တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီ
Vol. 7 Ch. 70
နတ်သမီးကျန်းသည် နားမလည်နိုင်သော စကားအချို့ကို ထားရစ်ခဲ့ပြီးနောက် သူမ၏ တာဝန်ကို ထမ်းဆောင်ရန် တောင်ပေါ်မှ ဆင်းသွားခဲ့လေသည်။ ချူလျန်သည် ဤရက်ပိုင်းအတွင်း 'အဆောင်ဓားသိုင်း' ကို ဆက်လက် လေ့ကျင့်နေခြင်းအပြင် အခြားအရာများကိုလည်း လေ့ကျင့်နေခဲ့သည်။
ရွှစ်...
လခြမ်းပုံသဏ္ဌာန် အစိမ်းရောင် အလင်းတန်းတစ်ခု လေတိုးသံနှင့်အတူ ဖြတ်သန်းသွားပြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ တောင်နံရံများနှင့် သစ်ပင်များသည် ပွတ်တိုက်မိရုံဖြင့် နက်ရှိုင်းသော မြောင်းကြီးများကဲ့သို့ ဖြတ်တောက်ခံလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအစိမ်းရောင် အလင်းတန်းသည် ငွေဓားတောင်ထွတ် တစ်ခုလုံးကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း...
နောက်ဆုံးတွင် ငွေဓားတောင်ထွတ်မှ ကျော်ထွက်သွားလုဆဲဆဲတွင် အစိမ်းရောင် အလင်းတန်းသည် တောင်နံရံကို ဝင်တိုက်မိပြီး အသံအုပ်အုပ်တစ်ခု ထွက်ပေါ်လာကာ ချူလျန်တစ်ယောက် အချိန်မီ ခုန်ဆင်းလိုက်နိုင်၍သာ တောင်နံရံနှင့် ဝင်မဆောင့်မိခြင်း ဖြစ်သည်။
"အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲ..."
သူ မတ်တတ်ရပ်လိုက်ပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း အစောပိုင်းက ပျံသန်းမှုသည် အမှန်တကယ်ပင် ရင်တုန်စရာ ကောင်းလွန်းလှသည်ဟု ခံစားလိုက်ရသည်။
တောင်နံရံတွင် စိုက်ဝင်နေသော သစ်ရွက်စိမ်းမှာ တဝှစ်ဝှစ်ဖြင့် အလင်းရောင်များ တောက်ပနေဆဲပင်။ ချူလျန် လက်မြှောက်လိုက်ပြီး ပြန်ဆင့်ခေါ်လိုက်ကာ သစ်ရွက်အနားသတ်၏ ထက်ရှမှုကို ပွတ်သပ်ကြည့်လိုက်သည်။
သာမန် ဓားပျံများလျှင်ပင် ဤမျှလောက်သော ထက်ရှမှုမရှိပေ။
ဝန်ခံရမည်မှာ လက်နက်သန့်စင်ခြင်း အပိုင်းတွင် ဝမ်ယွဲ့လုံသည် အမှန်တကယ်ပင် ပါရမီရှင်တစ်ဦး ဖြစ်ချေသည်။
သို့သော် ဤပါရမီရှင်၏ တွေးခေါ်ပုံမှာ သာမန်လူများနှင့် မတူပေ။ သန့်စင်လိုက်သော ပစ္စည်းများမှာ ထူးဆန်းနေသော်လည်း ပြောလိုက်သော စကားများမှာ အမြဲတမ်း အဓိပ္ပာယ် ရှိနေတတ်သည်။
ဝိညာဉ်အာရုံထိန်းချုပ်မှု၏ လျင်မြန်ဖျတ်လတ်မှုနှင့် ပတ်သက်သော သူ၏ ရှင်းပြချက်များကို ချူလျန် အလေးအနက် စဉ်းစားကြည့်ပြီးနောက်၊ ထိုအထဲတွင် အမှန်တကယ်ပင် ပညာရပ်များ ပါဝင်နေကြောင်း တွေ့ရှိလိုက်ရသည်။
လက်ရှိ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့် မြှင့်တင်ရန်နှင့် ဝိညာဉ်အာရုံ ချဲ့ထွင်ရန်သာ သိကြပြီး ဤအပိုင်းကိုမူ ဂရုမစိုက်ကြပေ။
ဥပမာအားဖြင့် ဓားစီးပျံသန်းရာတွင် ကျယ်ပြောသော ကောင်းကင်ပြင်၌ လူနှစ်ယောက်၏ အမြန်နှုန်း တူညီကောင်း တူညီနိုင်သော်လည်း ရှုပ်ထွေးသော မြေပြင်အနေအထားတွင်မူ ပိုမို လျင်မြန်ဖျတ်လတ်သူက အနိုင်ရမည် ဖြစ်သည်။
ဓားထိန်းချုပ်နည်းစနစ်တွင်လည်း အတူတူပင် ဖြစ်သော်လည်း လူတစ်ယောက်က ဓားကို တည့်တည့်မတ်မတ်သာ အသုံးပြုနိုင်ပြီး အပြောင်းအလဲ မရှိဘဲ၊ အခြားတစ်ယောက်က လျင်မြန်ဖျတ်လတ်ပြီး ဖမ်းဆုပ်ရ ခက်ခဲပါက ထိုလူနှစ်ယောက် တိုက်ခိုက်ကြလျှင် ဓားကို ပိုမို လျင်မြန်စွာ အသုံးပြုနိုင်သူက သေချာပေါက် အနိုင်ရမည် ဖြစ်သည်။
ချူလျန်က ၎င်းကို "အနုစိတ်ထိန်းချုပ်မှု" ဟု နားလည်လိုက်သည်။
ဓားတစ်လက်တည်း ဆိုလျှင် သက်ရောက်မှု သိပ်မရှိနိုင်သော်လည်း အကယ်၍ 'ဓားတစ်ရာတံဆိပ်' ကို အတူတူ အသုံးပြုကြပြီး ဓားတစ်ရာဖြင့် အစီအရင် ဖွဲ့စည်းထားပါက အနုစိတ်ထိန်းချုပ်မှုကြောင့် ဖြစ်ပေါ်လာမည့် ကွာခြားချက်မှာ အလွန် ကြီးမားပေလိမ့်မည်။
သို့သော် လက်ရှိ အဓိကရေစီးကြောင်း၏ အမြင်မှာမူ 'ငါက ကျင့်ကြံခြင်းအဆင့်ကို ကြိုးစားမြှင့်တင်မယ်၊ မင်းက ဓားတစ်ရာတံဆိပ် သုံးရင် ငါက ဓားတစ်သောင်းတံဆိပ် သုံးလိုက်ရုံပဲ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက် မြင့်နေရင် သေချာပေါက် မင်းကို တရားသေ ဖိနှိပ်နိုင်မှာပဲ' ဟူ၍ ဖြစ်သည်။
ထိုအတွေးအခေါ်မှာလည်း ပြဿနာ မရှိပေ။ သို့သော် ချူလျန်၏ အမြင်တွင် ကျင့်ကြံခြင်း၏ နက်ရှိုင်းမှုနှင့် ကျယ်ပြန့်မှုတို့သည် ဆန့်ကျင်ဘက် မဖြစ်သင့်ဘဲ စွမ်းအင် လုံလောက်ပါက နှစ်မျိုးစလုံးကို တပြိုင်နက်တည်း လုပ်ဆောင်ခြင်းက ပိုကောင်းသည်ဟု ယူဆသည်။
ထို့အပြင် "အနုစိတ်ထိန်းချုပ်မှု" သည် ဓားပျံကို ထိန်းချုပ်ရာတွင် သာမက နတ်ဘုရားစွမ်းရည်များကို အသုံးပြုရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
ထို့ကြောင့် ချူလျန်သည် ယနေ့တွင် ဤသစ်ရွက်စိမ်းကို ထိန်းချုပ်မောင်းနှင်ရင်း သူ၏ ဝိညာဉ်အာရုံ လျင်မြန်ဖျတ်လတ်မှုကို လေ့ကျင့်ရန်နှင့် အနုစိတ်ထိန်းချုပ်မှုကို စမ်းသပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သတိထားပြီး ထိန်းချုပ်မှုကို တိုးမြှင့်လိုက်ပြီးနောက် ဤတစ်ကြိမ် ပျံသန်းမှုအခြေအနေမှာ ပထမဆုံးအကြိမ် စမ်းသပ်မှုထက် များစွာ ကောင်းမွန်လာခဲ့ပြီး သစ်ရွက်စိမ်းသည် ငွေဓားတောင်ထွတ် တစ်ခုလုံးကို ဖြတ်ကျော်ပြီးမှသာ ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့ရသည်။
တောင်နံရံပေါ်ရှိ နက်ရှိုင်းသော မြောင်းကြီးကို ကြည့်ရင်း ချူလျန်သည် တိုက်ခိုက်ရေးနည်းလမ်းသစ် တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်ဟု ခံစားလိုက်ရသည်။
အကယ်၍ ဤသစ်ရွက်စိမ်းကို ချီစွမ်းအင် အလုံအလောက် ပေးပြီး ပစ်လွှတ်လိုက်ပါက စွမ်းအားသည် သာမန် ဓားထိန်းချုပ်နည်းစနစ် တစ်ချက်ထက် ပိုမို ပြင်းထန်နိုင်သည်။
သေချာသည်မှာ သူ၏ 'အဆောင်ဓားသိုင်း' ထည့်သွင်းထားသော ဓားချီနှင့်တော့ ယှဉ်၍ မရနိုင်ပေ။
ယခုအခါ ချူလျန်သည် လေနှင့်မီး အဆောင်နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး လေမီးနှစ်ဆောင်ဓားကို အသုံးပြုနိုင်ပြီ ဖြစ်ရာ မီးအဆောင်ဓား တစ်မျိုးတည်းထက် စွမ်းအား အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
သူ့ဘာသာ စဉ်းစားနေစဉ် အဝေးမှ ဓားအလင်းရောင်တစ်ခု ပျံသန်းလာပြီး သူ၏ သစ်သားအိမ်လေးဘက်သို့ ကျရောက်သွားသည်ကို တွေ့လိုက်ရသည်။
'ဧည့်သည် ရောက်လာတာလား...'
ယင်းအား ချူလျန် မြင်လိုက်သောအခါ သစ်ရွက်စိမ်းကို သိမ်းဆည်းလိုက်ပြီး ကြိုဆိုရန် သွားလိုက်သည်။
...
"ဟီးဟီးဟီး..." ပြန်ရောက်သည်နှင့် ရက်ပေါင်းများစွာ မတွေ့ရသော လင်းပေ့က တောက်ပသော အပြုံးဖြင့် တံခါးရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ချူလျန် သူ့ကို မြင်သောအခါ အနည်းငယ် ပြုံးလိုက်ပြီး "မင်း ဒီနေ့ ဘာလို့ ဒီလောက် အားနေတာလဲ..."
"အာ..." ထိုစကားကို ကြားသောအခါ လင်းပေ့က ပြန်မေးလိုက်သည်။ "ငါ 'ဝိညာဉ်အသိအမြင် အလယ်အလတ်အဆင့်' ကို ရောက်သွားတာ မင်း ဘယ်လို သိလဲ..."
"..." ချူလျန် စကားမပြောနိုင် ဖြစ်သွားပြီးမှ "ဂုဏ်ပြုပါတယ်..." ဟု ပြောလိုက်သည်။
"ဒီရက်ပိုင်းတွေမှာ ငါ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ရတယ်... ကိုယ့်စိတ်ဆန္ဒတွေကို ထိန်းချုပ်ပြီး တစ်ရက်ကို ရှစ်နာရီလောက် ကာမဖြတ်ခဲ့ရတာ... နောက်ဆုံးတော့ အောင်မြင်သွားပြီ..." လင်းပေ့က ထိုရက်ပိုင်းက ပြင်းထန်သော ကျင့်ကြံမှုများကို ပြန်ပြောပြရင်း သက်ပြင်းချလိုက်သည်။
"စဉ်းစားကြည့်ရင် တကယ်ကို အံ့သြစရာပါပဲ..."
"ပင်ပန်းသွားပြီ..." ချူလျန် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ တော်သေးတာက ငါ နောက်ဆုံးတော့ အောင်မြင်သွားပြီ... အခုဆို ငါလည်း 'ဝိညာဉ်အသိအမြင် အလယ်အလတ်အဆင့်' ကျွမ်းကျင်သူ ဖြစ်သွားပြီ... နောက်ဆုံးတော့ မင်းနဲ့ အဆင့်တူ ပြန်ဖြစ်သွားပြီ..." လင်းပေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အမ်..." ချူလျန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး "အဲဒီလိုလည်း မဟုတ်ပါဘူး..." ဟု ပြောလိုက်သည်။
"ဘာလဲဟ..." လင်းပေ့ ကြောင်သွားသည်။
"တိုက်ဆိုင်လိုက်တာ... ငါ ဒီနေ့မနက် အိပ်ရာထတော့ ငါလည်း အဆင့်တက်သွားတာ တွေ့လိုက်ရတယ်..." ချူလျန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ အခု 'ဝိညာဉ်အသိအမြင် နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီ..."
လင်းပေ့၏ အပြုံးမှာ ချက်ချင်း တောင့်တင်းသွားပြီး မယုံကြည်နိုင်သော မျက်နှာထားအဖြစ် ပြောင်းလဲသွားသည်။
'ဘာကြီးလဲ...'
'ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား...'
‘ပြီးခဲ့တဲ့တစ်ခေါက် ယန်ကျိုးမြို့က ပြန်လာတာမှ ဘယ်နှရက်မှ မရှိသေးဘူးလေ... ငါတောင် ဝိညာဉ်အသိအမြင် အလယ်အလတ်အဆင့် အတားအဆီးလေးကို ကပ်သီလေး ကျော်ဖြတ်နိုင်ခဲ့တာ...'
'မင်းရဲ့ ကျင့်ကြံမှုမှာ အခက်အခဲဆိုတာ မရှိဘူးလားကွာ...'
'ငါက အလယ်အလတ်အဆင့် ရောက်သွားပြီလို့ တစ်လောကလုံးကို လိုက်ကြွားနေတုန်း မင်းက တိတ်တဆိတ်နဲ့ နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီတဲ့လား...'
'ဒီလိုဆိုရင် ငါက အရမ်းကို အရူးနဲ့ တူမနေဘူးလားကွာ...'
'ပြီးတော့... ဒီလို လဝက်လောက်နဲ့ အဆင့်တစ်ခု တက်နေတဲ့နှုန်းနဲ့ဆိုရင် နောက်ထပ် ရက်နည်းနည်းကြာရင် မင်း ရွှေအမြုတေအဆင့် ရောက်တော့မှာပေါ့... ဒါက အရမ်းကို မဖြစ်နိုင်ဘူး မဟုတ်လား...'
'ပြီးတော့ မနက် အိပ်ရာနိုးတော့ အဆင့်တက်သွားတာ တွေ့လိုက်ရတယ် ဆိုတာက ဘာသဘောကြီးတုန်း... မင်း ကျင့်ကြံတာက ကိုယ်တိုင်လုပ်စရာမလိုဘဲ သူ့အလိုလို ဖြစ်လာနေတာလား... ချီးတဲ့မှ…'
မည်သို့ပင်စဉ်းစားသည်ဖြစ်စေ၊ ဤသည်မှာ အလွန်အမင်း ဟန်ဆောင်လွန်းနေသည်ဟုသာ ခံစားရသည်။
သို့သော် ချူလျန်ဆီက ထွက်ပေါ်နေသော ချီစွမ်းအင်ကို ခံစားကြည့်လျှင်မူ မိမိထက် အဆင့်တစ်ဆင့် မြင့်နေသည်မှာ သိသာလွန်းနေပြီး ယင်းမှာ အမှန်တရား ဖြစ်နေပြန်သည်။
ရှုပ်ထွေးသော စိတ်ခံစားမှုများ ဖြစ်ပေါ်ပြီးနောက် လင်းပေ့ခမျာ လက်ပိုက်လိုက်ပြီး နှုတ်ခမ်းမဲ့ကာ ဝမ်းနည်းသော မျက်နှာထားကိုသာ ပြသလိုက်နိုင်တော့သည်။
"ဘာဖြစ်လို့လဲကွာ..." သူက ဒေါသတကြီး ပြောလိုက်သည်။ "ငါ ဒီရက်ပိုင်းတွေမှာ ဒီလောက် အပင်ပန်းခံခဲ့ရတာကို... ဘာလို့ ကွာခြားချက်က ပိုပြီး ကြီးမားလာရတာလဲ..."
ကျင့်ကြံခြင်းဆိုသည်မှာ နောက်ပိုင်းရောက်လေ ပိုခက်ခဲလေ ဖြစ်ပြီး ဝိညာဉ်အသိအမြင် အစောပိုင်းနှင့် အလယ်အလတ်ကြား ကွာခြားချက်မှာ အလယ်အလတ်နှင့် နှောင်းပိုင်းအဆင့်ကြား ကွာခြားချက်ထက် သေချာပေါက် လျော့နည်းသည်။
"မင်း ကာမဖြတ်တာ မလုံလောက်သေးလို့ နေမှာပါ..." ချူလျန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ့စိတ်ထဲတွင် လှုပ်ရှားမှု များစွာမရှိလှပေ။
ခေါင်းကြီးအရုပ်သည် နေ့ရောညပါ အစွမ်းကုန် လုပ်ဆောင်နေသည် မဟုတ်ပါလော... ။
သူ၏ ကျင့်ကြံမှု မမြန်ဆန်မှသာလျှင် ထူးဆန်းနေဦးမည် ဖြစ်၏။
"ထားလိုက်ပါတော့..." လင်းပေ့ ဝမ်းနည်းနေရာမှ မျက်စိတစ်မှိတ်အတွင်း ပြန်လည် ပြုံးရွှင်လာသည်။ "ကောင်းတာပေါ့... ဒီလိုဆို ငါတို့နှစ်ယောက်ပေါင်းလိုက်ရင် ပိုပြီး စွမ်းအားကြီးသွားတာပေါ့..."
"မင်း ငါ့ဆီ လာတာ အဆင့်တက်သွားတာကို လာကြွားရုံသက်သက်ပဲလား..." ချူလျန် မေးလိုက်သည်။
"ဟဲဟဲ..." လင်းပေ့က ရယ်မောလိုက်သည်။ "သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ... ငါ မင်းဆီ လာတာ အရေးကြီးတဲ့ကိစ္စ ရှိလို့..."
"အိုး..." ချူလျန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
မည်သို့သော အရေးကြီးကိစ္စ ဖြစ်လောက်မည်နည်း။
"မင်း သိလား... ငါတို့ ကျောက်စိမ်းဓားတောင်ထွတ်က စီနီယာအစ်ကိုကြီး မနေ့က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ..." လင်းပေ့က မေးလိုက်သည်။
"ရွှီဇီယန်လား..."
ရှုတောင်ဂိုဏ်းသားများအကြား အစ်ကို၊ ညီ နှုတ်ဆက်ခြင်းသည် အသက်အရွယ်ပေါ် မူတည်ပြီး အသက်အရွယ် ကွာခြားမှု မရှိလျှင် တတ်ကျွမ်းသူက ဦးဆောင်ကာ ကျင့်ကြံခြင်းအဆင့် မြင့်သူကို အစ်ကိုဟု ခေါ်ကြရသည်။
သို့သော် တောင်ထွတ်တစ်ခု၏ "စီနီယာအစ်ကိုကြီး" ဟု ပြောလျှင် ဂိုဏ်းသို့ဝင်ရောက်မှု အစောဆုံးသူ ဖြစ်ချင်မှ ဖြစ်ပေသည်။
ပါရမီ အလွန်ထူးချွန်ပြီး ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားသူမှသာ ထိုတောင်ထွတ်၏ အသိအမှတ်ပြု "စီနီယာအစ်ကိုကြီး" ဖြစ်လာနိုင်သည်။ ရှုတောင်တောင်ထွတ် (၃၆)ခု အနက် "စီနီယာအစ်ကိုကြီး" ရှိသော တောင်ထွတ်များမှာ သိပ်မများလှပေ။
ဥပမာအားဖြင့် ကျောက်စိမ်းဓားတောင်ထွတ်၏ စီနီယာအစ်ကိုကြီး ရွှီဇီယန်၊ တိမ်တိုက်စက်ဝန်းတောင်ထွတ်၏ စီနီယာအစ်မကြီး ကျန်းယွဲ့ပိုင်၊
အဟမ်း… ငွေဓားတောင်ထွတ်၏ စီနီယာအစ်ကိုကြီး ချူလျန်...
စသည်ဖြင့် အားလုံး၏ အသိအမှတ်ပြုခြင်းကို ခံရသူများမှသာ စီနီယာအစ်ကိုကြီးဟု ခေါ်ဆိုခွင့် ရှိကြသည်။
"ဟုတ်တယ်..." လင်းပေ့ ခေါင်းညိတ်လိုက်သည်။
"သူ မင်းကို လာပြီး ပြဿနာရှာကောင်း ရှာလိမ့်မယ်..."
"ဘာဖြစ်လို့လဲ..." ချူလျန်၏ မျက်လုံးများ သတိအနေအထား ဖြစ်သွားရသည်။
နေပါဦး… သူက ဝမ်ရွှမ်လင်ရဲ့ လက်ရင်းတပည့်ဆိုရင်တောင်မှ ငါ့ကို လာပြီး ပြဿနာရှာဖို့ဆိုတာ ရှုတောင်ထိပ်သီးဆွေးနွေးပွဲကျမှ ဖြစ်သင့်တယ် မဟုတ်ဘူးလား…။
သူ စဉ်းစားမိသည်မှာ ဆရာသခင်နှစ်ပါး၏ လောင်းကြေးအကြောင်းပင် ဖြစ်သည်။
"စီနီယာညီမလေး ဇီချင်ကြောင့်လေ..." လင်းပေ့ ပြောလိုက်သည်။
"အမ်..." ချူလျန်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားရသည်။
"စီနီယာညီမလေး ဇီချင်က စီနီယာအစ်ကိုကြီးရဲ့ ညီမအရင်းလေ... နှစ်ယောက်သား ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာ... စီနီယာအစ်ကိုကြီးက သူမကို အချစ်ဆုံးပဲ..." လင်းပေ့က ရှင်းပြလိုက်သည်။
"ပြီးခဲ့တဲ့အကြိမ် 'ကျန်းနန်တောင်တန်း' က ပြန်လာပြီးကတည်းက ညီမလေးက အမြဲတမ်း မှိုင်တွေငေးငိုင်ပြီး စိတ်မပျော်မရွှင် ဖြစ်နေတာ... စီနီယာအစ်ကိုကြီးသာ မြင်ရင် သေချာပေါက် အကြောင်းရင်းကို မေးမှာပဲ..."
"ငါ ကြည့်ရသလောက် ညီမလေးဇီချင်ရဲ့ ပုံစံက အချစ်ရေးကိစ္စနဲ့ ပတ်သက်နေဖို့ များတယ်... အချစ်ကို မတောင့်တတဲ့ မိန်းမပျို မရှိဘူး ဆိုတာမျိုးပေါ့..."
လင်းပေ့က မေးစေ့ကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"ပြီးခဲ့တဲ့အကြိမ် 'ကျန်းနန်တောင်တန်း' တာဝန်တုန်းက ငါတို့ လူနည်းနည်းပဲ ပါတာလေ... စီနီယာအစ်ကို ဖန်တင်းက အသက်ကြီးနေပြီ... လုရန်ကိုတော့ ထည့်ကို မပြောနေနဲ့...
ငါ့အထင် ညီမလေးဇီချင် တစ်ဖက်သတ် ကြိုက်နေတဲ့သူက ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ဖြစ်ရမယ်... ငါ မဟုတ်ရင် မင်း ပေါ့ကွာ..."
"..." ချူလျန်တစ်ယောက် စကားမပြောနိုင် ဖြစ်သွားရသည်။
"စီနီယာအစ်ကိုကြီးက ညီမလေးကို ဒီလောက် ချစ်တာ... ညီမလေးမှာ အချစ်ရေးပြဿနာ ရှိနေတယ်ဆိုတာ သိရင် သေချာပေါက် စိတ်မကောင်း ဖြစ်မှာပဲ... ငါ သူ့ကို နားလည်သလောက်ဆိုရင် အဲဒီလူကို သေချာပေါက် ပြဿနာ လာရှာလိမ့်မယ်..." လင်းပေ့က ဆက်ပြောလိုက်သည်။
"ဒါကြောင့် ငါတို့ အပြင်ထွက်ပြီး ရှောင်နေသင့်တယ်လို့ ငါ ထင်တယ်..."
"တာဝန်သွားထမ်းဆောင်မလို့လား..." ချူလျန် သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။
ပြီးခဲ့သည့်အကြိမ် ယန်ကျိုးမြို့မှ ပြန်လာပြီးကတည်းက သူ တာဝန်မယူဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်သည်။
တစ်ဖက်တွင် ကျင့်ကြံခြင်းအတွက် အလုပ်များနေသလို၊ တစ်ဖက်တွင်လည်း မလိုအပ်သောကြောင့် ဖြစ်သည်။ သစ်သီးလက်ဖက်ရည် တစ်ရက်ရောင်းရငွေသည် သူ တာဝန်နှစ်ခု ထမ်းဆောင်ရငွေနှင့် ညီမျှနေသဖြင့် ဤအလုပ်ကို လုပ်ရန် စိတ်မပါတော့ပေ။
သို့သော် ယခုအခါ အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်သည်။ စီနီယာအစ်မကျန်း ခေတ္တ ထွက်ခွာသွားပြီဖြစ်၍ 'အဆောင်ဓားသိုင်း' ကျင့်ကြံရန် သိပ်မလောတော့ပေ။
ထို့အပြင် အချိန်အတော်ကြာ တာဝန်မထမ်းဆောင်ဘဲ နေလိုက်သဖြင့် မိစ္ဆာကြီးများကို တိုက်ခိုက်ခွင့် မရတော့ပေ။ နေ့စဉ်နေ့တိုင်း အဆိပ်ပျားလေးများကိုသာ ခုတ်ပိုင်းနေရသည်မှာ အမှန်တကယ်ပင် ရည်မှန်းချက် ကင်းမဲ့နေသလို ဖြစ်နေသည်။
စေတီတော်ဖြူကဲ့သို့သော အံ့ဖွယ်ရတနာကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင် ဖျော်ရည်စက်အဖြစ်သာ အသုံးပြုနေရသည်မှာ အမှန်တကယ်ပင် နှမြောစရာ ကောင်းလှသည်။
ဤရက်ပိုင်းထဲတွင် သူကိုယ်တိုင်လည်း တာဝန်တစ်ခုလောက် သွားရောက်ထမ်းဆောင်ရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
"ဟုတ်တယ်..." လင်းပေ့ ခေါင်းညိတ်လိုက်သည်။ "ငါ 'တောင်တံခါးမြို့' က တာဝန်တစ်ခု သွားလုလာတယ်... ဒါက အခွင့်အရေးကောင်းပဲ..."
"တောင်တံခါးမြို့လား..." ချူလျန် မေးလိုက်သည်။ "ဘာလို့ အဲဒီကို သွားရမှာလဲ..."
"ဟဲဟဲ..." လင်းပေ့က လျှို့ဝှက်စွာ ပြုံးလိုက်သည်။
"သေချာပေါက် ကောင်းတဲ့ကိစ္စ ရှိလို့ပေါ့..."