ယှဉ်ပြိုင်ပွဲ
Vol. 1 Ch. 60
မျက်စိ ကျိန်းလောက်အောင် တစ်လက်လက် တောက်ပနေသည့် "မှန်သားပြင် ရေကန်" မှာ ယခုတော့ မှောင်မိုက်တိတ်ဆိတ် သွားပြီ ဖြစ်လေသည်။
"မှန်သားပြင် ရေကန်" မှာ အလင်းကို အရောင်ပြန်နိုင်သည့် အစွမ်းသာရှိပြီး ကိုယ်ပိုင် တောက်ပနိုင်သည့် စွမ်းအားနှင့် အပူရှိန်ကို ထုတ်လွှတ်နိုင်စွမ်းတော့ မရှိပေ။
သာမန် လူများအတွက်တော့ လောကကြီးတစ်ခုလုံး အမှောင်ကျနေမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်နှင့် ရဲ့လျိုယွင်အတွက်တော့ အမှောင်တရားက သူတို့၏ စိတ်အာရုံ အလင်းများကို အမှောင် ချမပစ်နိုင်ပေ။ မှုန်ဝါးဝါး ဖြစ်နေသည့်တိုင် ရဲ့လျိုယွင်၏ လက်ထဲတွင် ဓားတစ်လက် ကိုင်ထားသည်ကို ဆန်းလျန် မြင်နေရလေသည်။
ဓားမှာ နှစ်ဆယ့် ခုနစ်လက်မခန့် ရှည်လျားပြီး ရေခဲကဲ့သို့ ကြည်လင်ကာ စိမ်းမြမြအရောင် တောက်ပ နေလေသည်။
ဆန်းလျန်က မျက်လုံးများကို မှိတ်လိုက်သည်။ ရဲ့လျိုယွင်၏ ဓားကို အာရုံခံကြည့် လိုက်သည်။
ဆန်းလျန် မျက်လုံးကို မှိတ်လိုက်သည်နှင့် အစိမ်းရောင်ဓားက သူ့ထံသို့ ဦးတည် လာသည်ကို ခံစားလိုက်ရသည်။
ကူဟွေ့ ဆရာတော်နှင့် ရှောင်းကျူမှာလည်း လေထဲတွင် ပျံဝဲလာသည့် ဓားကို မြင်တွေ့ လိုက်ရလေသည်။
ကူဟွေ့ ဆရာတော်မှာ များစွာအံ့သြ သွားရလေသည်။ သူက နတ်ဘုရားဓားသိုင်း အကြောင်းကို ကြားဖူး လေသည်။ သူကိုယ်တိုင်က ခြေလှမ်း ဆယ်လှမ်းအတွင်း ပြိုင်ဘက်ကို အနိုင်ယူနိုင်ခြင်း ရှိသလို သဲလွန်စ မကျန်ဘဲ မိုင်ပေါင်းများစွာ ခရီးသွားနိုင်လေသည်။ သို့သော် ရဲ့လျိုယွင်မှာ နတ်ဘုရား ကျင့်စဉ်လမ်းသို့ လိုက်မလျှောက် သေးသည့်တိုင် ဤကဲ့သို့ ဓားသိုင်းပညာကို တတ်မြောက်နေခြင်းကို မယုံကြည်နိုင် ဖြစ်နေရလေသည်။
ရှောင်းကျူမှာ သူမနှင့် ရဲ့လျိုယွင်၏ မတူညီမှုများကို သတိပြုမိလာပြီ ဖြစ်လေသည်။ ရဲ့လျိုယွင်မှာ သူမထက် များစွာ စွမ်းအားပြည့်ဝပြီး သာလွန်နေသည့်တိုင် သူ့ကို တမင်သက်သက် အလျှော့ပေး နေခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည့်အတွက် ရဲ့လျိုယွင်၏ ဓားချက်မှာ လွဲချော် သွားရလေသည်။ သို့သော် ဓားက ပြန်လှည့်လာပြီး အခြားတစ်ဖက်မှ နေပြီး ဆန်းလျန်ကို ထပ်မံတိုက်ခိုက် လိုက်လေသည်။
ဆန်းလျန်က ပုံမှန်အတိုင်း ရွေ့လျားနေလေသည်။ ပျံသန်းနေသည့် လေထုထဲမှ ဓားမှာ ဆန်းလျန်ကို မထင်မှတ်သည့် ထောင့်မျိုးစုံမှ ဝင်ရောက်တိုက်ခိုက် နေလေသည်။
လမင်းမှာ တိမ်ညိုများကြားမှ တဖြည်းဖြည်း ပြန်လည်ထွက်ပေါ် လာလေသည်။ ဆန်းလျန်၏ ပုံရိပ်မှာ ရေကန်ထဲတွင် အရိပ်ထင်နေလေသည်။ ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ကျသွားလေသည်။
ထိုအခါတွင်တော့ ရေကန်မှာ လှုပ်ရှားပြောင်းလဲ သွားလေသည်။
ကျန့်သောက်တုကျွင်း ဓားသိုင်းပညာ ဖြစ်သည့် "ရှိခြင်း မရှိခြင်း" ဓားသိုင်းကို လေ့ကျင့်ခဲ့သည့် အကျိုး ကျေးဇူးကို ဆန်းလျန် ခံစားနေရလေသည်။ ထို ဓားသိုင်းပညာကြောင့် သူ၏ စွမ်းအားများကို လိုသလို ထိန်းချုပ် နိုင်လာပြီး စိတ်အာရုံ စူးစိုက်မှုမှာလည်း မြင့်တက် လာလေသည်။
ထိုသို့ အာရုံစူးစိုက်မှု ရှိသည့် လူသားများမှာ အံ့သြစရာကောင်းသူများ ဖြစ်လေသည်။ အာရုံစူးစိုက်မှုမှ တစ်ဆင့် အဆုံးမရှိသော ဖြစ်နိုင်ချေများကို မြင်တွေ့နိုင်ပြီး စွမ်းအားများကို ကြိုပြီး သိမြင် နိုင်လေသည်။
ဆန်းလျန်၏ နှလုံးသားမှာ ရေကန်အောက်ခြေသို့ နစ်ဝင်သွားသလို ခံစားလိုက်ရသည်။ သူ၏ အဆုံးစွန်ထိ အာရုံစူးစိုက်မှုနှင့် အတူ ရဲ့လျိုယွင်၏ ပျံသန်းနေသည့် အစိမ်းရောင်ဓား၏ လမ်းကြောင်း၊ အရှိန်နှင့် ပြောင်းလဲမှုများကို အာရုံခံကြည့် လိုက်လေသည်။
ဆန်းလျန်၏ လှုပ်ရှားမှုများက အရမ်း မများသေးပါ။ ရဲ့လျိုယွင်၏ ပျံသန်းနေသည့် ဓားမှ လွတ်သည် ဆိုရုံလေး ရှောင်တိမ်းနေခြင်း မျှသာ ဖြစ်လေသည်။
သူ၏ပုံစံမှာ ဓားတောင်နှင့် မီးပင်လယ်ကို ဖြတ်ရသည့်တိုင် ချောမွေ့နေသည့် မြေပြင်ထက် ဖြတ်သန်းသွားလာ နေသကဲ့သို့ ပေါ့ပေါ့ပါးပါး ဖြစ်နေလေသည်။
ရှောင်းကျူနှင့် ကူဟွေ့ဆရာတော်မှာ ရဲ့လျိုယွင်က ပျံသန်းနေသော အစိမ်းရောင်ဓားကို အဝေးမှ အတွင်းအားသုံးကာ ထိန်းချုပ်နေကြောင်း သိရှိထားလေသည်။ ထိုသိုင်းပညာမှာ "နဂါးဖမ်း ကြိုးကြာလမ်း" သိုင်းကွက် ဖြစ်လေသည်။
ထိုဓားသိုင်းပညာမှာ ဓားသိုင်းပညာ၏ အခြေခံ ဆယ့်လေးကွက်ကို အကြိမ်တစ်သောင်းမက ပေါင်းစပ် အသုံးပြုထားခြင်း ဖြစ်လေသည်။ အရည်အသွေး ပြည့်ဝပြီး အဆင့်အတန်းမြင့်သည့် ဓားသိုင်းပညာ ဖြစ်လေသည်။
ထိုသို့ အဆင့်အတန်းမြင့်သည့် ဓားသိုင်းကို အတွင်းအားဖြင့် ပေါင်းစပ်ပြီး ထိန်းချုပ်ပျံသန်း လိုက်သည့်အခါ ခုခံရန် အလွန်မှ ခက်ခဲသည့် ကြောက်မက်ဖွယ်ရာ ဓားသိုင်းအဖြစ်သို့ ကူးပြောင်း သွားလေသည်။
ဆန်းလျန်မှာ ပျံသန်းနေသည့်ဓားကို သူ၏မြင့်မားသည့်ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ သီသီလေးရှောင်တိမ်းနေရင်း စိတ်အာရုံကိုပိုပြီးစူးစိုက်လိုက်လေသည်။ သူ၏အာရုံစူးစိုက်နိုင်မှုကြောင့် အန္တရယ်အတွင်း ကျရောက်သွားခြင်းမျိုး မရှိခြင်း ဖြစ်လေသည်။
ဤကဲ့သို့သော ယှဉ်ပြိုင် တိုက်ခိုက်မှုမှာ အမှားတစ်ခု လုပ်မိသည်နှင့် ကိုယ့်သေတွင်း ကိုယ်တူး သကဲ့သို့ ဖြစ်သွား နိုင်လေသည်။
သူ၏စိတ်မှာ လွန်စွာမှ အေးချမ်းတည်ငြိမ် နေလေသည်။ အန္တရယ်များသည့် တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင် နေရသည်ကိုပင် မေ့နေသကဲ့သို့ ဖြစ်နေလေသည်။
သူက ရဲ့လျိုယွင်၏ အတွင်းအား ပြောင်းလဲသွားမှုကို လေ့လာ နေလေသည်။
ရဲ့လျိုယွင်မှာ အတွင်းအား ပြည့်ဝနေဆဲ ဖြစ်လေသည်။ သူ့ထံမှ အသက်ရှူသံ တစ်ချက်ပင် ထွက်မလာပေ။
ပျံသန်းနေသော ဓားမှာ ရေခဲကဲ့သို့ ကြည်လင်တောက်ပ နေလေသည်။ ဓားပေါ်တွင် ဓားရိပ်များ က ဖုံးလွှမ်း နေလေသည်။ ဆန်းလျန်အတွက် ပြန်လည်တိုက်ခိုက် နိုင်သည့် အခွင့်အရေး မှာလည်း နည်းသည်ထက် နည်းလာလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ လှုပ်ရှားမှု များကလည်း ရှင်းလင်းတိကျ လာလေသည်။
"အနှစ်နှစ်ဆယ်လောက် ကြိုပြီးတော့သာ ဒီကလေးတွေ မွေးလာခဲ့ရင် ခုချိန်လောက်ဆို သူတို့ နှစ်ယောက်လုံး မြင့်မြတ်တဲ့ နတ်ဘုရား တန်ခိုးရှင်တွေ ဖြစ်နေလောက်ပြီ"
ကူဟွေ့က သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်လေသည်။
နတ်ဘုရား ကျောင်းတော်များမှာ သူတို့၏ အဆင့်အတန်းနှင့် ကိုက်ညီသည့် တပည့်များကို ရှာဖွေနေမြဲ ဖြစ်လေသည်။ သို့သော် ယခုကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက် နေခြင်းကတော့ အရည်အချင်းနှင့် ဖြစ်နိုင်ချေများ တိုးပွားလာမည့် ကိစ္စတော့ မဟုတ်ပေ။
မသေမျိုး ဖြစ်သည့် နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် ကျင့်စဉ်လမ်းမှာ အပြင်းအထန် မလေ့ကျင့်ဘဲနှင့်တော့ မယ်တော် ကွမ်ရင်ထံမှ ဆုချီးမြှင့်မှုကို မည်သည့်အခါမှ ခံစားရမည် မဟုတ်ပေ။
တိမ်ညိုများ ဖုံးအုပ်နေသည့် လမင်းမှာ ထွက်ပေါ်လာပြီ ဖြစ်လေသည်။ လရောင်မှာ "မှန်သားရောင် ကန်ရေပြင်" တွင် ရောင်ပြန်ဟပ်နေသည့် အတွက် ပတ်ဝန်းကျင် တစ်ခုလုံးမှာ လင်းထိန်လျက် ရှိနေလေသည်။
ရဲ့လျိုယွင်၏ နဖူးပေါ်တွင် ချွေးစက်များ တွဲခိုနေသည်ကို ရှောင်းကျူ မြင်လိုက်ရလေသည်။ သူ၏ပုံစံမှာ တည်ကြည် လေးနက်နေပြီး ခက်ထန် နေလေသည်။
ယခု နှစ်များအတွင်းတွင် ရဲ့လျိုယွင် ဤမျှ တည်ကြည် လေးနက်နေသော ပုံစံဖြင့် မြင်တွေ့ ရသည်မှာ ရှောင်းကျူအတွက် ပထမဆုံးအကြိမ် ဖြစ်လေသည်။
ယခု အကြိမ်တွင်တော့ သူမက ဝင်ရောက်နှောင့်ယှက်ခြင်း မရှိတော့ပါ။ တိုက်ပွဲကိုသာ တိတ်ဆိတ်စွာဖြင့် မျက်တောင်မခတ် ကြည့်နေလေသည်။
သူမစိတ်ဝင်စားသည့် ဆန်းလျန်ကို မကြည့်နိုင်ဘဲ ရဲ့လျိုယွင်ကိုသာ ကြည့်နေမိသည့် အတွက် သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေရလေသည်။
"နက်နက်ရှိုင်းရှိုင်း မုန်းနေသည်မှာ နက်နက်ရှိုင်းရှိုင်း ချစ်နေမိသောကြောင့် ဖြစ်သည်"
ဆိုသည့် ဆိုရိုးစကားကို ရှောင်းကျူ သတိမမူမိ ဖြစ်နေခြင်း ဖြစ်လေသည်။
ထိုစကားပုံမှာ အချစ်ရေးတွင် အလွန်မှ စိတ်ကူးယဉ် ဆန်လွန်းသည့် ဆိုရိုးစကား ဖြစ်လေသည်။
ကောင်းကင်တွင် တိမ်ညိုများ လုံးဝကင်းစင် သွားပြီ ဖြစ်လေသည်။ ဆန်းလျန်ရော ရဲ့လျိုယွင်ရော နှစ်ယောက်လုံး တိတိကျကျ ယှဉ်ပြိုင်တိုက်ခိုက်ရမည့် အချိန်ရောက်ပြီ ဖြစ်ကြောင်း သိလိုက်လေသည်။
ဆန်းလျန်က စန္ဒကူးဓားကို ဆွဲထုတ်လိုက်သည်။ ဓားမှာ ဟောင်းနွမ်းနေပြီး ဓားမျက်နှာပြင် မှာလည်း ကြမ်းတမ်းနေလေသည်။ ပဲပြားကိုပင် လှီးနိုင်မည် မဟုတ်သည့် ဓားစုတ်တစ်လက်နှင့် တူနေလေသည်။
သို့သော် ဆန်းလျန်ဓားကို ဆွဲထုတ်လိုက်သည့် ဟန်က လျှပ်စီးလက်သလို လျင်မြန်လွန်းလှ လေသည်။ သိုင်းကွက်တိုင်းမှာလည်း တိကျပြတ်သား လွန်းနေလေသည်။
လူတစ်ယောက်သည် ကြီးမားသည့် ရေတံခွန်ကြီး တစ်ခုအောက်တွင် မတ်တတ်ရပ်နေပြီး ရေများက သူ့အပေါ် တစ်ဟုန်ထိုး စီးဆင်းနေသည့် မြင်ကွင်းကဲ့သို့ လှပလွန်းလှ လေသည်။
ဆန်းလျန်ဓားကို ဆွဲထုတ် လိုက်သည်နှင့် ဓားမှာ ရုတ်တရက် အသက်ဝင်လာ လေသည်။
နက်နဲလှသည့် သိုင်းကွက် ထုတ်ဖော်ပုံနှင့်အတူ စန္ဒကူးဓားမှာ လေကိုထိုးခွင်း ဖြတ်သန်း သွားလေသည်။
ထိုအချိန်မှာပင် ဆံချည်မျှင်တမျှ သေးသွယ်သည့် ငွေအပ်လေးများသည် မုန်တိုင်းတစ်ခု တိုက်ခတ်သည့် အလား ဆန်းလျန်ထံသို့ ပြင်းထန်စွာ ဝင်ရောက်လာလေသည်။
ဆန်းလျန်က ထိုငွေအပ်လေးများ အားလုံးကို စန္ဒကူးဓားဖြင့် အသာအယာ ခတ်ထုတ် လိုက်လေသည်။
သစ်ရွက်ကြွေများကို လေပြင်းက တိုက်ထုတ် လိုက်သကဲ့သို့ ငွေအပ်လေးများမှာလည်း အဝေးသို့ လွင့်စင်ထွက်သွား လေသည်။
"ထန်း" ခနဲ ဓားမှ အသံထွက်လာပြီး "ရှိခြင်း မရှိခြင်း" ဓားသိုင်း၏ အဖြူရောင် ဓားဝိညာဉ်မှာ လျှပ်စီး လက်သည့်အလား ထွက်ပေါ် လာလေသည်။
ဓား၏ ဦးတည်ရာ….
ဝေးကွာလှခြင်း မရှိသည့် နေရာတစ်ခုတွင် ရှိနေသည့် "ရဲ့လျိုယွင်"….
ဆန်းလျန် ကြိတ်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ သူနောက်ပြန်ဆုတ်လို့ မဖြစ်တော့ပေ။ သေခြင်းနှင့် ရှင်ခြင်းဆိုသည်မှာ ခန့်မှန်း၍ မရသလို ထိန်းချုပ်၍လည်း ရသည့်ကိစ္စ မဟုတ်ပေ။
ရဲ့လျိုယွင်၏ ငွေအပ် လက်နက်ပုန်းပညာမှာ ထိပ်တန်း လက်နက်ပုန်းပညာ တစ်ခု ဖြစ်လေသည်။ ထို လက်နက်ပုန်းပညာကို "ငွေရောင်မုန်တိုင်း" ဟု ခေါ်လေသည်။ ငွေအပ် တစ်ချောင်း ချင်းစီတိုင်းတွင် စွမ်းအားရှိသော အတွင်းအားများနှင့် ပြည့်နေလေသည်။ ထိုငွေအပ်များကို လွယ်လွယ်ကူကူ ကျော်ဖြတ်၍ ရမည်ဟုလည်း ဆန်းလျန် တွေးမထားခဲ့ပါချေ။
"ရှိခြင်း မရှိခြင်း" ဓားသိုင်းကိုသာ သင်ယူထားခြင်း မရှိလျှင် ထိုငွေအပ် လက်နက်ပုန်းလေး များကြောင့် ဆန်းလျန် ဒဏ်ရာရရှိ သွားမည်မှာ သေချာသလောက် ရှိလေသည်။
"ရှိခြင်း မရှိခြင်း" ဓားသိုင်းပညာကြောင့် ဖြစ်ပေါ်လာသည့် ဓားဝိညာဉ်မှာ လွန်စွာမှ နက်နဲ လွန်းလှပြီး သိုင်းလောကရှိ ဓားသိုင်းပညာများ အားလုံးထက် သာလွန်လေသည်။ ထိုဓားသိုင်းမှာ တာအို ကျင့်စဉ်လမ်း၏ ပညာရပ်တစ်ခု (သို့မဟုတ်) နတ်ဘုရားတို့ တန်ခိုးနှင့် ဆိုင်သည့် ဓားသိုင်းတစ်ခု ဖြစ်နိုင်လေသည်။
ဆန်းလျန်က သူ၏စွမ်အား တစ်ခုလုံးကို အသုံးပြုပြီး အတွင်းအားများကို ရှိခြင်းမရှိခြင်း ဓားဝိညာဉ်ဆီသို့ စီးဆင်း စေလိုက်သည်။ သူ၏ ဓားဝိညာဉ်ကို အသုံး ပြုလိုက်ခြင်းအတွက် ရဲ့လျိုယွင် အသက်ရှင်မည်။ သေမည်ကိုတော့ ဆန်းလျန် အာမခံနိုင်ခြင်း မရှိပေ။
ရဲ့လျိုယွင်၏ ပျံသန်းနေသည့် အစိမ်းရောင်ဓားမှာ ဆန်းလျန်၏ ရှိခြင်းမရှိခြင်း ဓားဝိညာဉ်ဆီသို့ ပျံသန်းရင်း တိုးဝင် လာလေသည်။ ပျံသန်းနေသည့် ဓားက ဓားဝိညာဉ်ကို ထိုးခုတ်လိုက်ရင်း တားဆီးရန် ကြိုးစားလိုက်သည်။
ဓားဝိညာဉ်ကို အသုံးပြုနေသည့် အတွက် ဆန်းလျန်၏ ဝိညာဉ်စွမ်းအားမှာ လျော့နည်းနေသည်ဟု ရဲ့လျိုယွင်က တွေးထင် လိုက်မိလေသည်။ ထို့ပြင် ဓားဝိညာဉ်မှာ လွန်စွာ အန္တရာယ်များကြောင်း ရဲ့လျိုယွင် ရိပ်မိလိုက်သည်။ ထို့ကြောင့် အခွင့်အရေးရသည်နှင့် ထူးဆန်းသည့် ဓားဝိညာဉ်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
သို့သော် ရဲ့လျိုယွင် ထင်သည်မှာ မှားယွင်းသွားခဲ့လေသည်။ သူ၏ ပျံသန်းနေသည့် အစိမ်းရောင်ဓား ဘာမှ မလုပ်နိုင်ခင်မှာပင် ဓားဝိညာဉ်မှာ ပျောက်ကွယ် သွားလေသည်။ ထို့နောက် ရဲ့လျိုယွင် ထိုးခုတ်ရန်အတွက် အနီးဆုံးနေရာတွင် ပြန်ပေါ်လာလေသည်။
ပိုပြီး ကြောက်စရာကောင်းသည်မှာ ဓားဝိညာဉ်မှာ အမှန်ပင် ထိုးခုတ် သတ်ဖြတ်ရန် ဝင်ရောက်လာခြင်း ဖြစ်လေသည်။ ရဲ့လျိုယွင်ကိုယ်တိုင်မှာ နေရာမှ ရွေ့လျား၍ မရနိုင်လောက်အောင် ထိန်းချုပ် ခံထားရကြောင်း တုန်လှုပ်စွာဖြင့် သိလိုက်ရလေတော့သည်။
သို့သော် သူဝတ်ဆင်ထားသည့် ရေခဲကျောက်စိမ်းမှာ ရေခဲ အသက်ငွေ့များက သူ၏ ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားပြီး ပြန်လှုပ်ရှား၍ ရလာလေသည်။ သူချက်ချင်းပင် မြန်နိုင်သမျှ မြန်မြန် လှုပ်ရှား လိုက်လေသည်။
သူ့လက် တစ်ဖက်ကို မြှောက်လိုက်လေသည်။
အဆုံးသတ်တွင်တော့ သူ၏ အသွေးအသားများကို ဖြတ်တောက်မည်။ သံမဏိကိုပင် ဖြတ်တောက် ပစ်နိုင်မည့် ဓားဝိညာဉ်ကို ရဲ့လျိုယွင် ရင်ဆိုင်လိုက်ရ လေတော့သည်။
***