လက်နက်သန့်စင်ခြင်း အောင်မြင်သည်လော
Vol. 7 Ch. 67
"ပြီးခဲ့တဲ့ရက် စီနီယာအစ်ကိုချူဆီက အလုပ်လက်ခံပြီးကတည်းက ကျုပ် လုံးဝ အချိန်မဆွဲရဲပါဘူး... ဒီရက်ပိုင်းတွေမှာ နေ့မအိပ် ညမအိပ် ကြိုးစားလုပ်ဆောင်ခဲ့လို့ နောက်ဆုံးတော့ မှော်ဝင်ကိရိယာ သန့်စင်ခြင်းက ပြီးဆုံးသွားပါပြီ..."
ဝမ်ယွဲ့လုံ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသော်လည်း သိသာထင်ရှားသော ပင်ပန်းနွမ်းနယ်မှုများလည်း ရှိနေသည်။
ဝိညာဉ်အသိအမြင်အဆင့်သို့ ရောက်ရှိထားသော ကျင့်ကြံသူများသည် ရက်အနည်းငယ် မအိပ်ဘဲနေလျှင်ပင် အနည်းငယ် မသက်မသာဖြစ်ရုံသာ ရှိသည်။ အိပ်လည်းမအိပ်၊ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး အလုပ်လုပ်မှသာ ဤကဲ့သို့ ပင်ပန်းနွမ်းနယ်နိုင်ပေသည်။
သူ ဒီရက်ပိုင်း လုံးဝမအိပ်ခဲ့ဟု ချူလျန် သံသယဝင်မိသည်။
'ဒီကောင်လေးက အလုပ်ရူးပဲ...'
သူက ပြုံးပြီး ပြောလိုက်သည်။ "ဂျူနီယာညီလေးဝမ် တကယ်ကို ပင်ပန်းသွားရပြီ... မင်းပုံစံကြည့်ရတာ အောင်မြင်သွားပုံပဲ..."
"ဟုတ်တယ်..." ဝမ်ယွဲ့လုံ ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။
ထို့နောက် သူသည် လက်ဖဝါးအရွယ်အစားရှိသော အစိမ်းရောင် သစ်ရွက်တစ်ရွက်ကို မြှောက်ပြလိုက်သည်။ "ဒါက ကျုပ် ပထမဆုံးအကြိမ် အောင်မြင်အောင် သန့်စင်နိုင်ခဲ့တဲ့ မှော်ဝင်ကိရိယာပဲ..."
ချူလျန် လှမ်းယူလိုက်ပြီး သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သည်။
ဤ 'အသက်ရင်းမြစ် မူလသစ်ရွက်စိမ်း' သည် မူလကတည်းက အနည်းငယ် ထူထဲလေးလံသော်လည်း ယခု သန့်စင်ပြီးနောက်တွင် ယခင်ကထက် ပိုမို ထူထဲလာသည်ကို တွေ့ရသည်။
သစ်ရွက်ပေါ်ရှိ အကြောများသည် လုံးဝ ပြောင်းလဲသွားပြီး သေချာကြည့်လျှင် ရှုပ်ထွေးသော အစီအရင်သင်္ကေတများ ဖြစ်နေသည်ကို တွေ့ရသည်။
ဤအစီအရင်များ၏ ဖွဲ့စည်းပုံသည် သာမန် အဆောင်သင်္ကေတများထက် ပိုမို နက်နဲခက်ခဲပြီး ရေးထွင်းထားမှုမှာ အဆပေါင်းရာချီ ပိုမို၍ သိမ်မွေ့သည်။ ဤရက်ပိုင်းအတွင်း အဆောင်ပညာရပ်ကို လေ့လာနေသော ချူလျန်အဖို့ မြင်လိုက်ရသည်နှင့် လေးစားအားကျစိတ်များ ဖြစ်ပေါ်လာရသည်။
"စီနီယာအစ်ကိုချူ စမ်းကြည့်လို့ ရပါတယ်..." ဝမ်ယွဲ့လုံက ပြောလိုက်သည်။
"ကောင်းပြီ..." ချူလျန် ခေါင်းညိတ်လိုက်သည်။
သူသည် ချီစွမ်းအင်ကို သစ်ရွက်စိမ်းထဲသို့ ဖြည်းညင်းစွာ ထည့်သွင်းလိုက်ပြီး ဝိညာဉ်အာရုံဖြင့် အတွင်းရှိ အစီအရင်များကို ခံစားလိုက်ကာ အားစိုက်ပြီး အသက်သွင်းလိုက်သည်။
ဝှစ်...
သစ်ရွက်စိမ်းသည် ရုတ်တရက် လေထဲသို့ မြင့်တက်သွားပြီး ပြန့်ကားသွားကာ တစ်ကျန်းခန့် ရှည်လျားသော သစ်ရွက်ကြီးတစ်ရွက်အဖြစ် ပြောင်းလဲသွားသည်။ ကော်ဇောပျံတစ်ချပ်နှင့် ပို၍ တူနေချေသည်။
ဤသည်မှာ ၎င်းအပေါ်တွင် ရေးထွင်းထားသော ပထမဆုံး အစီအရင်ဖြစ်သည့် ပျံသန်းခြင်းပင် ဖြစ်သည်။
ချူလျန် ခုန်တက်လိုက်ပြီး သစ်ရွက်စိမ်းပေါ်တွင် နင်းလိုက်ရာ ကြွေပြားပေါ်တွင် နင်းလိုက်ရသကဲ့သို့ မာကျောသော အထိအတွေ့ကို ခံစားလိုက်ရသည်။
များစွာ သက်တောင့်သက်သာ မရှိလှပေ။
ပုံမှန်အားဖြင့် အဆင့်တူ ကျင့်ကြံသူများ အသုံးပြုသော ပျံသန်းရေး မှော်ဝင်ကိရိယာများသည် လေဟုန်စီးခြင်းနှင့် ဓားပျံစီးနင်းခြင်းအကြား အမြန်နှုန်းကွာခြားချက် ရှိတတ်ကြသည်။ သို့သော် ဓားပျံစီးနင်းခြင်းထက် အနည်းငယ် နှေးကွေးသော်လည်း သက်တောင့်သက်သာရှိခြင်းက အားသာချက် ဖြစ်၏။
အထူးသဖြင့် ခရီးဝေးသွားလာရာတွင် ပျံသန်းရေး မှော်ဝင်ကိရိယာတစ်ခုရှိခြင်းက ခရီးလမ်းကို ပိုမို သက်တောင့်သက်သာ ဖြစ်စေနိုင်သည်။
ဆိုဖာကဲ့သို့ နူးညံ့အိစက်သော ခံစားမှုမျိုး ရရှိမည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း ဝမ်ယွဲ့လုံက ဓားပျံထက်ပင် ပိုမို မာကျောအောင် သန့်စင်ထားခဲ့လေသည်။ သို့သော် လူငယ်လေးတွင် အတွေ့အကြုံ မရှိသေးသဖြင့် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို ချူလျန်အနေဖြင့် အပြစ်မယူလိုပေ။
ထို့နောက် လက်ချောင်းကို မြှောက်လိုက်ပြီး ညင်သာစွာ အသက်သွင်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ရွှစ်...
မမျှော်လင့်ထားဘဲ လခြမ်းပုံသဏ္ဌာန် အစိမ်းရောင် အလင်းတန်းတစ်ခုမှာ ဒုံးပျံပစ်လွှတ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
"ဟိုက်..." ချူလျန် အာမေဍိတ်သံ ပြုလိုက်ပြီး ဂျွမ်းပစ်ကျသွားကာ ဒယိမ်းဒယိုင်ဖြင့် မြေကြီးပေါ်သို့ ဆင်းသက်လိုက်ရသည်။
မိမိဘာသာ ခုန်ဆင်းလိုက်ခြင်း မဟုတ်ပေ။ သစ်ရွက်စိမ်း ပြေးထွက်သွားသော အရှိန်အဟုန်မှာ အလွန် မြန်ဆန်လွန်းလှသဖြင့် သူခမျာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသောကြောင့် အငိုက်မိသွားခြင်းပင် ဖြစ်သည်။ ခြေထောက်အောက်ရှိ ချီစွမ်းအင်ကို မထိန်းနိုင်တော့ဘဲ လေထဲတွင် လွင့်စင်ပြုတ်ကျသွားရခြင်းပင်။
သူ၏ တုံ့ပြန်မှု မြန်ဆန်၍သာ တော်တော့သည်။ မဟုတ်လျှင် ခွေးကျဝက်ကျ ကျကာ အရှက်ကွဲရပေတော့မည်။
"စီနီယာအစ်ကိုချူ..." ဝမ်ယွဲ့လုံလည်း လန့်သွားသည်။
"ကျုပ်ကို မကြည့်နဲ့... ဟိုဟာကို ကြည့်..." ချူလျန် ပြောလိုက်သည်။
အရိပ်ကဲ့သို့ လျင်မြန်သော အစိမ်းရောင် အလင်းတန်းမှာ မျက်စိတစ်မှိတ်အတွင်း သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး တောင်ကုန်းပေါ်ရှိ သစ်ပင်ကြီး အများအပြားကို ခါးလယ်မှ ပိုင်းဖြတ်သွားသည်။
ဖြတ်တောက်ရာများမှာ ချောမွေ့နေချေသည်။
ချူလျန်နှင့် ဝမ်ယွဲ့လုံတို့ အလျင်အမြန် လိုက်သွားကြရာ လီအနည်းငယ်ခန့် ရောက်ရှိသွားပြီး ငွေဓားတောင်ထွတ်၏ အစွန်းပိုင်းသို့ ရောက်ခါနီးမှသာ တောင်နံရံတစ်ခုတွင် စိုက်ဝင်နေသော သစ်ရွက်ကြီးကို တွေ့လိုက်ရသည်။
၎င်းမှာ အလင်းရောင်များ တောက်ပနေဆဲပင်။
ဝှစ်... ဝှစ်... ဝှစ်...
ချူလျန် သတိထားပြီး ချီစွမ်းအင်အနည်းငယ်သာ ထည့်သွင်းခဲ့ခြင်းက ကံကောင်းသွားသည်။ အကယ်၍ ချီစွမ်းအင်အများအပြားသာ ထည့်သွင်းလိုက်မိပါက မည်မျှအဝေးကြီးထိတိုင် ရောက်သွားမည်ကို မသိနိုင်သလို လမ်းတွင် တစ်စုံတစ်ခုကို ဝင်တိုက်မိပါက ပြဿနာကြီး ဖြစ်သွားနိုင်ပေသည်။
မူလက ပျံသန်းရေး မှော်ဝင်ကိရိယာများကို လမ်းခရီးတွင် ဝိညာဉ်အာရုံဖြင့် ထိန်းချုပ်နိုင်သော်လည်း ဤသစ်ရွက်စိမ်း၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် သူ ဂျွမ်းပစ်ကျသွားသည့် အခိုက်အတန့်မှာပင် ဝိညာဉ်အာရုံဖြင့် ထိန်းချုပ်နိုင်သော အကွာအဝေးကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အတိုချုပ်ပြောရလျှင် စွမ်းအားသည်ကား ပြင်းထန်လွန်းနေသည်။
စွမ်းအားမြင့် အင်ဂျင်တပ်ဆင်ထားသော ပြိုင်ကားတစ်စီးကို ချူလျန်က လီဗာ အနည်းငယ်နင်းလိုက်ရုံဖြင့် ရုတ်တရက် အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ပင် ဖြစ်လေသည်။
သစ်ရွက်စိမ်းကို ပြန်ဆင့်ခေါ်လိုက်ပြီး လေထဲတွင် ပြန်လည် ရပ်တန့်စေလိုက်မှသာ ချူလျန် သက်ပြင်းချလိုက်နိုင်တော့သည်။ ထို့နောက် ဝမ်ယွဲ့လုံဘက်သို့ လှည့်ကြည့်လိုက်မိသည်။
"ညီလေးဝမ်... ဒါက..."
"ဘယ်လိုလဲ... ကျေနပ်ရဲ့လား..." ဝမ်ယွဲ့လုံ၏ မျက်လုံးများ တောက်ပနေသည်။
"ကုန်ကြမ်းပစ္စည်း ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာအတွင်းမှာ စွမ်းအားအမြင့်ဆုံး ဖြစ်အောင် လုပ်ပေးထားတယ်... ထည့်သွင်းထားတဲ့ အစီအရင်တွေက ကျုပ် အသေအလဲ စဉ်းစားထားတဲ့ အကောင်းဆုံး ပေါင်းစပ်မှုပဲ... သူ့ရဲ့ အမြန်နှုန်းကို စီနီယာအစ်ကို အခုလေးတင် ခံစားလိုက်ရတယ်ဟုတ်..."
"..." ချူလျန် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
'သောက်ကျိုးနည်း… ဒီကိစ္စကို ဘယ်လို ပြောရမလဲ...'
ဝမ်ယွဲ့လုံ၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးလိုသဖြင့် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းပြောတာတွေ အကုန် မှန်ပါတယ်... တကယ်လည်း စွမ်းအားကြီးပါတယ်... ဒါပေမဲ့ ပြဿနာ သေးသေးလေး တစ်ခုတော့ ရှိတယ်လို့ ထင်တယ်..."
"အဲဒါကတော့ ဒီပျံသန်းရေး မှော်ဝင်ကိရိယာကလေ... ပျံလို့ မရဘူး ဖြစ်နေတယ်..."
"ဘာဖြစ်လို့လဲ..." ဝမ်ယွဲ့လုံက နားမလည်နိုင်စွာ မေးလိုက်သည်။
"စောစောက မင်းလည်း မြင်တယ်မလား... ကျုပ် လုံးဝ ထိန်းချုပ်လို့ မရဘူးလေ..." ချူလျန်က ယဉ်ကျေးစွာ ပြောလိုက်သည်။
'ဝိညာဉ်အသိအမြင်အဆင့်အတွင်းမှာတော့ ဘယ်သူမှ ထိန်းချုပ်နိုင်မယ် မထင်ဘူး...'
'ရွှေအမြုတေအဆင့်တောင်မှ နည်းနည်း ခက်ခဲလောက်တယ်...'
"ဒါပေမဲ့ အဲဒါက စီနီယာအစ်ကိုရဲ့ ပြဿနာလေ..." ဝမ်ယွဲ့လုံက သံသယဖြစ်စွာ ပြောလိုက်သည်။
ဝမ်ယွဲ့လုံ၏ ယုတ္တိရှိလှသော ပုံစံကို ကြည့်ရင်း ချူလျန်တစ်ယောက် တစ်ခဏတာမျှ သူပြောသည်မှာ ဟုတ်သလိုလိုပင် ထင်လိုက်မိတော့သည်။
'ဒါပေမဲ့...'
'ဒါက ငါ မင်းကို အပ်ထားတဲ့ အလုပ်လေ... မင်းက ငါ ထိန်းချုပ်လို့မရအောင် လုပ်ပေးလိုက်တယ် ဆိုတာက... ဘယ်လိုပဲတွေးတွေး နည်းနည်းတော့ ထူးဆန်းမနေဘူးလားကွာ...'
သို့သော် လက်နက်သန့်စင်ခြင်း စွမ်းရည်သက်သက်ကို ပြောရလျှင် ဝမ်ယွဲ့လုံသည် မိမိ မျှော်လင့်ထားသည်ထက် များစွာ သာလွန်ကြောင်း ဝန်ခံရပေမည်။
ဤမျှအဆင့်မြင့်သော မှော်ဝင်ကိရိယာမျိုးကို ဓားဒင်္ဂါး (၇၀) နှင့် ပြုလုပ်ပေးခြင်းမှာ အမှန်တကယ် တန်လွန်းနေသည်။
ဝမ်ယွဲ့လုံက ခေတ္တမျှ စဉ်းစားလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဝိညာဉ်အသိအမြင်အဆင့်ရဲ့ ချီစွမ်းအင်နဲ့ဆိုရင် ထိန်းချုပ်ဖို့ လုံးဝ ပြဿနာမရှိပါဘူး... ဖြစ်နိုင်တာက ဝိညာဉ်အာရုံထိန်းချုပ်မှု မလုံလောက်တာ ဖြစ်လောက်တယ်...
ဒါက အရမ်းအရေးကြီးပေမဲ့ မှော်ဝင်ကိရိယာ အသုံးပြုသူတွေ မကြာခဏ လျစ်လျူရှုတတ်ကြတဲ့ အပိုင်းပဲ... တကယ်လို့ စီနီယာအစ်ကိုချူသာ ကြိုးစားပြီး လေ့ကျင့်မယ်ဆိုရင်... မကြာခင် ဒီမှော်ဝင်ကိရိယာကို ကျွမ်းကျင်လာမယ်လို့ ယုံကြည်ပါတယ်..."
'ကောင်းပါလေရဲ့...'
'မင်းက ငါ့ကိုတောင် အားပေးနေသေးတာလား...'
ချူလျန်၏ ခံစားချက်မှာ စက်ဘီးတစ်စီး ဝယ်ချင်သော်လည်း တစ်ဖက်လူက ရဟတ်ယာဉ်တစ်စီး လာပို့ပေးပြီး 'လေယာဉ်မောင်းလိုင်စင်ရအောင် ကြိုးစားလေ့ကျင့်လိုက်ရင် မောင်းလို့ရသွားမှာပါ' ဟု ပြောလိုက်သကဲ့သို့ပင် ဖြစ်နေချေသည်။
‘ကျေးဇူးပါလို့...'
သူလည်း ပြုံးရုံသာ တတ်နိုင်တော့သည်။ ထို့နောက် ခေါင်းလှည့်ပြီး ပြောလိုက်သည်။ "ဒါဆိုရင် သူ့ရဲ့ ကာကွယ်ရေး စွမ်းရည်ကို စမ်းကြည့်ရအောင်..."
ကံကောင်းသည်မှာ ထိုစဉ်က အစီအရင် နှစ်မျိုးစလုံး ထည့်သွင်းခဲ့သဖြင့် ပျံသန်းခြင်းအပိုင်း အဆင်မပြေလျှင်တောင် ကာကွယ်ရေးအပိုင်း ကျန်ရှိနေသေးသည်။
"ကောင်းပြီ..." ဝမ်ယွဲ့လုံ ခေါင်းညိတ်လိုက်ပြီး မျှော်လင့်တကြီး ပြောလိုက်သည်။
"စီနီယာအစ်ကိုချူ... ကာကွယ်ရေး အစီအရင်ကို အရင် အသက်သွင်းလိုက်ပါ... ပြီးရင် ကျုပ် တိုက်ခိုက်ကြည့်မယ်... သူ့ရဲ့ ကာကွယ်နိုင်စွမ်းကို ခံစားကြည့်လိုက်ပါ..."
စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး ချူလျန်သည် ဝိညာဉ်အာရုံကို အသက်သွင်းလိုက်ကာ သစ်ရွက်စိမ်းထဲသို့ ချီစွမ်းအင် ထည့်သွင်းပြီး ကာကွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်သည်။
ရွှစ်...
ထို့နောက် အစိမ်းရောင် အလင်းတန်းများ လွှမ်းခြုံသွားလေသည်။
ချူလျန်၏ မျက်စိရှေ့တွင် အစိမ်းရောင်များသာ မြင်ရတော့သည်။
ရှေ့၊ နောက်၊ ဘယ်၊ ညာ၊ အပေါ်၊ အောက် နေရာတိုင်းတွင် ထိုအတိုင်းပင်။
ကြီးမားသော သစ်ရွက်စိမ်းကြီးက သူ့တစ်ကိုယ်လုံးကို ထုပ်ပိုးထားလိုက်သည်လော။
သူ အနည်းငယ် လှုပ်ရှားကြည့်သော်လည်း ဝိညာဉ်အာရုံဖြင့် ကာကွယ်ရေးကို ပြန်ရုပ်သိမ်းခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။ သစ်ရွက်စိမ်းကြီးက ထုပ်ပိုးထားပြီးနောက် အလွန် မာကျောနေသဖြင့် သူ၏ ကျားဆယ်ကောင်အား ရှိသော ခွန်အားနှင့်ပင် တွန်းဖယ်၍ မရနိုင်ပေ။
'ဟိုက်ရှားဘား...'
'ဒါက ငါ့ကို ကောက်ညှင်းထုပ် ထုပ်ပေးလိုက်တာလား...'
အပြင်ဘက်တွင် ဝမ်ယွဲ့လုံက တန်ခိုးစွမ်းရည်ဖြင့် တိုက်ခိုက်နေပုံရသော်လည်း အတွင်းဘက်တွင်မူ မည်သည့်ခံစားမှုမျှ သိပ်မရှိပေ။ ချီစွမ်းအင် လှိုင်းဂယက်အနည်းငယ်ကိုသာ ခံစားရလေသည်။
ခဏတာ ခံစားကြည့်ပြီးနောက် ချူလျန် ဝိညာဉ်အာရုံဖြင့် ကာကွယ်ရေးကို ရုပ်သိမ်းလိုက်သည်။ သစ်ရွက်စိမ်းကြီးသည် လက်ခနဲ ဖြစ်သွားပြီး မူလပုံစံသို့ ပြန်ရောက်သွားသည်။
အပြင်ဘက်ရှိ ဝမ်ယွဲ့လုံက ပြုံးလျက် ပြောလိုက်သည်။ "စီနီယာအစ်ကိုချူ... စောစောက ကျုပ် အစွမ်းကုန် တိုက်ခိုက်ခဲ့ပေမဲ့ အတွင်းထဲမှာ တုန်ခါမှု နည်းနည်းလေးတောင် မခံစားရဘူးမလား... ကျုပ်ရဲ့ အစီအရင် ပေါင်းစပ်မှုအရဆိုရင် သာမန် စတုတ္ထအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကတောင် မဖောက်ဖျက်နိုင်စေရဘူး..."
ချူလျန် ခေါင်းညိတ်လိုက်မိသည်။
ဤအချက်သည်ကား အမှန်ပင်။ သစ်ရွက်စိမ်းကြီးက တိုက်ခိုက်မှု အားလုံးကို စုပ်ယူလိုက်သဖြင့် သူက အတွင်းထဲတွင် အေးဆေး တည်ငြိမ်နေခဲ့သည်။
သို့သော်ငြား...
သူ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ "ညီလေးဝမ်... ဒီမှော်ဝင်ကိရိယာရဲ့ ကာကွယ်နိုင်စွမ်းက တကယ့်ကို ကောင်းတာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ကျုပ် တစ်ကိုယ်လုံးကို ကောက်ညှင်းထုပ် ထုပ်ထားလိုက်တော့... လှုပ်လို့မှ မရတော့တာ..."
ဝမ်ယွဲ့လုံ ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ အဲဒီလို နေရာလွတ်မကျန်အောင် ထုပ်ပိုးထားမှပဲ အကောင်းဆုံး ကာကွယ်မှုကို ရနိုင်မှာလေ..."
"ဒါကြီးကျ အရမ်းကို လုံခြုံလွန်းနေတယ်လေ..." ချူလျန်၏ မျက်နှာအမူအရာ ရှုပ်ထွေးသွားရသည်။
ကာကွယ်နိုင်စွမ်း ကောင်းမွန်သည် ဆိုသည်မှာ အမှန်ပင် ဖြစ်နိုင်သည်။
ကုန်ကုန်ပြောရလျှင် မိမိကိုယ်တိုင်က ပိုင်ရှင်မဟုတ်ပါက အတွင်းဘက်မှပင် ဖောက်ထွက်လို့ မရနိုင်ရာ၊ အပြင်ဘက်ကဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
'ဒါပေမဲ့ ကျုပ်က လူတစ်ယောက်နဲ့ တိုက်ခိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ကောက်ညှင်းထုပ် ထုပ်နေလို့မှ မဖြစ်တာ...'
'ဒါက ကိုယ့်ကိုယ်ကိုယ် အချုပ်အနှောင်ထဲ ထည့်လိုက်သလို ဖြစ်မနေဘူးလားကွာ...'
"ပြီးတော့..." ဝမ်ယွဲ့လုံက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။
"စီနီယာအစ်ကိုချူ သတိမထားမိသေးတာ ဖြစ်မယ်... ကျုပ်ရဲ့ ဒီအစီအရင်နှစ်မျိုးစလုံးကို ပေါင်းစပ်ပြီး အသုံးပြုလို့ ရတယ်... အသက်အန္တရာယ်နဲ့ ကြုံလာရရင် အစီအရင်နှစ်မျိုးစလုံးကို တပြိုင်နက်တည်း အသက်သွင်းလိုက်တာနဲ့ လွယ်လွယ်ကူကူ ထွက်ပြေးလွတ်မြောက်နိုင်မှာပါ..."
ချူလျန်တစ်ယောက် ထိုမြင်ကွင်းကို စဉ်းစားပုံဖော်ကြည့်လိုက်သည်။
အတွင်းထဲတွင် အထုပ်ခံထားရသည့် အခြေအနေမျိုးတွင် သေချာပေါက် ဦးတည်ချက်ကို ထိန်းချုပ်၍ ရနိုင်မည် မဟုတ်ပေ။ ချီစွမ်းအင် ထည့်ပေးရုံသာ တတ်နိုင်ပေမည်။
အသက်အန္တရာယ်နှင့် ကြုံလာရလျှင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ထုပ်ပိုးလိုက်ရမည်။ ပြီးလျှင် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အရူးအမူး ဒုံးပျံ ပျံနေသော ကောက်ညှင်းထုပ်တစ်ထုပ်အဖြစ် ပြောင်းလဲကာ မသိနိုင်သော နေရာတစ်ခုဆီသို့ ရောက်ရှိသွားနိုင်ပေမည်...။
အမြောက်ဆန်ထဲ ကိုယ့်ကိုယ်ကိုယ် ထည့်ပြီး ပစ်လိုက်သလိုမျိုးပင်။
အင်း...
ဒါက ဘယ်လို နှိပ်စက်နည်းမျိုးကြီးလဲကွာ….။