← Chapters

ခရမ်းစိမ်းအမွှာဓားနှစ်လက်

Vol. 7 Ch. 68

ခရမ်းစိမ်းအမွှာဓားနှစ်လက်

Vol. 7 Ch. 68

ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီးကြားတွင် တိမ်တိုက်ပင်လယ်ကြီးက အဆုံးမရှိ လှုပ်ရှားနေလေသည်။

ကျောက်စိမ်းဓားတောင်ထွတ်ပေါ်တွင် အစိမ်းရောင်ဝတ်ရုံနှင့် အဖြူရောင်အင်္ကျီ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် အဘိုးအိုတစ်ဦးက တောင်ထိပ်တွင် တစ်ကိုယ်တည်း ရပ်နေသည်။

အိုမင်းသော မျက်နှာနှင့် မီးခိုးရောင် ဆံပင်များ ရှိသော်လည်း မုတ်ဆိတ်ရှည်များက လေထဲတွင် လွင့်မျောနေပြီး ဝတ်ရုံများက တဖျပ်ဖျပ် လှုပ်ရှားနေသည်။ မျက်ဝန်းများမှာ ညအမှောင်ထဲမှ ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေချေသည်။

သူသည်ကား တောင်ထွတ်များ၏ အကြီးအကဲ ‘ဝမ်ရွှမ်လင်’ပင် ဖြစ်၏။

ရှုတောင်ဂိုဏ်းတွင် ရှေးယခင်ကတည်းက ဓားသိုင်းတောင်ထွတ် (၅)ခု ရှိခဲ့သည်ဟု ဆိုစမှတ် ပြုကြသည်။ ရှေးဟောင်း ရှုတောင်တောင်ထွတ် (၃၆)ခုအနက် ဓားအမည်ပါသော တောင်ထွတ် (၅)ခုတွင် ဓားသိုင်းကျင့်ကြံသူများ စုဝေးနေထိုင်ကြပြီး အလွန်တရာ ရဲရင့်ပြတ်သားကာ တိုးတက်လိုစိတ် ပြင်းပြကြသဖြင့် 'ရှုတောင်ဂိုဏ်း၏ သိမ်းငှက်များ' ဟု တင်စားခေါ်ဝေါ်ကြသည်။

ရှုတောင်ဂိုဏ်းက လောကရှိ လမ်းမှန်ဂိုဏ်းများကို ဦးဆောင်နေစဉ် ကာလများက ဓားသိုင်းတောင်ထွတ် (၅)ခုသည်လည်း မိစ္ဆာနှင့် မကောင်းဆိုးဝါးများကို နှိမ်နင်းရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့ကြပြီး ကြောက်ရွံ့ခြင်းကင်းမဲ့သော ဂုဏ်သတင်းဖြင့် ကျော်ကြားခဲ့ကြသည်။

ရှုတောင်ဂိုဏ်း ကျဆင်းလာပြီးနောက် အင်အား နည်းပါးလာခဲ့သည်။ ရဲရင့်ပြတ်သားသော ဓားသိုင်းတောင်ထွတ် (၅)ခုသည်လည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး၊ ရှေးရိုးစွဲဆန်သော အခြား တောင်ထွတ်များက ရှုတောင်ဂိုဏ်း ၏ အဓိကရေစီးကြောင်း ဖြစ်လာခဲ့သည်။ နှစ်ပေါင်း (၅၀၀) ကြာလာသည်နှင့်အမျှ ဓားသိုင်းတောင်ထွတ် (၅)ခု၏ ပြတ်သားမှုကို လူအများ မေ့လျော့လာခဲ့ကြသည်။

တစ်ဖက်တွင် အခြေအနေအရ ရှေးရိုးစွဲဆန်လာရခြင်း ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ထိုတိုက်ခိုက်ရေး ကျွမ်းကျင်သူများ တစ်စတစ်စ သေဆုံးကုန်ကြခြင်းကြောင့်လည်း ဖြစ်သည်။

ဥပမာအားဖြင့် ရွှေဓားတောင်ထွတ်နှင့် ငွေဓားတောင်ထွတ်တို့သည် မျိုးဆက်ပြတ်လပ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။ ယခုအခါ မျိုးဆက် ပြန်လည်ဆက်ခံနိုင်ခဲ့သော်လည်း မူလ ဓားသိုင်းတောင်ထွတ် (၅)ခု၏ စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။

သို့သော် ဝမ်ရွှမ်လင်တစ်ယောက် တောင်ထွတ်များ၏ အကြီးအကဲ ဖြစ်လာပြီးနောက် ထိုအင်အားကြီးမားသော ဓားသိုင်းတောင်ထွတ် (၅)ခုသည် လောကစင်မြင့်ပေါ်သို့ ပြန်လည် ရောက်ရှိလာသကဲ့သို့ ဖြစ်လာခဲ့သည်။ အတွင်းရော အပြင်ပါ ထိုအကြီးအကဲအဘိုးအိုသည် ပြတ်သားခိုင်မာမှုကို ပြသခဲ့သည်။

ထို့ကြောင့် မိစ္ဆာနှင့် မကောင်းဆိုးဝါး အများအပြားသည် ရှုတောင်ဂိုဏ်းအကြောင်း ပြောလျှင် ပထမဆုံး သတိရမိသည်မှာ ဂိုဏ်းချုပ်မဟုတ်ဘဲ၊ မိုးကြိုးကဲ့သို့ ပြင်းထန်သော နည်းလမ်းများကို သုံးတတ်သည့် ထိုတောင်ထွတ်အကြီးအကဲကိုပင် ဖြစ်သည်။

ဝမ်ရွှမ်လင်ဆိုသော နာမည်သည် အလံတော်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်သည်။

ထို့အပြင် စစ်အလံတစ်ခုလည်း ဖြစ်ပေ၏။

မျိုးဆက်သစ်များအတွက် သူသည် ရှေးဟောင်း ရှုတောင်ဂိုဏ်း၏ အဆိပ်ပြင်းသတ္တဝါများ မွေးမြူသကဲ့သို့သော ပညာရေးစနစ်ကို လက်ကိုင်ပြုထားသည်။ တပည့်များကို အများအပြား လက်ခံပြီး ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်စေသည်။

သူ အုပ်ချုပ်သော ကျောက်စိမ်းဓားတောင်ထွတ်တွင် တပည့်ပေါင်း (၁၀၀)ကျော် ရှိပြီး ရှုတောင်ဂိုဏ်းတွင် အများဆုံး ဖြစ်သည်။ တပည့်အားလုံးသည် ငယ်စဉ်ကတည်းက ယှဉ်ပြိုင်မှုများကြားတွင် ကြီးပြင်းလာရပြီး ကိုယ်ပိုင်အရင်းအမြစ်များကို တိုက်ခိုက်ရယူကြရသည်။

သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထိုယှဉ်ပြိုင်မှုများသည် တဖြည်းဖြည်း အားနည်းလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဆိပ်ပြင်းဘုရင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သောကြောင့်ပင်။

ခဏအကြာတွင်...။

တိမ်တိုက်ပင်လယ်ထဲရှိ မြူခိုးများ စတင်လှုပ်ရှားလာပြီး ရုတ်တရက် ရေနွေးပွက်သကဲ့သို့ ဆူပွက်လာကာ မိုးခြိမ်းသံများ တောင်တန်းများအနှံ့ ပဲ့တင်ထပ်သွားပြီး၊ ကောင်းကင်ကို ထိုးဖောက်သွားသော ဓားချီစွမ်းအင်တစ်ခုက တိမ်တိုက်များကို ခွဲထွက်ပြီး ရောက်ရှိလာလေသည်။

ရွှစ်...

ထိုဓားချီစွမ်းအင်သည် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်ပြီး ခဏအတွင်း မြေကြီးပေါ်သို့ ဆင်းသက်လာသည်။ သန်စွမ်းဖျတ်လတ်သော လူငယ်တစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာပြီး ရုပ်ရည် ချောမောခန့်ညားကာ ဓားတစ်လက်ကဲ့သို့ စူးရှသော မျက်ခုံးများနှင့်အတူ ထက်မြက်သော အရှိန်အဝါများ ပြည့်နှက်နေချေသည်။

"တပည့်က ဆရာသခင်ကို ဂါရဝပြုပါတယ်..." ထိုလူငယ်သည် မြေကြီးပေါ်သို့ ရောက်သည်နှင့် ချက်ချင်းပင် ဒူးတစ်ဖက်ထောက် လက်သီးဆုပ်ကာ ဝမ်ရွှမ်လင်ကို အရိုအသေ ပြုလိုက်သည်။

"ထပါ..." ဝမ်ရွှမ်လင်က လူငယ်ကို လှမ်းကြည့်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်သည်။ "အောင်မြင်သွားပြီလား..."

"ဟုတ်ကဲ့... ဆရာသခင်ရဲ့ မျှော်လင့်ချက်ကို အလကားမဖြစ်စေခဲ့ပါဘူး..." လူငယ်က မတ်တတ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ဟဟ... ကောင်းတယ်..." ဝမ်ရွှမ်လင်က ရယ်မောပြီး ချီးကျူးလိုက်သည်။

"ငါ အားအကိုးရဆုံးတပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်... မင်းရဲ့ အသက်အရွယ်မှာ ငါတောင် မင်းလောက် မစွမ်းခဲ့ဘူး..."

ထိုလူငယ်သည် အခြားသူ မဟုတ်ဘဲ သူ အချစ်ဆုံးတပည့် 'ရွှီဇီယန်' ပင် ဖြစ်သည်။

ဝမ်ရွှမ်လင်က ပျော်ရွှင်စွာ ပြုံးနေသော်လည်း ရွှီဇီယန်မှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။

"ဆရာသခင်ရဲ့ သွန်သင်ဆုံးမမှုကြောင့်ပါ... ဆရာသခင်ကို ကျော်တက်ဖို့ မဝံ့ရဲပါဘူး..."

"တပည့်က ဆရာထက် မတော်ရဘူးလို့ မရှိပါဘူးကွာ..." ဝမ်ရွှမ်လင်က ခေါင်းခါလိုက်သည်။

"မင်းသာ ငါ့ကို မကျော်တက်နိုင်ရင် ရှုတောင်ဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်က ပါရမီရှင်တွေကို ဘယ်လို ကျော်တက်နိုင်မှာလဲ... သူတို့တောင် မလုပ်နိုင်ခဲ့တဲ့ ကြီးမြတ်တဲ့ အလုပ်တွေကို ဘယ်လို လုပ်ဆောင်နိုင်မှာလဲ..."

"တပည့် နားလည်ပါပြီ..." ရွှီဇီယန်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။

"ငါ့ဘဝမှာ ဆန္ဒကြီးနှစ်ခု ရှိတယ်... တစ်ခုက ရှုတောင်ဂိုဏ်းအနေနဲ့ မိစ္ဆာနှိမ်စေတီကို ပြန်ရှာတွေ့ပြီး အင်မော်တယ်ဂိုဏ်းတွေရဲ့ ထိပ်ဆုံးနေရာကို ပြန်ရောက်ဖို့ပဲ... ဒုတိယက မဟာတာအိုကို ရှာဖွေတွေ့ရှိပြီး 'ကောင်းကင်မူလအဆင့်'... ဒါမှမဟုတ် 'နက်နဲအဆင့်' တိုင်အောင် ရောက်ရှိဖို့ပဲ..." ဝမ်ရွှမ်လင်က သက်ပြင်းချလိုက်သည်။

"ငါ့ရဲ့ ပါရမီက အကန့်အသတ်ရှိနေလို့ ရှေ့ဆက်ဖို့ ခက်ခဲနေတာကိုပဲ နာကျည်းမိတယ်... ဒီဆန္ဒတွေကို အနာဂတ်မှာ မင်းအပေါ် ပုံချရတော့မယ် ထင်ပါရဲ့..."

ယင်းအား ရွှီဇီယန် ကြားလိုက်ရသောအခါ နှုတ်ခမ်းများ လှုပ်ခတ်သွားပြီး တစ်စုံတစ်ခု ပြောချင်သော်လည်း မပြောထွက်သည့်ပုံ ပေါက်နေသည်။

ဝမ်ရွှမ်လင်က မြင်သောအခါ "ပြောချင်တာ ရှိရင် ပြောပါ..."

ရွှီဇီယန် တုံ့ဆိုင်းမနေတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။ "တပည့် ပြောချင်တာက... မိစ္ဆာနှိမ်စေတီကို ပြန်ရှာစရာမလိုဘဲနဲ့လည်း ရှုတောင်ဂိုဏ်းက အင်မော်တယ်ဂိုဏ်းတွေရဲ့ ထိပ်ဆုံးနေရာကို ပြန်ရောက်နိုင်ပါတယ်..."

"အိုး..." ဝမ်ရွှမ်လင်က သူ့ကို လှမ်းကြည့်လိုက်သည်။

"တပည့်က မိစ္ဆာနှိမ်စေတီကို ကျော်ဖြတ်ပြပါ့မယ်..." ရွှီဇီယန်က ပြတ်သားစွာ ပြောလိုက်သည်။

သူ့ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ နက်နဲအဆင့်သို့ ရောက်ရှိပြီး နဝမမြောက်အဆင့် စွမ်းအားရှင်ဖြစ်လာပါက လောကရှိ တန်ခိုးရှင်လက်နက်အားလုံးကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

ဝမ်ရွှမ်လင်သည် ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကဲ့သို့ ဖြစ်နေသည့် ရွှီဇီယန်ကို ကြည့်ရင်း အတွေးစိတ်ကူးများထဲ မျောလွင့်သွားရသည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)က ဤတိမ်တိုက်ပင်လယ်ကို မျက်နှာမူပြီး သူ၏ ဆရာသခင်ရှေ့မှောက်တွင် လူငယ်ဘဝက သူသည်လည်း ထိုကဲ့သို့သော မောက်မာသည့် စကားမျိုး ပြောခဲ့ဖူးသကဲ့သို့ပင်။

ခေတ်အဆက်ဆက် ကျောက်စိမ်းဓားတောင်ထွတ်သည် နှစ်ပေါင်းထောင်ချီ တည်တံ့လာခဲ့ရာ မည်သည့် နတ်ဘုရားစွမ်းရည် သိုင်းပညာမဆို ဒုတိယနေရာတွင်သာ ရှိပြီး၊ အဓိက ဆက်ခံရမည့်အရာမှာ ဤဓားကဲ့သို့သော စိတ်ဓာတ်ပင် မဟုတ်ပါလော။

"ဟဟ... ကောင်းတယ်..." ဝမ်ရွှမ်လင်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

"လောကက ပါရမီရှင်တွေ အားလုံးက စိတ်ကြီးဝင်တတ်ကြတယ်... မင်း ဒီထက်မြက်မှုကို အမြဲ ထိန်းသိမ်းထားပြီး တစ်ဘဝလုံး ရဲရင့်ပြတ်သားစွာနဲ့ မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းနိုင်ဖို့ မျှော်လင့်တယ်..."

"တပည့် မှတ်သားထားပါ့မယ်..." ရွှီဇီယန်က နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်သည်။

ဝမ်ရွှမ်လင်က အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး ညင်သာစွာ လှည့်လိုက်သည်။

"ဒီနေ့ မင်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာနဲ့ အတော်ပဲ... ငါ မင်းကို ပြောစရာ ကိစ္စတစ်ခု ရှိတယ်..."

ရွှီဇီယန်က ခေါင်းမော့ပြီး အလေးအနက် နားထောင်လိုက်သည်။

ဝမ်ရွှမ်လင်က "ပြီးခဲ့တဲ့ရက်တွေမှာ မိစ္ဆာနတ်ဘုရား ပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်... ပြီးတော့ မနေ့ကပဲ 'ခရမ်းစိမ်းအမွှာဓားနှစ်လက်' ထွက်ပေါ်လာခဲ့တယ်..."

"ခရမ်းစိမ်းအမွှာဓားနှစ်လက်..." ရွှီဇီယန်၏ ဓားကဲ့သို့သော မျက်ခုံးများ တွန့်သွားသည်။

'ရတနာတစ်သောင်း မှတ်တမ်း' တွင် အဆင့် (၁၇) ရှိသော 'ခရမ်းစိမ်းအမွှာဓားနှစ်လက်' သည် မိစ္ဆာနှိမ်စေတီ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ရှုတောင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ဂိုဏ်းစောင့်ရတနာ ဖြစ်ခဲ့သည်။

သို့သော် သာမန် မှော်ဝင်ကိရိယာများနှင့် မတူဘဲ 'ခရမ်းစိမ်းအမွှာဓားနှစ်လက်' တွင် ဓားဝိညာဉ် ရှိပြီး ကိုယ်ပိုင်အသိစိတ် အလွန် ပြင်းထန်သည်။

နှစ်ပေါင်းထောင်ချီ၍ ရှုတောင်ဂိုဏ်း အေးချမ်းနေစဉ် ကာလများတွင် ၎င်းတို့သည် သီးသန့် ဓားသေတ္တာတောင်ထွတ်တွင် ပုန်းအောင်းနေလေ့ ရှိသည်။ ရှုတောင်ဂိုဏ်း ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရခါနီးမှသာ ၎င်းတို့ အာရုံခံမိပြီး အတူတကွ ထွက်ပေါ်လာလေ့ရှိသည်။

'ခရမ်းစိမ်းအမွှာဓားနှစ်လက်' ထွက်ပေါ်လာခြင်းသည် ရှုတောင်ဂိုဏ်း ဒုက္ခရောက်တော့မည်ကို ကြိုတင် နိမိတ်ပြနေခြင်းပင် ဖြစ်သည်။

ထို့အပြင် တစ်ချိန်တည်းမှာပင် မိစ္ဆာနတ်ဘုရား ပြန်လာမည်ဟူသော သတင်းနှင့် ပေါင်းစပ်လိုက်လျှင် ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည်ကို ခန့်မှန်းရန် မခက်ခဲပေ။

"ခရမ်းစိမ်းအမွှာဓားနှစ်လက် ထွက်ပေါ်လာရင် အစဉ်အလာအရ ရှုတောင်ဂိုဏ်းက လူငယ်တပည့်တွေကို သခင်အဖြစ် ရွေးချယ်လေ့ ရှိတယ်... ဒီတစ်ခါလည်း အတူတူပဲ..." ဝမ်ရွှမ်လင်က ဆက်ပြောလိုက်သည်။

"မကြာခင် ကျင်းပမယ့် ရှုတောင်ထိပ်သီးဆွေးနွေးပွဲကျရင် စွမ်းဆောင်ရည် အကောင်းဆုံး တပည့်နှစ်ယောက်ကို ခရမ်းစိမ်းအမွှာဓားနှစ်လက်ရဲ့ သခင်အဖြစ် အသိအမှတ်ပြုဖို့ ဂိုဏ်းချုပ်က ဆုံးဖြတ်လိုက်ပြီ..."

ရွှီဇီယန်၏ မျက်လုံးများ အရောင်တောက်လာပြီး ဆရာသခင်၏ ဆိုလိုရင်းကို နားလည်သဘောပေါက်သွားသည်။

"တပည့် အစွမ်းကုန် ကြိုးစားပါ့မယ်..." သူ၏ လေသံတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။

"မင်း အခု အဆင့်တက်သွားပြီဆိုတော့ သေချာပေါက် ပြဿနာရှိမှာ မဟုတ်ဘူး..." ဝမ်ရွှမ်လင်ကလည်း ခပ်ဟဟ ပြုံးလိုက်သည်။

"ရှုတောင်ဂိုဏ်းရဲ့ ဒီမျိုးဆက်မှာ ထူးချွန်တဲ့ တပည့်ဆိုလို့ မင်းနဲ့ တိမ်တိုက်စက်ဝန်းတောင်ထွတ်က 'ကျန်းယွဲ့ပိုင်' ပဲ ရှိတယ်... ဒီခရမ်းစိမ်းအမွှာဓားနှစ်လက်က မင်းတို့နှစ်ယောက်ကလွဲရင် ဘယ်သူ့လက်ထဲ ရောက်မှာလဲ..."

ရွှီဇီယန်က ထိုအချက်ကို ဘာမှ ပြန်မပြောပေ။ ယုံကြည်မှု ရှိသော်လည်း ကြိုတင်ပြီး အောင်ပွဲခံခြင်းမှာ သူ၏ အကျင့်စရိုက် မဟုတ်ပေ။

ဝမ်ရွှမ်လင်က "မင်း ဒီတစ်ခေါက် ရှုတောင်ထိပ်သီးဆွေးနွေးပွဲမှာ အစွမ်းကုန် ပြသပါ... မင်း တပည့်ခေါင်းဆောင် ဖြစ်လာပြီး ခရမ်းစိမ်းအမွှာဓားနှစ်လက်ရဲ့ သခင်ဖြစ်လာရင်... ငါ မင်းအစား တိမ်တိုက်စက်ဝန်းတောင်ထွတ်ကို သွားပြီး ကမ်းလှမ်းပေးမယ်..."

"ဟမ်..." ရွှီဇီယန်၏ မျက်နှာအမူအရာ တင်းမာသွားသည်။ "ဆရာသခင် ဘာကို ဆိုလိုတာပါလဲ..."

"မင်းရဲ့ ပါရမီနဲ့ ကိုယ်ကျင့်တရားအရဆိုရင် ဒီလောကမှာရှိတဲ့ အလှပဆုံး အမျိုးသမီးနဲ့ ထိုက်တန်ပါတယ်... ရှုတောင်ဂိုဏ်းပေါ်မှာ မင်းတို့နှစ်ယောက်က အလိုက်ဖက်ဆုံးပဲ... သူမကို မရွေးရင် ဘယ်သူ့ကို ရွေးမှာလဲ..." ဝမ်ရွှမ်လင်က သဘာဝကျစွာ ပြောလိုက်သည်။ "မင်းလည်း အရွယ်ရောက်နေပြီ... မိန်းမယူသင့်ပြီ..."

မိုးကြိုးကဲ့သို့ ပြင်းထန်သော နည်းလမ်းများဖြင့် ကျော်ကြားသည့် တောင်ထွတ်အကြီးအကဲသည် အချစ်ရေးကိစ္စများကို ကိုင်တွယ်ရာတွင်လည်း ပြတ်သားခိုင်မာလှချေသည်။

မင်း မိန်းမယူသင့်ပြီ…။

ငါ့အမြင်မှာ မင်းတို့နှစ်ယောက်က လိုက်ဖက်တယ်…။

ဒီတော့ ငါ သွားပြီး ကမ်းလှမ်းပေးမယ်…။

စဉ်းစားပုံ အဆင့်ဆင့်မှာ ချောမွေ့လွန်းလှသဖြင့် ရွှီဇီယန်တစ်ယောက် ကြောင်အမ်းသွားပြီး ကမန်းကတန်း ပြောလိုက်ရသည်။

"တပည့်က ရှုတောင်ဂိုဏ်း ပြန်လည် ကြီးမြတ်လာဖို့နဲ့ မဟာတာအိုကို ရှာဖွေဖို့ပဲ စိတ်ဝင်စားပါတယ်... အချစ်ရေးကိစ္စတွေကို စိတ်မဝင်စားပါဘူး..."

"ဟမ့်... မင်းဆရာကရော ဘာထူးလို့လဲ..." ဝမ်ရွှမ်လင်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

"ငါ့တစ်ဘဝလုံး ရှုတောင်ဂိုဏ်း ပြန်လည် ကြီးမြတ်လာဖို့နဲ့ မဟာတာအိုကို ရှာဖွေဖို့ပဲ စိတ်ဝင်စားခဲ့တယ်... အချစ်ရေးကိစ္စတွေကို စိတ်မဝင်စားခဲ့ဘူး... အခု အသက်ကြီးလာတော့မှ... ငါ ဘယ်လောက် နောင်တရနေလဲဆိုတာ မင်း သိလား..."

"..." ရွှီဇီယန် တိတ်ဆိတ်သွားရသည်။

သူသည် ဆရာသခင်ကို စံပြအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့သဖြင့် ထိုကဲ့သို့ ရည်မှန်းချက် ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခု ဆရာသခင်ကိုယ်တိုင်က ထိုသို့ ပြောလာသောအခါ သူသည်လည်း ယိမ်းယိုင်သွားမိသည်။

"ပြီးတော့... ငါ မင်းကို ဒီကိစ္စ ပြောရတာက အချစ်ရေးကိစ္စသက်သက်ကြောင့် မဟုတ်ဘူး..." ဝမ်ရွှမ်လင်က စကားလမ်းကြောင်း လွှဲလိုက်ပြီး ဆက်ပြောလိုက်သည်။ "တကယ်တော့ ခရမ်းစိမ်းအမွှာဓားနှစ်လက်က နှစ်ပေါင်းများစွာ မပေါ်ထွက်ခဲ့တာ အပြင်လူတွေ မသိတဲ့ လျှို့ဝှက်ချက်လေး တစ်ခုရှိတယ်..."

"အဲဒါကတော့ ဒဏ္ဍာရီအရ ခရမ်းစိမ်းအမွှာဓားနှစ်လက်ရဲ့ ဓားဝိညာဉ်တွေက မူလက ချစ်သူတွေ ဖြစ်ခဲ့ကြတယ်တဲ့... ဒါကြောင့် သူတို့ ရွေးချယ်လေ့ရှိတဲ့ ဓားသခင်တွေက အမြဲတမ်း ချစ်သူတွေ ဖြစ်ကြတယ်... တကယ်လို့ မချစ်ကြတဲ့ လူနှစ်ယောက်က အသုံးပြုမယ်ဆိုရင် ဓားနှစ်လက် ပေါင်းစပ်တဲ့စွမ်းအားက အများကြီး လျော့နည်းသွားလိမ့်မယ်...

တကယ်လို့ လူနှစ်ယောက်က လုံလောက်အောင် ချစ်ကြမယ်ဆိုရင်... ဓားနှစ်လက် ပေါင်းစပ်လိုက်တာက ထိပ်တန်း တန်ခိုးရှင်လက်နက်တွေနဲ့ ယှဉ်နိုင်တယ်..."

သူ ရွှီဇီယန်ကို စိုက်ကြည့်လိုက်သည်။ "ဒါကြောင့် ဆရာက မင်းအတွက် သွားကမ်းလှမ်းပေးချင်တာက ရှုတောင်ဂိုဏ်းအတွက်ပဲ... ဒီလိုဆိုရင် မင်း... ငြင်းဦးမှာလား..."

"ဒါက..." ရွှီဇီယန်၏ မျက်နှာအမူအရာ ရှုပ်ထွေးသွားသည်။

ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ ခေါင်းကို ထပ်မံ ငုံ့လိုက်ရတော့သည်။

"ရှုတောင်ဂိုဏ်းရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ရယူဖို့အတွက်... တပည့် ဘယ်အရာကိုမဆို လုပ်ဆောင်ပါ့မယ်..."

All Chapters