပြောင်တိုက်ရန် မဖြစ်နိုင်ပေ။
ထို့အပြင် မျက်နှာပြောင်တိုက်လျှင်လည်း မနိုင်နိုင်မှန်း သိနေသဖြင့် ဒေါသတကြီး အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။ “မင်းက လုံးဝကို အကျိုးအကြောင်း မရှိဘူးပဲ”
“ဖီ...” တိနွီဖုန့်က အေးစက်စွာ ရယ်မောလိုက်သည်။
ထိုမထီမဲ့မြင်ပြုသော အကြည့်က ငါအကျိုးအကြောင်း မရှိတာကို မင်း ဒီနေ့မှ သိတာလားဟု ပြောနေသကဲ့သို့ပင်။
သူမ၏လက်ချောင်းများ ပွတ်သပ်နေသည်ကို ကြည့်ရသည်မှာ နောက်ထပ်ပေါက်ကွဲမှုတစ်ခုကို အချိန်မရွေး ဖန်တီးတော့မည့်ပုံ ပေါက်နေသည်။ တောင်ထွတ်တစ်ခုကို တည်ဆောက်ရန် ကြာမြင့်နိုင်သော်လည်း ဖျက်ဆီးရန်မှာ မျက်တောင်တစ်ခတ်အတွင်းသာ ဖြစ်ပေသည်။
“ထားလိုက်ပါတော့... ငါလည်း မင်းနဲ့ မငြင်းချင်တော့ဘူး...” ရှန်ရှုးဝမ်သည် မျက်ခုံးကြားမှ ဒေါသကို ဖိနှိပ်လိုက်ပြီး လက်ဝှေ့ယမ်းကာ ချူလျန်ကို ကြည့်လိုက်သည်။
“သူ မင်းဆီကနေ ဓားဒင်္ဂါး ဘယ်လောက် ညှစ်ယူခဲ့လဲ... ပြန်ပေးလိုက်ရင် ပြီးပြီမလား…”
ချူလျန်ကို ကြည့်ရခြင်းအကြောင်းရင်းမှာ တိနွီဖုန့်သည် လုံးဝ ပြောမရဆိုမရ ဖြစ်နေပြီး သူမနှင့် စကားမပြောချင်သောကြောင့် ဖြစ်သည်။ သူမ၏တပည့်ဖြစ်သူမှာမူ ရုပ်ရည်သန့်ပြန့်ပြီး စကားပြောရာတွင်လည်း အကျိုးအကြောင်း ညီညွတ်ကာ ရိုးသားသူပုံ ပေါက်နေသဖြင့် ဆရာသခင်ကဲ့သို့ မျက်နှာပြောင်တိုက်ပြီး ရှုပ်ထွေးနေမည်မဟုတ်ဟု ထင်မြင်မိသည်။
ထို့ကြောင့် ရိုးသားသော ကလေးငယ် ချူလျန်လေးသည် ရှန်ရှုးဝမ်၏အကြည့်အောက်တွင် ဘေးနားရှိ ကျန်းရှင်းယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး၊ မိမိဆရာသခင် တိနွီဖုန့်ကိုပါ တစ်ချက်ကြည့်လိုက်သည်။
နောက်ဆုံးတွင် ကြောက်ရွံ့နေသော မျက်နှာထားလေးဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ငါး... သောင်း...”