လွယ်ကူသော နည်းလမ်း
Vol. 7 Ch. 69
အဆိပ်ပျားလေးနှစ်ကောင် ပန်းခင်းထဲမှာ ပျံသန်းနေလေ၏။
ဘယ်မှညာ… ညာမှဘယ်သို့ဖြင့်….။
ဤနေရာသည် ကျယ်ဝန်းသော တောင်ကြားတစ်ခု ဖြစ်ပြီး စိမ်းလန်းသော သစ်တောများ ဖုံးလွှမ်းကာ ရေများ စီးဆင်းနေသည့် လူသူအရောက်အပေါက် နည်းပါးသော သဘာဝတောရိုင်းတစ်ခု ဖြစ်သည်။
ထိုအချိန်တွင် စမ်းချောင်းထဲမှ ရောင်စုံအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကြယ်ရောင်ကဲ့သို့ တောက်ပသော အလင်းစက်များ စုစည်းကာ ထူးခြားသော ရနံ့တစ်ခု ထုတ်လွှတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ အဆိပ်ပျားများသည် ထိုအလင်းရောင်ကြောင့် ချက်ချင်းဆိုသလို စိတ်ဝင်စားသွားကြပြီး အနားသို့ စုရုံးရောက်ရှိလာကာ ဝိုင်းရံ ပျံသန်းနေကြသည်။
ထိုအလင်းစက်များသည် ပြန်လည် ရွေ့လျားလာပြီး အစပိုင်းတွင် နှေးကွေးသော်လည်း တဖြည်းဖြည်းနှင့် စမ်းချောင်းအတိုင်း စုန်ဆင်းသွားကာ တောင်ကြားကို ပတ်၍ စမ်းချောင်းမှတဆင့် ပင်မမြစ်ထဲသို့ စီးဝင်သွားပြီး ပြန့်ပြူးသော မြစ်ကမ်းပါ်တစ်နေရာသို့ ရောက်ရှိလာသည်။
ဝှစ်...
ရုတ်တရက် ထိုအလင်းရောင်များ ပျောက်ကွယ်သွားပြီး အဆိပ်ပျားများမှာ လမ်းပြပျောက်ဆုံးသွားသဖြင့် နေရာမှာတင် ခဏတာ ပျံသန်းနေကြပြီးနောက် လူစုခွဲလိုက်ကြသည်။ ဤနေရာတွင် ပန်းပင်များ ပေါများသဖြင့် ၎င်းတို့သည် ပတ်ဝန်းကျင်တွင် နားခိုလိုက်ကြသည်။
"ဟူး..."
ရေအောက်တွင် ကြီးမားသော ရွှေငါးကြင်းတစ်ကောင် ဖြည်းညင်းစွာ နစ်မြုပ်သွားပြီး ရေအောက်သဲကျင်းထဲသို့ ပြန်ရောက်သွားသည်။
ဘေးနားရှိ အနည်းငယ် ပိုငယ်သော ရောင်စုံရွှေငါးကြင်းက ချက်ချင်းကပ်လာပြီး "အစ်မ... အစ်မ ပင်ပန်းနေပြီ... ညီမ သေချာပေါက် ကြိုးစားကျင့်ကြံပြီး အစ်မလို တန်ခိုးစွမ်းအားတွေ မြန်မြန် ရအောင်လုပ်ပြီး အစ်မကို ကူညီပေးပါ့မယ်..." ဟု ပြောလိုက်သည်။
အစ်မဖြစ်သူက သက်ပြင်းချလိုက်ပြီး "နှမြောစရာ ကောင်းတာက ငါ့မှာလည်း တန်ခိုးစွမ်းအား နည်းပါးလွန်းတော့ တခြား စွမ်းရည်တွေ မရှိဘူး... ဒီလို သေးသေးမွှားမွှား ကိစ္စလေးတွေပဲ လုပ်နိုင်တာ..."
ညီမဖြစ်သူက အလျင်အမြန် ပြောလိုက်သည်။ "အစ်မက တော်တော်လေး စွမ်းနေပါပြီ..."
အစ်မဖြစ်သူက အနည်းငယ် ပင်ပန်းနေပုံရပြီး လှပသော ကိုယ်ခန္ဓာက ရေလှိုင်းနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ "အဲဒီ လူဆိုးကောင်ကြီး နောက်တစ်ခါ ထပ်မလာဖို့ပဲ မျှော်လင့်ရတာပါပဲ..." ဟု ဖြည်းညင်းစွာ ပြောလိုက်သည်။
"အင်း..." ညီမဖြစ်သူက ကိုယ်ခန္ဓာကို လှုပ်ရှားလိုက်ပြီး "ညီမ အပေါ်တက်ကြည့်လိုက်ဦးမယ်..."
၎င်းသည် ကိုယ်ခန္ဓာကို ယိမ်းနွဲ့ကာ ရေမျက်နှာပြင်ပေါ်သို့ တက်လာပြီး မော့ကြည့်လိုက်ရာ မြစ်ကမ်းဘေးတွင် ဓားရိပ်များ ဖွေးဖွေးလှုပ်နေသည်ကို တွေ့လိုက်ရပြီး၊ အစ်မဖြစ်သူ ပင်ပင်ပန်းပန်း ခေါ်ဆောင်လာခဲ့သော အဆိပ်ပျားများကို ခုတ်ပိုင်းသတ်ဖြတ်နေသည်ကို မြင်လိုက်ရတော့သည်။
"အစ်မ..." ညီမဖြစ်သူ၏ အသံတွင် ငိုသံများပင် ပါဝင်နေသည်။ "သူ ထပ်လာပြန်ပြီ... ပြီးတော့ ပိုတောင် စောရောက်လာသေးတယ်..."
...
ချူလျန်သည် ပုံမှန်အတိုင်း တာဝန်ဝတ္တရားအရ အဆိပ်ပျားများကို သတ်ဖြတ်ပြီးနောက် မကျေနပ်သေးသည့်ပုံဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း ရေမျက်နှာပြင်ပေါ်ရှိ ဒေါသထွက်နေသော ပူပေါင်းများကို သတိမထားမိလိုက်ပေ။
ထို့နောက် ရှုတောင်သို့ ပြန်လာခဲ့သည်။
ယွမ်ဟွာမြို့သည် ရှုတောင်နှင့် အလွန် နီးကပ်သဖြင့် ခဏတာ အတွင်းမှာပင် ရတနာစေတီတောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။
အစ်မကျန်းက သူ့ကို ဤနေ့ ဤနေရာတွင် လာတွေ့ရန် ချိန်းဆိုထားခြင်း ဖြစ်၏။
ရေတံခွန်လိုဏ်ဂူထဲသို့ ဝင်လိုက်သည်နှင့် ပိုင်ဇယ်သားပေါက်လေးက "ဟီး..." ဟု အော်မြည်ကာ ပျော်ရွှင်စွာ ခုန်ပေါက်ပြီး သူ့ရှေ့သို့ ရောက်လာပြီး ခေါင်းကြီးဖြင့် မနားတမ်း ပွတ်သီးပွတ်သပ် လုပ်နေလေသည်။
"မတွေ့တာ ကြာပြီနော်..." ချူလျန်က ၎င်း၏ လည်ပင်းကို ပွတ်ပေးကာ ရင်းနှီးမှု ပြသလိုက်ပြီး အတွင်းသို့ ဆက်ဝင်သွားလိုက်သည်။
ယနေ့တွင် ကျန်းရှောင်ပိုင်သည် အပြာရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ကောက်ကြောင်းများ သွယ်လျလှပနေသည်။ သူ ရောက်လာသည်ကို မြင်သောအခါ ထရပ်ပြီး ကြိုဆိုလိုက်ရာ အရပ်ရှည်ရှည်ဖြင့် ကျက်သရေ ရှိလှသည်။
"ငါ နောက်ကျရင် တောင်အောက်ဆင်းပြီး တာဝန်တစ်ခု သွားထမ်းဆောင်ရမယ်... ဒီတစ်ခါ နည်းနည်း ကြာကောင်း ကြာနိုင်တယ်... ဒါကြောင့် နင့်ရဲ့ 'အဆောင်ဓားသိုင်း' ကျင့်ကြံမှု အခြေအနေကို ကြိုတင် စစ်ဆေးကြည့်ချင်လို့..." ကျန်းရှောင်ပိုင်က ပြောလိုက်သည်။
သူမ၏ အဆင့်ရှိသော တပည့်များသည် တာဝန်ထမ်းဆောင်ရာတွင် ချူလျန်တို့ကဲ့သို့ စိတ်ကြိုက် ရွေးချယ်ခွင့် မရှိဘဲ ဂိုဏ်းမှ စီစဉ်ပေးသည်များသာ ဖြစ်သဖြင့် ကိစ္စပေါ်လာသည်မှာ ပုံမှန်ပင် ဖြစ်သည်။
"အစ်မက ကျွန်တော့်ရဲ့ ကျင့်ကြံမှုကိုတောင် သတိရနေသေးတာလား... တကယ်ကို ကျေးဇူးတင်စရာပါပဲ..." ချူလျန်က ပြုံးပြီး ပြောလိုက်သည်။
"တော်စမ်းပါ... နင်က အပြောကတော့ တကယ်ကိုကောင်း... အရင်တုန်းက ငါ့ကို ဟန်ဆောင်ပြီး အဲဒီ သစ်သီးလက်ဖက်ရည်တွေ ရောင်းခိုင်းတုန်းကဆို... နင့်ရဲ့ စီးပွားရေးက အခုဆို ရှုတောင်ဂိုဏ်းတစ်ခုလုံး သိနေပြီ... ငါ့ကို အမြတ်ခွဲပေးတာလည်း မတွေ့ရဘူး..." ကျန်းရှောင်ပိုင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ကျွန်တော့်ရဲ့ သေးသေးမွှားမွှား စီးပွားရေးလေးကို အစ်မက ဘယ်စိတ်ဝင်စားပါ့မလဲ..." ချူလျန်က ချက်ချင်း ပြောလိုက်သည်။
"ဟွန့်..." ကျန်းရှောင်ပိုင်က နှာခေါင်းရှုံ့လိုက်ပြီး စကားအများကြီး မပြောတော့ဘဲ တိုက်ရိုက် မေးလိုက်သည်။ "အရင်တုန်းက ပြန်သွားပြီး ကိုယ့်ဘာသာ အဆောင်ပညာ လေ့လာခိုင်းထားတာ... ဓားသိုင်း လေ့ကျင့်တာရော ဘယ်လိုနေလဲ..."
ချူလျန်က အမှန်အတိုင်း ဖြေလိုက်သည်။ "တိုးတက်မှု နှေးကွေးနေပါတယ်..."
"အိုး..." ကျန်းရှောင်ပိုင်၏ မျက်လုံးများတွင် မကောင်းသော အရိပ်အယောင်များ ပေါ်လာသည်။ "ခုနစ်ရက်တောင် ရှိနေပြီ... တကယ်လို့ နည်းနည်းလေးမှ တိုးတက်မှု မရှိရင်တော့ ငါ စိတ်ဆိုးတော့မှာနော်..."
ချူလျန်က ပြောလိုက်သည်။
"အဆောင်ပညာက နက်နဲကျယ်ပြန့်လွန်းပါတယ်... ကျွန်တော် ဒီရက်ပိုင်း လေ့လာကြည့်တာ အခုမှ လမ်းစလေး တွေ့ရုံပဲ ရှိပါသေးတယ်... အဆောင်ဓားသိုင်း လေ့ကျင့်ရတာက ပိုပြီးတောင် အခက်အခဲတွေ များတယ်... နည်းနည်းလေးပဲ နားလည်ပါသေးတယ်..."
"ဒါကလည်း ဖြစ်လေ့ရှိတာပါပဲ... နင် အရင်ဆုံး ထုတ်သုံးကြည့်လိုက်... ငါ ဘယ်လို သင်ပေးရမလဲ ဆိုတာ ကြည့်လိုက်ဦးမယ်..." ကျန်းရှောင်ပိုင်က ခေါင်းညိတ်လိုက်သည်။
ချူလျန်သည် ပြောသည့်အတိုင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ဂူအတွင်းရှိ ကွက်လပ်တစ်ခုသို့ ရောက်သွားကာ ဓားပျံကို ထုတ်ဖော်လိုက်သည်။ အသက်အောင့်ပြီး အာရုံစိုက်ကာ အဓိက အချက်များကို ပြန်လည် အောက်မေ့လိုက်သည်။
"တက်စမ်း..."
သူ ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး လက်ညှိုးထောင်လိုက်ရာ ဓားပျံက လေထဲသို့ မြင့်တက်သွားသည်။
အဆောင်ဓားသိုင်း...။
ရွှစ်… ရွှစ်… ရွှစ်… ရွှစ်… ရွှစ်...
သူ၏ လက်ချောင်းများ ပြောင်းလဲသွားသည်နှင့်အမျှ ဓားပျံသည် လေထဲတွင် ဆက်တိုက်ဆိုသလို အသံများ ထွက်ပေါ်လာပြီး ငွေရောင်အလင်းတန်းများ လျင်မြန်စွာ ဆက်စပ်သွားကာ အဆောင်တစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် လက်ချောင်းထိပ်ကို ရှေ့သို့ ထိုးလိုက်ရာ ထိုအဆောင်သည် ဓားချီနှင့်အတူ ဝုန်းကနဲ ပျံသန်းထွက်ခွာသွားသည်။
ဘုန်း...
မီးတောက်အမြီးတန်း ရှည်လျားစွာ ပါရှိသော ဓားချီတစ်ခုသည် မီးလုံးတစ်လုံးကဲ့သို့ ရှေ့ဘက်ရှိ မြေကြီးပေါ်သို့ ကျရောက်သွားပြီး တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာစေတော့သည်။
သာမန် ဓားပျံသိုင်းနှင့် နှိုင်းယှဉ်လျှင် စွမ်းအားမှာ အလွန် ကြီးမားလှသည်။
"အဲ..."
ကျန်းရှောင်ပိုင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ခုံးများ တွန့်သွားရသည်။
'နင်က ဒါကို နည်းနည်းလေးပဲ နားလည်တယ်လို့ ခေါ်တာလား...'
'အဆောင်နဲ့ ဓားချီကို ပေါင်းစပ်နိုင်သလို ချောချောမွေ့မွေ့ စီးဆင်းစေနိုင်ပြီးတော့ ပြီးပြည့်စုံတဲ့ ဓားသိုင်းတစ်ခုကို ထုတ်ဖော်နိုင်တာလေ...'
'ဒါက အရှင်းကြီးကို တတ်မြောက်နေတာ မဟုတ်ဘူးလား...'
'တိုးတက်မှု နှေးကွေးတယ်လို့ ပြောနေသေးတယ်... ဘယ်သူ့ကို လာလိမ်နေတာလဲ... ဒါ့ကြောင့် အပြောချိုတဲ့ ယောက်ျားတွေကို လှည့်စားတတ်တဲ့နတ်ဆိုးလို့ သမုတ်ကြတာလား...'
'ဒါပေမဲ့ ဒါက ရက်ပိုင်းလေးပဲ ရှိသေးတာလေ...'
'ဘယ်လိုပဲပြောပြော ဒီလူက အရမ်း မြန်လွန်းနေတာပဲ...'
'ငါတုန်းကတောင် အဆောင်ပညာကို တော်တော်လေး ကျွမ်းကျင်နေပြီး ဖြစ်တာတောင် (၁၂)ရက်လောက် လေ့ကျင့်ခဲ့ရတာ... သူက...'
'နေဦး...'
'သူ အခု ဒီအဆင့်ထိ ကျင့်ကြံထားတယ် ဆိုတာက ဒီနေ့မှ ဖြစ်လာတာ မဟုတ်ဘူးမလား... သူ တတ်မြောက်ခဲ့တာ ခုနစ်ရက်တောင် မပြည့်သေးတာ ဖြစ်နိုင်မလား...'
ချူလျန် ဓားကို ပြန်သိမ်းလိုက်ပြီး ကျန်းရှောင်ပိုင် စဉ်းစားခန်းဝင်နေကာ မျက်ခုံးများ တွန့်နေသည်ကို မြင်သောအခါ စိတ်မကြည်မလင် ဖြစ်နေပုံ ရသည်ဟု ထင်လိုက်မိသည်။
သူမသည် မိမိ၏ ကျင့်ကြံခြင်း တိုးတက်မှုကို မကျေနပ်ဟု ထင်မှတ်လိုက်သည်။ သို့သော် သူ၏အမြင်အရ ကျင့်ကြံခြင်း အမြန်နှုန်းသက်သက်ကို ပြောရလျှင် သူသည် အတော်လေး မြန်ဆန်ပြီး ဓားသိုင်းထုတ်ဖော်မှုလည်း ပြီးပြည့်စုံသည်ဟု ယူဆသည်။
'ဘယ်နေရာမှာ မပြည့်စုံသေးတာလဲ...'
ထို့ကြောင့် သူက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
"ကျွန်တော် လွန်ခဲ့တဲ့ လေးရက်လောက်ကတည်းက ဒီအဆင့်ထိ ကျင့်ကြံပြီးပါပြီ... နောက်ပိုင်း တိုးတက်မှုက အရမ်း နှေးကွေးသွားတယ်... အဓိကကတော့ အဆောင်ပညာကို နားလည်မှု မလုံလောက်သေးလို့ပါ...
အခု ကျွန်တော်က မီးအဆောင်ကို ဓားပျံနဲ့ ပေါင်းစပ်ပြီး အသုံးပြုနိုင်ရုံပဲ ရှိပါသေးတယ်... အများဆုံး မီးအဆောင်နှစ်ခုပါတဲ့ ဓားသိုင်းလောက်ပဲ လုပ်နိုင်တယ်... ဒါပေမဲ့ အမြဲတမ်းတော့ မအောင်မြင်ဘူး..."
"ဒါပေမဲ့ ဒီရက်ပိုင်း လေအဆောင်ကို လေ့ကျင့်နေပြီး အကြိမ်များစွာ အောင်မြင်ခဲ့ပါတယ်... နောက်ထပ် နှစ်ရက်လောက်ဆိုရင် လေနဲ့မီး အဆောင်နှစ်ခုပါတဲ့ ဓားသိုင်းကို ကျွမ်းကျင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်... အဲဒီကျရင် စွမ်းအားက ပိုပြီး တိုးတက်လာမှာပါ..."
"အစ်မ ကျွန်တော့်ကို အချိန်တစ်လ ပေးထားတယ် မဟုတ်လား... တစ်လကြာရင် ကျွန်တော် ကျွမ်းကျင်လာမယ့် အဆောင်တွေက ဒီလောက်တင် မကဘူးဆိုတာ ယုံကြည်ပါတယ်..."
သူ၏ လေသံမှာ အနည်းငယ် အားလျော့နေပြီး ကျန်းရှောင်ပိုင်က သူ့အား ပျင်းရိသည်ဟု သံသယဝင်ကာ နောင်တွင် ဆက်လက် မသင်ကြားပေးတော့မည်ကို စိုးရိမ်နေမိသည်။
သို့သော် သူပြောလိုက်သော စကားလုံးတိုင်းသည် ကျန်းရှောင်ပိုင်၏ တာအိုနှလုံးသားကို မြားတစ်စင်းဖြင့် ပစ်ခတ်လိုက်သကဲ့သို့ပင်။
သူမ၏ မျက်ခုံးများ ပို၍ ပို၍ပင် တွန့်လာချေသည်။
ခဏအကြာတွင် ကျန်းရှောင်ပိုင် လက်ကို မြှောက်လိုက်ပြီး "ရပြီ... နင် ဆက်မပြောနဲ့တော့..." ဟု ပြောလိုက်ရသည်။
'ငါ စောစောက သူ့ကို သင်ပေးချင်နေသေးတာလား...'
'ဘာ သွားသင်ပေးရမှာလဲ...'
'ငါက ဓားသိုင်းကို သူ့ကို ပြောပြလိုက်ရုံပဲ ရှိသေးတယ်... သူက လုပ်ငန်းစဉ်တစ်ခုလုံးကို ကိုယ့်ဘာသာ တွက်ချက်နိုင်ခဲ့ပြီ... နောက်ပိုင်း ဒီလမ်းကြောင်းအတိုင်း ဆက်ကျင့်ကြံသွားရုံနဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်မားလာတာနဲ့အမျှ အဆောင်(၁၀)ခုပါတဲ့ ဓားသိုင်း... အဆောင်(၁၀၀)ပါတဲ့ ဓားသိုင်းတွေက အလိုအလျောက် ဖြစ်လာမယ့် ကိစ္စတွေပဲ...'
'အရှုပ်ထွေးဆုံး အဆောင်ဓားသိုင်းတောင်မှ သူ့အတွက် ဘာမှ မခက်ခဲဘူးလို့ ခံစားရတယ်... ပြလိုက်တာနဲ့ လေ့ကျင့်လို့ရတယ်... လေ့ကျင့်လိုက်တာနဲ့ တတ်မြောက်တယ်... တတ်မြောက်တာနဲ့ အသုံးပြုလို့ရတယ်...'
'ဒီလူက အလွယ်လေး ကျင့်ကြံနေနိုင်သလိုမျိုး ဘာလို့ ခံစားနေရတာလဲ...'
ကျန်းရှောင်ပိုင်သည် ပါရမီ ကွာခြားချက်ကြောင့် ဖြစ်ပေါ်လာသော ကွာဟချက်ကို ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။ ယခင်က ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမကသာ လူအများ မော့ကြည့်ရသောသူ ဖြစ်ခဲ့သည်။
သို့သော် ချူလျန်နှင့် သိကျွမ်းပြီးကတည်းက သူမကသာ စိတ်ဓာတ်ကျရသူ ဖြစ်လာခဲ့ရသည်။
"အစ်မ..." ချူလျန် ခပ်တိုးတိုး ခေါ်လိုက်သည်။
ကျန်းရှောင်ပိုင်၏ အကြည့်များ ပြန်ရောက်လာပြီးနောက် ချူလျန်ကို ကြည့်ကာ အလွန်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ငါ နင့်ကို ပြောထားမယ်... နင် ငါ့ကို အစ်မလို့ တစ်ရက်ခေါ်ရင် တစ်သက်လုံး အစ်မလို့ ခေါ်ရမယ်... တစ်နေ့ နင် ငါ့ထက် တော်သွားရင်တောင်မှ ငါ့ကို အစ်မလို့ပဲ လိမ်လိမ်မာမာ ခေါ်ရမယ်... မှတ်ထားနော်..."