ခွဲဝေခြင်း
Vol. 7 Ch. 65
“ဖူး...”
ချူလျန်၏ပါးစပ်မှ ငါးသောင်းဟူသော စကားလုံး ထွက်လာသည်နှင့် ရှန်ရှုးဝမ်ခမျာ သွေးအန်လုနီးပါး ဖြစ်သွားရသည်။
အမြင်အရ မျက်နှာကလေး သန့်သန့်ပြန့်ပြန့်နှင့်... ပါးစပ်ဟလိုက်သည်နှင့် လူစကား မပြောတော့ပါလားဟုပင် သူ တွေးတောမိတော့သည်။
ဓားဒင်္ဂါး ငါးသောင်းတဲ့လား... တကယ် ပြောရဲတာပဲ….။
ငါလို တောင်ထွတ်သခင်တစ်ယောက်တောင် ဓားဒင်္ဂါး ငါးသောင်းကို အချိန်မရွေး ထုတ်ပေးနိုင်ဖို့ မဖြစ်နိုင်ဘူးကွ…။
ချီးတဲ့မှ… မင်းလို ဝိညာဉ်အသိအမြင်အဆင့် တစ်ယောက်မှာ ဓားဒင်္ဂါး ငါးသောင်း ရှိနိုင်ပါ့မလား…။
မင်းမှာ တကယ်ရှိတယ်ဆိုရင်တောင် အဲဒီလောက်များတဲ့ ဓားဒင်္ဂါးတွေ ဒီနေရာမှာ ပုံထားလိုက်ပြီး ကျန်းရှင်းယွမ်ကို ပေးလိုက်ရင်တောင် သူ ကောက်ရဲမှာ မဟုတ်ဘူး…။
ဘယ်လိုသောက်ကျိုးနည်း ရာဇဝတ်ကောင်က ဒီလောက်ကြီးမားတဲ့ အမှုမျိုး ကျူးလွန်ရဲမှာလဲကွာ…။
သူက မင်းဆီကနေ ဒီလောက်အများကြီး လုယူသွားတယ်လို့ ပြောတာကို အရူးမှပဲ ယုံလိမ့်မယ်…။
ယင်းကို တိနွီဖုန့်တစ်ယောက် ကြားလိုက်ရသောအခါ မျက်လုံးထဲတွင် အံ့ဩမှုအနည်းငယ် ပေါ်လာသည်။ ချူလျန် ပြောလိုက်သော ပမာဏသည် သူမ ခန့်မှန်းထားသည်ထက် ပိုများနေသောကြောင့် ဖြစ်၏။
ထို့နောက် သူမ ချူလျန်ကို ကြည့်လိုက်သော အကြည့်တွင် ချီးကျူးမှုများ ပါဝင်လာသည်။ အဆိုးရွားဆုံး ခံစားနေရသူမှာ ရှန်ရှုးဝမ်၏နောက်တွင် ရှိနေသော ကျန်းရှင်းယွမ်သာ ဖြစ်သည်။
ယခုအချိန်တွင် ရန်သူက အားသာပြီး မိမိတို့ဘက်က အားနည်းနေကြောင်း ထင်ရှားနေသည်။ ဆရာသခင်က ကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းချင်နေပြီ ဖြစ်ရာ ပိုက်ဆံလျော်ကြေးပေးရန်ပင် ဝန်မလေးပေ။
သို့သော်...
ကိစ္စက ဘယ်လိုလုပ်ပြီး ဒီလောက် ကမောက်ကမ ဖြစ်သွားရတာလဲကွာ…။
နင့်မေကလွှား… ငါးဆယ်ကနေ ငါးသောင်း ဖြစ်သွားတာလား... ဒါက ဘယ်လိုတောင် အဆနဲ့ချီပြီး တိုးသွားတာလဲလို့….။
ဒါ လူပြောတဲ့စကားမှ ဟုတ်ရဲ့လားကွာ….။
သူအလျင်အမြန် အော်ဟစ်လိုက်သည်။ “မဟုတ်ရပါဘူး... ဆရာသခင်... ကောင်းကင်နဲ့ မြေကြီး သက်သေပါ... ကျွန်တော် သူ့ဆီကနေ ဓားဒင်္ဂါး ငါးဆယ်ပဲ ယူခဲ့တာပါ... သူ လျှောက်ပြောနေတာပါ...”
ယင်းအား ရှန်ရှုးဝမ် ကြားလိုက်ရသောအခါ ချက်ချင်းပင် နောက်လှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်တော့သည်။
သောက်ကျိုးနည်း… တကယ် ငွေညှစ်ခဲ့တာပဲ…။
ဒါဆိုရင် ကိုယ့်ဘက်က မှားတာ သေချာသွားပြီပေါ့… ချီးတဲ့မှ….။
ထိုစကားကို ကြားလိုက်ရသောအခါ တိနွီဖုန့်၏ မျက်ခုံးများ ပင့်တက်သွားသည်။
“အိုး... မင်းက ငါးဆယ် ပြောတယ်... သူက ငါးသောင်း ပြောတယ်... ကွာခြားချက်က နည်းနည်း များနေတယ်နော်… တောင်ထွတ်သခင်ရှန်... ငါ ဒီလို လုပ်ရင် ကောင်းမလား...”
သူမ၏အကြည့်များက ကျန်းရှင်းယွမ်ဆီသို့ ရောက်သွားပြီး၊ ရွှေအမြုတေအဆင့် လူငယ်လေးကို ကြည့်ကာ နှုတ်ခမ်းထောင့်များ တွန့်တက်သွားသည်။
“ငါ သူ့ကို မီးရှို့ပစ်လိုက်မယ်... သူ့ကိုယ်ပေါ်မှာ ဓားဒင်္ဂါး ဘယ်လောက်ရှိလဲဆိုတာ ကြည့်လိုက်တာပေါ့… တကယ်လို့ ငါးသောင်း ရှိနေရင် ငါတို့ ယူပြီး ပြန်သွားမယ်.. မရှိဘူးဆိုရင် ငါ တောင်းပန်လိုက်မယ်... ဘယ်လိုလဲ...”
ဒုန်း...
သူမ စကားပြောလိုက်သည်နှင့် ကျန်းရှင်းယွမ်တစ်ယောက် ချက်ချင်း ဒူးထောက်ကျသွားပြီး၊ ဒူးခေါင်းမှ အသံကျယ်ကြီးပင် ထွက်ပေါ်လာချေသည်။ ခြေထောက်များ တုန်ရီနေပြီး ပြန်မထနိုင်တော့ပေ။
သူ ဤမျှ အားနည်းချင်၍ မဟုတ်ပေ။ တိနွီဖုန့်က သူ့ကို ကြည့်ပြီး “မီးရှို့ပစ်လိုက်မယ်” ဟူသော စကားလုံးကို ပေါ့ပေါ့ပါးပါး ပြောလိုက်ချိန်တွင်၊ အခြားသူများ နားထောင်လျှင် ခြိမ်းခြောက်မှုဟု ထင်ကောင်းထင်နိုင်သော်လည်း၊
ထိုအခိုက်အတန့်တွင်... တိနွီဖုန့်သည် လက်တစ်ဖက်မြှောက်လိုက်ရုံဖြင့် သူ့ကို တကယ် သတ်ပစ်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
သူမအတွက်မူ ပုရွက်ဆိတ်တစ်ကောင်ကို ချေမွသကဲ့သို့ လွယ်ကူနေသည်။ ယင်းသည် တာအိုသိရှိခြင်းအဆင့် မဟာဆရာသခင်ကြီးတစ်ပါး၏ အရှိန်အဝါနှင့် ဖိအားပင် ဖြစ်၏။
သွေးပင်လယ်၊ အရိုးတောင်များကြားမှ ဖြတ်သန်းလာခဲ့ရသော သတ်ဖြတ်လိုစိတ်ပင် ဖြစ်သည်။ ပခုံးပေါ်သို့ အနည်းငယ်မျှ ကျရောက်လာလျှင်ပင် သူ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သူ့ကိုယ်သူ သတိမထားမိလိုက်ခင်တွင်ပင် မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး မျက်ရည်များ၊ နှပ်ချေးများ ကျဆင်းနေပြီ ဖြစ်သည်။
ရှန်ရှုးဝမ်က ရှေ့တိုးလိုက်ပြီး ကျန်းရှင်းယွမ်၏ရှေ့တွင် ကာကွယ်လိုက်ကာ တပည့်ကို ကာကွယ်ပေးလိုက်သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်သည် ရှုတောင် တောင်ထွတ်သခင်များအကြားတွင် အလယ်အလတ်အဆင့်သာရှိပြီး၊ ဆဋ္ဌမအဆင့် အထွတ်အထိပ်သည် သိုင်းလောကတွင် ဂိုဏ်းဖွင့်ရန် လုံလောက်သော်လည်း တိနွီဖုန့်ရှေ့တွင်မူ မလုံလောက်သေးပေ။
တိနွီဖုန့်၏ ဖိအား အပြည့်အဝ ထုတ်ဖော်လိုက်သောအခါ သူလည်း ညည်းညူလိုက်ရပြီး မျက်နှာအမူအရာ လေးနက်သွားသည်။ ခဏကြာသောအခါ သူ ပြောလိုက်သည်။
“ငါ အများဆုံး ဓားဒင်္ဂါး ငါးထောင် လျော်ပေးမယ်... ဒီကိစ္စ ဒီမှာတင် ပြီးလိုက်ကြရအောင်… မင်း ဆက်ပြီး တွက်ကပ်နေဦးမယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်၊ အကန့်အသတ်မဲ့နန်းတော်အထိ သွားတိုင်ကြမယ်... ငါ ထပ်ပြီး အလျှော့ပေးတော့မှာမဟုတ်ဘူး...”
ဤကိစ္စတွင် တိမ်တိုက်စက်ဝန်းတောင်ထွတ်က အမှားလုပ်ထားပြီး၊ တစ်ဖက်လူကလည်း ရန်စ၍ မရသောပုဂ္ဂိုလ် ဖြစ်နေသဖြင့်၊ ရှန်ရှုးဝမ်အနေဖြင့် သွေးထွက်သံယို ဖြစ်မည့်အစား ငွေကြေး အမြောက်အမြားပေးပြီး ငြိမ်းချမ်းရေးယူရန်သာ ရွေးချယ်လိုက်ရသည်။
ဓားဒင်္ဂါးငါးသောင်း ဆိုသည်မှာ လုံးဝ အဓိပ္ပာယ်မရှိပေ။ ငါးထောင်ဆိုသည်မှာလည်း နည်းသောပမာဏ မဟုတ်ချေ။
“ငါးထောင်...” တိနွီဖုန့် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အန္တရာယ်ရှိသော အလင်းရောင်များ တောက်ပလာကာ စဉ်းစားနေပုံ ရသည်။
ထို့နောက် ချူလျန်ကို တစ်ချက် ကြည့်လိုက်သည်။ “အဆင်ပြေမလား…”
“ဆရာသခင်က ငွေဓားတောင်ထွတ်ဟာ လူတိုင်းနဲ့ သင့်မြတ်အောင် နေရမယ်လို့ အမြဲ သင်ပေးခဲ့ပါတယ်...” ချူလျန်က ခေါင်းညိတ်လိုက်သည်။
“တောင်ထွတ်သခင်ရှန်က ငြိမ်းချမ်းရေး ယူချင်တယ်ဆိုမှတော့ ကျွန်တော်တို့လည်း ဂိုဏ်းတူတွေကြားထဲက ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေချင်ပါဘူး...”
“ဟုတ်တာပေါ့...” တိနွီဖုန့် ပြုံးလိုက်သည်။
ပတ်ဝန်းကျင်ရှိ ဖိအားများ ချက်ချင်း ပျောက်ကွယ်သွားပြီး မိုးတိမ်များ ကင်းစင်ကာ နေသာသကဲ့သို့ ဖြစ်သွားသည်။ တိမ်တိုက်စက်ဝန်းတောင်ထွတ်ရှိ လူတိုင်း၏ အသက်ရှူလမ်းကြောင်းနှင့် အူလမ်းကြောင်းများ ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ငွေဓားတောင်ထွတ်က လူတိုင်းနဲ့ သင့်မြတ်အောင် အနေတတ်ဆုံးပါပဲ... လိုနေတဲ့ လေးသောင်းခွဲကိုတော့ မိတ်ဆွေဖွဲ့တဲ့လက်ဆောင်အနေနဲ့ပဲ သဘောထားလိုက်ပါ့မယ်...”
“မိတ်ဆွေများရင် လမ်းကြောင်းပိုပွင့်တာပေါ့...” ချူလျန် ခေါင်းညိတ်လိုက်သည်။
တိနွီဖုန့်က ရင်ဘတ်ကို ပုတ်လိုက်သည်။ “နောက်နောင် အားလုံးက ညီအစ်ကိုတွေပဲ”
ဆရာနှင့် တပည့်နှစ်ယောက် စကားပြောလိုက်၊ ရယ်မောလိုက်၊ အပြန်အလှန် မြှောက်ပင့်လိုက်နှင့် အစောပိုင်းက ဖိစီးနေသော လေထုမှာ ချက်ချင်းဆိုသလို သက်ဝင်လှုပ်ရှားလာချေသည်။
ရှန်ရှုးဝမ်မှာမူ မျက်နှာထား တင်းမာနေဆဲဖြစ်ပြီး၊ ခဏတာ တိတ်ဆိတ်နေပြီးနောက် လက်ဝှေ့ယမ်းကာ စိမ်းစိုနေသော ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးလိုက်ရာ တိနွီဖုန့်က ဖမ်းယူလိုက်သည်။
“ဓားဒင်္ဂါးယူပြီး ပြန်ကြတော့... ငါ့ရဲ့ တိမ်တိုက်စက်ဝန်းတောင်ထွတ်က လုပ်စရာလေးတွေကို ရှင်းရဦးမယ်...” ရှန်ရှုးဝမ်က ဒေါသကို ထိန်းချုပ်ထားပြီး တတ်နိုင်သမျှ တည်ငြိမ်စွာဖြင့် ဧည့်သည်များကို နှင်ထုတ်လိုက်သည်။
“ဒါဆို သွားပြီနော်...” တိနွီဖုန့်သည် သေးငယ်သော သိုလှောင်ရေး ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီး ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အတွင်းရှိ ဓားဒင်္ဂါးအရေအတွက် မှန်ကန်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ဆက်လက် ပြဿနာ မရှာတော့ပေ။
ဆရာနှင့် တပည့်နှစ်ယောက်သည် လူယုတ်မာများ အောင်ပွဲခံသည့် မျက်နှာအမူအရာဖြင့် ပျော်ရွှင်စွာ လာရာလမ်းအတိုင်း ပြန်မြန်းသွားကြတော့သည်။
ရှန်ရှုးဝမ် တစ်ယောက်တည်းသာ ငူငူကြီး ကျန်ရစ်ခဲ့သည်။ သူ နောက်လှည့်ကြည့်လိုက်ရာ မြေကြီးပေါ်တွင် ဒူးထောက်လျက် ကြောက်ရွံ့မှု မပျောက်သေးသော တပည့်နှင့်၊ မကြာသေးမီကပင် မိမိ၏အိမ်ဖြစ်ခဲ့သော်လည်း ယခုအခါ မီးလောင်ပြင် ဖြစ်သွားရသော အပျက်အစီးများကို တွေ့လိုက်ရသည်။
“အမှန်အတိုင်းပြော ဘာဖြစ်ခဲ့တာလဲ...” သူ မေးလိုက်သည်။
“အဲဒါ... အဲဒါ ဂျူနီယာညီလေးရှန်ပါ...” ကျန်းရှင်းယွမ်သည် ဤကိစ္စမှာ ကြီးကျယ်သွားပြီဖြစ်သဖြင့် မိမိတစ်ယောက်တည်း တာဝန်မခံနိုင်တော့ကြောင်း သိရှိလိုက်ရပြီး ရှန်ဇီလျန်ကို ပြတ်ပြတ်သားသား ဖော်ကောင်လုပ်လိုက်တော့သည်။
“သူက ကျွန်တော့်ကို ငွေဓားတောင်ထွတ် တပည့်ကို သင်ခန်းစာပေးခိုင်းတာပါ... ကျွန်တော်က... ကျွန်တော်က အဲဒါကြောင့် လုပ်လိုက်မိတာပါ...”
“ရှန်ဇီလျန်...” ရှန်ရှုးဝမ်သည် သူ့သား၏နာမည်ကို ကြားလိုက်ရသောအခါ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ လေထဲတွင် နာမည် ရေးသားလိုက်ရာ လေပွေတစ်ခုက ရှန်ဇီလျန်ကို ဆွဲခေါ်လာခဲ့သည်။
ရှန်ဇီလျန်သည် တိမ်တိုက်စက်ဝန်းတောင်ထွတ်တွင် ရှိနေသဖြင့် အစောပိုင်းက မြင်ကွင်းကို သိရှိထားပြီး ရင်တထိတ်ထိတ် ဖြစ်နေစဉ်၊ ရုတ်တရက် မျက်စိတစ်မှိတ်အတွင်း အဖေဖြစ်သူက ဆင့်ခေါ်လိုက်သည်ကို တွေ့ရှိလိုက်ရသည်။
ရှန်ရှုးဝမ်၏ အေးစက်သော မျက်နှာကို ရင်ဆိုင်လိုက်ရသောအခါ ရှန်ဇီလျန်၏ခေါင်းပေါ်မှ ချွေးအေးများ ရေတံခွန်ကဲ့သို့ စီးကျလာသည်။
“ဘာဖြစ်ခဲ့တာလဲ...” ရှန်ရှုးဝမ်၏ လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း၊ ရှန်ဇီလျန် သိထားသည်မှာ ဖခင်ဖြစ်သူ၏ အဒေါသထွက်ဆုံး အခြေအနေသည် ဤပုံစံမျိုး ဖြစ်ကြောင်းပင် ဖြစ်၏။
“အဖေ...” သူ သွားချင်းရိုက်ကာ စကားပင် မပြောနိုင်တော့ပေ။
“အဲဒါ... ကျွန်တော် ဝန်ခံပါမယ်... အကုန် ဝန်ခံပါမယ်… ဒါပေမဲ့ အဲဒီမတိုင်ခင် ကျွန်တော် ကိစ္စတစ်ခုလောက် အတည်ပြုချင်လို့ပါ… ဟို… ဟိုဟာ... ကျွန်တော်က အဖေရဲ့ သားအရင်းပါနော်…”
….
“ဒီနေ့ လုပ်တာ အရမ်း ကောင်းတယ်...”
ငွေဓားတောင်ထွတ်၏ ကွန်းခိုရာနန်းဆောင်အတွင်းတွင် တိနွီဖုန့်သည် ချူလျန်ကို အဓိကထား ချီးကျူးလိုက်သည်။
“မင်း နည်းနည်းပဲ ပြောမလားလို့ ငါ စိုးရိမ်နေခဲ့တာ... မင်း ငါထင်တာထက် ပိုတောင်းရဲလိမ့်မယ်လို့ မထင်ထားဘူး... ကောင်လေး တော်တော် သတ္တိရှိတာပဲ…”
“အားလုံးက ဆရာသခင်ရဲ့ သွန်သင်ဆုံးမမှု ကောင်းလို့ပါ...” ချူလျန်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“ဆက်ကြိုးစား...” တိနွီဖုန့် ခေါင်းညိတ်လိုက်သည်။
ချူလျန်က ဘာမှပြန်မပြောဘဲ မျက်လွှာချကာ တိနွီဖုန့်ကို ခိုးကြည့်ပြီး အသံတိတ် နေလိုက်သည်။
“ဘာဖြစ်လို့လဲ...” တိနွီဖုန့် နားမလည်နိုင်စွာ မေးလိုက်သည်။
“ဆရာသခင်... ဒီနေ့ အကျိုးအမြတ်က မဆိုးဘူးနော်...” ချူလျန်က ပြုံးလိုက်သည်။
“ဟီးဟီး... မင်းကွာ တကယ်ပဲ...” တိနွီဖုန့်လည်း ပြန်ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့... မင်းအတွက် ဝေစု မကျန်စေရပါဘူး... ငါတို့ ၇၊ ၃ ခွဲကြမယ်...”
ပြောရင်းဆိုရင်း တိနွီဖုန့် လက်ဝှေ့ယမ်းလိုက်ပြီး ဓားဒင်္ဂါးအိတ် တစ်အိတ်ကို ပစ်ပေးလိုက်သည်။
ချူလျန် ဖမ်းယူလိုက်ပြီး လက်ဖြင့် ချိန်ဆကြည့်လိုက်ရာ (၁၀၀) ဝန်းကျင်လောက်သာရှိသည်ကို တွေ့လိုက်ရသည်။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် အရေအတွက်ကို သိလိုက်ရသည်။
(၁၅၀) တိတိပင်…။
“ဆရာသခင်...” သူ မျက်တောင်ခတ်လိုက်သည်။
“အိုး… ၇၊ ၃ ခွဲတာလေ... မင်းက (၃)ရာခိုင်နှုန်း... ငါက (၉၇) ရာခိုင်နှုန်း... ဘာမှားလို့လဲ…” တိနွီဖုန့်က ယုတ္တိရှိစွာ ပြောလိုက်လေသည်။
“…” ချူလျန် စကားမပြောနိုင် ဖြစ်သွားရသည်။
သို့သော် ယနေ့ကိစ္စသည် တိနွီဖုန့်၏ ဦးဆောင်မှုကြောင့်သာဖြစ်ပြီး၊ ကိုယ်တိုင်လည်း အနည်းငယ်အမြတ်ထွက်လိုက်ရသည်မှာ မဆိုးလှပေ။
ထို့အပြင် ယခင်ကတည်းက ဤဆရာသခင်ကောင်း၏ အကျင့်စရိုက်ကို ရင်းနှီးပြီးသားဖြစ်သဖြင့်၊ သူမ လက်ထဲ ရောက်သွားသော ငွေဆိုလျှင် ခွေးဗိုက်ထဲ ရောက်သွားသည်နှင့် အတူတူပင် ဖြစ်ကြောင်း သိထားလေသည်။
ယခုအခါ သွားကြားထဲမှ မိမိအတွက် အနည်းငယ် စွန့်ကြဲပေးခြင်းကပင် အတော်လေး ရက်ရောနေပြီ ဖြစ်ပေသည်။
ထို့ကြောင့် သူ ဆက်ပြီး အငြင်းအခုံ မလုပ်တော့ပေ။
မိမိဘာသာ သစ်သီးလက်ဖက်ရည် အေးအေးဆေးဆေး ရောင်းနေလျှင်လည်း လှပသောဘဝတစ်ခု တည်ဆောက်နိုင်ပေသည်။
ထိုသို့ ပြောနေခိုက်တွင် ရင်ဘတ်ထဲမှ ရုတ်တရက် တုန်ခါမှုကို ခံစားလိုက်ရသည်။
‘ဝိညာဉ်ချုပ်သူ တံဆိပ်ပြားလား….’