ကိုယ်စီကိုယ်စီ အကြံအစည်များ
Vol. 7 Ch. 66
[ မိစ္ဆာ ] : "၅၈... ခေါင်စန်းမြို့က ကိစ္စတွေ ပြီးသွားပြီလား... မင်း အဆင်ပြေရဲ့လား..."
သစ်သားအိမ်လေးထဲသို့ ပြန်ရောက်သည်နှင့် ချူလျန်သည် ဝိညာဉ်ချုပ်သူ တံဆိပ်ပြားထဲသို့ ဝိညာဉ်အာရုံ စေလွှတ်လိုက်ရာ ထိုသတင်းစကားကို တွေ့လိုက်ရလေသည်။
'ဟမ့်...'
'ထုတ်မပြောချင်လို့သာ... မင်းက ငါ့ရဲ့ လုံခြုံရေးကို စိတ်ပူနေတာမှ မဟုတ်တာ... နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို လိုချင်နေတာဆိုတာ သိသာလွန်းနေတယ်...'
ချူလျန်သည် 'မိစ္ဆာ' ၏ စိတ်ကူးကို တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်လိုက်သည်။
ခေါင်စန်းမြို့ကိစ္စ ပြီးဆုံးသွားသည်မှာ ရက်အနည်းငယ် ရှိနေပြီ ဖြစ်သော်လည်း၊ ချူလျန်သည် ရှုထောင့်ကြား ဝိညာဉ်ဘုံရှိ အမှောင်ဘုရင်ဂိုဏ်းသားများနှင့် အဆက်အသွယ် မလုပ်ခဲ့ပေ။ ယခုအခါ ဤ 'မိစ္ဆာ' သည် ကြယ်ခုနစ်စင်းသတင်းစာမှတဆင့် ခေါင်စန်းမြို့ရှိ မိစ္ဆာမျိုးနွယ် စေတမန် အသတ်ခံလိုက်ရကြောင်း သိရှိသွားပုံရသည်။
ထို့ကြောင့် '၅၈' ပြောခဲ့ဖူးသော နက်ရှိုင်းပင်လယ် ရွှေကြာပန်းမှာ ပိုင်ရှင်မဲ့ ဖြစ်သွားပြီဟု ယူဆကာ စိတ်လောနေခြင်း ဖြစ်ပေလိမ့်မည်။
[ ၅၉ ] : "ငါလည်း ကြယ်ခုနစ်စင်းသတင်းစာထဲမှာ တွေ့လိုက်တယ်... အဲဒီ မိစ္ဆာနတ်ဘုရားစေတမန်ကို လမ်းမှန်ဂိုဏ်းက တပည့်နှစ်ယောက် သတ်သွားတာတဲ့... စီနီယာ ၅၈ က ဒီရက်ပိုင်း အသံတိတ်နေတာဆိုတော့... တစ်ခုခုများ ဖြစ်သွားပြီလား..."
'၅၉' ဆိုသော လမ်းသရဲကောင်သည် နောက်ကျမှ ရောက်လာတတ်သော်လည်း ဘယ်တော့မှ မပျက်ကွက်ပေ။
ချူလျန်အနေဖြင့် သူတို့နှင့် ချက်ချင်း အဆက်အသွယ် မလုပ်ခဲ့ခြင်းမှာ အကြောင်းအရင်း ရှိလေသည်။
ပထမဦးစွာ သူသည် လမ်းမှန်ဂိုဏ်းဖြစ်သော ရှုတောင်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်သည်။ နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို သူ ရရှိခဲ့သည်မှာ မှန်သော်လည်း ဤကဲ့သို့သော အဖိုးတန်ရတနာကို 'မိစ္ဆာ' ထံ ပေးအပ်လိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
သူသည် ဤရှုထောင့်ကြား ဝိညာဉ်ဘုံထဲတွင် ခရမ်းရွှေမြို့စား၏ သတင်းအစအနကို စုံစမ်းရန် ပုန်းအောင်းနေခြင်း ဖြစ်ပြီး၊ ယခုထိ မည်သည့်သတင်းမျှ မရသေးခင် ရန်သူကို အားဖြည့်ပေးမည့် အလုပ်မျိုး လုပ်လိမ့်မည် မဟုတ်ချေ။
နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို ငါးစာအဖြစ်သုံးပြီး 'မိစ္ဆာ' ကို မျှားခေါ်ကာ သတ်ဖြတ်ရန် စဉ်းစားခဲ့ဖူးသော်လည်း၊ ထိုသို့လုပ်ပါက မိမိ၏ အထောက်အထား ပေါ်သွားနိုင်သည်။
အမှောင်ဘုရင်ဂိုဏ်း၏ (၂၄)ပါးသော မိစ္ဆာများထဲမှ တစ်ပါးဖြစ်သည့်အတွက် သူ့အမြင်တွင် ပဉ္စမအဆင့်ရှိသော စွမ်းအားရှင်တစ်ဦး ဖြစ်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော် ဆရာသခင် တိနွီဖုန့်၏ မျက်လုံးထဲတွင်မူ ငါးသေးငါးဖွဲလေး တစ်ကောင်သာ ဖြစ်ပေလိမ့်မည်။ ထိုသို့သော အကောင်အတွက်နှင့် သူကဲ့သို့သော တန်ဖိုးရှိသည့် သူလျှိုတစ်ယောက်အား အနစ်နာခံလိုက်ရခြင်းက မတန်ပေ။
ထို့ကြောင့် နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို လုံးဝ ပေး၍မဖြစ်ပေ။ အနည်းဆုံးတော့ လောလောဆယ် လက်ထဲတွင်သာ ထားရှိပြီး နောင်တွင် အသုံးဝင်မည့်နေရာ ရှိလာမှသာ ထုတ်သုံးရပေမည်။
ဤသည်မှာ ချူလျန် ပထမဆုံး တွေးမိသည့် အချက်ဖြစ်သည်။
ထို့နောက် '၅၈'၏ နေရာမှ၊ အမှောင်ဘုရင်ဂိုဏ်း ဝိညာဉ်ချုပ်သူတစ်ယောက်၏ ယုတ္တိဗေဒနှင့် စဉ်းစားကြည့်ရပေမည်။
မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပင်ပန်းကြီးစွာ တိုက်ခိုက်ပြီး ရယူထားသော ရတနာကို အထက်လူကြီးထံ လွယ်လွယ်ကူကူ ပေးအပ်ပါမည်လော။
မသေချာပေ…။
ထို့ကြောင့် လူဆိုးအနေဖြင့် ဖြစ်စေ၊ လူကောင်းအနေဖြင့် ဖြစ်စေ၊ ချူလျန်သည် နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို ထုတ်ပေးမည် မဟုတ်ပေ။
နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို ထုတ်မပေးဘူးဆိုလျှင် ခိုင်လုံသော အကြောင်းပြချက် တစ်ခု ရှိရပေမည်။ ထိုအကြောင်းပြချက်မှာ 'မိစ္ဆာ' ယုံကြည်လောက်သည့် အကြောင်းပြချက်မျိုးလည်း ဖြစ်ရပေမည်။ အနည်းဆုံးတော့ ယုံကြည်မှု လျော့ကျသွားစေမည့် အရာမျိုး မဖြစ်စေရချေ။
လုယူရာတွင် ကျရှုံးသွားသည်ဟု ပြောလျှင် ပြဿနာ မရှိသော်လည်း၊ 'မိစ္ဆာ' က သူ့အပေါ် ယုံကြည်မှု လျော့နည်းသွားနိုင်ပြီး နောင်တွင် သတင်းရယူရန် ခက်ခဲသွားနိုင်သည်။
ထို့ကြောင့် ချူလျန် ဖန်တီးလိုက်သော ဇာတ်လမ်းမှာ ကျရှုံးသွားရုံသာမက ဒဏ်ရာအပြင်းအထန် ရရှိပြီး ပုန်းအောင်းနေရသည် ဟူ၍ပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူ့ကို သစ္စာရှိသည်ဟု မထင်လျှင်တောင်မှ အမြင်ကြည်လင်စေမည် ဖြစ်၏။
ထို့အပြင် ဒဏ်ရာရနေသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ယောက်သည် ဂိုဏ်းတူများကို အကူအညီတောင်းရန် ဆက်သွယ်ပါမည်လော…။
မဖြစ်နိုင်ဟု ချူလျန် ထင်သည်။
ခရမ်းရွှေမြို့စားတောင်မှ ဒဏ်ရာရနေချိန်တွင် ဂိုဏ်းတူများက အခွင့်ကောင်းယူပြီး လုပ်ကြံမည်ကိုစိုး၍ ဂိုဏ်းသို့ မပြန်ရဲပေ။ သူကဲ့သို့သော ပုစွန်ဆိတ်လေးက ပို၍ပင် ပြန်ရဲမည် မဟုတ်ချေ။
ထို့ကြောင့် နှုတ်ဆိတ်နေခြင်းက အသင့်တော်ဆုံးပင် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကြယ်ခုနစ်စင်းသတင်းစာ ထွက်လာပြီးနောက် 'မိစ္ဆာ' က မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ချူလျန် ပြန်ဖြေလိုက်သည်။
[ ၅၈ ] : "တောင်းပန်ပါတယ် အရှင်မိစ္ဆာ... လက်အောက်ငယ်သား အသုံးမကျလို့ပါ... ခေါင်စန်းမြို့မှာ နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို လုယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး... ဒဏ်ရာအပြင်းအထန်ရခဲ့လို့ အခု ပုန်းအောင်းပြီး ကုသနေရပါတယ်..."
[ မိစ္ဆာ ] : "ဒဏ်ရာရတယ် ဟုတ်လား... ဘယ်သူ့လက်ချက်လဲ... ဒဏ်ရာက ပြင်းလား..."
သူ ထိုသို့မေးလာမည်ကို ချူလျန် ကြိုတင် တွက်ဆထားပြီးဖြစ်၍ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
[ ၅၈ ] : "မဟာကြယ်တာရာဂိုဏ်းက တပည့်ရဲ့ လက်စွမ်းက တကယ်ပဲ ကြောက်စရာ ကောင်းပါတယ်... လက်အောက်ငယ်သား အတွင်းဒဏ်ရာ အကြီးအကျယ် ရခဲ့ပါတယ်... ဒီရက်ပိုင်း ကုသလိုက်မှပဲ ပြန်သက်သာလာတာပါ..."
ကြယ်ခုနစ်စင်းသတင်းစာထဲတွင် မိစ္ဆာနတ်ဘုရားစေတမန်ကို သတ်ဖြတ်ခဲ့သူများမှာ မဟာကြယ်တာရာဂိုဏ်းမှ ယွမ်ချောင်ရှန်းနှင့် ရှုတောင်ဂိုဏ်းမှ ချူလျန်တို့ ဖြစ်ကြောင်း ရေးသားထားပြီး ဖြစ်သည်။
ချူလျန်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ပြဿနာရှာမည့်အလုပ်မျိုး လုပ်မည် မဟုတ်ပေ။
ထို့ကြောင့် ယွမ်ချောင်ရှန်း လက်ချက်ဟုသာ လွှဲချလိုက်တော့သည်။
[ မိစ္ဆာ ] : "ဟူး... မင်းကို အပြစ်တင်လို့ မရပါဘူးလေ..."
'၅၈' ၏ ကျရှုံးမှုအတွက် သူလည်း စိတ်ထဲတွင် ပြင်ဆင်ထားပြီးပုံ ရသည်။
'မိစ္ဆာ' ၏ တည်ငြိမ်သော လေသံကို ကြည့်ပြီး ဤကိစ္စကို ကျော်ဖြတ်နိုင်ပြီဟု ချူလျန် ထင်လိုက်သည်။
လက်ရှိအခြေအနေကို ထိန်းသိမ်းထားခြင်းက အကောင်းဆုံးပင်။
နောင်တွင် ဤနေရာမှ သတင်းအချက်အလက်များ ဆက်လက် ရယူနိုင်မည်ဖြစ်ပြီး ဘာမှ ပေးဆပ်စရာ မလိုပေ။
သို့သော် မမျှော်လင့်ဘဲ နောက်ထပ် စာတစ်စောင်က ရုတ်တရက် ပေါ်လာလေသည်။
[ ၆၀ ] : "ငါ အခု ခေါင်စန်းမြို့နားမှာ ရောက်နေတယ်... ငါ့လက်ထဲမှာ အတွင်းဒဏ်ရာ ကုသတဲ့ ဆေးကောင်းတစ်လက် ရှိတယ်... မင်းဆီ လာပို့ပေးမယ်လေ..."
'ဟမ်...'
ထိုစာကို မြင်လိုက်ရသောအခါ ချူလျန် မျက်မှောင်ကြုတ်လိုက်မိသည်။
'ဘာလို့ ရုတ်တရက်ကြီး ဒီစကားကို ပြောလာရတာလဲ...'
မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် အချင်းချင်း သတိထားလေ့ ရှိကြသည်။ '၅၉' နှင့် '၆၀' တို့ အရောင်းအဝယ် လုပ်ကြစဉ်က လူချင်းမတွေ့ဘဲ ကြားခံအဖွဲ့အစည်းမှတဆင့်သာ လုပ်ဆောင်ခဲ့ကြသည်ကို ကြည့်လျှင် သိသာလှသည်။ ထိုလူနှစ်ယောက်သည် ဝန်ဆောင်ခအများအပြား ပေးရလျှင်တောင်မှ လူချင်းမတွေ့လိုကြပေ။
'ဒါဆိုရင် ၆၀ က ဘာလို့ ငါ့ကို သံသယမဝင်ဘဲ ယုံကြည်နေရတာလဲ...'
'ငါက ဒဏ်ရာရနေတယ်လို့ ပြောလိုက်တာနဲ့ သူက ဆေးလာပို့မယ်လို့ ပြောလာတယ်... ဘယ်သူက ယုံမှာလဲ... ဆေးလာပို့တယ်ဆိုပြီး အခွင့်ကောင်းယူ သတ်ဖြတ်လိုက်ရင်လည်း အမှောင်ဘုရင်ဂိုဏ်းမှာ အထူးအဆန်းမဟုတ်ဘူး...'
'မင်းက တော်တော် ရိုင်းတာပဲ...'
သို့သော် ချူလျန် ချက်ချင်း မငြင်းပယ်ရဲပေ။
အဘယ်ကြောင့်ဆိုသော် '၆၀' က ထိုကဲ့သို့ ပြောရဲသည်ဆိုလျှင်...
သူနှင့် '၅၈' ကြားတွင် မိမိမသိသော နက်ရှိုင်းသည့် ဆက်ဆံရေးမျိုး တစ်စုံတစ်ရာ ရှိနေနိုင်သည် မဟုတ်ပါလော။
ဒဏ်ရာရနေချိန်တွင်ပင် တစ်ယောက်ကိုတစ်ယောက် ယုံကြည်နိုင်လောက်သည့် ဆက်ဆံရေးမျိုး ဖြစ်နေနိုင်သည်။
အကယ်၍ မိမိက မဆင်မခြင် ငြင်းပယ်လိုက်ပါက သံသယဝင်သွားပြီး အထောက်အထား ပေါ်သွားနိုင်သည်။
'ဘယ်လိုငြင်းရပါ့...'
'တကယ်ကို... ဂိုဏ်းတူတွေရဲ့ ရုတ်တရက်ကြီး ဂရုစိုက်တာကို အကြောက်ဆုံးပဲ...'
သူ စဉ်းစားနေစဉ်မှာပင် နောက်ထပ် စာတစ်စောင် ဝင်လာပြန်သည်။
[ မိစ္ဆာ ] : "အဲဒါ ကောင်းသားပဲ... ၆၀... မင်း သူ့ဆီ ဆေးသွားပို့လိုက်... ပြီးတော့ သူ့ကို စောင့်ရှောက်ပေးလိုက်ပါ... ၅၈က ငါ့အတွက် နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို လုယူရင်း ဒဏ်ရာရခဲ့တာ... တစ်ခုခု ထပ်ဖြစ်သွားမှာကို ငါ စိတ်မချဘူး..."
'ရှီး...'
'မိစ္ဆာ' ၏ စာကို ကြည့်ရင်း ချူလျန်၏ မျက်နှာအမူအရာ တင်းမာသွားသည်။
ကြည့်ရသည်မှာ စေတနာစကားကဲ့သို့ ဖြစ်သော်လည်း အမှန်တကယ်တွင် မကောင်းသော ရည်ရွယ်ချက်များ ပါဝင်နေသည်။ သူသည်လည်း မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ ဖြစ်သည့်အတွက် လက်ရှိအခြေအနေမျိုးတွင် တစ်ယောက်တည်း နေခြင်းကသာ အလုံခြုံဆုံးဖြစ်သည်ကို မသိဘဲ မနေနိုင်ပေ။
'ဒါပေမဲ့ သူက ၆၀ ကို လာကြည့်ခိုင်းနေတယ်... ဘာကြောင့်လဲ...'
ဖြစ်နိုင်ခြေ နှစ်ခု ရှိ၏။
ပထမ တစ်ချက်မှာ 'မိစ္ဆာ' က သူ့ကို မယုံကြည်ခြင်း ဖြစ်သည်။
သူသည် မိမိမှာ နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို ရရှိထားပြီး ထုတ်မပေးဘဲ ဝှက်ထားသည်ဟု သံသယဝင်နေခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် '၆၀' နှင့် တွေ့ဆုံစေရန် ကြိုးစားနေခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် '၆၀' က မိမိ ဒဏ်ရာရနေချိန်တွင် လုပ်ကြံလိုက်ပါက...
'၆၀' က '၅၈' ကို သတ်လိုက်သည်ဖြစ်စေ၊ '၅၈' က '၆၀' ကို ပြန်သတ်လိုက်သည်ဖြစ်စေ….။
သူသည် ခေါင်းဆောင်အနေဖြင့် ကျန်ရစ်သူကို ဂိုဏ်းစည်းကမ်းအရ ရှင်းလင်းပစ်ရန် အကြောင်းပြချက် ခိုင်လုံသွားမည် ဖြစ်သည်။ ထိုအခါ ရှိနေနိုင်မည့် နက်ရှိုင်းပင်လယ် ရွှေကြာပန်းက သူ့လက်ထဲသို့ သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။
လက်အောက်ငယ်သား နှစ်ယောက် သေဆုံးသွားရုံဖြင့် သူ့ကို အဆင့်တက်စေနိုင်မည့် နက်ရှိုင်းပင်လယ် ရွှေကြာပန်းကို ရရှိနိုင်မည်ဆိုလျှင် 'မိစ္ဆာ' အနေဖြင့် မျက်တောင်ပင် ခတ်မည်မဟုတ်ပေ။
ချူလျန် သေချာပေါက် မပြောနိုင်သော်လည်း 'မိစ္ဆာ' ၏ ရှုထောင့်မှ ကြည့်လျှင် ထိုအကြံအစည်မျိုး ဖြစ်နိုင်ခြေမှာ (၈၀)ရာခိုင်နှုန်းလောက် ရှိသည်။
ဒုတိယ တစ်ချက်မှာမူ '၆၀' နှင့် '၅၈' ကြားတွင် အမှန်တကယ် ရင်းနှီးသော ဆက်ဆံရေး ရှိနေခြင်း ဖြစ်သည်။
'မိစ္ဆာ' က '၅၈' ကို သူကာကွယ်ပေးလျှင် အမှန်တကယ် စိတ်ချရမည်ဟု တွေးထင်နေခြင်း ဖြစ်နိုင်သည်။
သို့သော် ထိုသို့ဆိုလျှင် ဤရှုထောင့်ကြား ဝိညာဉ်ဘုံထဲမှ လူများသည် အထက်မှ အောက်အထိ သံယောဇဉ်ကြီးမားသော မိတ်ဆွေကောင်းများ ဖြစ်နေကြသည်ဟု ဆိုလိုရာ ရောက်နေချေသည်။
ဖြစ်နိုင်ခြေမရှိဟု ချူလျန် ထင်သည်။
အမှောင်ဘုရင်ဂိုဏ်းက လူတွေမှာ စိတ်ထားကောင်း ရှိနေဖို့ဆိုတာ ဘယ်လိုသွား ဖြစ်နိုင်မှာလဲ…။
သူက ပထမအချက်ဖြစ်သည့် ယုတ်မာသော သံသယစိတ် ရှိနေသည်ဟုသာ ပို၍ ယုံကြည်သည်။
မည်သို့ပင်ဖြစ်စေ တိုက်ရိုက် ငြင်းပယ်ခြင်းကသာ အလုံခြုံဆုံး ဖြစ်သည်။
တွေ့ဆုံလိုက်သည်နှင့် အသတ်ခံရနိုင်ခြေ ရှိသည်။
မှန်ပေသည်၊ ရေးထားသည့်အတိုင်း အသတ်ခံရနိုင်ခြင်း ဖြစ်သည်။ မိမိဘက်တွင် အားကိုးစရာနောက်ခံရှိပြီး လုံခြုံရေးအာမခံချက် ရှိသော်လည်း အထောက်အထား ပေါ်သွားခြင်းက မတန်ပေ။
သံသယ မဖြစ်စေဘဲ မည်သို့ ငြင်းပယ်ရမည်ကို စဉ်းစားနေစဉ်မှာပင် ဝိညာဉ်ဘုံထဲတွင် စာတစ်စောင် ထပ်ပေါ်လာပြန်သည်။
[ ၅၉ ] : "ဟေ... မင်းတို့ တွေ့ကြမလို့လား... ငါရော လိုက်ခဲ့လို့ ရမလား... အားလုံး စုံစုံလင်လင်ပေါ့..."
'ချီးတဲ့မှ… ဒီကောင်ကလည်း လာရှုပ်ပြန်ပြီလား...'
'ဒါ ဘာလုပ်တာလဲ...'
'ငါတို့ အဖွဲ့လေးထဲမှာ မင်းကို အဖက်မလုပ်မှာ အဲ့လောက်တောင် ကြောက်နေတာလားကွာ...'
သို့သော် သူ၏ အဓိပ္ပာယ်မရှိသော ဝင်ရောက်စွက်ဖက်မှုကြောင့် ချူလျန် သက်ပြင်းချလိုက်နိုင်ခဲ့သည်။ ဤသို့ ဝင်ပြောလိုက်ခြင်းကြောင့် တိုက်ရိုက်ငြင်းပယ်ရန် အကြောင်းပြချက်ကောင်းကောင်း ရသွားခဲ့သည်။
[ ၅၈ ] : "မလိုတော့ပါဘူး..."
[ ၅၈ ] : "ငါ အခု တော်တော်လေး ဘေးကင်းနေပါပြီ... ဒဏ်ရာကလည်း ပျောက်ကင်းလုနီးပါး ဖြစ်နေပြီမို့... ဒီလောက်ကြီး အရေးတယူ ဖြစ်နေစရာ မလိုတော့ပါဘူး..."
...
'ဒီလူစုက တစ်ယောက်တစ်မျိုးစီ ကိုယ်ကျိုးရှာနေကြတာပဲ... ‘
မိစ္ဆာ၏အတွေးကို ချူလျန် အကြမ်းဖျင်း ခန့်မှန်းလို့ ရသည်။ သို့သော် ၆၀ ၏ အတွေးကိုမူ တစ်ဝက်လောက်သာ ခန့်မှန်းလို့ရပြီး ကျန်တစ်ဝက်ကိုမူ မသေချာလှပေ။ ၅၉ ၏ အတွေးကိုမူ ချူလျန်တစ်ယောက် လုံးဝ နားမလည်နိုင်ပေ။ ဘယ်ကစပြီး တွေးရမှန်းပင် မသိချေ။
အမှန်တကယ်ကို ခေါင်းစားစရာပင်…။
ဝိညာဉ်ချုပ်သူ တံဆိပ်ပြားကို ချထားလိုက်ပြီး စောစောက သူပြန်ပြောလိုက်သည့် စကားများတွင် ဟာကွက်ရှိမရှိ ပြန်လည်စဉ်းစားနေစဉ်တွင် အပြင်ဘက်မှ ခေါ်သံတစ်ခု ကြားလိုက်ရသည်။
"စီနီယာအစ်ကိုချူ..."
"ဟမ်..."
မိုးချုပ်နေပြီလေ… ဘယ်သူက ဒီအချိန်ကြီး လာရှာတာတုန်း….။
ချူလျန် တံခါးဖွင့်ပြီး ထွက်ကြည့်လိုက်သည်။
အပြင်ဘက်တွင် ရှက်ရွံ့နေပုံရသော အမျိုးသားတပည့်တစ်ဦးကို တွေ့လိုက်ရသည်။ ဖြူစင်သန့်ရှင်းပြီး စာပေသမားပုံစံပေါက်နေသည်။
'ဝမ်ယွဲ့လုံလား...'
ချူလျန် သူ့နာမည်ကို မှတ်မိသွားပြီး မျက်လုံးများ အရောင်တောက်လာသည်။ ဤလက်နက်ခန်းမဆောင်မှတပည့် ရောက်လာသည် ဆိုခြင်းမှာ ကိစ္စတစ်ခုတည်းသာ ရှိနိုင်ပေသည်။
'ပစ္စည်းရပြီလား...'